အခန်း (၂၁၀)
Vol. 21 Ch. 210
အခန်း။ ၂၁၀
ဧရာမ အနက်ရောင်သိမ်းငှက်ကြီးသည် သန်မာတောင့်တင်းသော ကိုယ်ထည် အံ့ဩဖွယ်ရာ အတောင်ပံအကျယ်အဝန်းတို့ဖြင့် ကျန်းနန်မြို့ပြခရိုင်၏ ကောင်းကင်ယံထက်တွင် ဝဲပျံနေပြီး ၎င်း၏ စူးရှသော မျက်လုံးများမှာ အောက်ဘက်ရှိ အခြေအနေအရပ်ရပ်ကို အသေးစိတ် စူးစမ်းလေ့လာနေသည်။
တစ်ချိန်က မြင့်မားထည်ဝါခဲ့သော အဆောက်အအုံကြီးများမှာ ယခုအခါ မရေမတွက်နိုင်သော အပေါက်အပြဲများဖြင့် ပျက်စီးယိုယွင်းနေပြီ ဖြစ်သည်။ မှန်သားတံတိုင်းများမှာ ပင့်ကူအိမ်သဖွယ် အက်ကြောင်းထင်နေပြီး လူနေအဆောက်အအုံများ၏ အပြင်ဘက်နံရံများမှာလည်း ဟောင်းနွမ်းစုတ်ပြတ်နေသော အဝတ်အထည်များအလား ကွာကျနေကာ လေတိုက်တိုင်း တဖျတ်ဖျတ် လွင့်နေကြသည်။
မြို့ပြလမ်းမများပေါ်တွင်မူ တစ်စီးနှင့်တစ်စီး တိုက်မိထားသော သို့မဟုတ် ယာဉ်ကြောပိတ်ဆို့မှုတွင် သောင်တင်နေသော ကားများဖြင့် ပြည့်နှက်နေပြီး ၎င်းတို့၏ ကိုယ်ထည်များပေါ်တွင် ဖုန်မှုန့်များနှင့် သားရဲလက်သည်းရာများ ထင်ကျန်နေသည်။ အကြောင်းပြချက်တစ်စုံတစ်ရာကြောင့် မော်တော်ယာဉ်အများအပြား၏ ပြတင်းမှန်များမှာ ကွဲအက်နေပြီး အတွင်း၌ သွေးစွန်းနေသော အပျက်အစီးများကို မြင်တွေ့နေရသည်။ ရံဖန်ရံခါတွင် ကားမောင်းသူနေရာ၌ ပုပ်ပွနေသော အလောင်းများကို တွေ့ရပြီး ၎င်းတို့၏ ပတ်ပတ်လည်၌ ယင်ကောင်များ ခြင်များ တဝီဝီမြည်ကာ တစ်မြို့လုံး၌ အပုပ်နံ့များ နံဟောင်နေသည်။
လမ်းဘေးရှိ ဆိုင်ခန်းများမှာလည်း တံခါးများ အဓမ္မဖျက်ဆီးခံထားရကာ မှန်ပြတင်းများမှာ ကြေမွပျက်စီးနေပြီး ကုန်ပစ္စည်းများမှာ လုယက်ခံထားရသည့်အလား အရပ်မျက်နှာအနှံ့ ပြန့်ကျဲနေသည်။ တစ်ချိန်တည်းမှာပင် လမ်းမများပေါ်၌ အပိုင်းပိုင်းပြတ်တောက်နေသော အလောင်းများမှာ ဟိုတစ်စ ဒီတစ်စ ရှိနေပြီး ၎င်းတို့အောက်ရှိ သွေးကွက်များမှာ မည်းနက်ကာ ခြောက်ကပ်နေပြီ ဖြစ်သည်။ ဇွန်ဘီများသည် လမ်းမများပေါ်တွင် ရည်ရွယ်ချက်မရှိဘဲ လည်ပတ်သွားလာနေကြသည်။
သိမ်းငှက်၏ အမြင်အာရုံမှတစ်ဆင့် ကြည့်လျှင် ကျန်းနန်မြို့ပြခရိုင်တစ်ခုလုံးမှာ သေလူတို့၏ မြို့တစ်မြို့အလား တိတ်ဆိတ်ခြောက်ခြားနေပြီး ရံဖန်ရံခါမှသာ ဇွန်ဘီများ၏ ဟိန်းဟောက်သံများ မြို့တွင်း၌ ပဲ့တင်ထပ်နေတော့သည်။
“အရာအားလုံးက ပုံမှန်ပါပဲ။ ကမ္ဘာပျက်ကပ်ထဲက မြို့တစ်မြို့ရဲ့ အသွင်အပြင်စစ်စစ်နဲ့ ကိုက်ညီနေတယ်”
ခေတ္တမျှ စောင့်ကြည့်လေ့လာပြီးနောက် သိမ်းငှက်က သူ့ဘာသာ တွေးတောလိုက်သည်။ သို့သော် ရုတ်တရက်ဆိုသလို ဟိန်းဟောက်မြည်ဟည်းသံတစ်ခုမှာ သူ၏နားထဲသို့ ရောက်ရှိလာသည်။
ဝေးကွာလှသော လမ်းမတစ်ခုပေါ်တွင် အရှိန်ဖြင့် မောင်းနှင်လာသော ကုန်တင်ကားတစ်စီးကို သိမ်းငှက်၏ အမြင်အာရုံ၌ အထင်အရှား မြင်လိုက်ရသည်။ ထိုကားမှာ အရှိန်ပြင်းစွာ မောင်းနှင်နေပြီး ကားကိုယ်ထည်အပြင်ဘက်မှာ ညစ်ပတ်ပေရေကာ ခြောက်ကပ်နေသော သွေးကွက်များဖြင့် နီညိုရောင် ပြောင်းနေသည်။
ထို့ပြင် ကုန်တင်ကား၏ လှုပ်ရှားမှုမှာ တစ်စုံတစ်ဦးက ရည်ရွယ်ချက်ရှိရှိ ထိန်းချုပ်မောင်းနှင်နေသည့်အလား တိကျလှပြီး ယာဉ်များပိတ်ဆို့နေသော လမ်းများကို ကျွမ်းကျင်စွာ ရှောင်ကွင်းကာ ဦးတည်ချက်တစ်ခုသို့ အမြန်ဆုံး ဦးတည်နေခြင်း ဖြစ်သည်။
“ဒီကုန်တင်ကားက...”
ကုန်တင်ကားကို မြင်လိုက်ရခြင်းကြောင့် သိမ်းငှက်၏ မျက်နှာအမူအရာမှာ သိသိသာသာ ပြောင်းလဲသွားပြီး သူ တုန်လှုပ်အံ့အားသင့်သွားရသည်။ ဤမျှ တိတ်ဆိတ်ခြောက်ခြားနေသော သေမင်းတမန်မြို့ပြအတွင်း၌ ကုန်တင်ကားတစ်စီးက ဘယ်လိုလုပ် ရုတ်တရက် ပေါ်လာရတာလဲ။
"ဇွန်ဘီတိုက်ခိုက်မှုတွေကိုလည်း လုံးဝမမှုဘဲ မြို့ထဲမှာ ဒီလောက်အတင့်ရဲရဲ မောင်းနေရဲတာလား..."
ဒီမြို့ထဲမှာ ပုန်းအောင်းနေတဲ့ ရန်သူလား ဒါမှမဟုတ် ဘေးဒုက္ခကနေ လွတ်မြောက်အောင် ကြိုးစားနေတဲ့ ရှင်သန်ကျန်ရစ်သူများလား။
သိမ်းငှက်၏ စိတ်ထဲတွင် သံသယများ ပြည့်နှက်သွားသည်။ ဤမျှ ထူးခြားသော ရှာဖွေတွေ့ရှိမှုမျိုးကို အချိန်ဆွဲမနေဘဲ ချက်ချင်း အစီရင်ခံရန် လိုအပ်သည်။
ချက်ချင်းပင် သိမ်းငှက်သည် အနက်ရောင်သိမ်းငှက်ကြီးထံ ထားရှိသော သူ၏အာရုံကို ရုပ်သိမ်းလိုက်ပြီး မျက်လုံးများကို ဖွင့်ကာ ခေါင်းဆောင်လီအား ကြည့်လျက် အော်ပြောလိုက်သည်။
"ခေါင်းဆောင်... ထူးခြားတာ တစ်ခုတွေ့တယ်ဗျ"
ထူးခြားတာ တွေ့တယ် ဟုတ်လား...
စကားစမြည် ပြောဆိုနေကြသည့် ဝမ်လေ့နှင့် အဖွဲ့ဝင်သုံးဦးလုံး ချက်ချင်းပင် ဝမ်းသာအားရ ဖြစ်သွားကြပြီး သိမ်းငှက်ထံသို့ အပြေးအလွှား စုရုံးရောက်ရှိလာကြသည်။ အခြားအဖွဲ့ဝင်များကလည်း စပ်စုချင်စိတ်ဖြင့် အနားသို့ တိုးကပ်လာကြသည်။
"သိမ်းငှက်... ဘာဖြစ်တာလဲ မြန်မြန်ပြောစမ်း"
ခေါင်းဆောင်လီက သိမ်းငှက်ကို ခေါင်းညိတ်ပြရင်း စိတ်မရှည်စွာ တိုက်တွန်းလိုက်သည်။
"ခေါင်းဆောင်... မြို့ထဲမှာ ကုန်တင်ကားတစ်စီး မောင်းနေတာကို တွေ့ခဲ့ရတယ်။ ဇွန်ဘီတွေရဲ့ တိုက်ခိုက်မှုကိုလည်း လုံးဝကြောက်ပုံမရဘူး။ အရှိန်ကလည်း တော်တော်မြန်ပြီး ဆူညံသံတွေလည်း အတော်လေး ထွက်နေတယ်ဗျ"
သိမ်းငှက်က သူတွေ့ရှိခဲ့သော ကုန်တင်ကားအကြောင်းကို အတိုချုပ် အစီရင်ခံလိုက်သည်။ ဤဖြစ်ရပ်မှာ အလွန်ထူးဆန်းလွန်းလှသည်။
"ကုန်တင်ကားတစ်စီး ဟုတ်လား"
အားလုံးက အံ့ဩတုန်လှုပ်သွားကြသည်။
"မြို့ထဲကနေ ထွက်ပြေးဖို့ ကြိုးစားနေတဲ့ ရှင်သန်ကျန်ရစ်သူ တစ်ယောက်ယောက်က အဲဒီကားကို မောင်းနေတာများလား"
ခေါင်းဆောင်လီက မျက်မှောင်ကြုတ်လျက် သံသယဖြင့် ရေရွတ်လိုက်သည်။
“မဖြစ်နိုင်တာဗျာ အခုချိန်အထိ မြို့ထဲမှာ ကျန်နေတဲ့သူတွေဆိုတာ ဘယ်သူမှ မရှိတော့ဘူး။ ထွက်သွားမယ့်သူတွေကလည်း လွန်ခဲ့တဲ့ အချိန်ကတည်းက ထွက်သွားကြပြီ။ ကျန်နေခဲ့တဲ့သူတွေ ရှိဦးတော့ အရမ်း ကြောက်လန့်နေကြမှာပဲ။ အသက်ရှင်ဖို့တောင် ခက်ခဲနေတဲ့သူတွေက မြို့ထဲမှာ ကုန်တင်ကားတစ်စီးကို ဒီလောက် ရူးသွပ်စွာ မောင်းထွက်ရဲမယ့် သတ္တိမျိုး မရှိကြပါဘူး”
ဘေးနားရှိ ခေါင်းဆောင်ကျန်းက ခေါင်းခါယမ်းလျက် မယုံကြည်သလို ပြောလိုက်သည်။
“ဒါဆိုရင်တော့ ပုန်းအောင်းနေတဲ့ ရန်သူတွေပဲ ဖြစ်ရမယ်။ မြို့ထဲမှာ ခိုအောင်းနေတဲ့ ဆင့်ကဲပြောင်းလဲသူတွေပေါ့။ ဟို ထူးဆန်းတဲ့ မိန်းကလေးငယ်လေးကို မမေ့နဲ့ဦးလေ”
ခေါင်းဆောင်လီ၏ မျက်နှာအမူအရာမှာ ချက်ချင်း တည်ကြည်သွားပြီး လေးနက်သော အသံဖြင့် ပြောလိုက်သည်။ ဤဖြစ်နိုင်ခြေမှာ အရှိဆုံးပင်။ ဇွန်ဘီများ ပြည့်နှက်နေသော မြို့အတွင်း၌ ဆူညံသံများ ထွက်ပေါ်စေသည့် ကုန်တင်ကားတစ်စီးကို မောင်းနှင်ရဲသည့် သတ္တိမျိုးမှာ ဆင့်ကဲပြောင်းလဲသူများ၌သာ ရှိပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သာမန်ဇွန်ဘီများသည် ဆင့်ကဲပြောင်းလဲသူများကို တစ်စုံတစ်ရာ မပြုနိုင်သောကြောင့်ပင်။
“အဲဒီဖြစ်နိုင်ခြေက ပိုများပါတယ်။ ဆင့်ကဲပြောင်းလဲသူတွေမှသာ ဒီလောက်အသည်းကြီးကြမှာ။ ဒါပေမဲ့ သူတို့က ဘာလို့ ကုန်တင်ကားကို မောင်းနေကြတာလဲ။ ယုတ္တိဗေဒအရဆိုရင် လမ်းလျှောက်တာက ပိုပြီးတော့ ဘေးကင်းသလို ဒီလောက်လည်း ဆူညံသံတွေ ထွက်လာမှာ မဟုတ်ဘူးလေ”
ခေါင်းဆောင်ကျန်းက မျက်မှောင်ကြုတ်လျက် ခေါင်းညိတ်ထောက်ခံလိုက်သည်။
ထိုနှစ်ဦးထက် ဝမ်လေ့၏ အတွေးမှာ ပို၍ နက်ရှိုင်းလှသည်။ သိမ်းငှက်က ကုန်တင်ကားအကြောင်း ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ကျန်းနန်မြို့ပြခရိုင်အတွင်း၌ ဇွန်ဘီများ ကားမောင်းနေကြသည် ဟူသော ကောလာဟလများကို သူ ချက်ချင်း သတိရလိုက်မိသည်။ စဉ်းစားလေလေ ပို၍ စိတ်မသက်မသာ ဖြစ်လာလေလေပင်။ ဝမ်လေ့၏ မျက်နှာထား ပြောင်းလဲသွားပြီး သိမ်းငှက်အား အလျင်အမြန် ညွှန်ကြားလိုက်တော့သည်။
“ပုန်းအောင်းနေတဲ့ ဆင့်ကဲပြောင်းလဲသူပဲဖြစ်ဖြစ် မဟုတ်ဘူးပဲဖြစ်ဖြစ်... ဒီကုန်တင်ကားကတော့ တကယ့်ကို သံသယဖြစ်စရာပဲ။ သိမ်းငှက်... အဲဒီကားကို မျက်ခြေမပြတ်အောင် စောင့်ကြည့်ပေးပါ။ ဘယ်ကို ဦးတည်သွားနေသလဲဆိုတာကို သေချာကြည့်ထားပါ”
“ဟုတ်တယ်... ဘယ်နေရာကို သွားမှာလဲဆိုတာ သိအောင် သေချာစောင့်ကြည့်စမ်း”
ခေါင်းဆောင်လီနှင့် ခေါင်းဆောင်ကျန်းတို့ကလည်း တပြိုင်နက်တည်း ခေါင်းညိတ်လိုက်ကြသည်။
ယခုတစ်ခေါက် သူတို့၏ အဓိကပစ်မှတ်မှာ ထူးဆန်းသော မိန်းကလေးငယ်ပင်။ အကယ်၍ ဤသဲလွန်စနောက်ကို လိုက်သွားပြီး သူမကို ဖမ်းဆီးနိုင်မည်ဆိုပါက သူတို့၏ မစ်ရှင်မှာ အောင်မြင်ပြီဟု ဆိုနိုင်သည်။
“နားလည်ပါပြီ”
သိမ်းငှက်သည် အချိန်ဆွဲမနေတော့ဘဲ သူ၏အာရုံကို အနက်ရောင်သိမ်းငှက်ကြီးနှင့် အလျင်အမြန် ပြန်လည်ချိတ်ဆက်လိုက်ပြီး ကုန်တင်ကားနောက်သို့ ထပ်ကြပ်မကွာလိုက်ရန် ပြင်ဆင်လိုက်သည်။
ကျန်းနန်မြို့ပြခရိုင်၏ ကောင်းကင်ယံထက်တွင် ဝဲပျံနေသော သိမ်းငှက်ကြီးသည် သိမ်းငှက်၏ ထိန်းချုပ်မှုအောက်တွင် အရှိန်အဟုန်ဖြင့် အောက်သို့ ထိုးဆင်းလာသည်။ ၎င်းသည် အတောင်ပံများကို ခတ်ထုတ်လျက် မြင့်မားသော အဆောက်အအုံများကြားထဲတွင် ကျွမ်းကျင်စွာ ပျံသန်းကာ အောက်ဘက်မှ အရှိန်ဖြင့် မောင်းနှင်နေသော ကုန်တင်ကားကို မျက်ခြေမပြတ် စောင့်ကြည့်နေတော့သည်။
ကုန်တင်ကားအတွင်း၌မူ လုချွမ်းသည် ဒုတိယအဆင့် ဇွန်ဘီရုပ်သေးတစ်ကောင်ကို စေခိုင်း၍ အားကစားကွင်းဆီသို့ ဦးတည်မောင်းနှင်နေခြင်းဖြစ်သည်။ ကားနောက်တွဲတွင် ဗီဇပြောင်းသားရဲတို့၏ အသားစများနှင့် သွေးများ ပြည့်နှက်နေပြီး ၎င်းတို့မှာ အားကစားကွင်းအတွင်းရှိ ဇွန်ဘီများကို ကျွေးမွေးရန်အတွက်ပင်။
ဒုတိယအကြိမ်မြောက် ရိတ်သိမ်းမှုအပြီးတွင် အားကစားကွင်းအတွင်းရှိ ဇွန်ဘီဦးရေကို လုချွမ်းက ပြန်လည်ဖြည့်တင်းထားပြီးဖြစ်သည်။
ဝက်မွေးမြူရေး စီမံကိန်းက နောက်တစ်ကြိမ် ပြန်လည်စတင်တော့မည်ပင်။ ဗီဇပြောင်းသားရဲ အသားနှင့် သွေးများ လုံလောက်စွာ ရရှိနေသရွေ့ တတိယအကြိမ်မြောက် ရိတ်သိမ်းမှုကို ဆောင်ရွက်ရန် လုချွမ်းအတွက် အချိန်အကြာကြီး စောင့်ဆိုင်းနေစရာ မလိုတော့ချေ။
ကျွီ... ကျွီ...
အားကစားကွင်း၏ အဝင်ဝသို့ ရောက်ရှိသောအခါ ကုန်တင်ကားမှာ ဘရိတ်အုပ်သံနှင့်အတူ ရပ်တန့်သွားသည်။ ကားတံခါး ပွင့်လာပြီးနောက် ဒုတိယအဆင့် ဇွန်ဘီရုပ်သေးတစ်ကောင်
သည် ကားပေါ်မှ ဆင်းသက်လာကာ ဇွန်ဘီများကို စတင်ကျွေးမွေးတော့သည်။
ဤမြင်ကွင်းအားလုံးကို သိမ်းငှက်ကြီးက အနီးကပ် လိုက်ပါကြည့်ရှုနေခဲ့သည်။ ကားပေါ်မှ ဆင်းလာသူမှာ ဇွန်ဘီတစ်ကောင်ဖြစ်နေသည်ကို မြင်လိုက်ရသည့်အခါ သိမ်းငှက်၏ မျက်နှာအမူအရာမှာ ချက်ချင်း ပြောင်းလဲသွားပြီး ရင်ထဲတွင် ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားသည်။
ခဏချင်းမှာပင် သိမ်းငှက်သည် သိမ်းငှက်ကြီးနှင့် အာရုံချင်း ဖြတ်တောက်လိုက်ပြီး မျက်လုံးများကို ဖွင့်လိုက်သည်။ သူ၏ မျက်ဝန်းများထဲတွင် ကြောက်လန့်ရိပ်များ အထင်အရှား ရှိနေသည်။ သူ့ကို စောင့်ကြည့်နေကြသော အဖွဲ့ဝင်များ၏ ရင်ထဲတွင်လည်း စိုးရိမ်စိတ်များ မြင့်တက်လာကြသည်။
"သိမ်းငှက်... ဘာဖြစ်တာလဲ"
ခေါင်းဆောင်လီက စိုးရိမ်တကြီး မေးလိုက်သည်။
"တစ်ခုခု ထူးထူးခြားခြား တွေ့လိုက်တာလား"
ဝမ်လေ့ကလည်း စိတ်လှုပ်ရှားစွာဖြင့် သိမ်းငှက်၏ မျက်နှာကို ကြည့်ကာ တစ်စုံတစ်ခုကို သိလိုနေသည်။
သိမ်းငှက်သည် အားလုံးကို မျက်လုံးအပြူးသားဖြင့် ကြည့်ကာ မယုံနိုင်စရာကောင်းသော အသံဖြင့် အော်ပြောလိုက်တော့သည်။
"ဘုရားရေ... ကျန်းနန်မြို့ထဲမှာ ဇွန်ဘီတွေ တကယ်ကြီး ကားမောင်းနေကြတာပဲ"
ယခင်က ခေါင်းဆောင်၏ အစီရင်ခံစာများထဲတွင် ဤကဲ့သို့သော အချက်အလက်မျိုးကို သူ မြင်ဖူးခဲ့သော်လည်း အားလုံးက ထိုအချက်ကို သံသယဖြစ်ဖွယ် အချက်အလက်တစ်ခုအဖြစ်သာ သတ်မှတ်ပြီး အလေးအနက်မထားခဲ့ကြပေ။ သို့သော် ယခုမူ ဤကိစ္စမှာ အမှန်
တကယ် ဖြစ်ပျက်နေသည်ကို သူကိုယ်တိုင် မြင်တွေ့လိုက်ရပြီ ဖြစ်သည်။
ကျန်းနန်မြို့ထဲက ဇွန်ဘီတွေ တကယ်ကြီး ကားမောင်းနေကြတာ…..