အခန်း (၉၃-၉၄)
Vol. 5 Ch. 93-94
အခန်း (၉၃)
ဤနှစ်တစ်ရာကာလအတွင်း ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် သက်တမ်းအမှတ်များကို ဆက်လက်ဖြည့်ခဲ့ကြသော်လည်း ထူးခြားသော အပြောင်းအလဲမရှိပေ။ ထို့ကြောင့် စိတ်ရှိသလို သုံးစွဲကြရာ ဝိဉာဉ်စွမ်းအားကဏ္ဍတွင်သာ အကုန်ပုံအော၍ ပေါင်းထည့်လိုက်ကြသည်။ သို့သော် ဝိဉာဉ်စွမ်းအား အမှတ် (၉၀) သို့ ရောက်ရှိချိန်၌ ဆက်လက်တိုးမြင့်၍ မရနိုင်တော့ဘဲ အတားအဆီးတစ်ခု ပိတ်ဆို့နေသကဲ့သို့ ဖြစ်ပေါ်လာသဖြင့် ခံစစ်နှင့် အမြန်နှုန်းတို့တွင်သာ ပြောင်းလဲပေါင်းထည့်လိုက်ရသည်။ သက်တမ်းအမှတ် ဖြည့်ခြင်း၌ အကန့်အသတ်ပမာဏတစ်ခု ရှိနေကြောင်း ချန်ရွှင် သတိပြုမိလိုက်၏။ သို့သော် ကျင့်ကြံခြင်းအဆင့် တက်လှမ်းနိုင်ပါက ထိုအကန့်အသတ် သည် ပျက်ပြယ်သွားပြီး စွမ်းအားများ ချက်ချင်း တိုးတက်လာမည်ဖြစ်သည်။
ယခုလက်ရှိ ၎င်းတို့၏ စွမ်းရည်ကိန်းဂဏန်းများမှာ ခွန်အား ၅၀၊ အမြန်နှုန်း ၇၁ (၅၀)၊ မူလစွမ်းအင် ၅၀၊ ဝိဉာဉ်စွမ်းအား ၉၀ (၅၀) နှင့် ခံစစ်စွမ်းရည် ၉၀ (၅၀) တို့ အသီးသီး ဖြစ်ကြသည်။
လွန်ခဲ့သော နှစ်ပေါင်းတစ်ရာအတွင်း ချန်ရွှင်သည် ကြိုးကြားဖြူသစ်ပင် အများအပြားကို ခုတ်လှဲခဲ့ပြီး သစ်ပင်တို့၏ သဘာဝတရားကို စူးစမ်းလေ့လာခြင်းဖြစ်သည်ဟု အကြောင်းပြချက် ပေးခဲ့သည်။ ဂိုဏ်းမှ စီနီယာအစ်ကိုများနှင့် တပည့်အများစုက သစ်ပင်များကို စည်းမဲ့ကမ်းမဲ့ ခုတ်လှဲဖျက်ဆီးခြင်းမှာ မသင့်လျော်ကြောင်း လာရောက်ပြောဆိုခဲ့ကြသည်။ သို့သော် ချန်ရွှင်သည် အတိတ်က ဆင်းရဲဒုက္ခရောက်ခဲ့ရပုံများကို ထုတ်ဖော်ပြောကြားလိုခြင်း မရှိပေ။ လူတိုင်းတွင် ကိုယ်ပိုင်မာန ရှိကြသည် မဟုတ်ပါလား။ ဤကိစ္စကို နွားနက်ကြီးတစ်ကောင်တည်းသာ သိရှိပြီး ၎င်းတို့၏ လျှို့ဝှက်ချက် တစ်ခုဖြစ်သည်။
သူသည် သက်တမ်းနှစ်တစ်ထောင်ရှိသော ကြိုးကြားဖြူသစ်ပင်ကို ရှာဖွေတွေ့ရှိခဲ့ဖူးသော်လည်း အရေအတွက် ရှားပါးလှသည်။ မိုးထိအောင် မြင့်မားသော သစ်ပင်ကြီးဖြစ်သော်ငြား သူ၏ လက်သီးတစ်ချက်တည်းဖြင့်ပင် တုန်ခါသွားခဲ့ရ၏။ သူသည် နှစ်တစ်ထောင်သစ်ပင်၏ ကြံ့ခိုင်မာကျောမှုကို သဘောကျခြင်းမရှိပေ။ သူ၏ ခွန်အားဒဏ်ကို ခံနိုင်ရည်မရှိသောကြောင့် ဖြစ်သည်။ နောက်ဆုံး၌ နေ့ဝက်ခန့်ကြာအောင် ခုတ်လှဲပြီးနောက် ပြန်လည်သယ်ဆောင်ကာ ပျိုးထောင်ခဲ့သည်။
နွားနက်ကြီးသည် ဘေးနားမှနေ၍ ခြေဆောင့်ကာ စိုးရိမ်တကြီး ဖြစ်နေရှာသည်။ ဤသစ်ပင်သည် နောင်တစ်ချိန်တွင် သူ၏ ကိုယ်ပိုင်ဝိဉာဉ်လက်နက် ပြုလုပ်မည့် ကုန်ကြမ်းပစ္စည်းဖြစ်သောကြောင့် ညှာညှာတာတာ ကိုင်တွယ်ရန် ချန်ရွှင်အား အဆက်မပြတ် သတိပေးနေ၏။
ထို့နောက် နှစ်အနည်းငယ်အချိန်ပေးပြီး သက်တမ်းနှစ်ပေါင်း တစ်သောင်းအထိ ရောက်အောင် ပျိုးထောင်ခဲ့သည်။ သို့တိုင်အောင် ကန့်သတ်ချက်သို့ မရောက်ရှိသေးသဖြင့် ချန်ရွှင် ဒေါသတကြီးဖြင့် လက်သီးနှင့် ထိုးလိုက်ရာ အနည်းငယ်သာ တုန်ခါသွားသည်။ ထို့ကြောင့် အကန့်အသတ်ရောက်သည်အထိ ဆက်လက်ပျိုးထောင်ခဲ့သည်။ မြေကြီးထဲတွင် စိုက်ပျိုးထားခြင်း မဟုတ်သဖြင့် သစ်ပင်ဝိညာဉ်စွဲကပ်လာမည်ကို စိုးရိမ်စရာမလိုပေ။ သက်တမ်းနှစ်ပေါင်း တစ်သိန်းသို့ ရောက်ရှိသောအခါ ကြိုးကြားဖြူသစ်ပင်သည် ခြောက်သွေ့သေဆုံးမည့် လက္ခဏာများ ပြသလာပြီး မည်းနက်လာကာ ဆေးဥယျာဉ်တစ်ခုလုံးတွင် အမှောင်အရှိန်အဝါများ လွှမ်းခြုံလာသည်။ အခြားသော ဝိဉာဉ်ဆေးပင်များကိုပင် ထိခိုက်မတတ် ဖြစ်လာ၏။
ချန်ရွှင်နှင့် နွားနက်ကြီးတို့ လန့်ဖျပ်သွားကြသည်။ မျိုးရိုးဗီဇ ပြောင်းလဲသွားပြီလော။ ကံကောင်းထောက်မစွာဖြင့် ၎င်းတို့သည် ရေဝိဉာဉ်ပညာ တတိယအဆင့်သို့ ရောက်ရှိနေပြီဖြစ်သဖြင့် ဝိဉာဉ်ဆေးပင်များ မပျက်စီးအောင် ကာကွယ်နိုင်ခဲ့ကြသည်။ နောက်ဆုံးရရှိလာသော သစ်သားကို ကြည့်ပြီး ချန်ရွှင် ရယ်မောကာ ခေါင်းခါလိုက်ပြီး ပြောလိုက်သည်။
"ကောင်းတယ်ဟ"
ယခုအခါ သူ၏ ခွန်အားဖြင့် ထိုသစ်သားကို ထိုးခွဲ၍ မရနိုင်တော့သလို တောင်ဖြိုပုဆိန်ဖြင့်လည်း ခုတ်ပိုင်း၍ မရနိုင်တော့ပေ။ ကြိုးကြားဖြူသစ်ပင်လောက၏ ဘုရင်အဆင့် ဖြစ်နေပြီဖြစ်သည်။
နွားနက်ကြီးသည် ရေဝိဉာဉ်ပညာကို အသုံးပြုပြီး ထိုသစ်တုံးကြီးကို အဆက်မပြတ် ပြုစုပျိုးထောင်ပေးကာ အမှောင်အရှိန်အဝါများကို ဖုံးကွယ်ထားရသည်။ သာမန် ရေဝိဉာဉ်ပညာသာဆိုလျှင် ပြဿနာကြီးမားစွာ ကြုံတွေ့နိုင်ပေသည်။ ချန်ရွှင်သည် ဘေးနား၌ ဆေးမီးဖိုကို ဖွင့်ကာ ဆေးမီးတောက်ဖြင့် ဖြတ်တောက်ခြင်းနည်းလမ်းကို အသုံးပြု၍ လက်နက်ပြုလုပ်နေ၏။ ဝိဉာဉ်စွမ်းအား ပေါင်းထည့်ထားသဖြင့် ဆေးမီးတောက်သည် ချန်ရွှင်၏ လက်ထဲတွင် လက်နက်ကိရိယာတစ်ခုကဲ့သို့ ဖြစ်နေပြီး သိမ်မွေ့သော အလုပ်များကို လုပ်ဆောင်နိုင်နေပြီဖြစ်သည်။
သူသည် နေ့စဉ်နေ့တိုင်း လက်မှုပညာသည် အဖိုးအိုတစ်ဦးကဲ့သို့ သစ်တုံးကြီးပေါ်တွင် ထိုင်လျက် ဖြူဖွေးသော ဆေးမီးတောက်ဖြင့် သစ်သားကို ဖြတ်တောက်နေသည်။ အမှောင်အရှိန်အဝါများ ပြည့်နှက်နေသော အနက်ရောင်ခေါင်းတလားကြီးတစ်လုံးသည် တဖြည်းဖြည်း ပုံပေါ်လာသည်။ ထိုခေါင်းတလားကြီး၏ အတွင်းဘက်ကို နှစ်ပေါင်းတစ်သောင်း သက်တမ်းရှိသော ကြိုးတစ်ထောင်အပင်မှရသော ကြိုးမျှင်များဖြင့် ရက်လုပ်ထားရာ အလွန်သိပ်သည်းခိုင်ခံ့လှသည်။ အကယ်၍ တစ်စုံတစ်ယောက် ဝင်ရောက်သွားပါက မည်သို့ခံစားရမည်ကို ချန်ရွှင် တွေးကြည့်ရသည်မှာပင် ကြက်သီးတဖြန်းဖြန်းထမိသည်။
နွားနက်ကြီးသည်လည်း ဘေးနားတွင် ဝိဉာဉ်လက်နက် သွန်းလုပ်ခြင်းနည်းလမ်းများကို ကျင့်ကြံနေပြီး မိမိ၏သွေးကို အသုံးပြုကာ လက်နက်နှင့် စိတ်ချင်းဆက်နွှယ်မှုရရှိရန် ပြုလုပ်နေသည်။ ချန်ရွှင်သည် နေ့တိုင်းလိုလို
"နွားနက်ကြီးနဲ့ ခေါင်းတလားနက်ကြီး... ဟားဟားဟား" ဟု စနောက်လေ့ရှိသည်။ နွားနက်ကြီးသည် ဒေါသထွက်ကာ ချန်ရွှင်ကို နေ့စဉ် ဝှေ့လေ့ရှိ၏။ ဤခေါင်းတလားကြီးသည် သူ၏ ရတနာဖြစ်သည် မဟုတ်ပါလား။ ဤအရာသည် ချန်ရွှင်ကိုယ်တိုင် ပြုလုပ်ပေးထားခြင်းဖြစ်သဖြင့် ချန်ရွှင်ကိုယ်တိုင်ပင် လှောင်ပြောင်၍ မရနိုင်ပေ။
သို့သော် ချန်ရွှင်သည် နွားနက်ကြီးအတွက် သွေးအားဖြည့်ဆေးများကို တိတ်တဆိတ် ဖော်စပ်ပေးလေ့ရှိသည်။ ဤခေါင်းတလားကြီးကြောင့် နွားနက်ကြီး ပိန်ကျသွားသကဲ့သို့ ရှိသည်။ ချန်ရွှင်သည် သူ၏ တောင်ဖြိုပုဆိန်အတွက်ကိုမူ အလျင်လိုခြင်းမရှိပေ။ ကုန်ကြမ်းကောင်း မတွေ့ရှိသေးသဖြင့် နွားနက်ကြီး၏ ကိစ္စကိုသာ ဦးစားပေး လုပ်ဆောင်နေခြင်းဖြစ်သည်။ ဤနှစ်များအတွင်း သူ၏ လက်နက်ပြုလုပ်ခြင်းပညာသည် များစွာတိုးတက်လာခဲ့သည်။ ဆေးမီးတောက်ဖြင့် လက်နက်ပြုလုပ်ခြင်းသည် ကျင့်ကြံခြင်းလောကတွင် ချန်ရွှင်တစ်ယောက်တည်းသာ ရှိသည်ဟု သူ ဂုဏ်ယူစွာ ပြောဆိုလေ့ရှိ၏။
'ဓာတ်သုံးပါးဆေး' ၏ အထောက်အပံ့ကြောင့် ၎င်းတို့၏ ကျင့်ကြံခြင်းအဆင့်သည် အခြေခံတည်ဆောက်ခြင်း နောက်ဆုံးအဆင့်သို့ ဖြည်းညှင်းစွာ ရောက်ရှိလာခဲ့ကြသည်။ မကြာမီ အထွတ်အထိပ်သို့ ရောက်ရှိတော့မည်ဖြစ်ပြီး ရွှေအမြူတေ ဖွဲ့စည်းနိုင်တော့မည်ဖြစ်သည်။ ချန်ရွှင်သည် 'ဓာတ်သုံးပါးဆေး' ၏ အရည်အသွေးကို အထက်တန်းအဆင့်အထိ မြှင့်တင်နိုင်ခဲ့သည်။ အဓိကအကြောင်းရင်းမှာ နှစ်ကြာမြင့်သော ဝိဉာဉ်ဆေးပင်များကို အသုံးပြုထားသောကြောင့်ဖြစ်သည်။
အရည်အသွေး မတူညီပါက အာနိသင်လည်း ကွာခြားမည်ဖြစ်သည်။ ဝူယွင်ဂိုဏ်း၏ ဆေးဋ္ဌာနသည် အလယ်အလတ်အဆင့်နှင့် အောက်အဆင့် ဓာတ်သုံးပါးဆေးများကိုသာ ဖော်စပ်နိုင်သည်။ ထို့ကြောင့် ထိုဆေးများကို အခြေခံတည်ဆောက်ခြင်း အလယ်အလတ်အဆင့် ကျင့်ကြံသူများသာ အသုံးပြုကြသည်။ အကယ်၍ အထက်တန်းအဆင့် (သို့မဟုတ်) အကောင်းဆုံးအဆင့် ဖြစ်ပါက အခြေခံတည်ဆောက်ခြင်း နောက်ဆုံးအဆင့် ကျင့်ကြံသူများအတွက် အသုံးဝင်သည်။ ဤသည်မှာ ချန်ရွှင်နှင့် နွားနက်ကြီးတို့၏ ကိုယ်တွေ့အတွေ့အကြုံဖြစ်သည်။ သို့သော် ချန်ရွှင်သည် သူ၏ ဆေးဖော်စပ်မှုနည်းပညာအပေါ် ယုံကြည်မှုမရှိဘဲ ဝိဉာဉ်ဆေးပင်ပမာဏနှင့် သက်တမ်းကိုသာ အားကိုးနေရခြင်းဖြစ်သည်။
သာမန်ကျင့်ကြံသူများ၏ သက်တမ်းအရဆိုလျှင် သူတို့သည် သေဆုံးသွားခဲ့ကြပြီဖြစ်သော်လည်း ၎င်းတို့၏ အခြေခံတည်ဆောက်ခြင်းအဆင့် ခရီးလမ်းမှာမူ ဖြောင့်ဖြူးနေဆဲဖြစ်သည်။ ထာဝရအသက်ရှင်သူများ ဖြစ်ကြသဖြင့် ချန်ရွှင်နှင့် နွားနက်ကြီးတို့၏ စိတ်နေသဘောထားမှာ အလွန်တည်ငြိမ်ပြီး အလုပ်လုပ်ရာတွင် အလျင်စလိုမရှိဘဲ ခိုင်မာစွာ လုပ်ဆောင်လေ့ရှိသည်။
ချန်ရွှင်သည် ရွှေအမြူတေအဆင့်သို့ တက်လှမ်းရန် နည်းလမ်းများကို ဆေးဋ္ဌာနတွင် ရံဖန်ရံခါ သွားရောက်စုံစမ်းခဲ့သည်။ ဝူယွင်ဂိုဏ်းတွင် ရွှေအမြူတေအဆင့် အဆင့်မြင့်ကျင့်ကြံသူ အနည်းဆုံး (၂၀) ကျော် ရှိရာ အားလုံးသည် ကောင်းကင်ဝိညာဉ်အမြစ် ပိုင်ရှင်များ မဖြစ်နိုင်ပေ။
သူသည် အမှန်တကယ်ပင် နည်းလမ်းကို စုံစမ်းသိရှိခဲ့သည်။ အခြေခံတည်ဆောက်ခြင်းအဆင့်ဆေး ကဲ့သို့ပင် ကျင့်ကြံခြင်းလောကရှိ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူအများစုက ဤဆေးအကြောင်း သိရှိကြသော်လည်း သူတစ်ယောက်တည်းသာ မသိရှိခြင်းဖြစ်သည်။ အဓိကအချက်မှာ ရွှေအမြူတေဖွဲ့စည်းရန်အတွက် မိမိ၏ ဝိညာဉ်အမြစ် ပြည့်စုံရန်လိုအပ်ပြီး ခန္ဓာကိုယ်ထဲတွင် ရွှေအမြူတေကို စုစည်းရမည်ဖြစ်သည်။ ထိုအချိန်တွင် ထူးခြားသော ဖြစ်စဉ်များ ပေါ်ပေါက်လာတတ်သည်။
ဝူယွင်ဂိုဏ်းတွင် တစ်စုံတစ်ယောက် ရွှေအမြူတေအဆင့်သို့ တက်လှမ်းတိုင်း ဂိုဏ်းတံခါးကို ပိတ်ထားလေ့ရှိသည်။ ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် ဤမျှနှစ်ပေါင်းများစွာ ကြာသည့်တိုင် တစ်ကြိမ်သာ မြင်ဖူးခဲ့သည်။ ထိုစဉ်က ကောင်းကင်တွင် ရောင်စုံအလင်းတန်းများ တောက်ပနေပြီး အင်မော်တယ်တစ်ပါး ကောင်းကင်သို့ တက်လှမ်းသွားသကဲ့သို့ ဖြစ်နေသဖြင့် သူတို့နှစ်ဦးမှာ ဝိဉာဉ်ပို့(အသုဘချ)ပေးရန် ပြင်ဆင်မိလုနီးပါး ဖြစ်ခဲ့ကြ၏။
၎င်းတို့ကဲ့သို့ ဓာတ်ငါးပါးအဆင့်နိမ့်အမြစ် ပိုင်ရှင်များအနေဖြင့် ရွှေအမြူတေအဆင့်သို့ ရောက်ရှိရန်အတွက် ရွှေ၊ သစ်၊ ရေ၊ မီး၊ မြေ ဟူသော ဓာတ်ငါးပါးဆေးများကို စုစည်းကာ အဆင့်တက်မှသာ ရနိုင်မည်ဖြစ်သည်။ ချန်ရွှင် ဤအကြောင်းများကို ကြားလိုက်ရသောအခါ ခေါင်းနပန်းကြီးသွားသည်။ ထိုဆေးများ၏ အရည်အသွေးသည် အနည်းဆုံး အလယ်အလတ်အဆင့် ရှိရမည်ဖြစ်ရာ မည်သည့်ဂိုဏ်းကမှ ဓာတ်ငါးပါးအဆင့်နိမ့်အမြစ် ပိုင်ရှင်အပေါ် ဤမျှများပြားသော ရင်းမြစ်များကို ရင်းနှီးမြှုပ်နှံမည် မဟုတ်ပေ။
ချင်တိုင်းပြည်တွင် ရွှေအမြူတေအဆင့်သို့ ရောက်ရှိသော ကျင့်ကြံသူအများစုသည် အနည်းဆုံး ဓာတ်နှစ်ပါး အဆင့်မြင့်ဝိညာဉ်အမြစ် ပိုင်ရှင်များ ဖြစ်ကြသည်။ ဓာတ်သုံးပါး ဝိညာဉ်အမြစ်ဖြင့် အဆင့်တက်နိုင်သူများသည် ရှားပါးလှပြီး ကြီးမားသော ကံကောင်းမှုရရှိခဲ့သူများသာ ဖြစ်သည်။
သို့သော် ဤနှစ်တစ်ရာအတွင်း၌ ချန်ရွှင်သည် ဂိုဏ်းအကျိုးပြုအမှတ် အမြောက်အမြားကို စုဆောင်းထားခဲ့ပြီး ဓာတ်ငါးပါးဆေးဖော်နည်းကို လဲလှယ်ခဲ့သည်။ ဂိုဏ်းအကျိုးပြုခန်းမဆောင်မှ အကြီးအကဲများကလည်း ထူးဆန်းသည်ဟု မထင်တော့ပေ။ ဤဂျူနီယာညီလေးသည် ထူးဆန်းသူတစ်ယောက် ဖြစ်သည်။ အခြေခံတည်ဆောက်ခြင်း အစောပိုင်းအဆင့်တွင် ရှိစဉ်က ချီသန့်စင်ခြင်းအဆင့် ဂါထာများကို လဲလှယ်ခဲ့ပြီး တစ်ခါတစ်ရံ ချီသန့်စင်ခြင်းအဆင့် ဆေးဖော်နည်းများကို လဲလှယ်တတ်သည်။ ယခုအခါ ရွှေအမြူတေအဆင့်အတွက် ပြင်ဆင်နေပြန်ပြီ။ သို့သော် အမှတ်များသည် သူပိုင်ဆိုင်သော အရာများဖြစ်ပြီး ဤဂျူနီယာညီလေးသည် ဆေးဥယျာဉ်ကိုလည်း ဝီရိယရှိရှိ စောင့်ရှောက်သူဖြစ်သဖြင့် အကြီးအကဲများက သူ့ကို သနားကြသည်။
ချန်ရွှင်သည် ဆေးဥယျာဉ်သို့ ပြန်ရောက်သောအခါ နွားနက်ကြီးနှင့်အတူ ဝမ်းသာအားရ ဖြစ်နေကြလေသည်။ ကံကောင်းထောက်မစွာဖြင့် ချင်တိုင်းပြည် ကျင့်ကြံခြင်းလောကတွင် ရွှေအမြူတေအဆင့် ရောက်ရှိသူ နည်းပါးသဖြင့် ဤရှားပါးဝိဉာဉ်ဆေးပင်များသည် အခြေခံတည်ဆောက်ခြင်းအဆင့် ဆေးပင်များကဲ့သို့ မျိုးတုန်းပျောက်ကွယ်ခြင်း မရှိသေးပေ။
ဤနှစ်များအတွင်း ဂိုဏ်းတူအစ်ကိုများသည် ကိုယ်ပိုင်ကိစ္စရှိတိုင်း သူတို့ကို အကူအညီတောင်းလေ့ရှိရာ ၎င်းတို့သည် ဂိုဏ်းအတွင်းရှိ နေရာအနှံ့အပြားမှ ဆေးဥယျာဉ်များဆီသို့ ရောက်ရှိခဲ့ပြီး နှစ်ရာချီကြာအောင် မျိုးစေ့များကို စုဆောင်းထားနိုင်ခဲ့ကြသည်။ ထိုအထဲတွင် မိုးကြိုးဝါးသီး၊ ဝိညာဉ်မှန်ပန်း၊ ကျောက်စိမ်းခြင်ဆီမှို စသည့် ရှားပါးဆေးပင်များ ပါဝင်သည်။ သို့သော် အချို့သော ဆေးပင်များသည် ဆေးဖော်ရန်အတွက် နှစ်ပေါင်း (၈၀၀) သက်တမ်းအထိ လိုအပ်သည်။
ဝူယွင်ဂိုဏ်းသည်လည်း မျိုးဆက်တစ်ခုပြီးတစ်ခု လက်ဆင့်ကမ်း ပျိုးထောင်ခဲ့ကြပြီး သက်တမ်းပြည့်မှသာ လူလွှတ်၍ ခူးယူကာ ဆေးဋ္ဌာနတွင် သိမ်းဆည်းထားလေ့ရှိသည်။ ဤရှားပါး ဝိဉာဉ်ဆေးပင်များနှင့် ဆေးဝါးများကို ဂိုဏ်းအကျိုးပြုခန်းမဆောင်တွင် လဲလှယ်၍ မရနိုင်ပေ။ ရွှေအမြူတေအဆင့် ကျင့်စဉ်များကဲ့သို့ပင် ဝူယွင်ဂိုဏ်းသည် ဤပစ္စည်းများကို လဲလှယ်ခွင့် ပိတ်ထားသည်။
ချန်ရွှင်သည် ကျောက်တုံးကြီးပေါ်တွင် ထိုင်လျက် အကြည့်များကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး ပြောလိုက်သည်။
“နွားကြီး... အိမ်ပြန်ပြီး ပြင်ဆင်ကြစို့”
“မွန်း...”
လူတစ်ယောက်နှင့် နွားတစ်ကောင်သည် ဆေးဥယျာဉ်ဆီသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းသွားကြသည်။ သူတို့၏ မျက်ဝန်းများထဲတွင် ဝမ်းနည်းခြင်း၊ ဝမ်းသာခြင်း အလျဉ်းမရှိဘဲ တည်ငြိမ်အေးချမ်းမှုများသာ ရှိနေတော့သည်။
အခန်း (၉၄)
အခြားသူများ၏ အမြင်၌ ချန်ရွှင်နှင့် နွားနက်ကြီးတို့၏ ကျင့်ကြံမှုအဆင့်သည် ပါရမီအရည်အချင်း ကန့်သတ်ချက်ကြောင့် အခြေခံတည်ဆောက်ခြင်း အစောပိုင်းအဆင့်၌သာ ရပ်တန့်နေသည်ဟု ထင်မြင်ယူဆကြ၏။ ရေပူစမ်းဆေးဥယျာဉ်ရှိ ဂူအတွင်း၌ နွားနက်ကြီးသည် ကျောက်နံရံကို မှီထိုင်လျက် ချန်ရွှင်အား အားကျသောအကြည့်ဖြင့် ကြည့်ရှုနေ၏။ သူတို့နှစ်ဦးသည် တောင်ပေါ်ရွာလေး၌ နေထိုင်ခဲ့စဉ်က အချိန်ကာလများဆီသို့ ပြန်လည်ရောက်ရှိသွားသကဲ့သို့ ခံစားနေကြရသည်။
ချန်ရွှင်သည် တည်ငြိမ်သော မျက်ဝန်းများဖြင့် အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထား၏။ သူသည် မြေပြင်ပေါ်တွင် မတ်မတ်ရပ်လျက်ရှိရာ လေပြည်အဝှေ့၌ ဝတ်ရုံစများ တဖျပ်ဖျပ် လှုပ်ရှားနေသည်။ ထို့နောက် လေးလံထူထဲသော အနက်ရောင် ဓားပြခေါင်းစွပ်တစ်ခုကို လေးနက်တည်ကြည်စွာ ထုတ်ယူလိုက်၏။ နေရောင်ခြည်သည် ထိုခေါင်းစွပ်ကို ဖြတ်သန်းသွားသော်လည်း အလင်းရောင်များသည် စုပ်ယူခံလိုက်ရသကဲ့သို့ မည်းနက်နေသည်။ သူသည် ထိုခေါင်းစွပ်ကို ဖြည်းညှင်းစွာ စွပ်လိုက်၏။
"မွန်း..."
နွားနက်ကြီး၏ မျက်လုံးများ ပြူးကျယ်သွား၏။ ချန်ရွှင်သည် အခြားလူတစ်ယောက်အဖြစ် ပြောင်းလဲသွားသကဲ့သို့ ဖြစ်ပေါ်လာပြီး သူ၏ အရှိန်အဝါများလည်း လုံးဝ ပြောင်းလဲသွားခဲ့သည်။ ချန်ရွှင်၏ နှုတ်ခမ်းထောင့်စွန်းများတွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာပြီး နွားနက်ကြီးဘက်သို့ ဖြည်းညှင်းစွာ လှည့်ကြည့်လိုက်၏။ သူ၏ စူးရှထက်မြက်ပြီး နက်ရှိုင်းအေးစက်သော မျက်ဝန်းများသည် တစ်ဖက်လူအား ပြင်းထန်သော ဖိအားများကို အလိုအလျောက် ပေးစွမ်းနိုင်စွမ်း ရှိသည်။ နွားနက်ကြီးသည် နှာမှုတ်သံ ပြင်းပြင်းတစ်ချက် ပြုလုပ်လိုက်ပြီး ခေါင်းပေါ်တွင် ချွေးစေးများ ပြန်လာ၏။ သူသည် ချန်ရွှင်ကို ကြည့်ရှုနေပြီး ပါးစပ်မှ တိုးညှင်းစွာ အော်မြည်လိုက်မိသည်။
"အစ်ကိုကြီးက တကယ် မိုက်တာပဲ" ဟု ပြောချင်နေပုံ ရ၏။
ချန်ရွှင်သည် လက်ကို နောက်ပစ်လိုက်ပြီး လောကကြီးကို အထင်သေးသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
"နွားကြီး...ဘယ်လိုခံစားရလဲ…"
"မွန်း"
နွားနက်ကြီး စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်၏။ လုံးဝ ကွက်တိပင် ဖြစ်သည်။
"ဓားပြဝတ်စုံ အစုံအလင်ကို ငါ ပြင်ဆင်ပြီးပြီ... နောက်ဆိုရင် ငါတို့လမ်းကို ပိတ်တဲ့သူမှန်သမျှ သတ်မယ်…"
ချန်ရွှင်၏ မျက်လုံးများထဲတွင် သတ်ဖြတ်ခြင်းအသိများ ထွက်ပေါ်လာ၏။
"လောကကြီးထဲကို လှည့်လည်သွားလာတော့မယ်ဆိုရင် ဝတ်စုံပြည့် ရှိမှ ဖြစ်မှာပေါ့... နွားကြီး... မင်းရဲ့ နတ်အသိနဲ့ ငါ့ကို စမ်းသပ်ကြည့်စမ်း…"
"မွန်း"
နွားနက်ကြီးသည် ခေါင်းကို လေးလေးနက်နက် ညိတ်လိုက်ပြီး ချန်ရွှင်အား နတ်အသိဖြင့် စတင် ထောက်လှမ်းလိုက်သည်။ တစ်နာရီ ကုန်ဆုံးပြီးနောက် နွားနက်ကြီး၏ မျက်နှာတွင် ချွေးစေးများ ပြန်လာပြီး မျက်လုံးများထဲတွင် သံသယများ ပြည့်နှက်လာ၏။
"မွန်း... မွန်း မွန်း"
သူ၏ နတ်အသိသည် ချန်ရွှင်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသော်လည်း ချန်ရွှင်မှာထိုနေရာ၌မရှိသလို ခံစားနေရသည်။ နတ်အသိသည် သည် အလုပ်မလုပ်တော့သကဲ့သို့ ဖြစ်နေပြီး မျက်စိဖြင့် ကြည့်ရသည်လောက်ပင် ခရီးမရောက်ပေ။ ကျင့်ကြံခြင်းလောကတွင် စစ်ပွဲကြီး ဖြစ်ပွားစေနိုင်သော နှစ်တစ်သောင်း သက်တမ်းရှိ ကြိုးတစ်ထောင်အပင်သည် အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလှ၏။
"ဟား ဟား ဟား... နွားကြီး... မင်းလို အခြေခံတည်ဆောက်ခြင်း နောက်ဆုံး အဆင့်လောက်နဲ့ ငါ့ကို လာပြီး ထောက်လှမ်းချင်နေတာလား…"
ချန်ရွှင်သည် ရယ်မောလိုက်ပြီး မျက်လုံးများကို မှေးစင်းကာ နွားနက်ကြီးကို ကြည့်လိုက်၏။
"နွားကြီး သေပေတော့…"
"မွန်း..."
နွားနက်ကြီးသည် ကြောက်လန့်တကြားဖြင့် ကျောက်နံရံတွင် ကပ်ကာ တစ်ကိုယ်လုံး တုန်ရီနေသည်။ ကြောက်ဖို့ ကောင်းလွန်းလှ၏။
"ဟား ဟား ဟား..."
ဂူအတွင်းမှ ချန်ရွှင်၏ အားရပါးရ ရယ်မောသံများ ထွက်ပေါ်လာသည်။ ထိုအခါမှသာ နွားနက်ကြီးသည် သတိဝင်လာ၏။ ချန်ရွှင်က သူ့ကို ထပ်ပြီး ခြောက်လှန့်နေခြင်း ဖြစ်သည်။
"မွန်း"
"ဟာ... အမေရေ့…"
ဂူအတွင်း၌ ကျယ်လောင်သော အသံကြီး တစ်ခု ထွက်ပေါ်လာသည်။ ချန်ရွှင်သည် နွားနက်ကြီး၏ ဝှေ့ခြင်းကို ခံလိုက်ရပြီး ကျောက်နံရံပေါ်သို့ ဖုန်းခနဲ လွင့်စင်သွားကာ ဒဏ်ရာအပြင်းအထန် ရရှိသွား၏။ အပျော်လွန်ပြီး အပျက်ဖြစ်ခြင်း ဖြစ်သည်။ လူတစ်ယောက်နှင့် နွားတစ်ကောင်သည် ဂူထဲတွင် ဖုန်တလုံးလုံးထအောင် တိုက်ခိုက်နေကြတော့သည်။ နာရီဝက်ခန့် ကြာသောအခါ ချန်ရွှင်သည် တောင်ဖြို စွမ်းအားကို ထုတ်သုံးလိုက်မှသာ ဤစစ်ပွဲကို အဆုံးသတ်နိုင်ခဲ့၏။
"နွားကြီး... ထရပ်လိုက်... မင်းအတွက်လည်း ဓားပြဝတ်စုံ တစ်စုံ ငါ လုပ်ပေးထားတယ်…"
"မွန်း"
"မြန်မြန်လုပ်... ကြာနေရင် ငါ သူများကို ပေးလိုက်မှာနော်…"
"မွန်း မွန်း"
နွားနက်ကြီးသည် စိတ်လှုပ်ရှားစွာဖြင့် “ဝုန်း”ခနဲ မတ်တပ်ထရပ်လိုက်သည်။ သူသည် အရပ် (၇) ပေခန့် မြင့်မားပြီး မတ်တပ်ရပ်လိုက်သောအခါ အလွန် သန်မာထွားကြိုင်းသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားကာ ချန်ရွှင်ထက်ပင် ခေါင်းတစ်လုံးခန့် ပိုမြင့်မားနေ၏။ သို့သော် ဦးချိုများ ရှိနေသဖြင့် ချန်ရွှင်သည် ထိုအချက်ကို ထည့်သွင်းစဉ်းစားကာ မျက်နှာဖုံး အကြီးစားတစ်ခုကို ပြုလုပ်ပေးထားသည်။ ကျင့်ကြံခြင်းလောကတွင် ထူးဆန်းသော လူများစွာ ရှိကြရာ နွားနက်ကြီး မတ်တပ်ရပ်နေခြင်းသည် သာမန်ထက် ထွားကြိုင်းသော လူတစ်ယောက်နှင့်သာ တူညီနေ၏။
"မွန်း..."
နွားနက်ကြီးသည် ခန့်ညားထည်ဝါသော ဓားပြဝတ်စုံကို ကြည့်ပြီး သဘောကျ နှစ်ခြိုက်နေသည်။ ဤသည်မှာ လွတ်လပ်မှုပင် ဖြစ်သည်။ မည်သည့် အနှောင်အဖွဲ့မှ မရှိသော ခံစားမှုမျိုး ဖြစ်သည်။ သို့သော် ချန်ရွှင်ကမူ ဘေးနားတွင် တိတ်တဆိတ် ရယ်မောနေ၏။
"မွန်း…"
"အစ်ကိုကြီးနွားက မိုက်တယ်ကွ…"
"မွန်း…"
နွားနက်ကြီးသည် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး ဗိုက်ထဲမှ သိုလှောင်အိတ်ကို ထုတ်လိုက်သည်။ ဤအိတ်သည် ဝူယွင်ဂိုဏ်းရှိ အကြီးမားဆုံး သိုလှောင်အိတ် ဖြစ်ပြီး ချန်ရွှင်က သူ့အတွက် လဲလှယ်ပေးထားခြင်း ဖြစ်၏။ အနက်ရောင် အခေါင်းကြီး ထည့်ရန် ကွက်တိ ဖြစ်သည်။ သိုလှောင်လက်စွပ်ကိုမူ လဲလှယ်ခွင့် မရရှိခဲ့ပေ။
“ဝုန်း...”
ဂူကြမ်းပြင် တုန်ခါသွားပြီး အနက်ရောင် အခေါင်းကြီး တစ်လုံး ၀ုန်းခနဲ ကျလာသည်။ နွားနက်ကြီးသည် ခွာတစ်ဖက်ဖြင့် ထိန်းကိုင်ထားလိုက်၏။ ကြောက်မက်ဖွယ် အငွေ့အသက်များ ထွက်ပေါ်နေသော်လည်း ရေဝိဉာဉ်ပညာဖြင့် ဖိနှိပ်ထားလိုက်သည်။ ချန်ရွှင်သည် သူ့ဘေးတွင် ဖြည်းညှင်းစွာ ရပ်လိုက်ပြီး တောင်ဖြိုပုဆိန်ကို တိတ်တဆိတ် ထုတ်ယူလိုက်၏။ သူတို့နှစ်ဦးသည် ဂူအပြင်ဘက်သို့ တပြိုင်နက် လှမ်းကြည့်လိုက်ကြသည်။ လေပြင်းများ တိုက်ခတ်နေသော်လည်း သူတို့သည် မတုန်မလှုပ် ရပ်တန့်နေကြသည်။ ကျင့်ကြံခြင်းလောက၏ ဓားပြကြီးများ စတိုင် အပြည့်ပင် ဖြစ်၏။
လူတစ်ယောက်နှင့် နွားတစ်ကောင်သည် ထိုခံစားချက်ထဲတွင် နစ်မြောနေကြပြီး ပိုစ့်အမျိုးမျိုးပေးကာ နာရီဝက်ခန့် ကြာအောင် နေနေကြသည်။
"နွားကြီး... ဒီနှစ်တွေမှာ ငါတို့ အလုပ်တွေ အရမ်း ရှုပ်နေခဲ့တယ်... လက်နက်ပြုလုပ်ရေး ခန်းမဆောင်က လူတွေ ပြောတာ ကြားဖူးတယ်... ဝိညာဉ်လက်နက်တွေမှာ အစီအရင်တွေ ထပ်ထည့်လို့ ရတယ်ဆို…"
ချန်ရွှင် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားသည်။
"ငါတို့ရဲ့ ဝတ်စုံတွေကိုလည်း သွေးနဲ့ ပိုင်ရှိသိသွားအောင် လုပ်ထားရဦးမယ်... လုပ်စရာတွေ ကျန်နေသေးတာပဲ…"
"မွန်း မွန်း…"
"လက်စသတ်ရင်း ပြင်ဆင်ကြတာပေါ့…"
"မွန်း…"
လူတစ်ယောက်နှင့် နွားတစ်ကောင်သည် ပြန်လည် အလုပ်ရှုပ်သွားကြသည်။ ယခုအခါ စစ်ပွဲကြီး ပြီးဆုံးသွားပြီ ဖြစ်သဖြင့် စိတ်ပေါ့ပါးနေကြသည်။ ဤနှစ်များအတွင်း ချန်ရွှင်သည် သိုလှောင်အိတ် အများအပြား လဲလှယ်ခဲ့သည်။ ကြီးသော၊ ငယ်သော အိတ်များ စုံလင်လှ၏။ တန်ဖိုးကြီး ပစ္စည်းများကို နွားနက်ကြီးထံတွင် သိမ်းဆည်းထားသည်။ သူတို့၏ ပစ္စည်းများမှာ များပြားလှပြီး အများစုမှာ အသေးအဖွဲ ပစ္စည်းများနှင့် စာအုပ်များသာ ဖြစ်သည်။
ဝူယွင်ဂိုဏ်းသို့ နေ့စဉ် ကျင့်ကြံသူများ ပြန်လည် ရောက်ရှိလာကြသည်။ ခရမ်းရောင်တိမ်ဂိုဏ်းမှ ရွှေအမြူတေအဆင့် အဆင့်မြင့်ကျင့်ကြံသူများပင် လာရောက် လည်ပတ်ကြရာ အလွန် စည်ကားသိုက်မြိုက်နေ၏။ ဂိုဏ်းချုပ်သည် ဝူနိုင်ငံတွင် နယ်မြေခွဲဝေရေး ကိစ္စများကို ဆွေးနွေးနေဆဲ ဖြစ်ပြီး အလွန် အငြင်းပွားဖွယ် ကောင်းသည်ဟု ကြားသိရသည်။ သို့သော် အပြင်ပန်း လှပတင့်တယ်မှုများနှင့် စိတ်ဓာတ်တက်ကြွမှုများ၏ နောက်ကွယ်တွင် စစ်ပွဲကြောင့် မသန်မစွမ်း ဖြစ်သွားရသော ကျင့်ကြံသူများစွာ ရှိနေ၏။ သူတို့အတွက်မူ ဝမ်းနည်းပူဆွေးမှုများနှင့် အားငယ်မှုများသာ ရှိနေသည်။ ဂိုဏ်းအနေဖြင့် ဒဏ်ရာရ ကျင့်ကြံသူများကို ကုသရန် ရင်းမြစ်များစွာ ယူဆောင်လာသော်လည်း လုံလောက်မှု မရှိပေ။ အချို့သော ဒဏ်ရာများသည် တစ်သက်လုံး စွဲကျန်ရစ်ခဲ့သည်။
ချန်ရွှင်သည် နွားနက်ကြီးကို ခေါ်ဆောင်လျက် ဂျိခွန်နှင့် ရှီကျင်းတို့ကို မကြာခဏ သွားရောက် တွေ့ဆုံလေ့ ရှိသည်။ ကြားသိရသည်မှာ ဂျိခွန်သည် ဂိုဏ်းထဲတွင် တပည့်တစ်ယောက်ပင် လက်ခံထားသည် ဟု ဆို၏။ ရှီကျင်းမှာမူ တိတ်ဆိတ်ငြိမ်သက်နေဆဲ ဖြစ်သည်။ သူသည် အမြဲတမ်း ကောင်းကင်ကိုသာ မော့ကြည့်နေတတ်ပြီး ယခင်ကကဲ့သို့ တက်ကြွလန်းဆန်းသော စိတ်ဓာတ်များ မရှိတော့ဘဲ နှလုံးသားတံခါးကို အသေပိတ်ထားလိုက်ပြီ ဖြစ်သည်။ ချန်ရွှင်သည် လျိုယွမ်ထံမှ ရှီကျင်း၏ ဒဏ်ရာအခြေအနေကို မေးမြန်းခဲ့သော်လည်း မေးလိုက်တိုင်း သူမ ငိုကြွေးနေသဖြင့် ဘာမျှမတတ်နိုင်ဖြစ်ရသည်။ ဂျိခွန်ကိုလည်း ချန်ရွှင်က ဆေးကောင်းဝါးကောင်းများ ပေးခဲ့သော်လည်း သူက ပြန်လည် ပေးအပ်ခဲ့သည်။ သူသည် ယခုအခါ တပည့်ကိုသာ ကောင်းမွန်စွာ ပြုစုပျိုးထောင်ချင်ကြောင်း၊ သူ့အတွက် စိတ်မပူရန် ပြောဆိုခဲ့သည်။ ချန်ရွှင်လည်း သက်ပြင်းချရုံသာ တတ်နိုင်တော့သည်။ ကျင့်ကြံခြင်းလောက စစ်ပွဲကြီး တစ်ခုသည် အရာများစွာကို ပြောင်းလဲပစ်လိုက်၏။ လူတိုင်းသည် တဖြည်းဖြည်း ဝေးကွာသွားကြလေပြီ။
...
အချိန်ကာလများသည် လျင်မြန်စွာ ကုန်ဆုံးသွားပြန်ရာ နောက်ထပ် အနှစ် (၂၀) ကြာမြင့်သွားခဲ့ပြီ ဖြစ်သည်။ ချင်နိုင်ငံနှင့် ဝူနိုင်ငံတို့သည် ငြိမ်းချမ်းသာယာနေကြပြီ ဖြစ်၏။ ဝူနိုင်ငံ ကျင့်ကြံခြင်းလောကသည် နှစ်တစ်ရာ စစ်ပွဲကြီးတွင် အကြီးအကျယ် ရှုံးနိမ့်ခဲ့သဖြင့် မည်သူမျှ ခေါင်းမထောင်ရဲကြတော့ပေ။ ထိပ်သီးဂိုဏ်းကြီး (၁၀) ဂိုဏ်းသည် အင်အား ကြီးမားလာပြီး တပည့်များကို ကျယ်ပြန့်စွာ လက်ခံလာကြသည်။ ဝူနိုင်ငံမှ ပါရမီရှင်များကိုလည်း သူတို့ လက်လွတ်မခံချေ။ နှစ်ပေါင်း (၂၀) ဆိုသော ကာလတိုလေးအတွင်း စစ်ပွဲတွင် ပါဝင်ခဲ့သူများမှလွဲ၍ လူအများစုသည် စစ်ပွဲအကြောင်းကို မေ့ပျောက်စ ပြုလာကြပြီ ဖြစ်သည်။ ကျင့်ကြံခြင်းလောက စည်ပင်ဝပြောနေသည်ကို မြင်ရရုံနှင့်ပင် လုံလောက်နေပြီ ဖြစ်၏။ ဝူယွင်ဂိုဏ်းသည်လည်း ဝူနိုင်ငံတွင် အဆင့် (၈) ဝိညာဉ်သွေးကြော တစ်ခုကို သိမ်းပိုက်ရရှိထားပြီး ဂိုဏ်းခွဲ တည်ထောင်နေသည်။
ယခုအခါ ဂိုဏ်းသို့ ဝင်ရောက်လာသော တပည့်သစ်များ ပိုမို များပြားလာသည်။ သူတို့သည် မျှော်လင့်ချက်များ ပြည့်နှက်နေပြီး ဒဏ္ဍာရီလာ အင်မော်တယ်လမ်းစဉ်ကို လျှောက်လှမ်းရန် ရောက်ရှိလာကြခြင်း ဖြစ်၏။ မြစ်ဝါမြစ်ရေသည် ရှေ့လှိုင်းကို နောက်လှိုင်းက ပုတ်ခတ်တွန်းပို့သကဲ့သို့ပင် မျိုးဆက်ဟောင်းများကို မျိုးဆက်သစ်များက အစားထိုး ဝင်ရောက်လာကြသည်။
ဝူယွင်ဂိုဏ်း၊ ရေပူစမ်းဆေးဥယျာဉ် အတွင်း၌ ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် ထို မျိုးဆက်ဟောင်း လူများပင် ဖြစ်ကြသည်။ သူတို့ ထွက်ခွာရတော့မည် ဖြစ်၏။ နှစ်ပေါင်း (၃၀၀) ကျော် ကာလတိုလေးအတွင်း ဓာတ်ငါးပါး ဝိညာဉ်အမြစ် ပိုင်ရှင်များ အနေဖြင့် ရွှေအမြူတေအဆင့်သို့ တက်လှမ်းရန် မျှော်လင့်ချက် မရှိတော့ပေ။ ဤအနှစ် (၂၀) အတွင်း သူတို့သည် သက်တမ်းအမှတ်များကို အမြန်နှုန်း နှင့် မူလစွမ်းအင် တွင် ပေါင်းထည့်ခဲ့ကြသည်။ လက်ရှိ သူတို့၏ စွမ်းရည်အမှတ်များမှာ - ခွန်အား ၅၀၊ အမြန်နှုန်း ၉၀ (၅၀)၊ မူလစွမ်းအင် ၅၁၊ ဝိညာဉ်စွမ်းအား ၉၀ (၅၀)၊ ခံစစ်စွမ်းရည် ၉၀ (၅၀) တို့ ဖြစ်ကြသည်။
ဤနှစ်များအတွင်း ဂိုဏ်းအကျိုးပြု ခန်းမဆောင်မှ စာအုပ်များနှင့် ကုန်ကြမ်းပစ္စည်းများကို အကုန်အစင် လဲလှယ်ခဲ့ကြသည်။ လက်နက်ပြုလုပ်ခြင်း၊ အစီအရင်၊ အဆောင်လက်ဖွဲ့ စသည်တို့၏ အဆင့်မြင့် ပညာရပ်များကို လဲလှယ်ခဲ့ပြီး အကျိုးပြုအမှတ်များလည်း ပြောင်သလင်းခါသွားပြီ ဖြစ်၏။ သူတို့၏ ဓားပြဝတ်စုံများကိုလည်း ပိုင်ရှင်သိအောင် လုပ်ဆောင်ထားပြီးပြီ ဖြစ်သည်။ ပစ္စည်းအားလုံးကိုလည်း သိမ်းဆည်းပြီးပြီ။ နွားနက်ကြီး၏ ဗိုက်ထဲတွင် သိုလှောင်အိတ်များ ပြည့်နှက်နေသည်။ သို့သော် ပြဿနာ မရှိကြောင်း သူ ချန်ရွှင်ကို ပြောပြထားသည်။
သူတို့သည် မြက်ခင်းပြင်ပေါ်တွင် ထိုင်နေကြ၏။ လွန်ခဲ့သော နှစ်ပေါင်းများစွာက သူတို့ စတင်ရောက်ရှိခဲ့သော နေ့ရက်ကကဲ့သို့ပင် ဤနေရာ၏ ပတ်ဝန်းကျင်သည် သာယာလှပနေဆဲ ဖြစ်ပြီး အချိန်ကာလ၏ တိုက်စားမှုကို မခံရသကဲ့သို့ ရှိသည်။ ဘာမှ မပြောင်းလဲသလိုလို ရှိသော်လည်း အရာအားလုံး ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
"နွားကြီး... ငါတို့ လှေပျံစီးပြီး ဝူယွင်ဂိုဏ်းကို လာတုန်းက နေ့ရက်ကို မှတ်မိသေးလား…"
ချန်ရွှင်သည် ရုတ်တရက် တစ်နေရာကို လှမ်းကြည့်လိုက်ပြီး ပြုံးကာ ပြောလိုက်သည်။
"ဟား...ဟား… အဲဒီတုန်းက မြင်ကွင်းက တကယ့်ကို ရှယ်ပဲကွာ…"
သူသည် လက်ဟန်ခြေဟန်ဖြင့် ပြောဆိုနေရာ နွားနက်ကြီးမှာ ဘေးနားတွင် သဘောကျစွာ ရယ်မောနေပြီး ရံဖန်ရံခါ ချန်ရွှင်ကို ဦးခေါင်းနှင့်တိုက်နေသည်။ သူသည် ချန်ရွှင်၏ စုတ်ပြတ်နေသော ကောက်ရိုးဦးထုပ်ကို ထုတ်ပေးလိုက်သည်။ လွှင့်မပစ်ဘဲ သိမ်းထားခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်က ချန်ရွှင်သည် ဒဏ်ရာအများအပြား ရရှိခဲ့၏။
"ဒီ ကောက်ရိုးဦးထုပ်ကို ထုတ်ပြလိုက်ရင် တပည့်အများကြီး အိပ်မက်ဆိုးတွေ မက်ကုန်ကြမှာပဲ…"
ချန်ရွှင်သည် ကောက်ရိုးဦးထုပ်ကို လှမ်းယူလိုက်ပြီး ရယ်မောလိုက်သည်။
"ငါတို့က ဝူယွင်ဂိုဏ်းရဲ့ ဒုက္ခပေးတဲ့ ဘုရင်နှစ်ပါးပဲလေ…"
"မွန်း…"
နွားနက်ကြီးသည် နွားသိုးတိုက်ခိုက်သည့် ပုံစံမျိုး လုပ်ပြလိုက်၏။ ထိုစဉ်က သူ လူအများအပြားကို အလစ်ဝင်တိုက်ခဲ့ဖူးသည်။
"စောင့်ရှောက်ပေးခဲ့ကြတဲ့ စီနီယာအစ်ကို၊ အစ်မတွေ၊ ဂျူနီယာညီလေး၊ ညီမလေးတွေနဲ့ အကြီးအကဲတွေကို ကျေးဇူးတင်ပါတယ်ဗျာ…."
"မွန်း..."
"နွားကြီး... ဆေးဥယျာဉ်ကို နောက်ဆုံးတစ်ခေါက် ရှင်းလင်းလိုက်ဦး၊ ပြီးရင် သွားကြစို့…."
"မွန်း…"
နေ့ဝက်ခန့် ကြာပြီးနောက် ချန်ရွှင်သည် နွားနက်ကြီးကို ဆွဲလျက် ဆေးဥယျာဉ် ဝင်ပေါက်သို့ လျှောက်သွားကြသည်။ သူတို့သည် ရေပူစမ်းဆေးဥယျာဉ်ကို စူးစူးနစ်နစ် တစ်ချက် လှည့်ကြည့်လိုက်ပြီးနောက် လှည့်ထွက်သွားကြလေသည်။