အခန်း (၈၁-၈၂)
Vol. 5 Ch. 81-82
အခန်း (၈၁)
"မွန်း..."
နွားနက်ကြီးက အော်ဟစ်လိုက်သည်။ ချန်ရွှင်ပြောဆိုသည့် စကားများသည် အဓိပ္ပာယ်ရှိသည်ဟု ၎င်းက မှတ်ယူထား၏။ ကျင့်ကြံခြင်းလောကတွင် ဂါထာမန္တန်ပေါင်း သောင်းခြောက်ထောင် ရှိလေရာ အားလုံးကို လိုက်လံဆည်းပူး၍ ကုန်ဆုံးနိုင်ဖွယ် မရှိချေ။ သို့သော် နွားနက်ကြီး၏ မျက်ဝန်းအစုံ၌ ဝမ်းသာပီတိဖြစ်မှုတို့ ကိန်းအောင်းနေသည်။ ယခုအခါတွင် အစီအရင်များကို ထပ်ဆင့်ပြုလုပ်ခြင်း လမ်းစဉ်၌ ၎င်းသည် အစပျိုးနေပြီဖြစ်ကာ ဉာဏ်အလင်းပွင့်စ ပြုနေပြီ ဖြစ်သည်။ လူရိပ်နှစ်ခုသည် တဖြည်းဖြည်း ဝေးကွာသွားကြပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ရေပူစမ်းဆေးဥယျဉ်အတွင်းမှ ပျောက်ကွယ်သွားကြလေတော့သည်။
ယနေ့တွင် ရာသီဥတုမှာ အုံ့မှိုင်းနေပြီး မိုးဖွဲလေးများမှာ တဖွဲဖွဲ ကျဆင်းနေသည်။ မရေမတွက်နိုင်သော တပည့်များသည် ခြေလှမ်းများကို အရှိန်မြှင့် လျှောက်နေကြပြီး စကားပြောသံများပင် တိုးတိတ်လျက် ရှိနေကြ၏။ ချန်ရွှင်သည် နွားနက်ကြီးကို ဆွဲလျက် ထိုလူများ၏ ဘေးမှ ဖြတ်သန်းသွားလေသည်။ မိုးရေစက်များသည် သူတို့၏ ဝိဉာဉ်စွမ်းအား အကာအကွယ် ပေါ်သို့ ကျရောက်နေသော်လည်း ခန္ဓာကိုယ်ကိုမူ စိုစွတ်စေခြင်း အလျဉ်းမရှိပေ။
"နွားကြီးရေ... အချိန်ကာလကို တွက်ချက်ကြည့်မယ်ဆိုရင် အခုချိန်က ဆောင်းဦးပေါက် ကာလကို ရောက်နေပြီ ထင်တယ်…”
"မွန်း..."
သူတို့သည် တိုးညှင်းစွာ စကားပြောဆိုနေကြပြီး မျက်ဝန်းထဲတွင် တည်ငြိမ်အေးချမ်းမှုများ ပြည့်နှက်နေကြသည်။ လမ်းဘေးဝဲယာရှိ တောင်တန်းများကြားမှ အမည်မသိသော ရှုခင်းများကို မျက်လုံးထောင့်စွန်းမှတစ်ဆင့် ငေးမောကြည့်ရှုလိုက်ရာ နေရာတိုင်းတွင် သစ်ရွက်ကြွေများ ပြည့်နှက်နေပြီး ယခင်ကကဲ့သို့ သက်ဝင်လှုပ်ရှားမှုများ မရှိတော့သည်ကို တွေ့ရှိလိုက်ရ၏။ အချိန်မည်မျှကြာအောင် လျှောက်လှမ်းခဲ့သည်မသိ၊ ချန်ရွှင်သည် နွားနက်ကြီးကို ဆွဲလျက် တရားစီရင်ရေးခန်းမဆောင်မှ တပည့်များ နေထိုင်ရာ နေရာသို့ ရောက်ရှိလာခဲ့ကြလေသည်။ သစ်သားအိမ်လေးတစ်လုံး၏ အပြင်ဘက်တွင် လူများ ဝိုင်းအုံနေကြပြီး အားလုံး၏ စိတ်ခံစားချက်များသည် လေးလံထိုင်းမှိုင်းနေကြသည်။
လဲ့ဖုန်း သည် ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။ လေထဲတွင် လွင့်ပါးသွားသော မီးခိုးငွေ့များပမာ တိတ်ဆိတ်ငြိမ်သက်စွာဖြင့် ထွက်ခွာသွားခဲ့ခြင်း ဖြစ်သည်။ နှုတ်ဆက်စကားပင် ပြောကြားခွင့် မရလိုက်ချေ။ တပည့်အများအပြားသည် လဲ့ဖုန်း ၏ စကားများလွန်းခြင်းနှင့် အရာရာကို ဝင်ရောက်စွက်ဖက်တတ်ခြင်းတို့အပေါ် ငြိုငြင်ခဲ့ဖူးကြသော်လည်း သူသေဆုံးသွားသည့် အခါတွင်မူ လိုက်ပါပို့ဆောင်သူ အများအပြား ရောက်ရှိလာခဲ့ကြ၏။
"နွားကြီး... ငါတို့က လူတွေနဲ့ ထိတွေ့ဆက်ဆံတာ နည်းပါးပေမဲ့ အစ်ကိုကြီးလဲ့ဖုန်းကတော့ တကယ်ကို စိတ်စေတနာကောင်းတဲ့ လူတစ်ယောက်ပါကွာ…"
"မွန်း... မွန်း..."
"စီနီယာအစ်ကိုကြီး လဲ့ဖုန်းက သူ့ဘဝတစ်လျှောက်လုံး သူ့ရဲ့ စံနှုန်းတွေနဲ့ ရည်မှန်းချက်တွေ အတွက်သာ ကျင့်ကြံအားထုတ်ခဲ့တာပါ... အခုတော့ သူ အောင်မြင်သွားခဲ့ပါပြီ…"
ချန်ရွှင်သည် တိမ်မည်းများ ဖုံးလွှမ်းနေသော ကောင်းကင်ကို မော့ကြည့်လျက် လက်သီးဆုပ်ကာ ပြောဆိုလိုက်လေသည်။
"ဒါကမှ အစ်ကိုကြီးလဲ့ဖုန်း လိုက်စားခဲ့တဲ့ လမ်းစဉ်အစစ်အမှန်ပါ... ကျင့်ကြံခြင်း အဆင့်တွေ ဆိုတာမျိုး မဟုတ်ပါဘူး..."
"မွန်း... မွန်း..."
နွားနက်ကြီးလည်း ကောင်းကင်ကို မော့ကြည့်လိုက်၏။ သူ သိပ်နားမလည်သော်လည်း စီနီယာအစ်ကိုကြီး လဲ့ဖုန်း အတွက် ဝမ်းသာပေးနေမိသည်။ ကြယ်ကိုးလုံးတောင်ကြား၌ ဖြစ်စေ၊ ဝူယွင်ဂိုဏ်း၌ဖြစ်စေ မရေမတွက်နိုင်သော လူသားများသည် မရေရာသော အဆင့်အတန်းနှင့် စွမ်းအားများကိုသာ လိုက်စားနေကြခြင်းဖြစ်သည်။
လဲ့ဖုန်းတစ်ယောက်တည်းသာ ထိုသို့ လိုက်စားနေသူများကို နောက်မှလိုက်လံ၍ ဂျူနီယာမောင်လေး၊ ညီမလေးများအား အချိန်ကို တန်ဖိုးထားကြရန် နေ့ညမပြတ် တိုက်တွန်းနေခဲ့ခြင်း ဖြစ်ပေသည်။ သူသည် ထာဝရအသက်ရှင်ခြင်းနှင့် အကျိုးစီးပွားများအပေါ် တိမ်းညွှတ်ခြင်း မရှိခဲ့ချေ။ သာမန်ပါရမီသာ ရှိသော လူများကို ချန်ရွှင် နှင့် နွားနက်ကြီးတို့ များစွာ တွေ့မြင်ခဲ့ဖူးသည်။ ကံတရားကို မည်သူက အရှုံးပေးလိုပါမည်နည်း။ ယခင်က အကိုကြီးဖက်တီးပင် သဘောပေါက် နားလည်သွားပြီ ဆိုသော်လည်း လူ့လောကတွင် ပျော်ပါးရန်အတွက်သာ ဖြစ်ခဲ့သည်။ လဲ့ဖုန်း သည် ကျင့်ကြံခြင်း ပါရမီ သာမန်သာရှိသော လူတစ်ယောက် ဖြစ်သည်။ သူသည် ဂိုဏ်းအတွင်း၌ ပြောပလောက်ခြင်းမရှိသော တာဝန်များကိုသာ ထမ်းဆောင်ခဲ့သည်။ ပင်ပန်းသော်လည်း အကျိုးမရှိသော အလုပ်များကို လုပ်ကိုင်ခဲ့ရပြီး တစ်ခါတစ်ရံတွင် တပည့်များ၏ ကွယ်ရာ၌ ဆဲဆိုလှောင်ပြောင်ခြင်းကိုပင် ခံခဲ့ရ၏။
သို့သော် လဲ့ဖုန်းသည် ချန်ရွှင်နှင့် နွားနက်ကြီးတို့၏ ရှည်လျားလှသော သက်တမ်းတစ်လျှောက်တွင် အမှတ်ရစရာ လူတစ်ယောက် ဖြစ်လာခဲ့လေသည်။ သူတို့သည် ဝမ်းမနည်းကြသလို ပူဆွေးခြင်းလည်း မရှိကြပေ။ ကောင်းကင်မှ ကြွေကျလာသော ကြယ်တစ်ခုကို တိတ်ဆိတ်စွာ ငေးမောကြည့်ရှုနေသကဲ့သို့ပင် ဖြစ်သည်။ စည်ကားသိုက်မြိုက်ခြင်းမှသည် ပျက်စီးခြင်းသို့၊ ထိုမှတစ်ဆင့် ပျောက်ကွယ်သွားခြင်းအထိ...
ချန်ရွှင်၏ နှုတ်ခမ်းထောင့်စွန်းများတွင် အပြုံးတစ်ခု ဖြစ်ပေါ်နေပြီး မျက်ဝန်းထဲတွင် တစ်စုံတစ်ရာကို နားလည်သဘောပေါက်သွားသလို အရိပ်အယောင်များ ဖြစ်ပေါ်လာ၏။ သေဆုံးကွဲကွာခြင်းသည် နာကျင်မှု၊ ဝမ်းနည်းမှုနှင့် နောင်တများသာ ရှိသည် မဟုတ်ပါပေ။ တမင်တကာ ရှောင်လွှဲနေစရာလည်း မလိုဘဲ သဘာဝအတိုင်းသာ ဖြတ်သန်းသွားရမည် ဖြစ်သည်။
"နွားကြီး... သွားကြစို့… လိုက်ပါပို့ဆောင်သူတွေ ဒီလောက်များတာ မြင်ရတော့ ငါ စိတ်ချသွားပါပြီ… အစ်ကိုကြီးလဲ့ဖုန်းလည်း ဝမ်းသာနေမှာပါ... သူလုပ်ခဲ့တာတွေက အဓိပ္ပာယ် ရှိပါတယ်…”
"မွန်း... မွန်း..."
သူတို့သည် မျက်ဝန်းထဲတွင် အပြုံးများဖြင့် အကျိုးပြု ခန်းမဆောင်ဆီသို့ ဦးတည်ထွက်ခွာ သွားကြလေသည်။ ခွဲခွာခြင်းအတွက် နာကျင်မှုများနှင့် ကြွေလွင့်ပျောက်ကွယ်လွယ်သော အရာများကို ဆောင်းမိုးဖွဲလေးများကြားတွင် ထားရစ်ခဲ့ကြသည်။ လူရိပ်နှစ်ခုသည် မှုန်ဝါးနေသော မိုးရေစက်များကြားတွင် တဖြည်းဖြည်း ပျောက်ကွယ်သွားကြလေတော့သည်။ အဝေးမှ လူများမှာ ထိုနေရာသို့ လူတစ်ယောက်နှင့် နွားတစ်ကောင် ရောက်ရှိခဲ့သည်ကို သတိထားလိုက်မိခြင်း မရှိပေ။ သူတို့သည် လဲ့ဖုန်း ကဲ့သို့ပင် တိတ်တဆိတ်ရောက်လာကာ တိတ်တဆိတ်ထွက်ခွာသွားခဲ့ကြသည်။
သို့သော် ဝိညာဉ်သစ်ပင်တစ်ပင်၏ ဘေးနားမှ ဖြတ်သန်းသွားသောအခါ သူတို့၏ ခြေလှမ်းများ ရပ်တန့်သွား၏။ ခန္ဓာကိုယ်မှ အရှိန်အဝါများသည် ရုတ်တရက် စူးရှစွာထွက်ပေါ်လာပြီး ချန်ရွှင် ၏ ခါးကြားမှ တောင်ဖြိုပုဆိန်သည် တုန်ခါနေကာ နွားနက်ကြီး၏ ဦးချိုများသည်လည်း တဆတ်ဆတ်တုန်နေကြသည်။ သူတို့၏ အကြည့်များသည် ထိုသစ်ပင်ကြီးအပေါ်တွင် စူးစိုက်ကျရောက်နေပြီး ရုတ်တရက် ကျယ်လောင်စွာ အော်ဟစ်လိုက်ကြလေသည်။
"ကြိုးကြာဖြူပင်... နွားကြီး... ဘာစောင့်နေတာလဲ... လှုပ်ရှားလိုက်ကြစို့…"
"မွန်း..."
“ဝုန်း... ဝုန်း...”
ဖုန်လုံးကြီးများ တလိမ့်လိမ့် ထလာပြီးနောက် လူရိပ်နှစ်ခုသည် တဖြည်းဖြည်း ထွက်ခွာသွားကြသည်။ လဲကျနေသော ကြိုးကြာဖြူပင်ကြီး အပေါ်သို့ မိုးရေစက်များ ကျဆင်းနေသံများသာ ကျန်ရစ်ခဲ့တော့သည်။
အကျိုးပြု ခန်းမဆောင် အတွင်း၌ အကြီးအကဲအချို့သည် ခေါင်းကိုက်နေကြသည်။ ဤ ဂျူနီယာညီလေးသည် နွားနက်ကြီးကို ဆွဲလျက် နောက်တစ်ကြိမ် ရောက်ရှိလာပြန်သည်။ ဤအနှစ် (၃၀) အတွင်း မိတ္တူကူးထားသော စာအုပ်များသာ မရှိပါက ဂိုဏ်းအတွင်းရှိ အဆင့်နိမ့် ဂါထာမန္တန် စာအုပ်များအားလုံးသည် ဤလူကြောင့် ပြောင်သလင်းခါသွားလောက်ပေပြီ။ အဓိကအချက်မှာ ဤဂျူနီယာညီလေးသည် အလွန်တက်ကြွနေခြင်း ဖြစ်၏။ သူ့ကို မည်သို့မျှ တားဆီး၍ မရပေ။ ဤအဆင့်နိမ့် ဂါထာမန္တန်များသည် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများအတွက် မည်သည့်အသုံးဝင်မှု ရှိပါမည်နည်း။
သို့သော် ယနေ့တွင် ချန်ရွှင်သည် အဆင့်နိမ့် ဂါထာမန္တန်များကို ထပ်မံ လဲလှယ်ခြင်း မပြုတော့ဘဲ ချီသန့်စင်ခြင်းအဆင့် ဆေးဖော်နည်းအချို့ကို လဲလှယ်လိုက်သဖြင့် အကြီးအကဲအများစုမှာ စိတ်သက်သာရာ ရသွားကြသည်။ ဤ ဂျူနီယာညီလေး၏ ဝါသနာ ပြောင်းသွားပြီ ဖြစ်ပုံရ၏။ သူတို့ စုံစမ်းထားသည်လားက် ဤ ဂျူနီယာညီလေးသည် ရေပူစမ်းဆေးဥယျဉ်ကို စီမံခန့်ခွဲနေသူ ဖြစ်သဖြင့် အကျင့်စရိုက် အနည်းငယ် ထူးဆန်းနေခြင်းကို သူတို့ နားလည်ပေးနိုင်ကြသည်။ သို့သော် ချန်ရွှင်၏ ရည်ရွယ်ချက် အစစ်အမှန်မှာ ထိုဆေးဖော်နည်းများကို လေ့လာရန် မဟုတ်ဘဲ မူလသုံးပါးဆေး ဖော်စပ်နည်းကို လဲလှယ်လိုခြင်း ဖြစ်ပေသည်။
မူလသုံးပါးဆေး သည် အခြေခံတည်ဆောက်ခြင်း အလယ်အလတ်အဆင့် ကျင့်ကြံသူများ၏ ကျင့်ကြံမှုကို များစွာ အထောက်အကူ ပြုသော်လည်း ဘေးထွက်ဆိုးကျိုး များသဖြင့် အများအပြား သောက်သုံးရန် မသင့်တော်ပေ။ ဤအချက်ကို သူသည် ဆေးဋ္ဌာနတွင် ကူညီလုပ်ကိုင်ပေးစဉ်က ကြားသိခဲ့ရခြင်း ဖြစ်သည်။ သို့သော် ထိုဆေးဖော်နည်းသည် အလွန် ဈေးကြီးပြီး အကျိုးပြုအမှတ် တစ်သောင်း ပေးရ၏။ သူတို့သည် အခြားသူများ သံသယမဝင်စေရန်နှင့် မလိုအပ်သော ပြဿနာများ မဖြစ်ပွားစေရန်အတွက် အလျင်လိုခြင်း မရှိပေ။ ဘေးထွက်ဆိုးကျိုးနှင့် ပတ်သက်၍မူ ချန်ရွှင် လေ့လာကြည့်ရာ သူဖော်စပ်သော ဆေးများတွင် ထိုပြဿနာ မရှိသည်ကို တွေ့ရသည်။
သူတို့သည် ရေပူစမ်းဆေးဥယျဉ်အတွင်းရှိ ဝိညာဉ်ဆေးပင်တိုင်း၏ မျိုးစေ့များကို ပျိုးထောင်ထားပြီး သက်တမ်းတူညီသော ဆေးပင်များကို ပြန်လည် စိုက်ပျိုးထားလိုက်ကြသည်။ မဟာအစီအရင်သည် မည်သည့် တုန့်ပြန်မှုမျှ မရှိပေ။ သူတို့ အကြိမ်ကြိမ် စမ်းသပ်ထားပြီး ဖြစ်၏။ ဤဆေးပင်များ အနက် အများစုကို အာနိသင် မသိရှိကြဘဲ မှတ်မိရုံသာ မှတ်မိကြသည်။ သို့သော် ချီသန့်စင်ခြင်းအဆင့် ဆေးဖော်နည်းများထဲတွင် ဤဆေးပင်များ လုံးဝ မပါဝင်ကြောင်း သေချာသဖြင့် ကြိုတင် ပြင်ဆင်ထားခြင်း ဖြစ်ပေသည်။ ရေပူစမ်းဆေးဥယျဉ်သို့ ပြန်ရောက်သောအခါ ချန်ရွှင်သည် ဝတ်စုံကို လဲလှယ်ဝတ်ဆင်လိုက်ပြီး နှဲကို ကိုင်လိုက်၏။ နွားနက်ကြီး၏ ကိုယ်ပေါ်တွင်လည်း ခေါင်းလောင်းများ ချိတ်ဆွဲထားသည်။ သူတို့သည် ခေါင်းတလားကို ထမ်းလိုက်ကြလေသည်။
"နွားကြီး... ဘဝမှာ အခမ်းအနားဆိုတာ မရှိမဖြစ် လိုအပ်တယ်ကွ... ငါတို့ တောင်ပေါ်ရွာလေးရဲ့ အမြင့်ဆုံး ဂုဏ်ပြုမှုနဲ့ အစ်ကိုကြီးလဲ့ဖုန်းကို ကောင်းကင်ကို ပို့ဆောင်ပေးလိုက်ကြစို့…"
"မွန်း... မွန်း..."
စကားဆုံးသည်နှင့် ဆွေးမြေ့ဖွယ်ရာ နှဲသံ ထွက်ပေါ်လာပြီး နွားနက်ကြီးသည် ခေါင်းလောင်းများကို ပြင်းထန်စွာ လှုပ်ခါလိုက်၏။ သူတို့သည် အခမ်းအနားကို စတင် ကျင်းပကြလေသည်။ မျက်နှာများမှာ လေးနက်တည်ကြည်နေကြပြီး ဤကဲ့သို့သော ကိစ္စမျိုးကို ပေါ့ပေါ့တန်တန် သဘောမထားကြပေ။
လူတစ်ယောက်နှင့် နွားတစ်ကောင်သည် နေ့ဝက်ခန့် အလုပ်ရှုပ်နေကြသည်။ မိတ်ဆွေဟောင်း ကွယ်လွန်သွားခဲ့ပြီ ဖြစ်ရာ ဖြစ်ပြီးခဲ့သမျှ ကိစ္စများသည် ပြီးဆုံးသွားခဲ့ပြီ ဖြစ်ပေသည်။ အရင်ဆုံး စားသောက်ပွဲ ကျင်းပရပေမည်။ ချန်ရွှင်သည် တောင်ဖြိုပုဆိန်ကို ကိုင်ဆောင်လျက် နွားနက်ကြီးကို ခေါ်ဆောင်ကာ တောလိုက်ထွက်လေသည်။ ရေပူစမ်းဆေးဥယျဉ်အတွင်းရှိ သူတို့မွေးထားသော အကောင်လေးများမှာ ထိုမြင်ကွင်းကို ကြည့်ပြီး သက်ပြင်းချလိုက်ကြ၏။ တောင်တန်းများကြားတွင် ဝုန်းဒိုင်းကြဲ အသံများ ထွက်ပေါ်လာသည်။ ဓားပျံစီးကာ ဖြတ်သန်းသွားသော တပည့်များ မျက်ခုံးလှုပ်ကုန်ကြပြီး အလျင်အမြန် လမ်းဖယ်ပေးလိုက်ကြ၏။ ဂိုဏ်းတူဦးလေး သစ်ခုတ်နေသည်ကို သွားရောက် မတိုက်ခိုက်မိစေရန် ရှောင်ရှားကြရလေသည်။
တောနက်ထဲတွင် လဲကျနေသော သစ်ပင်ကြီးများ နေရာအနှံ့ ရှိနေသည်။ ချန်ရွှင်သည် ကြိုးကြာဖြူပင်ကို ကြည့်ကာ အေးစက်စွာ ပြုံးလိုက်ပြီး ရုတ်တရက် လှည့်မေးလိုက်၏။
"နွားကြီး... မင်းဆီမှာ အကျိုးပြုမှတ်တမ်း စာအုပ် ရှိသေးလား…"
"မွန်း... မွန်း..."
နွားနက်ကြီးသည် ချန်ရွှင် ၏ စကားကို ကြားသောအခါ လန့်ဖြန့်သွားသည်။ ခွာဖြင့် ဝိညာဉ်စွမ်းအား တစ်ခု ထုတ်လွှတ်လိုက်ရာ ချက်ချင်းပင် သူတို့ နှစ်ပေါင်းများစွာ ပြုလုပ်ထားသော အကျိုးပြုမှတ်တမ်း စာအုပ်ကလေး ထွက်ပေါ်လာ၏။ ချန်ရွှင်၏ အဆိုအရ နွားနက်ကြီးသည် အကျိုးပြုအမှတ်များကို အလွန်သုံးစွဲလွန်းသဖြင့် မှတ်တမ်းတင်ထားရမည် ဆိုလေသည်။
နွားနက်ကြီးသည် မျက်လုံးများ ပြူးကျယ်လျက် အလွန် စိတ်လှုပ်ရှားနေ၏။ မှတ်တမ်း စာအုပ်ကို အဆက်မပြတ် လှန်လှောကြည့်ရှုနေပြီး ခေါင်းမှ ချွေးစေးများ ပြန်လာသည်။ ပြီးခဲ့သော အခေါက်က ရွှေအမြူတေအဆင့် ဂိုဏ်းတူဦးလေးအတွက် ဈာပနအခမ်းအနား ပြုလုပ်ပေးစဉ်က အကုန် သုံးစွဲလိုက်ပုံရ၏။
"မွန်း... မွန်း..."
နွားနက်ကြီးသည် တိုးညှင်းသော အသံများ ပြုလုပ်လျက် ချန်ရွှင်ကို မျှော်လင့်တကြီး ကြည့်ရှုနေသည်။
"ဟူး... ကြည့်ရတာ ကုန်သွားပြီနဲ့ တူတယ်…"
ချန်ရွှင်သည် သက်ပြင်းတစ်ချက် ချလိုက်ပြီး ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွား၏။
"နွားကြီး... ထားလိုက်တော့ အစ်ကိုကြီးလဲ့ဖုန်းရဲ့ ကိစ္စက နှောင့်နှေးလို့ မဖြစ်ဘူး…"
"မွန်း... မွန်း... မွန်း..."
"ရတာပေါ့ကွ... ဒါပေမဲ့ နောက်ကျရင် ပြန်ဆပ်ရမယ်..."
"မွန်း..."
နွားနက်ကြီးသည် ဝမ်းသာအားရ မတ်တပ်ထရပ်လိုက်သည်။
"မွန်း... မွန်း..."
"နွားကြီး... စင်ဆောက်ပြီး အခမ်းအနား စမယ်... အစ်ကိုကြီးလဲ့ဖုန်းက နောက်ဘဝကျရင် သေချာပေါက် ကောင်းကင် ဝိညာဉ်အမြစ် ပိုင်ရှင် ဖြစ်လာပြီး တစ်ရက်တည်းနဲ့ အခြေခံတည်ဆောက်ခြင်းအဆင့် ရောက်မယ်... တစ်လတည်းနဲ့ ရွှေအမြူတေအဆင့် ရောက်ပြီး လောကမှာ ပြိုင်ဘက်ကင်း ဖြစ်လာလိမ့်မယ်…"
ချန်ရွှင်သည် မြေကြီးပေါ်တွင် တင်ပျဉ်ခွေ ထိုင်လိုက်၏။ မျက်လုံးများကို အနည်းငယ် မှေးမှိတ်ထားပြီး ပါးစပ်မှ ဂါထာမန္တန်များ ရွတ်ဖတ်နေသည်။ ဝိညာဉ်စွမ်းအားများ တိတ်တဆိတ် ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်တွင် မြူခိုးများဖုံးလွှမ်းလာသည်။
"မွန်း..."
နွားနက်ကြီးသည် နှာမှုတ်သံ ပြင်းပြင်းတစ်ချက် ပြုလိုက်ပြီး သိုလှောင်အိတ်ထဲမှ အမွှေးတိုင်အိုး၊ ပန်းပွင့်များနှင့် အဆောင်လက်ဖွဲ့ အချို့ကို ထုတ်ယူလိုက်၏။ သူသည် ချန်ရွှင်၏ ဘေးပတ်လည်တွင် တ မွန်း မွန်း အော်မြည်ကာ ပြေးလွှားနေပြီး အခမ်းအနားကို ပိုမို ခန့်ညားထည်ဝါအောင် ဖန်တီးပေးနေလေသည်။
နောက်ဆုံးတွင် သူတို့သည် တောထဲ၌ နေ့ဝက်ခန့် နေထိုင်ခဲ့ကြလေသည်။ ချန်ရွှင်သည် သစ်တုံးများကို ထမ်းလျက်၊ နွားနက်ကြီးသည် တောကောင်များကို ထမ်းလျက် ကျေနပ်ပီတိဖြစ်သော မျက်လုံးများဖြင့် ရေပူစမ်းဆေးဥယျဉ်သို့ ပြန်လာခဲ့ကြသည်။ ရေပူစမ်းဆေးဥယျဉ် အပြင်ဘက်တွင် စောင့်ကြပ်နေသော ဂိုဏ်းသားနှစ်ဦးမှာ သူတို့ကို ကြည့်ပြီး နားမလည်နိုင် ဖြစ်နေကြ၏။ ဤ ဂျူနီယာညီလေး ချန်ရွှင်သည် ကျင့်ကြံသူ၏ ဟန်ပန်မျိုး လုံးဝ မရှိဘဲ သာမန်လူတစ်ယောက်နှင့်သာ တူနေပေသည်။ ထို့အပြင် သူ၏ နွားနက်ကြီးမှာလည်း အလွန် ထူးဆန်းနေပြီး အခြေခံတည်ဆောက်ခြင်းအဆင့် ဝိညာဉ်သားရဲ ပုံစံ လုံးဝ မပေါက်ဘဲ တောထဲမှ နွားအိုကြီး တစ်ကောင်နှင့်သာ တူနေလေတော့သည်။
အခန်း (၈၂)
တစ်နေဝင် တစ်နေထွက်နှင့် နေ့ရက်များသည် တဖြည်းဖြည်းချင်း ကုန်ဆုံးသွားခဲ့ရာ ချန်ရွှင်နှင့် နွားနက်ကြီးတို့၏ ဘဝသည်လည်း ပိုမို၍ ပျော်စရာ ကောင်းလာခဲ့လေသည်။ တစ်ခါတစ်ရံတွင် ဆေးဥယျာဉ် အပြင်ဘက်၌ စောင့်ကြပ်နေကြသော ဂိုဏ်းတူအစ်ကို နှစ်ဦးမှာ သူတို့အား တိတ်တဆိတ် အားကျမိနေကြ၏။ ထိုလူနှင့် နွားသည် နေထိုင်မှုဘဝ၏ အနှစ်သာရကို အလွန်နားလည်ကြပြီး ကျင့်ကြံခြင်း အဆင့်အတန်း မြင့်မားရေးအပေါ်တွင်မူ လုံးဝ စိတ်ဝင်စားမှု မရှိတော့သကဲ့သို့ ဖြစ်နေကြသည်။ သူတို့ကို အမြဲတမ်း မြင်တွေ့ရသည်က ကြီးမားလှသော အရာဝတ္ထုကြီး တစ်ခုကို သယ်ဆောင်လျက် ဓားပျံစီးကာ ပြေးထွက်သွားလိုက်၊ မကြာမီ ကောင်းကင်၌ ပျော်ရွှင်စွာ အော်ဟစ်သံများ ထွက်ပေါ်လာလိုက်ဖြင့် အမဲလိုက်ခြင်းနှင့် သစ်ခုတ်ခြင်း စသည်တို့ကို စုံလင်အောင် ပြုလုပ်နေကြလေသည်။
အထူးဆန်းဆုံး အချက်မှာ အရောင်အသွေး စုံလင်လှသော ကျောက်တုံးကြီးများကို မကြာခဏ ပွေ့ပိုက်ကာ ပြန်လာတတ်ကြခြင်းပင် ဖြစ်သည်။ ထိုလူနှင့် ဝိညာဉ်သားရဲတို့သည် ဝမ်းသာအားရ ဖြစ်နေကြပြီး ပါးစပ်မှ မည်သည့်အရာများ ပြောဆိုနေကြမှန်းပင် အခြားသူများ မခန့်မှန်းနိုင်ကြပေ။ ကျင့်ကြံခြင်းလောက၌ အဆင့်အတန်းနှင့် အာဏာကို မက်မောတွယ်တာမှု မရှိတော့ပါက စိတ်ညစ်ငြူးစရာများလည်း ရှိတော့မည် မဟုတ်ဟု ထိုသူတို့က ထင်မြင်မိကြလေသည်။ အချိန်ကာလများ ကုန်ဆုံးသွားခဲ့ပြီး နှစ်ကာလများသည် အနည်ထိုင် ကျန်ရစ်ခဲ့သည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် လဲ့ဖုန်း ကွယ်လွန်သွားခဲ့သည်မှာ နှစ်ပေါင်း (၂၀) တိုင်တိုင် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ချန်ရွှင် နှင့် နွားနက်ကြီးတို့သည် နှစ်စဉ်နှစ်တိုင်း သွားရောက် ဂါရဝပြုလေ့ ရှိကြသည်။ ဂိုဏ်းသည် ထိုကဲ့သို့သော တပည့်များအတွက် ထာဝရ နားခိုရာ နေရာတစ်ခုကို ပြင်ဆင်ပေးထားခဲ့သည်။
ထိုနေရာကား တောင်တစ်လုံး ဖြစ်ပြီး ခေတ်အဆက်ဆက်မှ တပည့်များ၏ အုတ်ဂူများ တည်ရှိရာ ရှန်းယင် တောင်ပင် ဖြစ်သည်။ သူတို့သည် ဤနှစ်များအတွင်း ရရှိခဲ့သော သက်တမ်းအမှတ်များကို ခံစစ်စွမ်းရည်နှင့် မူလစွမ်းအင်တို့တွင်သာ ခွဲဝေပေါင်းထည့်ခဲ့ကြရာ နေ့ရက်များသည် ပိုမို၍ ငြိမ်းချမ်းသာယာလာခဲ့သည်။ သူတို့သည် မည်သည့်အရာကိုမျှ အခြားသူများနှင့် ယှဉ်ပြိုင်လုယူခြင်း မရှိကြသလို၊ မည်သူတစ်ဦးတစ်ယောက်ကိုမျှလည်း ရန်စခြင်း မပြုကြပေ။ လူမှုဆက်ဆံရေးမှာလည်း အလွန်ပင် ကောင်းမွန်လှသဖြင့် သူတို့ကို ပြဿနာ ရှာချင်သူများပင်လျှင် လက်တွန့်သွားကြရလေသည်။ လက်ရှိတွင် သူတို့၏ စွမ်းရည်အမှတ်များမှာ - ခွန်အား ၂၁၊ အမြန်နှုန်း ၂၁၊ မူလစွမ်းအင် ၂၂၊ ဝိညာဉ်စွမ်းအား ၅၁ နှင့် ခံစစ်စွမ်းရည် ၅၀ တို့ ဖြစ်ကြသည်။
ချင်တိုင်းပြည်နှင့် ဝူတိုင်းပြည်တို့၏ ကျင့်ကြံခြင်းလောက အကြားရှိ ပဋိပက္ခများသည် ရုတ်တရက် ငြိမ်သက်သွားသော်လည်း၊ ကြီးမားလှသော အဖြစ်အပျက်တစ်ခုအတွက် ပြင်ဆင်နေကြခြင်း ဖြစ်သည်ဟု သတင်းများ ကြားသိရသည်။ သို့သော် နှစ်ဖက်စလုံးမှာ အလွန်ပင် တင်းမာနေကြပြီး မည်သူကမျှ အလျှော့ပေးမည့် အမူအရာ မရှိကြပေ။ နိုင်ငံနှစ်ခု၏ နယ်စပ်ဒေသများတွင် အစီအရင်များကို စတင် ခင်းကျင်းနေကြပြီ ဖြစ်သည်။ နန်ဒုတောင် လျှို့ဝှက်နယ်မြေကိုလည်း တရားဝင် ပိတ်သိမ်းလိုက်ပြီ ဖြစ်ကြောင်း ကြေညာလိုက်ကာ၊ နောက်ထပ် နှစ်ပေါင်း (၅၀၀) ကြာမှသာ ပြန်လည် ဖွင့်လှစ်တော့မည် ဖြစ်သည်။ ယင်းမှာ ဝိညာဉ်ဆေးပင်များ မျိုးမသုဉ်းစေရန်အတွက် ဖြစ်ပြီး၊ ဤစည်းကမ်းကို စောစီးစွာကတည်းက သတ်မှတ်ထားခြင်း ဖြစ်သဖြင့် လူတိုင်းက နားလည်လက်ခံကြလေသည်။
သို့သော် ဤသတင်း ထွက်ပေါ်လာသည်နှင့်တပြိုင်နက် ဂိုဏ်းအသီးသီးမှ ညည်းတွားသံများ ထွက်ပေါ်လာပြီး တိုက်ခိုက်လိုစိတ်များ ပိုမိုပြင်းထန်လာကြသည်။ ကျင့်ကြံခြင်း ရင်းမြစ်များ မရှိတော့လျှင် မည်သို့ လုပ်ဆောင်ကြမည်နည်း။ ဝူတိုင်းပြည်နှင့် စစ်တိုက်ရန်သာ လမ်းစ ရှိတော့သည်။ အချို့သော ဂိုဏ်းငယ်များသည် ထိပ်သီးဂိုဏ်းကြီးများထက်ပင် တိုက်ခိုက်လိုစိတ် ပိုမို ပြင်းထန်နေကြလေသည်။ ဤသည်မှာ ကြီးပွားချမ်းသာရန်အတွက် ရရှိလာသော အခွင့်ကောင်း ဖြစ်သည်ဟု သူတို့က ယူဆထားကြ၏။ ကျင့်ကြံခြင်းလောက သမိုင်းကြောင်းကို ပြန်လည်သုံးသပ်ကြည့်လျှင် ဂိုဏ်းတိုင်း၏ ကြီးပွားတိုးတက်မှုနှင့် အဆင့်မြင့်ကျင့်ကြံသူတိုင်း၏ အောင်မြင်မှုတို့သည် ရင်းမြစ်များကို လုယူခြင်းနှင့် ကင်းကွာ၍ မရနိုင်ကြောင်း တွေ့ရှိရပေလိမ့်မည်။
ကျင့်ကြံခြင်း ပါရမီ မည်မျှပင် ကောင်းမွန်နေပါစေ၊ လူသားဖြစ်နေသရွေ့ ဤမြှူဆွယ်မှုကို တွန်းလှန်နိုင်စွမ်း ရှိမည် မဟုတ်ပေ။ ကန့်သတ်ထားသော သက်တမ်းအတွင်း မည်သူက ပိုမို မြန်ဆန်စွာ အဆင့်တက်လှမ်းလိုစိတ် မရှိဘဲ နေပါမည်နည်း။ ကျင့်ကြံခြင်း လမ်းစဉ်ဆိုသည်မှာ အဆုံးသတ် ရှိသည် မဟုတ်ပေ။ ဤသတင်းများကို ချန်ရွှင် သည် ဂိုဏ်းအစည်းအဝေး ခန်းမဆောင်သို့ သွားရောက်စဉ် ကြားသိခဲ့ရခြင်း ဖြစ်သည်။ နိုင်ငံနှစ်ခု၏ ကျင့်ကြံခြင်းလောကသည် မလွဲမသွေ စစ်ပွဲ ဖြစ်ပွားလိမ့်မည်ဟု ဂိုဏ်းချုပ်က ပြောကြားခဲ့လေသည်။ ဤပဋိပက္ခသည် ယခုမှ အသစ်ဖြစ်ပေါ်လာခြင်း မဟုတ်ပေ။ ဂိုဏ်းချုပ်က ဂိုဏ်းအတွင်းရှိ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများကို ကြိုတင် ပြင်ဆင်ထားရန် အမိန့်ပေးထားခဲ့သည်။ အရာအားလုံးသည် ထိပ်သီး ဂိုဏ်းကြီး (၁၀) ဂိုဏ်း၏ အမိန့်အပေါ်တွင်သာ မူတည်နေ၏။ နိုင်ငံနှစ်ခု၏ ကျင့်ကြံခြင်းလောက စစ်ပွဲတွင် ဂိုဏ်းအသီးသီးသည် တာဝန်ယူကြရမည် ဖြစ်သည်။
သတင်းသည် အတည်ပြုလိုက်ပြီ ဖြစ်သဖြင့်၊ ဂိုဏ်းအသီးသီးသည် စတင် ပြင်ဆင်နေကြပြီ ဖြစ်သည်။ လူအင်အားရှိသူက လူအင်အား၊ ဝိညာဉ်ကျောက်တုံးရှိသူက ဝိညာဉ်ကျောက်တုံး ထုတ်ပေးကြရမည် ဖြစ်ရာ ချင်တိုင်းပြည် ကျင့်ကြံခြင်းလောက တစ်ခုလုံး တုန်လှုပ်ချောက်ခြား သွားကြလေသည်။ ထိုအချိန်တွင် ချန်ရွှင် သည် သစ်သားဖြင့် ပြုလုပ်ထားသော ရေခွက်ကြီးကို ပိုက်ထားသည်။ အတွင်းတွင် ရှားပါး ဆေးမြစ်များ စိမ်ထားပြီး ဝိညာဉ်ဆေးပင် နှစ်ပင်ကိုလည်း ကျန်းမာရေးအတွက် ထည့်သွင်းထားသည်။ မူလစွမ်းအင်ကို အသုံးပြုပြီးနောက် အနားယူလိုက်လျှင် ခန္ဓာကိုယ်အပေါ် ဘေးထွက်ဆိုးကျိုး မရှိသော်လည်း စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများမှာမူ ကြီးမားလှပေသည်။
အထူးသဖြင့် သူတို့သည် နေ့စဉ် ဝိညာဉ်ဆေးပင်များကို ပျိုးထောင်နေရသဖြင့် ကျန်းမာရေးကို အထူးဂရုစိုက်ရန် လိုအပ်နေသည်။ ထို့ကြောင့် နေရာတိုင်းသို့ ယူဆောင်သွားပြီး သောက်သုံး နေရခြင်း ဖြစ်သည်။ ချန်ရွှင် သည် ဆရာနင်ဆစ်ထံတွင် ဆေးပညာကို နှစ်ပေါင်းများစွာ သင်ယူခဲ့ဖူးသဖြင့် အလဟဿ မဖြစ်စေလိုပေ။ နွားနက်ကြီး၏ ခေါင်းပေါ်တွင်လည်း သစ်သားပုံးငယ်လေး တစ်လုံး ချိတ်ဆွဲပေးထားပြီး ပိုက်အရှည်ကြီး တစ်ချောင်း တပ်ဆင်ပေးထားကာ ရေငတ်လျှင် သောက်သုံးစေသည်။ နွားနက်ကြီးသည် ထိုအရာကြောင့် ရက်အနည်းငယ်ကြာအောင် ပျော်ရွှင်နေခဲ့ပြီး ၎င်း၏ကျင့်ကြံမှု အဆင့်ပင် တက်လာသလို ခံစားရကြောင်း မြေကြီးပေါ်တွင် စာရေး၍ ပြခဲ့လေသည်။
အမှန်တကယ်လည်း ထိရောက်မှု ရှိသည်ဟု ဆိုရပေမည်။ သောက်သုံးပြီးနောက် သူတို့၏ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများသည် တဖြည်းဖြည်း သက်သာလာကြရာ အလွန်ပင် အသုံးဝင်လှသည်။ ချန်ရွှင် သည် အစည်းအဝေးခန်းမ၏ အနောက်ဆုံးတွင် ထိုင်လျက် သေသေချာချာ နားထောင်နေပြီး ရံဖန်ရံခါ ကျန်းမာရေး ဆေးရည်ကို သောက်သုံးနေသည်။ စစ်ပြင်ဆင်ခြင်း သတင်းကို ကြားလိုက်ရသောအခါ သူ၏ ရေခွက်မှာ တုန်ခါသွားပြီး မျက်လုံးများထဲတွင် ထိတ်လန့်မှုများ ဖြတ်သန်းသွားသည်။ နွားနက်ကြီးလည်း သူ့ဘေးတွင် ထိုင်နေ၏။ ထို့နောက် သူတို့နှစ်ဦးသည် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ နိုင်ငံနှစ်ခု၏ ရင်းမြစ် လုယူပွဲကြီး စတင်တော့မည် ဖြစ်သည်။
အစည်းအဝေး ပြီးဆုံးပြီးနောက် ချန်ရွှင် နှင့် နွားနက်ကြီးတို့သည် ခြေလှမ်းသွက်သွက်ဖြင့် ထွက်ခွာလာကြသည်။ အရာအားလုံးကို စတင် ပြင်ဆင်ရတော့မည် ဖြစ်သည်။ ယှဉ်နိုင်လျှင် ယှဉ်မည်။ မယှဉ်နိုင်လျှင် ထွက်ပြေးရန် လမ်းကြောင်း ရှာဖွေထားရမည်။ သို့သော် ယခုအချိန်တွင် နိုင်ငံနှစ်ခုစလုံး ပြင်ဆင်နေဆဲ ကာလသာ ဖြစ်သည်။ ကျင့်ကြံခြင်းလောက စစ်ပွဲ ဆိုသည်မှာ တိုက်မည်ဟု အော်လိုက်ရုံနှင့် လူတိုင်း မျက်စိမှိတ် ဝင်တိုက်ကြသည်မျိုး မဟုတ်ပေ။ ဝူယွင်ဂိုဏ်း၊ ရေပူစမ်း ဆေးဥယျာဉ်သို့ ပြန်ရောက်သောအခါ ချန်ရွှင် သည် ချင်တိုင်းပြည် မြေပုံကို ထုတ်လိုက်သည်။ ဤမြေပုံသည် ရှီကျင်း က သူ့ကို လက်ဆောင်ပေးထားခြင်း ဖြစ်သည်။ သို့သော် သူသည် မြေပုံကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်မိသည်။
မြေပုံကြီး တစ်ချပ်ကို ဖြန့်ခင်းထားရာ အတော်လေး ကြီးမားလှသည်။ ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် ထောင့်တစ်ဖက်စီတွင် ရပ်လျက် မြေပုံ၏ နေရာအသီးသီးကို ကြည့်ရှုနေကြသည်။ ချင်တိုင်းပြည်၏ မြောက်ဘက်တွင် ဝူတိုင်းပြည် တည်ရှိသည်။ ချင်တိုင်းပြည်၏ တောင်ဘက်တွင်မူ အဆုံးအစမရှိသော တောင်တန်းကြီးများ တည်ရှိနေ၏။ မြေပုံပေါ်တွင် ဧရာမ သားရဲကြီးများ ကျက်စားလေ့ရှိကြောင်း မှတ်သားထားပြီး အခြားတစ်ဖက်တွင် မည်သည့်အရာ ရှိမှန်း မည်သူမျှ မသိရပေ။ ချင်တိုင်းပြည်၏ အရှေ့ဘက်တွင် တိုင်းပြည်ငယ်လေးများ ရှိပြီး ကန္တာရကြီးများလည်း ရှိသည်။ သို့သော် နိုင်ငံအင်အားသည် ချင်တိုင်းပြည်နှင့် ဝူတိုင်းပြည်တို့လောက် မကြီးမားလှပေ။
ချင်တိုင်းပြည်၏ အနောက်ဘက်တွင်မူ ပိုင်ရှင်မဲ့ နယ်မြေ ရှိသည်။ ကြီးမားကျယ်ပြန့်လှသော ကောင်းကင်လွင်ပြင်ကြီး တည်ရှိနေ၏။ ရှီကျင်း ပြောပြဖူးသည်မှာ အခြားတစ်ဖက်တွင် ဧရာမ နိုင်ငံကြီး တစ်ခု ရှိနိုင်ပြီး ချင်တိုင်းပြည်ထက် အဆပေါင်းများစွာ ပိုမို အင်အားကြီးမားသည်ဟု ဆိုသည်။
“နွားကြီး... မင်း ဘယ်လို မြင်လဲ…”
ချန်ရွှင် ရေရွတ်လိုက်ပြီး သူ့၏ မျက်လုံးများက အလွန်လေးနက်နေသည်။
“ဒီကမ္ဘာကြီးက တကယ် ကြီးမားတာပဲ”
“မွန်း...”
နွားနက်ကြီးက ပြန်လည်မေးမြန်းလိုက်သည်။ ဤမြေပုံကို ကြည့်တိုင်း ၎င်းသည် စိတ်လှုပ်ရှားသလိုလို ထိတ်လန့်သလိုလို ခံစားရသည်။ ဤနေရာများကို တစ်သက်လုံး လျှောက်သွားလျှင်ပင် ကုန်နိုင်မည် မဟုတ်ပေ။
“တကယ်လို့ ငါတို့ ဝင်ပါပြီး တောင့်မခံနိုင်ရင် သေချာပေါက် ဆုတ်လမ်း ပြင်ဆင်ထားရမယ် ကိုယ့်စွမ်းရည်ထက် ကျော်လွန်ပြီး ဘယ်တော့မှ မလုပ်ရဘူး နွားကြီး…”
ချန်ရွှင် ရုတ်တရက် အော်ဟစ်လိုက်ရာ မျက်လုံးထဲတွင် ထူးဆန်းသော စိတ်လှုပ်ရှားမှုများ ဖြစ်ပေါ်နေသည်။
“ငါတို့ ဘယ်ဘက်ကို ပြေးမလဲ ကြည့်ရအောင် မင်း တစ်နေရာ ရွေးလိုက် ငါတို့ အတူတူ ရှိနေသရွေ့ ဘယ်နေရာသွားသွား ဖြစ်တယ်… ကောင်းကင်အောက်က နေရာတိုင်းက ငါတို့ နေအိမ်ဖြစ်နိုင်တယ်…”
“မွန်း… မွန်း...”
နွားနက်ကြီးသည် ရုတ်တရက် စိတ်လှုပ်ရှားစွာ ပြေးလာပြီး ခေါင်းကို ချန်ရွှင် ကိုယ်ပေါ် တင်ကာ အဆက်မပြတ် ပွတ်သီးပွတ်သပ် လုပ်နေလေသည်။
“ဟားဟား... နွားကြီး... မြန်မြန် ရွေးလိုက်စမ်း…”
ချန်ရွှင်သည် လက်နှစ်ဖက်ဖြင့် နွားနက်ကြီးကို တင်းကျပ်စွာ ဖက်ထားလိုက်ပြီး မျက်လုံးများမှာ အရောင်တောက်နေသည်။ သူတို့၏ နှလုံးခုန်သံများ မြန်ဆန်နေကြသည်။ မြေပုံကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေကြ၏။ ဤမျှ ကျယ်ပြောခမ်းနားလှသော ကမ္ဘာကြီးတွင် ထာဝရအသက်ရှင်ခြင်းသည် အလွန်ပင် ကောင်းမွန်ပြီး အဓိပ္ပာယ် ရှိလှသည်။ အထူးသဖြင့် ဘေးနားတွင် တစ်ယောက်ကိုတစ်ယောက် စောင့်ရှောက်ပေးမည့် မိတ်ဆွေ ရှိနေခြင်းကြောင့် ထိုခံစားချက်ကို သာမန်လူများ နားလည်နိုင်မည် မဟုတ်ပေ။
“မွန်း”
နွားနက်ကြီးသည် ရှေ့ခြေထောက် ဆန့်ထုတ်လိုက်ပြီး အနောက်ဘက်ကို ညွှန်ပြလိုက်သည်။ ပြီးနောက် ချန်ရွှင်ကို လှမ်းကြည့်လိုက်လေသည်။
၎င်းသည် စိတ်ထဲတွင် တွေးနေသည်။ မြောက်ဘက်ကို သွား၍ မဖြစ်ပေ။ တောင်ဘက်တွင်လည်း ဧရာမ သားရဲကောင်များ ရှိသဖြင့် အန္တရာယ် များလှသည်။ အရှေ့ဘက်မှာမူ တိုင်းပြည်များ များလွန်းလှသည်။ ချန်ရွှင် ၎င်းကို ပြောပြဖူးသည်။ ထိုနေရာတွင် စစ်ပွဲများ မကြာခဏ ဖြစ်ပွားပြီး တိုက်ခိုက်မှုများ မရပ်မနား ရှိနေတတ်သည်။ အနောက်ဘက်သာ ကျန်တော့သည်။ အကယ်၍ လွင်ပြင်ကျယ်ကြီး၏ အဆုံး၌ ဧရာမ နိုင်ငံကြီး တကယ် ရှိနေခဲ့လျှင် လုံခြုံရေး အလွန် ကောင်းမွန်မည် ဖြစ်ပြီး လူတိုင်းက စဉ်းစားဉာဏ်မြင့်မားကြပေလိမ့်မည်။
“ကောင်းပြီ နွားကြီး... တကယ်လို့ ပြဿနာ ဖြစ်လာရင် ငါတို့ အနောက်ဘက်ကို ပြေးကြမယ် ဘယ်သူမှ တားလို့ မရစေရဘူး... လိုက်တဲ့ကောင် အသေပဲ... ဟားဟား…”
“မွန်း မွန်း…”
နွားနက်ကြီးသည် ဒေါသတကြီး အော်ဟစ်လိုက်ပြီး ချက်ချင်း ပြေးထွက်သွားသည်။ ပစ္စည်းများ စတင် သိမ်းဆည်းတော့မည် ဖြစ်ကာ ချန်ရွှင် အမိန့်ပေးသည်နှင့် တန်းပြေးမည် ဖြစ်သည်။ ချန်ရွှင် အော်ဟစ်လိုက်သည်။
“နွားကြီး... မင်း ဘာလုပ်တာလဲ…”
“မွန်း…”
“အခု ပြေးမှာမှ မဟုတ်တာ နိုင်ငံနှစ်ခုရဲ့ ကျင့်ကြံခြင်းလောက စစ်ပွဲက မစသေးဘူးလေ မင်း ဘာကြောက်နေတာလဲ မနိုင်မှ ပြေးမယ် အခု ငါတို့လည်း ပါဝင်တိုက်ခိုက်ရဦးမှာ…”
“မွန်း…”
နွားနက်ကြီး ရယ်မောလိုက်သည်။ ၎င်းသည် အနည်းငယ် စိတ်လှုပ်ရှားလွန်သွားခဲ့ခြင်း ဖြစ်သဖြင့် ခြေလှမ်းများကို ရပ်တန့်လိုက်သည်။ ချန်ရွှင် သည် ပြုံးလျက် ခေါင်းခါလိုက်ပြီး မြေပုံကို ဆက်လက် ကြည့်ရှုနေသည်။ ထိုနေရာတွင် လွင်ပြင် အများအပြား ရှိနေပြီး ကြည့်ရသည်မှာ ဂိုဏ်းကြီးများ တည်ရှိရာ နေရာများ ဖြစ်လောက်ပေသည်။
ဤနေရာများနှင့် ဝေးဝေးနေရမည် ဖြစ်သည်။ အန္တရာယ်ရှိသော အရာများနှင့် မထိတွေ့မိစေရန်နှင့် မလိုအပ်သော ပြဿနာများ မဖြစ်ပွားစေရန်အတွက် ဖြစ်၏။ ယခုအခါ ချင်တိုင်းပြည် ကိုးခရိုင်၏ မြေပုံကြမ်းသည် သူ့ခေါင်းထဲတွင် ရောက်ရှိနေပြီ ဖြစ်သည်။ အသေးစိတ် မပါသော်လည်း အရပ်မျက်နှာများကိုမူ ခွဲခြားနိုင်သည်။ ချန်ရွှင်သည် မြေပုံကို ဂရုတစိုက် သိမ်းဆည်းလိုက်သည်။ သူသည် သူတပါး ပေးထားသော လက်ဆောင်များကို အလွန် တန်ဖိုးထားသူ ဖြစ်သည်။ သစ်သားရုပ် တစ်ခု ဖြစ်လျှင်ပင် တစ်ဖက်သား၏ စေတနာကို ကိုယ်စားပြုနေသည် မဟုတ်ပါလော။