အခန်း (၂၀၄)
Vol. 21 Ch. 204
အခန်း။ ၂၀၄
ချင်းရွှေခြံဝင်းရှိ အခန်းအတွင်း၌ ကျိရုရွှယ်သည် ကုတင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ မျက်လုံးများကို မှိတ်ထားပြီး ကျင့်စဉ်ကို အာရုံစိုက်အားထုတ်နေသည်။ သူမသည် ပြင်ပလောကရှိ စွမ်းအင်များကို စုပ်ယူကာ ခန္ဓာကိုယ်အတွင်း၌ စဉ်ဆက်မပြတ် သန့်စင်နေပြီး သူမ၏ တစ်ကိုယ်လုံးမှလည်း အစွမ်းထက်သော အရှိန်အဝါများ ထွက်ပေါ်နေသည်။
အခန်းအတွင်း လွင့်မျောနေသော စွမ်းအင်အမှုန်အမွှားများသည် မြစ်ပေါင်းရာချီကာ ပင်လယ်ထဲသို့ စီးဝင်သွားသကဲ့သို့ စမ်းချောင်းလေးများအလား ကျိရုရွှယ်၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားကြသည်။ ထိုစွမ်းအင်များကို အဆက်မပြတ် သန့်စင်ပြီးနောက်တွင် ကျိရုရွှယ်၏ အရှိန်အဝါမှာ သာမန်မျက်စိဖြင့် မြင်နိုင်လောက်သည့် အရှိန်ဖြင့် တဖြည်းဖြည်း မြင့်တက်လာပြီး မကြာမီမှာပင် သူမသည် အဆင့် ၄ ၏ အစောပိုင်းအဆင့်သို့ ခြေတစ်လှမ်း တိုးလှမ်းနိုင်ခဲ့သည်။
သို့သော် ရုတ်တရက် ကျိရုရွှယ်၏ မျက်နှာမှာ ပျက်ယွင်းသွားပြီး နာကျင်စွာဖြင့် ညည်းညူသံတစ်ချက် ထွက်ပေါ်လာသည်။ သူမ၏ အနည်းငယ် ဖြူဖျော့နေသော မျက်နှာထက်မှ မျက်လုံးများမှာ ပြူးကျယ်သွားပြီး ထိတ်လန့်မှုနှင့် ဒေါသတို့ ယှက်သန်းသွားတော့သည်။
နောက်တစ်ခဏတွင် ဘာဖြစ်သွားသည်ကို သိရှိလိုက်သဖြင့် ကျိရုရွှယ်၏ မျက်နှာအမူအရာမှာ ခက်ထန်မှောင်မှောက်သွားသည်။
"လီယင်းနဲ့ တခြားလူတွေ အခြေအနေ ပေါက်ကြားသွားပြီ ထင်တယ်"
ဘာဖြစ်ခဲ့သည်ကို ကျိရုရွှယ် ချက်ချင်းပင် နားလည်လိုက်သည်။ ဝိညာဉ်စာချုပ်သည် အခြားသူများကို ကျွန်ပြုရန်နှင့် သူတို့၏ အသက်ရှင်ခြင်း၊ သေဆုံးခြင်းကို အပြည့်အဝ ထိန်းချုပ်ရန်အတွက် အလွန်အသုံးဝင်သော်လည်း ၎င်းတွင် အားနည်းချက်တစ်ခု ရှိနေသည်။
အကယ်၍ ဝိညာဉ်စာချုပ်ဖြင့် ချည်နှောင်ခံထားရသူတစ်ဦးသည် ရုတ်တရက် သေဆုံးသွားပါက ထိုကျင့်စဉ်ကို အသုံးပြုသူကိုလည်း အကျိုးသက်ရောက်မှု ရှိစေသည်။ ဥပမာအားဖြင့် လီယင်းနှင့် အခြားသူများ၏ သေဆုံးမှုသည် သူမ၏ ဝိညာဉ်နှင့် ဆက်နွှယ်နေသဖြင့် သူမ၏ ဝိညာဉ်အာရုံကို ပြင်းထန်စွာ တုန်ခါသွားစေခဲ့ခြင်းပင်။
လောလောဆယ်တွင် သူမ၏ ဦးခေါင်းမှာ ကွဲအက်တော့မတတ် ပြင်းထန်စွာ နာကျင်နေသည်။ သူမ၏ စိတ်အာရုံ အနက်ရှိုင်းဆုံးနေရာ၌ နာကျင်မှုများမှာ စွဲကျန်နေဆဲပင်။ သို့သော်လည်း ကျိရုရွှယ်သည် သူမ၏ ဝိညာဉ်စာချုပ်ကျင့်စဉ်ကို အသုံးပြုစဉ်ကပင် ကြိုတင်၍ ကန့်သတ်ချက်တစ်ခု ထည့်သွင်းထားခဲ့သဖြင့် ကံကောင်းသွားသည်ဟု ဆိုရပေမည်။
ဝိညာဉ်စာချုပ်ဖြင့် ချည်နှောင်ခံထားရသူသည် သစ္စာဖောက်မည့် အရိပ်အယောင်ပြသည်နှင့် တစ်ပြိုင်နက် စာချုပ်သည် အလိုအလျောက် အလုပ်လုပ်မည်ဖြစ်ပြီး နောင်ရေးအတွက် ပြဿနာမရှိစေရန် ထိုသူကို ချက်ချင်း သုတ်သင်ပစ်မည်ဖြစ်သည်။
ထို့ကြောင့် လီယင်းနှင့် အခြားသူများမှာ သူမနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို အများအပြား ပေါက်ကြားသွားစေနိုင်လိမ့်မည်မဟုတ်ကြောင်း ကျိရုရွှယ် စိတ်ချလက်ချ ရှိနေခြင်းဖြစ်သည်။
"ဒီတစ်ခါတော့ ဖုံးကွယ်ထားလို့ ရတော့မှာ မဟုတ်ဘူးထင်တယ်... မုန်တိုင်းတစ်ခုတော့ လာတော့မယ်..."
လီယင်းတို့အဖွဲ့ ရှင်သန်ကျန်ရစ်သူ အခြေစိုက်စခန်းတွင် အခြေအနေ ပေါက်ကြားသွားပြီဟု တွေးမိသည်နှင့် ကျိရုရွှယ်၏ မျက်လုံးများတွင် လေးနက်တည်ကြည်သော အရိပ်အယောင်များ ယှက်သန်းသွားသည်။ အမှန်စင်စစ် သူမသည် ဤကိစ္စကို ထာဝရ ဖုံးကွယ်ထားနိုင်မည်ဟု ဘယ်တုန်းကမှ မတွေးခဲ့ဖူးပေ။ တစ်လ သို့မဟုတ် နှစ်လခန့် ဖုံးကွယ်ထားနိုင်လျှင်ပင် လုံလောက်ပြီဟု ယူဆထားခဲ့ခြင်း ဖြစ်သည်။
တစ်လ၊ နှစ်လခန့် ကြာပြီးနောက်တွင် သူမနှင့် သူမဖခင်၏ တိုးတက်မှုအရှိန်အဟုန်အရ ကျန်းဟိုင်အခြေစိုက်စခန်းကို ကြောက်ရွံ့နေစရာ မလိုလောက်အောင် အင်အားတောင့်တင်းလာမည်မှာ သေချာသည်။ သို့သော် ယခုကဲ့သို့ အချိန်တိုအတွင်း ပေါက်ကြားသွားလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။
"ဒီလို အသုံးမကျတဲ့ လီယင်းတို့ လူစုဆီကနေ အများကြီး မျှော်လင့်လို့ မရဘူးပဲ။ အသေးအဖွဲကိစ္စလေးတောင် အောင်မြင်အောင် မလုပ်နိုင်ကြဘူး"
ကျိရုရွှယ်က အားမလိုအားမရဖြင့် ခေါင်းခါလိုက်သည်။ သို့သော်လည်း ထိုလူအနည်းငယ်က လူသားအခြေစိုက်စခန်းတွင် မည်သို့မည်ပုံ ပေါက်ကြားသွားတာခဲဆိုသည်ကို သူမ စိတ်မဝင်စားတော့ပေ။ ယခုအချိန်တွင် အရေးကြီးဆုံးမှာ မကြာမီ ကျရောက်လာတော့မည့် အကျပ်အတည်းကို မည်သို့ကိုင်တွယ်မလဲဆိုသည်ကို စဉ်းစားရန်ပင်။
လူသားအခြေစိုက်စခန်းက တစ်ခုခုကို ရိပ်မိသွားပြီဖြစ်ရာ သူတို့သည် သက်သေအထောက်အထားများနှင့် သဲလွန်စများကို လိုက်လံရှာဖွေရန် လူလွှတ်မည်မှာ မြေကြီးလက်ခတ်မလွဲပေ။ ထို့ပြင် နောက်တစ်ကြိမ် လာမည့်သူများသည် အင်အားနည်းသော ကိုယ်ပျောက်ဆင့်ကဲပြောင်းလဲသူ အနည်းငယ်မျှသာ မဟုတ်တော့ဘဲ အင်အားတောင့်တင်းသော ဆင့်ကဲပြောင်းလဲသူ စစ်သည်တော်များဖြစ်လာပေလိမ့်မည်။
"ဟွန့်... ဘယ်နှစ်ယောက်ပဲလာလာ လာသမျှ အကုန် သတ်ပစ်မယ်"
ထိုသို့တွေးလိုက်သည်နှင့် ကျိရုရွှယ်၏ မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်များ လက်ခနဲ ပေါ်လာပြီး သူမ၏ ပတ်ဝန်းကျင်တွင်လည်း သေမင်းတမန် အရှိန်အဝါများ ပြင်းထန်စွာ ထွက်ပေါ်လာတော့သည်။ လက်ရှိအဆင့်တွင်ရှိသော လူသားဆင့်ကဲပြောင်းလဲသူ အဖွဲ့များကို သူမအနေဖြင့် အနည်းငယ်မျှပင် ဂရုမစိုက်ဘဲ အထင်အမြင်သေးလျက် ရှိသည်။
ကျိရုရွှယ်သည် ယခင်က လူသားများအပေါ် စိုးရိမ်ပူပန်ခဲ့ပြီး လီယင်းတို့အဖွဲ့ကို ကျန်းနန်မြို့ပြနယ်မြေရှိ ထူးခြားမှုများကို ဖုံးကွယ်ရန် အထူးညွှန်ကြားခဲ့ခြင်းမှာ ထိုစဉ်က လူသားတို့၏ စုပေါင်းအင်အားနှင့် အရေအတွက်မှာ သူမအနေဖြင့် ယှဉ်ပြိုင်ရန် မဖြစ်နိုင်သေးသောကြောင့်သာ ဖြစ်သည်။
သို့သော် ယခုအခါတွင်မူ အခြေအနေများမှာ လုံးဝပြောင်းလဲသွားပြီဖြစ်သည်။ သူမနှင့် သူမ၏ ဖခင် လုချွမ်းတို့နှစ်ဦးစလုံးသည် အဆင့် ၄ သို့ တက်လှမ်းနိုင်ခဲ့ပြီဖြစ်ပြီး လက်ရှိအချိန်တွင် လူသားများဘက်၌ အဆင့် ၃ သို့ ရောက်ရှိသူပင် အလွန်နည်းပါးဦးမည်ဖြစ်သည်။ ထို့ကြောင့် ဆင့်ကဲပြောင်းလဲသူ အနည်းငယ်မျှဖြင့် သူမနှင့် သူမဖခင်ကို ရန်မူရန် ကြိုးစားခြင်းမှာ အချည်းနှီးသော အားထုတ်မှုသာ ဖြစ်ပေလိမ့်မည်။
အခြေအနေများမှာ ထိန်းမနိုင်သိမ်းမရ ဖြစ်မသွားဘဲ လူသားတို့ဘက်မှ အလုံးအရင်းနှင့် လာရောက်သုတ်သင်ခြင်းမျိုး မဟုတ်ပါက ကျိရုရွှယ်အနေဖြင့် အကြွင်းမဲ့ ယုံကြည်မှု ရှိနေသည်။ အကယ်၍ လူသားတို့က စစ်တပ်အင်အား အမြောက်အမြား အသုံးပြုလာလျှင်ပင် သူမ အလွန်အမင်း စိုးရိမ်မည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ဤကမ္ဘာပျက်ကပ်ကြီးအတွင်း၌ လမ်းပန်းဆက်သွယ်ရေးနှင့် ရထားလမ်းများမှာ လုံးဝပျက်စီးပိတ်ဆို့နေသဖြင့် တပ်မကြီးများ ရွှေ့ပြောင်းရန်မှာ အလွန်ခက်ခဲသောကြောင့်ပင်။
ကြိုတင်ပြင်ဆင်ထားမှုများရှိပါက ပြိုင်ဘက်များမှာ သူမနှင့် သူမဖခင်ကို မည်သို့မျှ ယှဉ်နိုင်မည်မဟုတ်ပေ။ လူသားစစ်တပ်များ ကျန်းနန်မြို့ပြနယ်မြေသို့ ရောက်ရှိလာချိန်တွင် သူမနှင့် သူမဖခင်မှာ သတင်းကြိုရရှိပြီးဖြစ်ကာ လျင်မြန်စွာ ဆုတ်ခွာနိုင်မည်ဖြစ်သည်။ ဤသို့တွေးလိုက်မိသောအခါ ကျိရုရွှယ်၏ နှုတ်ခမ်းထက်တွင် အပြုံးစလေးတစ်ခု ပေါ်လာတော့သည်။
ဆက်လက်၍ သူမသည် သူမ၏ ကျင့်စဉ်အဆင့်ကို မြှင့်တင်ရန်အတွက် အချိန်နှင့် စွမ်းအင်အားလုံးကို ပုံအောရန် ဆုံးဖြတ်လိုက်သည်။ အစွမ်းထက်သော ခွန်အားရှိမှသာလျှင် သူမ၏ဖခင်ကို ဘေးကင်းအောင် ကာကွယ်နိုင်မည်ဖြစ်ပြီး လူသားများ၏ ရန်မှလည်း ကင်းဝေးစေမည်ဖြစ်သည်။ အကယ်၍ လူသားများ၏ စုံစမ်းရေးအဖွဲ့ မရောက်လာမီ သူမအနေဖြင့် အဆင့် ၅ သို့ ရောက်ရှိသွားမည်ဆိုပါက သူမနှင့် သူမဖခင်အတွက် စိတ်ပူစရာ လုံးဝရှိတော့မည်မဟုတ်ပေ။
အဆင့် ၅ ကျင့်စဉ်အဆင့်ဖြင့်ဆိုလျှင် လူသားစစ်တပ်၏ ဝိုင်းရံပိတ်ဆို့မှုကို ရင်ဆိုင်ရလျှင်ပင် သူမအနေဖြင့် ယုံကြည်ချက်အပြည့်ဖြင့် ကိုင်တွယ်နိုင်မည်ဖြစ်သည်။ ဤအတွေးဖြင့် ကျိရုရွှယ်၏ မျက်လုံးများတွင် ပြတ်သားသော ဆုံးဖြတ်ချက်များ ပေါ်ပေါက်လာပြီး သူမသည် ကုတင်ထက်တွင် မတ်မတ်ထိုင်ကာ ပြင်ပစွမ်းအင်များကို စုပ်ယူလျက် ကျင့်စဉ်ကို ထပ်မံအားထုတ်နေတော့သည်။ သူမအနေဖြင့် စက္ကန့်တိုင်းကို အမိအရ ဆုပ်ကိုင်ထားရမည်ဖြစ်ပြီး အနည်းငယ်မျှပင် ပေါ့ဆ၍ မဖြစ်ပေ။
ကစားကွင်းအတွင်းရှိ လျှောစောက်စင်အနီးတွင်….
ရှူး...
ထိုစဉ် ချွေးများရွှဲနစ်နေသော ကျောက်လင်းသည် လျှောစောက်စင်ပေါ်တွင် ခြေထောက်နှစ်
ဖက်ကို မြဲမြံစွာချိတ်၍ ဇောက်ထိုးတွဲလောင်းခိုလျက် ဝမ်းဗိုက်လေ့ကျင့်ခန်းကို အသည်းအသန် လုပ်ဆောင်နေသည်။ ကိုယ်ကိုအပေါ်သို့ လိပ်တက်လိုက်တိုင်း သူမ၏ခန္ဓာကိုယ်မှာ ထိန်းမနိုင်သိမ်းမရ တုန်ရီနေပြီး ခွန်အားရှိသမျှ အကုန်သုံးနေရပုံပေါ်သည်။ လေ့ကျင့်ခန်းတစ်ခုပြီးတိုင်းလည်း လေကို ပြင်းပြင်းရှူထုတ်နေမိသည်။
အချိန်တွေ တဖြည်းဖြည်း ကုန်ဆုံးလာသည်။
သူမ၏မျက်နှာမှာ နီမြန်းနေပြီး ချွေးများမှာ မျက်ရည်ကဲ့သို့ပင် စီးကျနေသော်လည်း ကျောက်လင်းမှာ ဇွဲမလျှော့ပေ။ သူမ၏ခြေထောက်များက လျှောစောက်စင်ကို အားပြုညှစ်ထားသဖြင့် သံဘောင်များမှာ ကျိုးပဲ့တော့မတတ် တကျီကျီမြည်နေသည်။
ချင်းရွှေခြံဝင်းအတွင်း ရောက်ရှိနေသည့် ကာလပတ်လုံး သူမသည် လုံခြုံရေးအတွက် စိုးရိမ်စရာမလိုဘဲ စားကောင်းသောက်ဖွယ်များကို စားသောက်ကာ အေးအေးချမ်းချမ်း နေထိုင်ခဲ့ရသည်။ သို့သော် ဤနေရာတွင် ပိတ်လှောင်ခံထားရသဖြင့် နေ့စဉ်လှုပ်ရှားမှု နည်းပါးလာရာ သူမကိုယ်သူမ အသုံးမကျသူတစ်ဦး ဖြစ်သွားမည်ကို စိုးရိမ်လာမိသည်။
ယခုကမ္ဘာကြီးမှာ ကပ်ဘေးသင့်နေဆဲဖြစ်ပြီး ဤခြံဝင်းမှာ ပြင်ပလောကနှင့် လုံးဝကွဲပြားခြားနားသော ကမ္ဘာတစ်ခုဖြစ်ကြောင်း သူမ မေ့လျော့မထားပေ။ တစ်နေ့နေ့တွင် ဇွန်ဘီဘုရင်က သူမကို အပြင်သို့ ပစ်ထုတ်လိုက်မလား သို့မဟုတ် သဘောကောင်းပြီး ပြန်လွှတ်ပေးမလား သူမ မသိနိုင်ပေ။
အကယ်၍ ထိုသို့ဖြစ်လာခဲ့လျှင် သူမမှာ ဝဖြိုးပြီး လှုပ်ရှားမှုနှေးကွေးနေပါက ဆင့်ကဲဇွန်ဘီများကို ဘယ်လိုလုပ် ယှဉ်ပြိုင်နိုင်မှာလဲ။
အခြားသူများထက် မြန်အောင်ပင် ပြေးနိုင်မည်မဟုတ်ချေ။ ထို့ကြောင့် ကုတင်ပေါ်တွင် လဲလျောင်းရင်း အပေါ်က လျှောစောက်စင်ကို ကြည့်နေစဉ် သူမ၌ စိတ်ကူးတစ်ခု ရလာခဲ့ခြင်းဖြစ်သည်။ သူမသည် ခန္ဓာကိုယ်ကြံ့ခိုင်မှု ပုံမှန်ရှိနေစေရန် လျှောစောက်စင်ကို နည်းမျိုးစုံဖြင့် အသုံးပြုကာ လေ့ကျင့်ခန်း စတင်လုပ်ဆောင်ခဲ့တော့သည်။
"ဟူး... မောလိုက်တာ..."
နောက်ဆုံးကျန်ရှိသော အင်အားကိုသုံး၍ ကိုယ်အထက်ပိုင်းကို ခက်ခဲစွာ ကွေးတင်လိုက်ပြီးနောက် ကျောက်လင်းမှာ သက်ပြင်းရှည်ကြီးတစ်ခု ချလိုက်ကာ တစ်ကိုယ်လုံး လျှော့ချလိုက်သည်။ ထို့နောက် ခြေရင်းနားရှိ သံတိုင်ကို ကိုင်၍ ခြေထောက်များကို မြေပြင်ပေါ်သို့ အသာအယာ ချလိုက်သည်။ ကျောက်လင်းသည် ကုတင်ပေါ်တွင် ထိုင်ကာ ချွေးများကို သုတ်ရင်း ရင်ဘတ်မှာ နိမ့်ချည်မြင့်ချည်ဖြင့် အမောဖြေနေတော့သည်။
အတန်ကြာမှ အသက်ရှူသံများ ပြန်လည်မှန်ကန်လာသည်။ သူမသည် ချီချီလေး၏ အခန်းဘက်သို့ လှမ်းကြည့်ရင်း မျက်မှောင်ကြုတ်လိုက်မိသည်။
"ဘာလို့ ချီချီလေးက ဒီရက်ပိုင်း အခန်းထဲမှာပဲ အမြဲအောင်းနေတာပါလိမ့်"
"ပြီးတော့ ဟိုဇွန်ဘီဘုရင်ဆိုတဲ့ လူကလည်း ပေါ်လာတာ နည်းသွားသလိုပဲ"
တစ်ခုခုများ ဖြစ်နေပြီလား။