← Chapters

အခန်း (၈၃-၈၄)

Vol. 5 Ch. 83-84

အခန်း (၈၃-၈၄)

Vol. 5 Ch. 83-84

အခန်း (၈၃)

နှစ်ရက်ခန့် ကြာမြင့်ပြီးနောက်...

ညနေဆည်းဆာအချိန် ကုန်ဆုံး၍ ညချမ်းသို့ ရောက်ရှိလာပြီ ဖြစ်သည်။ လမင်းကြီးသည် ဖြည်းညှင်းစွာ ထွက်ပေါ်လာပြီး ကြယ်တာရာစုံလင်သော ညကောင်းကင်၌ ထိန်ထိန်သာနေလေသည်။ ဝူယွင်ဂိုဏ်း၏ တောင်ထိပ်များပေါ်တွင် လူရိပ်များဖြင့် ပြည့်နှက်နေ၏။ သူတို့အားလုံးသည် ကောင်းကင်ကို မော့ကြည့်နေကြပြီး မျက်ဝန်းများထဲတွင် တုန်လှုပ်အံ့သြမှုများ ပြည့်နှက်နေကြသည်။ တောင်တန်းကြီးများသည် ညအမှောင်ထုအောက်တွင် မည်းနက်နေပြီး ခမ်းနားထည်ဝါလှသည်။ တောင်တန်းများကြားတွင် ဝူယွင်ဂိုဏ်းမှ တပည့်အများအပြားသည် ဓားပျံများကို စီးနင်းလျက် လေထဲတွင် ရပ်တန့်နေကြကာ မျက်ဝန်းများထဲတွင် မယုံကြည်နိုင်မှုများ အထင်းသား ပေါ်လွင်နေကြလေသည်။

နေရာအနှံ့မှ ဆူညံသံများ ပျောက်ကွယ်သွားပြီး တိတ်ဆိတ်သော ညဉ့်နှင့် နူးညံ့သော လရောင်တို့ ပေါင်းစပ်သွားကာ သက်ရှိအားလုံး တိတ်ဆိတ်ငြိမ်သက်နေကြလေသည်။ ထိုစဉ် ကြယ်တံခွန်တစ်ခုသည် ည၏ တိတ်ဆိတ်ငြိမ်သက်မှုကို ဖြိုခွင်းလိုက်ပြီး ကောင်းကင်၌ လှပစွာ ဝေ့ဝိုက်ကာ ကြွေကျလာသည်။ သို့သော် ထိုအချိန်တွင် ပိုမိုများပြားသော ကြယ်တံခွန်များသည် နက်ပြာရောင် ကောင်းကင်ထက်၌ ထွက်ပေါ်လာကြလေသည်။ ကြယ်တံခွန် သန်းပေါင်းများစွာတို့သည် တောက်ပသော ဖဲကြိုးများသဖွယ် ရုတ်တရက် ကျဆင်းလာပြီး ကောင်းကင်တစ်ခုလုံးကို လင်းထိန်သွားစေသည်။ ခဏတာ ဖြတ်သန်းသွားခြင်း ဖြစ်သော်လည်း ကြယ်တံခွန်များမှာမူ ပိုမို များပြားလာလေသည်။ ညကောင်းကင်သည် လှပနေပြီး မိုးကုပ်စက်ဝိုင်းတွင် အက်ကွဲကြောင်းများ ဖြစ်ပေါ်နေသကဲ့သို့ပင် ထင်မှတ်ရသည်။

ရောင်စုံကြယ်တံခွန်များသည် ပိုမိုလျင်မြန်စွာ ဖြတ်သန်းသွားကြပြီး အရေအတွက်လည်း ပိုမို များပြားလာသည်။ မည်းမှောင်နေသော ညကောင်းကင်ကို ထိုးဖောက်သွားပြီး ကျောက်စိမ်းဝါးတောင်တန်း တစ်ခုလုံး လင်းထိန်သွားသကဲ့သို့ ဖြစ်နေသည်။ တောင်တန်းတစ်ခုလုံး၌ အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်သွားလေသည်။ မူလက ထူးဆန်းနေသော အခြေအနေသည် ရုတ်တရက် ရပ်တန့်သွားပြီး အသည်းထိတ်စရာကောင်းအောင် တိတ်ဆိတ်ငြိမ်သက်သွား၏။ တောင်တန်းများနှင့် မြေပြင်ပေါ်ရှိ နေရာအနှံ့မှ တပည့်များသည် မျက်နှာများ ဖြူရော်သွားကြပြီး ကောင်းကင်မှ ခမ်းနားကြီးကျယ်သော မြင်ကွင်းကို ကြောက်လန့်တကြား ကြည့်နေကြလေသည်။

“ဝုန်း...”

နောက်ဆုံးတွင် ကျယ်လောင်သော အသံကြီးတစ်ခု ထွက်ပေါ်လာသည်။

“ညဘက်မှာ ကြယ်တွေ မိုးရွာသလို ကြွေကျနေတာ... ဒါ ဒဏ္ဍာရီထဲက မြင်ကွင်း မဟုတ်ဘူးလား..”

“ကောင်းကင်က လာတဲ့ အရာတွေပဲ... ဒါ နိမိတ်ဆိုးပဲ…”

“သွားပြီ... ကျင့်ကြံခြင်းလောကမှာ ကိစ္စကြီး တစ်ခုခု ဖြစ်တော့မှာလား…”

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…”

ရုတ်တရက် ကျောက်စိမ်းဝါးတောင်တန်း တစ်ခုလုံး၏ တိတ်ဆိတ်မှုသည် နေရာအနှံ့မှ အော်ဟစ်သံများကြောင့် ပျက်စီးသွားသည်။ အသံများသည် ကောင်းကင်သို့ ထိုးတက်သွားပြီး တပည့်အများအပြားမှာ စိတ်လွတ်ကိုယ်လွတ် အော်ဟစ်နေကြလေသည်။ တောင်ထိပ်အသီးသီးပေါ်တွင် ရွှေအမြူတေအဆင့် ကျင့်ကြံသူများသည် လေပေါ်တွင် ရပ်တန့်နေကြသည်။ သူတို့သည် မျက်မှောင်ကြုတ်လျက် ရှိကြ၏။ သူတို့သည် အချင်းချင်း ကြည့်လိုက်ကြပြီး မျက်နှာများလေးနက်သွားကာ ကောင်းကင်ကို နောက်တစ်ကြိမ် ပြန်မော့ကြည့်လိုက်ကြသည်။ ကြယ်တံခွန်များသည် အဆက်မပြတ် လျင်မြန်စွာ ဖြတ်သန်းသွားကြသည်။ ၎င်းတို့သည် ခမ်းနားထည်ဝါမှုများကို အားကုန် ထုတ်လွှတ်နေပြီး ညကောင်းကင်တွင် တောက်ပမှုကို ဖန်တီးနေကြခြင်း ဖြစ်သည်။ ဤကြယ်တံခွန်များ မည်သည့်နေရာမှ လာပြီး မည်သည့်နေရာသို့ သွားမည်ကို မည်သူမျှ မသိရပေ။ အဆုံးအစမရှိဘဲ အလွန် လှပနေပေသည်။

သို့သော် နေရာတစ်ခု၏ အခြေအနေမှာမူ တောင်တန်းနေရာအနှံ့မှ တင်းမာသော အခြေအနေများနှင့် ဆန့်ကျင်ဘက် ဖြစ်နေပုံရသည်။ ထိုနေရာမှာ ရေပူစမ်းဆေးဥယျာဉ်ပင် ဖြစ်သည်။ လူငယ်လေးတစ်ယောက်သည် မြေကြီးပေါ်တွင် ရပ်လျက် စိတ်လှုပ်ရှားစွာ အော်ဟစ်နေပြီး ဘေးနားတွင် နွားနက်ကြီးတစ်ကောင်ကလည်း စိတ်လှုပ်ရှားစွာဖြင့် တမွန်းမွန်း အော်မြည်နေသည်။ အခြားသူများက နိမိတ်ဆိုးဟု ယူဆကြသော်လည်း ချန်ရွှင် နှင့် နွားနက်ကြီးတို့မှာမူ ဝမ်းသာအားရ ဖြစ်နေကြ၏။

“ဘုရားရေ... နွားကြီး...”

“မွန်း... မွန်း”

သူတို့သည် တစ်ယောက်ကိုတစ်ယောက် ဖက်ထားကြပြီး အလွန် စိတ်လှုပ်ရှားနေကြသည်။ ကောင်းကင်မှ မရေမတွက်နိုင်သော လှပသည့် ကြယ်တံခွန်များကို လက်ညှိုးထိုးပြနေကြသည်။ ဤသည်မှာ သူတို့ တစ်ခါမျှ မမြင်ဖူးသော ကမ္ဘာမြေ၏ အံ့ဖွယ်မြင်ကွင်းပင် ဖြစ်သည်။

“ဂျူနီယာညီလေး ချန်ရွှင်... မြန်မြန် ထွက်လာခဲ့…”

“ဂျူနီယာ မောင်လေါ် ချန်ရွှင်... ဒီလို ထူးဆန်းတဲ့ မြင်ကွင်းမျိုးကို အတူတူ ကြည့်ကြရအောင်…”

ချန်ရွှင်၏ ဆက်သွယ်ရေးအဆောင်သည် တုန်ခါနေသည်။ သူ လက်ကို ဝှေ့ယမ်းလိုက်ရာ စွမ်းအင်လှိုင်းတစ်ခု ပျံ့နှံ့သွားသည်။ အစီအရင် ပွင့်သွားပြီးနောက် လူရိပ်နှစ်ခု လျှောက်လှမ်းလာကြသည်။ ရှီကျင်း နှင့် လျိုယွမ်တို့ ဖြစ်ကြသည်။ သူတို့သည် ယခင်တုန်းကက ကတိကို မှတ်မိနေကြဆဲ ဖြစ်သည်။ အခွင့်အရေးရလျှင် အတူတူ ခရီးထွက်ကြမည်ဟု ဆိုခဲ့ဖူးသည်။ ရှီကျင်းသည် မျက်ခုံးများမှာ ဓားတစ်စင်းလို ဖြောင့်စင်းကာ မျက်လုံးများမှာ ကြယ်ရောင်ကဲ့သို့ တောက်ပနေသည်။ အရှိန်အဝါများကလည်း ပြင်းထန်လှ၏။ ခန္ဓာကိုယ်တစ်ခုလုံးတွင် သတ်ဖြတ်ခြင်းအရှိန်အဝါ အနည်းငယ် လွှမ်းခြုံနေသည်။ အခြေခံတည်ဆောက်ခြင်းအဆင့် ရောက်လျှင် ဂိုဏ်းသည် ဤ ဖန်လုံအိမ်အတွင်းက ပန်းပွင့်လေးများကို အပြင်လောကသို့ စေလွှတ်ပြီး အတွေ့အကြုံ ရှာခိုင်းလေ့ ရှိသည်။

လျိုယွမ်ကမူ ဆံပင်ရှည်များကို နောက်ကျောဘက်သို့ ပေါ့ပါးစွာ ချထားပြီး ငွေရောင် ဖဲကြိုးလေးဖြင့် ညင်သာစွာ စည်းနှောင်ထားသည်။ သူမသည်အလွန် ရင့်ကျက်လာလေသည်။

“ဟားဟား... စီနီယာအစ်ကို ရှီ... စီနီယာအစ်မ လျို... မြန်မြန်လာ... မြန်မြန်လာ…”

“မွန်း... မွန်း”

ချန်ရွှင်နှင့် နွားနက်ကြီးတို့ ဝမ်းသာအားရ ပြောလိုက်ကြသည်။ ထိုစဉ် တောကြက် တစ်ကောင်သည် တိတ်တဆိတ် ဖြတ်သန်းသွားသည်။ ၎င်းတို့သည် အစောပိုင်းက လေညှင်းခံ ထွက်နေကြခြင်း ဖြစ်သည်။ ချန်ရွှင် က ဘာမှမဖြစ်သကဲ့သို့ ၎င်း၏ ဘေးမှ ဖြတ်သွားလိုက်သည်။ သို့သော် ရုတ်တရက် လက်တစ်ဖက်က ၎င်းကို လှမ်းဖမ်းလိုက်၏။ ချန်ရွှင်သည် ရုတ်တရက် အော်ဟစ်လိုက်သည်။

“နွားကြီး... မီးမွှေး... မီးမွှေး... မြန်မြန်….”

“မွန်း”

“ကွိ...”

တောကြက်သည် မျက်လုံးများ ပြူးသွားသည်။ အပြင်းအထန် ရုန်းကန်သော်လည်း ပြုတ်တူကဲ့သို့သော လက်ကနေ လွတ်မြောက်ခြင်းမရှိပေ။ လူတစ်ယောက်နှင့် နွားတစ်ကောင်၏ ကျွမ်းကျင်မှုသည် ခဏလေးအတွင်းမှာပင် မွှေးကြိုင်သော ရနံ့များ ပျံ့လွင့်လာစေသည်။ ဂါထာမန္တန်များကိုပါ အသုံးပြုလိုက်သဖြင့် ရှီကျင်းနှင့် လျိုယွမ်တို့မှာ အလွန်အံ့အားသင့်ကုန်ကြသည်။

“သွားမယ်... သွားမယ်... ငါတို့ နေရာကောင်းကောင်း တစ်ခု ရှာကြမယ်... ပြီးရင် ဂျူနီယာညီလေး ဂျိခွန် ကို သွားခေါ်လိုက်ဦးမယ်…”

“ဂျိခွန်လား... နာမည်ကြီးနေတဲ့ အပြင်စည်း ဂိုဏ်းအလုပ်အကိုင်ဌာနက လူလား... ငါ နည်းနည်း ကြားဖူးသလိုပဲ…”

“ဟုတ်တယ်...ကျွန်တော် တို့နဲ့ သူနဲ့က ကြယ်ကိုးလုံးတောင်ကြားကနေ လာကြတာလေ... အဲဒီတုန်းက ကျွန်တော်တို့ လှေပျံတစ်စင်းတည်း အတူတူ စီးခဲ့ကြတာ…”

“မွန်း”

သူတို့အားလုံး ဓားပျံစီးပြီး ဆေးဥယျာဉ်ကို လျင်မြန်စွာ ဖြတ်သန်း ထွက်ခွာသွားကြသည်။ ဆေးဥယျာဉ် အပြင်ဘက်တွင် စောင့်ကြပ်နေသော ဂိုဏ်းတူအစ်ကို နှစ်ယောက်ပင် ကျင့်ကြံနေရာမှ ထွက်လာကြသည်။ အားလုံးက ကောင်းကင်ကို မော့ကြည့်နေကြပြီး မျက်လုံးထဲတွင် ထိတ်လန့်မှုများ ရှိနေသည်။ ဤမြင်ကွင်းက ကြာမြင့်လွန်းနေပြီဖြစ်ရာ နိမိတ်ကောင်း လုံးဝ မဟုတ်ပေ။ ဝူယွင်ဂိုဏ်းသာမက ထိပ်သီး ဂိုဏ်းကြီး (၁၀) ဂိုဏ်းနှင့် အခြား ကျင့်ကြံခြင်း ဂိုဏ်းများမှ တပည့်များ၊ တစ်ကိုယ်တော် ကျင့်ကြံသူများ အားလုံး ကြောက်ရွံ့နေကြလေသည်။

ကြယ်ကြွေခြင်းအကြောင်း ဒဏ္ဍာရီပုံပြင်များစွာ ရှိသော်လည်း ကောင်းသောအရာ လုံးဝ မဟုတ်ပေ။ ချင်တိုင်းပြည်၏ ဘုရင့်ဆွေမျိုးများမှအစ ပြည်သူအများအပြား အိမ်ထဲမှ ထွက်လာကြသည်။ သူတို့သည် အလွန် ကြောက်ရွံ့နေကြပြီး နိုင်ငံတစ်ဝှမ်းလုံးတွင် ဆွေးနွေးပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည်။ ဤမြင်ကွင်းသည် နှစ်ပေါင်းသောင်းချီမှ တစ်ကြိမ်သာ ကြုံရခဲလှသော မြင်ကွင်းဖြစ်ပြီး သမိုင်းတွင် မှတ်တမ်းတင်လောက်သည့် အရာဖြစ်သည်။ သည်ခေတ် သည်ကာလမှ လူအားလုံးသည် သမိုင်းကို မျက်ဝါးထင်ထင် တွေ့မြင်နေရခြင်း ဖြစ်၏။ ထိပ်သီး ဂိုဏ်းကြီး (၁၀) ဂိုဏ်းမှ ဘိုးဘေးများအားလုံးသည် တံခါးပိတ် ကျင့်ကြံရာမှ ထွက်လာကြပြီး လေပေါ်တွင် ရပ်နေကြသည်။ ဂိုဏ်းတိုင်း၏ ကောင်းကင်၌ ကြောက်မက်ဖွယ်ကောင်းသော ဝိညာဉ်စွမ်းအား လှိုင်းများ ထွက်ပေါ်နေလေသည်။

သူတို့၏ မျက်နှာများက လေးနက်နေကြ၏။ ကောင်းကင်နိမိတ် ပြနေသည်မှာ နိမိတ်ဆိုးကြီး ဖြစ်သည်။ ဤမြင်ကွင်းသည် ချင်တိုင်းပြည်နှင့် ဝူတိုင်းပြည်တို့လောက်သာ သက်ရောက်မှု ရှိသည် မဟုတ်ပေ။ ဘိုးဘေးအချို့က တိတ်တဆိတ် ခန့်မှန်းနေကြသည်။

“ဒါ... ဟို ရှေးဟောင်း ဒဏ္ဍာရီလာ နေရာမှာ ပြဿနာ တက်နေတာများလား...”

သို့သော် သူတို့၏ အသိုင်းအဝိုင်းထဲတွင် စကားအနည်းငယ်သာ ပျံ့နှံ့နေသည်။ မည်သူမျှ ထိုနေရာ ဘယ်မှာရှိသည်ကို မသိကြပေ။ အလွန် ဝေးကွာသော နေရာတစ်ခု ဖြစ်သည်ကိုသာ သိကြလေသည်။

ဝူယွင်ဂိုဏ်း၊ တောင်တံခါးအတွင်း၌ တပည့်အများအပြား၏ အော်ဟစ်သံများ ဆက်တိုက် ထွက်ပေါ်နေပြီး ဆူညံပွက်လောရိုက်နေသည်။

ဆူညံသံများသည် တောင်ထိပ်အသီးသီးရှိ သစ်ပင်ထိပ်ဖျားများကို ဖြတ်သန်းသွားပြီး တဝုန်းဝုန်းမြည်သံများ ထွက်ပေါ်ကာ ညကောင်းကင်အောက်တွင် ပဲ့တင်ထပ်နေသည်။ ဂျိခွန် သည် ယနေ့ညတွင် ဂိုဏ်းထဲ၌ ရှိနေသည်။ သူသည် ကွင်းပြင်တစ်ခုတွင် ရပ်လျက် ကောင်းကင်ကို မော့ကြည့်နေ၏။ မျက်နှာတွင် အေးစက်သော အမူအရာသာ ရှိနေသည်။ ဘေးပတ်ဝန်းကျင်မှ အပြင်စည်း ဂိုဏ်းအလုပ်အကိုင် ဌာန တပည့်များသည် ကြောက်လန့်ပြီး ဝေးဝေးမှ ရှောင်နေကြသည်။ ဂျိဦးလေးက အလွန် ကြောက်စရာကောင်းသော လူတစ်ယောက် ဖြစ်သည်။ ထို သတ်ဖြတ်ခြင်း အရှိန်အဝါများနှင့် ကျင့်ကြံသူ မည်မျှကို သတ်ခဲ့သည်ကို မည်သူမျှ မသိနိုင်ပေ။

သူ၏ ခန့်ညားပြီး အေးစက်သော ရုပ်ရည်ကြောင့် အခြေခံတည်ဆောက်ခြင်းအဆင့် ဂျူနီယာညီမလေးတစ်ယောက်က လာရောက်ပြီး တာအိုလက်တွဲဖော် ပြုလုပ်ရန် ကမ်းလှမ်းခဲ့ဖူးသည်။ သို့သော် ပြတ်သားစွာသူက ငြင်းပယ်လိုက်၏။ ဂျိခွန်က စကားတစ်ခွန်းကိုသာပြောခဲ့သည်။

“ငါ့ရင်ထဲမှာ ကာကွယ်ပေးရမယ့်သူ ရှိပြီးသား... မင်းကို လက်ခံဖို့ ခက်ခဲလိမ့်မယ်”

“ကျွန်မ စောင့်နေပါ့မယ်…”

ဂျူနီယာညီမလေးသည် ထိုကဲ့သို့ ဝမ်းနည်းစရာ စကားတစ်ခွန်းကိုပြောပြီး အထီးကျန်စွာ ထွက်ခွာသွားခဲ့သည်။

ဂျိခွန်သည် ယခုအချိန်တွင် ညကောင်းကင်မှ ခမ်းနားထည်ဝါသော မြင်ကွင်းကို ကြည့်ရှုနေရင်း ရင်ထဲတွင် အတော်လေး မရေမရာ ဖြစ်နေသည်။ လူသားသည် ဤ အဆုံးအစမဲ့သော မိုးနှင့်မြေကြားတွင် အလွန် သေးငယ်နိမ့်ကျလှပေသည်။

ရုတ်တရက် သူ့ကိုယ်ပေါ်ရှိ ဆက်သွယ်ရေးအဆောင်မှ အလင်းရောင် ထွက်ပေါ်လာသည်။ သူ မျက်မှောင် ဖြည်းညှင်းစွာ ကျုံ့လိုက်မိသည်။ နတ်အသိဖြင့် စစ်ဆေးကြည့်လိုက်ရာ နှုတ်ခမ်းထောင့်စွန်းတွင် အပြုံးတစ်ခု ဖြစ်ပေါ်လာလေသည်။ ဓားအလင်းတန်း တစ်ချက် လက်ခနဲ ထွက်ပေါ်လာပြီး တစ်နေရာသို့ ဦးတည်ကာ ပျံသန်းသွားလေတော့သည်။

“ရွှီး... ရွှီး...”

ဘေးပတ်ဝန်းကျင်မှ အပြင်စည်း ဂိုဏ်းအလုပ်အကိုင်ဌာန တပည့်များမှာ လန့်ဖြန့်သွားကြသည်။ စောစောက ဂျိဦးလေး ဖြတ်သန်းသွားသော အခါ သူ့မျက်နှာထက်တွင် အပြုံးတစ်ခု ဖြစ်ပေါ်နေသည်ကို တွေ့လိုက်ရသောကြောင့် ဖြစ်သည်။ ဤကဲ့သို့သော လူမျိုးက မည်သည့်ကိစ္စကြောင့် ပျော်ရွှင်နေသည်ကို သူတို့ စိတ်ကူး၍ပင် မရနိုင်ကြပေ။

အခန်း(၈၄)

တောင်ကမ်းပါးယံ ထိပ်ဖျားတစ်ခုပေါ်မှ မြင်ကွင်းသည် တောင်တန်းများသည် အောက်၌ ရောက်ရှိနေသကဲ့သို့ ထင်ရပြီး ပတ်ဝန်းကျင်သည် ရှင်းလင်းနေသည်။ ထိုနေရာတွင် လူလေးယောက်နှင့် နွားတစ်ကောင် ရပ်နေကြသည်။

"အံ့ဩစရာ ကောင်းလိုက်တာ..."

"ဒီလို အံ့ဖွယ်မြင်ကွင်းမျိုး တစ်ခါမှ မမြင်ဖူးခဲ့ဘူး…"

"လှပလွန်းတယ်... စီနီယာအစ်ကိုနဲ့အစ်မ... အရှေ့ဘက်ကို မြန်မြန် ကြည့်လိုက်ကြစမ်း... နွားကြီး... မြန်မြန်လာစမ်း…"

"မွန်း... မွန်း..."

"ဒါပေမဲ့ ဒီအရာတွေက နိမိတ်ဆိုးကို ကိုယ်စားပြုနေသလိုပဲ... ချန်ရွှင် ညီလေး… နွားညီလေး... မင်းတို့ သတိထားကြပါ…”

သူတို့သည် တစ်ယောက်တစ်ပေါက် ပြောဆိုနေကြပြီး မျက်ဝန်းများထဲတွင် အံ့အားသင့်မှုများ ယှက်သန်းနေကြသည်။ သူတို့၏ အသိပညာ ဗဟုသုတများမှာ နည်းပါးလွန်းကြသောကြောင့် ရှေးလူကြီးများလောက် တွေးခေါ်မြော်မြင်နိုင်ခြင်း မရှိကြပေ။ သို့သော် အခြားသူသုံးဦးမှာမူ ဤ ကောင်းကင်နိမိတ်ပုံရိပ်များအကြောင်း ကြောက်မက်ဖွယ်ရာ ဒဏ္ဍာရီများကို ရံဖန်ရံခါ ရေရွတ်နေမိကြသည်။

"ဘာကြောက်စရာ ရှိလို့လဲ... ငါနဲ့ နွားကြီးက ဟိုးအရင်တုန်းက ထောင်တောင် ကျဖူးသေးတယ်... တကယ်လို့ ကိစ္စကြီး တစ်ခုခု ဖြစ်လာခဲ့ရင်တောင် ဘယ်လိုမှ ရှောင်လွှဲလို့ရမှာ မဟုတ်ဘူး... ဒီတော့ ကောင်းကောင်းကြီး ခံစားလိုက်တာက ပိုကောင်းတယ်…"

"မွန်း... မွန်း..."

ချန်ရွှင် သည် လက်တစ်ဖက်ဖြင့် နွားနက်ကြီးကို ဖက်ထားပြီး ကျယ်လောင်စွာ ပြောဆိုလိုက်သည်။ အခြားလက်တစ်ဖက်တွင် ကြက်ပေါင်တစ်ချောင်းကို ကိုင်ထားပြီး နွားနက်ကြီးက ရံဖန်ရံခါ ကိုက်ဝါးနေလေသည်။

"ဟင်... ချန်ညီလေးက ထောင်ကျဖူးတယ် ဟုတ်လား…"

လျိုယွမ် သည် အံ့သြတကြီး မေးမြန်းလိုက်သည်။ ထိုအရာသည် လူဆိုးလူမိုက်များသာ ခံရသည့် ပြစ်ဒဏ်ဖြစ်သည်။

ရှီကျင်း နှင့် ဂျိခွန်တို့သည်လည်း အံ့အားသင့်သွားသည့် မျက်နှာများဖြင့် ချန်ရွှင်ကို ကြည့်ရှုလိုက်ကြသည်။ ဤလူကို ကြည့်ရသည်မှာ လူကောင်းတစ်ယောက်ပုံစံ ပေါက်နေသည် မဟုတ်ပါလား။

"ဒါပေါ့... အဲဒီတုန်းက ကျွန်တော်နဲ့ နွားကြီး ဖန်နင်းမြို့မှာ ပန်းပဲထုနေတုန်းက အဖြစ်အပျက်က စရမှာပဲ..."

ချန်ရွှင်သည် လေကြီးမိုးကြီး စတင် ပြောဆိုတော့သည်။ နွားနက်ကြီးသည် ဘေးနားတွင် ခြေလက်များကို လှုပ်ရှားပြနေပြီး သူလည်း ဝင်ရောက်ပြောဆိုချင်နေပုံရသည်။ တောင်ပေါ်လေပြင်းများသည် သူတို့၏ နားအနီးတွင် တရွှီရွှီ တိုက်ခတ်နေပြီး ပတ်ဝန်းကျင်ရှိ သစ်တောအုပ်များသည် လှိုင်းများထနေကာ တောင်တန်းကြီးများက အသက်ရှူနေသကဲ့သို့ နက်ရှိုင်းသော ခံစားမှုကို ပေးစွမ်းနေသည်။ ထိုအချိန်တွင် လှပဆန်းကြယ်သော ကြယ်တာရာများသည် ကောင်းကင်တွင် ကြယ်တံခွန်များအဖြစ် ဖြတ်သန်းသွားလာနေကြဆဲ ဖြစ်သည်။ ချန်ရွှင်သည် ဆက်လက် ပြောပြနေသည်။

"နောက်ဆုံးတော့... မြို့စားမင်းကြီးကပဲ ကျွန်တော်နဲ့ နွားကြီးကို ပြန်လွှတ်ပေးလိုက်တာပါ…"

"မွန်း... မွန်း..."

"ဟား... ဟား... ဟား..."

သုံးဦးစလုံးသည် ခေါင်းခါလျက် ရယ်မောလိုက်ကြသည်။ ချန်ရွှင် ပြောပြသော ဇာတ်လမ်းသည် အလွန် ချဲ့ကားလွန်းနေသဖြင့် နားထောင်လိုက်သည်နှင့် လုပ်ကြံဖန်တီးထားမှန်း သိသာနေသည်။ လျိုယွမ်သည် မျက်နှာလေးများ နီရဲလာသည်အထိ ပါးစပ်ကို အုပ်ကာ ရယ်မောနေသည်။ ချန်ရွှင်မောင်လေး နှင့် နွားနက်ကြီးသည် အမြဲတမ်း ဤမျှ အကောင်းမြင်စိတ် ရှိကြသည်လား။

“ဝုန်း...”

“ဝုန်း...”

ရုတ်တရက် အပြောင်းအလဲများ ဖြစ်ပေါ်လာသည်။ ကောင်းကင်ကြီးသည် သိမ့်သိမ့်တုန်ခါလာပြီး မရေမတွက်နိုင်သော ကြယ်တံခွန်ကြီးများ ပျံသန်းကျဆင်းလာကြသည်။ ၎င်းတို့သည် ဖြူဖွေးသော အလင်းရောင်များ တောက်ပနေပြီး လူတိုင်း၏ မျက်ဝန်းထဲတွင် တိုတောင်းလှသော အချိန်ကာလတစ်ခုစာ အလင်းရောင်များဖြစ်ပေါ်တဖြတ်ဖြတ်ဖြစ်ပေါ်နေစေသည်။

"ဟေး... နွားကြီး... ငါ့ကို မ တင်ပေးစမ်း... မြန်မြန်…"

"မွန်း..."

နွားနက်ကြီးသည် ချက်ချင်း မတ်တပ်ထရပ်လိုက်ပြီး ချန်ရွှင်ကို ခေါင်းပေါ်သို့ တင်ပေးလိုက်သည်။ ချန်ရွှင် သည် နွားနက်ကြီး၏ ပခုံးပေါ်တွင် ထိုင်လျက် လက်နှစ်ဖက်ဖြင့် ချိုကို ကိုင်ထားလိုက်သည်။ သူတို့သည် ကောင်းကင်မှ ကြယ်တံခွန်မိုး ရွာသွန်းနေသည်ကို ငေးမောကြည့်ရှုရင်း တောင်ကမ်းပါးယံ အစွန်းတွင် ရပ်တန့်နေကြသည်။ မျက်ဝန်းထဲတွင် အဆုံးမဲ့သော မျှော်လင့်ချက်များနှင့် လွမ်းဆွတ်မှုများ ပါဝင်နေကြသည်။ သေဆုံးသွားသော သူများသည် ထိုနေရာတွင် ရှိနေကြလိမ့်မည်။

"နွားကြီး... မြန်မြန် ဆုတောင်းလိုက်... သေချာပေါက် ပြည့်မှာ... ဒါက မဟာအခွင့်အရေးကြီးပဲ…"

"မွန်း... မွန်း..."

သူတို့သည် မျက်လုံးများကို ရုတ်တရက် မှိတ်လိုက်ကြပြီး တောင်ပေါ်လေပြည်ကို ခံစားလျက် ပါးစပ်မှ တီးတိုးရွတ်ဆို ဆုတောင်းနေကြသည်။ ရှီကျင်း သည် ဂျိခွန်ကို ပြုံးပြကာ ခေါင်းညိတ်လိုက်သည်။ ဂျိခွန် ကလည်း ပြန်လည် ပြုံးပြလိုက်သည်။ ချန်ရွှင် ၏ မိတ်ဆွေသည် သူ၏ မိတ်ဆွေလည်း ဖြစ်ပေသည်။ လျိုယွမ်သည် တောင်ကမ်းပါးယံ အစွန်းတွင် ထိုင်လိုက်သည်။ သူမ၏ ငွေရောင်ဖဲကြိုးလေးသည် တောင်ပေါ်လေကြောင့် ရှီကျင်း ၏ လက်ထဲသို့ လွင့်ပါသွားရာ ရှီကျင်းသည် သူမ၏ အနောက်မှနေ၍ ညင်သာစွာ ပြန်လည် စည်းနှောင်ပေးလိုက်သည်။

သူတို့နှစ်ဦးသည် သံယောဇဉ်များ ဖွဲ့နောင်ထားသည်မှာ ကြာမြင့်ပြီ ဖြစ်သည်။ ယခုအခါ အတူတူ ထိုင်လျက် ကောင်းကင်ကို မော့ကြည့်ကာ နှုတ်ခမ်းများတွင် ပျော်ရွှင်သော အပြုံးများ ပေါ်လာကြသည်။ ဂျိခွန် သည် လက်ကို နောက်ပစ်လျက် အနောက်ဆုံးတွင် တစ်ယောက်တည်း ရပ်တန့်နေသည်။ သူ၏ မျက်ဝန်းအိမ်ထဲတွင် ကြယ်တံခွန်များ ဖြတ်သန်းသွားသော ပုံရိပ်များ ထင်ဟပ်နေသော်လည်း လေးနက်တည်ကြည်မှုများ ပါဝင်နေသည်။

"ဟေး... တော်တော်ဟုတ်နေကြပါလား... နွားကြီး... ဂျိအစ်ကို... မြန်မြန် ကြည့်လိုက်ကြစမ်း…"

မူလက တိတ်ဆိတ်ငြိမ်သက်နေသော အခြေအနေသည် ရုတ်တရက် အသံတစ်သံကြောင့် ပျက်စီးသွားသည်။

"ဘယ်အချိန် အိမ်ထောင်ပြုကြမှာလဲ... ကျုပ်က မင်္ဂလာဆောင် အခမ်းအနားတွေမှာ ကျွမ်းကျင်တယ်နော်... ဟား... ဟား..."

"မွန်း..."

နွားနက်ကြီးသည် ချန်ရွှင်ကို သယ်ဆောင်လျက် ကိုယ်ကို လှည့်လိုက်သည်။ မျက်လုံးထဲတွင် သံသယများ ဖြစ်ပေါ်နေသည်။ ဒီနှစ်ယောက် ဘာလို့ ဒီလောက် နီးနီးကပ်ကပ် ထိုင်နေကြတာလဲ။

"အယ်... ချန်ညီလေး... အဲဒီလို မဟုတ်ပါဘူး... အဲဒီလို မဟုတ်ပါဘူး…"

ရှီကျင်း ၏ မျက်နှာသည် ရဲတက်လာပြီး ဘေးသို့ ခြေလှမ်းအနည်းငယ် ရွှေ့လိုက်သည်။ ဤကဲ့သို့ ယောက်ျား၊ မိန်းမ ကိစ္စမျိုးကို ဆရာသခင်၏ ခွင့်ပြုချက် ရယူရမည် ဖြစ်သည်။ လျိုယွမ် မှာ ချန်ရွှင် ပြောလိုက်သော စကားကြောင့် စကားတစ်ခွန်းမျှ မဆိုနိုင်တော့ဘဲ ခေါင်းကို ငုံ့ထားလိုက်ပြီး အလွန် ရှက်ရွံ့နေပုံရသည်။ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း ဤအကျင့်စရိုက်မှာ ပြောင်းလဲခြင်း မရှိသေးပေ။

"ဟဲ…ဟဲ..."

ဂျိခွန် တိုးညှင်းစွာ ရယ်မောလိုက်သည်။

"ဝေး ဟေး..."

"မွန်း..."

ချန်ရွှင် သည် ကြယ်များကို ကြည့်ကာ အားရပါးရ အော်ဟစ်လိုက်သည်။ နွားနက်ကြီးကလည်း လိုက်လံ အော်ဟစ်သည်။ မရေမတွက်နိုင်သော ကြယ်တံခွန်များ ဖြတ်သန်းသွားကြသည်။ စစ်မှန်သကဲ့သို့ ရှိသလို ဆွေးမြေ့ဖွယ်လည်း ကောင်းလှသည်။ အော်ဟစ်သံများ အဆုံးတွင် တောင်တန်းတစ်ခုလုံး၌ သရဲတစ္ဆေများ ငိုကြွေးသကဲ့သို့ ပဲ့တင်သံများ ထွက်ပေါ်လာသည်။

"အားလုံးလာကြ... မြန်မြန်အော်ကြစမ်းပါ... ဒီလို အခွင့်အရေးမျိုးက နောက်ထပ် ရဖို့ မလွယ်ဘူးနော်... အနည်းဆုံး နှစ်သောင်းချီမှ တစ်ခါလောက်ပဲ ကြုံရမှာ…"

"မွန်း... မွန်း..."

ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် တိုက်တွန်းနေကြသည်။ ဤအချိန်တွင် ဆုမတောင်းလျှင် မည်သည့်အချိန်ကျမှ ဆုတောင်းမည်နည်း။ သူတို့ သုံးဦးစလုံး၏ မျက်နှာများ ပြောင်းလဲသွားသည်။ ချန်ရွှင်၏ အတွေးအခေါ်ကို သူတို့ လုံးဝ လိုက်မမီနိုင် ဖြစ်နေကြသည်။ ကျင့်ကြံသူများ အနေဖြင့် ဤကဲ့သို့သော အပြုအမူမျိုးကို ပြုလုပ်၍ ဖြစ်ပါမည်လား။ သို့သော် ချန်ရွှင်က လက်မခံပေ။ နွားနက်ကြီးကို စေခိုင်းကာ သူတို့ကို တစ်ယောက်ပြီး တစ်ယောက် မ တင်ခိုင်းလိုက်သည်။ လျိုယွမ်ကိုပင် အလွတ်မပေးပေ။ နွားနက်ကြီး၏ မျက်လုံးထဲတွင် အခြားသူများနှင့် ချန်ရွှင် သာ ရှိပြီး ကျား၊ မ ခွဲခြားခြင်း မရှိပေ။

"ဟား... ဟား... ဟား..."

"နွားနက်ကြီး..."

"မွန်း..."

...

တောင်ကမ်းပါးယံပေါ်တွင် အော်ဟစ်သံများ တစ်ခုပြီး တစ်ခု ထွက်ပေါ်လာပြီး ထိုအသံများကြားတွင် လိုက်ဖက်မညီသော ကျယ်လောင်စွာ ရယ်မောသံကြီး တစ်ခုလည်း ပါဝင်နေသည်။ နောက်ဆုံးတွင် သူတို့ သဘောတူလိုက်ကြရသည်။ လူလေးယောက်နှင့် နွားတစ်ကောင်သည် တောင်ကမ်းပါးယံ အစွန်းတွင် ရပ်လျက် ကောင်းကင်သို့ အဆက်မပြတ် အော်ဟစ်နေကြသည်။ တောင်တန်းများကြားတွင် ပဲ့တင်သံများ တစ်ကြိမ်ပြီးတစ်ကြိမ် ရိုက်ခတ်နေသည်။ ချန်ရွှင်နှင့် နွားနက်ကြီးတို့၏ အသံသည် အကျယ်ဆုံး ဖြစ်ရာ နေရာအနှံ့မှ တပည့်များမှာ မည်သို့ဖြစ်သည်ကိုမသိဘဲ စဉ်းစားနေမိကြသည်။

သူတို့သည် တောင်ကမ်းပါးယံ အစွန်းတွင် ထိုင်လျက် စကားစမြည် ပြောဆိုကြပြန်သည်။ လေညှင်းခံခြင်း၊ လမင်းကို ရှုစားခြင်း အကြောင်းများကိုသာ ပြောဆိုကြပြီး ကျင့်ကြံခြင်း အဆင့်များ အကြောင်းကို မပြောဆိုကြပေ။ အားလုံးသည် ထိုကိစ္စကို ရှောင်ဖယ်ထားကြသည်။ ကြယ်တံခွန်မိုး ရွာသွန်းသော နိမိတ်ပုံရိပ်သည် တစ်နာရီခန့် ကြာမြင့်အောင် ဖြစ်ပေါ်နေခဲ့သည်။ တိုင်းပြည်အသီးသီးတွင် ဤကိစ္စကြောင့် အကြီးအကျယ်ဂယက်ရိုက်ခတ်နေသည်။ ဝူယွင်ဂိုဏ်း၏ နေရာအနှံ့မှ တပည့်များသည်လည်း အဆက်မပြတ် ဆွေးနွေးနေကြပြီး အများစုမှာ ပြန်လည် ကျင့်ကြံရန် ပြင်ဆင်နေကြပြီ ဖြစ်သည်။

စွမ်းအား တစ်စိတ်တစ်ပိုင်း တိုးတက်လာလျှင် မိမိကိုယ်ကို ကာကွယ်နိုင်စွမ်း တစ်စိတ်တစ်ပိုင်း ပိုမို ရရှိလာမည် ဖြစ်သည်။ ကျောက်စိမ်းဝါးတောင်တန်းသည်လည်း တဖြည်းဖြည်း တိတ်ဆိတ် ငြိမ်သက်သွားသည်။ စောစောကကဲ့သို့ ဆူဆူညံညံအသံများ မရှိတော့ပေ။ တောင်ပိုင်အသီးသီးသည် လေပေါ်တွင် ပျံသန်းလျှက် မီးရောင်များ ထိန်ထိန်လင်းနေသော ဂိုဏ်းချုပ် ခန်းမဆောင်ဆီသို့ အလျင်အမြန် သွားရောက်ကြသည်။ တောင်ကမ်းပါးယံ တစ်ခုပေါ်တွင် ချန်ရွှင် တို့ လူစုသည် မထွက်ခွာကြသေးပေ။

"လာမယ့်နှစ်က ချင်တိုင်းပြည်ရဲ့ နှစ်တစ်ရာပြည့် ညီလာခံကြီး ကျင်းပမယ့်နှစ်ပဲ... ယွီရှူမြို့တော်က တော်တော် စည်ကားလိမ့်မယ်…"

ရှီကျင်းသည် မျက်ဝန်းထဲတွင် လေးနက်သော အရိပ်အယောင်များဖြင့် ပြောဆိုလိုက်သည်။

"ငါနဲ့ ဂျူနီယာညီမလေး လျိုတို့ သွားကြမလို့... ညီလေး နှစ်ယောက်ရော လိုက်မလား…"

"ကျွန်တော်က အပြင်စည်း ဂိုဏ်းအလုပ်အကိုင်ဋ္ဌာနက အကြီးအကဲလီရဲ့ နောက်ကို လိုက်သွားရမှာ... အမိန့်စာတောင် ထွက်လာပြီ…”

ဂျိခွန် က ခပ်အေးအေး ဖြေလိုက်ပြီး ချန်ရွှင်ကို ကြည့်လိုက်သည်။

"ညီလာခံကြီးက တစ်နှစ်ကြာမြင့်မှာ... ထိပ်သီး ဂိုဏ်းကြီး (၁၀) ဂိုဏ်းက ကြီးမှူးကျင်းပမယ့် လေလံပွဲ သုံးကြိမ်တောင် ပါဝင်သေးတယ်... တခြား တိုင်းပြည်တွေက လူတွေတောင် လာကြဦးမှာ... ဆရာလည်း လိုက်သွားမှာ…”

လျိုယွမ် က ပြုံးရွှင်စွာ ပြောလိုက်သည်။ အခြေခံတည်ဆောက်ခြင်းအဆင့် ရောက်လျှင် ဆရာသခင်က သူတို့ကို အပြင်လောက ဗဟုသုတ ရှာဖွေရန် ခေါ်သွားလေ့ရှိသည်။

"ကြားတာတော့ ဂိုဏ်းကြီးတွေက ပါရမီရှင်တွေ ယှဉ်ပြိုင်တိုက်ခိုက်ကြမယ့် ပွဲတွေ… ပန်းပွဲတော်တွေ အစရှိတဲ့ ပွဲလမ်းသဘင်တွေ အများကြီး ပါတယ်တဲ့…"

ထိုစကားကို ကြားလိုက်ရသောအခါ ရှီကျင်း ၏ အရှိန်အဝါသည် ပိုမို ထက်မြက်လာသည်။ ဤသည်မှာ သူ၏ ခရီးစဉ် ရည်ရွယ်ချက်များထဲမှ တစ်ခု ဖြစ်သည်။ ဂိုဏ်းကြီးများမှ ပါရမီရှင်များနှင့် ယှဉ်ပြိုင်တိုက်ခိုက်ပြီး တိုက်ပွဲများကြားမှ ဉာဏ်အလင်း ပွင့်ကာ တိုးတက်အောင် လုပ်ဆောင်ခြင်းသည် တံခါးပိတ် ကျင့်ကြံခြင်းထက် ပိုမို လျင်မြန်သည်။

ဤအချက်ကို ဂိုဏ်းပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ဖူးသူတိုင်း နားလည်သဘောပေါက်ကြသည်။ အမှန်တွင် ချန်ရွှင် နှင့် နွားနက်ကြီးတို့သာ ခြွင်းချက် ဖြစ်သည်။ ချန်ရွှင် သည် သူတို့ကို ကြည့်လိုက်ပြီး မျက်နှာပေါ်တွင် အားနာသော အမူအရာ တစ်ခု ပေါ်လာကာ လက်သီးဆုပ်လျက် တိုးညှင်းစွာ မေးလိုက်သည်။

"ဒီကိစ္စကို ကျွန်တော်နဲ့ နွားကြီးက ဘာလို့ မကြားဖူးတာလဲ…”

"မွန်း..."

နွားနက်ကြီးသည်လည်း မျက်လုံးထဲတွင် သံသယများ ဖြစ်ပေါ်နေသည်။ ချင်တိုင်းပြည် မြေပုံပေါ်တွင် အဲဒီလို နေရာမျိုး ပါလို့လား။

All Chapters