← Chapters

ငါ့ဟာလေးက ဘာလို့ အရမ်းသေးနေရတာတုန်း

Vol. 1-5 Ch. 72

ငါ့ဟာလေးက ဘာလို့ အရမ်းသေးနေရတာတုန်း

Vol. 1-5 Ch. 72

အခန်း (၇၂) : ငါ့ဟာလေးက ဘာလို့ အရမ်းသေးနေရတာတုန်း

လက်ဝါးအရွယ်ရှိ လိပ်နက်ကလေး တစ်ကောင်၏ ပုံရိပ်သဏ္ဍာန်က ရှန်ထျန်းခေါင်းပေါ် တည့်တည့်၌ မျောလွင့်ပျံဝဲနေသည်ကို မြင်နိုင်ပေသည်။ လိပ်၏ ကိုယ်ထည်ကို အနက်ရောင်လျှပ်စီးကြောင်းတို့ လွှမ်းခြုံနေလျက် ကြည့်ရသည်မှာ အင်မတန် ခမ်းနားထည်ဝါနေ၏။ ပုံရိပ်သဏ္ဍာန်မှ ထုတ်လွှင့်နေသော ဖိအားလှိုင်းတို့က လူတွေရှိန်အောင် ခြိမ်းခြောက်နိုင်မည်မှာ အသေအချာပင်။

တစ်ခုပဲ ပြောစရာရှိသည်မှာ… ပုံရိပ်သဏ္ဍာန်က အရမ်းကို သေးလွန်းနေခြင်း ဖြစ်သည်။ ပုံရိပ်သဏ္ဍာန်မှာ လိပ်နက် အသေးစားလေး ဖြစ်ကာ သူ့ခေါင်းက လူတစ်ယောက်၏ လက်မလောက်ပင် မရှိချေ။

အာ…

ကျန်းယွင်ရှီးရဲ့ ကျားဖြူသဏ္ဍာန်က အကြီးကြီးပဲလေ… ငါ့ဟာလေးက ဘာလို့ အရမ်း သေးနေရတာတုန်း…

ဒါ လုံးဝ မတရားဘူး…

ထို့ထက်ကို ရှန်ထျန်း၏ မျက်လုံးထဲတွင်ကား ဒီလိပ်နက်ကလေးက သူ့ရောင်ဝါစက်ဝန်းပေါ်ကို ကွက်တိကြီး တက်နင်းထားသည်။ သူ့ရောင်ဝါစက်ဝန်းဆီမှ ထွက်နေသော အစိမ်းရောင်အလင်းတန်းက လိပ်နက်ကလေး၏ ကိုယ်ထည်ကြောင့် ရောင်ပြန်ဟပ်နေပုံကို ကြည့်ရသည်မှာ တမျိုးကြီး ဖြစ်နေ၏။

ဘယ်မှာလဲ လိပ်နက်သဏ္ဍာန် မိုးကြိုးပုံရိပ်ရဲ့ ကြောက်စရာကောင်းတဲ့ ဟိတ်ဟန်က… သူ့ကြည့်ရတာ အမွေးစိမ်း သေနာအစုတ်ပလုတ်လေး တစ်ကောင်လို ဖြစ်နေပါလား…

ပြီးတော့ ပိုဆိုးတာက… အဲ့ဒီလိပ်ရဲ့ အခွံကနေ အလင်းပြန်ပြီး ထွက်လာတဲ့ အစိမ်းရောင် အလင်းတန်းတွေက ငါ့ခေါင်းပေါ် တည့်တည့် လာကျနေတာပဲ…

ရွှစ်…

ရှန်ထျန်းတစ်ယောက် မချုပ်တည်းနိုင်လောက်တောင် တုန်တက်သွားကာ ပုံရိပ်သဏ္ဍာန်ကို အလောတကြီး ပြန်သိမ်းလိုက်သည်။

ငါ ဒီလိပ်နက်သဏ္ဍာန် မိုးကြိုးပုံရိပ်ကို ဘယ်တော့မှ ထုတ်မသုံးတော့ဘူး… လုံးဝပဲ…

မိုးကြိုးပုံရိပ် ထုတ်သုံးခြင်းက ပြိုင်ဖက်များ၏ ဝိညာဉ်ချီလှည့်ပတ်မှုကို ဖိနှိပ်ချုပ်ချယ်ပေးကာ တိုက်ပွဲအတွင်း သူအသာစီး ရအောင် လုပ်ပေးနိုင်မှန်း ကောင်းကောင်း သိသော်လည်း ရှန်ထျန်းက ဒီလိပ်နက်ပုံရိပ်ကို ထုတ်မသုံးဘူးဟု ကျိန်ဆိုလိုက်၏။

ပြောရရင်… တိုက်ခိုက်နေတုန်း ခေါင်းပေါ်မှာ ဒီလိုမျိုး ရှက်စရာကောင်းတဲ့ ပုံရိပ်သဏ္ဍာန်ကြီး တကားကားနဲ့ဆို ပြိုင်ဖက်တွေ ဝိုင်းဟားကြမှာကို ဘယ်သူက ခံချင်မှာလဲလို့…

ကဲပါ… တခြား နတ်မိုးကြိုးတွေကို စမ်းကြည့်ကြတာပေါ့…

ထိုသို့တွေးကာ ရှန်ထျန်းက တခြားမိုးကြိုးကျင့်စဉ်တွေ၏ ကျင့်ကြံခြင်းကို စတင်လိုက်လေသည်။

ဓာတ်ကြီးငါးပါးသည် တစ်ပါးကိုတစ်ပါး အားဖြည့်နေကြသလို၊ ထိန်းလည်း ထိန်းချုပ်နေကြသည်။ ဤနိယာမအတိုင်း သွားမည်ဆိုပါက ရှန်ထျန်းသည် လိပ်နက်နဝမနတ်မိုးကြိုး(ရေ) ကျင့်စဉ်ကို ကျင့်ကြံပြီးသွားပြီ ဖြစ်သဖြင့် ယခု သစ်သားမိုးကြိုး ကျင့်စဉ်ကို ကူးပြောင်း ကျင့်ကြံသင့်ပေသည်။

ဤအချက်ကို နတ်မိုးကြိုးငါးပါး ကျင့်စဉ်၏ အညွှန်းစာအုပ်ထဲက ညွှန်ကြားချက်များထဲတွင်လည်း ဖော်ပြထား၏။

သစ်သားနတ်မိုးကြိုး ကျင့်စဉ်များကို သူတို့၏ ယင်ယန်တည်ဆောက်ပုံအပေါ် အခြေခံပြီး “နဂါးစိမ်းပထမနတ်မိုးကြိုး(သစ်သား)” ကျင့်စဉ်နှင့် “စကြဝဠာ ဒုတိယ နတ်မိုးကြိုး(သစ်သား)” ကျင့်စဉ်ဟူ၍ ခွဲခြားထားလေသည်။

ရှန်ထျန်းလည်း ဆက်ပြီး တွေဝေမနေတော့ဘဲ ခန်းမင်လက်စွပ်ထဲမှ ဝိညာဉ်ကျောက်တုံး တစ်သောင်း ထပ်ထုတ်ကာ တင်ပျဉ်ခွေ ထိုင်ချလိုက်ပြီး ကျင့်ကြံခြင်းလုပ်ငန်းစဉ်ကို ဆက်လက် လုပ်ဆောင်လိုက်သည်။

သို့သော် ဤတစ်ခေါက်တွင်ကား ကျင့်ကြံခြင်းလုပ်ငန်းစဉ်က ယခင်အခေါက်ကလောက် ချောချောမွေ့မွေ့ ရှေ့မဆက်နိုင်တော့ဟန် ရှိသည်။

ယင်ယန်ဓာတ်နှော မူလနတ်မိုးကြိုးက သူ့အား ထောက်ပံ့ပေးနေဆဲ ဖြစ်သော်လည်း ဘယ်ကြောင့်မှန်းရယ်မသိ သူ့ကျင့်ကြံနှုန်းက အတော်လေး နှေးကွေးနေ၏။

ဖြစ်နိုင်သည်မှာ ယခုတစ်ခေါက်တွင် သူ ကျင့်ကြံနေသည့် ကျင့်စဉ်နှင့် ဓာတ်တူသော ဝိညာဉ်ပစ္စည်း၏ အထောက်အပံ့ကို မရရှိနိုင်သောကြောင့် ဖြစ်မည်။

နဂါးစိမ်း ပထမ နတ်မိုးကြိုး(သစ်သား) ကျင့်စဉ်ကို တစ်ဖက်ကမ်းခပ် တတ်ကျွမ်းမှုအဆင့်အထိ ရရှိနိုင်ရန်အတွက် သူ့အနေနှင့် အနည်းဆုံး သုံးရက်ဆက်တိုက်လောက် မရပ်မနား ကျင့်ကြံဖို့ လိုလိမ့်မည်ဟု ရှန်ထျန်းက ခန့်မှန်းလိုက်သည်။

ထိုအချိန်ကျမှသာ နဂါးစိမ်းသဏ္ဍာန် မိုးကြိုးပုံရိပ်ကို သူ ဆင့်ခေါ်ယူနိုင်ပေလိမ့်မည်။

တကယ့်ကိုပဲ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေဆီကနေ လာတဲ့ ဒီထိပ်သီးကျင့်စဉ်တွေက တစ်ဖက်ကမ်းခပ် တတ်ကျွမ်းနိုင်ဖို့ ခက်ခဲပါပေ့နော်…

ဘယ်လိုပဲဖြစ်ဖြစ် အဖြစ်နိုင်ဆုံးကတော့ ပထမနတ်မိုးကြိုး(သစ်သား) ကျင့်စဉ်က နဝမနတ်မိုးကြိုး(ရေ) ကျင့်စဉ်လောက် သူ့အတွက် အလုပ်မဖြစ်လောက်ဘူး ဟူသည့် ခံစားချက်က ရှန်ထျန်းဆီတွင် ရှိနေသည်။

ပြောရမည်ဆိုလျှင် သူ နဝမ နတ်မိုးကြိုး(ရေ) ကျင့်စဉ်ကို အသုံးပြုနေစဉ်အတွင်း သူ့ကိုယ်ထည်၌ လေးလံရေစင်နှင့် မူလနတ်မိုးကြိုးတို့ တစ်ခုနှင့်တစ်ခု ဘယ်လိုတောင် လိုက်ဖက်ညီညီ တုန့်ပြန်နေသလဲ ဆိုတာကို ရှန်ထျန်း ခံစားလို့ရသည်။

သူ့အတွက်တော့ ပထမ နတ်မိုးကြိုး(သစ်သား) ကျင့်စဉ်က ဒီရတနာပစ္စည်း နှစ်မျိုး၏ ပူးပေါင်းအင်အား အထောက်အပံ့ကို ဘယ်တော့မှ ရရှိနိုင်လိမ့်မည် မဟုတ်ပေ။ သူ ဤကျင့်စဉ်ကို တစ်ဖက်ကမ်းခပ် တတ်ကျွမ်းသွားလျှင်တောင်မှ မဖြစ်နိုင်လောက်ပေ။

ထို့အပြင် ဟိုလိပ်နက်သဏ္ဍာန် မိုးကြိုးပုံရိပ်က ရှန်ထျန်းအား အမှန်တကယ် အရမ်းလန့်သွားစေခဲ့သည်။ ထို့ကြောင့် သူဖွဲ့စည်းလိုက်မည့် နဂါးစိမ်း ပုံရိပ်သဏ္ဍာန်မှာလည်း အသေးစား နဂါးပေါက်စလေးများ ဖြစ်နေလေမလားဟု သူ့ခမျာ လန့်နေမိသည်။

ထိုသို့ဆိုပါက ထိုမြင်ကွင်းမှာ နှိုင်းစရာ စကားလုံးပင် ရှာမရအောင် ကြည့်ရဆိုးနေပေလိမ့်မည်။

ပွင့်ပွင့်လင်းလင်း ပြောရလျှင် သူ့နဂါးက မြွေစိမ်းတစ်ကောင်နှင့် တူနေလျှင်တောင် ခံသာသေးသည် ပြောရမည်။ သို့ပေမဲ့ အကယ်၍ သူ့နဂါးက တီစိမ်းတစ်ကောင်နှင့်သာ သွားတူနေပြီး သူ့ခေါင်းပေါ်မှာ တွန့်လိမ်ရစ်ခွေနေမည် ဆိုပါက… အမယ်လေး… တွေးမိရုံနှင့်တောင် ရွံနေရပြီ။

အော့… အဲ့ဒါကိုတော့ ငါ့နှလုံးသားက မခံစားနိုင်ဘူး…

တော်ပြီ တော်ပြီ… ရေမိုးကြိုး ကျင့်စဉ်ကိုပဲ အာရုံစိုက်ရလိုက်အောင်… ကျန်တာတွေကို နောက်နေ့တွေကျမှ ကြိုးစားကြည့်တာပေါ့…

လောဘကြီးလွန်းစရာ မလိုဘူးဟု ရှန်ထျန်း တွေးလိုက်၏။ ပထမ နတ်မိုးကြိုး(သစ်သား) ကျင့်စဉ်ကို စကျင့်ကြံတာထက် နဝမ နတ်မိုးကြိုး(ရေ)ကို ဒီ့ထက်ပိုပြီး ကျွမ်းကျင်လာအောင် လေ့ကျင့်တာက ပိုကောင်းနိုင်ခြေ ရှိသည်။

သည်လိုနှင့် ရှန်ထျန်းက သူ့ကိုယ်ထဲရှိ နဝမ နတ်မိုးကြိုး စွမ်းအားတို့ကို တဖန် စုစည်းလိုက်ကာ ပုံရိပ်သဏ္ဍာန် ဖွဲ့စည်းဖို့ ကြိုးစားလိုက်ပြန်၏။

ထိုအခါ ရှန်ထျန်း၏ ညာဘက် လက်ချောင်းထိပ်များတွင် အနက်ရောင် လျှပ်စီးကြောင်းများ ဖြစ်ပေါ်လာသည်။ သူတို့ကို ကြည့်ရသည်မှာ အန္တရာယ်ရှိပုံ လုံးဝမပေါ်ဘဲ နာခံယဉ်ပါးနေကာ သူ့အမိန့်အတိုင်း လုပ်ဆောင်ရန် အသင့်ဖြစ်နေကြဟန် ရှိသည်။

တစ်ချိန်တည်းမှာ ရှန်ထျန်းက ဒီလျှပ်စီးကြောင်းများအတွင်း၌ ရှေးဦးအဆီအနှစ် လေးလံရေစင်၏ အရိပ်အယောင်တချို့ကိုလည်း အာရုံခံလို့ရနေသည်။ သည်ဟာက သူဖွဲ့စည်းလိုက်သည့် မိုးကြိုးကို နဂို နဝမ နတ်မိုးကြိုးထက် များစွာပိုပြီး လေးလံသွားစေ၏။

ဒီဟာက ငါလုပ်လိုက်တဲ့ မိုးကြိုးကို ပိုပြီး ဖျက်စီးစွမ်းအား တိုးသွားစေမလား ဆိုတာကိုလည်း ငါသိချင်မိတယ်…

ထိုသို့ စိတ်ထဲမှာ တွေးရင်းနှင့် သူက လက်ချောင်းများကို လျှပ်စီးကြောင်းများ ပတ်ပတ်လည်အား ရစ်ပတ်အုပ်မိုးစေလိုက်ကာ တဖြည်းဖြည်းချင်း ထိုလျှပ်စီးကြောင်းများကို အနက်ရောင်လျှပ်စီးလုံး တစ်လုံးအဖြစ် စုစည်းလိုက်သည်။

ဤသည်မှာ နတ်မိုးကြိုးငါးပါး ကျင့်စဉ်ထဲတွင် မှတ်တမ်းတင်ထားသော တိုက်ကွက်တစ်မျိုး ဖြစ်ကာ မိုးကြိုးလက်သီးဟု ခေါ်လေသည်။ အနှစ်ချုပ် ပြောပြရလျှင် ဤတိုက်ကွက်မှာ လျှပ်စီးများကို အလုံးတစ်လုံး ဖြစ်အောင် စုယူခြင်းနှင့် ရန်သူများအား ထိမှန်အောင် သူတို့ဆီသို့ ထိုအလုံးကို လှမ်းပစ်ခြင်းသာ ဖြစ်သည်။

ဤတိုက်ကွက်သည် အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၏ တရားဝင် တပည့်ဂိုဏ်းသားအားလုံး သိသည့် အခြေခံအကျဆုံး မိုးကြိုးတိုက်ကွက် ဖြစ်သည်။ သို့ပေမဲ့လည်း အသုံးပြုသည့် မိုးကြိုးအမျိုးအစားပေါ် မူတည်၍ ဒီအခြေခံတိုက်ကွက်၏ အင်အားက အမျိုးမျိုးကွဲပြားသွားသည်။

ဥပမာအနေနှင့် ဆိုရသော် လီမီး မိုးကြိုးလက်သီး၊ ကန်သတ္တု မိုးကြိုးလက်သီး၊ ကျားသစ်သား မိုးကြိုးလက်သီး စသည်ဖြင့် ဖြစ်သည်။ လောလောဆယ် ရှန်ထျန်း ထုတ်လွှတ်တော့မည့် တိုက်ကွက်မှာကား ရမ်ရေ မိုးကြိုးလက်သီး ဖြစ်၏။

ပုံမှန်အားဖြင့် ဓာတ်ကြီးငါးပါး မိုးကြိုးလက်သီး တိုက်ကွက်များအနက် ကန်သတ္တု မိုးကြိုးလက်သီးက အကောင်းဆုံး ဖောက်ထွင်းအား ရှိသည့် လက်သီး ဖြစ်လျက် လီမီး မိုးကြိုးလက်သီးက အကောင်းဆုံး ပေါက်ကွဲအား ရှိသည့် လက်သီး ဖြစ်သည်။

တစ်ဖက်တွင်မူ ရမ်ရေ မိုးကြိုးလက်သီး၏ ရည်ရွယ်ချက်မှာ တစ်ဖက်လူ၏ လှုပ်ရှားမှုများကို တုန့်နှေးသွားစေရန် ဖြစ်ကာ သူ့ဆီတွင် ဖျက်ဆီးစွမ်းအား ကြီးကြီးမားမား မပိုင်ဆိုင်ထားပေ။

သို့ဖြစ်၍ အလုံးအား ပစ်ပေါက်လိုက်စဉ် ရှန်ထျန်းက ဒီတိုက်ကွက်ဆီကနေ ဘာမှ သိပ်မမျှော်လင့်ထားချေ။

သို့သော် ထိုကြက်ဥအရွယ် လျှပ်စီးလုံးလေး ကျောက်တုံးကြီး တစ်တုံးကို သွားထိချိန် ဖြစ်ပျက်သွားသည်က မပြောပြနိုင်လောက်အောင် အံ့သြစရာ ကောင်းလှ၏။

ထိုကျောက်တုံးကြီးမှာ အမြင့်အားဖြင့် ဆယ်ပေလောက် ရှိကာ မျက်နှာပြင်မှာလည်း ချောမွတ်နေပြီး အတွင်းပိုင်းက ဘယ်လောက် ခိုင်ခံ့မာကြောသလဲဆိုတာ အရှင်းသား သိမြင်နိုင်သည်။

ရမ်ရေ မိုးကြိုးလက်သီးက ကျောက်တုံးကြီးကို ထိမှန်သွားပြီးနောက် ချက်ချင်းဆိုသလို ကျောက်တုံးကြီးထဲသို့ ချောမွေ့စွာ ဝင်ရောက်ပေါင်းစပ်သွားလေ၏။ ထို့နောက် ကျောက်တုံးကြီး အတွင်းပိုင်းထဲကနေ အနက်ရောင်မိုးကြိုးများ စတင် ပေါက်ကွဲထွက်လာလေသည်။ နောက်တစ်စက္ကန့်၌ ကျောက်တုံးကြီးက အစိတ်စိတ် အမြွှာမြွှာ ပေါက်ကွဲလွှင့်စင်သွားလေတော့သည်။ ကြည့်ရသည်မှာ ကျောက်တုံးကြီး တစ်တုံးနှင့်တောင် မတူတော့ဘဲ တို့ဟူးတုံး တစ်တုံးအလား ထင်မှတ်ရစေသည်။

သည်မြင်ကွင်းက ကွေ့ကုန်းကုန်းနှင့် ချင်ကောင်းတို့အား အသက်ရှူသံများ ပြင်းသွားစေ၏။ သူတို့တွေ လုံးဝကို အံ့အားသင့်သွားမိလေပြီ။

ချင်ကောင်းက တံတွေးကို ခက်ခက်ခဲခဲ မြိုချလိုက်ပြီးနောက် ခပ်တိုးတိုး မှတ်ချက်ပေးလိုက်သည် “ဝိုး… အားကောင်းလိုက်တာ… စက္ကန့်ပိုင်းအတွင်းကို အဲ့ဒီကျောက်တုံးကြီး ပေါက်ကွဲသွားတာပဲ”

ကွေ့ကုန်းကုန်း မျက်နှာပေါ်တွင်လည်း အံ့သြမှုတို့ အပြည့် ဖြစ်နေလျက် သူက ပြောလိုက်သည် “ဖျက်ဆီးစွမ်းအားရဲ့ အတိုင်းအဆကို စဉ်းစားကြည့်မယ်ဆို… ဒီတိုက်ကွက်က (၉)ဆင့်မြောက် ချီသန့်စင်ခြင်းအဆင့်က လူတွေမှ ထုတ်သုံးနိုင်တဲ့ တိုက်ကွက်နဲ့တောင် သွားယှဉ်လို့ ရလောက်တယ်”

ပိုပြီးတော့ အံ့သြစရာ ကောင်းသည်မှာ ဒီတိုက်ကွက်က ရှန်ထျန်း သာမန်ကာလျှံကာ ထုတ်သုံးကြည့်လိုက်သည့် တိုက်ကွက် ဖြစ်နေခြင်းပင်။

လက်ရှိ သူ့ကိုယ်ထဲတွင် သိမ်းဆည်းထားသည့် ဝိညာဉ်ချီ ပမာဏအရ ရှန်ထျန်းက ဒီလိုတိုက်ကွက်မျိုး နောက်ထပ် အနည်းဆုံး ငါးခါလောက် ထပ်ထုတ်နိုင်သေးသည်။ သူသာ ဝိညာဉ်ချီ များများကို ပြန်လည်အားဖြည့်နိုင်ပါက သူ့အနေနှင့် ဒီတိုက်ကွက်ကို ဆယ်ခါလောက် ထုတ်သုံးနိုင်လိမ့်မည် ဖြစ်သည်။

ဤသည်က အဆင့်အေ ပုံမှန်ရနေကျ ကျောင်းသားတစ်ယောက်က မည်သည့်စာမေးပွဲကိုမဆို အလွယ်တကူ အောင်မြင်နိုင်သည့် အဖြစ်နှင့် သွားတူနေလေသည်။ ကျင့်ကြံရေးလောက၏ စံနှုန်းအတိုင်းဆို (၉)ဆင့်မြောက် ချီသန့်စင်ခြင်း အဆင့်မြင့်ကျင့်ကြံသူ တစ်ယောက်၏ တိုက်ကွက်ကို (၅)ဆင့်မြောက် ချီသန့်စင်ခြင်း ကျင့်ကြံသူက ထုတ်သုံးနိုင်လိုက်သလိုမျိုး ဖြစ်နေ၏။

နတ်မိုးကြိုးငါးပါး ကျင့်စဉ်သည်ကား တကယ့်ကိုပင် တော်ဝင်မိုးကြိုးကျမ်း တစ်ခုလုံးအနက် အကောင်းဆုံး ကျင့်စဉ်များထဲမှ တစ်ခုအဖြစ် နာမည်ခံယူထိုက်ပေသည်။

လက်သီး၏ တိုက်ခိုက်စွမ်းအားကို အင်မတန် သဘောကျသွားသဖြင့် ရှန်ထျန်းက ယခုတစ်ခေါက်၌ သူ့ခုခံစွမ်းအားကို စမ်းသပ်ကြည့်ရန် အသင့်ပြင်လိုက်သည်။

အမှန်အတိုင်း ပြောရလျှင် နဝမနတ်မိုးကြိုး ကျင့်စဉ်သည် တာရှည်ခံသည့် အစွမ်းကြောင့် နာမည်ကျော်ကြားကာ ခုခံကာကွယ်ခြင်းတွင် အလေးထား အာရုံစိုက်ရမည် ဖြစ်သည်။

နတ်မိုးကြိုးငါးပါး ကျင့်စဉ်အတွင်း နဝမနတ်မိုးကြိုး တိုက်ကွက်များနှင့် လိုက်ဖက်ညီသည့် နောက်ထပ်ပညာရပ် တစ်ခု ရှိသေးသည်။ ဤပညာရပ်ကို “လိပ်နက်သံချပ်ကာ” ဟု ခေါ်ဆိုကြသည်။ ထို့အပြင် ထိုဟာက အသုံးပြုသူအတွက် တစ်ကိုယ်လုံးအပြည့် မိုးကြိုးသံချပ်ကာတစ်ခုကို ဖွဲ့စည်းပေးသည့် ပညာရပ်တစ်ခု ဖြစ်သည်။

ရှန်ထျန်းလိုမျိုး သတိထားတတ်သည့် သူတွေအတွက် ဒီဟာက သင်ယူရန် ဆွဲဆောင်နေသော ပညာရပ်တစ်ခု ဖြစ်ပေ၏။

သူက ကျောက်တုံးကြီး၏ အစအနများနားသု့ိ သွားကာ စောစောတုန်းက မိုးကြိုးလက်သီးထဲ၌ ထည့်သုံးလိုက်သော ရှေးဦးအဆီအနှစ်လေးလံရေစင် တချို့ကို ပြန်စုပ်ယူလိုက်သည်။

စုပ်ယူပြီးသွားသောအခါ ရှန်ထျန်းက ကွေ့ကုန်းကုန်းဘက်သို့ လှည့်ကာ ပြောလိုက်သည် “ဦးလေးကွေ့… ဦးလေးကွေ့ရဲ့ တိုက်ကွက်တွေနဲ့ ကျွန်တော့်ကို ထိအောင် တိုက်ခိုက်ကြည့်ပါ”

ထို့နောက် သူက ဝိညာဉ်ချီတို့ကို ထပ်မံ လှည့်ပတ်စေလိုက်ကာ ညာဘက်လက်မောင်းပေါ်တွင် နဝမနတ်မိုးကြိုးကို ဆင့်ခေါ်ယူလိုက်၏။

လိပ်နက် သံချပ်ကာသည် အထွတ်အထိပ်ပညာရပ် တစ်ခု ဖြစ်ကာ သူ့၏ ခက်ခဲမှုအဆင့်များနှင့် စွမ်းအားက သာမန် မိုးကြိုးလက်သီးထက် အဆများစွာ ပိုလေသည်။

မသိနိုင်သော အကြောင်းအရင်းများကြောင့် နဝမနတ်မိုးကြိုးနှင့် ရှေးဦးအဆီအနှစ်လေးလံရေစင်တို့က ရှန်ထျန်းကိုယ်ထဲတွင် အလွန်တရာ နာခံသိမ်မွေ့နေကြသည်။ သူတို့ကို စုစည်းမည်ဟု စဉ်းစားလိုက်ရုံနှင့် သူတို့က သူ့လက်မောင်းပေါ်တွင် လိပ်နက်သံချပ်ကာ အပိုင်းလေးတစ်ခု ဖွဲ့စည်းဖြစ်တည်လာစေလေ၏။။

သို့သော် ရှန်ထျန်းကိုယ်တိုင်က ပညာရပ်နှင့် အကျွမ်းတဝင် မဖြစ်သေးတာကြောင့် ဖြစ်ပေါ်လာသည့် သံချပ်ကာက ပုံစံပေါ်လာရုံလေးပဲ ပေါ်လာနိုင်သေးသည်။ ဒီအချက်က သူအနေနှင့် ဒီပညာရပ်ကို သင်ခါစပဲ ရှိသေးကြောင်း ဖော်ပြနေသည်။

ထိုသံချပ်ကာအပိုင်းလေးက အနက်ရောင် အရောင်အဆင်းရှိကာ သူ့အပေါ်တွင်လည်း ဆန်းကြယ်သော ဓမ္မအမှတ်အသားများ ရေးထွင်းထားသည်။ ကြည့်လိုက်ရုံနှင့် ဘယ်လောက် မာကြောခိုင်ခံ့လိုက်မလဲကို အရှင်းသား မြင်နိုင်ပေသည်။

ရှန်ထျန်းအား စိတ်ညစ်သွားစေသည့် တစ်ခုတည်းသော အရာမှာ ဤသံချပ်ကာက လိပ်တစ်ကောင်၏ အခွံနှင့် အင်မတန် တူနေခြင်းပင် ဖြစ်သည်။

အိုင်းယား… အဲ့ဒီလိပ်ခွံအကြောင်း သိပ်မတွေးဘဲ နေရအောင်ပါ… ဟင်း…

ပြောရမယ်ဆို ဘယ်လိုပဲဖြစ်ဖြစ် တကယ့်အသက်ဘေး အရေးကြုံတဲ့အချိန်ကျ ဒါက အသက်ကယ်နိုင်တဲ့ အရာပဲလေ… ကြည့်လို့ သိပ်မကောင်းတာကို ဘယ်သူက အဲ့အချိန် ဂရုစိုက်အားမှာလဲ… ဟုတ်တယ်မလား…

လိပ်နက်သံချပ်ကာကို ရှေ့ဘက်သို့ မတင်နေရာယူလိုက်ပြီးနောက် ရှန်ထျန်းက ကွေ့ကုန်းကုန်းအား ကြည့်ကာ နောက်တစ်ခါ ထပ်ပြောလိုက်သည် “ဦးလေးကွေ့… ကျွန်တော့ကို အားကုန်သုံးပြီးတော့သာ ချဗျာ”

ကွေ့ကုန်းကုန်းက ခေါင်းငြိမ့်ပြလိုက်ပြီး သူ့လက်သီး၌ အနီရောင်ဝိညာဉ်ချီ လေပွေတစ်ခုကို ဆင့်ခေါ်လိုက်သည်။

“အရှင့်သား… သတိထားပါ။ ပြီးတော့ ကိုယ့်ကိုယ်ကို မထိခိုက်မိအောင်လည်း ဂရုစိုက် ရှောင်ပါနော်”

ထို့နောက် ကွေ့ကုန်းကုန်းက ရှန်ထျန်း၏ လိပ်နက်သံချပ်ကာကို ထိပ်တိုက်ရင်ဆိုင်ကာ ထုချပစ်လိုက်သည်။

ခပ်အုပ်အုပ် အက်ကွဲသံ တစ်ခုကို ကြားလိုက်ရ၏။ သို့ပေသည့် လိပ်နက်သံချပ်ကာမှာကား ဘာမှ ဖြစ်သွားပုံ မပေါ်ပေ။ သူ့ပေါ်တွင် အက်ရာကွဲရာ ဟူ၍ စိုးစိမျှ မရှိပေ။

သို့သော် ထိုအစား အနက်ရောင်လျှပ်စီးကြောင်းက သံချပ်ကာနှင့် ထိစပ်နေသည့် နေရာမှစ၍ ကွေ့ကုန်းကုန်း ကိုယ်တစ်လျှောက် တဖြည်းဖြည်း တွယ်တက်သွားကာ ကွေ့ကုန်းကုန်းအား ရစ်ပတ်လွှမ်းခြုံလိုက်လေ၏။

ဂျိမ်း…

ဝုန်း…

မိုးကြိုးလျှပ်စီးများ ပေါက်ကွဲထွက်သွားသည်။

ကွေ့ကုန်းကုန်းမှာ ဒယိမ်းဒယိုင်ဖြင့် နောက်သို့ ခြေငါးလှမ်း ဆုတ်လိုက်ရသည်။ သူ့မျက်နှာပေါ်မှာလည်း အံ့သြမှုတို့ကို အထင်းသား တွေ့နေရသည်။

ဒီတော့… ဒါက လိပ်နက်သံချပ်ကာရဲ့ ကြောက်မက်စရာ ခုခံကာကွယ်နိုင်စွမ်းပေါ့…

All Chapters