အခန်း (၉၅-၉၆)
Vol. 5 Ch. 95-96
အခန်း (၉၅)
သူတို့၏ ခြေလှမ်းများသည် နှေးကွေးလေးလံနေပြီး ထူထပ်သော မြူခိုးများသည် သူတို့၏ နောက်ကျောဘက်ကို တစ်လွှာပြီးတစ်လွှာ ဖုံးလွှမ်းသွားကြ၏။ ဤလမ်းကို နောက်နောင် ဘယ်တော့မှ လျှောက်လှမ်းရတော့မည် မဟုတ်ပေ။ ရောင်ပြန်မဟာအစီအရင် သည် လည်ပတ်နေဆဲ ဖြစ်သော်လည်း တံခါးဝရှိ ဂိုဏ်းတူအစ်ကို နှစ်ယောက်မှာမူ ယခင်လူများ မဟုတ်ကြတော့ပေ။ ချန်ရွှင်သည် သူတို့ကို ပြုံးပြ နှုတ်ဆက်လိုက်ပြီး နွားနက်ကြီးကို ဆွဲလျက် ဆေးဋ္ဌာနသို့ သွားရောက်ကာ တာဝန်မှ အနားယူကြောင်း သတင်းပို့လိုက်သည်။ အကြောင်းပြချက်မှာ သက်တမ်းကုန်ဆုံးတော့မည် ဖြစ်သဖြင့် တောင်အောက်ဆင်းကာ မိန်းမယူတော့မည် ဟု ပြောဆိုခဲ့သည်။
အချိန်ကာလများသည် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ရာ ဆေးဋ္ဌာနတွင်လည်း လူသစ်များဖြင့် အစားထိုး ဝင်ရောက်လာကြပြီ ဖြစ်သည်။ စီနီယာအစ်မကျိုး သည် ရှေ့တန်းစစ်မျက်နှာပြင်သို့ သွားရောက်ခဲ့ရာ အဆင့်တက်သွားသည်လား၊ သေဆုံးသွားသည်လား မသိရဘဲ ပျောက်ဆုံးနေသည်မှာ ကြာပြီ ဖြစ်၏။ ရွမ်ကျန့် သည်လည်း အခြေခံတည်ဆောက်ခြင်း အလယ်အလတ်အဆင့်တွင် သေဆုံးသွားခဲ့ပြီ ဖြစ်သည်။ ချန်ရွှင်သည် ထိုစဉ်က နွားနက်ကြီးကို ဆွဲလျက် သွားရောက် ဂါရဝပြုခဲ့ပြီး နာရေးကိစ္စ ကူညီလုပ်ဆောင်ပေးခဲ့သေးသည်။
ဆေးဋ္ဌာနမှ အကြီးအကဲသည် စစ်ဆေးပြီးနောက် အံ့သြသွား၏။ ဤ ဂျူနီယာညီလေးသည် အခြေခံတည်ဆောက်ခြင်းအဆင့် ရောက်ပြီးကတည်းက ဂိုဏ်း၏ ဆေးဥယျာဉ်မှ တစ်ခါမျှ ထွက်ခွာခြင်း မရှိခဲ့ပါလား။ သူ၏ မျက်နှာတွင် လေးစားသော အရိပ်အယောင်များ ပေါ်လာပြီး အစီအရင် တံဆိပ်ပြားကို ပြန်လည် သိမ်းဆည်းလိုက်ရာ ချန်ရွှင်၏ တရားဝင်မှုကလည်း ပျောက်ကွယ်သွားသည်။
သူတို့ ဆေးဋ္ဌာနမှ ထွက်ခွာလာကြ၏။ ယခုအခါ လွတ်လပ်သောသူများ ဖြစ်သွားကြပြီ။ သူတို့သည် ဂိုဏ်းအတွက် ကြီးမားစွာ အကျိုးပြုခဲ့ကြသဖြင့် ဂိုဏ်းတွင် အိုသည်အထိ ဆက်လက်နေထိုင်နိုင်သွားနိုင်သလို ကိုယ့်သဘောနှင့်ကိုယ် တောင်အောက် ဆင်းသွားလျှင်လည်း ရသည်။ ချန်ရွှင်သည် နွားနက်ကြီးကို ဆွဲလျက် ကြမ်းတမ်းသော တောင်ပေါ်လမ်းကလေးအတိုင်း လျှောက်လှမ်းလာကြ၏။ ပတ်ဝန်းကျင်တွင် စိမ်းလန်းစိုပြေနေပြီး နွေဦးကာလသို့ ရောက်ရှိနေပြီ ဖြစ်သဖြင့် ပန်းများ ဝေဆာနေသည်။ တောင်တန်းများကြားတွင် ချီသန့်စင်ခြင်းအဆင့် တပည့်များ ရံဖန်ရံခါ ဓားပျံစီးကာ ဖြတ်သန်းသွားလာနေကြပြီး ယခင်ကကဲ့သို့ပင် အလုပ်ရှုပ်နေကြဆဲ ဖြစ်သည်။
"မွန်း…"
နွားနက်ကြီးသည် ချန်ရွှင်ကို ဝှေ့လိုက်၏။
"အသိမပေးဘဲ နေလိုက်ပါတော့ကွာ... ငါတို့ တိတ်တဆိတ် ထွက်သွားကြတာပဲ ကောင်းပါတယ်... ဝမ်းနည်းပူဆွေးစရာတွေ ဖြစ်မနေချင်တော့ဘူး…"
ချန်ရွှင်သည် နွားနက်ကြီး၏ ဆိုလိုရင်းကို နားလည်သည်။ ဂျိခွန် တို့ကို အသိပေး နှုတ်ဆက်သင့် မသင့် မေးမြန်းနေခြင်း ဖြစ်သည်။
"မွန်း…"
နွားနက်ကြီး၏ မျက်လုံးထဲတွင် တွန့်ဆုတ်နေသော အရိပ်အယောင်များ ပေါ်လာသော်လည်း ခေါင်းညိတ်လိုက်သည်။
"နွားကြီး... အခုလို ပေါ့ပါးလွတ်လပ်နေတဲ့ ခံစားချက်ကို ကြိုက်လား…"
ချန်ရွှင် အသက်ပြင်းပြင်း ရှူလိုက်ပြီး ဖြည်းညှင်းစွာ ပြန်လည် မှုတ်ထုတ်လိုက်သည်။
"ရှင်ကွဲ ကွဲရတာက သေကွဲ ကွဲရတာထက် ပိုကောင်းပါတယ်ကွာ…"
နွားနက်ကြီး မျက်လုံးများ ကျဉ်းမြောင်းသွား၏။ ချန်ရွှင်၏ ရုတ်တရက် ပြောဆိုလိုက်သော စကားကြောင့် ခြေလှမ်းများ တုံ့ဆိုင်းသွားပြီး မျက်လုံးထဲတွင် တွန့်ဆုတ်မှုများ မရှိတော့ပေ။ သူတို့သည် ချက်ချင်း ထွက်ခွာမည် မဟုတ်ဘဲ နေရာအနှံ့ ရှုခင်းများကို ကြည့်ရှုပြီးမှ အပြီးအပိုင် ထွက်ခွာကြမည် ဖြစ်သည်။
"နွားကြီး... ဟိုဘက်ကို ကြည့်လိုက်…."
ချန်ရွှင် ရုတ်တရက် စိတ်လှုပ်ရှားစွာဖြင့် တောင်ကြားတစ်ခုကို ညွှန်ပြလိုက်သည်။ ထိုနေရာတွင် ရဲရဲနီနေသော သစ်တောတစ်အုပ် ရှိနေ၏။ နွေဦးရာသီ၏ ကြိုးကြာဖြူတော ဖြစ်ပြီး လူတစ်ယောက်၏ စိတ်နှလုံးထဲအထိ စီးဝင်သွားစေနိုင်လောက်အောင် လှပနေသည်။
"မွန်း…"
"ဓားပေါ်တက်….."
“ရွှီး... ရွှီး...”
လူတစ်ယောက်နှင့် နွားတစ်ကောင်သည် ဓားပျံကို စီးနင်းလျက် တောင်တန်းများကို ဖြတ်ကျော်ကာ အရှိန်ပြင်းပြင်းဖြင့် ဆင်းသက်လိုက်ကြရာ ရွက်နီများ လွင့်ပျံတက်သွား၏။ ချန်ရွှင်နှင့် နွားနက်ကြီး၏ မျက်နှာပေါ်တွင် အံ့သြဝမ်းသာမှုများ ပြည့်နှက်နေသည်။ မြင့်မားဖြောင့်တန်းသော ကြိုးကြာဖြူပင်ကြီး တစ်ပင်သည် ကြိုးကြာဖြူတော အလယ်တွင် ထီးထီးမားမား တည်ရှိနေပြီး လှပတင့်တယ်နေ၏။ နွေဦးလေပြည်နှင့် ကြိုးကြာဖြူရွက်များသည် အပြန်အလှန် ကျီစယ်နေကြသည်။ ကြည်လင်ပြာလဲ့နေသော ကောင်းကင်ကြီးသည် နက်ရှိုင်းကျယ်ပြောလှပြီး နေရောင်ခြည် နုနုလေးများသည် လူရိပ်နှစ်ခုအပေါ်သို့ ကျရောက်နေသည်။
ချန်ရွှင် ခေါင်းမော့လိုက်ပြီး နွားနက်ကြီးကို ဆွဲလျက် ကြိုးကြာဖြူတောထဲတွင် တစ်လှမ်းချင်း လျှောက်လှမ်းနေ၏။ မျက်လုံးထဲတွင် အံ့သြမင်သက်မှုများ ပြည့်နှက်နေသည်။
"နွားကြီး... နေချင်သလိုနေစမ်းကွာ…."
"မွန်း…"
ချန်ရွှင် စကားဆုံးသည်နှင့် နွားနက်ကြီးသည် စိတ်လှုပ်ရှားစွာဖြင့် ပြေးထွက်သွားသည်။ ဟိုနမ်းသည်နမ်း လုပ်နေပြီး ရံဖန်ရံခါ ရပ်တန့်ကာ ကြည့်ရှုနေ၏။ မျက်လုံးထဲတွင်လည်း အံ့သြဝမ်းသာမှုများ ပြည့်နှက်နေသည်။ သူတို့ ဝူယွင်ဂိုဏ်းတွင် ဤမျှ နှစ်ပေါင်းများစွာ နေထိုင်ခဲ့သော်လည်း ဤကဲ့သို့သော နေရာကောင်း တစ်ခုကို မတွေ့ရှိခဲ့ရပေ။ ထွက်ခွာခါနီးမှ တွေ့ရှိရခြင်း ဖြစ်သည်။
ချန်ရွှင်သည် ကြိုးကြာဖြူပင်ကြီးအောက်တွင် မှီထိုင်လိုက်ပြီး လက်နှစ်ဖက်ကို ခေါင်းအောက်တွင် ခုထားကာ နှုတ်ခမ်းထောင့်စွန်းတွင် ပေါ့ပါးသော အပြုံးတစ်ခု ပေါ်လာ၏။ သူသည် ဤနှစ်များအတွင်း အမှန်တကယ် ပင်ပန်းနွမ်းနယ်ခဲ့ရသည်။ ဝူယွင်ဂိုဏ်းကို ကျေးဇူးတင်သော်လည်း ဖြတ်သန်းခဲ့ရသော အတွေ့အကြုံများအရ သူသည် ဂိုဏ်းတွင် နေထိုင်ရသည်ကို သိပ်ပြီး မနှစ်သက်ကြောင်း တွေ့ရှိလာရသည်။ ယခုအခါ သူနှင့် နွားနက်ကြီးတို့သည် ကျင့်ကြံခြင်းလောကသို့ စတင်ရောက်ရှိခါစ လူသစ်များ မဟုတ်ကြတော့ဘဲ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်း ရှိနေကြပြီ ဖြစ်သည်။ မိစ္ဆာကောင်များ၏ လိုက်လံသတ်ဖြတ်ခြင်းကို ခံရတော့မည် မဟုတ်ပေ။
ချင်နိုင်ငံ၏ မြေပုံတစ်ခု လေထဲတွင် ဖြည်းညှင်းစွာ ပြန့်ကားလာသည်။
"ဟဲ… ဟဲ... ကောင်းလိုက်တာကွာ..."
ချန်ရွှင် တိုးတိုးလေး ရယ်မောလိုက်ပြီး မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်လိုက်သည်။ မြေပုံကိုလည်း သိုလှောင်အိတ်ထဲသို့ ပြန်လည် သိမ်းဆည်းလိုက်၏။ နေရောင်ခြည်သည် တိမ်တိုက်များကို ဖောက်ထွင်းပြီး ကြိုးကြာဖြူတောထဲသို့ အလင်းတန်းများအဖြစ် ကျဆင်းလာသည်။ အလင်းရောင်များပင် ပုံသဏ္ဌာန် ရှိနေသကဲ့သို့ ဖြစ်နေပြီး အချိန်ကာလများနှင့် နေ့ရက်များကို နွေးထွေးစေသည်။ နွားနက်ကြီးသည် ချန်ရွှင်၏ ဘေးပတ်ဝန်းကျင်တွင် ပြေးလွှားနေဆဲ ဖြစ်၏။ ခဏအကြာ၌ ချန်ရွှင် အိပ်ပျော်သွားသည်ကို မြင်လိုက်ရသဖြင့် သူသည် သွားရောက် မနှောင့်ယှက်တော့ပေ။
ဤ ကျယ်ပြောလှသော ကျင့်ကြံခြင်းလောကကြီးတွင် လူအများအပြား၏ ကျောတွင် အရိုးတောင်ပုံရာပုံ ရှိနေတတ်ကြသည်။ သူတို့သည် ခက်ခဲကြမ်းတမ်းစွာ ရှေ့ဆက်လျှောက်လှမ်းနေကြရပြီး ရပ်တန့်အနားယူခြင်း မရှိကြပေ။ ဤ လူတစ်ယောက်နှင့် နွားတစ်ကောင်သာလျှင် ကျင့်ကြံခြင်းလောက၏ အခြားတစ်ဖက်ခြမ်းကို ခံစားနေကြခြင်း ဖြစ်ပေလိမ့်မည်။ တစ်ရက် ကုန်ဆုံးသွားသည်။ ချန်ရွှင် အိပ်မောကျနေဆဲ ဖြစ်၏။ နွားနက်ကြီးလည်း ဆော့ကစားရသည်မှာ မောပန်းသွားသဖြင့် ဘေးနားတွင် ဝင်ရောက် မှီအိပ်လိုက်သည်။
ဒုတိယနေ့တွင် ချန်ရွှင် အိပ်ပျော်နေဆဲ ဖြစ်သည်။ နွားနက်ကြီး သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ကောက်ရိုးဦးထုပ်ကို ယူကာ မျက်နှာပေါ် ဖွဖွလေး အုပ်ပေးလိုက်၏။ နေရောင်ခြည်က အနည်းငယ် စူးရှနေသောကြောင့် ဖြစ်သည်။ ကြိုးကြာဖြူတောထဲသို့ အမျိုးသား၊ အမျိုးသမီး တပည့်အချို့ ရောက်ရှိလာတတ်သည်။ ဤနေရာသည် သူတို့၏ ချိန်းတွေ့ရာ နေရာဖြစ်ပုံရ၏။ သူတို့သည် ဂိုဏ်းတူဦးလေးနှင့် သူ့ဝိညာဉ်သားရဲကို တွေ့လိုက်ရသောအခါ လန့်ဖျပ်သွားပြီး ထွက်ပြေးကုန်ကြသည်။ လုံးဝ မနှောင့်ယှက်ရဲကြပေ။ ချိန်းတွေ့တာ နောက်မှ တွေ့လည်း ရသည်။
တတိယနေ့တွင် နွားနက်ကြီးလည်း လုံးဝ စိတ်လျှော့ချလိုက်ပြီး ဟောက်သံတဝေါဝေါဖြင့် အိပ်ပျော်သွားကာ ဗိုက်ဖြူဖြူကြီးပင် ပေါ်နေသည်။ ဤနှစ်ပေါင်းများစွာ အတွင်း သူတို့သည် ဤမျှ စိတ်လက်ပေါ့ပါးစွာ တစ်ခါမျှ မနေခဲ့ဖူးပေ။ ရင်ထဲရှိ အနက်ရှိုင်းဆုံးသော ပင်ပန်းနွမ်းနယ်မှုများကို နောက်ဆုံးတွင် လွှတ်ချလိုက်နိုင်ပြီ ဖြစ်၏။ လိမ္မော်ရောင် အလင်းတန်းများသည် သူတို့၏ ခေါင်းပေါ်သို့ ကျရောက်နေသည်။ ရံဖန်ရံခါ ငှက်ကလေးများက သူတို့၏ ပခုံးနှင့် ခေါင်းပေါ်တွင် လာနားကြသည်။ သစ်ပင်တို့ ငြိမ်သက်ချင်သော်လည်း လေပြေက မငြိမ်သက်နိုင်ဘဲ တိုက်ခတ်နေ၏။ လေပြေအဝှေ့တွင် ကြိုးကြာဖြူရွက်များ တဖွဲဖွဲ ကြွေကျလာပြီး ချန်ရွှင်၏ မျက်နှာပေါ်သို့ ဖုံးလွှမ်းသွားသည်။ သူသည် ငြိမ်သက်စွာဖြင့် သဘာဝတရားနှင့် တစ်သားတည်း ဖြစ်နေသကဲ့သို့ ရှိနေသည်။
နွေဦးလေပြည်နှင့်အတူ မိတ်ဆွေဟောင်း တစ်ဦး ရောက်ရှိလာခဲ့၏။ အမျိုးသမီးတစ်ဦးသည် အဝေးမှ ရပ်ကြည့်နေသည်။ သူမသည် ဝေးကွာသော နေရာရှိ ရှေးဟောင်း ကြိုးကြာဖြူပင်အောက်တွင် မှီအိပ်နေသော အမျိုးသားကို အံ့သြတကြီး ကြည့်ရှုနေပြီး နှုတ်ခမ်းပါးလေး အနည်းငယ် ဟသွားသည်။ "ရောနှောပုံဖျက်ခြင်း"။ သူမ၏ ခေါင်းထဲတွင် အဘယ့်ကြောင့် ဤစာသား ပေါ်လာသည်ကို သူမ မသိပေ။ သူမ၏ ရင်ထဲတွင် တုန်လှုပ်သွားသည်။
"ဂျူနီယာမောင်လေး ချန်ရွှင်... နင်က တကယ်ပဲ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ ဟုတ်ရဲ့လား..."
ထို အမျိုးသမီးမှာ လျိုယွမ် ပင် ဖြစ်သည်။ သူမသည် ချန်ရွှင်အကြောင်း သိပ်မသိသော်လည်း ကျင့်ကြံသူ အများအပြားကို တွေ့ဖူးသည်။ ချန်ရွှင်သည် အလွန်ပင် ထူးခြားသော လူတစ်ယောက် ဖြစ်၏။ ခဏကြာသောအခါ လျိုယွမ် သက်ပြင်းချကာ ပြုံးလိုက်သည်။ ဤသည်မှာ သူမ၏ စိတ်ထဲမှ ဆုတောင်းမှု တစ်ခုသာ ဖြစ်ကြောင်း နားလည်လိုက်သည်။ အချိန်ကာလ အရ တွက်ကြည့်လျှင် ဂျူနီယာ မောင်လေး ချန်ရွှင်၏ သက်တမ်းမှာလည်း သိပ်မကျန်တော့ပေ။ ရှီကျင်း ၏ ကိစ္စပြီးနောက် သူမသည် ဘေးနားရှိ လူများကို ပိုမို တန်ဖိုးထားတတ်လာသည်။ ဤ ကြိုးကြာဖြူတောသို့ သူမနှင့် ရှီကျင်း မကြာခဏ လာခဲ့ဖူးသည်။ သို့သော် ယခုအခါ ရှီကျင်း လာတော့မည် မဟုတ်ပေ။ သူသည် နေ့စဉ် တိတ်ဆိတ်စွာဖြင့် ငေးငိုင်နေတတ်သည်။
အဝေးရှိ ကြိုးကြာဖြူပင်အောက်မှ အမျိုးသားသည် မျက်လုံးဖွင့်လိုက်၏။ အိပ်ချင်မူးတူး မျက်လုံးများဖြင့် အမျိုးသမီးကို ကြည့်လိုက်သည်။
"စီနီယာအစ်မလျို…"
"မွန်း.. မွန်း…"
နွားနက်ကြီး ဖြည်းညှင်းစွာ မျက်လုံးဖွင့်လိုက်သည်။ ဘေးဘီဝဲယာကို ကြောင်တောင်တောင် ကြည့်လိုက်ပြီး ရုတ်တရက် လျိုယွမ်ကို တွေ့လိုက်ရသဖြင့် မျက်လုံးထဲတွင် စိုးရိမ်မှု အနည်းငယ် ပေါ်လာ၏။
"ဂျူနီယာမောင်လေးချန်… နွားနက်ကြီး…"
လျိုယွမ် ဖျော့တော့စွာ ပြုံးလိုက်သည်။ သူမ၏ အသံမှာ ကြည်လင်ပြတ်သားနေ၏။ သူမသည် အဖြူရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး ယခုအခါ ပိုမို ရင့်ကျက်တည်ငြိမ်လာပြီ ဖြစ်သည်။ စစ်ပွဲတွင် အနိုင်ရရှိခဲ့သဖြင့် သူမသည် ကျင့်ကြံခြင်း ရင်းမြစ်များစွာ ရရှိခဲ့ပြီး အခြေခံတည်ဆောက်ခြင်း နောက်ဆုံးအဆင့် ကျင့်ကြံသူ ဖြစ်နေပြီ ဖြစ်သည်။ ဂိုဏ်း၏ အလေးထားခြင်းကို ခံနေရသည်။ ရှီကျင်း ကိုမူ လုံးဝ စွန့်ပစ်လိုက်ပြီ ဖြစ်၏။ သူတို့ ဆရာသခင်၏ လက်ရင်းတပည့် (၁၀) ယောက်တွင်လည်း အချို့ သေဆုံးသွားခဲ့ကြသည်။ သူမသည် နွားနက်ကြီး၏ မျက်နှာ တမျိုးတမည် ဖြစ်နေသည်ကို မြင်တွေ့လိုက်ရသဖြင့် တစ်စုံတစ်ခုကို စဉ်းစားမိသွားသော်လည်း ထုတ်ဖော် မပြောဆိုခဲ့ပေ။
ချန်ရွှင်သည် မျက်နှာပေါ်မှ ကြိုးကြာဖြူရွက်များကို ဖြည်းညှင်းစွာ ဖယ်ရှားလိုက်ပြီး ပြုံးလျက် ပြောလိုက်သည်။
"စီနီယာအစ်မလျိုကို ဒီနေရာမှာ တွေ့ရလိမ့်မယ်လို့ မထင်ထားဘူး…."
"ဂျူနီယာမောင်လေးချန်... ရှေ့လျှောက် ဘာအစီအစဉ် ရှိလဲ…"
လျိုယွမ်သည် ပေါ့ပါးသော ခြေလှမ်းများဖြင့် လျှောက်လာ၏။ သင်းပျံ့သော ရနံ့လေးများ ပျံ့လွင့်လာသည်။
"ဝူနိုင်ငံ ဘက်မှာ ဂိုဏ်းက အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတွေ လိုအပ်နေတယ် အခွင့်အရေးလည်း ပိုများလိမ့်မယ်…."
"ဟဲ… ဟဲ... စီနီယာအစ်မလျို စေတနာထားတာ ကျေးဇူးတင်ပါတယ်…"
ချန်ရွှင် ခေါင်းခါလိုက်သည်။ အလင်းရောင်များ ဖြတ်သန်းကျရောက်နေသော သိပ်သည်းသည့် ကြိုးကြာဖြူရွက်များကို ကြည့်လိုက်၏။
"ကျွန်တော်က တခြား ဘာမှ မမျှော်လင့်တော့ပါဘူး လေညှင်းခံရင်း ငေးနေရရင်ပဲ ကျေနပ်ပါပြီ…"
ကြိုးကြာဖြူရွက်များ တဖွဲဖွဲ ကြွေကျလာသည်။ ဤအခိုက်အတန့်တွင် ကမ္ဘာလောကကြီး ရပ်တန့်သွားသကဲ့သို့ ဖြစ်နေပြီး လေပြည်များပင် ရပ်တန့်သွားကြ၏။ လျိုယွမ်၏ အပြုံးသည် ပိုမို ပီပြင်လာသည်။ သူမ ခေါင်းညိတ်လိုက်ပြီးနောက် လှည့်ထွက်သွားသည်။ ဂျူနီယာမောင်လေးချန် သဘောပေါက် နားလည်သွားရင် ပြီးတာပင် ဖြစ်သည်။
အခန်း (၉၆)
"နွားကြီး…"
"မွန်း"
"ငါတို့ ကိစ္စကြီး တစ်ခု မေ့နေကြတယ် မဟုတ်လား…"
"မွန်း မွန်း…"
"လင်ယုန်စိမ်းတွေနဲ့ ငါတို့ ဘောင်ချာစုတ်ရဦးမယ် ဒီကောင်တွေရဲ ဥကို ခိုးမယ်... ပြီးရင် ခရီးဆက်မယ်…"
"မွန်း..."
နွားနက်ကြီး ရုတ်တရက် စိတ်လှုပ်ရှားသွားပြီး မြေပြင်ပေါ်မှ ကြိုးကြာဖြူရွက်များ လွင့်ပျံသွားသည်အထိ ခုန်ပေါက်လိုက်သည်။ လူတစ်ယောက်နှင့် နွားတစ်ကောင် “ဝုန်း”ခနဲ မတ်တပ်ထရပ်လိုက်ကြ၏။ အေးစက်သော အပြုံးများ ပြုံးလိုက်ကြပြီး တစ်နေရာတည်းကို တပြိုင်နက် ကြည့်လိုက်ကြသည်။ အရင် ကင်းထောက်မယ် ပြီးမှ လှုပ်ရှားမယ်၊ ဒါ လုပ်ငန်းခွင် စည်းကမ်းဖြစ်၍ ဖောက် ဖျက်လို့ မရပေ။
...
နှစ်လ ကြာပြီးနောက် ချောက်ကမ်းပါး တစ်ခု အပေါ်တွင် မည်းမည်းအရိပ် နှစ်ခုသည် စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြသည်။ သူတို့သည် ဥကြီးတစ်လုံးကို ပိုက်လျက် အသည်းအသန် ထွက်ပြေးနေကြ၏။ ကောင်းကင်တွင် လင်ယုန်စိမ်း နှစ်ကောင်သည် ဒေါသတကြီး ဖြစ်နေကြပြီး စူးရှစွာအော်ဟစ်နေကြသည်။ ဝိညာဉ်သားရဲဌာန အတွင်းရှိ အကြီးအကဲများ ပြာပြာသလဲ ဖြစ်ကုန်ကြ၏။ လင်ယုန်စိမ်း တွေ ဘာဖြစ်ကုန်တာလဲ…. လူလွှတ်ပြီး အလျင်အမြန် သွားကြည့်ခိုင်းလိုက်ကြသည်။
တောင်ပေါ်ဂူ တစ်ခု အတွင်း၌ ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် အားရပါးရ ရယ်မောနေကြသည်။
"နွားကြီး... တွေ့လား ငါ အစကတည်းက ပြောသားပဲ သူက မင်းလောက် အသက်ရှည်ပါ့မလားလို့…"
ချန်ရွှင် ရယ်မောလိုက်ပြီး မြေကြီးပေါ်က ဥအဖြူရောင်ကြီးကို ကြည့်လိုက်၏။
"အဲဒီအကောင်ပဲ ငါ အနံ့ရတာနဲ့ သိတယ်…"
"မွန်း မွန်း..."
နွားနက်ကြီးသည် ချန်ရွှင်ကို ပုတ်လိုက်သည်။ မျက်နှာတွင် ကျေနပ်အားရမှုများ ပေါ်နေ၏။ ငါ့အစ်ကိုကြီးက တကယ် ဟုတ်တာပဲ။
"ပြေးမယ် ပြေးမယ် ငါတို့ ပစ္စည်းတွေ အကုန် ယူခဲ့ပြီမလား…"
"မွန်း…"
နွားနက်ကြီး လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။ သူ အကြိမ်ကြိမ် စစ်ဆေးပြီးပြီ ဖြစ်သည်။ တစ်ခုမှ မကျန်ခဲ့ပေ။ ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် သူခိုးဓားပြများကဲ့သို့ ဘေးဘီဝဲယာကို ကျီးကန်းတောင်းမှောက် ကြည့်ရှုလိုက်ကြ၏။ ထို့နောက် တောင်တန်းများကြားတွင် တဖြည်းဖြည်း ပျောက်ကွယ်သွားကြသည်။
သုံးရက် ကြာပြီးနောက် ထိုဥကြီးသည် ဆန်းကြယ်စွာဖြင့် ပြန်ရောက်လာခဲ့သည်။ လင်ယုန်စိမ်း မှာမူ ဒေါသထွက်လွန်းသဖြင့် တစ်ကိုယ်လုံး တုန်ရီနေ၏။ ဒါက သူတို့ကို ပြောင်ပြောင်တင်းတင်း စော်ကားလိုက်ခြင်း ဖြစ်သည်။ ဝိညာဉ်သားရဲဌာနမှ အကြီးအကဲများလည်း စဉ်းစား၍ မရအောင် ဖြစ်နေကြသည်။ လူလည်း မတွေ့ရပါလား...။ သို့သော် ဤကိစ္စသည် ကိစ္စအသေးအဖွဲလေး တစ်ခုသာ ဖြစ်ပြီး ဝိညာဉ်သားရဲဌာနမှ တပည့်များကြားတွင် ရယ်စရာ တစ်ခု ဖြစ်သွားသည်။ သရဲခြောက်တာများလား။
တောင်အောက် ဆင်းရာ လမ်းတွင် နွားနက်ကြီး၏ ဘေးပတ်ဝန်းကျင်၌ ဒယ်အိုး၊ ပန်းကန်ခွက်ယောက်များ ပြန်လည် ချိတ်ဆွဲထားသည်။ ဒါတွေက သူတို့၏ မိတ်ဆွေဟောင်းများ ဖြစ်ကြ၏။ သိုလှောင်အိတ် အနည်းငယ် ပိုပါလာပြီး ခေါင်းပေါ်တွင် ကျန်းမာရေး လက်ဖက်ရည်ထည့်ထားသော သစ်သားပုံးလေး တစ်ခု ချိတ်ဆွဲထားသည်။ သူက ဘေးနားတွင် ချိတ်ဆွဲထားရတာကို ပိုသဘောကျသည်။ ဂလောင် ဂလောင် မြည်သံလေး ကြားရမှ စိတ်ချမ်းသာသည်။ ချန်ရွှင်လည်း ထိုနည်း၎င်းပင်။ သူသည် အင်္ကျီ တစ်ထည်ကို လဲဝတ်ထား၏။ ဂိုဏ်းချုပ် ခန်းမဆောင်သို့ သွားရောက်ပြီး ဝတ်ရုံနှင့် ဂိုဏ်းအမှတ်တံဆိပ်ပြားကို ပြန်လည် အပ်နှံခဲ့သည်။ ကိုယ်ပေါ်တွင် တောင်ဖြိုပုဆိန် သုံးလက်ကို ချိတ်ဆွဲထားဆဲ ဖြစ်သည်။
သူတို့သည် ကောက်ရိုးဦးထုပ် ဆောင်းထားပြီး တောင်ပေါ်ရွာသား အဘိုးအိုများကဲ့သို့ တောင်အောက်သို့ တစ်လှမ်းချင်း လျှောက်လှမ်းသွားကြသည်။ ကောင်းကင်ပေါ်တွင် ပျံသန်းသွားလာနေသော တပည့်များသည် ယခင်ကကဲ့သို့ပင် တက်ကြွလန်းဆန်းနေကြ၏။ ကမ္ဘာတစ်ခု ခြားနားသွားသကဲ့သို့ ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် ပတ်ဝန်းကျင်မှ အရာအားလုံးကို ပေါ့ပါးစွာ ကြည့်ရှုနေကြသည်။ သူတို့ ဂိုဏ်းတံခါးဝသို့ ရောက်ရှိလာကြသည်။ ထိုနေရာတွင် ဧရာမ ကျောက်တုံးကြီး တစ်တုံး ရှိ၏။ ကျောက်တုံးကြီးသည် သစ်ပင်တစ်ပင်ထက်ပင် မြင့်မားပြီး မတ်မတ်တည်ရှိနေသည်။ အပေါ်တွင် မည်သည့်အရာနှင့် ရေးထွင်းထားသည် မသိရသော စာလုံးကြီးများ ရှိသည်။ နှစ်ကာလများ၏ သင်္ကေတကဲ့သို့ ဖြစ်နေပြီး ကြီးကျယ်ခမ်းနားသော အရှိန်အဝါများ ရှိနေသည်
ဝူယွင်ဂိုဏ်း….
ချန်ရွှင် လက်သီးဆုပ်ကာ လေးလေးနက်နက် ဦးညွှတ်လိုက်သည်။ နွားနက်ကြီး ခေါင်းငုံ့လိုက်၏။ မျက်လုံးထဲတွင် လေးနက်မှုများ ရှိနေသည်။ ထပ်မံ ထွက်ခွာရပြန်တော့မည်။ ထာဝရအသက်ရှင်ခြင်း လမ်းစဉ်သည် အမြဲတမ်း လှည့်လည်သွားလာနေရသော်လည်း မသိနားမလည်နိုင်မှုများနှင့် စိတ်လှုပ်ရှားဖွယ်ရာများ ပြည့်နှက်နေသည်။ ယနေ့ နေရောင်ခြည်သည် မီးကဲ့သို့ ပူပြင်းနေ၏။ ခရီးထွက်ရန် ကောင်းသော နေ့တစ်နေ့ ဖြစ်သည်။ ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် ကျောက်တုံးကြီး နောက်ဘက်ရှိ တောင်ပေါ်လမ်းကို လှမ်းကြည့်လိုက်ကြသည်။
"သွားစို့ နွားကြီး... အဲဒီတုန်းက ငါ ကိုယ်တိုင်က သူတို့ကို အသိမှမပေးခဲ့တာပဲ... သူတို့ မလာတာ ပုံမှန်ပါပဲကွာ…."
ချန်ရွှင်၏ မျက်နှာပေါ်တွင် ရှက်ရွံ့သော အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားပြီး နွားနက်ကြီးကို ဆွဲလျက် တောင်တန်းအပြင်ဘက်သို့ ဖြည်းညှင်းစွာ လျှောက်သွားလိုက်သည်။ အစီအရင် အပြင်ဘက်သို့ ရောက်သည်နှင့် သူတို့သည် ဝူယွင်ဂိုဏ်းနှင့် မသက်ဆိုင်တော့ပေ။
"မွန်း…"
နွားနက်ကြီး ခေါင်းညိတ်လိုက်သည်။
အစီအရင် အပြင်ဘက်တွင် ကောင်းကင်ကြီးသည် ကျယ်ပြောလှပြီး အရပ်လေးမျက်နှာတွင် လမ်းမကြီးများ ရှိနေ၏။ သို့သော် ချန်ရွှင်နှင့် နွားနက်ကြီးတို့ လန့်ဖျန့်သွားကြပြီး ရုတ်တရက် ခြေလှမ်းများ ရပ်တန့်လိုက်ကြသည်။ သူတို့ ရှေ့တွင် လူသုံးယောက် ရပ်နေသည်။ ဤနေရာ၌ စောင့်ဆိုင်းနေသည်မှာ ကြာပြီဟု ထင်ရသည်။
"ဂျူနီယာညီလေး ချန်၊ နွားနက်ကြီး…"
"ဂျူနီယာမောင်လေး ချန်၊ နွားနက်ကြီး…"
"ဂျူနီယာညီလေး ချန်၊ ညီလေး နွား…"
ထိုလူသုံးဦးမှာ ရှီကျင်း၊ လျိုယွမ် နှင့် ဂျိခွန် တို့ ဖြစ်ကြသည်။ သူတို့၏ နှုတ်ခမ်းထောင့်စွန်းများတွင် အပြုံးများ ရှိနေကြ၏။ ချန်ရွှင်၏ ဤရက်ပိုင်း လှုပ်ရှားမှုများကို ကြည့်ခြင်းအားဖြင့် သူ ထွက်ခွာတော့မည် ဆိုတာကို မည်သူကမသိဘဲနေမည်နည်း။
"ဟား… ဟား... ကြည့်စမ်းပါဦး…."
ချန်ရွှင် တဟားဟား ရယ်မောလိုက်ပြီး နွားနက်ကြီးကို ကြည့်လိုက်သည်။
"နွားကြီး... မင်း ပြောလိုက်တာမလား…"
"မွန်း... မွန်း မွန်း မွန်း..."
နွားနက်ကြီး လန့်သွားသည်။ ဒေါသထွက်လွန်းသဖြင့် ချန်ရွှင်၏ အဝတ်အစားများကို ကိုက်ဆွဲနေ၏။ သူ ဘယ်တုန်းက ပြောလိုက်လို့လဲ
"ဂျူနီယာညီလေး ချန်၊ နွားနက်ကြီး... မင်းတို့ ဘယ်သွားကြမလို့လဲ…"
ရှီကျင်း စကားစလိုက်သည်။ မျက်လုံးထဲတွင် ဝမ်းနည်းရိပ်များ ရှိနေသေးသော်လည်း အများကြီး သက်သာလာပုံ ရ၏။
"ကျွန်တော့်မှာ နေရာအနှံ့ အဆက်အသွယ်တွေ ရှိပါတယ်….စီနီယာအစ်ကို ရှီ... အားနာစရာကြီးဗျာ... ကျွန်တော် ရွာပြန်ပြီး မိန်းမယူတော့မလို့... လယ်စိုက်ပြီး နေတော့မယ်…"
ချန်ရွှင် လက်သီးဆုပ်ကာ ပြောလိုက်သည်။ မျက်လုံးထဲတွင် ရိုးသားမှုများ ပြည့်နှက်နေ၏။
"စီနီယာအစ်ကို ရှီ... စိတ်ဓာတ်မကျပါနဲ့... အနည်းဆုံးတော့ စီနီယာအစ်မ လျို ရှိနေသေးတာပဲ... ကျွန်တော်နဲ့ နွားကြီးထက်စာရင် အများကြီး သာပါတယ်…"
ရှီကျင်း၏ မျက်ဝန်းများတွင် ဆွေးမြေ့မှုများ ပြည့်နှက်နေသည်။ မသိမသာ လျိုယွမ်ကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်၏။
"ဂျူနီယာမောင်လေးချန်၊ နွားနက်ကြီး... ဒီခရီးမှာ ဂရုစိုက်ကြနော်…"
လျိုယွမ်၏ မျက်နှာပေါ်တွင် အလှပဆုံး အပြုံးတစ်ခု ပေါ်လာပြီး ချန်ရွှင်ကို ကြည့်ကာ ပြုံးလိုက်သည်။
"တကယ်လို့ အခွင့်အရေး ရှိရင်... ပြန်လာလည်ပါဦး…"
"ဂရုစိုက်ပါ…"
"မွန်း…."
ချန်ရွှင်နှင့် နွားနက်ကြီးတို့ လျိုယွမ်ကို ကြည့်လိုက်ကြသည်။ ထိုစဉ်က ဂျူနီယာညီမလေးသည် ယခုအခါ မိမိ ခြေထောက်ပေါ်မိမိ ရပ်တည်နိုင်နေပြီ ဖြစ်သည်။ ဂျိခွန် သည် ယခုအခါ ဆံပင်များ ဖြူဖွေးနေပြီ ဖြစ်သည်။ ထိုစဉ်က ချီသန့်စင်ခြင်းအဆင့် တုန်းကထက်ပင် ပိုမို အိုစာနေသည်။ သို့သော် သူ၏ မျက်လုံးထဲတွင် ရံဖန်ရံခါ “လက်”ခနဲ ဖြစ်သွားသော အလင်းရောင်များသည် သာမန်လူ တစ်ယောက် မဟုတ်ကြောင်း ပြသနေ၏။ ချန်ရွှင်သည် ဂျိခွန်ကို စောစောကတည်းက သတိထားမိသည်။ ဘာကြောင့် ရုတ်တရက် ဆံပင်တွေ ဖြူသွားရတာလဲ။
"ဂျူနီယာညီလေး ချန်၊ ညီလေး နွား…"
ဂျိခွန်သည် ကြာမြင့်စွာ ပျောက်ဆုံးနေသော အပြုံးတစ်ခုကို ပြုံးလိုက်သည်။ အသံများ တုန်ရီနေပြီး နွေးထွေးမှုများ ပါဝင်နေ၏။
"စီနီယာ... အစ်ကိုကြီး ဂျိ…"
"မွန်း..."
ချန်ရွှင် ဖြည်းညှင်းစွာ လက်သီးဆုပ်လိုက်သည်။ မျက်လုံးထဲတွင် စိုးရိမ်ပူပန်မှုများ အပြည့်ဖြစ်နေသည်။ သူ့ကျန်းမာရေး သေချာပေါက် ပြဿနာ ရှိနေပြီ။ နွားနက်ကြီးသည် ဂျိခွန်၏ ရှေ့သို့ ဖြည်းညှင်းစွာ လျှောက်သွားပြီး သူ့ကို ညင်သာစွာ ပွတ်သီးပွတ်သပ် လုပ်လိုက်၏။ ဤဂိုဏ်းထဲတွင် ဂျိခွန် တစ်ယောက်တည်းသာ သူ့ကို ညီလေးဟု ခေါ်ဆိုခဲ့သည်။ ချန်ရွှင် ဘာကြောင့် ဂျိခွန်ကို ဤမျှ ကူညီခဲ့သည် ဆိုတာ သူ ထုတ်မပြောသော်လည်း နွားနက်ကြီး စိတ်ထဲတွင် သိနေသည်။ ညီလေး နွား ဟု ခေါ်ခဲ့သော စကားတစ်ခွန်းတည်းကြောင့်ပင် ဖြစ်သည်။
"ညီလေး နွား…"
ဂျိခွန် ပြုံးလိုက်ပြီး နွားနက်ကြီး၏ ခေါင်းကို ပွတ်သပ်ပေးလိုက်သည်။ သူတို့သည် သူနှင့် အတူတူပင် ကြယ်ကိုးလုံးတောင်ကြားမှ ရောက်လာသော ညီအစ်ကိုများ ဖြစ်ကြသည်။ သူသည် ချန်ရွှင်၏ ရှေ့သို့ ဖြည်းညှင်းစွာ လျှောက်သွားပြီး သိုလှောင်အိတ်ထဲမှ ရှေးဟောင်းစာအုပ် တစ်အုပ်ကို ထုတ်ယူလိုက်၏။
"ဂျူနီယာညီလေး ချန်... ဒါကို မင်းကို ပေးလိုက်မယ်…"
ဤပစ္စည်းသည် ဂျိမိသားစု၏ တစ်ခုတည်းသော ပစ္စည်းဖြစ်ပြီး ရှေးဟောင်း အမွေအနှစ် ဖြစ်သည်။ ဂျိမိသားစု သွေးသားမှသာ ဖွင့်နိုင်သည်။ သူသည် သွေးစွမ်းအင်ကို ပြောင်းပြန်လှည့်ပြီး အတင်းအကျပ် ဖွင့်လှစ်ကာ ချန်ရွှင်အား ပေးအပ်ခြင်း ဖြစ်၏။ အနည်းငယ်စုတ်နေပြီဖြစ် သော်လည်း သူ့တွင် ရှိသော တစ်ခုတည်းသော ရတနာ ဖြစ်သည်။ ဆံပင်ဖြူသွားခြင်းသည်လည်း ထိုအကြောင်းကြောင့်ပင် ဖြစ်သည်။ သူ ချန်ရွှင်ကို ဘာမှ မပေးနိုင်သဖြင့် သူ့တွင် ရှိသော နောက်ဆုံး မျှော်လင့်ချက်ကို ပေးအပ်လိုက်ခြင်း ဖြစ်သည်။
"စီနီယာအစ်ကို ဂျိ... ပြန်သိမ်းလိုက်ပါ…"
ချန်ရွှင် မျက်မှောင်ကြုတ်လိုက်ပြီး အသံကို မြှင့်လိုက်သည်။
"ကျွန်တော် ခင်ဗျားကို ကူညီတာ ခင်ဗျားဆီက တစ်ခုခု ပြန်လိုချင်လို့ မဟုတ်ဘူး ခင်ဗျားက ကျွန်တော် ချန်ရွှင်ရဲ့ သူငယ်ချင်း ဖြစ်လို့ပါ…"
"မွန်း မွန်း…"
နွားနက်ကြီးလည်း ဘေးနားတွင် ခေါင်းညိတ်လိုက်သည်။ သူတို့ ဒါတွေကို တစ်ခါမှ မစဉ်းစားခဲ့ဖူးပေ။
"သူငယ်ချင်းတွေ ကြားမှာ ဘယ်သူက ဘယ်သူ့ကို ကျေးဇူးတင်စရာ မလိုပါဘူး မဟုတ်ရင် သူငယ်ချင်း ဖြစ်နေပါဦးမလား…"
ဂျိခွန်၏ အသံမှာ လေးနက်နေပြီး မျက်နှာတွင် အပြုံးများ ရှိနေသည်။ လက်တစ်ဖက်ဖြင့် ချန်ရွှင်၏ ပခုံးကို ပုတ်လိုက်၏။
"ဟုတ်တယ်မလား…."
ချန်ရွှင် အသက်ပြင်းပြင်း ရှူလိုက်ကာ ဂျိခွန်နှင့် မျက်လုံးချင်း ဆုံကြည့်လိုက်သည်။ ထိုစဉ်က တောင်ခြေတွင် နှစ်ယောက်သား တွေ့ဆုံခဲ့သကဲ့သို့ပင် ဖြစ်၏။ သူ ခေါင်းကို လေးလေးနက်နက် ညိတ်လိုက်သည်။ ဂျိခွန် သည် အပြုံးဖြင့် စာအုပ်ကို ချန်ရွှင်လက်ထဲ ထည့်ပေးလိုက်၏။ ရင်ထဲတွင် မည်သည့် နောင်တမှ မရှိတော့ပေ။
ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် ခြေတစ်လှမ်းလှမ်းလိုက် နောက်ပြန်လှည့်ကြည့်လိုက်နှင့် ကျယ်ပြောသော လမ်းမကြီးပေါ်တွင် ဖြည်းညှင်းစွာ လျှောက်လှမ်းသွားကြသည်။ လူသုံးယောက်လုံး သူတို့ကို ပြုံးပြီး ကြည့်နေကြ၏။ ကျင့်ကြံခြင်း လမ်းခရီးတွင် ချန်ရွှင်နှင့် နွားနက်ကြီးကဲ့သို့သော မိတ်ဆွေမျိုး ရရှိခဲ့ခြင်းသည် ကံကောင်းမှု တစ်ခုပင် ဖြစ်သည်။
ချန်ရွှင်နှင့် နွားနက်ကြီးတို့ တဖြည်းဖြည်း ဝေးကွာသွားကြသည်။ ရုတ်တရက် သူ ခြေလှမ်းကိုရပ်လိုက်ပြီး နောက်လှည့်ကာ အော်ဟစ်လိုက်၏။
"စီနီယာအစ်ကို ဂျိ၊ စီနီယာအစ်ကို ရှီ၊ စီနီယာအစ်မ လျို... နောက်နောင် လမ်းမှာ တွေ့ရင် နှုတ်ဆက်ဖို့ မမေ့နဲ့နော်... ကျွန်တော်နဲ့ နွားကြီးကို စကားလာပြောကြဦး…"
"မွန်း..."
"ဒါပေါ့…"
"သေချာတာပေါ့…"
"စကားမများနဲ့... မြန်မြန် သွား…."
သူတို့သုံးဦး ရုတ်တရက် အော်ဟစ်လိုက်ကြသည်။ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများ၏ ဟိတ်ဟန် လုံးဝမရှိတော့ဘဲ သူငယ်ချင်း တစ်ယောက် ခရီးသွားခြင်းကို ဆုတောင်းပေးသော အကြည့်များသာ ရှိတော့သည်။
ချန်ရွှင် အဝေးမှနေ၍ လက်သီးဆုပ်ကာ တဟားဟား ရယ်မောလိုက်သည်။
"နွားကြီး... သွားမယ်…"
"မွန်း... မွန်း…"
နွားနက်ကြီးလည်း သူတို့သုံးဦးကို အော်ဟစ်လိုက်ပြီး ချန်ရွှင်ကို ကြည့်လိုက်၏။ ဘယ်လမ်း သွားမလဲ။ အရပ်လေးမျက်နှာတွင် ကျယ်ပြောသော လမ်းမကြီးများနှင့် လွင်ပြင်ကြီးများ ရှိနေသည်။ ခေါင်းပေါ်တွင် နေမင်းကြီး တောက်ပနေပြီး ဘဝ၏ တက်ကြွလန်းဆန်းမှုကို ဖော်ပြနေသကဲ့သို့ ရှိသည်
ချန်ရွှင် လက်နောက်ပစ်လျက် လွင်ပြင်တစ်လျှောက် လှမ်းမျှော်ကြည့်လိုက်သည်။ ထို့နေက် ဆရာကြီး ပုံစံဖမ်းပြီး ပြောလိုက်၏။
"ထာဝရအသက်ရှင်ခြင်း လမ်းစဉ်မှာ တွန့်ဆုတ်နေစရာ မလိုဘူး နောက်ပြန်လှည့်ကြည့်စရာ မလိုဘူး ဝမ်းနည်းပူဆွေးနေစရာ မလိုဘူး မျက်စိရှေ့က အရာအားလုံးက ရှေ့ဆက်ရမယ့်လမ်းပဲ…"
"နွားကြီး... ကြိုက်တဲ့လမ်း ရွေးလိုက် ပန်းတိုင် မရှိဘူး တန်းပြီး ပြေးမယ်…"
"ဒါပေမဲ့ ဒီနေ့ ငါစီးချင်တာက..."
"မွန်း…"
စကားမဆုံးသေးခင် နွားနက်ကြီး နှာမှုတ်သံ ပြင်းပြင်းတစ်ချက် ပြုလုပ်လိုက်ပြီး ချက်ချင်း ပြေးထွက်သွားသည်။ ဖုန်မှုန့်များ တထောင်းထောင်း ထသွား၏။ ချန်ရွှင် နေရာမှာတင် ကြောင်ကာ ကျန်ရစ်ခဲ့သည်။ ခဏကြာတော့ သူ သတိပြန်ဝင်လာသည်။ နွားနက်ကြီး သွားရာလမ်းကို ကြည့်ပြီး အသည်းအသန် လိုက်ပြေးတော့၏။ ချန်ရွှင် လည်ပင်းကြောကြီးများ ထောင်လာသည်အထိ မျက်နှာကြီး ရှုံ့မဲ့နေပြီး အော်ဟစ်လိုက်သည်။
"နွားကြီး... ငါ မတက်ရသေးဘူးလေ... နွားကြီး... ငါ မတက်ရသေးဘူးလို့..."
"မွန်း မွန်း…"
ဖုန်လုံးကြီးများ လွင့်ပျံနေပြီး အရိပ်နှစ်ခု ဝေးသည်ထက် ဝေးကွာသွားကာ တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်
တောင်တံခါးအပြင်ဘက်တွင် သူတို့သုံးဦး ပြုံးလျက် ရှိနေကြ၏။ ပျောက်ကွယ်သွားသော အရိပ်များကို ကြည့်ပြီး သံဝေဂ ရနေကြသည်။ သူတို့သည် အမြဲတမ်း ပေါ့ပါးလွတ်လပ်နေကြသည်။ မည်သည့် အနှောင်အဖွဲ့မှ မရှိကြပေ။ အချို့သော လူများသည် မှတ်ဉာဏ်ထဲတွင် အမြဲတမ်း စွဲထင်ကျန်ရစ်ခဲ့သည်။ သူတို့၏ အသံ၊ သူတို့၏ အပြုံး၊ သူတို့၏ မျက်နှာများကို မေ့ပျောက်သွားလျှင်တောင်မှ သူတို့ကို သတိရလိုက်တိုင်း ခံစားရသော ခံစားချက်ကတော့ ဘယ်တော့မှ ပြောင်းလဲသွားမည် မဟုတ်ပေ။ ဂျူနီယာညီလေး ချန်ရွှင် ဆိုသည်မှာ ထိုကဲ့သို့သော လူမျိုး ဖြစ်ပေလိမ့်မည်။
သူတို့ ဝူယွင်ဂိုဏ်းမှ အပြီးအပိုင် ထွက်ခွာသွားကြပြီ ဖြစ်သည်။ ကျင့်ကြံခြင်းကမ္ဘာကြီးသည် ကျယ်ပြန့်ပြီး စိတ်လှုပ်ရှားဖွယ်ရာ ကောင်းလှ၏။ ထိုအချိန်မှစ၍ ပင်လယ်ပြင်သည် ကျယ်ဝန်း၍ ငါးများ စိတ်ကြိုက်ကူးခတ်နိုင်သကဲ့သို့၊ ကောင်းကင်ပြာသည် မြင့်မား၍ ငှက်များ လွတ်လပ်စွာ ပျံသန်းနိုင်ပြီဖြစ်ပါသတည်း။