အခန်း (၈၉-၉၀)
Vol. 5 Ch. 89-90
အခန်း (၈၉)
“ချန်ရွှင် ညီလေး... နွားနက်ကြီး…”
“ချန်ရွှင် ညီလေး... နွားညီလေး…”
ရှီကျင်း နှင့် ဂျိခွန် တို့သည် ချက်ချင်း မှတ်မိလိုက်ကြ၏။ စိတ်ထဲတွင် တပြိုင်နက် အော်ဟစ်လိုက်ကြသည်။ မျက်ဝန်းထဲတွင် အလွန်အမင်း အံ့အားသင့်သော အရိပ်အယောင်များ ပါဝင်နေသည်။ သူတို့ ရင်ထဲတွင် နွေးထွေးမှု တစ်ခု စီးဆင်းသွား၏။ ထို့နောက် အကြည့်များကို ပြန်လည် ရုပ်သိမ်းလိုက်ကြသည်။ မျက်လုံးများ အေးစက်သွားပြီး မြောက်ဘက်သို့ လှမ်းကြည့်လိုက်ကြသည်။ လှေပျံ၏ အစီအရင်သည် အပြည့်အဝ အသက်ဝင်သွားပြီ ဖြစ်သည်။
အလင်းတန်း အကာအကွယ်ကြီးသည် လှေပျံ တစ်ခုလုံးကို ဖုံးလွှမ်းထားသည်။ ၎င်းသည် ခံစစ် အစီအရင် တစ်ခု ဖြစ်ပြီး လေထဲတွင် အစိမ်းရောင် အလင်းတန်းများ လှည့်ပတ်နေ၏။
“ဝုန်း...”
ကောင်းကင်တွင် နားကွဲမတတ် ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာသည်။ လှေပျံ သုံးစင်းသည် တိမ်များကို ခွဲ၊ မြူများကို ဖြတ်သန်းကာ ချက်ချင်း အရှိန်မြှင့်တင်လိုက်ပြီး ပျောက်ကွယ်သွားလေသည်။ တပည့်အားလုံးသည် ရုတ်တရက် တစ်စုံတစ်ခု ပျောက်ဆုံးသွားသကဲ့သို့ ဖြစ်သွားကြသည်။ မျက်နှာများတွင် စိတ်လှုပ်ရှားမှုများနှင့် စိတ်ပျက်အားငယ်သော အမူအရာများ ဖြစ်ပေါ်နေသည်။
သူတို့သည် ဂိုဏ်းမှ စီနီယာများ ဘေးကင်းစွာ ပြန်လာနိုင်ဖို့သာ ဆုတောင်းနေကြသည်။ ချန်ရွှင်သည် တောင်ထိပ်ပေါ်တွင် ဆက်လက် အော်ဟစ်နေသည်။ မြောက်ဘက်သို့ ပျောက်ကွယ်သွားသော လူအုပ်ကြီးကို ကြည့်ပြီး မျက်နှာ အလွန် ပျက်နေသည်။ ဘာလုပ်ရမှန်း မသိ ဖြစ်နေသည်။
(သောက်ကျိုးနည်း... သည်လောက် အကြာကြီး ပြင်ဆင်ထားတဲ့ စစ်ပွဲကြီးက ငါတို့ ပြင်ဆင်ထားတာနဲ့ ဘာမှမဆိုင်ဘူး ဖြစ်နေပါလား...)
ချန်ရွှင် ယခုအခါ အံကိုကြိတ်ထားမိသည်။ ရင်ထဲတွင် တံတိုင်းကြီး တစ်ခု ပိတ်ဆို့ထားသကဲ့သို့ ခံစားနေရသည်။ ပေါက်ကွဲထွက်စရာ နေရာမရှိ ဖြစ်နေသည်။
“နွားကြီး... ငါတို့ အစကတည်းက ဟို စုတ်ပြတ်နေတဲ့ ဆေးဥယျာဉ်ကို မသွားခဲ့သင့်ဘူး…”
ချန်ရွှင် ရုတ်တရက် အော်ဟစ်လိုက်သည်။ သူ့မျက်လုံးများကနီနေသည်။
“တကယ်လို့ ဝူတိုင်းပြည် က လာတိုက်ရင် ငါတို့ စစ်ရှုံးပြီဆိုတဲ့ သဘောပဲ... အဆင့်မြင့် ကျင့်ကြံသူတွေ မရှိတော့ဘူး... အရင် ထွက်ပြေးမယ်... အင်အားရှိလာမှ ပြန်လာမယ်…”
“မွန်း…”
နွားနက်ကြီး မျက်လုံးထဲတွင် ရိုးသားမှုများ ပါဝင်နေသည်။ မြောက်ဘက်ကို ငေးကြည့်နေဆဲ ဖြစ်သည်။ သူလည်း လှေပျံ စီးချင်သည်။
“နွားကြီး... အချိန်ကုန်တယ် ငါတို့ကျင့်ကြံကြမယ်….”
“မွန်း…”
ချန်ရွှင်သည် နွားနက်ကြီးကို ဆွဲပြီး ဆဲဆိုလျက် တောင်အောက်သို့ ဆင်းလာခဲ့သည်။ နွားနက်ကြီးက သူ့ကို အဆက်မပြတ် နှစ်သိမ့်ပေးနေသည်။ စိတ်မကြည်လင်လျှင် အာရုံစူးစိုက်လို့ မရပေ။
လဝက် ကြာပြီးနောက်...
ဟန်ယွင် တောင်တန်း….
ကျီယန် ပြည်နယ် ၏ နံပါတ်တစ် ဂိုဏ်းကြီး ဖြစ်သော ခရမ်းရောင်တိမ်ဂိုဏ်း စစ်ထွက်လာပြီ ဖြစ်သည်။ စစ်သင်္ဘော (၁၀) စင်း ကောင်းကင်တွင် ပျံသန်းနေသည်။ မရေမတွက်နိုင်သော အလံများ လွင့်ပျံနေသည်။ သူတို့သည် ကောင်းကင် တစ်နေရာတွင် ရပ်တန့်လိုက်သည်။ မြင့်မြတ်သော အရှိန်အဝါ ရှိသည့် အမျိုးသမီး သုံးဦးသည် ရှေ့ဆုံးတွင် ရပ်နေပြီး မျက်ဝန်းများက တည်ငြိမ်နေသည်။
စစ်သင်္ဘော အတွင်းတွင် အမျိုးသား အမျိုးသမီးများ ပါဝင်သည်။ သူတို့သည် လက်နက်များကို ကိုင်ဆောင်ထားကြသည်။ မျက်နှာများတွင် အေးစက်မှုများ ရှိနေကြသည်။ ပတ်ဝန်းကျင် ကောင်းကင်တွင် ကျယ်လောင်သော ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်နေသည်။ စစ်သင်္ဘော တစ်စင်းပြီး တစ်စင်း နေရာအနှံ့မှ စုဝေးရောက်ရှိလာကြသည်။ ဂိုဏ်းအလံများလည်း လွင့်ပျံနေသည်။ ဤစစ်ပွဲအတွက် ဂိုဏ်းအများအပြားသည် ရှိသမျှ အကုန်ပုံအောထားကြသည်။ လှေခွက်ချည်းကျန် အလံမလှဲ စိတ်ဓာတ်ဖြင့် တိုက်ခိုက်ကြမည်။ စစ်သင်္ဘောများ ပေါ်တွင် လူများ ပြည့်ကျပ်နေသည်။ ပြင်းထန်သော သတ်ဖြတ်ခြင်း အရှိန်အဝါများ ပါဝင်နေသည်။ ဤစစ်ပွဲသည် ချင်တိုင်းပြည် ကျင့်ကြံခြင်းလောက အတွက် နယ်မြေချဲ့ထွင်ရန် ဖြစ်သည်။
အကယ်၍ ကောင်းကင်မှ စီးမိုးကြည့်လိုက်လျှင် ကျီယန် ပြည်နယ် တစ်ခုလုံးမှ ရေစီးကြောင်းကြီးများ စီးဆင်းလာသကဲ့သို့ ဖြစ်နေသည်။ မုန်တိုင်းမလာမီ လေးလံထိုင်းမှိုင်းသော အရှိန်အဝါကြီး တစ်ခုသည် နေရာအနှံ့ လွှမ်းခြုံထားသဖြင့် အားလုံးစိတ်များလေးလံဖိစီးနေသည်။ စစ်သင်္ဘော တစ်စင်းပြီး တစ်စင်း ကောင်းကင် နေရာအသီးသီးတွင် ဖြည်းညှင်းစွာ ရပ်တန့်လိုက်ကြသည်။ သင်္ဘောကြီးများက တောင်ကြီးများကဲ့သို့ ခိုင်ခံ့လှသည်။ တစ်ချက် ကြည့်လိုက်ရုံဖြင့်ပင် တုန်လှုပ်ချောက်ချားသွားစေနိုင်သည်။ ယင်းက ကျီယန် ပြည်နယ်ရှိ ကျင့်ကြံခြင်း ဂိုဏ်းပေါင်းစုံ မဟာမိတ် အဖွဲ့ကြီး တွေ့ဆုံခြင်းပင်။
ရွှေအမြူတေအဆင့် ကျင့်ကြံသူ အားလုံး လေပေါ်တွင် မတ်တပ်ရပ်နေကြသည်။ လေပြင်းများ တိုက်ခတ်နေပြီး ဝိညာဉ်စွမ်းအားများ ဆူပွက်နေသည်။ တိုက်ခိုက်လိုစိတ်များ ပြင်းထန်နေသဖြင့်မည်သူမျှ စကားတစ်ခွန်းမျှ မပြောကြပေ။
“မိတ်ဆွေတို့…”
ခရမ်းရောင်တိမ်ဂိုဏ်း မှ အမျိုးသမီး တစ်ဦးသည် ကောင်းကင်တွင် ရပ်နေသည်။ ကြီးကျယ်ခမ်းနားသော အသံ တစ်ခုသည် တွေ့ဆုံပွဲ နေရာတစ်ခုလုံးကို လွှမ်းခြုံသွားသည်။ အရှိန်အဝါ ပြင်းထန်လွန်းသဖြင့် ရွှေအမြူတေအဆင့် ထက်ပင် သာလွန်နေသလိုထင်ရသည်။ ရွှေအမြူတေအဆင့် အထက်ရှိ ယွမ်ရင်(မူလဝိညာဉ်)အဆင့် ဘိုးဘေး၊ ဂျိခွန် နှင့် ရှီကျင်း တို့သည် အဝေးက ကောင်းကင်မှ ပုံရိပ်ကို ကြည့်ပြီး တုန်လှုပ်သွားကြသည်။ အားလုံး ပင့်သက်ရှိုက်လိုက်မိကြပြီး စိတ်ထဲတွင် ထိတ်လန့်တုန်လှုပ်နေကြသည်။ အလွန် စွမ်းအားကြီးမားလွန်းသည်။ ဒါမှ စစ်မှန်သော အစွမ်းထက်သူ ဖြစ်သည်။
“စီနီယာ…”
“စီနီယာ…”
“စီနီယာ…”
တွေ့ဆုံပွဲ တွင် ဒေါသတကြီး အော်ဟစ်သံများ ထွက်ပေါ်လာသည်။ လေပြင်းများ ပို၍ကြမ်းလာပြီး ဝိညာဉ်စွမ်းအား လှုပ်ရှားသံများ ပိုမို ပြင်းထန်လာသည်။ ရွှေအမြူတေအဆင့် အဆင့်မြင့်ကျင့်ကြံသူများပင် လက်သီးဆုပ်ကာ ထိုပုံရိပ်ကို ကြည့်ရှုနေကြသည်။
“ငါတို့ ချင်တိုင်းပြည် ကျင့်ကြံခြင်းလောက အတွက်... စစ်ချီကြစို့…”
“ကောင်းပါပြီ…”
“ကောင်းပါပြီ…”
“ကောင်းပါပြီ…”
ကျင့်ကြံသူ အားလုံး လက်သီးဆုပ် အော်ဟစ်လိုက်ကြသည်။ ရင်ထဲမှ သွေးများ ဆူပွက်လာသည်။ စစ်သင်္ဘောများ ဆက်တိုက် သွားနေခြင်းကြောင့် လေပြင်းများ ပြင်းထန်စွာ တိုက်ခတ်နေသည်။ တလူလူ လွင့်ပျံနေသော အလံများက မြောက်ဘက်သို့ ဦးတည်နေပြီး ကျီယန် ပြည်နယ် ရှိ ဂိုဏ်းအားလုံး အသင့်ဖြစ်နေကြသည်။ ကမ္ဘာလောကကို လွှမ်းမိုးမည့်၊ ကောင်းကင်ကို တုန်လှုပ်စေမည့် ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်ခြင်း အရှိန်အဝါများ ထွက်ပေါ်လာသောအခါ ကောင်းကင် တစ်ခုလုံး တုန်ခါသွားသည်။
“ဝုန်း... ဝုန်း...”
မရေမတွက်နိုင်သော စစ်သင်္ဘောများ နောက်ဆုံးတွင် စတင် ထွက်ခွာကြသည်။ ကျယ်လောင်သော အသံများ ဆက်တိုက် ထွက်ပေါ်နေပြီး ခရမ်းရောင်တိမ်ဂိုဏ်း ၏ ကျင့်ကြံသူ တပ်မကြီး နောက်သို့ လိုက်ပါသွားကြသည်။ တိမ်တိုက်များ အားလုံး အပိုင်းပိုင်းအစစ ပြိုကွဲကုန်ကြသည်။
ကောင်းကင်မှ စီးမိုးကြည့်လိုက်လျှင် ချင်တိုင်းပြည် ကိုးခရိုင်ရှိ ဂိုဏ်းကြီးများ အားလုံး တပြိုင်နက်တည်း တွေ့ဆုံကြသည်။ မရေမတွက်နိုင်သော ကျင့်ကြံသူ တပ်မကြီးများသည် မြောက်ဘက် နယ်စပ်သို့ ဦးတည် သွားနေကြသည်။ ဝိညာဉ်စွမ်းအား ရေစီးကြောင်းကြီးများ ကောင်းကင်တွင် ဆက်တိုက် မြည်ဟည်းနေသည်။ မရေမတွက်နိုင်သော တစ်ကိုယ်တော် ကျင့်ကြံသူများ တုန်လှုပ်နေကြသည်။ မရေမတွက်နိုင်သော ပြည်သူများ တုန်လှုပ်နေကြသည်။ ချင်တိုင်းပြည် တော်ဝင်မိသားစုသည် နေရာအနှံ့တွင် ပြည်သူများကို နှစ်သိမ့်သော စာများ ထုတ်ပြန်ထားသည်။ အင်မော်တယ် တပ်မကြီး နယ်မြေချဲ့ထွင်နေသည်။ အနှောင့်အယှက် မပေးကြပါနှင့် ဟု ဖြစ်သည်။
သို့သော် အကျိုးသက်ရောက်မှု နည်းပါးသည်။ ပြည်နယ်အသီးသီးရှိ ပြည်သူများသည် ကြောက်လန့်တကြား ဖြစ်နေကြဆဲ ဖြစ်သည်။ သူတို့သက်တမ်းတွင် မည်သူက ဤမျှ ကြီးမားသော မြင်ကွင်းကြီးမျိုးကို မြင်ဖူးပါမည်နည်း။ ချင်တိုင်းပြည်ရှိ ဂိုဏ်းကြီးများ အားလုံး စိတ်တူကိုယ်တူ ပူးပေါင်းကာ တစ်နိုင်ငံလုံးရှိ ကျင့်ကြံခြင်းလောက အင်အားကို စုစည်း၍ ဝူတိုင်းပြည်အား တိုက်ခိုက်ခြင်း ဖြစ်သည်။ ကြီးမားသော ဝိညာဉ်စွမ်းအားများသည် ချင်တိုင်းပြည် ကောင်းကင်တွင် ဆူပွက်နေသည်။ ကောင်းကင်ကို မော့ကြည့်လိုက်လျှင် ပြည့်ကျပ်နေသော စစ်သင်္ဘောများသာ မြင်ရသည်။ တိမ်မည်းများ ဖုံးလွှမ်းနေသကဲ့သို့ ရှိသည်။ မြေကြီးပေါ်တွင်တော့ အရိပ်မည်းကြီးများ ကျရောက်နေသည်။
ထို အရိပ်မည်းကြီးများသည် အရာအားလုံးကို ဝါးမြိုပစ်တော့မည့်အလား ရှိသည်။ ကောင်းကင်နှင့် မြေပြင်ပင် အရောင်ပြောင်းလဲသွားသည်။ ဤသည်မှာ အင်မော်တယ်များ၏ စွမ်းအား ဖြစ်သည်။ ချင်တိုင်းပြည် နေရာအနှံ့တွင် ပြည်သူများ ဒူးထောက် ရှိခိုးနေကြသည်။ နယ်စပ် ဒေသသည် ကြီးမားကျယ်ပြန့်လှသည်။ ဝူတိုင်းပြည် နယ်စပ်တွင်လည်း ပြည့်ကျပ်နေသော စစ်သင်္ဘောများ ကောင်းကင်တွင် ပျံသန်းနေသည်။ အလံများ လွင့်ပျံနေသည်။ အစီအရင်များ စတင် လည်ပတ်နေသည်။ ယွမ်ရင်(မူလဝိညာဉ်) အဆင့် ဘိုးဘေး (၁၀) ယောက်ကျော် ကောင်းကင်တွင် လက်နောက်ပစ် ရပ်နေကြသည်။ အရှိန်အဝါ ကြီးမားလှသည်။ သူတို့သည် အရပ်ရှစ်မျက်နှာတွင် နေရာယူထားကြသည်။ ဝူတိုင်းပြည် ၏ ပထမဆုံး သံမဏိ ခံစစ်စည်းကို တည်ဆောက်ထားကြသည်။ ချင်တိုင်းပြည် ကို ရင်ဆိုင်ရန် ဖြစ်သည်။
နေမင်းကြီး ထွန်းလင်းနေသည်။ အဝေးမှ ကောင်းကင်တွင် ပြည့်ကျပ်နေသော စစ်အလံများ ရုတ်တရက် ပေါ်ထွက်လာသည်။ စစ်သင်္ဘောကြီးများသည် တိမ်တိုက်များကြားမှ ဖြည်းညှင်းစွာ ထွက်ပေါ်လာကြသည်။ ဧရာမ သားရဲကြီးများ ဆင်းသက်လာသကဲ့သို့ ကြီးကျယ်ခမ်းနားလှသည်။ အမည်းရောင် အရိပ်ကြီးများ မြေကြီးပေါ်သို့ ကျရောက်လာသည်။ နေရောင်ခြည်ပင် ပျောက်ကွယ်သွား၏။ အလင်းရောင်နှင့် အပူဓာတ်များ ပျောက်ကွယ်သွားသည်။ အဆုံးမဲ့သော အေးစက်မှုများသာ ရှိတော့သည်။ ချင်တိုင်းပြည် ဂိုဏ်းပေါင်းစုံ ကျင့်ကြံသူ မဟာမိတ် တပ်မကြီး ရောက်ရှိလာပြီ ဖြစ်သည်။
ကြီးမားသော သတ်ဖြတ်ခြင်း အရှိန်အဝါကြီး တစ်ခုက လူတိုင်း၏ မျက်နှာကို လာရိုက်ခတ်နေသည်။ ဝူတိုင်းပြည် ရှိ ကျင့်ကြံသူ အားလုံး လက်နက်များကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ကြသည်။ သူတို့၏ သွေးများ ဆူပွက်လာသည်။ မျက်လုံးများသည် အဝေးမှ ကောင်းကင်ကို စူးစိုက်ကြည့်နေကြသည်။
“မိတ်ဆွေတို့... ငါတို့ ဝူတိုင်းပြည် ကို ကာကွယ်ကြ…”
“မိတ်ဆွေတို့... ငါတို့ ဝူတိုင်းပြည် ကို ကာကွယ်ကြ…”
ယွမ်ရင်(မူလဝိညာဉ်) အဆင့် ဘိုးဘေး (၁၀) ယောက်ကျော် ဒေါသတကြီး ဖြစ်နေကြသည်။ သူတို့၏ ဆံပင်များ လွင့်ပျံနေကာ ကြီးမားသော ဝိညာဉ်စွမ်းအားများသည် ရေလှိုင်းများကဲ့သို့ ပျံ့နှံ့သွားသည်။ ဝူတိုင်းပြည် နယ်စပ်ရှိ ကျင့်ကြံသူ မဟာမိတ် တပ်မကြီး တစ်ခုလုံးကို လွှမ်းခြုံသွားသည်။
“သတ် ”
“သတ် ”
“သတ် ”
ချင်တိုင်းပြည် ကျင့်ကြံသူ မဟာမိတ် တပ်မကြီး တပြိုင်နက်တည်း အော်ဟစ်လိုက်ကြသည်။ လေပြင်းကြီးများ ပြင်းထန်စွာ တိုက်ခတ်လာပြီး အလံများ ပြင်းထန်စွာ လှုပ်ရှားနေသည်။ ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်ခြင်း အရှိန်အဝါများ ပေါက်ကွဲထွက်ပေါ်လာသည်။ ကြီးမားသော အရှိန်အဝါများ မိုးနှင့်မြေကြား ပြည့်နှက်သွားသည်။ လေမုန်တိုင်းများ တိုက်ခတ်လာသလို ဖြစ်နေသည်။ ဝိညာဉ်စွမ်းအား အလင်းတန်းများသည် ကောင်းကင်ကို ဖြတ်သန်းသွားသော ရောင်စုံ မြစ်ရှည်ကြီးများ အဖြစ် ပြောင်းလဲသွားသည်။
“ဝုန်း... ဝုန်း...”
“ရွှီး... ရွှီး... ရွှီး...”
သိပ်သည်းပြီး မြန်ဆန်သော လေခွင်းသံများ ထွက်ပေါ်လာသည်။ စတင်သည်နှင့် တပြိုင်နက် သောင်းချီသော လူများ ချက်ချင်း ထိပ်တိုက် တွေ့ဆုံသွားကြသည်။ မရေမတွက်နိုင်သော ဝိညာဉ်စွမ်းအားများ နိုင်ငံနှစ်ခု နယ်စပ် စစ်မြေပြင်တွင် အပြည့်အဝ ပေါက်ကွဲထွက်ပေါ်လာသည်။ မုန်တိုင်းများ တိုက်ခတ်သကဲ့သို့ ဖြစ်နေသည်။ နှစ်ပေါင်း တစ်ရာကျော် ပြင်ဆင်လာခဲ့သော နိုင်ငံနှစ်ခု၏ ကျင့်ကြံခြင်းလောက စစ်ပွဲကြီးသည် ယခုမှ စတင်လေပြီ။
ဝူယွင်ဂိုဏ်း၊ ရေပူစမ်းဆေးဥယျာဉ်၌ ချန်ရွှင် သည် ဤရက်ပိုင်း အတွင်း လုံးဝ ကျင့်ကြံ၍ မရတော့ပေ။ စိတ်ထဲတွင် နေရထိုင်ရ ခက်နေသည်။ ထိုနေရာမှ စစ်ပွဲ အခြေအနေ မည်မျှ ကြောက်စရာ ကောင်းနေမလဲ မသိပေ။ အကယ်၍ စစ်ရှုံးသွားလျှင် ဝူယွင်ဂိုဏ်း လည်း ပျောက်ကွယ်သွားနိုင်ခြေ ရှိသည်။
သူတို့ မြက်ခင်းပြင်ပေါ်တွင် ထိုင်နေကြပြီး လက်ထဲတွင် ကြိုးမျှင်များ ခွာထုတ်နေကြသည်။ နွားနက်ကြီးသည် တိုးညှင်းစွာ အော်မြည်နေသည်။ မြက်ခင်းပြင်ပေါ်ရှိ ကြိုးတစ်ထောင်အပင်ကြီးကို ကြောက်ကြောက်ရွံ့ရွံ့ ကြည့်နေသည်။ သူသည် ငွေရောင် ကြိုးမျှင်လေးများကို ဂရုတစိုက် ဆွဲထုတ်နေသည်။ ချန်ရွှင်ကို စိတ်ဆိုးအောင် မလုပ်မိစေရန် သတိထားနေရသည်။ ချန်ရွှင် ၏ ရင်ဘတ်က အနည်းငယ် နိမ့်ချည်မြင့်ချည် ဖြစ်နေပြီး ကြိုးတစ်ထောင်အပင်ကြီးကို ကြည့်နေသည်။ လက်ထဲမှ အားကို ပိုမို ထည့်လိုက်ရာ “ဖျတ်” ခနဲ ကျိုးပြတ်သွား၏။
“မွန်း . မွန်း…”
နွားနက်ကြီး လန့်သွားပြီး အမြန် ရှေ့တိုးကာ နှစ်သိမ့်ပေးလိုက်သည်။ ခေါင်းဖြင့် ချန်ရွှင်ကို အဆက်မပြတ် ပွတ်သီးပွတ်သပ် လုပ်နေသည်။
“နွားကြီး...”
ချန်ရွှင် တိုးတိုးလေး ရယ်လိုက်သည်။ ထိုအသံက ကြောက်စရာ ကောင်းနေသည်။
“ဂျိ အစ်ကိုကြီး... ရှီ အစ်ကိုကြီး... ပြီးတော့ ဟို ဂိုဏ်းတူ မောင်နှမတွေ... စီနီယာတွေ... သူတို့ အားလုံး ဘေးကင်းကင်းနဲ့ ပြန်ရောက်လာကြမှာပါနော်…”
“မွန်း မွန်း .”
နွားနက်ကြီး၏ မျက်လုံးများက ကြောက်ရွံ့နေသည်။ ခေါင်းကို အဆက်မပြတ် ညိတ်ပြပြီး နှစ်သိမ့်ပေးနေသည်။ ချန်ရွှင် ဆုတောင်းထားဖူးတာပဲ။
“နွားကြီး... လာထိုင်…”
“မွန်း…”
“ငါ ဘာမှ မဖြစ်ဘူး... ဝူတိုင်းပြည် နဲ့ ချင်တိုင်းပြည် ရဲ့ ကိစ္စကို ငါတို့ ဝင်ပါလို့ မရဘူး... စစ်မြေပြင် ရောက်ရင် အခွင့်အရေး ရှိလာမှာပါ…”
ချန်ရွှင် သက်ပြင်းချလိုက်သည်။ သူစိတ်ဓာတ် အလွန် ကျနေသည်။ သူ အဝေးကို လှမ်းကြည့်လိုက်ပြီး မျက်ဝန်းထဲတွင် စိုးရိမ်ပူပန်မှု တစ်ခု ရှိနေသည်။ သူ အရင်ဘဝတုန်းက စစ်ကားများ အများအပြား ကြည့်ခဲ့ဖူးသည်။ ကျင့်ကြံသူ တပ်မကြီး တိုက်ခိုက်ကြပြီ ဆိုလျှင် သေနတ်တွေ အမြောက်တွေထက် ပိုကြမ်းတမ်းမည်။ အားကောင်းသော စွမ်းရည် မရှိလျှင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ခက်ခဲလိမ့်မည်။
အခန်း (၉၀)
"မွန်း..."
နွားနက်ကြီးသည် ချန်ရွှင်အား အဆက်မပြတ် ပွတ်သီးပွတ်သပ် ပြုလုပ်နေသည်။ ၎င်းသည် စစ်ပွဲ၏ ရက်စက်ကြမ်းကြုတ်မှုကို နားမလည်ဘဲ နန်ဒုတောင်တွင် ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုမျိုးဟုသာ ထင်မှတ်နေသည်။ ချန်ရွှင်သည်လည်း ၎င်းအား အသေးစိတ် အကြောင်းအရာများကို ရှင်းပြမနေတော့ပေ။
"အမျှင်ထုတ်တဲ့ အလုပ်ကိုပဲ အရင်လုပ်ကြစို့… ဒါက ပစ္စည်းကောင်းကွ…"
"မွန်း..."
သူတို့နှစ်ဦးသည် ပြန်လည်၍ အလုပ်ရှုပ်သွားကြသည်။ ဤ ကြိုးတစ်ထောင်အပင် သည် ချူရွှမ် ဆေးဥယျာဉ် ရေကန်အောက်ခြေမှ ခိုးယူရရှိခဲ့သော အရာဖြစ်ပြီး အသုံးပြုစရာ နေရာများစွာ ရှိသည်။ နှစ်ပေါင်းရာချီ သက်တမ်းရှိသော နွယ်ပင်ကို ဆေးဖော်စပ်ရာတွင် အသုံးပြုနိုင်ရုံသာမက လက်နက်ကိရိယာ ပြုလုပ်ရာတွင်လည်း အသုံးပြုနိုင်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်း၏ ငွေရောင်ချည်မျှင်များတွင် နတ်အသိကို ကာကွယ်ဟန့်တားနိုင်သော ထူးခြားသည့် အစွမ်းသတ္တိ ရှိသောကြောင့် ဖြစ်သည်။
ဝူယွင်ဂိုဏ်းတွင် နေထိုင်ခဲ့သည်မှာ နှစ်ပေါင်းရာချီ ကြာမြင့်ခဲ့ပြီ ဖြစ်ရာ နောက်ဆုံးတွင် သူတို့ ကြုံတွေ့ခွင့် ရရှိခဲ့ပြီ ဖြစ်သည်။ ဤသည်မှာ အသက်ရှည်ခြင်း၏ အကျိုးကျေးဇူးပင် ဖြစ်သည်။ ဂိုဏ်းအကျိုးပြု ခန်းမဆောင်ရှိ နတ်အသိကို ကာကွယ်ပေးနိုင်သော ပစ္စည်းများသည် သူတို့နှင့် သိပ်ပြီး အဆင်မပြေလှပေ။ ကျောက်စိမ်းပြား ကဲ့သို့သော အရာများနှင့် ထူးဆန်းသော ကျောက်တုံးများသည် ကျင့်ကြံခြင်းအဆင့်ကို ဖုံးကွယ်ရန်အတွက်သာ အဓိက အသုံးပြုကြသည်။ ပိုမိုကောင်းမွန်သော ပစ္စည်းများကို ဂိုဏ်းအနေဖြင့် အလွယ်တကူ လဲလှယ်ပေးမည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ဤကုန်ကြမ်းပစ္စည်းများသည် ပြန်လည် ပြုလုပ်၍ မရနိုင်ဘဲ တစ်ခု လဲလှယ်လိုက်ပါက တစ်ခု လျော့နည်းသွားမည် ဖြစ်သောကြောင့် ဖြစ်သည်။
"နွားကြီး... ငါတို့ ဒီနှစ်တစ်ထောင် သက်တမ်းရှိတဲ့ ကြိုးတစ်ထောင်အပင်ရဲ့ အာနိသင်ကို အရင် စမ်းသပ်ကြည့်ရအောင်…"
ချန်ရွှင်သည် အာရုံများကိုသိမ်းဆည်းကာ အကြည့်များကို စူးစိုက်ထားလိုက်သည်။ ဤ ဝိဉာဉ်နွယ်ပင်ကို အချိန်ကြာမြင့်စွာ အားစိုက်ထုတ်၍ ပြုစုပျိုးထောင်ခဲ့ရခြင်း ဖြစ်သည်။ သို့သော် ငွေရောင်ချည်မျှင် ထွက်ရှိမှု ပမာဏမှာ အလွန် နည်းပါးလွန်းသဖြင့် ဖြည်းဖြည်းချင်း စုဆောင်းရုံသာ တတ်နိုင်ပြီး စိတ်လော၍ မရနိုင်ပေ။ ချင်တိုင်းပြည် ကျင့်ကြံခြင်းလောကတွင် ငွေရောင်ချည်မျှင် အသုံးပြုနည်းကို စွန့်ပယ်ခဲ့ကြသည်မှာ ကြာမြင့်ပြီ ဖြစ်သည်။ အထောက်အကူပြု ပစ္စည်းအဖြစ်သာ အသုံးပြုကြသည်။ ချန်ရွှင်နှင့် နွားနက်ကြီးကဲ့သို့ သုံးစွဲနိုင်သူမှာ မရှိသလောက်ပင် ဖြစ်သည်။
"မွန်း..."
နွားနက်ကြီးသည် ခေါင်းညိတ်လိုက်ပြီး ဘေးတွင် ထိုင်လျက် အမျှင်များကို ဆက်လက် ထုတ်ယူနေသည်။ ဝိဉာဉ်ဆေးပင်များ၏ ကြီးထွားမှုသည်လည်း အကန့်အသတ် ရှိသည်။ နှစ်တစ်ထောင် သက်တမ်းကို ဦးစွာ စမ်းသပ်ရမည် ဖြစ်ပြီး နောက်ပိုင်းမှ တဖြည်းဖြည်း တိုးမြှင့်ရမည် ဖြစ်သည်။ သူတို့သည် စိတ်လောခြင်း အလျဉ်းမရှိကြပေ။
ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် စိတ်ငြိမ်သက်မှု ရရှိစေရန်အတွက် ကျင့်ကြံခြင်းကို ခေတ္တ ရပ်နားထားလိုက်ကြသည်။ အချို့သော ကိစ္စရပ်များသည် သူတို့၏ ထာဝရအသက်ရှင်ခြင်း လမ်းစဉ်တွင် မလွဲမသွေ ဖြတ်သန်းရမည့် အရာများ ဖြစ်သည်။ သူတို့သည် နေ့စဉ် ဝိဉာဉ်နွယ်ပင်များကို ပြုစုပျိုးထောင်ပြီး ငွေရောင်ချည်မျှင်များကို ထုတ်ယူကြသည်။ ကျန်ရှိသော အချိန်များတွင် နေဝင်ချိန်၌ တောင်ထိပ်ပေါ်သို့ သွားရောက်ကာ မြောက်ဘက်အရပ်ကို နာရီပေါင်းများစွာ ငေးမောကြည့်ရှုလေ့ ရှိသည်။
တစ်ခါတစ်ရံတွင် လျိုယွမ် သည် အလွန် စိုးရိမ်ပူပန်သော ပုံစံဖြင့် ရောက်ရှိလာပြီး ရှေ့တန်းစစ်မျက်နှာပြင်မှ အခြေအနေများကို လာရောက် ပြောပြတတ်သည်။ ထိပ်သီးဂိုဏ်းကြီး (၁၀) ဂိုဏ်းမှ တပည့်များသည် အဆက်မပြတ် စစ်ကူသွားရောက်နေကြသော်လည်း အတားအဆီး အချို့နှင့် ကြုံတွေ့နေရပြီး စစ်ပွဲအခြေအနေမှာ ကောင်းမွန်ခြင်း မရှိကြောင်း ကြားသိရသည်။ ဝူနိုင်ငံ ကျင့်ကြံခြင်းလောက၏ အင်အားသည်လည်း ချင်နိုင်ငံထက် မနိမ့်ကျပေ။ သို့မဟုတ်ပါက ဤမျှ နှစ်ပေါင်းများစွာ ကြာအောင် တင်းခံထားနိုင်မည် မဟုတ်ပေ။
ချန်ရွှင်သည် လျိုယွမ်အား ကျေးဇူးတင်စကား ပြောကြားသော်လည်း နေ့စဉ် နွားနက်ကြီးကို ခေါ်ဆောင်လျက် တောင်ထိပ်ပေါ်၌ ရပ်ကာ မြောက်ဘက်အရပ်ကို မျှော်ကြည့်နေဆဲပင် ဖြစ်သည်။
...
အချိန်ကာလများသည် နံနက်ခင်း နှင်းစက်များပမာ လျင်မြန်စွာ ကုန်ဆုံးသွားရာ ချင်နိုင်ငံနှင့် ဝူနိုင်ငံတို့ စစ်ဖြစ်ပွားခဲ့သည်မှာ (၁၀) နှစ် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ဝူယွင်ဂိုဏ်းသည်လည်း စစ်ပွဲအတွင်း ကျဆုံးသွားသော ကျင့်ကြံသူများကို ပြန်လည် သယ်ဆောင်ရန် လူလွှတ်လေ့ ရှိသည်။ အချို့မှာ ခန္ဓာကိုယ် အစိတ်အပိုင်းများ ပျောက်ဆုံးနေပြီး အချို့မှာ အဝတ်အစား သို့မဟုတ် လက်နက်ကိရိယာများသာ ကျန်ရစ်ခဲ့ကြသည်။
ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် စစ်ပွဲကို ကိုယ်တိုင် မကြုံဖူးကြသော်လည်း ထိုသွေးစွန်းနေသော ဝတ်ရုံများကို မြင်ရုံဖြင့် ကြောက်ရွံ့တုန်လှုပ်ရန် လုံလောက်နေသည်။ (၁၀) နှစ် ကြာခဲ့ပြီ ဖြစ်သော်လည်း စစ်ပွဲကြီးမှာ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်သည်။ ဝူနိုင်ငံ နယ်နိမိတ်အတွင်းထိ တိုက်ခိုက်နေကြပြီဟု ကြားသိရပြီး နိုင်ငံနှစ်ခု၏ တိုက်ပွဲမှာ ပြင်းထန်လျက် ရှိသည်။
လျိုယွမ်ထံမှလည်း ရှီကျင်းနှင့် ဂျိခွန်တို့၏ သတင်းကို မကြားရပေ။ စစ်မျက်နှာပြင်သည် ရှည်လျားပြီး ရှုပ်ထွေးလွန်းသဖြင့် အသက်ရှင်နေသလား၊ သေဆုံးသွားသလား ဆိုသည်ကိုပင် မသိရပေ။ ချန်ရွှင်နှင့် နွားနက်ကြီးတို့သည်လည်း ဝူယွင်ဂိုဏ်းတွင် မိမိတို့၏ အလုပ်ဟောင်းကို ပြန်လည် လုပ်ကိုင်နေကြသည်။ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများ ဖြစ်ကြသဖြင့် ဂိုဏ်း၏ နောက်တန်း ထောက်ပံ့ရေး ကိစ္စရပ်များကိုသာ တာဝန်ယူဆောင်ရွက်ကြသည်။
နှဲသံနှင့် ခေါင်းလောင်းသံများသည် တောင်တန်းများကြားတွင် ပျံ့လွင့်နေပြီး ကျဆုံးသွားသော ကျင့်ကြံသူများကို ရှန်ရင်တောင်၌ မြှုပ်နှံသင်္ဂြိုဟ်ပေးကြသည်။ အချို့ဆိုလျှင် အမည်နာမပင် မသိရဘဲ အဝတ်အစားများကိုသာ မြှုပ်နှံထားရသော ဂူသင်္ချိုင်းများ ဖြစ်ကြသည်။ ထိုအထဲတွင် ရှီကျင်းနှင့် ဂျိခွန်တို့ ပါဝင်နေမလား ဆိုသည်ကို မည်သူမျှ မတတ်နိုင်ပေ။ သို့သော် ချန်ရွှင်ကမူ နှုတ်မှ တဖွဖွ ပြောဆိုလေ့ရှိသည်မှာ "ဒါက သူတို့ကိုယ်တိုင် ရွေးချယ်တဲ့ လမ်းပဲ၊ ကျင့်ကြံခြင်း လမ်းစဉ်မှာ ပြိုင်ဆိုင်မယ် ဆိုရင် သေဆုံးမှုတွေ ရှိတာပဲ…..နောင်တမရရင် ပြီးတာပါပဲ" ဟူ၍ ဖြစ်သည်။
သို့သော် နွားနက်ကြီးသည် ချန်ရွှင်ကို ကောင်းစွာ နားလည်သည်။ ဤစကားများသည် ကိုယ့်ကိုယ်ကိုယ် ကြိုတင် နှစ်သိမ့်နေခြင်းသာ ဖြစ်ကြောင်း သူ သိသည်။ အလောင်းကို အတည်မပြုနိုင်သရွေ့ မသေသေးဟု မှတ်ယူကာ ချန်ရွှင်သည် နောက်ဆုံး မျှော်လင့်ချက် တစ်ခုကို ဆုပ်ကိုင်ထားဆဲ ဖြစ်သည်။ သူတို့သည် ဤနှစ်များအတွင်း ရရှိသော သက်တမ်းအမှတ်များကို အမြန်နှုန်းနှင့် ခွန်အားတွင် ပေါင်းထည့်ခဲ့ကြသည်။
လက်ရှိ သူတို့၏ စွမ်းရည်အမှတ်များမှာ - ခွန်အား ၂၅၊ အမြန်နှုန်း ၅၀၊ မူလစွမ်းအင် ၅၀၊ ဝိညာဉ်စွမ်းအား ၅၁၊ ခံစစ်စွမ်းရည် ၅၀ တို့ ဖြစ်ကြသည်။
ကျောက်စိမ်းဝါးတောင်တန်းတွင် တိမ်တိုက်များကြားမှ ထိုးထွက်နေသော တောင်ထွတ်များသည် ကျွန်းစုများပမာ ရှိ နေကြသည်။ တောင်ထိပ်တစ်ခု ပေါ်တွင် လူတစ်ယောက်နှင့် နွားတစ်ကောင် ထိုင်နေကြသည်။
"နွားကြီး... အခုတော့ ငါ သဘောပေါက်သွားပြီ၊ အဲဒီတုန်းက ငါ စိတ်လိုက်မာန်ပါ ဖြစ်ခဲ့မိတယ်…"
ချန်ရွှင်သည် တည်ငြိမ်စွာ ပြုံးလျက် နားမလည်နိုင်သော အကြည့်ဖြင့် ကြည့်နေသည့် နွားနက်ကြီးကို ညင်သာစွာ ပုတ်လိုက်သည်။
"ငါတို့ အဲဒီတုန်းက နိုင်ငံနဲ့ အိမ်ကို ကာကွယ်ဖို့အတွက် ဆိုပြီး တွေးခဲ့ကြတယ် မဟုတ်လား…"
"မွန်း..."
နွားနက်ကြီးသည် နှာမှုတ်သံ ပြင်းပြင်းတစ်ချက် ပြုလုပ်လိုက်သည်။ သူသည် စစ်တိုက်ချင်ရုံ သက်သက်ဖြင့် စစ်မြေပြင်သို့ သွားချင်ခဲ့ခြင်း မဟုတ်ပေ။
"အမှန်တရားကတော့ ချင်နိုင်ငံ ကျင့်ကြံခြင်းလောကက ကျင့်ကြံခြင်း ရင်းမြစ်တွေကို လုယူဖို့အတွက် တိုက်ခိုက်နေကြတာပဲ၊ ငါတို့ကသာ စိတ်တွေ လှုပ်ရှားနေခဲ့ကြတာ၊ ဝူနိုင်ငံက အခုထိ ငါတို့ဆီကို လာမတိုက်သေးဘူး…"
ချန်ရွှင်သည် အဝေးသို့ မျှော်ကြည့်ရင်း တည်ငြိမ်စွာ ပြောလိုက်သည်။
"သူများတွေက အသက်လုပြီး တိုက်ခိုက်နေကြတာ၊ နောက်နောင် ဒီလိုကိစ္စမျိုးတွေမှာ ငါတို့ ပါဝင်ပတ်သက်ဖို့ မလိုအပ်တော့ဘူး၊ ဘာမှတ်ချက်မှလည်း ဝင်မပေးနဲ့တော့…"
"မွန်း မွန်း..."
နွားနက်ကြီးသည် ပြုံးလိုက်သည်။ ချန်ရွှင် သဘောပေါက်သွားသည်ကို မြင်ရသဖြင့် သူ ဝမ်းသာနေသည်။
"မင်းပုံစံကို ကြည့်ပါဦး၊ မင်းအစ်ကိုရွှင်က ဒီလောက်နှစ်တွေ အများကြီး နေလာတာ၊ အလကား နေလာတာများ မှတ်နေလား…"
"မွန်း..."
နွားနက်ကြီးသည် ချန်ရွှင်ကို အော်ဟစ်လိုက်သည်။
"နွားကြီး... ငါကလည်း တစ်ခါလောက်တော့ သွေးဆူခွင့် မရှိဘူးလားကွ…"
ချန်ရွှင်၏ မျက်နှာတွင် ရှက်ရွံ့သော အရိပ်အယောင်များ ပေါ်လာပြီး ကပျာကယာ ရှင်းပြလိုက်သည်။
"ဘယ်ယောက်ျားမဆို စစ်မြေပြင်ဝင်ပြီး ရန်သူကို သတ်ချင်တာ၊ နိုင်ငံနဲ့ လူမျိုးကို ကာကွယ်ချင်တဲ့ စိတ်ကူးမျိုး ရှိကြတာပဲလေ…."
"မွန်း မွန်း..."
နွားနက်ကြီးသည် ရုတ်တရက် ထပြေးလိုက်ပြီး မျက်လုံးကြီးများ ကွေးညွတ်သွားသည်။ သူ့မှာတော့ အဲဒီလို စိတ်ကူးမျိုး မရှိပေ။ သူက ချန်ရွှင်နောက်ကို လိုက်ရလျှင်ပြီးပြီသာဖြစ်သည်။ ဓားတောင်ကိုကျော်ရကျော်ရ မီးပင်လယ်ကို ဖြတ်ရဖြတ်ရ တွန့်ဆုတ်နေမည် မဟုတ်ပေ။
"နွားကြီး... သွားစို့၊ ကျင့်ကြံကြမယ်၊ လမ်းခရီးက ဝေးသေးတယ်…"
ချန်ရွှင်သည် ဖြည်းညှင်းစွာ ထရပ်လိုက်ပြီး လေပူတစ်ချက် မှုတ်ထုတ်လိုက်သည်။
"ငါတို့ရဲ့ ရတနာကြီးကလည်း မကြာခင် ထွက်ပေါ်လာတော့မယ်၊ အဲဒါက နောက်ပိုင်း ငါတို့ရဲ့ ထမင်းအိုးပဲ…"
"မွန်း..."
နွားနက်ကြီးသည် ကြိုးကို ကိုက်ချီလျက် ချန်ရွှင်၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။ ထို့နောက် သူတို့သည် တောင်အောက်သို့ လမ်းလျှောက်ဆင်းလာခဲ့ကြသည်။ ယခုအခါ သူတို့သည် အခြေခံတည်ဆောက်ခြင်း အလယ်အလတ်အဆင့်တွင် ခရီးပေါက်ရောက်နေပြီ ဖြစ်သည်။ အခြေခံတည်ဆောက်ခြင်းအဆင့်ဆေး အကူအညီကြောင့် သူတို့၏ အခြေခံအုတ်မြစ်သည် အလွန် ခိုင်မာနေသည်။ ကျင့်ကြံမှု တိုးတက်နှုန်းမှာ သိသိသာသာ နှေးကွေးလာသော်လည်း ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် ကျင့်ကြံမှု တိုးတက်ပြောင်းလဲခြင်း အကြောင်းကို မကြာခဏ ဆွေးနွေးတိုင်ပင်လေ့ ရှိပြီး မှတ်စုစာအုပ်များပင် ပြည့်နှက်နေပြီ ဖြစ်သည်။
သို့သော် ဤအခြေအနေသည် ချန်ရွှင်အား ဝမ်းသာစေသည်။ သူတို့၌ အချိန်မရှားပါးသလို ဆေးပင်နှင့် ဆေးဝါးများလည်း မရှားပါးပေ။ လိုအပ်သည်မှာ ခြေလှမ်းတိုင်းကို မည်သို့ ခိုင်မာအောင် လျှောက်လှမ်းရမည် ဆိုသည့် အချက်သာ ဖြစ်သည်။ ဓာတ်ငါးပါး ဝိညာဉ်အမြစ် နှင့် ဒန်တန် ၊ ထို့အပြင် ထာဝရအသက်ရှင်သော စိတ်ဓာတ်တို့ ပေါင်းစပ်လိုက်သောအခါ ချန်ရွှင် ပြောနိုင်သည်မှာ စကားလုံး နှစ်လုံးတည်းသာ ရှိသည်။ "ပြီးပြည့်စုံတယ်" ဟူ၍ ဖြစ်သည်။ နွားနက်ကြီး ကြားသောအခါ အကြောင်းမဲ့ သက်သက် ပျော်ရွှင်လာသည်။ ထိုညက သူတို့ စိတ်လှုပ်ရှားလွန်းသဖြင့် အိပ်မပျော်နိုင်ကြဘဲ တောင်တန်းပေါ်သို့ သွားရောက်ကာ ကြိုးကြာဖြူပင် အမြောက်အမြားကို ခုတ်လှဲခဲ့ကြသည်။
နောက်တစ်နေ့တွင် တစ်ကိုယ်လုံး ပေါ့ပါးလန်းဆန်းနေသည်ဟု ခံစားလိုက်ရသည်။ စိတ်ထွက်ပေါက် ပေးရာတွင် ကြိုးကြာဖြူပင် ခုတ်လှဲခြင်းလောက် ကောင်းမွန်သောအရာ မရှိပေ။
ယနေ့တွင် ဆေးဥယျာဉ်သို့ ပြန်ရောက်ပြီးနောက် သူတို့သည် ခြေသံလုံလုံဖြင့် လျှို့ဝှက်ဂူတစ်ခုထဲသို့ ဝင်ရောက်သွားကြသည်။ နွားနက်ကြီး၏ ခြေကွက်များမှာ ဆန်းကြယ်လှပြီး ဂူတစ်ခုလုံးတွင် အစီအရင်အလံများ ဝဲပျံနေသည်။ သူက တစ်ချက် အော်ဟစ်လိုက်ရာ ဂူအတွင်း၌ လေပြင်းများ တိုက်ခတ်လာပြီး မီးခိုးငွေ့များ ပျံ့လွင့်လာသည်။ မြေကွက်လပ်ပေါ်တွင် ကြိုးကြာဖြူပင်ဖြင့် ပြုလုပ်ထားသော ဧရာမ ဆေးသေတ္တာကြီး တစ်ခု ဖြည်းညှင်းစွာ ပေါ်ထွက်လာသည်။
"နွားကြီး... အဖုံးဖွင့်လိုက်"
ချန်ရွှင်၏ မျက်နှာတွင် စိတ်လှုပ်ရှားမှုများ ပေါ်လာပြီး နှုတ်ခမ်းကို သပ်လိုက်သည်။
"မွန်း..."
နွားနက်ကြီး မတ်တပ်ရပ်လိုက်ပြီး ခွာတစ်ဖက်ကို မြှောက်လိုက်ရာ ဆေးသေတ္တာအဖုံးသည် လန်တက်ပြီး ပွင့်ထွက်သွားသည်။ အတွင်း၌ အလွန် ကြီးမားတုတ်ခိုင်သော ကြိုးတစ်ထောင်အပင် တစ်ပင် ပေါ်လာသည်။ ဂူတစ်ခုလုံး ဝိညာဉ်အငွေ့အသက်များ ချက်ချင်း ပြည့်နှက်သွားပြီး ကြိုးတစ်ထောင်အပင်၏ မွှေးပျံ့သော ရနံ့များ လှိုင်သွားသည်။ ၎င်းသည် အရည်အသွေး ပြောင်းလဲသွားပြီး မည်းနက်ပြောင်လက်နေကာ လှပသော အနုပညာလက်ရာ တစ်ခုကဲ့သို့ ဖြစ်နေသည်။
နှစ်တစ်သောင်း ကြိုးတစ်ထောင်အပင်ဖြစ်သည်။
"ဟားဟားဟား... ရတနာကြီးကွ…"
ချန်ရွှင်၏ မျက်လုံးများ အရောင်တောက်လာပြီး ရယ်မောလိုက်သည်။
"နွားကြီး... ငါတို့ အထဲဝင်ပြီး အမျှင်ထုတ်ကြမယ်…"
"မွန်း..."
နွားနက်ကြီးလည်း အလွန် စိတ်လှုပ်ရှားနေသည်။ နှစ်တစ်သောင်း သက်တမ်းရှိ ဝိညာဉ်ဆေးပင်မျိုးကို ယွီရွှီမြို့တော် လေလံပွဲ စာရင်းမှာတောင် မတွေ့ရပေ။ အများဆုံး နှစ်တစ်ထောင် ဆေးပင်လောက်သာ ရှိသည်။ အကယ်၍ ဤအရာကို ထုတ်ပြလိုက်ပါက ကျင့်ကြံခြင်းလောကတွင် စစ်ပွဲကြီး ဖြစ်ပွားသွားနိုင်သည်ဟု ချန်ရွှင် ပြောဖူးသည်။
“ဝုန်း...”
သူတို့ ဝင်ရောက်သွားပြီးနောက် ဆေးသေတ္တာအဖုံးသည် ဝုန်းခနဲ ပြန်ပိတ်သွားသည်။ ဂူတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားပြီး ဆေးရနံ့များလည်း မရှိတော့ပေ။ အခေါင်းကြီးတစ်ခုနှင့် တူသော ဆေးသေတ္တာကြီး တစ်ခုသာ ငြိမ်သက်စွာ တည်ရှိနေတော့သည်။
နှစ်တစ်သောင်း သက်တမ်းရှိ ကြိုးတစ်ထောင်အပင်ကို လက်နက်ကိရိယာများဖြင့် ဖယ်ရှား၍ မရနိုင်တော့ပေ။ သူတို့သည် အားဖြည့်ထားသော ဆေးမီးတောက်ကို အသုံးပြုပြီး ဖြည်းဖြည်းချင်း သန့်စင်ရသည်။ သို့မဟုတ်ပါက သူတို့၏ လက်ရှိ စွမ်းအားဖြင့် သာမန် ဆေးမီးတောက်ကိုသာ အသုံးပြုလျှင် နှစ်တစ်သောင်း ဆေးပင်ကို ထိုင်ကြည့်နေရုံသာ ရှိပေလိမ့်မည်။
မည်းနက်သော ချည်မျှင်များသည် တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။ ရိုးရှင်းသော်လည်း ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် ဆေးသေတ္တာကြီးထဲတွင် ပိုမို စိတ်လှုပ်ရှားလာကြသည်။ မီးရောင်အောက်တွင် လူတစ်ယောက်နှင့် နွားတစ်ကောင်သည် ပြုံးလိုက်ကြရာ စိတ်ချင်းဆက်နွယ်နေသကဲ့သို့ ရှိလေသည်။