← Chapters

အခန်း (၉၁-၉၂)

Vol. 5 Ch. 91-92

အခန်း (၉၁-၉၂)

Vol. 5 Ch. 91-92

အခန်း (၉၁)

ချန်ရွှင်၌ စိတ်ကူးထားဗသာ အစီအစဉ် တစ်ခု ရှိသည်။ ၎င်းမှာ ကြိုးကြာဖြူပင်ကို ပျိုးထောင်ပြီး အခေါင်းတစ်လုံး ပြုလုပ်ကာ နွားနက်ကြီးအတွက်ပါ လက်နက်ကိရိယာတစ်ခု ဖန်တီးပေးရန် ဖြစ်သည်။ တောင်ပေါ်ရွာလေးတွင် နေထိုင်စဉ်က နွားနက်ကြီးသည် အခေါင်းထမ်းရသည်ကို အနှစ်သက်ဆုံး ဖြစ်ခဲ့သည် မဟုတ်ပါလား။ လမ်းသွားလမ်းလာ ခွေးဝါကြီး အများအပြားသည် နွားနက်ကြီးကို တွေ့လျှင် ခေါင်းငုံ့သွားကြရသည်အထိ နွားနက်ကြီးက ဆရာကျခဲ့သည်။

ထို့အပြင် ရွှေအမြူတေအဆင့် ရောက်လျှင် ကိုယ်ပိုင် လက်နက်တစ်ခု ပြုလုပ်ရမည်ဟု သူတို့ ကြားသိထားသည်။ ချန်ရွှင်အတွက်ကတော့ သေချာပေါက် တောင်ဖြိုပုဆိန် ဖြစ်မည်။ နွားနက်ကြီးအတွက်ကိုတော့ ကြိုးကြာဖြူပင် အခေါင်းဟု ယာယီ သတ်မှတ်ထားသည်။ အရင် ရင်းနှီးအောင် လုပ်ထားပြီး မကြိုက်မှ ပြန်လဲမည်။

သူတို့သည် နေ့စဉ် ဝိညာဉ်ဆေးပင်များ ပြုစုပျိုးထောင်ခြင်း၊ အမျှင်ထုတ်ခြင်းများကို လုပ်ဆောင်ကြပြီး သုံးပါးပေါင်းစပ်ဆေးကို စားသုံးကာ အဓိကထား ကျင့်ကြံကြသည်။ ဝိညာဉ်သွေးကြောပေါ်တွင် သမာဓိထူထောင်ခြင်းကို အထောက်အကူအဖြစ် ပြုလုပ်ကြသည်။ တစ်ဖက်တွင်လည်း ရှေ့တန်းသတင်းများကို စုံစမ်းရင်း ရံဖန်ရံခါ အလုပ်ဟောင်း ဖြစ်သည့် ဂိုဏ်းတူမောင်နှမများ၏ နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်ခြင်းများ ပြုလုပ်ကြရာ ဂိုဏ်းထဲတွင် အနည်းငယ် နာမည်ကျော်ကြားလာသည်။

သို့သော် လူတိုင်းက ချန်ရွှင်နှင့် နွားနက်ကြီးကို ရှောင်ဖယ်ကြသည်။ မည်သည့် ကျင့်ကြံသူကများ နာရေးကိစ္စကို အထူးပြု လုပ်ဆောင်နေရသနည်း။ ပြီးလျှင် အလွန် ကျွမ်းကျင်နေသေးသည်။ ချန်ရွှင်နှင့် နွားနက်ကြီးတို့ကတော့ လုံးဝ ဂရုမစိုက်ပေ။ စစ်ပွဲကာလတွင် မည်သည့် ဂိုဏ်းတူမောင်နှမကများ နာရေးကိစ္စနှင့် ကင်းဝေးနိုင်မည်နည်း။ သူတို့က ပိုက်ဆံမယူဘဲ ကုသိုလ်ယူရုံသာ ဖြစ်သည်။ နွားနက်ကြီး၏ ကုသိုလ်မှတ်တမ်းစာအုပ်ကိုလည်း ချန်ရွှင်က ကုသိုလ်တော်မှတ်တမ်းဟု တရားဝင် အမည်ပေးလိုက်သည်။ ၎င်းကို နွားနက်ကြီးက မည်သည့်နေရာတွင် ဝှက်ထားသည် မသိရဘဲ ချန်ရွှင်ကိုပင် ပြောမပြပေ။

နေ့ရက်များသည် ထိုကဲ့သို့ပင် တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားသော်လည်း ပျင်းရိငြီးငွေ့ဖွယ်ရာ လုံးဝ မရှိပေ။

...

အချိန်ကာလများသည် ပြန်မလာနိုင်တော့ဘဲ နောက်ထပ် (၂၅) နှစ် ကုန်ဆုံးသွားပြန်သည်။ ရှေ့တန်းမှ စစ်ပွဲသတင်းများ အဆက်မပြတ် ရောက်ရှိလာသည်။ ဝူနိုင်ငံသည် တိုင်းပြည် ပျက်စီးလုနီးပါး ဖြစ်နေပြီး ပြည်သူအများအပြား အိုးအိမ်မဲ့ ဖြစ်နေကြသည်။ ဂိုဏ်းကြီးများက နယ်မြေကို ကာကွယ်နေကြဆဲ ဖြစ်သော်လည်း တိုက်ပွဲမှာ အလွန် ပြင်းထန်လျက် ရှိသည်။ ထိပ်သီး ဂိုဏ်းကြီး (၁၀) ဂိုဏ်းသည် ဂိုဏ်းလုံးကျွတ်နီးပါး ထွက်ခွာသွားကြပြီး ဝူနိုင်ငံ တစ်ခုလုံးကို ပိတ်ဆို့ထားကာ ထွက်ပြေးမည့် ကျင့်ကြံသူ တစ်ယောက်ကိုမျှ အလွတ်မပေးရန် ဆုံးဖြတ်ထားကြသည်။

ကျင့်ကြံခြင်းလောက စစ်ပွဲတွင် ချင်နိုင်ငံဘက်မှလည်း ဝမ်းနည်းဖွယ် သတင်းဆိုးများ ရောက်ရှိလာသည်။ မူလဝိဉာဉ်အဆင့် ဘိုးဘေးကြီး သုံးဦး ကျဆုံးသွားခဲ့ရာ ချင်နိုင်ငံ ကျင့်ကြံခြင်းလောက တစ်ခုလုံး ဝမ်းနည်းပူဆွေးခဲ့ကြရသည်။ စစ်ပွဲသည်လည်း အထွတ်အထိပ်သို့ ရောက်ရှိလာပြီး ကျင့်ကြံသူ အများအပြားသည် အသေအကြေတိုက်ခိုက်နေကြသည်။

သာမန်လောကမှ ပြည်သူအများအပြားသည် စိတ်ဓာတ်များ တက်ကြွနေကြသည်။ ချင်နိုင်ငံ ဧကရာဇ်သည် တစ်နိုင်ငံလုံး လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပြီး ချင်နိုင်ငံ ကျင့်ကြံခြင်း လောကအတွက် ဆုတောင်းပွဲများ ပြုလုပ်ပေးခဲ့သည်။ တပ်မတော်သုံးရပ်ကို စုစည်းကာ စစ်ချီတက်ခဲ့သည်။ ဝူနိုင်ငံ ကျင့်ကြံခြင်းလောက ပြိုလဲသွားသည့် အချိန်သည် ဝူနိုင်ငံ လူသားလောကကို ဝင်ရောက်တိုက်ခိုက်မည့် အချိန်ပင် ဖြစ်သည်။

ယနေ့ ကောင်းကင်တွင် နေဝင်ဆည်းဆာ၏ အလင်းရောင် ဖျော့ဖျော့သာ ကျန်ရှိတော့ပြီး အေးစက်သော အငွေ့အသက်များ ပတ်ဝန်းကျင်ကိုပျံ့နှံ့နေ၏။

ဝူယွင်ဂိုဏ်း၏ တောင်ထိပ်တစ်ခု ပေါ်တွင်...

ချန်ရွှင်၏ အကြည့်များ ပိုမို စူးရှလာသည်။ ဝူယွင်ဂိုဏ်းမှ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ အများအပြား ဆုံးရှုံးခဲ့ရသည်။ ဤစစ်ပွဲတွင် အနိုင်ရလျှင်ပင် မည်မျှကြာမှ ပြန်လည် နာလန်ထူနိုင်မည်ကို မသိနိုင်ပေ။ စစ်မြေပြင်မှ ပြင်းထန်သော သတ်ဖြတ်ခြင်း အရှိန်အဝါများကို မခံနိုင်ဘဲ စိတ်ဖောက်ပြန်သွားသူများပင် ပြန်လည် ရောက်ရှိလာကြသည်။

ယနေ့တွင် ခရမ်းရောင်တိမ်ဂိုဏ်း၏ ဧရာမ လှေပျံကြီး တစ်စင်း ကောင်းကင်အစွန်းမှ ဖြည်းညှင်းစွာ ရောက်ရှိလာသည်။ ရုပ်အလောင်းများနှင့် ဆက်လက် မတိုက်ခိုက်နိုင်တော့သူများကို ပြန်လည် ပို့ဆောင်ပေးခြင်း ဖြစ်သည်။ လှေပျံပေါ်တွင် ကြောက်မက်ဖွယ် အငွေ့အသက်များ လွှမ်းခြုံနေသည်။ လူအများအပြားသည် မျက်နှာများ ဖြူဖျော့နေပြီး ငေးမှိုင်နေကြ၏။

ဂိုဏ်းနှင့် နီးကပ်လာသောအခါ လှေပျံ၏ ဝိညာဉ်စွမ်းအား အကာအကွယ် ပွင့်သွားပြီး ကျင့်ကြံသူ ဆယ်ဂဏန်းခန့်၏ မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှုများ ပေါ်လာသည်။ နောက်ဆုံးတော့ ပြန်ရောက်လာခဲ့ပြီ...

ဝူယွင်ဂိုဏ်းတွင် ကျန်ရစ်ခဲ့သော ကျင့်ကြံသူ အများအပြားသည် ဓားပျံစီးကာ အလျင်အမြန် သွားရောက်ကြသည်။ ဤကိစ္စများကို သူတို့ နှစ်စဉ် ပြုလုပ်နေကြ ဖြစ်သဖြင့် အလွန် ရင်းနှီးနေပြီ ဖြစ်သည်။ လေအေးများသည် လှေပျံအတွင်းသို့ တိုးဝင်တိုက်ခိုက်နေပြီး တဝေါဝေါ မြည်ဟည်းနေသည်။ အတွင်းမှ အပြင်သို့ လှမ်းကြည့်လိုက်လျှင် မီးခိုးရောင် ကောင်းကင်အောက်တွင် သူတို့ ရင်းနှီးခဲ့သော တောင်တန်းအချို့ကို တွေ့မြင်နေရသော်လည်း ယခင်ကကဲ့သို့ သက်ဝင်လှုပ်ရှားမှု မရှိတော့ပေ။

ဆံပင်များ ရှုပ်ပွနေသော အမျိုးသားတစ်ဦးသည် အတွင်း၌ တင်ပျဉ်ခွေ ထိုင်နေသည်။ သူ၏ မျက်လုံးများမှာ ဗလာ ဖြစ်နေပြီး တစ်စုံတစ်ခုကြောင့် စိတ်ဒဏ်ရာ ရထားသည့်ပုံ ပေါ်နေသည်။

"ရှီ စီနီယာ အစ်ကိုကြီး…"

လျိုယွမ် ရုတ်တရက် ထိတ်လန့်တကြား အော်ဟစ်လိုက်ပြီး အလျင်အမြန် ပြေးသွားသည်။ ဘာကြောင့် ဒီလို ဖြစ်သွားရတာလဲ...

ထိုအမျိုးသားမှာ ရှီကျင်း ပင် ဖြစ်သည်။ သူ၏ မျက်နှာမှာ ဖြူဖျော့နေပြီး မှိုင်းရီနေသော မျက်လုံးများထဲတွင် ခိုင်မာပြတ်သားမှု အနည်းငယ် ရှိ နေသည်။ သူသည် လျိုယွမ်ကို ဖြည်းညှင်းစွာ ကြည့်လိုက်ပြီး အနည်းငယ် ပြုံးလိုက်သည်။

"လျို ဂျူနီယာညီမလေး…"

"ရှီ စီနီယာအစ်ကိုကြီး... အစ်ကို ဘာဖြစ်သွားတာလဲ…"

လျိုယွမ်သည် ရုတ်တရက် မျက်ရည်များ ဖြိုင်ဖြိုင်ကျလာပြီး ငိုကြွေးလိုက်သည်။ သူ့ခန္ဓာကိုယ် အတွင်းပိုင်းကို အဆက်မပြတ် စစ်ဆေးကြည့်လိုက်ရာ ရှီကျင်း၏ ကျင့်ကြံခြင်းအခြေခံအုတ်မြစ် ပျက်စီးသွားပြီ ဖြစ်ကြောင်း တွေ့လိုက်ရသည်။

"ငါ ဘာမှ မဖြစ်ပါဘူး... မငိုပါနဲ့…"

ရှီကျင်း၏ တစ်ကိုယ်လုံးတွင် သတ်ဖြတ်ခြင်း အရှိန်အဝါများ လွှမ်းခြုံနေသည်။ လျိုယွမ်၏ မျက်နှာကို ညင်သာစွာ ပွတ်သပ်ပေးလိုက်ပြီး နူးညံ့စွာ ပြောလိုက်သည်။

"ဆရာက ငါ့ကို ကယ်ခဲ့တာပါ…"

လျိုယွမ်သည် ရှိုက်ကြီးတငင် ငိုကြွေးနေသည်။ ရှီကျင်းသည် ဤဘဝတွင် နောက်ထပ် အဆင့်တက်နိုင်တော့မည် မဟုတ်ကြောင်း သူမ သိရှိလိုက်ရပြီ ဖြစ်သည်။

"လျို ဂျူနီယာညီမလေး... ငါ နည်းနည်း ပင်ပန်းနေလို့ပါ…"

ရှီကျင်း ကောင်းကင်ကို မော့ကြည့်လိုက်သည်။ သူ၏ စိတ်နေသဘောထား အနည်းငယ် ပြောင်းလဲသွားပြီ ဖြစ်သည်။ သူ သက်ပြင်းတစ်ချက် ဖွဖွချလိုက်သည်။

"အသက်ရှင်လျက် ပြန်လာနိုင်တာကပဲ... ကောင်းနေပါပြီ... မဟုတ်ဘူးလား…"

လျိုယွမ်သည် ရှီကျင်း၏ ညာဘက်လက်ကို ဖက်ထားပြီး မျက်ရည်များ ကျဆင်းလာသည်။ စကားတစ်ခွန်းမျှ မပြောနိုင်တော့ဘဲ ခေါင်းကိုသာ အဆက်မပြတ် ညိတ်နေမိသည်။ လှေပျံပေါ်တွင် လူများ ဝင်ထွက်သွားလာနေကြသည်။ အလောင်းများနှင့် ပစ္စည်းများကို သယ်ဆောင်နေကြပြီး တိုက်ခိုက်နိုင်စွမ်း မရှိတော့သော ဂိုဏ်းသားများကို တွဲကူနေကြသည်။

တောင်ထိပ်ပေါ်တွင် ချန်ရွှင်နှင့် နွားနက်ကြီးတို့၏ မျက်လုံးများ မှေးကျဉ်း သွားကြသည်။ သူတို့ လျိုယွမ်နှင့် ရှီကျင်းကို မြင်လိုက်ရသည်။

"မွန်း... မွန်း မွန်း…"

နွားနက်ကြီးသည် ခေါင်းကို ရမ်းလျက် ကောင်းကင်ကို ကြည့်လိုက်၊ ချန်ရွှင်ကို ကြည့်လိုက် ဖြစ်နေသည်။

"ရှီ စီနီယာအစ်ကိုကြီးပဲ... ဒါပေမဲ့..."

ချန်ရွှင် စကားစလိုက်သော်လည်း ရပ်တန့်သွားသည်။ ထို့နောက် လေသံပျော့သွားသည်။

"အသက်ရှင်နေရင် ပြီးတာပါပဲ... အသက်ရှင်နေရင် ပြီးတာပါပဲ…."

"မွန်း မွန်း..."

နွားနက်ကြီးသည် သံသယဖြင့် ခေါင်းညိတ်လိုက်ပြီး အမြီးကို အဆက်မပြတ် ယမ်းနေသည်။ ရှီကျင်း ဒဏ်ရာရရုံလောက်ပဲ ဖြစ်မှာပါ၊ ဘာမှ မဖြစ်လောက်ပါဘူးဟု တွေးလိုက်မိသည်။

ချန်ရွှင် မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။ ဤမျှ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်သော်လည်း ဂျိ စီနီယာအစ်ကိုကြီး၏ သတင်းကို ဘာကြောင့် မကြားရသေးတာလဲ။ ဤနှစ်များအတွင်း ရှေ့တန်းမှ စိတ်လှုပ်ရှားဖွယ် သတင်းကောင်းများစွာ ကြားခဲ့ရသော်လည်း သူနှင့် နွားနက်ကြီးတို့ နောက်တန်းတွင် မြင်တွေ့နေရသည်များမှာ လုံးဝ ကွဲပြားခြားနားနေသည်။ သူတို့ မြင်တွေ့ရသည်မှာ တိတ်ဆိတ်ငြိမ်သက်ခြင်းနှင့် ကြီးမားသော ဝမ်းနည်းပူဆွေးမှုများသာ ဖြစ်သည်။

လက်တွေ့ဘဝနှင့် စိတ်ကူးယဉ်မှုတို့ ထိပ်တိုက် တွေ့ဆုံလာသောအခါ ချန်ရွှင်သည် စစ်ပွဲကို သိပ်ပြီး မနှစ်သက်တော့ပေ။ မိမိနှင့် နွားနက်ကြီး ဒုက္ခမပေးမိရင် ပြီးရောဟုသာ တွေးတော့သည်။ သူတစ်ပါး ကိစ္စကိုလည်း ဝင်ရောက်စွက်ဖက်မည် မဟုတ်ပေ။ တစ်ခဏတာ စိတ်လိုက်မာန်ပါ ဖြစ်မှုများသည် တည်ငြိမ်မှုဖြင့် အစားထိုးခြင်း ခံလိုက်ရသည်။ အတွေ့အကြုံ များလာသည်နှင့်အမျှ လူသည် ပိုမို၍ ဆင်ခြင်တုံတရား ရှိလာတတ်ကြသည်။

အပြင်လောက၏ စိတ်လှုပ်ရှားဖွယ်ရာများနှင့် ဆူညံပွက်လောရိုက်မှုများ၏ နောက်ကွယ်တွင် မရေမတွက်နိုင်သော ရှိုက်သံများနှင့် အမည်နာမ မရှိသော ဂူသင်္ချိုင်းများစွာ ရှိနေနိုင်သည်။ သူနှင့် နွားနက်ကြီးသည် ဘာကိုမှ ပြောင်းလဲနိုင်စွမ်း မရှိကြပေ။ ဤသည်မှာ ခေတ်ရေစီးကြောင်း ဖြစ်သည်။ သူတို့သည် မိမိတို့၏ တာဝန်ကိုသာ တိတ်ဆိတ်စွာ ထမ်းဆောင်ကြရမည်။ ရေလိုက်ငါးလိုက် နေထိုင်ပြီး ကိုယ်ကျင့်တရားကို စောင့်ထိန်းရမည်။

“ဝုန်း...”

ကောင်းကင်တွင် ကျယ်လောင်သော အသံကြီး တစ်ခု ထွက်ပေါ်လာသည်။ ခရမ်းရောင်တိမ်ဂိုဏ်း၏ လှေပျံကြီးသည် တာဝန်ပြီးဆုံးပြီ ဖြစ်သဖြင့် ဖြည်းညှင်းစွာ ထွက်ခွာသွားလေသည်။

"နွားကြီး... ဒါ စစ်ပွဲရဲ့ ရက်စက်ကြမ်းကြုတ်မှုပဲ…"

ချန်ရွှင် သက်ပြင်းတစ်ချက် ချလိုက်ပြီး မြောက်ဘက်အရပ်ကို လှမ်းကြည့်လိုက်သည်။

"ငါတို့ ထာဝရအသက်ရှင်နေသရွေ့ ဒီလိုကိစ္စမျိုးတွေ ကြုံတွေ့ရဦးမှာပဲ... နောင်နှစ်ပေါင်းများစွာ ကြာရင် ချင်နိုင်ငံလည်း ကျူးကျော်ခံရနိုင်တာပဲ…"

"မွန်း..."

နွားနက်ကြီး လန့်သွားသည်။ အကယ်၍ စစ်ရှုံးသွားခဲ့လျှင် ဘကြီးစွန်း တို့၏ အုတ်ဂူများ တူးဖော်ဖျက်ဆီးခံရမည် မဟုတ်ပါလော။

"ဒီကမ္ဘာလောကကြီးက ငါတို့နှစ်ယောက်တည်းအတွက် လည်ပတ်နေတာ မဟုတ်ဘူး... ငါတို့ကလည်း ကယ်တင်ရှင်တွေ မဟုတ်ဘူး…"

ချန်ရွှင်သည် နွားနက်ကြီးကို ပြင်းပြင်းထန်ထန် ရိုက်လိုက်ရာ နွားနက်ကြီး တုန်သွားပြီး အော်ဟစ်လိုက်သည်။

"မွန်း... မွန်း မွန်း..."

နွားနက်ကြီးသည် အော်ဟစ်ရင်း ချန်ရွှင်ကို နားမလည်နိုင်စွာ ကြည့်နေသည်။

"ကိုယ့်ဘဝကို ကိုယ် ကောင်းကောင်းနေရင် ပြီးတာပဲ... သဘာဝအတိုင်း နေစမ်းပါ... မင်း ဘာတွေ လျှောက်တွေးနေတာလဲ…"

ချန်ရွှင် မျက်ခုံးပင့်လိုက်သည်။ သူ၏ စိတ်နေသဘောထား အနည်းငယ် ပြောင်းလဲသွားပြီ ဖြစ်သည်။

"အနာဂတ်မှာ အသုံးပြုမယ့် ကိုယ်ပိုင်လက်နက်ကြီးကို မလိုချင်တော့ဘူးလား…နန်းတော်ကို သွားမလည်ချင်တော့ဘူးလား... ယွီရွှီမြို့တော်ကို မသွားချင်တော့ဘူးလား... ဒဏ္ဍာရီထဲက အနောက်အရပ်က မဟာအင်အားကြီးနိုင်ငံကို မသွားချင်တော့ဘူးလား…"

"မွန်း"

နွားနက်ကြီး သည် စိတ်လှုပ်ရှားမှုကြောင့် တုန်တုန်ဖြစ်သွားသည်။

"သွားစို့... အခု ရှီ စီနီယာအစ်ကိုကြီး တို့ကို သွားမနှောင့်ယှက်နဲ့ဦး…"

ချန်ရွှင်သည် နွားနက်ကြီးကို ဆွဲလျက် ရှန်ရင်တောင်သို့ ထွက်ခွာလာခဲ့သည်။ ယနေ့ ရုပ်အလောင်းများစွာ ရောက်ရှိလာသဖြင့် အသုဘအခမ်းအနား ကျင်းပပေးရဦးမည်။ သူတို့သည် ဤနှစ်များအတွင်း ရရှိသော သက်တမ်းအမှတ်များကို ခွန်အားတွင် ပေါင်းထည့်လိုက်ရာ ငါးမျိုးစလုံး ပြည့်ဆုံသွားပြီ ဖြစ်သည်။

လက်ရှိ သူတို့၏ စွမ်းရည်အမှတ်များမှာ - ခွန်အား ၅၀၊ အမြန်နှုန်း ၅၀၊ မူလစွမ်းအင် ၅၀၊ ဝိညာဉ်စွမ်းအား ၅၁၊ ခံစစ်စွမ်းရည် ၅၀ တို့ ဖြစ်ကြသည်။

သူတို့ လမ်းလျှောက်နေစဉ် ဝူယွင်ဂိုဏ်း တစ်ခုလုံး တိတ်ဆိတ်ခြောက်ကပ်နေသည်။ တွေ့သမျှ တပည့်တိုင်းက ချန်ရွှင်ကို ဂိုဏ်းတူဦးလေးဟု လေးစားစွာ ခေါ်ဝေါ်ကြပြီး ချန်ရွှင်ကလည်း ပြုံးပြနှုတ်ဆက်သည်။ ယခင်က စည်ကားသိုက်မြိုက်မှုများနှင့် နှိုင်းယှဉ်လျှင် ဝူယွင်ဂိုဏ်းသည် ယခုအခါ အလွန် တိတ်ဆိတ်ခြောက်သွေ့နေသည်။

နောက်ပိုင်းရက်များတွင် ချန်ရွှင်သည် ရှီကျင်း ကို သွားရောက် တွေ့ဆုံခဲ့သည်။ ရှီကျင်းသည် စကားနည်းသွားပြီး တစ်ကိုယ်လုံးတွင် သတ်ဖြတ်ခြင်း အရှိန်အဝါများ ရစ်သိုင်းနေကာ ယခင်က လိုမျိုးမဟုတ်တော့ပေ။ ချန်ရွှင်သည် ဂျိခွန် ၏ သတင်းကို မမေးမြန်းခဲ့ပေ။ ထိုသို့ မေးမြန်းခြင်းသည် ဟန်ဆောင်ရာ ရောက်ပေလိမ့်မည်။ ရှီကျင်း ကလည်း ဂျိခွန် အကြောင်း မပြောသလို စစ်မြေပြင် အကြောင်းကိုလည်း တစ်ခွန်းမျှ မဟပေ။ ချန်ရွှင်အား သူ့အတွက် စိတ်မပူရန်သာ ပြောဆိုခဲ့သည်။ နောက်ဆုံးတွင် သူ ထွက်ခွာခါနီး၌ ချန်ရွှင်ကို ပြုံးပြပြီး ပြောလိုက်သည်မှာ

"ချန် ဂျူနီယာညီလေး... နွားနက်ကြီး... မင်းတို့ မသွားခဲ့တာ ကံကောင်းတယ်" ဟူ၍ ဖြစ်သည်။

လျိုယွမ်သည်လည်း ဆေးဥယျာဉ်သို့ လာရောက်ရှာဖွေခဲ့ဖူးသည်။ သူမသည် နွားနက်ကြီးကို စကားအများကြီး ပြောခဲ့ပြီး နောက်ဆုံးတွင် မျက်ရည်စက်လက်ဖြင့် ထွက်ခွာသွားခဲ့သည်။ အဓိက ဆိုလိုရင်းမှာ သူမတို့ ဆရာသခင်လည်း မတတ်နိုင်တော့ကြောင်း၊ ရှီကျင်း သည် သိုင်းပညာပျက်ဆီးသွားပြီဖြစ်ကြောင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ချန်ရွှင်ထိုစကားကို ကြားပြီးနောက် တိတ်ဆိတ်သွားခဲ့သည်။ နွားနက်ကြီးမှာမူ စိတ်ထား ဖြူစင်ရိုးသားသူ ဖြစ်သဖြင့် ဘေးနားတွင် တိတ်တဆိတ် ဝမ်းနည်းနေသည်။ သူသည် ကျင့်ကြံခြင်းလောက စစ်ပွဲကို မမျှော်လင့်တော့ပေ။ နွားနက်ကြီးသည် အစတုန်းက အခြားသူများ ခမ်းခမ်းနားနား စစ်ထွက်သည်ကို ကြည့်ပြီး သဘောကျခဲ့သော်လည်း အကျိုးဆက်ကို မတွေးမိခဲ့ပေ။ ရလဒ် အနေဖြင့် မရေမတွက်နိုင်သော ရုပ်အလောင်းများ ပြန်ရောက်လာပြီး သူတို့သည် ဝူယွင်ဂိုဏ်းတွင် အလုပ်ဟောင်းကို ပြန်လုပ်နေကြရသည်။ သူသည် ထိုစဉ်က ချန်ရွှင်ကို အဆက်မပြတ် ဝှေ့တိုက်ပြီး စစ်မတိုက်ချင်ကြောင်း၊ ချန်ရွှင်ကိုလည်း ထိုကိစ္စမျိုး မစဉ်းစားရန် တားမြစ်ခဲ့သည်။

ချန်ရွှင်သည် အနည်းငယ် ပြုံးရုံသာ ပြုံးလိုက်ပြီး နွားနက်ကြီးကို ဖက်လျက် ခေါင်းကို အဆက်မပြတ် ညိတ်ပြလိုက်သည်။ ဘာစကားမျှ မပြောခဲ့ပေ။ နှစ်ကာလများသည် အဆက်မပြတ် လည်ပတ်နေပြီး သူတို့ ဝူယွင်ဂိုဏ်းမှ ထွက်ခွာရမည့် အချိန်သည်လည်း နီးသထက် နီးကပ်လာပြီ ဖြစ်သည်။

အခန်း (၉၂)

အချိန်ကာလများသည် အဆက်မပြတ် ရှေ့သို့ တရွေ့ရွေ့ ကုန်ဆုံးသွားသည်။ သမိုင်းဘီးများသည် ဝူနိုင်ငံကို ကြိတ်ချေနေပြီး သမိုင်း၏ ဖုန်မှုန့်များအဖြစ် ပြောင်းလဲပစ်တော့မည့်ဟန် ရှိသည်။ သို့သော် ဝူနိုင်ငံနှင့် ချင်နိုင်ငံတို့၏ ရန်ငြိုးသည် နှစ်ပေါင်းထောင်ချီ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ အထူးသဖြင့် လူသားလောကတွင် ချန်ရွှင် နင်ယွင်တောင်တန်း၌ ရှိစဉ်က ဝူနိုင်ငံက ကျူးကျော်ခဲ့ဖူးပြီး တိုင်းပြည်တစ်ဝှမ်း ဝမ်းနည်းပူဆွေးခဲ့ရသည်။ သမိုင်းတစ်လျှောက်တွင် နိုင်ငံနှစ်ခုသည် အမြဲတမ်း တိုက်ခိုက်နေကြပြီး ဝမ်းနည်းဖွယ် သူရဲကောင်းပုံပြင်များစွာလည်း ပေါ်ထွက်ခဲ့သည်။

ချင်နိုင်ငံ ကျင့်ကြံခြင်းလောက၏ အထက်ပိုင်း ခေါင်းဆောင်များသည် ကြိုတင် ကြံစည်ထားသည်မှာ ကြာပြီ ဖြစ်သည်။ ဝူနိုင်ငံ၏ ဂိုဏ်းအသီးသီးတွင် သူလျှိုများစွာ စေလွှတ်ထားပြီး နန်ဒုတောင် လျှို့ဝှက်နယ်မြေ ပိတ်သိမ်းခြင်းကို နောက်ဆုံး အခွင့်အရေး အဖြစ် အသုံးပြုခဲ့ကြသည်။ ဂိုဏ်းကြီးများ အနေဖြင့် အရာအားလုံးကို ပုံအောပြီး စစ်ပွဲ ဆင်နွှဲစေရန် ဖြစ်သည်။

ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် မရေမတွက်နိုင်သော အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများကဲ့သို့ပင် လေဒဏ်မိုးဒဏ်အောက်တွင် ယိမ်းယိုင်နေသော သက်ရှိများသာ ဖြစ်ကြသည်။ မိုးနှင့်မြေကြားမှ ပိုးမွှားလေးများသဖွယ် ဖြစ်ကြသည်။ ဒဏ္ဍာရီထဲက ဇာတ်လိုက်ကျော်ကြီးများ မဟုတ်ကြပေ။ အရေးကြီးသော အချိန်တွင် တိုင်းပြည်အသီးသီးက စောင့်မျှော်နေရသော ကယ်တင်ရှင်များလည်း မဟုတ်ကြပေ။ သူတို့ တစ်နေရာရာတွင် သေဆုံးသွားလျှင်ပင် မည်သူမျှ သိရှိလိုက်မည် မဟုတ်သလို သမိုင်းမှတ်တမ်းများတွင်လည်း မှတ်တမ်းတင်ခံရမည် မဟုတ်ပေ။

ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် နေ့စဉ် ဝူယွင်ဂိုဏ်းတွင် နေထိုင်ရင်း ရှေ့တန်းမှ သတင်းများကို စောင့်မျှော်နေကြသည်။ ပြန်လည်ရောက်ရှိလာသော ရုပ်အလောင်းများလည်း ပိုမို များပြားလာသည်။ ရွှေအမြူတေအဆင့် အဆင့်မြင့်ကျင့်ကြံသူများပင် ပါဝင်သည်။ သူတို့သည် ဂိုဏ်းအကျိုးပြု ခန်းမဆောင်သို့ သွားရောက်ပြီး ရုပ်ရည်ထိန်းသိမ်းသော ပစ္စည်းများစွာ လဲလှယ်ခဲ့ကြသည်။ ရုပ်ရည်ထိန်းသိမ်းဆေးသည် အလွန် ဈေးကြီးသဖြင့် ဝူယွင်ဂိုဏ်းတွင် ထိုကဲ့သို့ အသုံးမဝင်သော ဆေးမျိုး ကြိုတင်ဖော်စပ်ထားခြင်းက ရှားသည်။

ယေဘုယျအားဖြင့် အခြေခံတည်ဆောက်ခြင်းအဆင့် ရောက်လျှင် အချို့က အလွန် ငယ်ရွယ်နေတတ်ပြီး အချို့က အလွန် အိုမင်းနေတတ်သည်။ မည်သူမျှ ရုပ်ရည်ကို ဂရုမစိုက်ကြတော့ပေ။ လူသားလောကကဲ့သို့ အယူသည်းခြင်း မရှိကြတော့ပေ။ သို့သော် ထာဝရအသက်ရှင်ခြင်း ဆိုသည့် ကိစ္စကို မည်သူမျှ စိတ်မကူးရဲကြပေ။ ထိုအရာသည် ကျင့်ကြံသူ အားလုံး၏ အသိဉာဏ်ကို ကျော်လွန်နေသော အရာဖြစ်ပြီး ကောလာဟလ ပြောဆိုကြသည်များပင် မရှိပေ။ အဘယ်ကြောင့်ဆိုသော် ကျင့်ကြံခြင်းလောကတွင်လည်း သိပ္ပံအခြေခံများ ရှိနေပြီး လူသားများကဲ့သို့ စိတ်ကူးယဉ် ဆန်လွန်းခြင်း မရှိသောကြောင့် ဖြစ်သည်။

သူတို့ အနေဖြင့် အများဆုံး ထင်ကြသည်မှာ မိမိသည် ကျင့်ကြံမှုအဆင့်ကို ဖုံးကွယ်ထားသော အစွမ်းထက် ကျင့်ကြံသူ တစ်ဦး (သို့မဟုတ်) ဒဏ်ရာကုသရန် ပုန်းအောင်းနေသော နှစ်ပေါင်းများစွာ နေထိုင်ခဲ့သည့် ထိပ်သီး တစ်ယောက် ဖြစ်နိုင်သည် ဟူ၍သာ ဖြစ်သည်။ ဤကဲ့သို့သော ကောလာဟလများနှင့် ဖြစ်ရပ်မှန်များ များပြားလှသဖြင့် အားလုံးက ရှောင်တိမ်းရန်သာ ကြိုးစားကြသည်။

ဝူယွင်ဂိုဏ်း အတွင်း၌...

ရေပူစမ်းဆေးဥယျာဉ်ထဲမှ နေ့စဉ် ထုရိုက်သံများ ထွက်ပေါ်နေသည်။ ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် လွတ်လပ်စွာ နေထိုင်နေကြသည်။ နှစ်တစ်သောင်း သက်တမ်းရှိ ကြိုးတစ်ထောင်အပင် ကို အမျှင်ထုတ်ပြီးနောက် ဖျက်ဆီးပစ်လိုက်သည်။ အတော်အတန် စုဆောင်းမိပြီ ဖြစ်သော်လည်း လိုအပ်ချက်နှင့် ကွာဝေးနေသေးသည်။ ဤအမျှင်ကို ချန်ရွှင် စမ်းသပ်ကြည့်ဖူးသည်။ ဆေးမီးတောက်နှင့် မီးရှို့၍ မပြတ်သလို အဝါရောင်အဆင့် အဆင့်ရှိ သံသတ္တုအဆီအနှစ်ဖြင့်ပြုလုပ်ထားသော တောင်ဖြိုပုဆိန်နှင့် ခုတ်လျှင်လည်း မပြတ်ပေ။ နတ်အသိ ဖြင့် စမ်းသပ်ကြည့်ရာတွင်လည်း ဘာတုန့်ပြန်မှုမှ မရှိပေ။

ချန်ရွှင်သည် သူ့အတွက် ဓားပြဝတ်စုံ အစုံအလင် တစ်စုံနှင့် နွားနက်ကြီးအတွက် တစ်စုံ ပြုလုပ်ရန် စီစဉ်ထားသည်။ ပြီးလျှင် သန့်စင်လိုက်ပါက မည်သူလာလာ အဆင်ပြေမည် ဖြစ်သည်။ နွားနက်ကြီး၏ အခေါင်းအတွင်းပိုင်းတွင် နွယ်ပင်အမျှင်များဖြင့် ကွန်ရက်တစ်ခု ပြုလုပ်ထားလိုက်လျှင် သေချာပေါက် ရတနာတစ်ခု ဖြစ်လာမည်။ ချန်ရွှင်သည် လက်နက်ပြုလုပ်ခြင်းပညာကိုလည်း အဆက်မပြတ် လေ့လာနေသည်။ ဤ ဆေးမီးတောက် က အလွန် အသုံးဝင်သည်။ သူ နွားနက်ကြီးကို ခေါ်ပြီး ဂိုဏ်းအကျိုးပြု ခန်းမဆောင်သို့ သွားရောက်ကာ လက်နက်ပြုလုပ်ခြင်း နည်းလမ်းများစွာ လဲလှယ်ခဲ့သေးသည်။

...

အချိန်ကာလများသည် ဖြည်းညှင်းစွာ ကုန်ဆုံးသွားရာ မျက်စိတစ်မှိတ်အတွင်း နှစ် (၁၀၀) ပြည့်သွားခဲ့ပြီ ဖြစ်သည်။ ဝူနိုင်ငံ ဂိုဏ်းကြီးများ အပြတ်အသတ် ရှုံးနိမ့်သွားခဲ့သည်။ အချို့ ဂိုဏ်းများသည် ချင်နိုင်ငံ ထိပ်သီး ဂိုဏ်းကြီး (၁၀) ဂိုဏ်းထံ ဝင်ရောက် ခိုလှုံကြပြီး အချို့ ဂိုဏ်းများမှာ မြောက်ဘက်သို့ ဆက်လက် ထွက်ပြေး တိမ်းရှောင်ကြသည်။ ဝူနိုင်ငံ၏ ကျင့်ကြံခြင်း ရင်းမြစ်များကို ထိပ်သီး ဂိုဏ်းကြီး (၁၀) ဂိုဏ်းက စတင် ခွဲဝေယူငင်ကြသည်။ ဝိညာဉ်သွေးကြောများ၊ ဝိညာဉ်ကျောက်တုံး မိုင်းတွင်းများနှင့် လျှို့ဝှက်နယ်မြေများကို တိုက်ပွဲတွင် ပါဝင်တိုက်ခိုက်ခဲ့သူများ၏ အဆင့်များ အလိုက် ခွဲဝေကြသည်။

ဝူယွင်ဂိုဏ်းသည် ခရမ်းရောင်တိမ်ဂိုဏ်း နောက်သို့ လိုက်ပါခဲ့သဖြင့် အကျိုးအမြတ် များစွာ ရရှိခဲ့သည်။ ရွှေအမြူတေအဆင့် ကျင့်ကြံသူ အများအပြား မှာ ယခုထိ ပြန်မရောက်လာကြသေးပေ။ ပြန်ရောက်လာသူများမှာ ဒဏ်ရာအပြင်းအထန် ရရှိထားသော အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများသာ ဖြစ်သည်။ တပည့်များသည် ဂိုဏ်းလုံးကျွတ် အောင်ပွဲခံကြပြီး ယခင်က စည်းကားမှုများ ပြန်လည် ရောက်ရှိလာသကဲ့သို့ ဖြစ်နေသည်။

ချင်နိုင်ငံ၏ ဧကရာဇ်သည်လည်း နှစ်ဆက်တိုင်တိုင် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ မူလက တစ်နိုင်ငံလုံး စုစည်းပြီး ဝူနိုင်ငံကို ဝင်ရောက်တိုက်ခိုက်ရန် ကြံရွယ်ခဲ့သော်လည်း ထိပ်သီး ဂိုဏ်းကြီး (၁၀) ဂိုဏ်းက တားမြစ်လိုက်သည်။ ယခုအခါ ဝူနိုင်ငံ ပြည်သူများသည် နိုင်ငံနှစ်ခု ကျင့်ကြံခြင်းလောက စစ်ပွဲကြောင့် အိုးအိမ်မဲ့ ဖြစ်နေကြသည်။ စစ်ပွဲ ထပ်မံ မဆင်နွှဲသင့်တော့ပေ။ ဤသည်မှာ တပည့်များရရှိရာ ရင်းမြစ် ဖြစ်သဖြင့် ပြည်သူများ အမုန်းတရား ကြီးမားလာမည်ကို မလိုလားကြပေ။ ဤခေတ်ကာလ တစ်ခုစာ အချိန်ယူ ကုစားလိုက်လျှင် အင်မော်တယ် ဖြစ်လိုစိတ်က သူတို့ကို အရာအားလုံး မေ့ပျောက်သွားစေလိမ့်မည်။ ထို့ကြောင့် ဝူနိုင်ငံ ဆက်လက် တည်ရှိခွင့် ရသွားသည်။

ချင်နိုင်ငံသည် စည်ပင်ဝပြောနေပြီး တစ်နိုင်ငံလုံး အောင်ပွဲခံနေကြသည်။ နန်းတွင်း အရာရှိများသည် ဧကရာဇ်ကို အဆက်မပြတ် မြှောက်ပင့် ပြောဆိုကြသည်။ သူသည် အင်မော်တယ် လူဝင်စား ဖြစ်သဖြင့် ဂိုဏ်းကြီးများ၏ ကာကွယ်စောင့်ရှောက်မှုကို ခံယူရရှိခြင်း ဖြစ်သည်ဟု ဆိုကြသည်။

ဝူယွင်ဂိုဏ်း အတွင်း၌...

ဂျိခွန် ပြန်ရောက်လာခဲ့ပြီ ဖြစ်သည်။ သို့သော် ကျင့်ကြံခြင်းပျက်ဆီး သွားခဲ့သည်။ သူ၏ ညာဘက်လက်မောင်း ပြတ်တောက်သွားပြီး အအေးအဆိပ်များ ခန္ဓာကိုယ်ထဲ ဝင်ရောက်နေသည်။ ဤဒဏ်ရာကို ကုသရန်အတွက် ရွှေအမြူတေအဆင့် ကျင့်ကြံသူက အဆက်မပြတ် ပြုစုပေးမှသာ သက်သာပျောက်ကင်းနိုင်သည်။ သို့သော် လက်တွေ့အခြေအနေမှာ ရက်စက်လွန်းလှသည်။ သူသည် ရွှေအမြူတေအဆင့် အဆင့်မြင့်ကျင့်ကြံသူ၏ ဂူဝသို့ပင် သွားရောက်ခွင့်ပင် မရှိပေ။

ဂျိခွန်သည် ဓာတ်လေးပါး အဆင့်နိမ့် ဝိညာဉ်အမြစ်သာ ပိုင်ဆိုင်ထားသဖြင့် အကန့်အသတ်သို့ ရောက်ရှိနေပြီ ဖြစ်ပုံရသည်။ သို့သော် သူ ပြန်ရောက်လာသောအခါ မည်သည့် နောင်တမှ မရှိပေ။ မိမိနိုင်ငံအတွက်၊ မိမိဂိုဏ်းအတွက် နယ်မြေချဲ့ထွင်ပေးနိုင်ခဲ့ခြင်းသည် တစ်သက်တာ ဂုဏ်ယူစရာ ဖြစ်ပြီး ဂိုဏ်းမှတ်တမ်းတွင် သူ့နာမည် ပါဝင်နေမည် ဖြစ်သည်။ သူ ပြန်ရောက်လာပြီးနောက် ရုပ်ရည်သည် များစွာ ပြောင်းလဲသွားသည်။ မျောက်တစ်ကောင်လို ပိန်ပါးသော မျက်နှာပေါ်တွင် ခိုင်မာပြတ်သားမှုများ ရှိနေသော်လည်း မျက်လုံးထဲတွင်မူ ရီဝေမှုများ ပါဝင်နေသည်။

သူသည် နောက်ပိုင်းတွင် ချန်ရွှင်နှင့် နွားနက်ကြီးထံ သွားရောက်ကာ သုံးရက်သုံးညတိုင်တိုင် စကားပြောခဲ့သည်။ ယင်းက သူ့ကို စိတ်ရောကိုယ်ပါ ပေါ့ပါးလန်းဆန်းသွားစေသည်။ ချန်ရွှင်သည် မည်သည့် မှတ်ချက်မျှ မပေးဘဲ တိတ်ဆိတ်စွာ နားထောင်နေသည်။ နွားနက်ကြီးကတော့ ရံဖန်ရံခါ တမွန်းမွန်းအော်တတ်သည်။ မရေမတွက်နိုင်သော သေကွဲရှင်ကွဲများကို ကြုံတွေ့ခဲ့ရပြီးနောက် ဂျိခွန်သည်လည်း သဘောပေါက်သွားပြီ ဖြစ်သည်။ စစ်ပွဲသည် လူတစ်ယောက်ကို အလွယ်တကူ ပြောင်းလဲသွားစေနိုင်သော အရာဖြစ်သည်။

သူ ထွက်ခွာသွားစဉ်ကလည်း ရှီကျင်း ပြောခဲ့သော စကားနှင့် အတူတူပင် ပြောဆိုခဲ့သည်။

"ချန် ဂျူနီယာညီလေး... နွား ဂျူနီယာညီလေး... မင်းတို့ မသွားခဲ့တာ ကံကောင်းတယ်..."

မျက်စိတစ်မှိတ်အတွင်း နှစ်ကာလများ ပြောင်းလဲသွားပြီး ကမ္ဘာကြီး ပြောင်းလဲသွားသကဲ့သို့ ရှိသည်။ စစ်ပွဲကို ကြုံတွေ့ခဲ့ရပြီးနောက် လူတိုင်း၏ စိတ်နေသဘောထားသည် အေးစက်လာပြီး သေခြင်းတရားကိုပင် သဘောပေါက်လာကြသည်။ ဤကျင့်ကြံခြင်းလောက စစ်ပွဲကြီးသည် နောက်ဆုံးတွင် ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။

ချန်ရွှင်သည် မည်သည့် ခံစားချက်မျှ မရှိသလို ဝမ်းသာစရာလည်း မရှိပေ။ လူသားများ၏ ဝမ်းနည်းခြင်းနှင့် ပျော်ရွှင်ခြင်းတို့သည် တူညီမှု မရှိကြပေ။ သူနှင့် နွားနက်ကြီးသည် ဘေးလူတစ်ယောက်ကဲ့သို့ ပတ်ဝန်းကျင်မှ အရာအားလုံးကို ကြည့်ရှုနေကြသည်။ သူတို့သည် ချောက်ကမ်းပါးအောက်သို့ သွားရောက်ပြီး ကျောက်တုံး ကောက်ရသည်လောက်ပင် မပျော်ရွှင်ဟု ခံစားနေရသည်။ ချန်ရွှင်သည် မည်သူနှင့်မျှ ထပ်မံ ထိတွေ့ဆက်ဆံခြင်း မပြုတော့သလို မိတ်ဆွေ သူငယ်ချင်းလည်း ထပ်မဖွဲ့တော့ပေ။ ရေစက်ဆုံတွေ့ခြင်းသည် အကြီးမားဆုံးသော လှပမှုပင် ဖြစ်သည်။

ယနေ့တွင် ကောင်းကင်သည် ကြည်လင်တောက်ပနေသည်။ ချန်ရွှင်သည် နွားနက်ကြီးကို ဆွဲလျက် ဝူယွင်ဂိုဏ်း၏ တောင်ပေါ်လမ်းတွင် လျှောက်နေသည်။ တပည့်များ ဝင်ထွက်သွားလာနေသည်ကို ကြည့်ပြီး မျက်ဝန်းထဲတွင် တည်ငြိမ်မှုများသာ ရှိနေသည်။ ဤနှစ် (၁၀၀) အတွင်း သူတို့သည် စစ်ပွဲကြောင့် သေဆုံးသွားသော ကျင့်ကြံသူ အများအပြားကို ပို့ဆောင်ပေးခဲ့ရသည်။ လူသားလောကတွင် ပို့ဆောင်ပေးခဲ့ရသည်ထက်ပင် ပိုမို များပြားနေသည်။

နွားနက်ကြီး၏ ကုသိုလ်မှတ်တမ်းစာ(ကောင်းမှုကုသိုလ်လုပ်ပြီးရင် ရေးမှတ်ထားသောစာအုပ်)အုပ်တွင် မည်မျှ ရေးမှတ်ထားသည်ကိုပင် မသိရတော့ပေ။ တစ်ခါတစ်ရံ အစားအသောက် စားရန်ပင် မေ့လျော့နေတတ်သည်။

"အဟမ်း"

ချန်ရွှင် ချောင်းတစ်ချက် ဟန့်လိုက်ပြီး နွားနက်ကြီးကို ကြည့်လိုက်သည်။

"နွားကြီး..."

"မွန်း..."

"ငါ နည်းနည်း နေရခက်တယ်"

"မွန်း..."

နွားနက်ကြီးသည် သံသယ မျက်လုံးများဖြင့် ကြည့်ကာ ချန်ရွှင်ကို အဆက်မပြတ် ပွတ်သီးပွတ်သပ် လုပ်နေသည်။

ချန်ရွှင်သည် လမ်းဘေးရှိ ကျောက်တုံးတစ်တုံးပေါ်တွင် ဝင်ထိုင်လိုက်ပြီး အဝေးမှ တောင်ထွတ်များကို လှမ်းမျှော်ကြည့်လိုက်သည်။ နွားနက်ကြီးလည်း ချန်ရွှင် ကြည့်ရာသို့ လိုက်ကြည့်နေသည်။

"ငါတို့က သာမန်လူတွေပါပဲကွာ... ဘာကြီးကျယ်တဲ့ ရည်မှန်းချက်တွေ ရည်ရွယ်ချက်တွေမှ မရှိပါဘူး... ဘာမှလည်း လေးနက်နေစရာ မလိုပါဘူး... ဘဝကို ဘာလို့ ဒီလောက်တောင် ရှင်းလင်းပြတ်သားအောင် နေနေရမှာလဲ…"

ချန်ရွှင်သည် ကျောက်ခဲလေး တစ်လုံးကို ကောက်ယူပြီး အဝေးသို့ ပစ်လိုက်သည်။ ကျောက်ခဲလေး တတောက်... တောက် ကျသွားသည်ကို ကြည့်ပြီး သူ ရုတ်တရက် တဟားဟား ရယ်မောလိုက်သည်။

"မွန်း မွန်း..."

နွားနက်ကြီးလည်း လိုက်ရယ်လိုက်သည်။ သူလည်း ခြေထောက်ဖြင့် ကျောက်ခဲလေး တစ်လုံးကို ကန်ချလိုက်သည်။

လူတစ်ယောက်နှင့် နွားတစ်ကောင်၏ ရယ်မောသံများ ပိုမို ကျယ်လောင်လာသည်။ သူတို့၏ ခေါင်းများ နီးကပ်စွာ ထိကပ်သွားပြီး သေးငယ်သော ပျော်ရွှင်မှုလေးကို ခံစားနေကြသည်။ ပတ်ဝန်းကျင်တွင် ဝါးတောများအုံ့မှိုင်းကာ၊ စမ်းချောင်းများ စီးဆင်းနေသည်။ အဝေးသို့ လှမ်းကြည့်လိုက်လျှင် တောင်တန်းများ ထပ်ဆင့်နေပြီး ရှုခင်းများ လှပနေသည်။ အလွန် ဆွဲဆောင်မှု ရှိလှသည်။

"ငါတို့ လွတ်လပ်ပြီ…"

"မွန်း မွန်း…"

"လွတ်လပ်ပြီ…."

"မွန်း..."

လူတစ်ယောက်နှင့် နွားတစ်ကောင် ရုတ်တရက် ကျယ်လောင်စွာ အော်ဟစ်လိုက်ကြသည်။ ချန်ရွှင်သည် လက်နှစ်ဖက်ကို ဖြန့်ကားလိုက်ရာ လေပြေလေညှင်းများ တိုက်ခတ်လာပြီး သူ အားရပါးရ ရယ်မောလိုက်လေသည်။

All Chapters