အခန်း (၈၅-၈၆)
Vol. 5 Ch. 85-86
အခန်း (၈၅)
ရှီကျင်းနှင့် လျိုယွမ်တို့ အံ့အားသင့်သွားကြသည်။
ဤ ချန်ရွှင်ညီလေးက လူတွေနဲ့ သိပ်မပေါင်းသင်းဘူးလား... ဒါက အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတွေ ကြားမှာ အကုန်သိကြသည့်အချက်ဖြစ်သည်။ ဂျိခွန် သည် မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး ကြောင်တောင်တောင် ဖြစ်နေသော ချန်ရွှင် နှင့် နွားနက်ကြီးတို့ကို စူးစိုက်ကြည့်လိုက်သည်။ မျက်ဝန်းထဲတွင် သနားဂရုဏာ သက်သော အရိပ်အယောင် အနည်းငယ် ပေါ်လာသော်လည်း လျင်မြန်စွာ ဖုံးကွယ်လိုက်၏။ ချန်ရွှင် သည် သူတို့၏ အမူအရာများကို ကြည့်ပြီး ဂရုမစိုက်သလို ပြုံးကာ ရှင်းပြလိုက်သည်။
"ဟဲ…ဟဲ... ကျွန်တော်နဲ့ နွားကြီးက လူတွေနဲ့ ထိတွေ့ဆက်ဆံတာ နည်းပါးလို့ပါ"
"မွန်း..."
နွားနက်ကြီးကလည်း ဘေးနားမှနေ၍ နှာမှုတ်သံ တစ်ချက် ပြုလိုက်သည်။
"ချန်ညီလေး... ကိစ္စမရှိပါဘူး... မင်း မြေပုံကို ထုတ်ပြီး ဖြန့်ခင်းလိုက်…"
ရှီကျင်း က ပြုံးလိုက်သည်။ ထို့နောက် တစ်စုံတစ်ခုကို သတိထားလိုက်မိပုံရပြီး စကားလမ်းကြောင်း အလျင်အမြန် လွှဲလိုက်သည်။
"ငါ မင်းကို နေရာပြပေးမယ်…”
"ဂျူနီယာမောင်လေးချန်... နွားနက်ကြီး... ရှင်တို့က..."
လျိုယွမ် စကားစလိုက်စဉ် နတ်အသိတစ်ခု ဖြန့်ကျက်လာသည်။
"ယွီရှူမြို့တော်က ချင်တိုင်းပြည်ရဲ့ အနောက်ဘက်... ကောင်းကင်ပြတ်လွင်ပြင် နားက လွင်ပြင်ကြီးမှာ ရှိတာ"
ရှီကျင်း သည် လျိုယွမ် ၏ စကားကို ဖြတ်ပြောလိုက်သည်။ သူသည် မြေပုံပေါ်ရှိ နေရာတစ်ခုကို လက်ညှိုးထိုးပြလိုက်သည်။
"ဒီနေရာပဲ... ဒေသအသီးသီးက ကျင့်ကြံသူတွေ စုပေါင်း တည်ဆောက်ထားတဲ့ မြို့ကြီး တစ်မြို့ပေါ့…”
"ရှင်းပြပေးလို့ ကျေးဇူးတင်ပါတယ် ရှီအစ်ကို…"
ချန်ရွှင် လက်သီးဆုပ်လိုက်ပြီး မျက်လုံးထဲတွင် နားလည်သွားသည့် အရိပ်အယောင်များ ပေါ်လာသည်။ ထို့နောက် မြေပုံကို တစ်ချက်ကြည့်လိုက်၏။
"နွားကြီး... မြန်မြန်ကြည့်... ကျင့်ကြံသူတွေရဲ့ မြို့တော်တဲ့... ဒီနေရာမှာ ရှိတာကိုး…”
"မွန်း... မွန်း..."
နွားနက်ကြီးသည်လည်း နှာခေါင်းဖြင့် အနံ့ခံသလိုမျိုး အဆက်မပြတ် ကြည့်ရှုနေသည်။ အနံ့ကို မှတ်သားထားချင်သလိုမျိုး ဖြစ်နေသည်။ နောင် လမ်းရှာလို့ရအောင် ဖြစ်သည်။
"ချန်ညီလေး... နွားနက်ကြီး... ငါတို့နဲ့ အတူတူ လိုက်ခဲ့ပါလား…"
ရှီကျင်း က ရိုးသားစွာ ပြောလိုက်ပြီး စပ်စုချင်နေသော လူတစ်ယောက်နှင့် နွားတစ်ကောင်ကို ကြည့်လိုက်သည်။
"ဆရာ လိုက်လာမှာ ဆိုတော့ လမ်းခရီးမှာ အန္တရာယ် မရှိလောက်ဘူး... တခြား စီနီယာအစ်ကို အစ်မတွေလည်း ပါဦးမှာ"
သူသည် ချန်ရွှင် အား ဂိုဏ်းထဲက လူအချို့နှင့် မိတ်ဆက်ပေးချင်သည်။ ချန်ရွှင်ညီလေးလို လူမျိုးက လူမုန်းခံရဖို့ ခဲယဉ်းလှသည်။
"ရှီအစ်ကို... လေလံပွဲဆိုရင် ဝိညာဉ်ကျောက်တုံးတွေ အများကြီး လိုမှာပဲ... ကျွန်တော်တို့မှာ ဝိညာဉ်ကျောက်တုံး မရှိတော့ ခဏလောက်နဲ့ အပျော်မလိုက်တော့ပါဘူးဗျာ…"
"ပါရမီရှင်တွေရဲ့ တိုက်ပွဲကိုလည်း ကျွန်တော်တို့ ဝင်မပါနိုင်ပါဘူး... တိုက်ခိုက်တာ မကျွမ်းကျင်လို့ပါ…"
ချန်ရွှင် က ပြုံးပြလိုက်ပြီး မြေပုံကြည့်နေသော နွားနက်ကြီးကို ပုတ်လိုက်သည်။
"အဆင်ပြေမယ် ဆိုရင် လေလံတင်မယ့် ပစ္စည်းစာရင်းလေး ယူလာပေးရင် ရပါပြီ... ကျွန်တော်နဲ့ နွားကြီး ဗဟုသုတ တိုးတာပေါ့…”
"မွန်း... မွန်း..."
နွားနက်ကြီးကလည်း စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။ သူတို့ မမြင်ဖူးသော ရတနာများအများကြီး ပါမှာ သေချာသည်။
"ကောင်းပါပြီ... သေချာပေါက် ယူလာခဲ့ပေးမယ်…”
ရှီကျင်း စကားမပြောရသေးခင် လျိုယွမ်က ခေါင်းကို လေးလေးနက်နက် ညိတ်ပြီး ကတိပေးလိုက်သည်။
ယင်းက သူတို့အတွက်သာမာန်ကိစ္စလောက်သာဖြစ်သော်လည်း မောင်လေးချန်ရွှင်နှင့် နွားနက်ကြီး အတွက်တော့ အရေးကြီးပုံရသည်။ ရှီကျင်း သည် မျက်မှောင်အနည်းငယ်ကျုံ့လိုက်ပြီး လျိုယွမ်နှင့်အတူ ထွက်ခွာသွားသည်။ စိတ်ထဲတွင် လေးလံနေပြီး စောစောကလောက် မပျော်ရွှင်တော့ပေ။ တောင်ကမ်းပါးယံပေါ်တွင် ချန်ရွှင်၊ နွားနက်ကြီးနှင့် ဂျိခွန်တို့သာ ကျန်ရစ်ခဲ့သည်။
"ချန်ညီလေး... နွားညီလေး... မင်းတို့ တခြား ရှာချင်တဲ့ ပစ္စည်း ရှိသေးလား…"
ဂျိခွန်က လေးနက်သော မျက်နှာဖြင့် သူတို့ အနောက်တွင် ရပ်လျက် ပြောလိုက်သည်။
"လိုအပ်ရင် ငါ ကူရှာပေးလို့ ရတယ်…”
"ဂျိအစ်ကိုကြီးက အားနာစရာ ကောင်းလိုက်တာ... ကျွန်တော်တို့က ဗဟုသုတတိုးရုံ သက်သက်ပါ…”
ချန်ရွှင် လှည့်ကြည့်ပြီး ပြုံးပြလိုက်သည်။
"သွားစရာ ရှိတာ သွားပါ... ကျွန်တော်နဲ့ နွားကြီး ခဏလောက် နေလိုက်ဦးမယ်"
"မွန်း... မွန်း..."
နွားနက်ကြီးက မျက်လုံးကြီးများ လခြမ်းကွေးလေး ဖြစ်သွားသည်အထိ အော်မြည်လိုက်သည်။ သူတို့က ကြည့်ချင်ရုံ သက်သက်ပင်။
"မသွားပါဘူး... ငါ မင်းတို့နဲ့ ခဏလောက် နေပေးမယ်…”
ဂျိခွန်က တည်ငြိမ်စွာ ပြောလိုက်ပြီး အဝေးကို လှမ်းကြည့်လိုက်သည်။ ညအမှောင်ထုထဲတွင် နေရာအနှံ့ရှိ တပည့်များ နေထိုင်ရာ နေရာများမှ မီးရောင် မှိန်ပျပျလေးများသာ ရှိနေသည်။ ယနေ့ည လရောင်သည်လည်း မညီညာပေ။ သို့သော် အလင်းနှင့် အမှောင်တို့သည် သဟဇာတ ဖြစ်စွာ ရှိနေကြပြီး တောင်ပေါ်လေပြင်းများသာ အထီးကျန်စွာ တိုက်ခတ်နေသည်။
ချန်ရွှင်၏ မျက်နှာက တည်ငြိမ်နေသည်။ လက်ကို အနည်းငယ် နောက်ပစ်လျက် ပတ်ဝန်းကျင်ကို လှမ်းမျှော်ကြည့်လိုက်ရာ ဖော်ပြရခက်သော အရှိန်အဝါတစ်ခု “ဖျတ်”ခနဲ ပေါ်ထွက်လာသည်။ ဂျိခွန် သည် ထိုကျောပြင်ကို ကြည့်ပြီး မျက်လုံးထဲတွင် အရောင်တစ်ချက် လက်သွားသည်။ သို့သော် မျက်စိတစ်မှိတ် အတွင်းမှာပင် ချန်ရွှင်သည် နွားနက်ကြီးနှင့်အတူ ထိုင်ချလိုက်သည်။ သူတို့ ပခုံးဖက်ထားကြပြီး တဟီးဟီး ရယ်မောနေကြသည်။ စောစောက မြင်ကွင်းသည် သူ၏ စိတ်ကူးယဉ်မှု သက်သက်သာ ဖြစ်ပုံရသည်။ သူသည် သူတို့ အနောက်တွင် တိတ်ဆိတ်စွာ နေပေးလိုက်ပြီး စကားတစ်ခွန်းမျှ မပြောတော့ပေ။
တစ်နာရီခန့် ကြာသောအခါ ဂျိခွန် တိတ်တဆိတ် ထွက်ခွာသွားသည်။ ယနေ့ည ဖြစ်ရပ်ဆန်းကြောင့် အပြင်စည်း ဂိုဏ်းအလုပ်အကိုင် ဋ္ဌာနတွင်လည်း အစည်းအဝေး ကျင်းပရမည် ဖြစ်သည်။ ဤ ကျင့်ကြံခြင်း လောကတွင် လူတိုင်း အလုပ်ရှုပ်နေကြပုံရသည်။ တောင်ကမ်းပါးယံ အစွန်းတွင် ညလေပြင်းများ တဝူးဝူး တိုက်ခတ်နေဆဲ ဖြစ်ပြီး ချန်ရွှင် နှင့် နွားနက်ကြီးတို့သာ ကျန်ရစ်ခဲ့သည်။ သူတို့သည် ကြယ်ရောင်စုံ တောက်ပနေသော အဆုံးမဲ့ ကောင်းကင်ကို မော့ကြည့်နေကြသည်။
"နွားကြီး... ငါ ဆုတွေ အများကြီး တောင်းခဲ့တယ်... ဒီနေ့ မင်းကို နည်းနည်း ပြောပြလို့ ရတယ်…”
ချန်ရွှင် တည်ငြိမ်စွာ ပြုံးလိုက်သည်။
"မွန်း..."
နွားနက်ကြီး က အံ့သြတကြီး အော်လိုက်သည်။ သူက ဆုတစ်ခုတည်း တောင်းခဲ့ခြင်းဖြစ်သည်။
"မွန်း... မွန်း..."
"ပထမ တစ်ခုကတော့... ငါတို့ ထာဝရ အတူတူ ရှိနေဖို့ပေါ့... သေအတူ ရှင်မကွာ ပေါ့ကွာ…"
ချန်ရွှင် လက်တစ်ဖက်ဖြင့် နွားနက်ကြီးကို ဖက်ထားလိုက်ပြီး မျက်ဝန်းထဲတွင် နူးညံ့မှုများ ပေါ်လာသည်။
"ဒုတိယ တစ်ခုက... ငါတို့ရဲ့ မိတ်ဆွေ သူငယ်ချင်းတွေ အားလုံး နေကောင်းကျန်းမာစေဖို့... နောက်ဘဝကျရင်လည်းပေါ့…”
"မွန်း... မွန်း..."
နွားနက်ကြီး ကြောင်တောင်တောင်ဖြင့် ခေါင်းညိတ်လိုက်သည်။ သူ တောင်းတဲ့ဆုက ထိုအရာမဟုတ်။ မျက်လုံးထဲတွင် စိုးရိမ်မှုများ ပါဝင်လာသည်။ အဘယ့်ကြောင့် ချန်ရွှင် က သူ့ကို ဆုတွေ အများကြီး တောင်း၍ ရသည်ကို မပြောပြခဲ့သနည်း။
"တတိယ တစ်ခုက... ငါတို့ ထာဝရ ပျော်ရွှင်ကြပါစေ... ဟား... ဟား... ဟား..."
ချန်ရွှင် ရုတ်တရက် ကျယ်လောင်စွာ ရယ်မောလိုက်သည်။ ထို့နောက် မျက်နှာက ချက်ခြင်း တည်သွားသည်။
"ရွာလူကြီး... ဘကြီးစွန်း... ဆရာနင်... စီနီယာအစ်ကိုလဲ့ဖုန်းတို့... ပြီးတော့ ငါတို့ရဲ့ အိမ်နီးနားချင်း မိတ်ဆွေတွေ... သူတို့အားလုံး စောစောက ပေါ်လာကြတယ်…”
"မွန်း..."
"ကြယ်တံခွန်မိုး ရွာတာက နိမိတ်ဆိုး မဟုတ်ပါဘူး... အဲဒါ သူတို့ရဲ့ ဝိညာဉ်တွေက ငါတို့ကို လာကြည့်ကြတာပါ…”
"မွန်း..."
နွားနက်ကြီး စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။ ချန်ရွှင် က သူ့ကို ဘယ်တော့မှလိမ်မည်မဟုတ်။
"နွားကြီး... နှစ်သောင်းချီမှ တစ်ခါ ကြုံရတဲ့ ဒီလို ဖြစ်ရပ်ဆန်းကြီးကိုတောင် ငါတို့ မြင်တွေ့ခဲ့ရတယ်လေ... နားမလည်သေးဘူးလား…"
ချန်ရွှင် သဘောကျစွာ ရယ်မောလိုက်ပြီး နွားနက်ကြီးကို ကြည့်လိုက်သည်။
"မွန်း... မွန်း..."
နွားနက်ကြီး က ပျော်ရွှင်စွာ အော်ဟစ်လိုက်သည်။ သူ ချန်ရွှင် ဘေးနားမှာ ထိုင်လိုက်ပြီး ပါးစပ်က ပွစိပွစိ ရေရွတ်နေသည်။ လူတစ်ယောက်နှင့် နွားတစ်ကောင်သည် တောင်ကမ်းပါးယံ အစွန်းတွင် ထိုင်လျက် ကြယ်တာရာများကို ငေးမောကြည့်ရှုနေကြသည်။ သူတို့ ၏ စကားများက ကုန်နိုင်ပုံ မရပေ။ တစ်ညလုံး ထိုနေရာတွင်သာ ရှိနေကြသည်။
......
နောက်တစ်နေ့ နံနက်ခင်း။ အရှေ့ဘက် အရပ်တွင် လှပသော နံနက်ခင်း အလင်းရောင်များ ပေါ်ထွက်လာပြီး လေထဲ၌ ပါးလွှာသော မြူခိုးများ ပျံ့လွင့်နေသည်။
"နွားကြီး... နေ့သစ် တစ်နေ့ ရောက်ပြန်ပြီ... လှုပ်ရှားကြမယ်ဟေ့…”
"မွန်း…”
လူတစ်ယောက်နှင့် နွားတစ်ကောင် အရှိန်ဖြင့် ပြေးဆင်းလာကြသည်။ နံနက်ခင်း၏ စိုစွတ်သော လေပြေကို ခံစားရင်း စိတ်ထဲတွင် လန်းဆန်းတက်ကြွနေသည်။ မျက်လုံးထဲတွင် ဖော်ပြမရနိုင်သော စိတ်လှုပ်ရှားမှုများ ပါဝင်နေသည်။ သို့သော် သူတို့ ရေပူစမ်းဆေးဥယျာဉ်၏ အစီအရင် ရှေ့သို့ ရောက်သောအခါ လူတစ်ယောက်၏ ခေါ်သံကို ကြားလိုက်ရသည်။ သက်လတ်ပိုင်း အရွယ် အမျိုးသားတစ်ဦး ဖြစ်သည်။ အရပ်အမောင်း အတော်အတန် မြင့်မားပြီး လေးထောင့်ကျသော မျက်နှာပိုင်ရှင် ဖြစ်သည်။ ထိုမျက်နှာသည် အနည်းငယ် ပင်ပန်းနွမ်းနယ်နေပုံလည်း ပေါ်သည်။
"ညီလေး... ခဏလောက် နေပါဦး... စကားပြောလို့ ရမလား…"
သက်လတ်ပိုင်း အမျိုးသားသည် ချန်ရွှင် ကို အာရုံစိုက် ကြည့်ရှုနေသည်။ သူ့အသံက နက်ရှိုင်းပြီး အခြေခံတည်ဆောက်ခြင်း အလယ်အဆင့် ကျင့်ကြံသူ ဖြစ်သည်။ အသက်မည်မျှရှိပြီကိုတော့ လုံးဝ ခန့်မှန်း၍ မရပေ။ သူ့ကိုယ်ပေါ်တွင် ဆေးရနံ့များ သင်းပျံ့နေသည်။ ကြည့်ရသည်မှာ ဆေးပင် စိုက်ပျိုးသူ တစ်ယောက် ဖြစ်ပုံရသည်။ ချန်ရွှင် အနည်းငယ် စဉ်းစားလိုက်ပြီး လက်သီးဆုပ် အရိုအသေပေးရင်း ပြုံးကာ ပြောလိုက်သည်။
"အစ်ကိုကြီး... ပွင့်ပွင့်လင်းလင်း ပြောပါ…”
သက်လတ်ပိုင်း အမျိုးသားက ခံစားချက် ကင်းမဲ့သော မျက်နှာဖြင့် ခေါင်းညိတ်လိုက်သည်။ ဝိညာဉ်စွမ်းအား တစ်ခု ထုတ်လွှတ်လိုက်ရာ ဆေးဥယျာဉ်၏ အစီအရင် အတားအဆီး ပွင့်သွားပြီး လမ်းတစ်ခု ပေါ်လာသည်။ ယင်းက သူသည် ဆေးဥယျဉ်၏ တာဝန်ခံဖြစ်သည် ဆိုသည်ကို သက်သေပြနေခြင်းလည်း ဖြစ်သည်။
ချန်ရွှင်ကမူ ခေါင်းကို အနည်းငယ် ခါလိုက်ပြီး ပြောသည်။
"အစ်ကိုကြီး... ကိစ္စရှိရင် ဒီနေရာမှာပဲ ပြောကြတာပေါ့... ကျွန်တော်က သူများ နေရာကို သွားရတာ သိပ်မကြိုက်လို့ပါ…”
"ဒါဆိုရင်တော့ ညီလေး သဘောအတိုင်းပါပဲ…”
သက်လတ်ပိုင်း အမျိုးသားက တည်ငြိမ်စွာ ပြောလိုက်သော်လည်း မျက်လုံးထဲတွင် မျှော်လင့်ချက် တစ်ခု ပါဝင်နေသည်။ နှစ်ယောက်သား ဆေးဥယျာဉ် အပြင်ဘက်တွင် စကားစမြည် ပြောဆိုကြသည်။ ချန်ရွှင်၏ မျက်လုံးထဲတွင်လည်း နားလည်သွားသည့် အရိပ်အယောင်များ ပေါ်လာသည်။
“ဪ... ဒီလိုကိုး…”
အခန်း (၈၆)
ထိုလူ၏ အမည်မှာ ရွှီဝမ်လင် ဖြစ်ပြီး ချူရွှမ် ဆေးဥယျာဉ်၏ တာဝန်ခံ ဖြစ်သည်။ ယခင်က ရေပူစမ်းဆေးဥယျာဉ်တွင်လည်း ကူညီလုပ်ကိုင်ပေးခဲ့ဖူးသော်လည်း ချန်ရွှင် ရောက်ရှိလာပြီးနောက်တွင်မူ သူသည် အခြားနေရာသို့ ပြောင်းရွှေ့သွားခဲ့ခြင်း ဖြစ်သည်။ ဤ နှစ်တစ်ရာပြည့် ညီလာခံကြီးကိုမူ သူ လက်လွတ်မခံလိုသည့်အပြင် ကိုယ်ရေးကိုယ်တာ ကိစ္စအချို့လည်း ရှိနေသေးသည်။ အနည်းဆုံး နှစ်အနည်းငယ် ကြာမှသာ ပြန်လာနိုင်မည် ဖြစ်သဖြင့် ချန်ရွှင် အား သူ့အစား ဆေးပင်များကို စောင့်ရှောက်ပေးရန် အကူအညီ တောင်းခံလာခြင်း ဖြစ်သည်။
ရွှီဝမ်လင်သည် ချန်ရွှင်၏ အကြောင်းကိုလည်း စုံစမ်းထားပြီး ဖြစ်သည်။ အပြင်ဘက်တွင် စောင့်ကြပ်နေသော ဂိုဏ်းတူအစ်ကို နှစ်ယောက်၏ ပြောပြချက်အရ ဤလူသည် စိတ်သဘောထား မဆိုးသော်လည်း အပြုအမူများက အနည်းငယ် ထူးဆန်းသည်ဟု ဆိုသည်။
“ရွှီအစ်ကိုကြီး... ဒီကိစ္စကို ကျွန်တော် လက်ခံပေးလို့ ရပါတယ်... ဒါပေမဲ့ အနည်းဆုံးတော့ သက်သေအကြီးအကဲ တစ်ယောက်တော့ ရှိသင့်တယ် မဟုတ်လား”
ချန်ရွှင်က အခက်အခဲ ရှိသလို မျက်နှာဖြင့် ပြုံးကာ ပြောလိုက်သည်။
“ပြီးတော့ ဒီ ချူရွှမ် ဆေးဥယျာဉ်ကလည်း ပိုင်ရှင် ရှိတယ်လေ...”
“ချန်ညီလေး စိတ်မပူပါနဲ့... ညီလေး လက်ခံတယ် ဆိုတာနဲ့ ကျုပ်က ဆေးဋ္ဌာနကို ချက်ချင်း သတင်းပို့လိုက်ပါ့မယ်…”
ရွှီဝမ်လင်၏ မျက်လုံးများမှာ တည်ငြိမ်နေဆဲ ဖြစ်သည်။ ချန်ညီလေး၏ ဆိုလိုရင်းကို သူ မည်သို့ နားမလည်ဘဲ နေပါမည်နည်း။
“နှစ်စဉ် ရရှိမယ့် အကျိုးပြုအမှတ်တွေကလည်း ညီလေးပိုင်မှာပါ... ဒါက ဂိုဏ်းက တာဝန်ပေးတာ မဟုတ်ပါဘူး…”
သူသည် မည်သူ့အပေါ်ကိုမျှ ကျေးဇူးကြွေးတင်လိုခြင်း မရှိပေ။ ကြိုတင် စာရင်းရှင်းထား ခြင်းကသာ တစ်ဖက်သားကို လေးစားရာ ရောက်ပေသည်။
“ရွှီအစ်ကိုကြီး... ကျွန်တော် လက်ခံလိုက်ပြီ…”
ချန်ရွှင် ခေါင်းကို အားပါးတရ ညိတ်လိုက်သည်။ သူသည် စကားပြောလျှင် ကွေ့ဝိုက်မနေတတ်သော လူမျိုးကို သဘောကျသည်။ အကယ်၍ ရွှီအစ်ကိုကြီးကသာ သူနှင့် နွားကြီးကို အလကား ခိုင်းစေလိုခြင်း ဖြစ်ပါက သူ ချက်ချင်း အကြောင်းပြချက် ပေးပြီး ထွက်ခွာသွားမည်မှာ သေချာသည်။ သာမန်လောကတွင် သင်ခန်းစာများစွာ ရရှိခဲ့ပြီးပြီ ဖြစ်ရာ အားလုံးက မိတ်ဆွေ မဟုတ်ကြသလို သံယောဇဉ် ဆိုသည်မှာလည်း အပေါ်ယံသာဖြစ်ကြောင်း နားလည်ထားသည်။
“ချန်ညီလေး... ကျေးဇူးပါပဲ…”
ရွှီဝမ်လင် လက်သီးဆုပ်အရိုအသေပေးကာ သက်ပြင်းချလိုက်သည်။ သူ လူအချို့ကို သွားရောက် ပြောဆိုခဲ့ပြီး ဖြစ်သော်လည်း အားလုံးက ငြင်းပယ်ခဲ့ကြသည်။ မည်သူကမျှ ကိုယ့်ပြဿနာကိုယ်မရှာချင်ကြ။ ပြီးတော့ ဤ နှစ်တစ်ရာပြည့် ညီလာခံကြီးကို လက်လွတ်မခံချင်ကြသူများ အများအပြား ရှိနေလောက်သည်။ ကိုယ်ရေးကိုယ်တာ ကိစ္စသာ မရှိလျှင် သူလည်း ချန်ရွှင်ထံသို့ လာရောက်ပြီး အကူအညီ တောင်းခံမည် မဟုတ်ပေ။ ဆေးပင်များကို တစ်နှစ်ခန့် ပစ်ထားလိုက်ရုံဖြင့် ပြဿနာကြီးကြီးမားမား မဖြစ်နိုင်ပေ။
“ရွှီအစ်ကိုကြီး... ဒါဆို ဆေးဋ္ဌာနကို သွားကြစို့….”
“ချန်ညီလေး... ကြွပါ…”
ရွှီဝမ်လင်၏ သဘောထား ပြောင်းလဲသွားသည်။ လေသံက ပိုမို၍ ရိုးသားလာပြီး စောစောကကဲ့သို့ တည်ငြိမ်နေသည့် ပုံစံ မဟုတ်တော့ပေ။ နှစ်ရက် ကြာမြင့်ပြီးနောက် ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် ဆေးဋ္ဌာနမှ လူများနှင့်အတူ ချူရွှမ် ဆေးဥယျာဉ်ကို အတွင်းအပြင် စေ့စပ်သေချာစွာ စစ်ဆေးလိုက်ကြသည်။ ယခုအချိန်တွင် သူတို့သည် ဆေးပင် စိုက်ပျိုးခြင်းနှင့် ပတ်သက်၍ အတော်လေး ကျွမ်းကျင်နေပြီ ဖြစ်သည်။ ယခု သေချာ မစစ်ဆေးထားလျှင် နောင်တစ်ချိန် ပြဿနာ တစ်စုံတစ်ရာ ဖြစ်လာပါက သူတို့ ခေါင်းပေါ် ရောက်လာနိုင်သည်။ ကိစ္စတိုင်းတွင် သတိထားခြင်းက မမှားပေ။
ရွှီဝမ်လင်နှင့် ဆေးဋ္ဌာနမှ အကြီးအကဲများ ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြသည်။ ဤလူနှင့် နွားက သတိကြီးလွန်းလှသည်။ ရောင်ပြန်မဟာအစီအရင် ရှိနေသည် ဖြစ်ရာ ဆေးပင်များ ဘာဖြစ်နိုင်မည်နည်း။
“ရွှီအစ်ကိုကြီး... စိတ်ချလက်ချ သွားပါ... ဒီနေရာက ဂူတွေကို အစီအရင်နဲ့ထိန်းချုပ်ထားတယ်... ကျွန်တော်တို့ လုံးဝ သွားမထိပါဘူး…”
“မွန်း...”
“ကောင်းပြီ... ကျေးဇူးတင်ပါတယ် ချန်ညီလေး…”
ရွှီဝမ်လင် လက်သီးဆုပ် ဦးညွှတ်ပြီး တည်ငြိမ်စွာ ပြောလိုက်သော်လည်း မျက်နှာ အမူအရာက ဘာမှ ပြောင်းလဲခြင်း မရှိပေ။ နောက်ထပ် နှစ်ရက် ကြာသောအခါ ဆေးဋ္ဌာနတွင် လွှဲပြောင်းရယူခြင်း ကိစ္စရပ်များ ပြီးစီးသွားပြီးနောက် ရွှီအစ်ကိုကြီး ထွက်ခွာသွားခဲ့သည်။ အရန်တံဆိပ်ပြား တစ်ခုနှင့် ဆက်သွယ်ရေး အဆောင် တစ်ခုကို သူ့ကိုပေးခဲ့၏။
ချူရွှမ် ဆေးဥယျာဉ်၏ အလယ်ဗဟိုတွင် ကန်ကြီး တစ်ကန် ရှိသည်။ မှန်တစ်ချပ်လို ကန်ရေပြင်သည် ကြည်လင်တောက်ပနေပြီး ကောင်းကင်ပြာနှင့် တိမ်ဖြူဖြူတို့၏ အရိပ်များ ထင်ဟပ်နေသည်။ ကန်ထဲတွင် နေရာအနှံ့ ဆေးပင်များ ပေါက်ရောက်နေသည်။ ဤနေရာရှိ ဆေးပင်များသည် သူတို့၏ ဆေးဥယျာဉ်ရှိ ဆေးပင်များနှင့် လုံးဝ မတူညီပေ။ သို့သော် အရေအတွက်ကတော့ တူညီသည်။ နည်းပါးသော်လည်း ရှားပါးသည်။ ကမ်းစပ်တွင် လေတိုက်တိုင်း ယိမ်းနွဲ့နေသော မိုးမခပင်များ တိတ်ဆိတ်စွာ ရှိနေကြသည်။ လေပြေသည် အပြာရောင် ရေမျက်နှာပြင်ကို တိုက်ခတ်သွားပြီး လှိုင်းကြပ်ခွပ်လေးများ ထသွားရာ စိတ်နှလုံးကို အလွန်အမင်း ကြည်နူးလန်းဆန်းစေသည်။
ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် ကန်ဘောင်ပေါ်တွင် ရပ်လျက် အဝေးကို လှမ်းမျှော်ကြည့်နေကြသည်။ နှစ်ယောက်သား သဘောကျစွာ ပြုံးလိုက်ကြသည်။
“နွားကြီး... ဒီက မျိုးစေ့ တချို့ကိုလည်း ပျိုးထောင်ထားရအောင်... နောက်ကျရင် သေချာပေါက် အသုံးဝင်လာမှာ…”
ချန်ရွှင် လက်နောက်ပစ်လျက် ရပ်နေပြီး အသက်ပြင်းပြင်း ရှူလိုက်ကာ ဇိမ်ခံနေ၏။ နွားနက်ကြီးကလည်း အမြီးကို တဖျတ်ဖျတ် ယမ်းလိုက်သည်။ စိတ်ရောကိုယ်ပါ တည်ငြိမ်လွန်းနေ၏။ သူက ရှုခင်း ကြည့်ရတာကို သဘောကျသည်။ အထူးသဖြင့် ချန်ရွှင်နှင့် အတူတူဆိုလျှင် ပိုကြိုက်သည်။
“နွားကြီး... ခဏလောက် စောင့်ကြည့်လိုက်ဦး... ဘာမှ မလုပ်နဲ့ဦး... ငါတို့က အကျိုးပြုအမှတ် ယူထားတာဆိုတော့ ဆေးဥယျာဉ်ကို သေချာ ဂရုစိုက်ပေးရမှာပေါ့…”
“မွန်း...”
ချန်ရွှင်နှင့် နွားနက်ကြီးတို့ အလုပ်ရှုပ်လာကြသည်။ နောက်ပိုင်း နေ့ရက်များတွင် သူတို့ နေ့တိုင်း ဤနေရာသို့ လာကြသည်။ ဆေးပင်များသာမက ပန်းမန် သစ်ပင်များကိုပါ သေချာ ဂရုစိုက်ပေးလိုက်သည်။ မူလအတိုင်း ထိန်းသိမ်းထားလျှင် ရပြီ ဖြစ်သည်။ ဆောင်းကုန်၍ နွေကူးလာကာ မျက်စိတစ်မှိတ် အတွင်း တစ်နှစ် ကုန်ဆုံးသွားခဲ့သည်။ သူတို့ သက်တမ်းအမှတ်များကို မူလစွမ်းအင်တွင် ပေါင်းထည့်လိုက်သည်။ ယနေ့တွင် ဝူယွင်ဂိုဏ်း၏ အရှိန်အဝါက အတော်ပင် ကြီးမားလှသည်။ ဧရာမ လှေပျံကြီးများ နှင့် ဝိညာဉ်သားရဲများ ကောင်းကင်တွင် ပျံဝဲနေကြသည်။ ရောင်စုံ သက်တံ့ရောင် အလင်းတန်းများက ကျောက်စိမ်းဝါးတောင်တန်းကို လင်းထိန်တောက်ပ နေစေသည်။ တံခါးပိတ် ကျင့်ကြံနေသော အဆင့်မြင့်ကျင့်ကြံသူများမှလွဲလျှင် ကျန်ရှိသော ရွှေအမြူတေအဆင့် အဆင့်မြင့်ကျင့်ကြံသူ အားလုံး နေရာအနှံ့တွင် ရပ်နေကြသည်။ တပည့် အချို့သည် ဂိုဏ်း၏ လှေပျံကို စီးနင်းကာ စီနီယာများနှင့်အတူ လိုက်ပါသွားကြသည်။
“ဝုန်း... ဝုန်း...”
ကောင်းကင်တွင် ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်နေသည်။ မရေမတွက်နိုင်သော တပည့်များသည် တောင်တန်း နေရာအနှံ့တွင် ရပ်နေကြသည်။ သူတို့၏ မျက်လုံးထဲတွင် အားကျမှုများ ပြည့်နှက်နေသည်။ အဘယ်ကြောင့်ဆိုသော် သူတို့မှာ အဆိုပါ လှေပျံများကို စီးနင်းခွင့် မရှိသေးပေ။ လိုက်ပါခွင့် ရရှိသည့် ချီသန့်စင်ခြင်းအဆင့် တပည့် အများစုမှာ အကြီးအကဲများ၏ ဆွေမျိုးသားချင်းများနှင့် အတွင်းစည်း တပည့်များသာ ဖြစ်ကြသည်။ ထိုသူများ၏ အဆင့်အတန်းက မြင့်မားကြပြီး သူတို့နှင့် မတူပေ။
စစ်မှန်သော ဝူယွင်ဂိုဏ်းသားများမှသာ တက်ရောက်ခွင့် ရှိသည်။ ဆိုလိုသည်မှာ စာရင်းဝင်ပြီးသော လူများသာ ဖြစ်သည်။ တောင်ထိပ် တစ်ခုပေါ်တွင် လူရိပ် နှစ်ခု ရှိနေသည်။ သူတို့ ကောင်းကင်ကို မော့ကြည့်ပြီး မျက်လုံးထဲတွင် အပြုံးများ ရှိနေကြသည်။
“နွားကြီး... ငါတို့ ဝူယွင်ဂိုဏ်းက တကယ် မိုက်တာပဲ... ဒီမြင်ကွင်းက ထိပ်သီး ဂိုဏ်းကြီး (၁၀) ဂိုဏ်းလောက် ရှိမှာပဲ…”
ချန်ရွှင် စိတ်ထဲတွင် တိတ်တဆိတ် အားကျနေမိသည်။
“ငါတို့ ဝိညာဉ်ကျောက်တုံး ရှာဖို့ အခွင့်အရေး ရရင် ငါတို့လည်း ယွီရှူမြို့တော်ကို သွားကြမယ်... အဲဒီနေရာက အရမ်း ကြီးမားမှာပဲ... ကျင့်ကြံသူတွေရဲ့ မြို့တော်လေ…”
“မွန်း... မွန်း...”
နွားနက်ကြီး မျက်လုံး ပြူးကျယ်သွားပြီး ကြောင်တောင်တောင်ဖြင့် ခေါင်းကို အဆက်မပြတ် ညိတ်နေသည်။ ဝူယွင်ဂိုဏ်းမှာ နေလာသည်မှာ ဤမျှ ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း ဤကဲ့သို့သော ပွဲကြီးပွဲကောင်းမျိုး ပထမဆုံး အကြိမ် မြင်ဖူးခြင်း ဖြစ်သည်။ နေ့ဝက်ခန့် ကြာသောအခါ ကောင်းကင်တွင် လူများ မကျန်တော့ပေ။ ဧရာမ လှေပျံကြီးများနှင့် ဝိညာဉ်သားရဲများသည် အနောက်ဘက်သို့ ဦးတည်သွားနေသည်။ အပေါ်တွင် ကျင့်ကြံသူများ အပြည့် ရပ်နေကြ၏။ ကြီးမားလှသော ဝိညာဉ်စွမ်းအား လှိုင်းများသည် လေပြင်းများကို ဖြစ်ပေါ်စေသည်။
“ဝုန်း...”
“ဂါး...”
ဧရာမ လှေပျံကြီးများနှင့် ဝိညာဉ်သားရဲများသည် ကောင်းကင်ကို ခွဲထွက်သွားကြသည်။ ဝိညာဉ်စွမ်းအား အကာအကွယ်များ ဖွင့်လိုက်ကြပြီးနောက် အနောက်ဘက်သို့ ဦးတည်ကာ ထွက်ခွာသွားကြတော့သည်။ ငြိမ်သက်နေသော ကောင်းကင်သည် လှိုင်းများထလာပြီး သဲများ ကျောက်ခဲများ လွင့်စင်ထွက်ကုန်သည်။ တောင်ထိပ် အချို့ပေါ်ရှိ မိုးထိအောင် မြင့်မားသော သစ်ပင်ကြီးများသည် လေပြင်းကြောင့် တဝုန်းဝုန်း ယိမ်းထိုးနေကြသည်။ တောင်တန်းများကြားရှိ သားရဲကောင်များပင် ငြိမ်သက်သွားကြပြီး မျက်စိတစ်မှိတ် အတွင်းမှာပင် ပျောက်ကွယ်သွားကြသည်။ ချန်ရွှင်နှင့် နွားနက်ကြီးတို့ တံတွေးကို ဂလုခနဲ မြိုချလိုက်ကြပြီး အချိန်အတော်ကြာမှ သတိပြန်ဝင်လာကြသည်။
“မိုက်တယ်...”
“မွန်း...”
“နွားကြီး... သွားစို့…”
ချန်ရွှင် အနည်းငယ် ပြုံးလိုက်သည်။ နွားနက်ကြီးကို ဆွဲပြီး တောင်အောက် ဆင်းလာခဲ့သည်။ အချိန်ကာလများသည် တိတ်ဆိတ်စွာ ကုန်ဆုံးသွားပြန်သည်။ ကျင့်ကြံခြင်း လောကမှ လူအများအပြား မုန်တိုင်းများကို ဖြတ်သန်းခဲ့ကြရသည်။ ဝမ်းနည်းစရာများ၊ ပျော်ရွှင်စရာများ ကြုံတွေ့ခဲ့ကြရသည်။ သို့သော် မည်သို့ပင် ဖြစ်စေကာမူ လူအများအပြားသည် နှစ်ကာလများ၏ တိုက်စားမှုအောက်တွင် ပိုမို တောက်ပလာခဲ့ကြသည်။
ယခုအခါ ချင်တိုင်းပြည် ညီလာခံကြီး ကျင်းပခဲ့သည်မှာ နှစ်ပေါင်း (၅၀) ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ကျင့်ကြံခြင်း လောက တစ်ခုလုံးတွင် တင်းမာမှုများ ပြင်းထန်နေပြီး အရာရာကို ပြင်ဆင်နေကြပုံ ရသည်။ ဂိုဏ်းအသီးသီးသည် နေရာအနှံ့သို့ ရောက်ရှိနေသော သူတို့၏ ကျင့်ကြံသူများကို အကုန် ပြန်ခေါ်ထားကြသည်။ ဝူယွင်ဂိုဏ်းသည် လက်နက်များကိုလည်း အသည်းအသန် ပြင်ဆင်နေကြသည်။ အဆင့်မြင့်ကျင့်ကြံသူ အားလုံး တံခါးပိတ် ကျင့်ကြံရာမှ ထွက်လာကြသည်။ လွန်ခဲ့သော နှစ်အနည်းငယ်က တောင်ကို တရားဝင်ပိတ်ကြောင်းကြေညာခဲ့သည်။ ဝင်ခွင့်သာ ရှိပြီး ထွက်ခွင့် မရှိတော့ပေ။
ချင်တိုင်းပြည် တစ်ခုလုံး အလွန် တင်းမာသော အခြေအနေ တစ်ခု လွှမ်းမိုးထားသည်။ သာမန် လူသားကမ္ဘာကြီးသည်လည်း ကြီးမားသော စစ်ပွဲကြီး ဖြစ်ပွားတော့မည့် ပုံစံကြောင့် စိုးထိတ်နေကြရသည်။ နေရာတိုင်းတွင် နတ်ဘုရားများအား အောက်မေ့တသခြင်း၊ ဘုရားစာ ရွတ်ဖတ်ခြင်း၊ ဆုတောင်းခြင်းများ ပြုလုပ်နေကြသည်။ ဝူယွင်ဂိုဏ်း၏ ရေပူစမ်းဆေးဥယျာဉ် အတွင်းတွင်တော့ နွားနက်ကြီးက ပစ္စည်းများ သိမ်းဆည်းပြီးသွားပြီဖြစ်သည်။ ဤအခြေအနေအရ သေချာပေါက် စစ်တိုက်တော့မည်။ သူတို့ စစ်မြေပြင် ဝင်ဖို့ အဆင်သင့် ဖြစ်နေပြီ။
ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် သက်တမ်းအမှတ်များကို မူလစွမ်းအင်နှင့် အမြန်နှုန်းတွင် ပေါင်းထည့်လိုက်သည်။ သူတို့၏ လက်ရှိ သက်တမ်းအမှတ်များမှာ - ခွန်အား ၂၁၊ အမြန်နှုန်း ၄၄၊ မူလစွမ်းအင် ၅၀၊ ဝိညာဉ်စွမ်းအား ၅၁၊ ခံစစ်စွမ်းရည် ၅၀ ဖြစ်သည်။