← Chapters

အခန်း (၂၀၆)

Vol. 21 Ch. 206

အခန်း (၂၀၆)

Vol. 21 Ch. 206

အခန်း။ ၂၀၆

နံနက်စောစောအချိန် ချင်းရွှေခြံဝင်း၌ လုချွမ်းသည် ကျိရုရွှယ်အတွက် နံနက်စာကို အသေအချာ ပြင်ဆင်ပေးထားသည်။ အငွေ့တထောင်းထောင်းထနေသော အသားမျှင်နှင့် ကြက်ဥခေါက်ဆွဲ ပန်းကန်လုံးအပြင် နို့မှုန့်ဖြင့် ဖျော်ထားသည့် နို့တစ်ခွက်ကိုပါ ကျိရုရွှယ်ရှေ့ရှိ စားပွဲပေါ်တွင် တင်ပေးလိုက်သည်။

"ကျေးဇူးတင်ပါတယ် ဖေဖေ"

နံနက်စာကို ကြည့်ရင်း ကျိရုရွှယ်၏ မျက်လုံးလေးများ တောက်ပသွားကာ သူမ၏ ချိုသာသော ကလေးသံလေးဖြင့် လုချွမ်းကို ကျေးဇူးတင်စကား ပြောလိုက်သည်။ လုချွမ်းက ပြုံးပြလိုက်ပြီး စာတိုလေးတစ်စောင်ကို ရေးကာ ချီချီလေးထံ ကမ်းပေးလိုက်သည်။ ချီချီလေး၏ ပြုံးရွှင်နေသော မျက်နှာလေးကို ကြည့်လိုက်ရရုံနှင့် လွန်ခဲ့သော ရက်အနည်းငယ်က အလုပ်ရှုပ်သမျှ ပင်ပန်းနွမ်းနယ်မှုများမှာ ချက်ချင်းပင် လွင့်စင်ပျောက်ကွယ်သွားသကဲ့သို့ ခံစားလိုက်ရသည်။

"ချီချီလေး... ဖေဖေ ဒီရက်ပိုင်း အလုပ်လေးတွေ ရှိနေလို့ သမီးနားမှာ သိပ်မနေနိုင်ဘူး။ လိမ်လိမ်မာမာနေနော် နောက်တစ်ခါကျရင် ဖေဖေ သမီးအတွက် ယုန်သားလေး ကင်ကျွေးမယ် ဟုတ်ပြီလား"

စာကို ဖတ်ပြီးနောက် ကျိရုရွှယ်က လိမ်မာစွာဖြင့် ခေါင်းငြိတ်ပြလိုက်သည်။

"စိတ်မပူပါနဲ့ ဖေဖေ သမီး လိမ်လိမ်မာမာ နေပါ့မယ်"

ဖေဖေသည် သူ၏အင်အားကို မြှင့်တင်ရန်အတွက် သားရဲများကို လိုက်လံအမဲလိုက်ရင်း အလုပ်ရှုပ်နေရသည်ကို သူမ နားလည်သည်။ ယခင်က သူမကိုယ်သူမ သူစိမ်းတစ်ယောက်အဖြစ် ဟန်ဆောင်ကာ အဆင့် ၄ ဆင့်ကဲပြောင်းလဲသူအသွင်ဖြင့် ပေါ်လာခဲ့ခြင်းမှာ ဖေဖေ့အပေါ် ဖိအားများစွာ သက်ရောက်သွားစေခဲ့သည်။

ဤသည်ကို တွေးမိသောအခါ ကျိရုရွှယ်သည် သူမ၏ဖခင်အပေါ် အနည်းငယ် အပြစ်မကင်းသလို ခံစားလိုက်ရသည်။ သူမ၏ လုပ်ရပ်မှာ ဖေဖေ့ကို ပို၍ သတိဝီရိယရှိစေပြီး ခွန်အားမြှင့်

တင်မှု အရှိန်အဟုန်ကို မြှင့်တင်ပေးခဲ့သည်မှာ မှန်သော်လည်း အင်အားကြီးမှသာ အနာဂတ်တွင် ပိုမိုဘေးကင်းမည်ဖြစ်သည်။ သို့သော် ဤကာလအတွင်း ဖေဖေမှာ အမှန်တကယ်ပင် အလုပ်များလွန်းလှသည်။ ဖေဖေတစ်ယောက် ဒီဒဏ်တွေကို မခံနိုင်ဘဲ ဖိအားတွေအောက်မှာ ပြိုလဲသွားမှာကို သူမ အနည်းငယ် စိုးရိမ်နေမိသည်။

ချီချီလေး၏ လိမ်မာယဉ်ကျေးသော အမူအရာကို မြင်လိုက်ရသောအခါ လုချွမ်းမှာ စိတ်ထဲတွင် များစွာ ကျေနပ်အားရသွားမိတော့သည်။

ယခုအခါ လုချွမ်းသည် ချီချီလေးကို သူ၏ သမီးအရင်းကဲ့သို့ပင် သဘောထားနေပြီ ဖြစ်သည်။ ဤမျှ လိမ်မာချစ်စဖွယ်ကောင်းသော သမီးလေးမျိုးကို မည်သူက မပိုင်ဆိုင်ချင်ဘဲ နေမှာလဲ။

“ချီချီလေး... ဖေဖေက သမီးကို ဘေးကင်းပျော်ရွှင်စွာနဲ့ ကြီးပြင်းလာစေရမယ်။ ဘယ်သူ့ကိုမှ သမီးကို ရန်မူခွင့် မပေးဘူး... ဘယ်သူပဲဖြစ်ဖြစ်ပေါ့”

ချီချီလေးကို နံနက်စာ ဆက်စားရန် အမှတ်အသားပြုပြီးနောက် လုချွမ်း၏ မျက်ဝန်းများ အနည်းငယ် တုန်လှုပ်သွားကာ တစ်စုံတစ်ခုကို စဉ်းစားနေမိသည်။

"ကဲ... ဒုတိယအသုတ် ဆင့်ကဲဇွန်ဘီတွေကို ရိတ်သိမ်းရမယ့်အချိန် ရောက်ပြီ"

ခေတ္တမျှအကြာတွင် လုချွမ်းသည် ယာဉ်တန်းနှင့်အတူ ချင်းရွှေခြံဝင်းမှ ထွက်ခွာ၍ ကျန်းနန်မြို့ပြနယ်မြေဆီသို့ ဦးတည်မောင်းနှင်သွားတော့သည်။

လျှောစောက်စင်ခြေရင်းတွင် ခုမှနိုးလာသော ကျောက်လင်းမှာ လုချွမ်း အခန်းထဲမှ ထွက်လာသည်ကို မြင်လိုက်ရသဖြင့် အံ့အားသင့်သွားသည်။

"ဒီဇွန်ဘီဘုရင်က နောက်ဆုံးတော့ အပြင်ထွက်လာဖို့ ဆုံးဖြတ်လိုက်ပြီပေါ့"

ခြံဝင်းမှ ထွက်ခွာသွားပြီဖြစ်သော လုချွမ်းမှာမူ ကျောက်လင်း၏ အကြည့်များကို သတိမထားမိပေ။ ယခုအချိန်တွင် သူ၏ ကျောက်လင်းအပေါ် တစ်ခုတည်းသော မျှော်လင့်ချက်မှာ ချီချီလေး အထီးကျန်မဖြစ်စေရန် အဖော်လုပ်ပေးမည့် အိမ်မွေးတိရစ္ဆာန် တစ်ကောင်လို ထားရှိရန်သာ။

မကြာမီ လုချွမ်း၏ ယာဉ်တန်းမှာ အားကစားကွင်းရှေ့တွင် ရပ်တန့်သွားသည်။ ကားပေါ်မှ ဆင်းလိုက်သည်နှင့် ပထမဆုံး ကြားလိုက်ရသည်မှာ ဆူညံလျက် အဆက်မပြတ် ထွက်ပေါ်နေသော ဇွန်ဘီများ၏ ဟိန်းဟောက်သံများပင်။

ဂွမ်...

လုချွမ်း၏ ထိန်းချုပ်မှုအောက်တွင် ဧရာမဇွန်ဘီ ၁ က တံခါးကြီးကို လျင်မြန်စွာ ဖွင့်လိုက်ရာ အတွင်းရှိ ဇွန်ဘီအုပ်ကြီး ပေါ်ထွက်လာသည်။ ညစ်ပတ်ပေရေနေသော ကြမ်းပြင်ပေါ်တွင် ဇွန်ဘီများမှာ ဟိုမှဒီသို့ လမ်းလျှောက်နေကြပြီး ရံဖန်ရံခါ ဟိန်းဟောက်နေကြသည်။ အချို့သော ဇွန်ဘီများမှာ တစ်ကောင်နှင့်တစ်ကောင် ကိုက်ခဲဝါးမြိုရန် ကြိုးစားနေကြပြီး အချို့မှာမူ ရည်ရွယ်ချက်မရှိဘဲ လည်ပတ်နေကြသည်။

ဧရာမဇွန်ဘီ ၁ ပေါ်လာသည်နှင့် တစ်ပြိုင်နက် ထိုဇွန်ဘီများမှာ သဘာဝရန်သူနှင့် တွေ့လိုက်ရသကဲ့သို့ တုန်လှုပ်သွားကြပြီး အပိုလှုပ်ရှားမှုများအားလုံးကို ရပ်တန့်လိုက်ကာ ဧရာမဇွန်ဘီ ၁ နှင့် ဝေးရာသို့ ဗီဇစိတ်အရ ဆုတ်ခွာရန်သာ ကြိုးစားကြတော့သည်။ လုချွမ်းသည် ရုတ်ရုတ်သဲသဲ ဖြစ်နေသော ဇွန်ဘီအုပ်ကြီးကို ကြည့်ကာ အရေအတွက်ကို တွက်ချက်ရင်း ကျေနပ်အားရနေမိသည်။

လတ်တလော တွက်ချက်မှုများအရ အနက်ရောင်အကြေးခွံမြွေကြီးထံမှ ရရှိသော အသားပုံကြီးကြောင့် အားကစားကွင်းအတွင်း၌ ပထမအဆင့် ဆင့်ကဲဇွန်ဘီအကောင်ရေ ၁၃၀ ကျော်အထိ ရှိနေပြီဖြစ်သည်။ ၎င်းမှာ ယခင်ပထမအသုတ်ထက်ပင် ပိုမိုများပြားပြီး တတိယအဆင့် ဗီဇပြောင်းသားရဲအသား၏ အာနိသင်ကြောင့်ပင်။

တတိယအဆင့် ဗီဇပြောင်းသားရဲအသား၏ ထူးခြားသော အကျိုးသက်ရောက်မှုကို ကိုယ်တိုင်မြင်တွေ့လိုက်ရသဖြင့် လုချွမ်းသည် ထိုသားရဲများကို ပိုမိုမက်မောလာတော့သည်။

“တတိယအဆင့် ဗီဇပြောင်းသားရဲတွေဆိုတာ ရတနာသိုက်တွေပဲ ”

၎င်းတို့ကို အမဲလိုက်နိုင်ပါက အဖိုးတန်သော တတိယအဆင့် အမြုတေကို ရရှိရုံသာမက ၎င်းတို့၏ ခန္ဓာကိုယ်မှ အသားများသည်လည်း ပထမအဆင့် အမြုတေများစွာကို ထုတ်လုပ်ပေးနိုင်သည့် ရင်းမြစ်များ ဖြစ်လာကြသည်။ ယခုအခါ လုချွမ်း၏ အမြင်တွင် အဝါရောင်နဂါးတောင်တန်းရှိ တတိယအဆင့် သားရဲကြီးများမှာ သက်ရှိအမြုတေပုံကြီးများအလားပင်။

တောင်ပေါ်တက်၍ သားရဲရှာဖွေခြင်းမှာ အမဲလိုက်ခြင်းထက် အဆင့်မြင့်ဇွန်ဘီများကို ရှာဖွေနေခြင်းနှင့် ပိုတူလှသည်။ တစ်ကောင်ကို သတ်နိုင်သည်နှင့် အမြုတေများစွာကို ရိတ်သိမ်းနိုင်မည်ပင်။

“အဝါရောင်နဂါးတောင်မှာ သားရဲတွေ အများကြီးရှိပါစေ... တတိယအဆင့် သားရဲတွေ အများကြီး ထွက်လာပါစေလို့ပဲ ဆုတောင်းရမှာပဲ ”

လုချွမ်းသည် စိတ်ထဲမှ ရေရွတ်ရင်း ပါးစပ်ဖျားတွင် အပြုံးတစ်ခု ပေါ်လွင်နေသည်။ သတိပြန်ဝင်လာပြီးနောက် သူသည် အားကစားကွင်းအတွင်းရှိ ဇွန်ဘီများကို ကြည့်ကာ စတင်လှုပ်ရှားလိုက်တော့သည်။

သူ၏ စိတ်အာရုံဖြင့် ထိန်းချုပ်လိုက်သည်နှင့် ပထမအဆင့် ဆင့်ကဲဇွန်ဘီ အကောင် ၄၀ သည် လူအုပ်ထဲမှ ဖြည်းညှင်းစွာ ထွက်လာကြပြီး အားကစားကွင်း၏ အပြင်ဘက်သို့ ရောက်ရှိလာကြသည်။ ခဏအတွင်းမှာပင် ထိုဇွန်ဘီ ၄၀ မှာ လေးတန်းစီ၍ စနစ်တကျ နေရာယူပြီးသား ဖြစ်သွားသည်။

ယခုမူ... သတ်ဖြတ်ပွဲ စတင်ရမည့်အချိန်သို့ ရောက်ပြီဖြစ်သည်။

လုချွမ်း၏ အမိန့်ပေးမှုအောက်တွင် ဧရာမဇွန်ဘီ ၁ နှင့် လျှပ်စီး ၁ တို့သည် ရုပ်သေးတပ်ဖွဲ့ထဲမှ ရှေ့သို့ တိုးထွက်လာကြသည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် ပထမအဆင့်ဆင့်ကဲဇွန်ဘီ ဒါဇင်ကျော်သည် ဇွန်ဘီရုပ်သေးနှစ်ကောင်၏ တိုက်ခိုက်မှုအောက်တွင် ကိုယ်ခန္ဓာများ အပိုင်းပိုင်းပြတ်တောက်သွားပြီး နီညိုရောင်အသားစများမှာ အရပ်မျက်နှာအနှံ့ လွင့်စင်သွားတော့သည်။

ဇွန်ဘီအုပ်ကြီးသည် ဧရာမဇွန်ဘီ ၁ နှင့် လျှပ်စီး ၁ တို့၏ အရှိန်အဝါကို ဗီဇအရ ကြောက်လန့်တကြား အော်ဟစ်ရင်း အားကစားကွင်းအတွင်း ရူးသွပ်စွာ ပြေးလွှားနေကြသည်။ အထူးသဖြင့် ပစ်မှတ်ထားခံရသော ပထမအဆင့်ဆင့်ကဲဇွန်ဘီများသည် အသက်လု၍ ထွက်ပြေးကြသော်လည်း ရုပ်သေးနှစ်ကောင်မှာ သေမင်းတမန်များအလား နောက်မှထပ်ကြပ်မကွာ လိုက်လံရိတ်သိမ်းနေသည်။ လမ်းတွင်ပိတ်နေသော သာမန်ဇွန်ဘီများမှာလည်း ရုပ်သေးများ၏ ပစ်ပေါက်မှုကြောင့် လွင့်ထွက်သွားပြီး နံရံများနှင့် ပြင်းထန်စွာရိုက်မိကာ ပြန်မထနိုင်တော့ပေ။

ကံကောင်း၍ မသေသေးသော အချို့သောဇွန်ဘီများသည် သတ်ဖြတ်သူနှစ်ဦး၏လက်မှ လွတ်မြောက်ရန် ပွင့်နေသောတံခါးကြီးဆီသို့ အသည်းအသန် ပြေးထွက်ကြသည်။ သို့သော် တံခါးဝသို့မရောက်မီမှာပင် ဧရာမအရိပ်ကြီးတစ်ခုက လမ်းကို အပြည့်အဝပိတ်ဆို့လိုက်သည်။ အားဖန် ၂ သည် ငရဲမှနတ်ဆိုးတစ်ကောင်ကဲ့သို့ သံမဏိတိုင်ကို ဝှေ့ယမ်းလိုက်ရာ ထွက်ပြေးရန်ကြိုးစားသော ဇွန်ဘီများမှာ တစ်စစီကြေမွပျက်စီးသွားရသည်။

နာရီဝက်ခန့်ကြာပြီးနောက် အားကစားကွင်းအတွင်းရှိ ဆူညံသံများနှင့် ထိတ်လန့်တကြားအော်ဟစ်သံများမှာ တဖြည်းဖြည်း တိတ်ဆိတ်သွားသည်။ ဧရာမဇွန်ဘီ ၁ နှင့် လျှပ်စီး ၁ တို့သည် သွေးညှီနံ့များလွှမ်းနေသော အားကစားကွင်းအတွင်းမှ ပြန်လည်ထွက်ခွာလာကြသည်။ လုချွမ်းသည် ဧရာမဇွန်ဘီ ၁ ၏ လက်ဖဝါးပေါ်ရှိ ပထမအဆင့်အမြုတေပုံလေးကိုကြည့်ကာ ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

ထို့နောက် လုချွမ်းသည် ထိုပထမအဆင့်အမြုတေများကို အပြင်ဘက်ရှိ သာမန်ဇွန်ဘီများအား တစ်ကောင်ချင်းစီ ကျွေးမွေးခဲ့သည်။ ရလဒ်အနေဖြင့် ဒုတိယအဆင့်ဇွန်ဘီ ၃၆ ကောင်ကို အောင်မြင်စွာ ဖန်တီးနိုင်ခဲ့သည်။

ထို့နောက် လုချွမ်းသည် သတ်ဖြတ်ပွဲနောက်တစ်ကြိမ်ကို ထပ်မံစီစဉ်ပြီး ဧရာမဇွန်ဘီ ၁ ကဲ့သို့သော ရုပ်သေးများကို အသုံးပြုကာ ဒုတိယအဆင့်ဇွန်ဘီ ၃၆ ကောင်လုံးကို သတ်ဖြတ်စေ၍ ၎င်းတို့၏ဦးခေါင်းများအတွင်းမှ ဒုတိယအဆင့်အမြုတေများကို ထုတ်ယူခဲ့သည်။

ဒုတိယအဆင့်အမြုတေ ၃၆ ခုကို ရရှိပြီးနောက် လုချွမ်းသည် သူ၏နောက်ကွယ်ရှိ ဒုတိယအဆင့်ရုပ်သေးတပ်ဖွဲ့ကို ရှေ့သို့ထုတ်ကာ စုဆောင်းထားသော အမြုတေများကို တစ်လုံးချင်းစီ ကျွေးမွေးခဲ့ပြန်သည်။ အကျိုးဆက်အနေဖြင့် လုချွမ်းသည် တတိယအဆင့်ဇွန်ဘီ ၁၁ ကောင်ကို ရရှိခဲ့သည်။

ယခင်က ရရှိထားသော အနက်ရောင်အကြေးခွံမြွေကြီး၏ အဆင့် ၃ အမြုတေနှင့် ယခုရရှိသော အမြုတေများကို ပေါင်းစပ်လိုက်ပါက လုချွမ်းအတွက် စတုတ္ထအဆင့်ဇွန်ဘီရုပ်သေး ၄ ကောင်အထိ ဆင့်ကဲပြောင်းလဲပေးရန် လုံလောက်သော အင်အားစုကို ပိုင်ဆိုင်သွားပြီဖြစ်သည်။

All Chapters