← Chapters

အခန်း (၉၉-၁၀၀)

Vol. 5 Ch. 99-100

အခန်း (၉၉-၁၀၀)

Vol. 5 Ch. 99-100

အခန်း (၉၉)

"နွားကြီး…"

ချန်ရွှင်သည် ဂူဝတွင် ရပ်တန့်လိုက်သည်။

"ငါတို့ တခြား တောင်တစ်လုံး ပြောင်းကြစို့... ရှင်းလင်းရေး လုပ်ရမယ်…"

"မွန်း…"

နွားနက်ကြီး နားမလည် ဖြစ်သွားသည်။ အလောင်းဖျောက်ပြီး အရိုးပြာပင်ရေ မျှောပြီးပြီ မဟုတ်ပါလော။

"တကယ်လို့ ဒီလူက မလာခင် တစ်ယောက်ယောက်ကို ပြောခဲ့ရင်ကော... သူတို့ ဒီနေရာကို လိုက်လာနိုင်တယ်လေ…"

ချန်ရွှင် မျက်လုံးများ မှေးကျဉ်း သွားပြီး လေးနက်စွာ ပြောလိုက်သည်။

"ငါတို့က ထာဝရအသက်ရှင်မှာ... ရှင်းလင်းရေး လုပ်ဖို့ အချိန်လောက်ပါတယ်... ဒါပေမဲ့ ပြဿနာ တစ်ခုခု တက်လာရင် မသိနိုင်တဲ့ အန္တရာယ်တွေ အများကြီး ရှိလာနိုင်တယ်…"

"မွန်း…"

နွားနက်ကြီး မျက်လုံးများ ပြူးကျယ်သွားပြီး နှာမှုတ်သံ ပြင်းပြင်းတစ်ချက် ပြုလုပ်လိုက်သည်။

"မင်း မေ့သွားပြီလား... ဟိုတုန်းက တောင်ပေါ်ရွာလေးကနေ ထွက်လာတုန်းက ငါ မင်းကို ကြက်သတ်တဲ့ ပုံပြင် ပြောပြခဲ့တာလေ…"

ချန်ရွှင်၏ အသံ တဖြည်းဖြည်း မြင့်တက်လာပြီး နွားနက်ကြီးကို စိုက်ကြည့်နေသည်။

"အခုကတည်းက အကျင့်ကောင်း လုပ်ထားမှ... ခြေလှမ်းတိုင်းကို သတိထားမှ နောက်ကျရင် အမှားမလုပ်မိမှာ…"

"မွန်း..."

နွားနက်ကြီး အော်ဟစ်လိုက်သည်။ သူ သဘောပေါက်သွားပြန်ပြီ။ ချန်ရွှင်အစ်ကိုကြီး၏ တန်ဖိုးရှိသော စကားများကို မှတ်စုစာအုပ်ထဲတွင် ရေးမှတ်ထားချင်စိတ်ပင် ပေါက်လာသည်။

"နွားကြီး... အလုပ်လုပ်မယ်…"

"မွန်း…"

နွားနက်ကြီး ဂူထဲသို့ အမြန် ပြေးဝင်သွားသည်။ ဝိညာဉ်စွမ်းအားများ ထုတ်လွှတ်လိုက်ရာ အစီအရင် အသေးစားလေး စတင် လည်ပတ်လာ၏။ ဂူထဲရှိ မြေအောက်ခန်း ပေါ်လာသည်။ အတွင်းထဲတွင် စိုက်ပျိုးထားသော ဝိညာဉ်ဆေးပင်များ ရှိနေသည်။ တစ်နာရီခန့် ကြာသောအခါ ပစ္စည်းအားလုံး သိမ်းဆည်းပြီးသွားပြီ ဖြစ်သည်။ ဂူတစ်ခုလုံး ပေါက်ကွဲသံ များ ထွက်ပေါ်လာပြီး ကျောက်တုံးအစအနများ ဖုံးလွှမ်းသွားသည်။ နွားနက်ကြီးသည် ကျောက်တုံးကြီးအချို့ကို သယ်ဆောင်လာ၏။ ချန်ရွှင်က လက်တစ်ဖက် ဝှေ့ယမ်းလိုက်ရာ ဝိညာဉ်စွမ်းအားဖြင့် ထိုကျောက်တုံးများကို ဂူဝတွင် အံဝင်ခွင်ကျ ဖြစ်အောင် ပိတ်ဆို့လိုက်သည်။ ပတ်ဝန်းကျင်ရှိ ကျောက်နံရံများနှင့် တစ်သားတည်း ဖြစ်သွားပြီး သဘာဝအတိုင်း ဖြစ်သွားသည်။ မြေတူးသမားများ လာရောက်လျှင်ပင် ဤကျောက်နံရံတွင် ပြဿနာ မရှိကြောင်း၊ အတွင်း၌ ဂူမရှိကြောင်း ပြောဆိုကြပေလိမ့်မည်။

ပုံရိပ်နှစ်ခုသည် အရာအားလုံး စီစဉ်ပြီးနောက် ချင်းချက်း ပျောက်ကွယ်သွားကြသည်။ ဤနေရာတွင် နေထိုင်ခဲ့သည့် ခြေရာလက်ရာ တစ်ခုမျှ မကျန်ရစ်ခဲ့ပေ။ ဝမ်ချွမ်းသည် တစ်ကိုယ်တော် ကျင့်ကြံသူ ဖြစ်သော်လည်း မိဘမဲ့ မဟုတ်ပေ။ ရက်အနည်းငယ် ကြာသောအခါ ဝမ်မိသားစုမှ လူများ တောင်ပေါ်တက် ရှာဖွေကြသည်။ အဘယ်ကြောင့်ဆိုသော် ဝမ်ချွမ်း မလာမီက ဤနေရာတွင် တစ်ယောက်တည်း ကျင့်ကြံမည်ဟု ပြောခဲ့သောကြောင့် ဖြစ်သည်။ ဆုငွေများစွာ ပေးမည်ဟု ကြေညာထားသဖြင့် မြို့ထဲမှ အလုပ်သမားများနှင့် မုဆိုးများလည်း လိုက်လံ ရှာဖွေကြသည်။ မုဆိုးများသည် အမဲလိုက်ခွေးများကို ခေါ်ဆောင်လျက် တောင်ပေါ်တွင် အသည်းအသန် ရှာဖွေကြ၏။ လူတွေ့လျှင် ရွှေတစ်တုံး ပေးမည်ဟု ဆိုသည်။ သို့သော် အမဲလိုက်ခွေးများ ခေါင်းခါကြသည်။ ဘာအနံ့မှ မရပေ။ ဤကိစ္စသည် မြို့ထဲတွင် အဖြေမရှိသော ပုစ္ဆာတစ်ပုဒ် ဖြစ်သွားခဲ့သည်။

...

နောက်ထပ် လဝက်ခန့် ကြာသောအခါ ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် အမည်မသိ တောင်တန်းကြီးတစ်ခုသို့ ရောက်ရှိလာကြသည်။ သူတို့ ဤနေရာတွင် စောင့်ကြည့်နေသည်မှာ ကြာပြီ ဖြစ်၏။ လုံးဝ ဘေးကင်းသည်။ လူသူအရောက်အပေါက် နည်းပါးသည်။ ဤနေရာတွင် မရေမတွက်နိုင်သော တောင်ထွတ်များ ရှိနေသည်။ ပုဇွန်ဆီရောင် နေဝင်ဆည်းဆာ အလင်းရောင်များအောက်တွင် အိပ်မောကျနေသကဲ့သို့ ရှိနေ၏။ နွေဦးရာသီ၏ စိမ်းလန်းစိုပြေမှုများ အနောက်ဘက်တွင် ငြိမ်သက်စွာ တည်ရှိနေသည်။ သူတို့ တောနက်ထဲသို့ ဝင်ရောက်လာကြသည်။ အတွင်းထဲမှ သားရဲကောင်များ၏ အော်ဟစ်သံများ ကြားနေရသည်။ မိစ္ဆာကောင်များပင် ရှိသည်ဟု ကြားသိရ၏။ မုဆိုးတစ်ယောက်မျှ မရှိပေ။ သို့သော် ကမူးရူးထိုး ကောင်များ ရှိခဲ့လျှင် ချန်ရွှင်နှင့် နွားနက်ကြီးတို့က အတွေ့အကြုံနှင့် ရက်စက်မှုဟူသည် ဘာလဲဆိုတာ သင်ပြပေးလိုက်မည် ဖြစ်သည်။

ချန်ရွှင်သည် တောင်ဖြိုပုဆိန်ကို ကိုင်လျက် နောက်ထပ် ဂူတစ်ခု တူးဖော်လိုက်သည်။ နွားနက်ကြီးသည် မြေကြီးပေါ်တွင် တွင်းတူးပြီး အစီအရင် အသေးစားလေးကို ပြင်ဆင်နေသည်။ သူသည် ရံဖန်ရံခါ အပြင်ထွက်ပြီး မြေကြီးအချို့ သယ်လာ၏။ မြေအောက်ခန်းထဲတွင် ရေကန်တစ်ခုပင် ကိုယ်တိုင် တူးဖော်လိုက်သေးသည်။ ချန်ရွှင်ထက်ပင် အလုပ်ပိုရှုပ်နေသည်။ ချန်ရွှင် ကြည့်ပြီး ခေါင်းခါ ရယ်မောနေမိ၏။ ဤ ဝိညာဉ်ဆေးပင် မျိုးစေ့များကို ပျိုးထောင်ရန်အတွက် ဆေးသေတ္တာထဲ ထည့်ထားရုံဖြင့် မလုံလောက်ပေ။ လူတစ်ယောက်နှင့် နွားတစ်ကောင်သည် အလျင်မလိုဘဲ တည်ငြိမ်စွာ လုပ်ဆောင်နေကြသည်။ သက်တမ်းဟူသည်မှာ သူတို့အတွက် ကိန်းဂဏန်းတစ်ခုသာ ဖြစ်နေပြီ ဖြစ်သည်။

နောက်တစ်နေ့တွင် ရာသီဥတု အုံ့မှိုင်းနေသည်။ နွားနက်ကြီး အလုပ်ရှုပ်နေဆဲ ဖြစ်သည်။ ရံဖန်ရံခါ ချန်ရွှင်ကို “မွန်း”ခနဲ လှမ်းအော်လိုက်၏။ ချန်ရွှင်သည် ဂူဝတွင် ထိုင်လျက် သူ၏ အဝါရောင်အဆင့် တောင်ဖြိုပုဆိန်ကို ကြည့်ကာ စဉ်းစားခန်း ဝင်နေသည်။ စိတ်ပျက်နေပုံလည်း ရ၏။

"တောက်..."

ချန်ရွှင် တိုးတိုးလေး ကျိန်ဆဲလိုက်သည်။ ဆင်းရဲလွန်းသဖြင့် ဘာမှ မဝယ်နိုင်ပေ။ လမ်းတွင်လည်း ကုန်ကြမ်းပစ္စည်း ဘာကိုမျှ မကောက်ရခဲ့ပေ။ သူနှင့် နွားနက်ကြီးတို့ ကံမကောင်းဟု တညီတညွတ်တည်း သတ်မှတ်ထားလိုက်ကြသည်။ သူသည် သိုလှောင်အိတ်ထဲမှ ကြိုးကြာဖြူသစ်ပင် ပျိုးပင်ကို ထုတ်လိုက်သည်။ နှုတ်ခမ်းထောင့်စွန်းများ ကွေးညွတ်သွား၏။

"ငါ့ သူငယ်ချင်းရေ... မင်းပဲ အနစ်နာခံပြီး စမ်းသပ်ခံလိုက်ပါတော့…"

ချန်ရွှင် မျက်လုံးများ အရောင်တောက်လာသည်။ တောင်ဖြိုပုဆိန်ကို သတ္တုနှင့်ပင် လုပ်ရမည်ဟု မည်သူ ပြောသနည်း။ ကြိုးကြာဖြူသစ်ပင်နှင့်လည်း လုပ်၍ ရသည်ပင်။ ထို ကြိုးကြာဖြူသစ်ပင်ဘုရင်ဆိုလျှင် သူ ယခုလက်ရှိ ပုဆိန်နှင့် ခုတ်လျှင်ပင် မပေါက်နိုင်ပေ။ ပြီးတော့ ကြောက်မက်ဖွယ် အငွေ့အသက်များ ပါရှိသေးသည်။ ဝိညာဉ်စွမ်းအားနှင့် အသက်စွမ်းအင်များကို စုပ်ယူနိုင်သော အရာဖြစ်သည်။

"ဟုတ်ပြီ"

ချန်ရွှင် ရုတ်တရက် မတ်တပ်ရပ်ပြီး အော်ဟစ်လိုက်သည်။ မျက်လုံးထဲတွင် ထိတ်လန့်အံ့သြမှုများ ပါဝင်နေသည်။ သူ သဘောပေါက်သွားပြီ ဖြစ်၏။

"မွန်း…"

နွားနက်ကြီး မြေကြီးထဲမှ ခေါင်းပြူထွက်လာသည်။

"နွားကြီး... ငါတို့ လမ်းမှား လျှောက်ခဲ့တာ ဘယ်လောက်ကြာပြီလဲ…"

ချန်ရွှင် နွားနက်ကြီးကို ကြည့်ပြီး ဝမ်းသာအားရ ရယ်မောလိုက်သည်။

"မင်းရဲ့ အခေါင်းတောင် ကြိုးကြာဖြူသစ်ပင် နဲ့ လုပ်လို့ရတာ ငါ့ တောင်ဖြိုပုဆိန် က ဘာလို့ မရရမှာလဲ…"

"မွန်း... မွန်း မွန်း..."

နွားနက်ကြီးလည်း စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။ အရိပ်မည်းတစ်ခု ခုန်ထွက်လာ၏။ "မွန်း မွန်း…"

"ဟား… ဟား... ဖြစ်တယ်... သေချာပေါက် ဖြစ်တယ်…"

ချန်ရွှင် ပြောရင်း စိတ်လှုပ်ရှားလာပြီး နွားနက်ကြီးကို ပွေ့ဖက်လိုက်သည်။

"မွန်း..."

နွားနက်ကြီး လန့်သွားသည်။

"ဟား... ဟား… စမယ် စမယ်…"

ချန်ရွှင် အလွန်စိတ်လှုပ်ရှားပြီးနောက် ပြန်လည်ငြိမ်သက်သွားသည်။

"နှစ်တစ်သောင်း..."

"မွန်း…"

နွားနက်ကြီး မြေကြီးပေါ်တွင် သင်္ချာ စတွက်နေပြန်သည်။ ခေါင်းပေါ်တွင် ချွေးစေးများ ပြန်လာ၏။

"နွားကြီး... မင်း အရင် သွားလုပ်စရာ ရှိတာ လုပ်... ငါ ထပ်စဉ်းစားလိုက်ဦးမယ်…"

"မွန်း…"

နွားနက်ကြီး ထွက်သွားခါနီး ချန်ရွှင်ကို နှစ်သိမ့်သလို ပုတ်လိုက်သေးသည်။ သင်္ချာတွက်ရသည်မှာ အနည်းငယ် ခက်ခဲလှသည်။

ချန်ရွှင် ဂူဝတွင် ပြန်ထိုင်ပြီး စဉ်းစားခန်း ဝင်နေသည်။ သူ တိုးတိုးလေး ရေရွတ်လိုက်၏။

"မူလစွမ်းအင်... အခြေခံတည်ဆောက်ခြင်းအဆင့် မှာ တစ်လကို နှစ် (၂၅၀)... ရွှေအမြူတေအဆင့် ဆိုရင်... နှစ် (၄၅၀) ပဲ…"

"ဆေးပင်တွေ အရင် ပျိုးထောင်ပြီး အဆင့်တက်မယ်... ပြီးမှ ကိုယ်ပိုင် လက်နက် လုပ်မယ်…"

ချန်ရွှင် ခေါင်းညိတ်လိုက်သည်။ စဉ်းစားလေ ဟုတ်လေ ဖြစ်နေသည်။ အကယ်၍ ကြိုးကြာဖြူသစ်ပင်ကို ပျိုးထောင်နေလျှင် သူတို့၏ ဆေးပင်များကို ပျိုးထောင်၍ ရတော့မည် မဟုတ်ပေ။ ဒါက အဓိပ္ပာယ်မရှိဘဲ အချိန်ဖြုန်းသလို ဖြစ်နေမည်။ ချန်ရွှင် စာအုပ်လေးကို ထုတ်ပြီး ရေးမှတ်လိုက်သည်။ သူ့မျက်လုံးများ လေးနက်နေ၏။ နွားနက်ကြီး၏ အခေါင်းကို တကယ်တော့ ထပ်ပြီး အဆင့်မြှင့်၍ ရသေးသည်။ သို့သော် သူတို့၏ ရေဝိညာဉ်ပညာသည် ဝိညာဉ်စွမ်းအား အကူအညီ ရနေသော်လည်း အကယ်၍ အခေါင်းကို ဆက်ပြီး အဆင့်မြှင့်လိုက်လျှင် ကြောက်မက်ဖွယ် အရှိန်အဝါကို ထိန်းချုပ်နိုင်တော့မည် မဟုတ်ပေ။ သူတို့ ဤအပိုင်းမှာ စွမ်းရည် မမီသေးပေ။

"ရေဝိညာဉ်ပညာ က တကယ်ပဲ (၃) ဆင့်တည်း ရှိတာလား..."

ချန်ရွှင် ကောင်းကင်ကို မော့ကြည့်လိုက်သည်။ ဂါထာမန္တန်ပေါင်းများစွာ ကျင့်ကြံဖူးသော်လည်း ဤ ရေဝိညာဉ်ပညာက အတော်လေး ထူးဆန်းသည်ဟု သူ ခံစားနေရသည်။ ပြီးတော့ ကြိုးတစ်ထောင်အပင်ကိုလည်း သူတို့ သက်တမ်းကုန်ဆုံးသည်အထိ မပျိုးထောင်ရသေးပေ။ အဓိကမှာ ဆေးမီးတောက်နှင့် မီးရှို့လျှင် မပြတ်မည်ကို စိုးရိမ်၍ ဖြစ်သည်။ အမျှင်ထုတ်၍ မရမည်ကို စိုးရိမ်သောကြောင့် ဖြစ်၏။ လုပ်စရာများက များလွန်းသည်။ ချန်ရွှင် သက်ပြင်းချလိုက်သည်။ ပြီးတော့ တိတ်တဆိတ် ပြုံးလိုက်၏။ သူတို့က ထာဝရအသက်ရှင်မည်ပင် မဟုတ်ပါလား။

ကျင့်ကြံခြင်းတွင် နစ်မြုပ်နေသဖြင့် အချိန်ကုန်၍ ကုန်မှန်းပင်မသိပေ။ တောင်ပေါ်မှ သားရဲကောင်များ ဒုက္ခရောက်ကုန်ကြသည်။ တောင်တန်းပေါ်တွင် လူရိုင်း ပြန်လည် ပေါ်ထွက်လာ၏။ နွားရိုင်းက အနောက်မှ လိုက်ပါပြီး တစ်ဖန် တိုက်ခိုက်နေသည်။ သားရဲကောင် အများအပြား ညတိုင်း နာကျင်စွာ အော်ဟစ်နေကြသည်။ "မစားကြပါနဲ့တော့ကွာ" ဟု အော်ဟစ်နေကြသကဲ့သို့ပင်ရှီသည်။ လအနည်းငယ် ကြာတိုင်း လူရိုင်းနှင့် နွားရိုင်းသည် ဂူထဲမှ ထွက်လာကြသည်။ သူတို့ တောင်ကျော်ပြီး အမဲလိုက်ကြသည်။ ပါးစပ်မှလည်း တဟားဟား၊ တဟီးဟီး ရယ်မောသံများ ထွက်ပေါ်နေ၏။

ချင်နိုင်ငံနှင့် ဝူနိုင်ငံ လူ့သားလောကသည် ထိပ်သီး ဂိုဏ်းကြီး (၁၀) ဂိုဏ်း၏ အုပ်ချုပ်မှုအောက်တွင် အေးချမ်းသာယာနေသည်။ ယခုထိ အသက်ရှင်နေသော ပြည်သူများသည် မည်သူ့ဘိုးဘေးက အင်မော်တယ် မျိုးဆက် မပါဟု ပြောနိုင်မည်နည်း။ မဟုတ်လျှင် ယခုထိ အသက်ရှင်နေပါဦးမည်လော။ ထို့ကြောင့်လည်း ကျင့်ကြံခြင်းလောကမှာ မျိုးဆက်မပြတ်ဘဲ ဆက်ရှိနေခြင်း ဖြစ်သည်။ လူ့လောကမှာ ကျင့်ကြံခြင်း ပါရမီရှင်များ မကြာခဏ ပေါ်ထွက်လာတတ်သည်။ မျိုးရိုးဗီဇ ပြန်ပေါ်လာသလိုမျိုး ဖြစ်သည်။ သမိုင်းတစ်လျှောက်တွင် အဆင့်မြင့် ကျင့်ကြံသူများက အပြစ်မဲ့ ပြည်သူများကို သတ်ဖြတ်ခြင်း၊ မြို့ထဲမှာ တိုက်ခိုက်ပြီး သွေးချောင်းစီးခြင်းမျိုးများ ရှိသော်လည်း နည်းပါးသည်။ စစ်ပွဲကာလကတော့ မပါပေ။

သို့သော် ယခုခေတ်တွင် ထိုသို့လုပ်၍မရ။ ထိပ်သီး ဂိုဏ်းကြီး (၁၀) ဂိုဏ်းက ပြဿနာရှာသူကို အရင် သတ်ပစ်လိုက်လိမ့်မည်။ ချန်ရွှင် ဝူယွင်ဂိုဏ်းမှာ ရှိစဉ်က အပြင်စည်း ဂိုဏ်းအလုပ်အကိုင်ဋ္ဌာနက ဂျိခွန်တို့ကို အပြင်လွှတ်ပြီး မိစ္ဆာကျင့်ကြံသူများကို ရှင်းလင်းခိုင်းသည်ကို မကြာခဏ တွေ့ဖူးသည်။ ထိပ်သီး ဂိုဏ်းကြီး (၁၀) ဂိုဏ်း ဆိုလျှင် ပြောစရာပင် မလိုတော့ပေ။ သာမန်လူများ၏ အသက်သည် တန်ဖိုးမရှိသော်လည်း ကျင့်ကြံသူများ စိတ်ကြိုက် နင်းချေခွင့် မရှိပေ။ လူ့စည်း ဘီလူးစည်းဆိုသည်မှာ အားလုံးလိုက်နာရသည်ပင်ဖြစ်လေသည်။

အခန်း (၁၀၀)

အချိန်ကာလများသည် ဘဝ၏ လှပသော ပန်းချီကားချပ်များကို ရေးဆွဲနေသလို ဒုက္ခဆင်းရဲများကြားမှ လူသားတို့၏ ကြံ့ခိုင်မှုနှင့် ဇွဲလုံ့လများကိုလည်း မှတ်တမ်းတင်နေသည်။ ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် တောင်ပေါ်တွင် အေးချမ်းစွာဖြင့် နှစ်ပေါင်း (၅၀) တိုင်တိုင် နေထိုင်ခဲ့ကြပြီး ယခုအခါ အခြေခံတည်ဆောက်ခြင်း အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ နတ်အသိသည် များစွာ တိုးတက်လာခြင်း မရှိသော်လည်း ဝိညာဉ်စွမ်းအားမှာမူ အလွန် နက်ရှိုင်းလာသည်။ အခြေခံတည်ဆောက်ခြင်း နောက်ဆုံးအဆင့် ကျင့်ကြံသူများနှင့် ယှဉ်လျှင် ကွာခြားမှု ကြီးမားလှ၏။

ထို့အပြင် သူတို့၏ အခြေခံအုတ်မြစ်သည် အလွန် ခိုင်မာနေသည်။ သူတို့သည် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများ၏ သက်တမ်းကို ကျော်လွန်နေပြီ ဖြစ်ရာ သာမန်လူများအနေဖြင့် သူတို့ကဲ့သို့ လုပ်ဆောင်ရန် မဖြစ်နိုင်ပေ။ ဤနှစ်များအတွင်း ဓာတ်ငါးပါးပေါင်းစပ်ဆေးအတွက် လိုအပ်သော ဆေးပင်မျိုးစုံကို နွားနက်ကြီးက ပျိုးထောင်ပေးထားသဖြင့် ချန်ရွှင် စိတ်ကြိုက် ဖြုန်းတီးနိုင်သည်။ သူတို့သည် သက်တမ်းအမှတ်များကို ခွန်အားနှင့် မူလစွမ်းအင်တွင် ပေါင်းထည့်ခဲ့ကြသည်။ ယခု သူတို့၏ စွမ်းရည်အမှတ်များမှာ - ခွန်အား ၆၂ (၅၀) အမြန်နှုန်း ၉၀ (၅၀) မူလစွမ်းအင် ၉၀ (၅၀) ဝိညာဉ်စွမ်းအား ၉၀ (၅၀) ခံစစ်စွမ်းရည် ၉၀ (၅၀) တို့ ဖြစ်ကြသည်။

ဂူအတွင်း၌...

နွားနက်ကြီးသည် စိုးရိမ်တကြီး ဖြစ်နေသည်။ ပန်းပွင့်များ ကြဲဖြန့်နေပြီး ရံဖန်ရံခါ ချန်ရွှင်၏ ပခုံးကို နှိပ်နယ်ပေးနေသည်။ ချန်ရွှင်သည် မြေကြီးပေါ်တွင် တင်ပျဉ်ခွေ ထိုင်နေ၏။ အောက်တွင် ကျားသစ်သားရေကို ခင်းထားသည်။ အရှိန်အဝါများ မြင့်တက်နေပြီး မျက်လုံးထဲတွင် လောကကြီးကို အနိုင်ယူမည့် ပုံစံမျိုး ပေါက်နေသည်။

"မင်္ဂလာအချိန်အခါ ကျရောက်ပြီ ငါ ဆေးမီးဖို ဖွင့်ပြီး ဆေးဖော်တော့မယ် နတ်ကောင်းနတ်မြတ်များ စောင့်ရှောက်တော်မူကြပါ ပြီးတော့ ခင်ဗျားတို့..."

ချန်ရွှင် စကားရပ်လိုက်သည်။ မျက်လုံးထဲတွင် အေးစက်သော အလင်းရောင်များ ထွက်ပေါ်လာပြီး ဖြည်းညှင်းစွာ ပြောလိုက်သည်။

"ကျုပ်ကို မျက်နှာသာပေးစမ်း…"

"မွန်း…"

နွားနက်ကြီး မျက်လုံးများ ပြူးကျယ်သွားပြီး ခြေထောက်များ တုန်ရီနေ၏။ သူဆိုလျှင် ထိုသို့ ပြောရဲရန်ဝေးစွ အိပ်မက်ထဲမှာတောင် မတွေးရဲပေ။ သူ့အစ်ကိုကြီးက တကယ့်ကို မိုက်ပေသည်။

"နွားကြီး... ဆေးပင် ယူလာခဲ့…"

"မွန်း…"

နွားနက်ကြီး ခွာတစ်ဖက် ဝှေ့ယမ်းလိုက်ရာ နှစ်တစ်ထောင် သက်တမ်းရှိ ဆေးပင် အမြောက်အမြား ရောက်ရှိလာသည်။ ဆေးပင်များသည် ဝိညာဉ်အငွေ့အသက်များ ပြည့်နှက်နေသည်။ သို့သော် ဂူတစ်ခုလုံးကို သူ့အစီအရင်ဖြင့် လုံးဝ ဖုံးကွယ်ထားပြီး ဖြစ်သဖြင့် ချန်ရွှင် ဆေးဖော်ခြင်းကို မည်သည့်အရာကမျှ မနှောင့်ယှက်နိုင်ပေ။

"ဟမ့်... သာမန် ဓာတ်ငါးပါးပေါင်းစပ်ဆေး လောက်က ဘာခက်ခဲမှာလဲ မီးဖို လာစမ်း…"

ချန်ရွှင် အော်ဟစ်လိုက်သည်။ ဆေးမီးဖို လေထဲသို့ လည်ပတ်တက်သွား၏။ မီးခိုးရောင် ဆေးမီးတောက် ငါးခု လေထဲတွင် တောက်ပနေပြီး အေးစက်လွန်းလှသည်။ သူ မျက်လုံးကို အနည်းငယ် မှေးစင်းလိုက်ကာ နတ်အသိကို ဖြန့်ကျက်လိုက်သည်။ လက်ချောင်းများ လှုပ်ရှား၍ ဂါထာမန္တန် တစ်ခု ရွတ်ဆိုလိုက်၏။ ကြီးမားသော ဝိညာဉ်စွမ်းအားများဖြင့် ဆေးပင်များကို ဆက်တိုက် ထိန်းချုပ်လိုက်သည်။ နွားနက်ကြီးက မြေအောက်ခန်းထဲသို့ အမြန် ဝင်ပုန်းလိုက်သည်။ ခေါင်းတစ်လုံးသာ ပြူထွက်နေ၏။ သူ့ နတ်အသိကို အပြင်သို့ ဖြန့်ကျက်ထားပြီး အပြင်ဘက် အခြေအနေကို အချိန်မရွေး စောင့်ကြည့်နေသည်။

တစ်နှစ် ကြာပြီးနောက်...

ဂူထဲမှ ထူးဆန်းသော ရယ်သံကြီး ထွက်ပေါ်လာသည်။

“ဟားဟားဟားဟား….အီးဟီးဟီး”

"ငါ့ကို ဒီလောက်တောင် မျက်နှာသာ မပေးကြဘူးလား…"

"မွန်း မွန်း…"

နောက်ထပ် အချိန်များ ကုန်ဆုံးသွားပြန်သည်။ ဂူထဲမှ သင်ခန်းစာရသွားသည့် အသံ ထွက်ပေါ်လာသည်။

"ဟဲ... နွားကြီး အမွှေးတိုင်ထွန်း ရေချိုးပြီး နတ်ကောင်းနတ်မြတ်တွေကို ရှိခိုးကြမယ်…"

"မွန်း မွန်း…"

နောက်ထပ် တစ်နှစ် ကုန်ဆုံးသွားပြန်သည်။ ရပ်တန့်၍ မရသော အရာသည် အချိန်ကာလ ဖြစ်ပြီး မေ့မရနိုင်သော အရာသည် ဆေးဖော်ခြင်း ဖြစ်၏။ ဂူထဲမှ ရိုသေလေးစားသော အသံ ထွက်ပေါ်လာသည်။

"ကျွန်တော်မျိုး အရင်တုန်းက နားမလည်လို့ စော်ကားမိပါတယ် ခွင့်လွှတ်ပေးကြပါနတ်မင်းအပေါင်းတို့ခင်ဗျာ…"

"မွန်း..."

လေပြေ လေး တိုက်ခတ်သွားသည်။ ပန်းများ ပွင့်လိုက် ကြွေလိုက် ဖြင့် ဘ၀သည် ခြားရဟတ်လိုလည်ပတ်နေ၏။ နောက်ထပ် တစ်နှစ် ကုန်ဆုံးသွားပြန်သည်။ ဂူထဲမှ ရင်ဘတ်စည်တီး အော်သံကြီး ထွက်ပေါ်လာသည်။

"မင်းတို့အရမ်းလွန်နေပြီ နတ်မင်းတွေ…"

"မွန်း..."

လေးနှစ် ကြာပြီးနောက်...

ဂူဝမှ ကျောက်တုံးကြီး အုန်းခနဲ ပေါက်ကွဲသွားသည်။ အစီအရင် အလံတိုင် တစ်တိုင် လွင့်စင်ထွက်သွား၏။ နွားနက်ကြီး စိုးရိမ်တကြီး အော်ဟစ်လိုက်သည်။ ပစ္စည်းထိန်းချုပ်ခြင်းပညာကို အသုံးပြုပြီး သူ့အလံတိုင်ကို အမြန် ဖမ်းယူလိုက်သည်။ သူ ဂူဝတွင် ကွေးကွေးလေး ထိုင်နေပြီး လူတစ်ယောက်ကို ကြောက်ကြောက်ရွံ့ရွံ့ ကြည့်နေ၏။

"ရှစ်နှစ်... ရှစ်နှစ်တိတိ... ဟားဟားဟား..."

ထိုသူသည် ရူးသွပ်နေသည့်ပုံ ပေါက်နေသည်။ မျက်လုံးများနီနေပြီး ဆံပင်များ ဖရိုဖရဲ ဖြစ်နေသည်။ သူက ဂူအပြင်ဘက်သို့ တစ်လှမ်းချင်း လျှောက်လာသည်။ သူ နွားနက်ကြီးကို ရုတ်တရက် ကြည့်လိုက်သည်။ နွားနက်ကြီး တစ်ကိုယ်လုံး တုန်ခါသွားသည်။ မျက်လုံးများ ပင် ပြူးကျယ်သွား၏။ နွားနက်ကြီးက တိုးတိုးလေး အော်မြည်လိုက်သည်။ ချန်ရွှင်သည် ဝိညာဉ်စွမ်းအား ဤမျှ ကြီးမားလာပြီး ဂါထာမန္တန် အထောက်အကူများ ရှိတာတောင်မှ ရွှေဓာတ်ပေါင်းစပ်ဆေး တစ်လုံး ဖော်စပ်ဖို့ သည်မျှ ခက်ခဲလိမ့်မယ်လို့ မထင်ထားမိပေ။

"နွားကြီး…"

"မွန်း…"

နွားနက်ကြီး တုန်ခါသွားသည်။ အမြီးကို အလိုလို ယမ်းလိုက်မိသည်။

"အောင်မြင်ပြီ... ငါ နည်းလမ်း ရှာတွေ့ပြီ…"

ချန်ရွှင် မျက်လုံးထဲတွင် ရုတ်တရက် ဝမ်းသာမှုများ ပေါ်လာသည်။ ခံစားခဲ့ရသမျှ ဒုက္ခများ အကျိုးရှိသွားပြီ ဖြစ်၏။

"မွန်း.."

နွားနက်ကြီး စိတ်လှုပ်ရှားစွာဖြင့် ချန်ရွှင်၏ ကိုယ်ပေါ် ခုန်တက်လိုက်သည်။ ချန်ရွှင် တဟားဟား ရယ်မောလိုက်ပြီး နွားနက်ကြီးကို ပုတ်ကာ စိတ်ချပါဟု ပြောလိုက်သည်။

မွန်းတည့်ချိန် နေရောင်ခြည်သည် တောက်ပလွန်းလှသည်။ ပွင့်လန်းနေသော ပန်းပွင့်များကဲ့သို့ လှပနေ၏။ ချန်ရွှင် လက်ကို မြှောက်လိုက်သည်။ လက်ညှိုးနှင့် လက်မကြားတွင် ရွှေဓာတ်ပေါင်းစပ်ဆေးကို ကိုင်ထားသည်။ ခေါင်းပေါ် မြှောက်တင်လိုက်ပြီး နေရောင်ကို ဖြတ်သန်း ကြည့်ရှုလိုက်ရာ ထူးဆန်းသော ဝိညာဉ်အလင်းရောင်များ ဖြာထွက်နေသည်။ နွားနက်ကြီး ဘေးမှနေ၍ ကြောင်ငေးနေ၏။ ရွှေဓာတ်ပေါင်းစပ်ဆေးသည် ငုံးဥ အရွယ်အစားခန့်သာ ရှိသော်လည်း အပြင်ဘက်တွင် ရွှေရောင် တောက်ပနေပြီး အလယ်တွင် နက်ရှိုင်းသော အရောင်တစ်ခု ပါရှိနေသည်။ လုံးဝန်းပြီး ပြည့်စုံနေ၏။

ချန်ရွှင် သူ့လက်ရာကို ကြည့်ပြီး ကျေနပ်နေသည်။ တကယ့်ကို ပြီးပြည့်စုံသော အနုပညာ လက်ရာတစ်ခုပါလား။ စုဆောင်းထားသင့်သော ပစ္စည်းပင်။ သည်ရှစ်နှစ်အတွင်း သူတို့သည် သက်တမ်းအမှတ်များကို မူလစွမ်းအင်တွင် ဆက်လက် ပေါင်းထည့်ခဲ့ကြသည်။ အဆင့်တက်မည့် အချိန်သည် ကြိုးကြာဖြူသစ်ပင်ဘုရင်ကြီး သေဆုံးမည့်နေ့ပင် ဖြစ်သည်။

"နွားကြီး... မြစ်ထဲ သွားပြီး ရေစိမ်ကြမယ် ရက်နည်းနည်းလောက် နားမယ်…"

ချန်ရွှင် လေပူတစ်ချက် မှုတ်ထုတ်လိုက်သည်။ သူ စဉ်းစားစရာများ ရှိသေးသည်။ ဒါက အလယ်အလတ်အဆင့် ရွှေဓာတ်ပေါင်းစပ်ဆေးသာ ရှိသေး၏။

"မွန်း မွန်း…"

နွားနက်ကြီး ရယ်မောလိုက်သည်။ ကိုယ်ပေါ်မှ ဝိညာဉ်စွမ်းအားများ ထွက်ပေါ်လာသည်။ ဂူတစ်ခုလုံး ပုံရိပ်ယောင် အစီအရင်ဖြင့် ဖုံးကွယ်သွား၏။ အတွင်းထဲတွင် အဖိုးတန်ပစ္စည်းများ များစွာ ရှိသဖြင့် သားရဲကောင်များ လာရောက် တူးဆွသွားမည်ကို စိုးရိမ်ရသည်။ ချန်ရွှင်လည်း သဘောတူလိုက်သည်။ နှစ်ပေါင်းများစွာ နေထိုင်ခဲ့သော်လည်း သည်နေရာတွင် လူမရှိသဖြင့် အစီအရင် ရှိနေသည်ကို မည်သူမျှ သတိထားမိမည် မဟုတ်ပေ။ လူတစ်ယောက်နှင့် နွားတစ်ကောင်သည် တဖြည်းဖြည်း ဝေးကွာသွားကြသည်။ ထာဝရအသက်ရှင်ခြင်းနှင့် ကျင့်ကြံခြင်းတွင် အလုပ်နှင့် အနားယူမှု မျှတမှသာ စိတ်ကြည်လင်မည် ဖြစ်သည်။

တောင်တန်းထဲတွင် မြစ်ငယ်လေးတစ်စင်း ငြိမ်သက်စွာ စီးဆင်းနေသည်။ နေရောင်အောက်တွင် ရေပြင်သည် လက်လက်ထနေ၏။ သစ်ရွက်အချို့ ရေပြင်ပေါ်တွင် ဖြတ်သန်း မျောပါသွားကြသည်။ ရုတ်တရက် ရေပြင်ပေါ်တွင် စွမ်းအင်လှိုင်းကြီးများ ထလာသည်။ ကြည်လင်သော ရေစက်များ လွင့်စင်သွား၏။

"နွားကြီး... ဟိုမှာ... ငါးကြီးဟေ့ ဟိုမှာ ထိုးလိုက်…"

"မွန်း…"

"ဟားဟား... နွားကြီး... မင်း မရပါဘူး…"

"မွန်း…"

ချန်ရွှင်နှင့် နွားနက်ကြီးတို့ ဝိညာဉ်စွမ်းအား မသုံးကြပေ။ သူက လက်ထဲတွင် မှိန်းကို ကိုင်ထားသည်။ နွားနက်ကြီးက ပါးစပ်ဖြင့် ကိုက်ပြီး ငါးဖမ်းနေ၏။

လူတစ်ယောက်နှင့် နွားတစ်ကောင် ပျော်ရွှင်စွာ ဆော့ကစားနေကြသည်။ တခါတလေ စိတ်မရှည်လျှင် ချန်ရွှင်က ပုဆိန်ဖြင့် ခုတ်ချလိုက်သည်။ နွားနက်ကြီး စိတ်မရှည်လျှင် ဝိညာဉ်စွမ်းအား သုံးလိုက်သည်။ ငါးက ရေထဲက မထွက်ခင်မှာပင် ကျက်သွားသည်။ သူက တန်းပြီး စားလိုက်၏။ ညဘက်တွင် ကောင်းကင်၌ ကြယ်များ စုံလင်နေသည်။ ကြယ်များက မရွေ့လျားသော်လည်း ရေထဲမှ အရိပ်များက ရေစီးနှင့်အတူ မျောပါနေသည်။ ကြယ်များက ရေစီးနှင့်အတူ ပျောက်ကွယ်သွားသကဲ့သို့ထင်ရသည်။ ရေပြင်ပေါ်တွင် မျက်နှာနှစ်ခုနှင့် မီးပုံတစ်ခု၏ အရိပ် ပေါ်နေသည်။ မီးပုံပေါ်တွင် ငါးကင်များ ရှိနေ၏။

"နွားကြီး... မင်း ပင်လယ် မြင်ဖူးလား…"

"မွန်း…"

နွားနက်ကြီး နားမလည်စွာ ခေါင်းခါလိုက်သည်။ ပင်လယ်ဆိုသည်မှာ မြစ်ပင် မဟုတ်ပါလား။

"မင်းကို မလှောင်ပါဘူး... ငါလည်း မမြင်ဖူးဘူး..."

ချန်ရွှင် ရိုးသားစွာ ပြောလိုက်သည်။ အရင်ဘဝတုန်းကတော့ အင်တာနက်ပေါ်တွင် မြင်ဖူး၏။

"ငါ ချင်နိုင်ငံ မြေပုံ ကြည့်ဖူးတယ် ငါတို့ဆီမှာ မရှိဘူး…"

နွားနက်ကြီး ငါးကင်စားရင်း စဉ်းစားနေသည်။ ပြီးတော့ ခေါင်းခါလိုက်သည်။ စိတ်ကူးလို့ မရပေ။

"နောက်ကျရင် ငါတို့ ကောင်းကင်လွင်ပြင်ကြီး ကို ဖြတ်ပြီး ဒဏ္ဍာရီထဲက အနောက်အရပ်က မဟာအင်အားကြီးနိုင်ငံကို ရောက်ရင် ပင်လယ် ရှိချင်ရှိမှာ…"

"မွန်း…"

နွားနက်ကြီး မျက်လုံးများ ပြူးကျယ်သွားပြီး ရုတ်တရက် စိတ်လှုပ်ရှားသွားသည်။

"ဟဲ… ဟဲ... ငါတို့ သွားရမယ့် နေရာတွေ အများကြီး ကျန်သေးတယ် အရင်ဆုံး စွမ်းရည် မြှင့်တင်ရမယ်…"

ချန်ရွှင် ပါးစပ်တွင် ဆီများ ပေကျံနေကာ တွေးမိတွေးရာ စိတ်ကူးယဉ်နေသည်။

"အဲဒီကျရင် ငါတို့ သင်္ဘောကြီး တစ်စင်း ဆောက်ပြီး မင်းကို ခေါ်ပြီး ပင်လယ်ထဲ ငါးဖမ်းထွက်မယ်…"

"မွန်း…"

နွားနက်ကြီး ငါးကင် မစားတော့ဘဲ ချန်ရွှင်ဘေးသို့ အမြန် ပြေးသွားကာ ပျော်ရွှင်စွာ ပွတ်သီးပွတ်သပ် လုပ်နေသည်။ သူ့ပါးစပ်က ဆီများ ချန်ရွှင် ကိုယ်ပေါ် ပေကျံကုန်သည်။ သို့သော် ချန်ရွှင် သတိမထားမိပေ။

"နွားကြီး... သွားကြစို့ ငါတို့ ဓာတ်ငါးပါးပေါင်းစပ်ဆေး ဖော်ပြီးရင် ပြည်နယ်နှစ်ခု ကြားနယ်မြေကို သွားကြမယ်…"

ချန်ရွှင် လက်ခုပ်တီးလိုက်သည်။ အမှိုက်လှည်းပညာ သုံးလိုက်ရာ တစ်ကိုယ်လုံး သန့်ရှင်းသွား၏။ အညစ်အကြေး တစ်စက်မျှ မကျန်တော့ပေ။

"ဒီလိုနေရာမျိုးမှာ ရွှေအမြူတေ ဖွဲ့စည်းရင် ဖြစ်လာမယ့် ထူးခြားဖြစ်စဉ်တွေက အားလုံးကို ထိတ် လန့်သွားစေလိမ့်မယ် ရွှေအမြူတေ ဖွဲ့စည်းတာက အရေးကြီးတယ် သတိထားပြီး လုပ်ဆောင်ရမယ်…"

"မွန်း…"

ဝိညာဉ်စွမ်းအားများ မြေကြီးပေါ် ဖြတ်သန်းသွားသည်။ အရာအားလုံး ပျောက်ကွယ်သွား၏။ ကျင့်ကြံခြင်း ဟူသည်မှာ သူတို့အတွက်မူ ဘဝကို ပိုပြီး ပျော်ရွှင်စွာ နေထိုင်နိုင်ဖို့ သက်သက်ပင် ဖြစ်သည်။

သူတို့သည် စည်းကမ်းရှိသော နေ့ရက်များကို ပြန်လည် စတင်ကြသည်။ ချန်ရွှင်က ဆေးဖော်ရင်း အတွေ့အကြုံ ယူသည်။ နွားနက်ကြီးက ဘေးမှနေ၍ ကူညီပေးသည် သို့မဟုတ် ဆေးပင် ပျိုးထောင်သည်။ အားလျှင် အစီအရင်ပညာ လေ့လာသည်။ ထာဝရအသက်ရှင်ခြင်း လမ်းစဉ်တွင် သည်လူတစ်ယောက်နှင့် နွားတစ်ကောင်သည် အထီးကျန်ခြင်းဆိုတာ ဘာလဲ မသိကြပေ။ ရင်ထဲတွင် အနာဂတ်အတွက် မျှော်လင့်ချက်များသာ ရှိနေသည်။

အချိန်ကာလများ ကုန်ဆုံးသွားသည်။ မသိလိုက်ဘာသာနှင့် အတိတ်ကာလများ ကုန်ဆုံးသွားသည်။ နောက်ထပ် နှစ် (၅၀) ကြာမြင့်သွားပြန်သည်။ ဝူယွင်ဂိုဏ်းတွင်လည်း အမည်မသိ ဂူသင်္ချိုင်းတစ်ခု ထပ်တိုးလာသည်။

ဂျူနီယာညီလေး ချန်ရွှင်၏ အုတ်ဂူ...

ချင်နိုင်ငံနှင့် ဝူနိုင်ငံတွင်လည်း ပါရမီရှင်များစွာ ထွက်ပေါ်လာပြီး တံခါးပိတ် ကျင့်ကြံရာမှ ထွက်လာကြသည်။ သူတို့သည် ခေတ်ပြိုင်ချင်း ယှဉ်ပြိုင်ကြပြီး တိုက်ပွဲများကြားတွင် အဆင့်တက်ရန် ကြိုးစားကြသည်။ လေငြိမ်သော်လည်း သစ်ပင် သည် မငြိမ်သက်နိုင်သကဲ့သို့ ကျင့်ကြံခြင်းလောက အခြေအနေ တည်ငြိမ်သွားသော်လည်း ပဋိပက္ခများကမူ ဘယ်တော့မှ ရပ်တန့်မည် မဟုတ်ပေ။ ဂိုဏ်းအများအပြား ပဋိပက္ခ ဖြစ်ပွားကြသည်။ လက်တွေ့ တိုက်ခိုက်ပြီးမှ အဖြေပေါ်သည်။ နိုင်ငံနှစ်ခု၏ နေရာအနှံ့တွင်လည်း ဒေသတွင်း စစ်ပွဲငယ်လေးများ ဖြစ်ပွားနေသည်။

ကျီယန် ပြည်နယ်ရှိ တောင်တန်းတစ်ခုတွင်...

ဂူတစ်ခု၏ အပြင်ဘက်၌ ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် အကြည့်ချင်း ဆုံနေကြပြီး နှုတ်ခမ်းထောင့်စွန်းများ ကွေးညွတ်သွားကြ၏။

“ဝုန်း...”

သူတို့ အနောက်မှ ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာသည်။ ကျောက်တုံး အပိုင်းအစများ လွင့်စင်လာသော်လည်း သူတို့အနားသို့ မရောက်ပေ။ သူတို့ သည် ခြေလှမ်းကို ညင်သာစွာ လှမ်းလိုက်ပြီး တိတ်တဆိတ် ပျောက်ကွယ်သွားကြသည်။ ဓာတ်ငါးပါးပေါင်းစပ်ဆေး အောင်မြင်သွားပြီ ဖြစ်သည်။ ဆေးကြိုးများပင် ပါဝင်နေ၏။ အခြေခံတည်ဆောက်ခြင်းအဆင့်ဆေးတုန်းကဲ့သို့ပင် ဖြစ်သည်။

ချန်ရွှင်လည်း သူ ဆေးဖော်ခြင်း ပါရမီ မရှိကြောင်း ဝန်ခံလိုက်သည်။ သို့သော် တော်သေးသည်က ထာဝရအသက်ရှင်ခြင်း ရှိနေသည်။ ဆေးပင် အမြောက်အမြား ရှိနေသည်။ သည်နှစ်များအတွင်း သက်တမ်းအမှတ် အားလုံးကို ခွန်အားတွင် ပေါင်းထည့်လိုက်ရာ ငါးမျိုးစလုံး ပြည့်ဝသွားပြီ ဖြစ်သည်။ အဆင့်တက်ရန်သာ စောင့်ဆိုင်းနေရတော့သည်။ ပိုနေသော သက်တမ်းအမှတ်များမှာလည်း ကန့်သတ်ချက် ပြည့်နေသဖြင့် ထပ်မံ တိုးမြှင့်၍ မရတော့ပေ။ ယခု သူတို့၏ စွမ်းရည်အမှတ်များမှာ - ခွန်အား ၉၀ (၅၀) အမြန်နှုန်း ၉၀ (၅၀) မူလစွမ်းအင် ၉၀ (၅၀) ဝိညာဉ်စွမ်းအား ၉၀ (၅၀) ခံစစ်စွမ်းရည် ၉၀ (၅၀) တို့ ဖြစ်ကြသည်။

ချန်ရွှင်နှင့် နွားနက်ကြီးတို့ ရင်ထဲတွင် အနည်းငယ် ရှားနေကြသည်။ ပြည်နယ်နှစ်ခု ကြားနယ်မြေဆီသို့ သူတို့ ဦးတည်ထွက်လာခဲ့ကြသည်။ ယခုနှစ်သည် မည်သည့်ခုနှစ်ဖြစ်သည်ကို ကြည့်ရပေဦးမည်။ မင်းဆက်များပင် ပြောင်းကောင်း ပြောင်းနေနိုင်လေသည်။

minko

All Chapters