အခန်း (၉၇-၉၈)
Vol. 5 Ch. 97-98
အခန်း (၉၇)
လူသားတစ်ယောက်၏ ဘဝသည် မိုးနှင့်မြေကြားမှ ခရီးသည်တစ်ဦးပမာ ဖြစ်၏။ နေဝင်ဆည်းဆာ၏ နီရဲသော အလင်းရောင်များသည် မိုးကုပ်စက်ဝိုင်းအထိ ဖြန့်ကျက်ထားပြီး နက်ရှိုင်းသော အလှတရားကို ဖော်ဆောင်နေသည်။
နေဝင်ချိန် လမ်းမကြီးပေါ်တွင်...
လူငယ်တစ်ဦးသည် နွားနက်ကြီးတစ်ကောင်ကို စီးနင်းလျက် လမ်းမပေါ်၌ ဒုန်းစိုင်းပြေးနေသည်။ အရှိန်ပြင်းထန်လွန်းသဖြင့် ဖုန်မှုန့်များ တထောင်းထောင်း ထနေပြီး ကိုယ်ပေါ်ရှိ ခေါင်းလောင်းသံလေးများမှာလည်း သာယာနာပျော်ဖွယ်တချွင်ချွင် မြည်နေသည်။ သူတို့သည် လယ်ကွင်းများနှင့် မြစ်ချောင်းများကို ဖြတ်ကျော်လာကြရာ လမ်းသွားလမ်းလာ အများအပြားမှာ ထိုနွားနက်ကြီးကို ကြည့်ပြီး အံ့သြထိတ်လန့်နေကြသည်။ မိမိတို့အိမ်ရှိ နွားအိုကြီးများနှင့် ယှဉ်လျှင် ဤနွားနက်ကြီးမှာ အလွန် ခွန်အားကြီးမားလွန်းလှသည်။ လမ်းခရီးတစ်လျှောက်တွင် ချန်ရွှင်သည် အားရပါးရ အော်ဟစ်လိုက်သည်။
"ဝူးဟူး..."
"မွန်း မွန်း..."
နွားနက်ကြီးသည်လည်း စိတ်လှုပ်ရှားစွာဖြင့် အော်မြည်လိုက်သည်။ သူတို့သည် ဤမျှ လွတ်လပ်ပေါ့ပါးစွာဖြင့် မပြေးလွှားရသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ အရှုပ်အထွေးမရှိ၊ အနှောင်အဖွဲ့မရှိ၊ ဦးတည်ချက်မရှိဘဲ မျက်စိရှေ့မှ မြင်ကွင်းသည် လမ်းခရီးဖြစ်ပြီး ကြုံတွေ့ရသမျှ အရာအားလုံးသည် အံ့သြဖွယ်ရာများ ဖြစ်ကြသည်။
"နွားကြီး... မင်း သဘောပေါက်တယ်မလား…"
"မွန်း..."
ချန်ရွှင်နှင့် နွားနက်ကြီးတို့၏ ကျင့်ကြံမှုအဆင့်သည် တဖြည်းဖြည်း လျော့နည်းသွားပြီး အရှိန်မှာလည်း နှေးကွေးလာသည်။ နွားနက်ကြီး၏ မျက်လုံးထဲတွင် ပါးနပ်သော အရိပ်အယောင်များ ပေါ်လာသည်။ သူသည် အခြေခံတည်ဆောက်ခြင်း နောက်ဆုံးအဆင့် ဖြစ်သော်လည်း ယခုအခါ ချီသန့်စင်ခြင်း အဆင့်ခုနစ်သို့ လျှော့ချလိုက်ပြီ ဖြစ်သည်။ မည်သူမျှ ပြဿနာ လာမရှာရဲပေ။
"မွန်း..."
နွားနက်ကြီးသည် ဂုဏ်ယူဝင့်ကြွားစွာဖြင့် ချန်ရွှင်ဘက်သို့ လှည့်ကြည့်လိုက်ရာ မျက်လုံးများ ပြူးကျယ်သွားသည်။ ချန်ရွှင်၏ ကိုယ်ပေါ်တွင် ကျင့်ကြံမှုအဆင့် လုံးဝ မရှိတော့ဘဲ သာမန်လူတစ်ယောက် အဖြစ်သို့ လုံးဝ ပြောင်းလဲသွားပြီ ဖြစ်သည်။ သူသည် နွားနက်ကြီးကို ကြောင်တောင်တောင် ကြည့်နေသည်။
"နွားကြီး..."
ချန်ရွှင် မျက်မှောင်ကြုတ်လိုက်ပြီး ဖြည်းညှင်းစွာ ပြောလိုက်သည်။
"ငါတို့က ကျင့်ကြံသူတွေကို သွားရှာမှာမှ မဟုတ်တာ... သာမန်လူလိုပဲ ကောင်းကောင်းမွန်မွန် နေကြတာပေါ့….မင်း ကြည့်စမ်း... အရင်တုန်းက ကျင့်ကြံသူတွေက သာမန်လူတွေကို ပြဿနာ လာရှာဖူးလို့လား... သူတို့လည်း အလုပ်ရှုပ်နေကြတာပဲ…."
"မွန်း..."
နွားနက်ကြီး ခေါင်းညိတ်လိုက်သည်။ ကျင့်ကြံခြင်းလောကတွင် နေထိုင်ခဲ့သည်မှာ ကြာမြင့်ပြီ ဖြစ်သဖြင့် သိပ်ပြီး အသားမကျသေးပေ။ သူ၏ ကျင့်ကြံမှုအဆင့်သည်လည်း တဖြည်းဖြည်း လျော့နည်းသွားကာ နောက်ဆုံးတွင် သာမန် နွားနက်ကြီးတစ်ကောင် အဖြစ်သို့ ပြောင်းလဲသွားပြီး ဝိညာဉ်စွမ်းအား အငွေ့အသက်များ မရှိတော့ပေ။
“ဝုန်း...”
ချန်ရွှင်သည် မျက်လုံးထဲတွင် အပြုံးများဖြင့် နွားပေါ်မှ ခုန်ဆင်းလိုက်သည်။ လမ်းဘေးဝဲယာရှိ ရွှေရောင်ဝင်းလက်နေသော လယ်ကွင်းများကို ကြည့်ရှုရင်း နွားနက်ကြီးကို ဆွဲလျက် ဖြည်းညှင်းစွာ လျှောက်လှမ်းသွားသည်။ မြေပုံတစ်ခုသည် လေထဲတွင် ဖြည်းညှင်းစွာ ပျံတက်သွားပြီး သူတို့နှင့်အတူ လိုက်ပါ ရွေ့လျားနေသည်။
"နွားကြီး... ဒီ နေရာတွေကို လုံးဝ မသွားနဲ့... အဲဒါတွေက ဂိုဏ်းတွေရဲ့ ပိုင်နက်နယ်မြေတွေပဲ…."
ချန်ရွှင်သည် မြေပုံကို စိုက်ကြည့်ရင်း တည်ငြိမ်စွာ ပြောလိုက်သည်။
"ငါတို့ သာမန် တောတောင် တစ်ခုလောက်ကို ရှာပြီး အဲဒီမှာ ရွှေအမြူတေအဆင့် ရောက်အောင် အရင် ကျင့်ကြံကြမယ်…"
"ငါ့ စိတ်ထဲမှာ အစီအစဉ် ရှိပြီးသား... မင်း ကြည့်လိုက်... ကျီယန် ပြည်နယ်နဲ့ ခိုင်ယန် ပြည်နယ် အစပ်မှာ တောင်တန်းတွေ မြစ်တွေ ရှိပြီး ဘာဂိုဏ်းမှ မရှိဘူး…."
"အဲဒီနေရာကို သွားပြီး အခြေအနေ အရင် ကြည့်ကြမယ်... လေ့လာစောင့်ကြည့်ကြမယ်... အပြင်ထွက်ရင် ဘေးကင်းရေးက ပထမပဲ…"
"မွန်း..."
နွားနက်ကြီး ပျော်ရွှင်သွားသည်။ သူသည် ဤကဲ့သို့သော ခံစားချက်မျိုးကို နှစ်သက်သည်။ ချန်ရွှင်နောက်သို့ လိုက်ပါလျက် နေရာအနှံ့ လျှောက်သွားပြီး လောကကြီးကို လှည့်လည်သွားလာရသည်ကို သဘောကျသည်။ ယခုအခါ သူတို့တွင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်း ရှိနေပြီ ဖြစ်ရာ ထိုကျင့်ကြံသူများနှင့် မပတ်သက်သရွေ့ ပြဿနာများ သူတို့ဆီ ရောက်လာမည် မဟုတ်ပေ။
"သွားစို့…"
"မွန်း…."
ပုံရိပ်နှစ်ခုသည် လယ်ကွင်းပြင်များကြားတွင် တဖြည်းဖြည်း ပျောက်ကွယ်သွားကြသည်။
...
နှစ်လ ကြာပြီးနောက်...
ကျီယန် ပြည်နယ်ရှိ မထင်မရှား ရွာငယ်လေး တစ်ရွာ၏ ဘိုးဘွားအုတ်ဂူများ တည်ရှိရာ နေရာ၌ ရွာသူရွာသား အများအပြား ဝိုင်းအုံနေကြသည်။ သူတို့သည် တာအိုဆရာလေး တစ်ပါးနှင့် သူ၏ မကောင်းဆိုးဝါးနှိမ်နင်းရေး နွားနက်ကြီးကို မျှော်လင့်တကြီး ကြည့်ရှုနေကြသည်။ လူတိုင်း၏ လက်ထဲတွင် ကြက်၊ ဘဲ၊ ငါး၊ အသားများကို ကိုင်ဆောင်ထားကြပြီး မျက်နှာများမှာ စိတ်လှုပ်ရှားမှုကြောင့် နီရဲနေကြသည်။
"တာအိုဆရာ... ကျေးဇူးပြုပြီး ဂါထာမန္တန် စွမ်းရည်ပြပေးပါဦး…"
"တာအိုဆရာ... ဒီနေရာမှာ မကောင်းဆိုးဝါးတွေ သောင်းကျန်းနေလို့ ကျွန်တော်တို့ ညဘက်ဆို အိပ်လို့ မရဘူးဗျာ…."
"တာအိုဆရာ... ကယ်မတော်မူပါ…."
လူရာချီ၏ အသံများ ဆူညံစွာ ထွက်ပေါ်နေသည်။ သို့သော် ထို တာအိုဆရာလေးမှာမူ အလွန် တည်ငြိမ်နေပြီး မည်သို့မျှ တုန်လှုပ်ခြင်း မရှိပေ။ သူသည် ခါးကြားမှ တောင်ဖြိုပုဆိန် တစ်လက်ကို ဖြည်းညှင်းစွာ ဆွဲထုတ်လိုက်သည်။ ရွာသားအားလုံး ရုတ်တရက် တိတ်ဆိတ်သွားကြသည်။ တာအိုဆရာ၏ လက်နက်က ဘာကြောင့် ပုဆိန် ဖြစ်နေရတာလဲ။
တာအိုဆရာလေးသည် ပါးစပ်မှ ဂါထာမန္တန်များကို ရွတ်ဖတ်နေပြီး ပတ်ဝန်းကျင်တွင် မီးခိုးငွေ့များ ပျံ့လွင့်နေသည်။ ရုတ်တရက် သူ ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး လက်ထဲမှ တောင်ဖြိုပုဆိန်ဖြင့် ခုတ်ပိုင်းချလိုက်သည်။
"ကွဲစေ..."
“ဝုန်း...”
ဘိုးဘွားအုတ်ဂူ၏ ကျောက်တိုင်သည် တိုက်ရိုက် ပေါက်ကွဲသွားပြီး မြေကျင်းထဲမှ စူးရှသော အော်ဟစ်သံကြီး တစ်ခုနှင့်အတူ အခိုးအငွေ့များ ထွက်ပေါ်လာသည်။
"မွန်း..."
မကောင်းဆိုးဝါးနှိမ်နင်းရေး နွားနက်ကြီးသည် ခေါင်းလောင်းများကို လှုပ်ခါလိုက်ရာ ထိုစူးရှသော အော်ဟစ်သံသည် ချက်ချင်းပင် ညည်းတွားသံနှင့် ကြောက်လန့်သံအဖြစ်သို့ ပြောင်းလဲသွားသည်။ မကြာမီ ထိုအသံ ပျောက်ကွယ်သွားသည်။ နွားနက်ကြီးသည် နှုတ်ခမ်းကို တွန့်ရုံ ပြုံးလိုက်သည်။ ချီသန့်စင်ခြင်း အဆင့်နှစ်လောက်သာ ရှိသော သရဲလေးက သူ့လို နွားနက်ကြီး ရှေ့လာပြီး ဆရာ လာလုပ်ချင်နေတာလား။
"တာအိုဆရာ တန်ခိုးကြီးပါပေတယ်…"
"တာအိုဆရာ တန်ခိုးကြီးပါပေတယ်ဗျာ…"
ရွာသားများ ဝမ်းသာအားရ အော်ဟစ်လိုက်ကြသည်။ အဆက်မပြတ် ဦးညွှတ် ကန်တော့နေကြပြီး မျက်ရည်များပင် ကျလာသည်။ နောက်ဆုံးတော့ ဤပြဿနာကြီးကို ဖြေရှင်းနိုင်ခဲ့ပြီ။
"ဟား… ဟား… ဟား... ရွာသူရွာသားတို့... စားပွဲသောက်ပွဲ ကျင်းပကြစို့…”
တာအိုဆရာလေးသည် ရွာလူကြီးကို တွဲကူလျက် ရယ်မောလိုက်သည်။ ထိုသူမှာ ချန်ရွှင် ပင် ဖြစ်သည်။
"ဟုတ်ကဲ့... ဟုတ်ကဲ့... တာအိုဆရာအတွက် မြန်မြန် သွားပြင်ဆင်လိုက်ကြ…"
ရွာလူကြီးသည် စိတ်လှုပ်ရှားစွာဖြင့် တုတ်ကောက်ကို မြှောက်ကာ ညွှန်ကြားလိုက်သည်။
"တာအိုဆရာအတွက် ဘယ်ကိစ္စမှ လုံးဝ လစ်ဟင်းလို့ မဖြစ်ဘူးနော်…"
"ဟုတ်ကဲ့ပါ ရွာလူကြီး…"
လူအုပ်ကြီးသည် အားရပါးရ အော်ဟစ်လိုက်ကြပြီး နေရာအနှံ့သို့ ပြေးလွှားသွားကြသည်။
"တာအိုဆရာ... ဒီလမ်းက ကြွပါ…"
ရွာလူကြီးသည် ဖော်ရွေစွာ ပြုံးလျက် လေးစားသမှုဖြင့် ဖိတ်ခေါ်လိုက်သည်။
"ရွာလူကြီး... ကြွပါခင်ဗျာ…"
ချန်ရွှင်သည် လက်သီးဆုပ်ကာ ပြုံးပြလိုက်သည်။ ရွာတစ်ရွာလုံး စည်ကားသိုက်မြိုက်နေပြီး နှစ်သစ်ကူးပွဲတော် ကျင်းပသကဲ့သို့ အော်ဟစ်သံများဖြင့် ဆူညံနေသည်။ စားပွဲသောက်ပွဲတွင် လူအများအပြားသည် ချန်ရွှင်ကို လာရောက် မြှောက်ပင့် ပြောဆိုကြသည်။ မိမိတို့၏ သားသမီးများကို ခေါ်ဆောင်လာပြီး တပည့်အဖြစ် လက်ခံရန် မေးမြန်းကြသော်လည်း ချန်ရွှင်က ငြင်းပယ်လိုက်သည်။ နောက်ဆုံးတွင် ရွာလူကြီးက ကြည့်မရတော့ဘဲ လူအုပ်ကို ဟန့်တားလိုက်ပြီး တာအိုဆရာ၏ တရားကျင့်ကြံမှုကို မနှောင့်ယှက်ရန် ပြောဆိုလိုက်သည်။
ရွာသားများလည်း မတတ်သာဘဲ အရက်ကိုသာ ဖိသောက်နေကြသည်။ သရဲခြောက်သော ကိစ္စ ပြီးဆုံးသွားပြီ ဖြစ်သဖြင့် အားလုံး စိတ်သက်သာရာ ရသွားကြသည်။ ချန်ရွှင်လည်း အေးဆေးသွားပြီး ပန်းကန်ပြား အချို့ကို ယူကာ ထောင့်တစ်နေရာရှိ နွားနက်ကြီးထံသို့ လျှောက်သွားလိုက်သည်။
"မွန်း မွန်း..."
"နွားကြီး... ငါတို့ ဒီ ကျီယန် ပြည်နယ်က အစားအစာ လက်ရာကို မြည်းစမ်းကြည့်ရအောင်…"
ချန်ရွှင် ရယ်မောလိုက်ပြီး မြေကြီးပေါ်တွင် ဝင်ထိုင်လိုက်သည်။ လက်တစ်ဖက်က ပန်းကန်ကို ကိုင်ကာ ကိုယ်တိုင် စားသောက်နေပြီး ကျန်လက်တစ်ဖက်က ပန်းကန်ကို ကိုင်ကာ နွားနက်ကြီးကို ခွံ့ကျွေးနေသည်။
"မွန်း..."
နွားနက်ကြီး အော်မြည်လိုက်သည်။ မျက်လုံးများ အရောင်တောက်သွားသည်။ အလွန် စားကောင်းသည်။ ချန်ရွှင် ချက်တာနှင့် အရသာ မတူပေ။
"ဟား… ဟား... နွားကြီး... နေရာဒေသ တစ်ခုစီတိုင်းမှာ အရသာက မတူကြဘူးကွ…"
ချန်ရွှင်သည် စားသောက်ရင်း ပြောလိုက်သည်။
"ငါတို့ရဲ့ ဗဟုသုတတွေက နည်းပါသေးတယ်... ဖြည်းဖြည်းချင်း သွားကြတာပေါ့... မလောပါနဲ့…"
"မွန်း..."
နွားနက်ကြီးသည် ရယ်မောကာ ပြန်ထူးလိုက်ပြီး ဆက်လက် စားသောက်နေသည်။ လူတစ်ယောက်နှင့် နွားတစ်ကောင်သည် မြို့ထဲက သူတောင်းစားများကဲ့သို့ တူပင်မသုံးဘဲ လက်ဖြင့် စားသောက်နေကြသည်။ ထိုအချိန်တွင် ကောင်လေးတစ်ယောက် တိတ်တဆိတ် လျှောက်လာသည်။ သူသည် ခါးကို (၉၀) ဒီဂရီ ကိုင်းညွတ်လျက် မရဲတရဲ မေးလိုက်သည်။
"တာအိုဆရာ... ဆရာက အင်မော်တယ် လားဟင်…."
"ဟမ်..."
ချန်ရွှင်နှင့် နွားနက်ကြီးတို့ ကြောင်သွားကြသည်။ သူတို့ ပါးစပ်တွင် ထမင်းလုံးများ ပေကျံနေပြီး ညစ်ပတ်ပေရေနေသည်။
"ကောင်လေး... မင်း တွေးတာ များသွားပြီ... အင်မော်တယ် ဆိုတာ ငါတို့လိုမျိုး ဘယ်ဟုတ်မလဲ…"
ချန်ရွှင် ရုတ်တရက် ရယ်မောလိုက်သည်။ နွားနက်ကြီးလည်း ရယ်မောလိုက်သည်။ ဘေးနားရှိ ဒယ်အိုး၊ ပန်းကန်ခွက်ယောက်များက ထင်ရှားနေသည်။
ကောင်လေးသည် ခေါင်းမော့လာသည်။ သူ၏ ရုပ်ရည်မှာ အနည်းငယ် ဆိုးကာ ဉာဏ်ရည်မမီသည့်ပုံ ပေါက်နေသည်။ သူက ပြတ်သားစွာ ပြောလိုက်သည်။
"ဆရာက အင်မော်တယ်ပါ... ကျွန်တော်တို့ ရွာမှာ သရဲခြောက်တာကို ရွာကနာမည်ကြီးနတ်ဆရာ မိသားစုတောင် မဖြေရှင်းနိုင်ဘူးလေ…"
"ကောင်လေး... ထိုင်…"
ချန်ရွှင် သဘောကျစွာ ရယ်မောလိုက်သည်။
"ဘာလို့ ဟိုမှာ မစားတာလဲ... ငါ ကြည့်ရတာ ကလေးတွေဝိုင်းမှာ လူတွေ အများကြီးပဲ…"
ကောင်လေး ဝမ်းသာသွားပြီး အလျင်အမြန် ထိုင်လိုက်သည်။ သို့သော် မျက်လုံးထဲတွင် ဝမ်းနည်းရိပ်များ ပေါ်လာသည်။
"သူတို့က ကျွန်တော့်ကို ရုပ်ဆိုးတယ် ဆိုပြီး... ကျွန်တော်နဲ့ မကစားကြဘူး…"
"ဒါက တော်တော်ဆိုးတဲ့ ကိစ္စကြီးပဲကွ…"
ချန်ရွှင် ထပ်မံ စားသောက်လိုက်ပြီး နွားနက်ကြီးကို ကြည့်လိုက်သည်။
"ဟုတ်တယ်မလား နွားကြီး…"
"မွန်း..."
နွားနက်ကြီး လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။ လူသားချင်း အတူတူပဲ မဟုတ်ဘူးလား။ သူလည်း ထမင်းတစ်လုပ် စားလိုက်သည်။
"တာအိုဆရာ... ဆရာ ကျွန်တော့်ကို..."
"ဒါက ဘာမှ မဟုတ်ပါဘူးကွာ... မင်းက မကောင်းမှု လုပ်တာမှ မဟုတ်တာ... ခိုးတာဝှက်တာလည်းမဟုတ်ဘူး... သူတို့ကို ဂရုစိုက်မနေနဲ့…"
ချန်ရွှင် ဂရုမစိုက်သလို ပြောလိုက်ပြီး ပန်းကန်တစ်ချပ်ကို ယူလိုက်သည်။ အထဲတွင် အသားများ အပြည့်ပါဝင်သည်။
"ရော့... ကောင်လေး... အသား များများစား... ခန္ဓာကိုယ် ကြီးထွားလာအောင် လုပ်…."
"ကျေးဇူးတင်ပါတယ် တာအိုဆရာ…"
ကောင်လေးသည် စိတ်လှုပ်ရှားစွာဖြင့် မြေကြီးပေါ်တွင် ဦးခိုက်လိုက်သည်။ သူတို့ကို ထမင်းဝိုင်းတွင် ဝင်ခွင့်မပေးသဖြင့် ဗိုက်ဆာနေခဲ့ရခြင်း ဖြစ်သည်။ လူနှစ်ယောက်နှင့် နွားတစ်ကောင်သည် မြေကြီးပေါ်တွင် ထိုင်လျက် စားသောက်နေကြရာ အဝေးမှ စားပွဲသောက်ပွဲနှင့် လုံးဝ ကွဲပြားခြားနားနေသည်။
အခန်း (၉၈)
"ဆရာက အင်မော်တယ် မဟုတ်ဘူးလား..."
ကောင်လေးသည် ရှိုက်ကြီးတငင် ငိုကြွေးလိုက်သည်။ သူ့တွင် မိတ်ဆွေသူငယ်ချင်း မရှိဘဲ အင်မော်တယ်ပုံပြင်များကိုသာ ကြားဖူးခဲ့ခြင်း ဖြစ်၏။
"ငါတို့က တကယ် မဟုတ်ပါဘူးကွာ... အင်မော်တယ် ဆိုတာက လေပေါ်မှာ ဝဲပျံနေတာ... လူ့လောက အစားအစာတွေ မစားဘူး... ဆင်းရဲဒုက္ခ ရောက်နေတဲ့သူတွေကို ကယ်တင်တယ်... မိုးပြိုတောင် တားဆီးပေးနိုင်တဲ့သူတွေလေ…"
"မွန်း မွန်း..."
နွားနက်ကြီးကလည်း ခေါင်းကို အဆက်မပြတ် ညိတ်လိုက်သည်။ သူတို့သည် ကျင့်ကြံသူများသာ ဖြစ်ကြပြီး ထိုအထဲတွင်မှ အညံ့ဆုံးအုပ်စု၌ ပါဝင်ကြ၏။ ကောင်လေး၏ မျက်လုံးများ ပြူးကျယ်သွားသည်။ ထိုသို့ ရှင်းပြမှသာ တာအိုဆရာသည် အင်မော်တယ်နှင့် တကယ် မတူကြောင်း သတိပြုမိတော့သည်။ ကြည့်ရသည်မှာ သူ အတွေးလွန်သွားပုံ ရ၏။
"ကောင်လေး... မင်း အင်မော်တယ် ဖြစ်ချင်လို့လား…"
"ဟုတ်ကဲ့ တာအိုဆရာ... အဲဒါဆိုရင် ဘယ်သူမှ ကျွန်တော့်ကို လှောင်ပြောင်ရဲတော့မှာ မဟုတ်ဘူး... အားလုံးက တာအိုဆရာကို လေးစားသလိုမျိုး ကျွန်တော့်ကို လေးစားကြမှာ…"
"ဟဲဟဲ... ရည်မှန်းချက် ကြီးသားပဲ…"
ချန်ရွှင် ရယ်မောလိုက်ပြီး ဘာမှ ဆက်မပြောတော့ပေ။
"ကောင်လေး... ဗိုက်ဝပြီလား…"
"ဝပါပြီ တာအိုဆရာ…"
"လာ... သွားကြစို့... သူတို့ကို ဝိုင်းကူပြီး သိမ်းဆည်းပေးရအောင်…"
"ဗျာ... တာအိုဆရာ... သူတို့ ကျွန်တော့်ကို ရွံရှာကြလိမ့်မယ်..."
"မင်း ငါ့နောက်က လိုက်ခဲ့ရင် ပြီးရော…"
"ဟုတ်ကဲ့ တာအိုဆရာ…"
ကောင်လေး ရယ်မောလိုက်သည်။ သူသည် အလွန် ဖြူစင်ရိုးသားလှ၏။
ချန်ရွှင်သည် ကောင်လေးနှင့် နွားနက်ကြီးကို ခေါ်ဆောင်ကာ စားပွဲသောက်ပွဲ ကျင်းပရာနေရာသို့ လျှောက်သွားလိုက်သည်။ သူသည် စားပွဲ၊ ကုလားထိုင်များကိုပင် ကူညီ သိမ်းဆည်းပေးလိုက်သေး၏။ ထိုမြင်ကွင်းကြောင့် ရွာလူကြီး လန့်ဖျပ်သွားပြီး တာအိုဆရာကိုယ်တိုင် လုပ်စရာမလိုကြောင်း အလျင်အမြန် လာရောက် ပြောဆိုသည်။ ချန်ရွှင်က လက်မခံဘဲ ကောင်လေးကို ခိုင်းစေကာ သိမ်းဆည်းခိုင်းလိုက်သည်။ လူအများအပြားသည် ကောင်လေးကို ကြည့်သော အကြည့်များ ပြောင်းလဲသွားကြပြီး နောက်နောင်တွင် အနိုင်မကျင့်ရဲကြတော့ပေ။
နောက်တစ်နေ့ နံနက်ခင်းတွင် နေမင်းကြီးသည် ထွက်ပြူခြင်းမရှိသေးဘဲ ကောင်းကင်တွင် ကြယ်ရောင် မှိန်ဖျော့ဖျော့များသာ ရှိနေသေးပြီး လေထဲတွင် နံနက်ခင်း၏ အေးမြမှုများ ပျံ့လွင့်နေသည်။ အရာအားလုံးသည် သန့်ရှင်းစင်ကြယ်ပြီး စိတ်နှလုံးကို ကြည်နူးစေ၏။ ရွာထဲမှ လူငယ်များသည် မနေ့ညက သောက်ထားကြသဖြင့် အမူးမပြေသေးဘဲ အိပ်မောကျနေကြဆဲ ဖြစ်သည်။ ထိုအချိန်တွင် ပုံရိပ်နှစ်ခုသည် နေထွက်ရာ အရပ်ဆီသို့ ဦးတည်ကာ လျှောက်လှမ်းသွားကြ၏။ မြူခိုးပါးပါးလေးများကို နင်းလျှောက်သွားသော်လည်း အသံတစ်ချက်မျှ မထွက်ပေါ်ပေ။
ကောင်လေးသည် စောစောစီးစီး နိုးထနေပြီ ဖြစ်သည်။ သူသည် ခေါင်မိုးပေါ်တွင် ထိုင်လျက် နေထွက်လာမည့်အချိန်ကို စောင့်ဆိုင်းနေခြင်းကို အနှစ်သက်ဆုံး ဖြစ်၏။ သို့သော် သူ၏ မျက်လုံးထဲတွင် အလွန်အမင်း တုန်လှုပ်အံ့သြမှုများ ဖြစ်ပေါ်လာပြီး မျက်ဝန်းများပင် ပြူးကျယ်သွားသည်။ ကောင်လေးသည် ပုံရိပ်နှစ်ခုကို မြင်လိုက်ရ၏။ တာအိုဆရာနှင့် သူ၏ မကောင်းဆိုးဝါးနှိမ်နင်းရေး နွားနက်ကြီးတို့ ဖြစ်ကြသည်။ သူတို့သည် ဖြည်းညှင်းစွာ လမ်းလျှောက်နေသကဲ့သို့ ထင်ရသော်လည်း ခြေတစ်လှမ်း လှမ်းလိုက်တိုင်း မိုင်ပေါင်းများစွာ ရောက်ရှိသွားသကဲ့သို့ ဖြစ်နေသည်။ သူ့တွင် ဝေါဟာရကြွယ်ဝမှု မရှိသဖြင့် ထိုခံစားချက်ကို မဖော်ပြတတ်ပေ။ သူ မျက်လုံးကို အားကုန် ပွတ်သပ်လိုက်သည်။ သို့သော် မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့သည် မျက်စိရှေ့မှ ပျောက်ကွယ်သွားကြ၏။ သူ၏ နှလုံးခုန်သံများ မြန်ဆန်လာသည်ကိုပင် ကြားနေရသည်။ ရုတ်တရက် ကောင်လေးသည် ရယ်မောလိုက်မိသည်။
"တာအိုဆရာ... ဆရာက တကယ့် အင်မော်တယ်ပဲကိုး..."
မိုးလင်းသောအခါ ရွာသူရွာသားများသည် ချန်ရွှင် ထွက်ခွာသွားပြီဖြစ်ကြောင်း သိလိုက်ရသဖြင့် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ကုန်ကြသည်။ တာအိုဆရာလေးကို ရက်အနည်းငယ်လောက် ဆက်ထားချင်သေး၏။ ရွာထဲရှိ အသက် (၃၀) ကျော်နေပြီဖြစ်သော အပျိုကြီးများသည် ကိုယ်တိုင် ပွဲထွက်ရန် ပြင်ဆင်ထားကြသော်လည်း တာအိုဆရာ ထွက်သွားပြီကို သိလိုက်ရသဖြင့် အိမ်ထဲတွင် တံခါးပိတ်ကာ ရက်အနည်းငယ်ကြာအောင် ဝမ်းနည်းပူဆွေးကုန်ကြသည်။
...
နောက်ပိုင်း ရက်များတွင် ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် လမ်းတစ်လျှောက် နားလိုက်၊ သွားလိုက်နှင့် နေရာအနှံ့ လည်ပတ် ကြည့်ရှုနေကြသည်။ သို့သော် သူတို့သည် ကျင့်ကြံသူများ၏ အသိုင်းအဝိုင်းနှင့် မထိတွေ့ကြဘဲ ဂိုဏ်းကြီးများ၏ ပိုင်နက်နယ်မြေများကို ရှောင်ကွင်း သွားလာကြသဖြင့် ကျင့်ကြံသူ တစ်ယောက်နှင့်မျှ မဆုံတွေ့ခဲ့ကြပေ။ အချိန်ကာလများသည် လူ့ပြည်လောကတွင် နေထိုင်ခဲ့စဉ်က နေ့ရက်များဆီသို့ ပြန်ရောက်သွားသကဲ့သို့ ခံစားရ၏။ ပြဿနာများလည်း သူတို့ဆီ မရောက်လာကြတော့ပေ။ ချန်ရွှင်လည်း စိတ်သက်သာရာ ရသွားသည်။ အခြေခံတည်ဆောက်ခြင်းအဆင့် ရောက်လျှင် နေရာတိုင်း၌ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများ ရှိနေမည်ဟု သူ ထင်ထားခဲ့သော်လည်း လက်တွေ့တွင်မူ ထိုမျှ တိုက်ဆိုင်မှုမျိုး မရှိပေ။
သူနှင့် နွားနက်ကြီးတို့သည် တခါတရံ တောင်ကုန်းပေါ်တွင် ထိုင်လျက် မြစ်ရေစီးဆင်းနေသည်ကို ကြည့်ရှုကြသည်။ မြစ်ကမ်းနှစ်ဖက်တွင် ဤကမ္ဘာလောက၏ ဟန်ပန်အပြည့်ရှိသော အဆောက်အအုံများ ရှိနေ၏။ ရှေးဟောင်း ကုန်သွယ်ရေး လမ်းမကြီးပေါ်တွင် ခရီးသွားများ သွားလာနေကြပြီး ရှေးခေတ် အငွေ့အသက်များ လွှမ်းခြုံနေသည်။ ဤလှပသော ရှုခင်းများသည် ချန်ရွှင်နှင့် နွားနက်ကြီးတို့ကို ခြေလှမ်းများရပ်တန့်စေပြီး အတွေးနယ်ချဲ့စေ၏။ တခါတရံတွင် အခြားသူများ တံတားဆောက်ခြင်း၊ လမ်းဖောက်ခြင်း တို့ကို သွားရောက် ကြည့်ရှုကြပြီး လွတ်လပ်ပေါ့ပါးမှုကို ခံစားကြသည်။ သူတို့၏ စိတ်နေသဘောထားသည် မသိလိုက်မဘာသာနှင့် မြင့်မားလာသည်။ တခါတရံ လယ်ကွင်းထဲရှိ လမ်းကလေးအတိုင်း လျှောက်သွားပြီး လှည်းဆွဲနေသော အဘိုးအိုကို ကူညီ တွန်းပေးတတ်ကြသည်။
မပြောပလောက်သော ကိစ္စလေး တစ်ခုစီတိုင်းသည် ထာဝရအသက်ရှင်သူများအတွက် အဓိပ္ပာယ် ရှိနေသကဲ့သို့ ဖြစ်နေသည်။ သို့သော် နွားနက်ကြီးမှာမူ အားကျလွန်းသဖြင့် “မွန်း”ခနဲ “မွန်း”ခနဲ အော်ဟစ်နေ၏။ ဟိုတုန်းက ချန်ရွှင်က သူ့ကို လယ်ကွင်းအကြီးကြီး ရှာပေးမည်ဟု ပြောဖူးသည် မဟုတ်ပါလော။ ချန်ရွှင် လန့်ဖျပ်သွားပြီး နွားနက်ကြီးကို အလျင်အမြန် နှစ်သိမ့်ပေးလိုက်ရသည်။ ရွှေအမြူတေအဆင့် ရောက်မှ သွားရှာကြမည်ဟု ပြောလိုက်ရ၏။ နွားနက်ကြီး ယုံကြည်သွားပြီး သူတို့ ခရီးဆက်ခဲ့ကြသည်။
သို့သော် နေရာတိုင်းတွင် သူတို့ ရက်အနည်းငယ်သာ နေထိုင်ကြပြီး တိတ်ဆိတ်စွာ ပျောက်ကွယ်သွားလေ့ ရှိသည်။ ချန်ရွှင်သည် တစ်ခါတလေ ပန်းချီဆွဲကာ ရှုခင်းပုံကြမ်းများ ရေးဆွဲ၏။ သို့သော် နွားနက်ကြီး၏ သုံးသပ်ချက်အရ ချန်ရွှင်၏ ပန်းချီဆွဲသည့် စွမ်းရည်သည် သီချင်းဆိုသည့် စွမ်းရည်နှင့် အတူတူပင် ဖြစ်သည်ဟု ဆိုသည်။ လူ့ပြည်လောက နေရာအများစုတွင် ဝိညာဉ်စွမ်းအင်များ သိပ်မရှိသဖြင့် ကြိုးကြာဖြူပင် မတွေ့ရပေ။ ချန်ရွှင်နှင့် နွားနက်ကြီးတို့ လက်ယားနေကြသည်။ သို့သော် ချန်ရွှင်က မည်သို့ ကြိုတင် မပြင်ဆင်ဘဲ နေမည်နည်း။ သူသည် ကြိုးကြာဖြူပင် ပျိုးပင်များကို ယူဆောင်လာခဲ့သည်။ သို့သော် ယခုအချိန်တွင် အသုံးမဝင်သေးပေ။
သူတို့သည် သစ်တောနက်ကြီး တစ်ခုကို ရှာဖွေတွေ့ရှိထားသည်။ အချိန်အကြာကြီး စောင့်ကြည့်ခဲ့သော်လည်း အင်မော်တယ်အဆင့် တက်လှမ်းခြင်း ညီလာခံ ကျင်းပခြင်း မရှိသလို မည်သည့်ဂိုဏ်းမျှလည်း မရှိပေ။ တောင်ပေါ်တွင် တောကောင်ရိုင်းများ ပေါများသော်လည်း အခြေခံတည်ဆောက်ခြင်း နောက်ဆုံးအဆင့် ကျင့်ကြံသူများ ရှေ့တွင် အစားအသာသက်သက်သာ ဖြစ်သည်။ သူတို့သည် ဂူတစ်ခု တူးလိုက်ကြသည်။ ဤနေရာတွင် အခြေခံတည်ဆောက်ခြင်း အထွတ်အထိပ်အဆင့် ရောက်သည်အထိ ကျင့်ကြံပြီးမှ ပြည်နယ်နှစ်ခုကြားရှိ နယ်စပ်ဒေသသို့ သွားရောက်ရန် စီစဉ်ထားသည်။ တောတွင်း ရှင်သန်ရေး နည်းလမ်းများသည် သူတို့အတွက် ထမင်းစား ရေသောက်သကဲ့သို့ လွယ်ကူလှသည်မှာ အခြားအကြောင်းကြောင့် မဟုတ်ဘဲ ကျွမ်းကျင်နေသောကြောင့်သာ ဖြစ်သည်။
နွားနက်ကြီးက ဂူကို အစီအရင်ဖြင့် ဖုံးကွယ်ရန် ကြံရွယ်သော်လည်း ချန်ရွှင်က တားမြစ်လိုက်သည်။ မလိုအပ်ဘဲ အပိုအလုပ်များ လုပ်သကဲ့သို့ ဖြစ်နေမည်။ သဘာဝအတိုင်းသာ နေထိုင်ခြင်းက ပိုကောင်းသည်။ သူတို့က ယခုအခါ သာမန်လူများသာ ဖြစ်သည် မဟုတ်ပါလော။ တောင်ပေါ်တွင် လူသူအရောက်အပေါက် နည်းပါးပြီး နေရာအနှံ့တွင် မြင့်မားသော သစ်ပင်ကြီးများ ရှိနေသည်။ သူတို့သည် လူရိုင်းဘဝကို ပြန်လည် စတင်ကြသည်။ အမဲလိုက်ခြင်း၊ ဆေးမြစ်များ ခူးဆွတ်ခြင်းတို့ကို ပြုလုပ်ကြပြီး ကျန်းမာရေးအတွက်နှင့် ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးပြုကြသည်။ ထို့နောက် နေ့စဉ် သုံးပါးပေါင်းစပ်ဆေးအတွက် လိုအပ်သော ဆေးပင်များကို ပျိုးထောင်သည်။ ချန်ရွှင်က မကြာခဏ ဆေးဖော်စပ်သည်။ နေ့ရက်များသည် ထိုကဲ့သို့ပင် ကုန်ဆုံးသွား၏။
မျက်စိတစ်မှိတ်အတွင်း သူတို့ တောင်ပေါ်တွင် နေထိုင်သည်မှာ တစ်နှစ် ရှိခဲ့ပြီ ဖြစ်သည်။ သက်တမ်းအမှတ်များကို မူလစွမ်းအင်တွင် ပေါင်းထည့်လိုက်သည်။ ယနေ့ ရာသီဥတု သာယာသည်။ ကောင်းကင်ပြာလဲ့နေပြီး တိမ်ကင်းစင်ကာ အရောင်အဆင်း ကင်းစင်၍ တောက်ပနေသည်။ ချန်ရွှင်နှင့် နွားနက်ကြီးတို့ ဂူဝ၏ ဘယ်ညာ တစ်ဖက်စီတွင် မှီထိုင်လျက် နေပူစာ လှုံနေကြသည်။ မျက်လုံးထဲတွင် ကျေနပ်နှစ်သိမ့်မှုများ ရှိနေ၏။
"နွားကြီး... ဇိမ်ပဲကွာ…"
"မွန်း..."
သူတို့ မျက်လုံးကို တစ်ဝက် မှိတ်ထားပြီး လေပြည်ကို ခံစားနေကြသည်။ မပြိုင်ဆိုင် နေရသော နေ့ရက်များသည် အလွန် လှပလွန်းလှသည်။ ချန်ရွှင် ရေခွက်ကို ယူကာ ကျန်းမာရေးလက်ဖက်ရည် တစ်ငုံ သောက်လိုက်သည်။ ရင်ထဲအေးမြသွား၏။ နွားနက်ကြီးလည်း လိုက်သောက်သည်။ အလွန် ဇိမ်ရှိလှသည်။
သို့သော် ထိုအချိန်တွင် အဝေးတစ်နေရာရှိ သစ်ပင်ကြီးတစ်ပင်၏ နောက်ကွယ်၌ ချီသန့်စင်ခြင်း အဆင့်လေး ကျင့်ကြံသူတစ်ဦး ရှိနေသည်။ သူ၏ မျက်လုံးများမှာ စူးရှနေပြီး သူတို့ကို စိုက်ကြည့်နေသည်။ ထိုသူ၏ အမည်မှာ ဝမ်ချွမ်း ဖြစ်သည်။ သူသည် တစ်ကိုယ်တော် ကျင့်ကြံသူတစ်ဦး ဖြစ်ပြီး ဓားပျံပညာကို ယခုမှ စတင် ကျင့်ကြံထားသူ ဖြစ်သည်။ သူသည် သူ့ပညာကို လူနှင့် စမ်းသပ်လိုသော်လည်း မြို့ထဲတွင် လူသတ်ရန် မဝံ့ရဲပေ။ ထို့ကြောင့် တောင်ပေါ်သို့ တက်လာပြီး ကံစမ်းကြည့်ခြင်း ဖြစ်သည်။ မုဆိုးတစ်ယောက်လောက်ကို ရှာပြီး လက်စွမ်းပြရန် ကြံရွယ်ထားသည်။ သာမန်လူများ၏ အသက်သည် တန်ဖိုးအနည်းဆုံးအရာ ဖြစ်သည် မဟုတ်ပါလော။ ဤနေရာ၌ ချန်ရွှင် ဆိုသော သာမန်လူတစ်ယောက်ကို သူ မျက်စိကျသွားခြင်း ဖြစ်၏။
"ဟဲ… ဟဲ... ဒီအရှင်သခင်ရဲ့ လက်ချက်နဲ့ သေရတာ မင်းတို့ သာမန်လူတွေအတွက် ကံကောင်းခြင်း တစ်မျိုးပဲ…"
ဝမ်ချွမ်း တိုးတိုးလေး ရယ်မောလိုက်သည်။ သူ လူတစ်ခါမှ မသတ်ဖူးသေးပေ။ သတ္တိမွေးရန် လိုအပ်သည်။ မဟုတ်လျှင် ကျင့်ကြံခြင်းလောကတွင် မည်သို့ ကျင်လည်မည်နည်း။ သူ စောစောကတည်းက စစ်ဆေးကြည့်ပြီးပြီ ဖြစ်သည်။ သာမန်လူ စစ်စစ် ဖြစ်၏။ ဘေးနားတွင် နွားနက်တစ်ကောင် ရှိနေသဖြင့် မုဆိုးတစ်ဦး ဖြစ်လောက်သည်။
"သွားစမ်း…"
ဝမ်ချွမ်း လက်ဟန်တစ်ခု ပြုလုပ်လိုက်ပြီး ဂါထာ ရွတ်ဆိုလိုက်သည်။ ငွေရောင်အလင်းတန်းတစ်ခု သူ၏ လက်ထဲမှ ထွက်ပေါ်လာသည်။ ငွေရောင် ဓားပျံငယ်လေးတစ်လက် ဖြစ်သည်။ ဓားပျံသည် ဝမ်ချွမ်း၏ ဘေးပတ်လည်တွင် နှစ်ပတ်ခန့် ပျံဝဲပြီးနောက် သူ၏ လက်ညှိုး ညွှန်ရာသို့ ဦးတည်ကာ ချန်ရွှင်၏ ခေါင်းဆီကို ပျံသန်းသွားလေသည်။
“ရွှီး...”
သူ အေးစက်စွာ ပြုံးလိုက်သည်။ ထိုလူ သူ့ဓားချက်အောက်တွင် သေဆုံးသွားမည့် မြင်ကွင်းကို စိတ်ကူးယဉ်နေမိ၏။
ရုတ်တရက်...
ထိုလူသည် သက်သောင့်သက်သာဖြင့် ငြိမ်သက်ဆဲ ဖြစ်သည်။ သို့သော် ပျံသန်းလာသော ဓားပျံသည် လေဟာနယ်ကို ထိုးဖောက်သွားသကဲ့သို့ ဖြစ်သွား၏။ လှုပ်ရှားနေသော အရိပ်တစ်ခုကို ထိုးဖောက်သွားသကဲ့သို့ ဖြစ်ပြီး ဓားပျံ ဖြတ်သွားပြီးနောက် ထိုအရိပ်သည် ပြန်လည် ပေါင်းစပ်သွားကာ အစစ်လား အတုလား ခွဲခြားမရနိုင်အောင် ဖြစ်သွားသည်။
ဝမ်ချွမ်း၏ မျက်နှာ ဖြူဖျော့သွားသည်။ မျက်နှာ အမူအရာ ပြောင်းလဲသွား၏။ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ထိတ်လန့်တုန်လှုပ်မှုများ ပေါ်လာသည်။
သွားပြီ... ပြဿနာကြီး တက်ပြီ။ ဝမ်ချွမ်း ရင်ထဲ “ဒိတ်”ခနဲ ဖြစ်သွားသည်။ ဒါ သာမန်လူ လုံးဝ မဟုတ်။ ဤကဲ့သို့ ဝိညာဉ်စွမ်းအင် မရှိသော နေရာတွင် အဆင့်မြင့် ကျင့်ကြံသူများ လာရောက် ပုန်းအောင်း နေထိုင်နေကြခြင်းလော။ မဖြစ်နိုင်ပေ။ မည်သူက ဤကဲ့သို့နေရာမျိုးတွင် ဝက်ယောင်ဆောင်ပြီး ကျားကို စားမည်နည်း။ သူ စိတ်ထဲတွင် အော်ဟစ်နေမိသည်။
ဝမ်ချွမ်း၏ နဖူးမှ ချွေးစေးများ စီးကျလာသည်။ ကျောပြင်တစ်ခုလုံး ချွေးများ ရွှဲနစ်နေပြီး ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းနေ၏။ သူ မအောင်မြင်ခင်မှာပင် သေဆုံးသွားရတော့မည်လော။ ကောင်းကင်ကြီးက ပြာလဲ့နေဆဲ ဖြစ်သည်။ ပတ်ဝန်းကျင်က တိတ်ဆိတ်ငြိမ်သက်နေဆဲ ဖြစ်ကာ လေတိုးသံများသာ ရှိနေသည်။
"ငါတို့က သာမန်လူတွေပါ... တာအိုမိတ်ဆွေက ဒီလောက်တောင် ရက်စက်ရတာလား…"
"မွန်း..."
တည်ငြိမ်သော အသံနှစ်သံ ဝမ်ချွမ်း၏ အနောက်မှ ထွက်ပေါ်လာသည်။ သူ ခေါင်းနပန်းကြီးသွား၏။ မျက်လုံးဝန်းများသည် အပ်ဖျားလောက်အထိ ကျဉ်းမြောင်းသွားသည်။ မျက်လုံးထဲတွင် အလွန်အမင်း မျှော်လင့်ချက်မဲ့မှုများ ပေါ်လာသည်။ သူ မိမိကိုယ်မိမိ သေးငယ်သွားသလို ခံစားလိုက်ရသည်။ ကြီးမားသော အရိပ်မည်းကြီး နှစ်ခုက သူ့ကို ဝါးမြိုတော့မည့်အလား ဖြစ်နေ၏။ ဝမ်ချွမ်းသည် ကျောဘက်မှ ပူနွေးသော နှာမှုတ်သံကိုပင် ခံစားနေရသည်။ သူ ခက်ခက်ခဲခဲ ခေါင်းလှည့်ကြည့်လိုက်ရာ ရုတ်တရက် အော်ဟစ်လိုက်မိသည်။
"အား..."
နွားနက်ကြီးတစ်ကောင် မတ်တပ်ရပ်နေသည်ကို သူ တွေ့လိုက်ရသည်။ ခွာတစ်ဖက်က ကြောက်မက်ဖွယ် အငွေ့အသက်များ ထွက်ပေါ်နေသော အနက်ရောင် အခေါင်းကြီးတစ်လုံးကို ကိုင်ထား၏။
"စီနီယာ... ကျွန်တော် လူမှားမိလို့ပါ... ခွင့်လွှတ်ပေးပါဗျာ…."
ဝမ်ချွမ်း ကြောက်လန့်လွန်းသဖြင့် သေးများပင်တဗြန်းဗြန်းထွက်ကျလာသည်။ “ဘုန်း”ခနဲ ဒူးထောက်ချလိုက်ကာ ငိုယို အော်ဟစ်နေ၏။ မည်သူ့ လက်နက်က အခေါင်း ဖြစ်နေရသနည်း။
"တာအိုမိတ်ဆွေ ရောက်မှတော့... နေခဲ့လိုက်ပါဦးလား…"
ချန်ရွှင် မျက်လုံးထဲတွင် အေးစက်သော အလင်းရောင်များ ထွက်ပေါ်လာသည်။
"နွားကြီး... အခေါင်းဖွင့်…"
"မွန်း..."
“ဝုန်း...”
အနက်ရောင် အခေါင်းကြီး လေထဲသို့ မြောက်တက်သွားပြီး အခေါင်းဖုံး ပွင့်ထွက်သွားသည်။ အမှောင်ထု၊ မျှော်လင့်ချက်မဲ့မှုနှင့် ကြောာက်မက်ဖွယ် အငွေ့အသက်များ ပျံ့လွင့်လာ၏။ ပတ်ဝန်းကျင်ရှိ ပန်းမန်များ ညှိုးနွမ်းသွားကြသည်။ နွားနက်ကြီး၏ သိုလှောင်အိတ်ထဲမှ အမွှေးတိုင်အိုး တစ်ခုထွက်ပေါ်လာသည်။ ချန်ရွှင် မြေကြီးပေါ် တင်ပျဉ်ခွေ ထိုင်လိုက်သည်။ မီးခိုးငွေ့များ ထွက်ပေါ်လာ၏။
"စီနီယာ..."
ဝမ်ချွမ်း အော်ဟစ်လိုက်သည်။ ခန္ဓာကိုယ်အတွင်းမှ ဝိညာဉ်စွမ်းအားများ ဖိနှိပ်ခံထားရသဖြင့် လှုပ်ရှား၍ မရပေ။
"ကျွန်တော် မှားပါပြီ... ကျွန်တော် မှားပါပြီ..."
"အခေါင်းထဲ ဝင်စမ်း…"
"မွန်း..."
"အား..."
“ဝုန်း...”
နွားနက်ကြီးက ဝိညာဉ်စွမ်းအား ကို ထုတ်လွှတ်လိုက်ရာ အနက်ရောင် အခေါင်းကြီးသည် ထိုလူ၏ ခေါင်းပေါ်သို့ ကျရောက်လာပြီး စုပ်ယူလိုက်သကဲ့သို့ ဖြစ်သွားသည်။ ပြီးလျှင် အခေါင်းဖုံး ပြန်ပိတ်သွား၏။
"နွားကြီး... မှတ်တမ်း ကို ထုတ်လိုက်... ဒါက မိစ္ဆာကျင့်ကြံသူပဲ... အပြစ်မဲ့သူတွေကို သတ်ဖြတ်တာ... ကောင်းကင်က ခွင့်လွှတ်မှာ မဟုတ်ဘူး…"
"မွန်း..."
စာအုပ်ကြီးတစ်အုပ် လေထဲတွင် ပေါ်လာသည်။ နွားနက်ကြီး မျက်လုံးများ အရောင်တောက်သွားပြီး မျဉ်းတစ်ကြောင်းကို ရေးဆွဲလိုက်သည်။
"စီနီယာ... မလုပ်ပါနဲ့... ကျွန်တော် မသေသေးပါဘူး... စီနီယာ..."
ဝမ်ချွမ်း အနက်ရောင် အခေါင်းထဲတွင် သနားစရာကောင်းအောင် အော်ဟစ်နေသည်။ သူ၏ အသက်စွမ်းအင်များ ယုတ်လျော့လာသည်။ ဝိညာဉ်စွမ်းအားများ စုပ်ယူခံနေရ၏။ အမှောင်ထု၏ ဝါးမြိုခြင်းကို ခံစားနေရပြီး ရင်ထဲတွင် မျှော်လင့်ချက်မဲ့နေသည်။
"တာအိုမိတ်ဆွေ... ကောင်းရာမွန်ရာ ရောက်ပါစေ…"
"မွန်း မွန်း…"
"အား... အား..."
ဝမ်ချွမ်း၏ သနားစရာ အော်ဟစ်သံများ တဖြည်းဖြည်း တိုးသွားသည်။ အနက်ရောင် အခေါင်းကြီးထဲတွင် မီးများ တောက်လောင်နေသည်။ အရိုးပြာပင် မကျန်ခဲ့ပေ။ ချန်ရွှင် နှာခေါင်းရှုံ့လိုက်သည်။ နွားနက်ကြီးလည်း ဘေးနားတွင် တံတွေးကိုထွီခနဲထွေးလိုက်၏။ သူသည် အခေါင်းကို ဖွင့်ပြီး မှောက်ချလိုက်သေး၏။ မီးလောင်ကျွမ်းမှု မကုန်မည်ကို စိုးရိမ်၍ ဖြစ်သည်။ လူတစ်ယောက်နှင့် နွားတစ်ကောင်သည် အခင်းဖြစ်ပွားရာ နေရာကို ရှင်းလင်းလိုက်သည်။ ဘာအစအနမှ မကျန်တော့ပေ။ ပတ်ဝန်းကျင်ရှိ ပန်းမန်များကိုလည်း ရေဝိညာဉ်ပညာဖြင့် ပြန်လည် ပျိုးထောင်ပေးလိုက်သည်။