← Chapters

အနက်ရောင် လိပ်ပုံ ပေါ်လာခြင်

Vol. 1-5 Ch. 71

အနက်ရောင် လိပ်ပုံ ပေါ်လာခြင်

Vol. 1-5 Ch. 71

အခန်း (၇၁) : အနက်ရောင် လိပ်ပုံ ပေါ်လာခြင်း

ရေတွေ…

ထိုအခါကျမှ ရှန်ထျန်း သဘောပေါက်သွား၏။

ဒါဆို ငါက မွေးရာပါ ရေဓာတ် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတယ် ဆိုတဲ့ သဘောလား… ငါလေး တအားတွေ သဘောကောင်း သည်းခံနိုင်တာလည်း မထူးဆန်းတော့ပါဘူး… ငါလေးက ရေလိုပဲ အေးချမ်းကြည်လင်နေတာ ဖြစ်မယ်…

ရှန်ထျန်းက တစ်ချက် ပြုံးကာ ဆက်ကျင့်ကြံလိုက်၏။ သူက နတ်မိုးကြိုးငါးပါး ကျင့်စဉ်၏ ရေမိုးကြိုးကျင့်စဉ်အပေါ်ကို အာရုံစိုက်၍ လေထုထဲမှ ဝိညာဉ်ချီများကို စတင်စုပ်ယူလိုက်သည်။

ဝိညာဉ်ကျောက်တုံးတွေ၏ ဝိညာဉ်ချီများမှာ လျင်မြန်စွာ စုပ်ယူခံနေရသည်။ ထို့နောက် ရှန်ထျန်းနဖူးပေါ်မှ ရွှေရောင်အမှတ်အသားက စတင်တောက်ပလာ၏။ တစ်ချိန်တည်းဆိုသလို သူ့ကျောက်ကပ်ထဲရှိ ရှေးဦးအဆီအနှစ် လေးလံရေစင်ကလည်း နိုးထလာလေသည်။

ရှန်ထျန်း စုပ်ယူလိုက်သော ဝိညာဉ်ချီများက သူ့ခန္ဓာကိုယ်အနှံ့ လျင်မြန်စွာ ပျံ့နှံ့သွားသည်။ ထို့နောက် ရှန်ထျန်း၏ နဖူးဆီမှ ရွှေရောင်လျှပ်စီးကြောင်း တစ်ခု ပွင့်ထွက်လာပြီး စုပ်ယူထားသည့် ဝိညာဉ်ချီတို့နှင့် ပေါင်းစပ်ရောနှောသွားလေ၏။ သူ့ကိုယ်ထဲမှ ရှေးဦးအဆီအနှစ် လေးလံရေစင်ကလည်း ထိုနည်းတူစွာပင် တုံ့ပြန်ချက်ပေးနေသည်။

သိပ်မကြာမီ ဤဝိညာဉ်ပစ္စည်း နှစ်မျိုးက ပေါင်းစပ်သွားကာ အနက်ရောင်မိုးကြိုးလှိုင်းတွေက ရှန်ထျန်းအား ဝန်းရံသိုင်းခြုံလာသည်။

ဝိညာဉ်ချီတွေ ထပ်လိုသေးတယ်… နောက်ထပ် အများကြီး ထပ်လိုသေးတယ်…

ဝိညာဉ်ကျောက်တုံး တစ်သောင်းကို ခန်းမင်လက်စွပ်ထဲမှ ထုတ်ယူပြီးနောက် ဆက်လက် ကျင့်ကြံလိုက်သည်။ ထိုအခါ ဝိညာဉ်ချီများက တစ်လှိုင်းပြီး တစ်လှိုင်း ရှန်ထျန်းကိုယ်ထဲ အလုံးလိုက် အရင်းလိုက် တိုးဝှေ့ဝင်ရောက်လာကြ၏။

အစပိုင်း၌ အရင်ကလိုမျိုး ချီဖောက်ပြန်သွားမှာကို ရှန်ထျန်း စိုးရိမ်နေမိသည်။ သို့သော် တဖြည်းဖြည်းနှင့် ဘာအန္တရာယ်မှ မရှိမှန်း သူ သဘောပေါက်လာသည်။

သိသာစွာပင် အခုလို ပုံမှန်အတိုင်း သူ ကျင့်ကြံနိုင်သည်မှာ သူ့အစိမ်းရောင် ရောင်ဝါစက်ဝန်းလေးကြောင့် ဖြစ်၏။ အနည်းဆုံးတော့ ရေမိုးကြိုးကို အလွယ်တကူ ကျွမ်းကျင်တတ်မြောက်နိုင်ကြောင်း ရှန်ထျန်း ခံစားမိသည်။

လောလောဆယ်တွင် ဘာမှ စိုးရိမ်စရာ မရှိသဖြင့် ရှန်ထျန်းက ကျင့်ကြံခြင်းထဲကိုသာ အာရုံစိုက်ထားလိုက်သည်။ သူ့နဖူးကနေ လျှပ်စီးကြောင်းတို့ အဆက်မပြတ် ပွင့်ထွက်နေဆဲ ဖြစ်ကာ သူ့အရေပြားပေါ်တွင် ငွေရောင်အရည် တစ်မျိုးက ဖြစ်တည်လာသည်။

ကွေ့ကုန်းကုန်းနှင့် ချင်ကောင်းတို့က ရွှေရောင်နှင့်ငွေရောင် အလင်းတန်းတို့ဆီကနေ ထုတ်လွှင့်နေသော၊ မွန်းကျပ်ကာ အသက်ရှူရခက်စေသည့် စွမ်းအင်ဖိအားကို ခံစားမိကြသဖြင့် ရှန်ထျန်းအား နတ်ဘုရားတစ်ပါးအလား လေးစားတကြီး ကြည့်လိုက်ကြ၏။ စွမ်းအင်၏ အရည်အသွေးက အင်မတန်ကို ပြင်းထန်လွန်းသည် မဟုတ်ပါလော။

ဝိညာဉ်ကျောက်တုံးများ စွမ်းအင်တွေ ကုန်ဆုံးသွားပြီး ဖုန်မှုန့်ဘဝသို့ ကွဲကြေသွားတာ များလေလေ၊ ရှန်ထျန်း၏ အရှိန်အဝါက ပိုပိုပြီး ကြီးထွားလာလေလေပင်။

ဤသို့ဖြစ်ရသည့် အကြောင်းအရင်းများမှာ တစ်ခုက ချီသန့်စင်ခြင်းကျင့်စဉ် ဖြစ်ကာ နောက်တစ်ခုက ကိုယ်ထည်မာကျင့်စဉ် ဖြစ်သည့်  ရှန်ထျန်း၏ နတ်မိုးကြိုးငါးပါးကျင့်စဉ်နှင့် မီးစာကျမ်းတို့ကြောင့် ဖြစ်သည်။

အံ့သြစရာကောင်းစွာ ယင်ယန်ဓာတ်နှောနတ်မိုးကြိုးက ရှေးဦးအဆီအနှစ် လေးလံရေစင်နှင့် သဟဇာတဖြစ်ကာ လိုက်ဖက်ညီနေလေ၏။

ကျင့်စဉ်နှစ်ခုက တစ်ခုနှင့်တစ်ခု ကူညီထောက်ပံ့နေကြသည်ဟု ရှန်ထျန်း ခံစားမိလိုက်သည်။ ချက်ချင်းဆိုသလို ကိုယ်ထည်မာ စတုတ္ထအဆင့်၏ အထွတ်အထိပ်နားသို့ သူ ရောက်ရှိသွားသည်။ ထို့နောက် ကိုယ်ထည်မာ ပဉ္စမအဆင့်သို့ ဝင်ရောက်သွားပြန်သည်။

သူ့ချီသန့်စင်ခြင်း ကျင့်ကြံဆင့်မှာကား ပို၍ပင် တိုးတက်နှုန်း မြန်နေသေးသည်။

(၁)ဆင့်မြောက် ချီသန့်စင်ခြင်းအဆင့်…

(၂)ဆင့်မြောက် ချီသန့်စင်ခြင်းအဆင့်…

(၃)ဆင့်မြောက် ချီသန့်စင်ခြင်းအဆင့်…

(၄)ဆင့်မြောက် ချီသန့်စင်ခြင်းအဆင့်…

(၅)ဆင့်မြောက် ချီသန့်စင်ခြင်းအဆင့်…

ခြောက်နာရီတည်းဖြင့်  ရှန်ထျန်းသည် (၅)ဆင့်မြောက် ချီသန့်စင်ခြင်းအဆင့် အထိ ရောက်ရှိသွား၏။

ဒီသတင်းသာ ပေါက်ကြားသွားပါက လူတွေ အကုန်လုံး အံ့သြသွားကြပေလိမ့်မည်။

ရှန်ထျန်း မီးစာကိုယ်ထည်မာ ကျင့်စဉ်ကို စတုတ္ထအဆင့်ထိ ရောက်အောင် ကျင့်ကြံပြီးစဉ်က သူ့ကိုယ်ကာယခွန်အား တစ်ခုတည်းနှင့်ပင် သူက (၉)ဆင့်မြောက် ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူကို ရင်ဆိုင်နိုင်နေပြီ ဖြစ်သည်။

အခု သူ့ဆီတွင် ဝိညာဉ်ကျောက်တုံးလည်း လုံလုံလောက်လောက် ရှိသည်။ ယင်ယန်ဓာတ်နှော နတ်မိုးကြိုးဆီမှ အားမြှင့်မှုတစ်ခုလည်း ရရှိထားသည်။ ရှေးဦးအဆီအနှစ်လေးလံရေစင်လည်း ရှိနေသည်။ ထို့ကြောင့် ရှန်ထျန်းက တရှိန်ထိုး တိုးတက်သွားလေတော့သည်။

ကွေ့ကုန်းကုန်းနှင့် ချင်ကောင်းတို့မှာ သူတို့ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် အံ့သြဆွံ့အနေကြသည်။

ဒါ ဘာကြီးလဲ… စိတ်ဓာတ်ကျမိတယ်…

အရှေ့ပိုင်းလွင်ပြင်မှာ ကျင့်ကြံနှုန်း အမြန်ဆုံး ကျင့်စဉ်က ဟရူးဂါနတ်ဆိုးကျမ်း မဖြစ်သင့်ဘူးလား…

ဘာဖြစ်လို့ မင်းသားလေးက လွယ်လွယ်လေးနဲ့ ကျင့်ကြံဆင့်တွေ မြန်မြန် တက်သွားရတာလဲ…

တခြားကျင့်ကြံသူတွေဆို ကျင့်ကြံဆင့်လေး တစ်ဆင့် တက်ဖို့အတွက်ကို လတွေ၊ နှစ်တွေ အကြာကြီး စောင့်နေရတာလေ… ဒါကို ငါတို့မင်းသားလေးက ဝိညာဉ်ကျောက်တုံးတွေကို သုံးချင်လာတဲ့အချိန်မှာ သူ့စိတ်တိုင်းကျ သုံးလိုက်တာနဲ့ ကျင့်ကြံဆင့်တွေ တစ်ဆင့်ပြီးတစ်ဆင့် လွယ်လွယ်လေး တက်သွားပါကောလား… ဒါကြီးက တခြားသူတွေအတွက် မတရားဘူးလားလို့… သူများတွေသာ ဒီအကြောင်းကို သိရင် ချီဖောက်လွဲဖောက်ပြန်တောင် ခံစားသွားရလောက်တယ်…

ရှန်ထျန်းလိုမျိုး အမြန်နှုန်းနှင့် အဘယ်ကြောင့် မကျင့်ကြံနိုင်ရသနည်းဟု ကွေ့ကုန်းကုန်းနှင့် ချင်ကောင်းတို့က သူတို့ဘဝကြီးကို သူတို့ မေးခွန်းထုတ်နေကြလေ၏။

.....................

ရှန်ထျန်းကတော့ ကျင့်ကြံနေဆဲပင်။ သူ့ကိုယ်ကို အနက်ရောင် လျှပ်စီးကြောင်းတို့က ဖုံးအုပ်သိုင်းခြုံထားသည်။

လုံးဝကို မည်းနက်နေသည့် မိုးကြိုးလျှပ်စီးကြောင်း ဖြစ်သည်။

အနက်ရောင်က ဓာတ်ကြီးငါးပါးအနက် ရေဓာတ်၏ အရောင်ကို ဖော်ညွှန်းသည်။ သို့ဖြစ်၍ “လိပ်နက် နဝမ နတ်မိုးကြိုး (ရေ)” ကျင့်စဉ်အတွက် အရောင်သည် အနက်ရောင် ဖြစ်သည်မှာ ပုံမှန်ပင်။

ရှန်ထျန်းကို ကြည့်ရသည်မှာ ကမ္ဘာမြေပေါ်သို့ ဆင်းသက်လာသည့် မိုးကြိုးနတ်ဘုရား တစ်ပါးနှင့်ပင် တူနေလေသည်။ တစ်ခုတည်းသော ပြဿနာမှာ သူက… အရမ်းအရမ်းကို ချောမောခန့်ညားနေခြင်း ဖြစ်သည်။

သူ့ရုပ်ရည်တွေကို ခဏခေါက်ထားလိုက်ပါလေ… လောလောဆယ် ပိုပြီး အရေးကြီးသည်မှာ ဒီလိပ်နက် နဝမ နတ်မိုးကြိုး (ရေ) ကျင့်စဉ်ကို တတ်ကျွမ်းဖို့ နည်းနည်းပဲ လိုတော့သည်ဟု ရှန်ထျန်းက ခံစားမိလိုက်ခြင်း ဖြစ်၏။

နတ်မိုးကြိုးငါးပါးကျင့်စဉ်၏ မိုးကြိုးဆယ်မျိုးလုံးက ယင်ယန်ဓာတ်နှော နတ်မိုးကြိုး၏ အခွဲများ ဖြစ်ကြသည်။

ကောင်းကင်ဝိညာဉ်ပြခန်း၌ ယင်ယန်ဓာတ်နှော မူလနတ်မိုးကြိုး၏ ပမာဏအများအပြားကို ရှန်ထျန်းက ဝါးမြိုစုပ်ယူပြီးပြီ ဖြစ်လေရာ အခု သူ လိပ်နက်ကျင့်စဉ်ကို ကျင့်ကြံသောအခါ မူလနတ်မိုးကြိုးက များစွာသော မိုးကြိုးချက်တွေကို သူ့အလိုအလျောက် ထုတ်လုပ်ပေးနေလေ၏။

ရှန်ထျန်းဆီတွင် ဝိညာဉ်ချီ အလုံအလောက် ရှိသရွေ့ သူက လိပ်နက်နဝမနတ်မိုးကြိုး (ရေ) ကျင့်စဉ်ကို အားစိုက်ထုတ်စရာ မလိုဘဲ အသုံးပြုနိုင်ပေသည်။

တခြားကျင့်ကြံသူများအတွက် အခက်ခဲဆုံး ပြဿနာက ရှန်ထျန်းအတွက်ကျ အလွန်လွယ်ကူနေ၏။

ဒါဆို… ငါသာ တော်တော်လေး အားကောင်းနေမယ်ဆိုရင် နတ်မိုးကြိုးငါးပါးကျင့်စဉ်ကို ငါကြိုက်သလို သုံးနိုင်တယ်ဆိုတဲ့ သဘောလား…

ရှန်ထျန်းတစ်ယောက် အပျော်လုံးဆို့သွားသည်။ အနက်ရောင် ရောင်ဝါစက်ဝန်းကို ပျောက်သွားအောင် လုပ်နိုင်ပြီးကတည်းက သူ့ဆီကို ကောင်းတာတွေပဲ ရောက်လာပုံပေါ်သည်။

သူက အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ဟစ်ကြွေးလိုက်သည် “လိပ်နက်… ပေါ်လာစေ…”

နတ်မိုးကြိုးငါးပါး ကျင့်စဉ်ဖြင့် ဓာတ်ကြီးငါးပါး အစောင့်အရှောက်များ၏ ပုံရိပ်သဏ္ဍာန်များကို ဖွဲ့စည်းဖြစ်ပေါ်စေနိုင်သည်။

ထို့ကြောင့်လည်း ကျန်းယွင်ရှီးက ကျားဖြူသဏ္ဍာန် မိုးကြိုးပုံရိပ်ကို ဆင့်ခေါ်ယူနိုင်ကာ သူမနှင့် အဆင့်တူတွေထဲတွင် ပြိုင်ဖက်ကင်း ဖြစ်နေခြင်း ဖြစ်သည်။

လိပ်နက် နဝမ နတ်မိုးကြိုး ကျင့်စဉ်သည် ဓာတ်ငါးပါးမိုးကြိုး၏ တစိတ်တပိုင်း ဖြစ်လေရာ သူ့မှာလည်း သူ့ကိုယ်ပိုင် ပုံရိပ်သဏ္ဍာန် ရှိလေသည်။ ထိုအရာမှာ အနက်ရောင်လိပ်တစ်ကောင် ဖြစ်သည်။ ထိုလိပ်သဏ္ဍာန်ကို ကာကွယ်ခြင်းအတွက်နှင့် ဖိအားပေးရန်အတွက် အဓိက အသုံးပြုကြသည်။ တစ်နည်းအားဖြင့် ဆိုရလျှင် ပုံရိပ်သဏ္ဍာန်က ရှန်ထျန်းကို ကာကွယ်ပေးနိုင်ပြီး သူခံရမည့် တိုက်ခိုက်အားကိုလည်း လျော့ချပေးနိုင်သည်။ ထို့ထက် ထိုသဏ္ဍာန်က ဖျက်စီးမရနိုင်သည့် သံချပ်ကာတစ်ခု အဖြစ် အသွင်ပြောင်းနိုင်လေသည်။

ဤလိပ်သဏ္ဍာန် မိုးကြိုးပုံရိပ်သည် ပြိုင်ဖက်ကို ဖိနှိပ်ချုပ်ချယ်ထားခြင်းနှင့် မိစ္ဆာများကို ပိတ်လှောင်ထားခြင်းတို့တွင် အစွမ်းအထက်ဆုံး ဖြစ်သည်။ ရှေးအခါကတည်းက လိပ်နက်က မိစ္ဆာများကို ပိတ်လှောင်ထားပေးခဲ့လေသည်။

ရှန်ထျန်းက လိပ်နက် နဝမ မိုးကြိုး ကျင့်စဉ်ကို ကျွမ်းကျင်သွားပြီဟု ခံစားမိသဖြင့် လောလောဆယ် သူလုပ်ရမည်မှာ အနက်ရောင်လိပ်တစ်ကောင်၏ ပုံသဏ္ဍာန် ပေါ်လာအောင် အာရုံစိုက် ဖွဲ့စည်းရန် ဖြစ်သည်။

သူက ခပ်ကျယ်ကျယ် အော်လိုက်၏။ ထိုအခါ သူ့ကိုယ်ကို သိုင်းခြုံနေသော အနက်ရောင်လျှပ်စီးကြောင်းများက ပြင်းပြင်းထန်ထန် တုန်ခါလာကြသည်။ သူ့ခန္ဓာကိုယ်ထဲတွင် ထူးခြားဆန်းကြယ်သော စွမ်းအင်တစ်ခု အသက်ဝင် နိုးထလာသည်ကို သူ ခံစားလို့ရသည်။ ဒီစွမ်းအင်က ခွန်အားတွေ၊ ဓမ္မစွမ်းအားတွေနှင့် လုံးလုံး မတူဘဲ ကမ္ဘာလောက၏ အမှန်တရားကို ကိုယ်စားပြုနေသည့်အလား ထင်မှတ်ရပေသည်။

သိပ်မကြာခင်မှာ အနက်ရောင်အလင်းတန်း တစ်ခုက ရှန်ထျန်းခေါင်းပေါ်၌ ပေါ်လာလေ၏။ အလင်းတန်းသည် ဧရာမကြီးမားသော အင်အားတွေကို သယ်ဆောင်လာကာ အနက်ရောင်သတ္တဝါ တစ်ကောင်၏ ပုံသဏ္ဍာန်အဖြစ် ဖြည်းဖြည်းချင်း ဖြစ်တည်နေသည်။ ထိုပုံသဏ္ဍာန်က ရှန်ထျန်းခေါင်းပေါ်တွင် အတည်တကျ ဖြစ်သွားသည်နှင့် သူ့တကယ့် ပုံသဏ္ဍာန်အမှန် ပေါ်လာလေ၏။ ထိုအရာမှာကား နဝမ နတ်မိုးကြိုး၏ ပုံရိပ်သဏ္ဍာန် ဖြစ်သော အနက်ရောင် လိပ်တစ်ကောင် ဖြစ်၏။

ရှန်ထျန်း ခေါင်းပေါ်မှာ ပေါ်လာသည့် ပုံရိပ်သဏ္ဍာန်ကို မြင်လိုက်ရသောအခါ ကွေ့ကုန်းကုန်းကော ချင်ကောင်းပါ အံ့သြမှင်သက်သွားလေသည်။

ပါးစပ်အဟောင်းသား ဖြစ်နေသည့် ထိုနှစ်ယောက်ကို ကြည့်ကာ ရှန်ထျန်းက ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်၏ “ဘာလဲ… အခုတော့ ဦးလေးတို့ ကျွန်တော့်ရဲ့ အရည်အချင်းတွေကို လေးစားနေပြီမလား… ဟား ဟား…”

ကွေ့ကုန်းကုန်းက အထစ်ထစ် အငေါ့ငေါ့ဖြင့် ဖြည်းဖြည်းချင်း ပြောလိုက်သည် “ဟုတ်ပါတယ်… အရှင့်သားက ကျင့်ကြံခြင်းမှာ ပါရမီ တကယ်ပါတာပဲ… ကျွန်တော်မျိုးတို့ အားလုံး အရမ်းကို အထင်ကြီးလေးစားမိပါတယ်… ဒီအကြောင်းကို သခင်မသာ သိရင် သိပ်ပျော်သွားရှာမှာပါ”

ရှန်ထျန်းက ခပ်ပြုံးပြုံးနှင့် ခေါင်းတငြိမ့်ငြိမ့် လုပ်နေသည်။

ထိုအချိန်မှာပဲ ချင်ကောင်းက ကြေးမုံကို အသာအယာ ထုတ်ယူကာ ရှန်ထျန်းအား ပေးလိုက်ပြီး “အရှင့်သား… ကိုယ့်ဘာသာကိုယ် ကြည့်ကြည့်လိုက်ပါဦး”

ဟင်… ဘာလဲ… ကျင့်ကြံလိုက်လို့ ငါလေး ပိုချောလာလို့လား…

ရှန်ထျန်းက ကြေးမုံထဲသို့ ကြည့်ကြည့်လိုက်သည်။

သူ့ရုပ်ရည်က ဘာမှ ထူးထူးခြားခြား ပြောင်းလဲသွားပုံ မပေါ်သော်လည်း သူ့ခေါင်းပေါ်က သူဖွဲ့စည်းထားသည့် ပုံရိပ်သဏ္ဍာန်ကို မြင်သောအခါ ရှန်ထျန်းတစ်ယောက် မူးမေ့လဲတော့မလိုတောင် ဖြစ်သွားရ၏။

All Chapters