အခန်း (၂၀၅)
Vol. 21 Ch. 205
အခန်း။ ၂၀၅
ဤကာလအတွင်း ဇွန်ဘီဘုရင်သည် ချီချီလေးအပေါ် မည်မျှအလိုလိုက်သည်ကို ကျောက်လင်းကိုယ်တိုင် မျက်မြင်တွေ့ခဲ့ရသည်။
သာမန်ရက်များတွင် ဇွန်ဘီဘုရင်သည် ချီချီလေးနှင့်အတူ ဆော့ကစားပေးရန်နှင့် သူမကို ပျော်ရွှင်အောင်ထားရန် အချိန်အတော်ပေးလေ့ရှိသည်။ သူသည် စကားမပြောနိုင်သော်လည်း ချီချီလေးအတွက် အလွန်တာဝန်ကျေသော ဇွန်ဘီဖေဖေ တစ်ဦးဖြစ်သည်မှာ ငြင်းမရပေ။ ချီချီလေးကို စားဝတ်နေရေး ဘာမှမလိုလေအောင် ဂရုစိုက်ပေးသည့်အပြင် အမြင့်ဆုံးသော လုံခြုံရေးကိုလည်း ပေးထားသည်။
ထို့ကြောင့်လည်း ချီချီလေးမှာ ဇွန်ဘီဘုရင်အပေါ် အလွန်အမင်း မှီခိုတွယ်တာနေပြီး သူ၏အနားမှ မခွာလိုခြင်း ဖြစ်ပေလိမ့်မည်။
သို့သော်လည်း မကြာသေးမီရက်ပိုင်းအတွင်း အခြေအနေများ ပြောင်းလဲသွားသည်ကို ကျောက်လင်း သိသိသာသာ သတိထားမိလာသည်။ ဇွန်ဘီဘုရင်၏ အရိပ်အယောင်ကိုပင် သူမ လုံးဝမတွေ့ရတော့ပေ။ ဇွန်ဘီဘုရင်မှာ အခန်းထဲမှ အပြင်သို့ လုံးဝမထွက်တော့ဘဲ သူဘာတွေလုပ်နေသည်ကို မည်သူမျှ မသိနိုင်ချေ။
ချီချီလေးကိုယ်တိုင်ပင်လျှင် အပြင်ထွက်ခဲလာပြီး ဇွန်ဘီဘုရင်ကဲ့သို့ပင် အခန်းထဲမှာပဲ အချိန်ကုန်ဆုံးနေကာ ယခင်ကထက် လှုပ်ရှားမှုများစွာ လျော့နည်းသွားသည်။ သူတို့နှစ်ဦးစလုံးမှာ အခန်းအောင်းသူများ ဖြစ်သွားပုံရသည်။
ဒါက အလွန်ထူးဆန်းနေတယ်။
ဒီနေရာမှာ သေချာပေါက် ပြဿနာတစ်ခုခု ရှိနေပြီဖြစ်ကြောင်း ကျောက်လင်း သိလိုက်သည်။ သူမ မသိလိုက်ဘဲ တစ်ခုခုတော့ ဖြစ်ပျက်နေခဲ့ပြီမှာ အမှန်ပင်။ ဤအကြောင်းရင်းကြောင့်သာ ဇွန်ဘီဘုရင်နှင့် ချီချီလေးတို့ ပုံမှန်မဟုတ်ဘဲ ထူးထူးခြားခြား ပြုမူနေကြခြင်း ဖြစ်ပေလိမ့်မည်။
လွန်ခဲ့သော နှစ်ရက်တာပတ်လုံး ကျောက်လင်းခေါင်းစားအောင် စဉ်းစားခဲ့သော်လည်း သင့်တော်သည့် အဖြေတစ်ခုမျှ သူမ မရရှိခဲ့ပေ။ အမှန်တကယ်တော့ အကောင်းဆုံးနည်းလမ်းမှာ တိုက်ရိုက်မေးမြန်းရန်ပင်။
သို့သော် ကျောက်လင်းသည် သူမကိုယ်သူမ အကျဉ်းသားတစ်ဦးသာဖြစ်ကြောင်း သိထားသည်။ ချီချီလေး၏ ကရုဏာကြောင့်သာ သူမ အသက်ရှင်နေရခြင်းဖြစ်ရာ ဇွန်ဘီဘုရင်ကို ခေါ်ထုတ်ပြီး သူ၏လျှို့ဝှက်ချက်များကို မေးမြန်းရန် သူမ၌ သတ္တိမရှိပေ။
"ဖြစ်နိုင်တာက ငါ ချီချီလေးကို မေးကြည့်လို့ရတယ်။ ချီချီလေးကတော့ တစ်ခုခု သိနေမှာပဲ"
ကျောက်လင်းသည် ချီချီလေးနှင့် စကားပြောခွင့်ရရန် အခွင့်အရေးကို စောင့်ဆိုင်းနေရင်း ခြံဝင်းအတွင်း လှုပ်ရှားနေသော အဆင့်မြင့်ဇွန်ဘီများ၏ အမူအရာမှာလည်း ပို၍ တင်းမာလာသကဲ့သို့ သူမ ခံစားနေရသည်။
ကျောက်လင်းမှာ အတွေးတစ်ခု ဝင်လာသော်လည်း အနည်းငယ် တုံ့ဆိုင်းနေမိသည်။
"ဟူး..."
သက်ပြင်းရှည်ကြီး တစ်ချက်ချလိုက်ရင်း ကျောက်လင်းမှာ ကုတင်ပေါ်သို့ ပြန်လည်လှဲချလိုက်ပြီး အပေါ်မှ လျှောစောက်စင်ကို ငေးကြည့်နေမိသည်။ ဤသို့ အကျဉ်းချခံထားရခြင်းမှာ သူမအတွက် ဘယ်မှသွားလို့မရဘဲ တကယ့်ကို ပင်ပန်းဆင်းရဲလှသည်။
ဒီဇွန်ဘီဘုရင်က ငါ့ကို ဘယ်တော့မှ လွှတ်ပေးမှာလဲ
နေမွန်းတည့်ချိန်၌…
ကျွီ...
အချိန်အတော်ကြာ ပိတ်ထားသော အခန်းတံခါးမှာ ပွင့်လာခဲ့သည်။ ပန်းနတ်သမီးလေးတစ်ပါးအလား ဝတ်ဆင်ထားသော ကျိရုရွှယ်သည် ကျောက်လင်းအတွက် ထမင်းဗန်းကို ယူဆောင်လာပေးသည်။
"စားတော့ ဒီနေ့ဟင်းက ငရုတ်ပွနဲ့ ဝက်သားကြော် ထမင်းသုပ်ပဲ။ တကယ့်ကို အရသာရှိတယ်နော်"
ဗိုက်ဆာနေပြီဖြစ်သော ကျောက်လင်းသည် ပြုံးရွှင်စွာဖြင့် လက်ခံလိုက်ပြီး တူကိုကိုင်ကာ အငမ်းမရ စားသောက်တော့သည်။ ထမင်းပန်းကန်၏ ထက်ဝက်ခန့်ကို အမြန်စားပြီးနောက် အနည်းငယ် အသက်ရှူလိုက်စဉ် မနက်က သူမဆုံးဖြတ်ထားသည်ကို သတိရသွားသည်။ ကျောက်လင်းသည် စားလက်စကို ရပ်လိုက်ပြီး ကျိရုရွှယ်ကို ကြည့်ကာ စပ်စုလိုက်သည်။
"ချီချီလေး... ခြံထဲမှာ တစ်ခုခု ဖြစ်နေလို့လားဟင်။ ဒီရက်ပိုင်း ချီချီလေးနဲ့ ဖေဖေက အပြင်ကို သိပ်မထွက်ကြတော့လို့"
"ဒါတွေ လိုက်မတွေးနဲ့။ ပြောပြရင်လည်း နင့်အတွက် ဘာမှထူးမှာ မဟုတ်ဘူး"
ထိုစကားကို ကြားသောအခါ မကြာမီ ကျရောက်လာတော့မည့် ဘေးအန္တရာယ်ကို တွေးမိသွားပြီး ကျိရုရွှယ်မှာ မျက်မှောင်ကြုတ်ကာ စိတ်မရှည်သလို ပြောလိုက်သည်။ ဤ ကိုးခါသေနတ်ဆိုးရဲမေသည် အလားအလာကောင်းသော်လည်း လက်ရှိအင်အားမှာ လုံလောက်မှုမရှိသေးပေ။ သူမ၏ဖခင် လက်အောက်ရှိ အဆင့် ၃ ဇွန်ဘီများကိုပင် မယှဉ်နိုင်သေးရာ လူသားများဘက်မှ စေလွှတ်မည့် ဆင့်ကဲပြောင်းလဲသူများကို ဘယ်လိုလုပ် ရင်ဆိုင်နိုင်မှာလဲ။
ထို့အပြင် ကျောက်လင်း၏ ကယ်တင်ရှင်စိတ်ဓာတ် မှာလည်း မပျောက်သေးဘဲ အလွန်အေးဆေးလွန်းလှသည်။ အကယ်၍ သူမနှင့် သူမဖခင်ကို တိုက်ခိုက်မည့်သူများမှာ လူသားအစိုးရဘက်မှ ဖြစ်ကြောင်း သိသွားပါက ထိုအချိန်တွင် ကျောက်လင်းမှာ တစ်ဖက်သို့ ကူးပြောင်းသွားနိုင်သေးသည်။
"ချီချီလေးရယ်... ငါလည်း ကူညီနိုင်မှာပါ။ နင်တို့ မတွေးမိတာမျိုး ငါက အကြံပေးနိုင်မှာပေါ့။ ငါ့ကို ပြောပြပါ။ ငါလည်း နင်တို့အတွက် နည်းလမ်းတစ်ခုခု စဉ်းစားပေးကြည့်မယ်လေ"
ဤမျှကာလပတ်လုံး အခမဲ့ စားသောက်နေထိုင်လာခဲ့ရသဖြင့် ကျောက်လင်းမှာ ဤအခွင့်အရေးကို အသုံးချကာ ချီချီလေးနှင့် ဇွန်ဘီဘုရင်ကို ကျေးဇူးဆပ်ရန် ပြင်ဆင်နေခြင်း ဖြစ်သည်။
အမှန်အတိုင်း ဝန်ခံရလျှင် ဇွန်ဘီဘုရင်၏ အကျဉ်းချခြင်းကို ခံထားရသော်လည်း ဤကာလမှာ ကမ္ဘာပျက်ကပ်ကြီး စတင်ကတည်းက သူမအတွက် စိတ်အေးအချမ်းသာဆုံး အချိန်များပင်။ ဇွန်ဘီများ ရုတ်တရက် အခန်းထဲဝင်လာပြီး သူမကို ဝါးမြိုသွားမည်ကို စိုးရိမ်စရာမလိုသလို ဝမ်းဗိုက်ဖြည့်တင်းရန်အတွက် အပြင်ထွက်၍ အစာရှာထွက်ရသည့် အန္တရာယ်များကိုလည်း ရင်ဆိုင်စရာမလိုတော့ပေ။ အစားစားချိန်တန်လျှင် အဆင်သင့်ရှိနေပြီး အိပ်ချင်သည့်အချိန်အိပ်၊ ထချင်သည့်အချိန်ထရသည့် ဤနေရာမှာ သူမအတွက်တော့ နိဗ္ဗာန်ဘုံတစ်ခုလိုပင်။
"မလိုပါဘူး... အခု ငါတို့ကြုံနေရတဲ့ ပြဿနာကို နင် မဖြေရှင်းပေးနိုင်ဘူး။ မြန်မြန်စားစမ်းပါ"
ကျောက်လင်း၏ စိတ်ရင်းစေတနာဖြင့် ကူညီလိုမှုကို မြင်သောအခါ ကျိရုရွှယ်မှာ စိတ်ထဲမှ ခါးသီးစွာ ပြုံးလိုက်မိသည်။ သူမသည် ခေါင်းခါယမ်းကာ ကျောက်လင်းကို အမြန်စားရန်သာ တိုက်တွန်းလိုက်သည်။
"ချီချီလေး... ငါ့ကို ယုံစမ်းပါ။ ငါ့မှာလည်း ခွန်အားရှိပါတယ်။ အဲဒီပြဿနာကို လုံးဝမဖြေရှင်းနိုင်ရင်တောင် ငါ့ကို အပိုအင်အားတစ်ခုအနေနဲ့ သုံးလို့ရတာပဲ မဟုတ်လား"
ကျောက်လင်းမှာ အရှုံးမပေးဘဲ ထပ်မံ၍ ဖျောင်းဖျပြန်သည်။
"နင်ကလည်း..."
"ချီချီလေး... ပြောပြပါဦး ငါ တကယ်ကူညီနိုင်ရင် ဘယ်လိုလုပ်မလဲ"
ကျောက်လင်းက ကျိရုရွှယ်၏ စကားကို ကြားဖြတ်ပြောလိုက်သည်။ ကျိရုရွှယ်သည် ကျောက်လင်း၏ ဇွတ်အတင်းမေးမြန်းမှုကြောင့် စိတ်အနှောင့်အယှက် ဖြစ်လာခဲ့သည်။ ဤလူကို ရှင်းရှင်းလင်းလင်း မပြောပြလျှင် လက်လျှော့မည်မဟုတ်ကြောင်း သူမ သိထားသဖြင့် ဒေါသသံ အနည်းငယ်ဖြင့်ပင် ပြောလိုက်သည်။
"ကောင်းပြီလေ... နင်က ကူညီချင်တယ်ပေါ့ ဟုတ်လား အကယ်၍ ငါ့အဖေကို လာသတ်မယ့်သူတွေက လူသားတွေ ဖြစ်နေရင်ရော... နင် ကူညီဦးမှာလား"
"နင်က ရဲမေတစ်ယောက်ဆိုတဲ့ ဂုဏ်ပုဒ်ကို အလေးအနက်ထားဆုံး မဟုတ်လား။ လူသားရှင်သန်ကျန်ရစ်သူတွေကို ကယ်ဖို့ဆိုရင် အသက်တောင် စတေးမယ့်သူပဲ။ ကဲ... ငါမေးမယ် တကယ်တမ်း တိုက်ပွဲဖြစ်လာရင် နင် ဘယ်ဘက်ကနေ ကူညီမှာလဲ"
ဂျောက်….
ထိုစကားကို ကြားလိုက်ရချိန်တွင် ကျောက်လင်းမှာ မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ မှင်တက်သွားကာ လက်ထဲမှ တူမှာလည်း အားမဲ့စွာဖြင့် မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။ အခန်းအတွင်းရှိ လေထုမှာလည်း ချက်ချင်းပင် အေးခဲသွားရသည်။
ကျောက်လင်းသည် ရှုပ်ထွေးလှသော အကြည့်များဖြင့် ချီချီလေးကို စိုက်ကြည့်နေမိပြီး စကားတစ်လုံးမှပင် ထွက်မလာတော့ပေ။ ဤသို့သော အခြေအနေမျိုး တစ်နေ့နေ့တွင် ရောက်လာလိမ့်မည်ဟု သူမ ကြိုတင်တွေးဆထားခဲ့သော်လည်း... တကယ်တမ်း ကြုံလာရသည့်အခါတွင်မူ အလွန်ပင် ခံရခက်လှသည်။
လူသားများနှင့် ဇွန်ဘီဘုရင် သို့မဟုတ် ချီချီလေးတို့ တိုက်ပွဲဖြစ်ကြလျှင် လူသားတစ်ဦးဖြစ်
သည့် သူမအနေဖြင့် မည်သည့်ဘက်တွင် ရပ်တည်ရမလဲ။
ကျိရုရွှယ်သည် မြေပြင်ပေါ်သို့ ကျသွားသော တူကို ကောက်ယူလိုက်ပြီး သူမ၏ အိတ်ကပ်လေးထဲမှ စက္ကူတစ်ရွက်ထုတ်ကာ သုတ်ပေးလိုက်သည်။ ထို့နောက် ကျောက်လင်းကို ပြန်ကမ်းပေးရင်း အေးဆေးစွာပင် ပြောလိုက်သည်။
"တွေ့လား... ငါပြောသားပဲ။ နင့်ကို ပြောပြလည်း ဘာမှထူးမှာမဟုတ်ဘူး။ ဒီမှာပဲ ငြိမ်ငြိမ်လေး နေနေပါ။ ကူညီဖို့လည်း လျှောက်မတွေးနဲ့တော့"
တွေဝေငေးငိုင်နေသော ကျောက်လင်းကို တစ်ချက်ကြည့်လိုက်ပြီးနောက် ချီချီလေးသည် လှည့်ထွက်သွားကာ သူမ၏ ခြေလှမ်းတိုလေးများဖြင့် အခန်းအပြင်သို့ ထွက်ခွာသွားတော့သည်။ ကျောက်လင်းမှာမူ အားကိုးရာမဲ့စွာဖြင့် ကုတင်ပေါ်တွင် ကျန်ရစ်ခဲ့ပြီး ရုန်းကန်နေရသော စိတ်အစုံဖြင့် ချီချီလေး၏ ကျောပြင်ကို ကြည့်ရင်း ကျန်ရစ်ခဲ့သည်။
ကျန်းနန်မြို့ပြခရိုင်တွင် လုချွမ်းသည် ဧရာမဇွန်ဘီ ၁ ၏ အမြင်အာရုံမှတစ်ဆင့် အားကစားကွင်းအတွင်းရှိ ဇွန်ဘီများ၏ ဆင့်ကဲပြောင်းလဲမှုကို စောင့်ကြည့်နေသည်။
ဝူး... ဝူး...
ဇွန်ဘီအုပ်ကြီးထဲမှ ထွက်ပေါ်လာသော ဆက်တိုက်ဟိန်းဟောက်သံများမှာ နားထောင်နေသူ မည်သူမဆို၏ ကျောရိုးထဲအထိ စိမ့်တက်သွားစေလောက်အောင် ကြောက်မက်ဖွယ် ကောင်းလှသည်။ ထူထပ်လှသော ဇွန်ဘီအုပ်ကြီးမှာ အားကစားကွင်းတစ်ခုလုံးကို ပြည့်နှက်လုနီးပါး ဖြစ်နေပြီး ၎င်းတို့ထဲတွင် ခုခံအားကောင်းသော တင့်ကားအမျိုးအစားနှင့် လျင်မြန်ဖြတ်လတ်သောအမျိုးအစားဆင့်ကဲဇွန်ဘီများစွာ ပါဝင်နေပြီဖြစ်သည်။
ဤဆင့်ကဲဇွန်ဘီများ၏ ပတ်လည်တွင် ကျယ်ပြောသော နေရာလွတ်များ ရှိနေတတ်သည်။ အဘယ်ကြောင့်ဆိုသော် သာမန်ဇွန်ဘီများသည် အဆင့်အတန်း ကွာခြားမှုကို ခံစားမိကြပြီး ထိုဆင့်ကဲဇွန်ဘီများ၏ အနားသို့ မချဉ်းကပ်ရဲဘဲ အဝေးမှသာ ရှောင်ရှားနေကြသောကြောင့် ဖြစ်သည်။
"အဆင့် ၃ မျိုးရိုးဗီဇပြောင်း သားရဲရဲ့ အသားနဲ့သွေးက တကယ်ကို အစွမ်းထက်တာပဲ"
ဇွန်ဘီအုပ်ကြီးထဲမှ ဆင့်ကဲဇွန်ဘီများကို ကြည့်ရင်း လုချွမ်းမှာ ဝမ်းသာအားရ ဖြစ်နေမိသည်။ အဆင့် ၃ သားရဲသားကို စားသုံးပြီးနောက် ဤဇွန်ဘီများ၏ ဆင့်ကဲပြောင်းလဲမှု အရှိန်အဟုန်မှာ သိသိသာသာ မြန်ဆန်လာခဲ့သည်။ ယခင်က တိုးတက်မှုများအပြင် ဤနှစ်ရက်အတွင်းမှာပင် ဆင့်ကဲဇွန်ဘီ ဒါဇင်ပေါင်းများစွာ ထပ်မံထွက်ပေါ်လာခဲ့သည်။
၎င်းမှာ အဆင့် ၃ သားရဲသားထဲတွင် စွမ်းအင်မည်မျှအထိ ကြွယ်ဝစွာ ပါဝင်နေသည်ကို သက်သေပြနေခြင်းပင်။
"ဆင့်ကဲဇွန်ဘီ အရေအတွက်က တော်တော်လေး များလာပြီပဲ။ ဒီထက် ထပ်တိုးလာရင်တော့ အားကစားကွင်းထဲမှာ ဆန့်တော့မှာ မဟုတ်ဘူး"
"မနက်ဖြန်ကျရင်တော့... ရိတ်သိမ်းလို့ ရပြီ"
အမြုတေတွေ... အမြောက်အမြားရှိတဲ့ အမြုတေတွေ...
ဤသည်ကို တွေးလိုက်မိသည်နှင့် လုချွမ်း၏ စိတ်လှုပ်ရှားမှုမှာ ထိန်းမနိုင်သိမ်းမရ ဖြစ်လာပြီး ယခုချက်ချင်းပင် ဤဆင့်ကဲဇွန်ဘီများအားလုံးကို သုတ်သင်၍ အမြုတေများကို ရိတ်သိမ်းချင်စိတ်များ တဖွားဖွား ပေါ်ပေါက်လာတော့သည်။