အခန်း (၈၇-၈၈)
Vol. 5 Ch. 87-88
အခန်း (၈၇)
သူနှင့် နွားနက်ကြီးတို့၏ မူလစွမ်းအင်ကို ပေါင်းစပ်လိုက်ပါက ယခုအခါတွင် တစ်လလျှင် နှစ်ပေါင်း (၂၅၀) သက်တမ်းရှိသော ဝိညာဉ်ဆေးပင် တစ်ပင်ကို ပျိုးထောင်နိုင်ပြီဖြစ်ရာ နှစ်ထောင်ချီ သက်တမ်းရှိသော ဆေးပင်များကို ရရှိရန်မှာ အိပ်မက်တစ်ခု မဟုတ်တော့ပေ။ အခြေခံ ဓာတ်ငါးပါး ကိုယ်ဖော့ပညာနှင့် ဓာတ်ငါးပါး အရိပ်သိုင်းတို့သည် အမြန်နှုန်းနှင့် ဝိညာဉ်စွမ်းအားတို့၏ အားဖြည့်ပေးမှုကြောင့် ပြီးပြည့်စုံစွာ ပေါင်းစပ်သွားခဲ့ပြီ ဖြစ်သည်။ သူတို့၏ လက်ရှိ အမြန်နှုန်းသည် မည်မျှအထိ ရှိနေပြီကို သူတို့ကိုယ်တိုင်ပင် မသိရှိကြတော့ပေ။ ဝူယွင်ဂိုဏ်းအတွင်း၌ စမ်းသပ်ရန် မဖြစ်နိုင်သောကြောင့် ဖြစ်သည်။ စစ်မြေပြင်တွင် သူတို့သည် ရွှေအမြူတေအဆင့် ကျင့်ကြံသူများနှင့် သွားရောက် ယှဉ်ပြိုင်မည် မဟုတ်ပေ။ လူတစ်ယောက်နှင့် နွားတစ်ကောင်၏ အင်အားသည် စစ်ပွဲကြီးတစ်ခုလုံး၏ အခြေအနေကို ပြောင်းလဲနိုင်စွမ်း မရှိသော်လည်း ထွက်ပြေးလွတ်မြောက်နိုင်စွမ်းတော့ ရှိပေသည်။
ဤအနှစ် (၅၀) ကာလအတွင်း ချန်ရွှင်သည် မီးလုံးပစ်လွှတ်ခြင်းပညာကို စတင် မွမ်းမံခဲ့သည်။ စွမ်းအားသည် မူလကထက် အနည်းငယ်မျှသာ ပိုမို ကြီးမားလာသော်လည်း မျှော်လင့်ချက် ရောင်ခြည်သန်းလာသည်ဟု ဆိုရမည်။ နွားနက်ကြီးသည် အသေးစား အစီအရင် နှစ်ခုကို ထပ်ဆင့်ပုံဖော်နိုင်နေပြီ ဖြစ်ရာ ချန်ရွှင် ထက် များစွာ ပိုမို အောင်မြင်နေပြီး ပထမဆုံး ခြေလှမ်းကို စတင် လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။ ဤကိစ္စကြောင့် ချန်ရွှင်သည် အလွန် ဝမ်းသာပျော်ရွှင်ခဲ့ရပြီး နွားနက်ကြီးသည် တကယ့်ကို ပြိုင်ဘက်ကင်း ပါရမီရှင် ဖြစ်ကြောင်း၊ သူ့ထက် အနည်းငယ်သာ နိမ့်ကျကြောင်း မနားတမ်း ချီးကျူး ပြောဆိုခဲ့သည်။
အရာရာတိုင်းသည် အစပြုရ ခက်ခဲစမြဲပင်။ သူတို့သည် ထိုကိစ္စအတွက် အောင်ပွဲခံခဲ့ကြပြီး တောင်တန်းထဲသို့ သွားရောက်ကာ ဝိဉာဉ်ကြိုးကြာပင်အချို့ကို ခုတ်လှဲခဲ့ကြသလို တောကောင်များကိုလည်း ဖမ်းဆီးခဲ့ကြသည်။ ရွှီဝမ်လင် ပြန်ရောက်လာသောအခါ အလွန် ကျေနပ်အားရသွားခဲ့သည်။ ချန်ရွှင်ညီလေးသည် စေတနာထား လုပ်ကိုင်ပေးခဲ့သည်။ ဆေးဥယျာဉ်သည် အနည်းငယ်မျှ ပြောင်းလဲခြင်း မရှိသလို မထိသင့်သော နေရာများကိုလည်း လုံးဝ မထိတွေ့ခဲ့ပေ။ သူတို့၏ အသိုင်းအဝိုင်းလေးထဲတွင် သတင်းပျံ့နှံ့သွားပြီးနောက် လူအချို့သည် ချန်ရွှင်ထံသို့ ရောက်လာကြသည်။ ကိုယ်ရေးကိုယ်တာ ကိစ္စ ရှိသူတိုင်းသည် ဆေးဥယျာဉ်ကို ကူညီစောင့်ရှောက်ပေးရန် ချန်ရွှင်အား အကူအညီ တောင်းခံလာကြသည်။
အကျိုးပြုအမှတ်များ ရရှိမည်ဆိုပါက ချန်ရွှင်သည် ငြင်းဆန်ခြင်း မရှိဘဲ လက်ခံလေ့ရှိသည်။ ထိုဆေးဥယျာဉ်များထဲမှ ဝိညာဉ်ဆေးပင် မျိုးစေ့များကို ရယူခြင်းမှာမူ အကျိုးအမြတ် ဖြစ်သည်။ မူလသုံးပါးဆေး ဖော်စပ်နည်းကိုလည်း လက်ဝယ်ပိုင်ဆိုင်ထားပြီ ဖြစ်သည်။ အဆင့်နိမ့် ဆေးဖော်နည်းများမှ စတင်ကာ ဖြည်းဖြည်းချင်း လဲလှယ်ခဲ့ပြီး နောက်ဆုံးတွင် အခြေခံတည်ဆောက်ခြင်းအဆင့် ဆေးဖော်နည်းများအထိ ရောက်ရှိလာခဲ့သဖြင့် မည်သူမျှ သံသယ မဝင်ခဲ့ကြပေ။ အကျိုးပြု ခန်းမဆောင်မှ အကြီးအကဲများသည် ခေါင်းခါကုန်ကြသည်။ ဤဂျူနီယာညီလေးသည် အကျိုးပြုအမှတ်များကို အလဟဿ ဖြုန်းတီးပစ်ရန် အမြဲတမ်း ဝါသနာပါနေသည်ဟုသာ ထင်မှတ်ကြသည်။
သို့သော် ထိုဆေးဖော်နည်းတွင် လိုအပ်သော ဆေးပင်များသည် ဂိုဏ်းအတွင်း၌ ရှိနေသည်။ အလွန် ရှားပါးပြီး ဂိုဏ်းပိုင် ဆေးဥယျာဉ် အတွင်း၌သာ ရှိသည်။ ထိုအချိန်က နွားနက်ကြီးသည် ချန်ရွှင်ကို အလွန် လေးစားကြည်ညိုသွားခဲ့ပြီး “မွန်း”ခနဲ အော်မြည်ကာ တုန်လှုပ်ခဲ့ရသည်။ ချန်ရွှင်သည် အလွန်ပင် အမြော်အမြင် ကြီးမားလှပေသည်။ သို့သော် ဆေးဖော်နည်းသာ ရှိပြီး ဆေးဖော်စပ်သည့် ပညာမရှိသဖြင့် ချန်ရွှင်သည် ဖြည်းညှင်းစွာ စမ်းသပ်လေ့လာနေရသည်။ နှစ် (၃၀၀) သက်တမ်းရှိသော အဓိကဆေးပင် နေရာတွင် နှစ် (၅၀၀) သက်တမ်းရှိသော ဆေးပင်ကို အသုံးပြုလိုက်သည်။ သူက အယူသည်းသူ မဟုတ်ပေ။
သူ အကြိမ်ကြိမ် စမ်းသပ်ခဲ့သည်။ အကယ်၍ သာမန် ဆေးမီးတောက်ကို အသုံးပြုပါက ဆေးပင်များ ပျက်စီးသွားပြီး ဆေးလုံး မဖြစ်ပေါ်နိုင်ပေ။ သို့သော် ဝိညာဉ်စွမ်းအား ဖြည့်စွက်ထားသော ဆေးမီးတောက်ဖြင့် ဖော်စပ်လိုက်သောအခါ ဆေးရည်များသည် အလွန် တည်ငြိမ်သွားသည်ကို တွေ့ရှိလိုက်ရသည်။ သို့သော်လည်း သက်တမ်းလွန်ကဲသော ဝိညာဉ်ဆေးပင်များကို အသုံးပြုရန် မဝံ့ရဲသေးပေ။ ဆေးအာနိသင် ပြင်းထန်လွန်းပါက သောက်သုံးပြီးနောက် ကိုယ်ခန္ဓာ ပေါက်ကွဲသေဆုံးသွားနိုင်ပြီး တစ်ဂိုဏ်းလုံး မုန့်ဟင်းခါးစားရမည့် အဖြစ်မျိုး ကျင့်ကြံခြင်းလောကတွင် နေ့စဉ် ဖြစ်ပျက်နေတတ်သည်။
သူနှင့် နွားနက်ကြီးတို့သည် သက်တမ်း ကုန်ဆုံးမည်ကို မပူပန်ရသဖြင့် ကျင့်ကြံခြင်း အဆင့်တက်ရန် အလျင်မလိုကြပေ။ ခြေလှမ်းတိုင်းကို ခိုင်မာအောင် လျှောက်လှမ်းပြီး ကျင့်ကြံမှု တိုးတက်လာတိုင်း သေချာစွာ အာရုံခံစား လေ့လာကြသည်။ ဤဝိညာဉ်ဆေးပင်များ တည်ရှိနေခြင်းသည် ကောင်းကင်ဘုံက သူတို့ကို ပေးသနားသော လက်ဆောင်များဟု မှတ်ယူထားကြသည်။ သို့မဟုတ်ပါက မူလစွမ်းအင် ရှိလျှင်ပင် ဆန်သာရှိပြီး အိုးမရှိသောကြောင့် ထမင်းချက်၍ မရ ဆိုသကဲ့သို့ ဖြစ်နေပေလိမ့်မည်။ ကျင့်ကြံခြင်းသည် ကံတရားကို ဆန့်ကျင်ပြီး ကောင်းကင်ဘုံနှင့် အသက်လုရခြင်း ဖြစ်သော်လည်း ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် ထာဝရအသက်ရှင်သူများ ဖြစ်ကြသဖြင့် ခံယူချက် သဘောထားချင်း ကွဲပြားခြားနားကြသည်။ သူတို့သည် ကောင်းကင်ဘုံကို အလွန် ကျေးဇူးတင်ကြသည်။
ထို မူလသုံးပါးဆေး၏ ဆေးအဆိပ်နှင့် ပတ်သက်၍မူ အစက စိုးရိမ်စရာ ရှိသည့်တိုင် အားဖြည့်ထားသော ဆေးမီးတောက်ဖြင့် သန့်စင်လိုက်သောအခါ ပျောက်ကွယ်သွားခဲ့ပြီး ပြဿနာ များစွာ လျော့နည်းသွားခဲ့သည်။ ချန်ရွှင်သည် ကြီးမားသော လျှို့ဝှက်ချက် တစ်ခုကိုလည်း တွေ့ရှိခဲ့သည်။ အားဖြည့်ထားသော ဆေးမီးတောက်နှင့် သက်တမ်းမြင့်သော ဆေးပင်များကို အသုံးပြုလိုက်ပါက ဆေး၏ အရည်အသွေးသည် အဆမတန် မြင့်တက်လာခြင်း ဖြစ်သည်။ သူ၏ ဆေးဖော်စပ်မှု နည်းစနစ်က ကြမ်းတမ်းသော်လည်း အလယ်အလတ်အဆင့် မူလသုံးပါးဆေးကို ဖော်စပ်နိုင်ခဲ့ပြီ ဖြစ်သည်။ ယင်းက လောလောဆယ်အတွက် လုံလောက်နေပြီ ဖြစ်သည်။ လူဆိုသည်မှာ ရောင့်ရဲတတ်လျှင် ချမ်းသာသည် မဟုတ်ပါလော။
ထို့အပြင် ယွီရှူမြို့တော်၏ လေလံပွဲ ပစ္စည်းစာရင်းတွင် ရတနာ ပစ္စည်းများစွာ ပါဝင်သည်ကို တွေ့လိုက်ရသည်။ ဝိညာဉ်သားရဲများကိုပင် လေလံတင် ရောင်းချကြသည်။ ယင်းက သူတို့၏ ထင်မြင်ယူဆချက်များကို ကျော်လွန်နေပြီး ဗဟုသုတများစွာ တိုးပွားခဲ့ရသည်။ နောင်တစ်ချိန်တွင် သေချာပေါက် သွားရောက် လည်ပတ်မည်ဟု ကျုံးဝါးလိုက်သည်။ ချန်ရွှင်နှင့် နွားနက်ကြီးတို့က ထိုပစ္စည်းစာရင်းကို ကြည့်ပြီး သူတို့ ပိုင်ဆိုင်ထားသကဲ့သို့ ပျော်ရွှင်နေကြသည်။ အရေးအကြီးဆုံး အချက်မှာ နတ်အသိကို ကာကွယ်ပေးနိုင်သော ပစ္စည်းများစွာ ပါဝင်နေခြင်း ဖြစ်သည်။ လက်နက် ကိရိယာများ၊ ထူးဆန်းသော ကုန်ကြမ်းပစ္စည်းများနှင့် ရုပ်ရည် နုပျိုစေသော ပစ္စည်းများ စသည်ဖြင့် ကျင့်ကြံခြင်း လောကသည် ဆန်းကြယ်လှပြီး အဆုံးမဲ့ စိတ်ကူးယဉ်မှုများကို ပေးစွမ်းနိုင်ပေသည်။
ယနေ့...
ရေပူစမ်းဆေးဥယျာဉ် အတွင်းရှိ ဂူထဲမှ ပုဆိန် သွေးနေသော အသံများ ထွက်ပေါ်လာသည်။ ကျောက်တုံးဖြင့် လက်နက်ကို သွေးနေခြင်းမျိုးကို ချန်ရွှင် တစ်ယောက်တည်းသာ ပြုလုပ်နိုင်သည်။
“နွားကြီး... ဒါက စစ်ပွဲမတိုင်ခင် ပြင်ဆင်ခြင်း အခမ်းအနားပဲ... အနာဂတ်မှာ ငါတို့ အောင်ပွဲခံပြီး ပြန်လာမယ့် နိမိတ်ပဲကွ…”
ချန်ရွှင်၏ မျက်နှာမှာ လေးနက်နေပြီး မျက်လုံးများက တလက်လက် တောက်ပနေသည်။ သူသည် တောင်ဖြိုပုဆိန်ကို မနားတမ်း သွေးနေသည်။
“ငါတို့ စစ်မြေပြင်ကို တစ်ခါမှ မရောက်ဖူးသေးဘူး…”
“မွန်း... မွန်း...”
နွားနက်ကြီးသည် စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ပြီး ခွာများဖြင့် မြေကြီးကို ယက်နေသည်။ သူလည်း သံသတ္တု အဆီအနှစ်ဖြင့် ပြုလုပ်ထားသော ဓားပြ ဓားအစုံလိုက်ကို ဘေးနားတွင် ထိုင်၍ သွေးနေသည်။ မျက်နှာမှာ အလွန် အလေးအနက် ရှိနေ၏။
“စစ်မြေပြင် ဆိုတာ ကလေးကစားစရာ မဟုတ်ဘူး... နန်ဒုတောင် လျှို့ဝှက်နယ်မြေလို တိုက်ခိုက်တာမျိုး မဟုတ်ဘူး... နွားကြီး... ငါတို့ သေချာပေါက် သတိထားရမယ်…”
ချန်ရွှင်၏ မျက်နှာတွင် ရှားပါးလှသော လေးနက်မှုများ ဖြစ်ပေါ်လာသည်။ ကျင့်ကြံသူများ၏ စစ်ပွဲကို သူ စိတ်ကူး၍ မရနိုင်သော်လည်း လူ့လောက စစ်ပွဲများထက် ပိုမို ရက်စက်ကြမ်းကြုတ်မည်မှာ သေချာသည်။
“မွန်း”
နွားနက်ကြီး၏ မျက်လုံးများ ပြူးကျယ်နေပြီး အဆက်မပြတ် အော်မြည်နေသည်။ သူသည် ဝူယွင်ဂိုဏ်း၏ အစီအစဉ်များကို ကြည့်ပြီး ကြောက်လန့်နေပြီ ဖြစ်သည်။ ဤမျှ ကြီးမားသော စစ်ပြင်ဆင်မှုမျိုး ပြုလုပ်နေသည် ဆိုလျှင် ထိပ်သီး ဂိုဏ်းကြီး (၁၀) ဂိုဏ်း၏ အခြေအနေမှာ မည်သို့ ရှိမည်နည်း။ ကျင့်ကြံခြင်း လောကသည် အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလှသည်။ နွားနက်ကြီးသည် သတင်း အတည်ပြုပြီးသည့်တိုင် သူတို့ကို အဘယ်ကြောင့် စောစောစီးစီး ထွက်မပြေးခိုင်းသနည်းဟု ချန်ရွှင်ကို မေးမြန်းဖူးသည်။ အနည်းဆုံးတော့ အသက်နဲ့ရင်းပြီး တိုက်ခိုက်စရာ မလိုတော့ပေ။ ထို့အပြင် နိုင်ငံနှစ်ခု၏ ကျင့်ကြံခြင်းလောက စစ်ပွဲတွင် သူတို့နှစ်ဦး မပါဝင်ရုံဖြင့် ဘာမှ ထူးခြားသွားမည် မဟုတ်ပေ။ ချန်ရွှင်သည် သူတို့ကိုယ်သူတို့ အန္တရာယ်ရှိသော နေရာသို့ ဘယ်တော့မှ ပို့ဆောင်လေ့ မရှိသူ ဖြစ်သည်။
သို့သော် ထိုစဉ်က ချန်ရွှင်သည် ပြုံးလျက် ပြန်ပြောခဲ့သည်။
“ခုခံကာကွယ်လိုစိတ်တောင် မရှိဘဲ ထွက်ပြေးမယ် ဆိုရင်... မျက်နှာကို ဘယ်နားသွားထားကြမလဲ...ငါတို့ ဘေးကင်းသွားနိုင်ပေမဲ့ စိတ်ဓာတ်ခွန်အားတွေ ပျောက်ဆုံးသွားလိမ့်မယ်... ဒီတစ်သက် ပြန်ရတော့မှာ မဟုတ်ဘူး... နွားကြီး... မယှဉ်ပြိုင်ဘဲ နေတာနဲ့ သူရဲဘောကြောင်ပြီး အသက်လုတာက မတူညီဘူးကွ……ဒီနေရာက ငါတို့ မွေးဖွားရာ နိုင်ငံပဲ... ငှက်သိုက် ပျက်စီးရင် ဥတွေ အကောင်းအတိုင်းကျန်ပါ့မလား... တောင်ပေါ်ရွာလေး… ဆရာနင်တို့ရဲ့ အုတ်ဂူတွေက ဒီနေရာမှာ ရှိနေတာ... ဝူယွင်ဂိုဏ်းက ငါတို့ရဲ့ အိမ်သစ်ပဲ…တခြား အဆင့်မြင့်ကျင့်ကြံသူတွေက ငါတို့ထက် ပိုပြီး တုံးနေလို့လား... အားလုံးက မတိုက်ခိုက်ဘဲ ထွက်ပြေးကုန်ကြရင်... နောက်ဆုံးကျရင် အကုန်လုံး ဝါးအစည်းပြေသလိုဖြစ်ကုန်မှာပေါ့…အဲဒီလို လူမျိုးက... ကျင့်ကြံခြင်း အထွတ်အထိပ် ရောက်ရင်တောင် သတ္တိမရှိတဲ့ ကောင်ပဲ... ဘာမှ သုံးစားမရဘူး... မင်းလို နွားနက်ကြီးရဲ့ အသိအမှတ်ပြုမှုကိုတောင် ရမှာ မဟုတ်ဘူး…”
နွားနက်ကြီး ကြားလိုက်ရသောအခါ ဉာဏ်အလင်း ပွင့်သွားသကဲ့သို့ ခံစားလိုက်ရသည်။ မျက်လုံးများ ပြူးကျယ်သွားပြီး စိတ်လှုပ်ရှားလွန်းသဖြင့် အမွှေးတိုင်ထွန်း၍ ချန်ရွှင်ကို ဦးချကန်တော့ချင်စိတ်ပင် ပေါက်သွားသည်။ နောက်ဆုံးတွင် ချန်ရွှင်သည် အနည်းငယ် အသိရခက်စွာ ပြုံးလိုက်သည်။ အကယ်၍ အခြေအနေ မဟန်တော့လျှင်၊ ထိုအဆင့်မြင့်ကျင့်ကြံသူများကို တားဆီးနိုင်မည့်သူ မရှိတော့လျှင် ထွက်ပြေးရုံသာ ရှိသည်။
သူနှင့် နွားနက်ကြီးသည် လူဘယ်နှစ်ယောက်ကို နိုင်အောင် တိုက်နိုင်မည်နည်း။ ရွှေအမြူတေအဆင့် ကျင့်ကြံသူ တစ်ယောက်က ဂါထာမန္တန် တစ်ခုလောက် ထုတ်သုံးလိုက်ရုံနှင့် သူတို့ ပျောက်ကွယ်သွားနိုင်သည်။ နောက်နောင် အင်အားရှိလာမှ ပြန်လာပြီး သူတို့ ဂိုဏ်းကို ဖျက်ဆီးပစ်မည်။ ထို့နောက် ဤခေတ်ကာလက လူများ၏ ဘိုးဘွားအုတ်ဂူများကို တူးဖော်ပစ်မည်။ ဝူတိုင်းပြည် ကျင့်ကြံသူများက သူတို့လောက် အသက်ရှည်မည် မဟုတ်ပေ။
“နွားကြီး... ငါ ပြောတာ မှတ်ထား... ငါတို့က အခြေခံတည်ဆောက်ခြင်း အစောပိုင်းအဆင့် ကျင့်ကြံသူတွေကိုပဲ တိုက်မယ်... အလယ်အလတ်အဆင့် လာရင် ထွက်ပြေးမယ်... လုံးဝ ထိပ်တိုက် မတွေ့ရဘူး…”
“မွန်း ..”
လူတစ်ယောက်နှင့် နွားတစ်ကောင်သည် ဂူထဲတွင် ဓားသွေးနေကြသလို ရင်ထဲတွင် သွေးများ ဆူပွက်နေသည်။ နိုင်ငံနှင့် လူမျိုး အကျိုးအတွက် လုံးဝ နောက်မဆုတ်ဘဲ ချင်တိုင်းပြည်၏ နယ်မြေကို ကာကွယ်ရမည်။ သူတို့သည် အတူတူ ငတ်ပြတ်ဖူးသည်၊ အတူတူ ထွက်ပြေးဖူးသည်၊ အတူတူ ထောင်ကျဖူးသည်။ ယခုအခါ အတူတူ စစ်တိုက်ထွက်ကြတော့မည်။ ချန်ရွှင်နှင့် နွားနက်ကြီးတို့ အကြည့်ချင်း ဆုံလိုက်ကြပြီး နားလည်မှုရှိသော အပြုံးတစ်ခု ပြုံးလိုက်ကြသည်။ ထိုမျက်ဝန်းထဲတွင် ဖော်ပြမရနိုင်သော စိတ်ခံစားမှုများ ပါဝင်နေသည်။
“နွားကြီး... ပစ္စည်းပစ္စယတွေ စစ်ဆေးဦး... အကုန် ယူခဲ့... ဘာမှ မကျန်ခဲ့စေနဲ့…”
“မွန်း…”
နွားနက်ကြီးသည် နှာမှုတ်သံ ပြင်းပြင်းတစ်ချက် ပြုလိုက်ပြီး ဂူထဲမှ ပျောက်ကွယ်သွားကာ အခြား ဂူပေါက်တစ်ခုသို့ သွားရောက်ပြီး နောက်ဆုံး စစ်ဆေးမှုများ ပြုလုပ်လေသည်။ ရုတ်တရက် ချန်ရွှင် မျက်မှောင်ကြုတ်လိုက်သည်။ သူ၏ ဆက်သွယ်ရေး အဆောင်သည် အဆက်မပြတ် တုန်ခါကာ အလင်းရောင်များ ထွက်ပေါ်နေသည်။ တိုးညှင်းသော မြည်သံတစ်ခု ထွက်ပေါ်လာပြီး သူ ဂူထဲမှ ပျောက်ကွယ်သွားသည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် ဆေးဥယျာဉ်ထဲ၌ လူရိပ်တစ်ခု ပေါ်လာသည်။ ချန်ရွှင် လက်ဝှေ့ယမ်းလိုက်ရာ အစီအရင် ပွင့်သွားသည်။
“ဂျူနီယာမောင်လေး ချန်ရွှင်... ထိပ်သီး ဂိုဏ်းကြီး (၁၀) ဂိုဏ်းက နတ်ဘုရားသတ်အမိန့် ထုတ်ပြန်လိုက်ပြီ... ချင်တိုင်းပြည်ရဲ့ ဂိုဏ်းအားလုံး သတင်းရရှိပြီးပြီ... ဝူတိုင်းပြည် ကျင့်ကြံခြင်းလောကကို တရားဝင် စစ်ကြေညာလိုက်ပြီ ..”
အမျိုးသမီး တစ်ဦး၏ စိုးရိမ်တကြီး အသံသည် လမ်းမပေါ်မှ ရုတ်ချည်း ထွက်ပေါ်လာသည်။ လျိုယွမ် ဖြစ်သည်။ သူမက ဆက်လက် အော်ဟစ် ပြောဆိုလိုက်သည်။
“ငါတို့ ဝူယွင်ဂိုဏ်း (၃) ရက်နေရင် ထွက်ခွာရတော့မယ်…”
“ဟင် ..”
အလွန်ကျယ်လောင်သော အော်ဟစ်သံကြီး ထွက်ပေါ်လာသည်။ ချန်ရွှင်သည် နေရာမှ ချက်ချင်း ပျောက်ကွယ်သွားပြီး ဝင်ပေါက်ဝတွင် ပြန်ပေါ်လာသည်။ သူ၏ မျက်ဝန်းများ နီရဲနေသည်။
“နွားကြီး... လက်နက် ယူခဲ့... ထွက်ခွာဖို့ ပြင်... စစ်တိုက်သွားမယ် ..”
“မွန်း ..”
နောက်ထပ် ကျယ်လောင်သော အော်ဟစ်သံကြီး တစ်ခုသည် အခြား ဂူပေါက်တစ်ခုမှ ထွက်ပေါ်လာသည်။ နွားနက်ကြီးသည် တောရိုင်းနွားကြီး တစ်ကောင်ကဲ့သို့ မျက်ဝန်းများ နီရဲနေပြီး ချန်ရွှင်ဆီသို့ အရှိန်ပြင်းပြင်း ပြေးဝင်လာသည်။
ဤစစ်ပွဲကို သူ မတိုက်လျှင် မည်သူ တိုက်မည်နည်း။ စစ်မြေပြင်တွင် စစ်သည်များ သေဆုံးရသည်မှာ သဘာဝပင်။ ယောက်ျားကောင်းတို့မည်သည် စစ်မြေပြင်ကို ဝင်ရောက်ရမည်။ ချန်ရွှင်သည် လက်တစ်ဖက်တွင် တောင်ဖြိုပုဆိန်ကို ကိုင်ဆောင်ထားပြီး ခါးတွင်လည်း နှစ်လက် ချိတ်ဆွဲထားသည်။ ကျန်လက်တစ်ဖက်တွင် ဓားပြခေါင်းစွပ်ကို ကိုင်ထားပြီး မျက်ဝန်းများက အေးစက်နေသည်။ နွားနက်ကြီးသည် ချန်ရွှင် ဘေးတွင် ရပ်နေပြီး ဒေါသတကြီး အော်ဟစ်နေသည်။ တစ်ကိုယ်လုံးတွင် ဓားများ ချိတ်ဆွဲထားပြီး ချင်တိုင်းပြည် အတွက် အချိန်မရွေး တိုက်ပွဲဝင်ရန် အသင့်ဖြစ်နေသည်။
အခန်း (၈၈)
လျိုယွမ်သည် ယခုအခါ အခြေခံတည်ဆောက်ခြင်း အလယ်အလတ်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း ချန်ရွှင်နှင့် နွားနက်ကြီးကို ကြည့်ပြီး ပါးစပ်အဟောင်းသား ဖြစ်နေသည်။ မည်သို့ဖြစ်ကုန်သနည်း။
“စီနီယာအစ်မလျို စိတ်ချပါ... ကျွန်တော်နဲ့ နွားကြီး ဒီနေ့အတွက် ပြင်ဆင်လာတာ ကြာပါပြီ... ချင်တိုင်းပြည် အတွက် အသက်ပေးလှူဖို့ ဝန်မလေးပါဘူး . နောက်ဆုံး သွေးတစ်စက် ကျန်တဲ့အထိ တိုက်ခိုက်သွားပါ့မယ်…”
ချန်ရွှင်သည် သွေးများ ဆူပွက်နေပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ နောက်ဆုံး သွေးတစ်စက် အဘယ့်ကြောင့် ချန်ထားရသနည်း ဟူမူ ထွက်ပြေးရန်အတွက် ဖြစ်သည်။
“မွန်း မွန်း ..”
နွားနက်ကြီးလည်း ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူတို့ နွားတွေကို အထင်မသေးပါနဲ့။
“ဂျူနီယာမောင်လေးချန်... နွားနက်ကြီး... ရှင်တို့ နားလည်မှုလွဲနေပြီ…”
“ဗျာ…”
“မွန်း…”
“ဒီတစ်ခါက ချင်တိုင်းပြည် က ဝူတိုင်းပြည် ကို သွားရောက် တိုက်ခိုက်မှာ... ဆေးဥယျာဉ်က လူတွေ ပါဝင်စရာ မလိုဘူး... အဲဒါ အစ်မက ဆေးဋ္ဌာန ရဲ့ အမိန့်အရ လာပြီး အသိပေးတာပါ…”
“ဟားဟား... မဖြစ်နိုင်တာ . လုံးဝ မဖြစ်နိုင်ဘူး…”
ချန်ရွှင် မျက်ဝန်းများ ပိုမို နီရဲလာပြီး လက်မခံနိုင်သည့်အလား အော်ဟစ်လိုက်သည်။
“စီနီယာအစ်မ လျို... ဝူတိုင်းပြည်က လာတိုက်တာ မဟုတ်ဘူးလား... ကျွန်တော်တို့ ချင်တိုင်းပြည်က အားအနည်းဆုံး မဟုတ်ဘူးလား...ပြီးတော့ ဘာဖြစ်လို့ ဆေးဥယျာဉ်က လူတွေ ပါဝင်ခွင့် မရှိရတာလဲ... ကျွန်တော်နဲ့ နွားကြီးမှာလည်း အခြေခံတည်ဆောက်ခြင်းအဆင့် တိုက်ခိုက်နိုင်စွမ်း ရှိပါတယ်ဗျ…”
“မွန်း…”
နွားနက်ကြီးလည်း ဘေးနားမှ ဝင်ရောက် အော်ဟစ်လိုက်သည်။ ဘာလို့ နွားတွေကို အထင်သေးရတာလဲ။
“ဂျူနီယာညီလေး ချန်... နွားနက်ကြီး... စိတ်အရင် လျှော့ကြပါ…”
လျိုယွမ်သည် ချန်ရွှင်၏ ယနေ့ ပုံစံကို ကြည့်ပြီး လန့်သွားသည်။ အဘယ့်ကြောင့် ထိုသို့ဖြစ်ကုန်ကြသနည်း။ စီနီယာအစ်ကိုရှီ တို့လိုပဲ ဖြစ်နေသည်။ သူမ၏ စီနီယာအစ်ကိုများသည် ဝူတိုင်းပြည်ကို တိုက်ခိုက်မည် ဆိုသော သတင်း ကြားလိုက်ရသည်နှင့် အလွန် စိတ်လှုပ်ရှားကြသည်။ သူတို့၏ ကျင့်ကြံခြင်း အခြေခံများသည်ပင် မတည်မငြိမ် ဖြစ်ကုန်ကြသည်။ လျိုယွမ်သည် ချန်ရွှင်နှင့် နွားနက်ကြီးကို နှစ်သိမ့်ပေးလိုက်ပြီး အကျိုးအကြောင်း ရှင်းပြလိုက်သည်။ ချန်ရွှင် နားထောင်ရင်း လက်သီးကို တင်းတင်း ဆုပ်ထားမိသည်။
မူလကတည်းက ချင်တိုင်းပြည်၏ ကျင့်ကြံခြင်းလောက အင်အားသည် ဝူတိုင်းပြည်ထက် ပိုမို ကြီးမားနေတာကိုး။
သူ စုံစမ်းခဲ့စဉ်က ထိုလူများက ယောင်ဝါးဝါးသာ ပြောဆိုခဲ့ကြသည်။ ကောလာဟလ သတင်းများသာ နေရာအနှံ့ ရှိနေသည်။ သူ၏ အဆင့်အတန်းဖြင့် စစ်မှန်သော အတွင်းသတင်းများကို သိရှိခွင့် မရနိုင်ပေ။ အခြေအနေများသည် သူ စိတ်ကူးထားသည်နှင့် လုံးဝ ကွဲပြားခြားနားစွာ ပြောင်းလဲသွားခဲ့သည်။ ချန်ရွှင်သည် လျိုယွမ်၏ အံ့အားသင့်နေသော အကြည့်အောက်တွင် တောင်ဖြိုပုဆိန်နှင့် ဓားပြခေါင်းစွပ်ကို မသိမသာ ပြန်သိမ်းလိုက်သည်။ နှုတ်ခမ်းများတွင် ဖော်ရွေသော အပြုံးတစ်ခု တဖြည်းဖြည်း ပေါ်လာသည်။ နွားနက်ကြီးလည်း ဓားများကို ဂရုတစိုက် ပြန်သိမ်းလိုက်ပြီး တိုးညှင်းသော အသံလေးဖြင့် “မွန်း”ခနဲ အော်မြည်လိုက်သည်။
“ဟဲ ဟဲ... စီနီယာအစ်မလျို... ဒီလိုကိုး... ဂျူနီယာ နားလည်ပါပြီ…”
ချန်ရွှင် လက်သီးဆုပ် အရိုအသေပေးကာ ပြုံးပြလိုက်သည်။ သူ၏ စကားသံသည် အလွန် နွေးထွေးနေသည်။ သူ၏ မျက်နှာပြောင်းလဲမှုမှာ မြန်ဆန်လွန်းသဖြင့် လျိုယွမ် အံ့အားသင့်သွားသည်။ လျိုယွမ်သည်လည်း အနည်းငယ် ပြုံးလိုက်ပြီး ဖြည်းညှင်းစွာ ပြောလိုက်သည်။
“ဂိုဏ်းမှာ စောင့်ရှောက်မယ့်သူတွေ ရှိပါတယ်... ဂျူနီယာညီလေး စိတ်မပူပါနဲ့... ဆေးဥယျာဉ်ကို စိတ်အေးချမ်းသာစွာနဲ့ စောင့်ရှောက်နေရင် ရပါပြီ…”
“အော်... ဒါနဲ့… စီနီယာအစ်မ လျို... အစ်မတို့ရော သွားကြမှာလား…”
“စီနီယာအစ်ကိုရှီ သွားပါလိမ့်မယ်... အစ်မကိုတော့ ဆရာက ဂိုဏ်းမှာ နေခဲ့ဖို့ စီစဉ်ထားပါတယ်…”
“ဒါဆိုရင် စီနီယာအစ်မ လျိုကို ကျေးဇူးတင်ပါတယ်….”
“ဂျူနီယာမောင်လေးချန်... အားမနာပါနဲ့….”
လျိုယွမ်သည် နှုတ်ခမ်းကို စေ့ထားပြီး ချန်ရွှင်နှင့် နွားနက်ကြီးကို တည်ငြိမ်စွာ ကြည့်လိုက်သည်။
“ဒါဆို အစ်မ သွားတော့မယ်... အခုတလော ကိစ္စတွေ အရမ်းများနေလို့ပါ…”
“ဟုတ်ကဲ့... ကောင်းပါပြီ... စီနီယာအစ်မ လျို... ဂရုစိုက်သွားပါ”
ချန်ရွှင် လက်သီးဆုပ်ကာ နှုတ်ဆက်လိုက်သည်။ မျက်ဝန်းထဲတွင်တော့ အနည်းငယ် စိတ်ပျက်နေမိသည်။ အစီအရင် ပွင့်သွားပြီး ပုံရိပ်လေး ပျောက်ကွယ်သွားသည်နှင့် ဆေးဥယျာဉ်ထဲတွင် လူတစ်ယောက်နှင့် နွားတစ်ကောင်သာ ကျန်ရစ်ခဲ့သည်။
“သောက်ကျိုးနည်း...”
ချန်ရွှင် မြက်ခင်းပြင်ပေါ်တွင် အားလျော့စွာ ထိုင်ချလိုက်သည်။ မျက်လုံးထဲတွင် မကျေနပ်မှုများ ပြည့်နှက်နေသည်။ သည်းမခံနိုင်တော့သည့်အလား မြေကြီးကို လက်သီးဖြင့် ပြင်းပြင်းထန်ထန် ထိုးချလိုက်၏။
“ဝုန်း...”
မြေပြင်သည် တုန်ခါသွားပြီး မြက်ခင်းပြင် တစ်ခုလုံး ပြောင်းပြန်လန်ထွက်သွားသည်။
“မွန်း”
နွားနက်ကြီး လန့်ဖြန့်ပြီး အော်ဟစ်လိုက်သည်။ ချန်ရွှင် တကယ် ဒေါသထွက်နေပြီ။ သူ စိတ်ပျက်လက်ပျက် ဒေါသသံဖြင့် ပြောလိုက်သည်။
“နွားကြီး... ငါတို့ စစ်တိုက်သွားလို့ မရတော့ဘူး…”
“မွန်း…”
နွားနက်ကြီး တိုးတိုးလေး အော်လိုက်ပြီး ချန်ရွှင်ကို စိတ်မကောင်းစွာဖြင့် ပွတ်သီးပွတ်သပ် လုပ်နေသည်။ သူတို့ ဘဝမှာ အရေးကြီးတဲ့ ကိစ္စရပ်ကြီးတွေ အများကြီး မကြုံဖူးသေးပေ။ ကျင့်ကြံခြင်းလောက စစ်ပွဲကြီးက ယင်းတို့အနက်က တစ်ခုဖြစ်သည်။ အတူတူ စစ်တိုက်ထွက်ပြီး ကျောချင်းကပ် တိုက်ခိုက်ကြမည်ဆိုသည့် အကြောင်း ချန်ရွှင်က သူ့ကို ပုံပြင်တွေ အများကြီး ပြောပြဖူးသည်။ သူတို့ ရင်ထဲမှာ အမှန်တကယ် လိုလားတောင့်တနေခဲ့ကြသည်။
“နွားကြီး... သွား... အပြင်ထွက် ကြည့်ရအောင်…”
“မွန်း…”
သူတို့သည် စစ်တိုက်ထွက်ရန်အတွက် နေထိုင်ပြီး ပြင်ဆင်နေခဲ့ကြသဖြင့် ဆေးဥယျာဉ် အပြင်ဘက်သို့ မထွက်ဖြစ်ခဲ့ကြပေ။ ဆေးဥယျာဉ် အပြင်ဘက် ရောက်သောအခါ ချန်ရွှင်နှင့် နွားနက်ကြီးတို့ အံ့သြသွားကြသည်။ ဝူယွင်ဂိုဏ်း တစ်ခုလုံးအကြီးအကျယ်ပြင်ဆင်နေကြသည်။ မရေမတွက်နိုင်သော တပည့်များသည် တောင်တန်းများကြားတွင် ဖြတ်သန်းသွားလာနေကြပြီး စကားပြောသံများပင် နည်းပါးသွားသည်။ မျက်နှာများတွင် စိုးရိမ်ပူပန်မှုများ ရှိနေကြသည်။
ကျောက်စိမ်းဝါးတောင်တန်း တစ်ခုလုံးတွင် ကျယ်လောင်သော ပဲ့တင်သံကြီးများ ထွက်ပေါ်နေသည်။ ကြီးမားသော အရာဝတ္ထုကြီး တစ်ခု မြေကြီးထဲမှ ထွက်ပေါ်လာတော့မည့်အလား ဖြစ်နေသည်။ အသံကြားရုံဖြင့် ကျင့်ကြံသူများ ထိတ်လန့်နေကြသည်။ သတ်ဖြတ်ခြင်း အရှိန်အဝါများက ကောင်းကင်တွင် ပျံ့လွင့်နေသည်။ ချန်ရွှင်နှင့် နွားနက်ကြီးတို့ ထိုအခြေအနေကို ကြည့်ပြီး တုန်လှုပ်သွားကြသည်။ အဝေးတစ်နေရာတွင် ကျယ်လောင်သော အော်ဟစ်သံများ ထွက်ပေါ်လာသည်။ ဝူယွင်ဂိုဏ်းသည် စစ်မထွက်မီ စည်းရုံးလှုံ့ဆော်မှုများ ပြုလုပ်နေပြီ ဖြစ်သည်။ ရှီကျင်းနှင့် ဂျိခွန်တို့ပင် သူတို့ကို လာရောက် နှုတ်ဆက်ချိန် မရလိုက်ပေ။ မည်မျှ အလျင်လိုနေသည်ကို ခန့်မှန်းကြည့်နိုင်သည်။ ဂိုဏ်းအတွင်းရှိ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ အများစုသည် စစ်တိုက်ထွက်ရန် ပြင်ဆင်နေကြပြီ ဖြစ်သည်။
ချီသန့်စင်ခြင်းအဆင့် တပည့်များမှာမူ နောက်ကွပ်မှ ထောက်ပံ့ရေးကိစ္စများကိုသာ တာဝန်ယူကြရမည်။ စစ်တိုက်ထွက်ခွင့် မရှိကြပေ။
“နွားကြီး... သွား…”
“မွန်း…”
“ပစ္စည်း လုပ်ကြမယ်…”
“မွန်း…”
သူတို့ ဓားပျံစီးပြီး ထွက်ခွာသွားကြသည်။ နွားနက်ကြီး မျက်လုံးထဲတွင် သံသယများ ဖြစ်ပေါ်နေသည်။ ချန်ရွှင် ဘာလုပ်မလို့လဲ။
ငါးရက် ကြာပြီးနောက်...
ညချမ်းအချိန်
လရောင် မှိန်ပျပျသာ ရှိပြီး အဆုံးမဲ့ အမှောင်ထုကြီးသည် ကမ္ဘာမြေကို လွှမ်းခြုံထားသည်။ အရာရာက မှုန်ဝါးနေသည်။ ညအမှောင်ထုသည် နက်ရှိုင်းကာ တောင်တန်းများသည် တိတ်ဆိတ်ငြိမ်သက်နေသည်။ ကျောက်စိမ်းဝါးတောင်တန်း တစ်ခုလုံး တိတ်ဆိတ်နေသည်။ မုန်တိုင်းမလာမီ တိတ်ဆိတ်ငြိမ်သက်ခြင်းမျိုး ဖြစ်သည်။
မရေမတွက်နိုင်သော ဝူယွင်ဂိုဏ်း တပည့်များ၏ မျက်ဝန်းများတွင် လေးစားမှုများ ပြည့်နှက်နေသည်။ သူတို့သည် မြောက်ဘက် အရပ်သို့ မျက်နှာမူပြီး လက်သီးဆုပ် ဦးညွှတ်နေကြသည်။ ကျောက်စိမ်းဝါးတောင်တန်း တစ်ခုလုံးကို ပိတ်ဆို့ထားလိုက်ပြီ ဖြစ်သည်။ ကောင်းကင်တွင် သက်တံ့ရောင် အလင်းတန်းများ အရပ်ရပ်မှ ပျံသန်းရောက်ရှိလာကြသည်။ ကြီးမားသော ဝိညာဉ်စွမ်းအားများ ထွက်ပေါ်နေပြီး သတ်ဖြတ်ခြင်း အရှိန်အဝါများ ပြင်းထန်လာသဖြင့် ကြက်သီးမွေးညှင်းများ ထလာစေသည်။ ဂိုဏ်းချုပ် ယိုယွမ်ဟွာ သည် မြောက်ဘက် အစွန်ဆုံးတွင် ရပ်နေကာ ကြီးမားသော ဝိညာဉ်စွမ်းအားများကို ထုတ်လွှတ်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
“ထွက်ခွာကြစို့…”
“ထွက်ခွာကြစို့….”
......
တည်ငြိမ်သော အသံသည် နေရာအနှံ့အပြားကို ပဲ့တင်ထပ်သွားသည်။ မရေမတွက်နိုင်သော တပည့်များသည် မျက်မှောင်ကြုတ်လိုက်ကြပြီး အသက်ပြင်းပြင်း ရှူလိုက်ကြသည်။ မျက်လုံးများက တစ်နေရာတည်းကို စူးစိုက်ကြည့်နေကြ၏။
“ဟုတ်ကဲ့ပါ... ဂိုဏ်းချုပ်…”
“ဟုတ်ကဲ့ပါ... ဂိုဏ်းချုပ်…”
“ဟုတ်ကဲ့ပါ... ဂိုဏ်းချုပ်…”
တောင်ထိပ်များကြားတွင် အသံများ ကျယ်လောင်စွာ ထွက်ပေါ်လာပြီး ညလေပြင်းသံများကို လွှမ်းမိုးသွားသည်။ သို့သော် ထိုလူများ ဘယ်ရောက်နေကြသနည်း။ တပည့်များ မမြင်တွေ့ရပေ။ ထိုအချိန်တွင် ရုတ်တရက် ထူးခြားမှု ဖြစ်ပေါ်လာသည်။
“ဝုန်း... ဝုန်း...”
တောင်ကြား အောက်ခြေများမှ နက်ရှိုင်းသော တုန်ခါသံများ ထွက်ပေါ်လာသည်။ ဧရာမ သားရဲကြီးများ နိုးထလာသကဲ့သို့ထင်ရသည်။ ဝူယွင်ဂိုဏ်း၏ တိုက်ခိုက်ရေးလက်နက်များဖြစ်သော ဝူယွင် လှေပျံကြီးများအသက်ဝင်လာခြင်း ဖြစ်သည်။ ဧရာမ လှေပျံကြီး သုံးစင်းသည် ဖြည်းညှင်းစွာ မြင့်တက်လာသည်။ မြေပြင်တစ်ခုလုံး အရိပ်မည်းကြီးများ က ဖုံးအုပ်သွားသည်။ အလံကြီး သုံးခုသည် ပြင်းထန်သော လေမုန်တိုင်းကြားတွင် တလူလူ လွင့်ပျံနေသည်။ ဝူယွင်ဂိုဏ်း၏ မရေမတွက်နိုင်သော တပည့်များသည် ကြက်သီးမွေးညင်းများထကာ မျက်နှာများ နီရဲလာကြသည်။
လှေပျံကြီးများ ပေါ်တွင် လူရိပ်များ ပြည့်နှက်နေသည်။ သူတို့၏ မျက်ဝန်းများတွင် သတ်ဖြတ်ခြင်းအသိများ ရှိနေသည်။ နောက်မတွန့်ဘဲ ချင်တိုင်းပြည် ကျင့်ကြံခြင်းလောက အတွက် စစ်တိုက်ထွက်ကြတော့မည်။
“ဝုန်း . ဝုန်း . ဝုန်း .”
ပတ်ဝန်းကျင်တွင် လေပြင်းမုန်တိုင်းများ တိုက်ခတ်လာပြီး ကောင်းကင်တွင် မည်းမှောင်နေသော တိမ်တိုက်များ ကွဲလွင့်သွားသည်။ လှေပျံကြီး သုံးစင်းသည် အမြင့်သို့ ရောက်ရှိသွားပြီး အလွန်ပြင်းထန်သောအရှိန်အဝါများကို ထုတ်လွှတ်နေသည်။
တောက်ပနေသော ဝူယွင်ဂိုဏ်း အလံတော်သည် လှေပျ့ကြီးများ ပေါ်တွင် တလူလူ လွင့်ပျံနေသည်။ လရောင်ပင်လျှင် ၎င်း၏ အလင်းရောင်ကို မဖုံးလွှမ်းနိုင်ပေ။ ကောင်းကင်တွင် သတ်ဖြတ်ခြင်း အရှိန်အဝါများ ပြည့်နှက်နေ၏။ ရွှေအမြူတေအဆင့် အဆင့်မြင့်ကျင့်ကြံသူ အားလုံး ထွက်ခွာလာကြပြီ ဖြစ်သည်။ သေခြင်းတရား၏ အငွေ့အသက်များက လွှမ်းမိုးလာသည်။ လှေပျံကြီးများ ပေါ်တွင် ကျင့်ကြံသူများ မတ်တပ်ရပ်နေကြပြီး အားလုံးက မြေပြင်ကို ငုံ့ကြည့်နေကြသည်။ မျက်ဝန်းထဲမှ အေးစက်သော အလင်းရောင်များ ထွက်ပေါ်နေသည်။
ကျင့်ကြံခြင်းလောက စစ်ပွဲသည် သာမန် တိုက်ခိုက်ခြင်းနှင့် မတူညီတော့ပေ။ ထို ရက်စက်ကြမ်းကြုတ်မှုသည် လူတိုင်း၏ စိတ်ကူးထက် ကျော်လွန်နေပေလိမ့်မည်။ ရှီကျင်းနှင့် ဂျိခွန်တို့သည်လည်း လှေပျံ ပေါ်တွင် ရပ်နေကြသည်။ ရင်ထဲတွင် စိတ်လှုပ်ရှားနေသလို စိုးရိမ်မှုများလည်း ရှိနေကြသည်။ ရုတ်တရက် သူတို့ တောင်ထိပ် တစ်ခုကို လှမ်းကြည့်လိုက်ကြ၏။ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ တစ်ယောက်သည် ကြီးမားသော စစ်အလံကြီး တစ်ခုကို ဝှေ့ယမ်းနေသည်။ ပါးစပ်မှလည်း “ဝူယွင်ဂိုဏ်း အောင်ရမည်… ချင်တိုင်းပြည် အောင်ရမည်” ဟု အဆက်မပြတ် အော်ဟစ်နေသည်။
ထို့အပြင် သူ့ဘေးတွင် နွားနက်ကြီး တစ်ကောင်လည်း ရှိနေပြီး ခုန်ပေါက်ကာ တမွန်းမွန်း အော်ဟစ်နေသည်။ သူတို့သည် အလွန်ကြီးမားသော အဝတ်စကြီး တစ်ခုကိုပင် ပြုလုပ်ထားပြီး အပေါ်တွင် စာသုံးလုံးကိုရေးသားထားသည်မှာ….
“ပြိုင်ဘက်ကင်း…” ဟူ၍ဖြစ်လေသည်။