မီးစာကိုယ်ထည်မာကျမ်းနှင့် မိုးကြိုးဧကရာဇ်ကိုယ်ထည်မာကျမ်း
Vol. 1-5 Ch. 73
အခန်း (၇၃) : မီးစာကိုယ်ထည်မာကျမ်းနှင့် မိုးကြိုးဧကရာဇ်ကိုယ်ထည်မာကျမ်း
ကောင်းလိုက်တဲ့ ခုခံအားပါလား… ဦးလေးကွေ့ရဲ့ တိုက်ကွက်တွေတောင် သူ့ကို ဘာမှ မလုပ်နိုင်ဘူး...
ရှန်ထျန်းတစ်ယောက် လိပ်နက်သံချပ်ကာ၏ ခုခံစွမ်းအား အတိုင်းအတာ ပမာဏကို ပျော်ပျော်ကြီး တွေးမိရင်း သူ့နှုတ်ခမ်းထက်၌ အပြုံးလေး တစ်ချက် ပေါ်လာသည်။
ကွေ့ကုန်းကုန်း၏ ကျင့်ကြံဆင့်မှာ (၇)ဆင့်မြောက် ချီသန့်စင်ခြင်းအဆင့်၏ ထိပ်နားလေးတွင် ရှိနေသော်လည်း သူကျင့်သည်မှာ ဟရူးဂါနတ်ဆိုးကျမ်း ဖြစ်နေသည့်အချက်ကိုလည်း ထည့်တွက်ရပေမည်။ သို့ဖြစ်၍ သူ့တိုက်ကွက် အားလုံးသည် (၉)ဆင့်မြောက် ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်၏ တိုက်ကွက်များနှင့် တူညီနေ၏။
ကွေ့ကုန်းကုန်း၏ တိုက်ကွက်များကို လိပ်နက်သံချပ်ကာက ခုခံတွန်းလှန်နိုင်လိုက်သည့် အချက်သည် ဤပညာရပ်၏ စစ်စစ်မှန်မှန် အားကောင်းသော ခုခံစွမ်းရည်ကို ပြသနေသည်။
ထိုမျှသာမက သံချပ်ကာဆီ၌ ပြင်းထန်သော မိုးကြိုးတန်ပြန်ထိခိုက်မှု အာနိသင်များလည်း ရှိနေသည်။
အကယ်၍ ရှန်ထျန်းသာ သူ့တစ်ကိုယ်လုံးကို လိပ်နက်သံချပ်ကာနှင့် ဖုံးအုပ်ထားလိုက်မည်ဆိုလျှင် ဤကျင့်ကြံရေးကမ္ဘာထဲ၌ သူသည် အကြွင်းမဲ့ ဓားသံချပ်ကာအင်္ကျီရှင် ဖြစ်သွားပေလိမ့်မည်။
ဟဟ… ဒီလိပ်နက်သံချပ်ကာကို ငါ ဝတ်ထားတဲ့အချိန် ဘယ်သူကများ ငါ့လာတိုက်ရဲမလဲဆိုတာ ကြည့်ကြည့်ချင်သေးရဲ့… ငါ့ကို ခြေတစ်လှမ်း ဆုတ်ရအောင် လုပ်နိုင်တဲ့သူကိုဆို ငါ အရှုံးပေးလိုက်မယ်… တကယ်တမ်းကျ ငါ့ရဲ့ တန်ပြန်ထိခိုက်မှု အစွမ်းနဲ့တင် ဘယ်သူ့ကိုမဆို ဓာတ်လိုက်ပြီး သေအောင်တောင် သတ်လို့ ရသွားပြီလေ…
အဲ… နေဦး…
သူ့လက်မောင်းပေါ်က လိပ်ခွံလိုမျိုး သံချပ်ကာကို ကြည့်မိသောအခါ ရှန်ထျန်းတစ်ယောက် မျက်ခုံးလှုပ်သွားရပြန်၏။
ဒီဟာကိုသာ တစ်ကိုယ်လုံးအပြည့် သံချပ်ကာဖြစ်အောင် လုပ်လိုက်ရင် ငါလေး ဒရတ်ဂွန်ဘောလ် (Dragon Ball) ထဲက လိပ်ခွံကြီး အမြဲဝတ်ထားတဲ့ မာစတာရိုရှီလို ဖြစ်မသွားပေဘူးလား…
တွေးကြည့်မိရုံနှင့်တင် ရှန်ထျန်းတစ်ယောက် စိတ်လေသွားသည်။
တော်ပြီ တော်ပြီ… အဲ့လို မလုပ်တော့ဘူး…
ဟင်း… ငါလေး တအားကို စိတ်ပင်ပန်းနေပါပြီနော်…
တခြားသူတွေ ကျင့်ကြံတဲ့အခါမှာ… သူတို့တွေ အင်အား ပိုကောင်းလာလေလေ၊ သူတို့ရဲ့ တိုက်ကွက်တွေက ပိုကြည့်ကောင်းလာလေလေပဲ…
ဟော… ငါလေးအလှည့်ကျတော့ မိုးကြိုးတိုက်ကွက်လေးတွေ ကျွမ်းကျင်အောင် လုပ်ဖို့ အခွင့်ရှိပါရက်နဲ့ ဘာဖြစ်လို့ ဒီအစုတ်ပလုတ်လိပ်နဲ့ ပတ်သက်တာတွေချည်းပဲ လာတွေ့နေရတာလဲ…
ရှန်ထျန်းမျက်နှာပေါ်မှ မပျော်ရွှင်သည့် အမူအယာကို မြင်သောအခါ ကွေ့ကုန်းကုန်းက နားမလည်နိုင်စွာ မေးလိုက်၏ “အရှင့်သား… အရှင့်သားမှာ ဒီလိုမျိုး အရမ်းစွမ်းတဲ့ တိုက်ကွက် ရှိသွားပြီလေ… ဘာဖြစ်လို့ စိတ်ဆိုးနေသေးတာတုန်းဟင်”
ရှန်ထျန်းက ပြန်ဖြေလိုက်သည် “အင်း… ဒီတိုက်ကွက်တွေမှာ အရမ်းစွမ်းတဲ့ ခုခံစွမ်းအားတွေ ရှိတာတော့ မှန်ပါရဲ့… ဒါပေမဲ့… ဟင်း… အဲ့ဒါတွေက အရမ်း ကြည့်ရဆိုးတာပဲဗျာ”
ထိုစကားကြောင့် ကွေ့ကုန်းကုန်းမှာ ရယ်ပဲရယ်ရမလား ငိုပဲငိုရမလားတောင် မသိတော့ချေ။
ဒီလို ဆန်းကြယ်အစွမ်းထက်တဲ့ ပညာရပ်တွေအတွက်ဆို ကျင့်ကြံသူတွေ အားလုံးက ပညာရပ်ကိုရဖို့ သတ်ဖြတ်ကုန်ကြမှာမျိုး… ဒါပေမဲ့ ငါ့မင်းသားလေးကတော့… ဒီပညာရပ်တွေကို နာရီနည်းနည်းလေးနဲ့ တတ်ကျွမ်းသွားတာတောင်မှ တိုက်ကွက်က အကျည်းတန်သလေး ညည်းတွားနေလေရဲ့…
ကွေ့ကုန်းကုန်းက တစ်ချက် ရယ်ကာ ပြောလိုက်သည် “မစိုးရိမ်ပါနဲ့ အရှင့်သားရယ်… တိုက်ကွက်တွေ အကုန်လုံးကို အရှင့်သားရဲ့ ဝိညာဉ်ချီနဲ့ ဖွဲ့စည်းပုံဖော်ရတာလေ… ဒီလိပ်နက်သံချပ်ကာရဲ့ အသွင်အပြင်ကို အရှင့်သားက မကြိုက်မှတော့ သူ့ကို တခြားပုံစံ ပြောင်းကြည့်ကြည့်ပါ့လား”
အိုး… ဟုတ်သားပဲ…
ကွေ့ကုန်းကုန်း၏ အကြံကြောင့် ရှန်ထျန်း စိတ်ညစ်နေတာ ပျောက်သွားရ၏။ စောစောတုန်းက နဝမနတ်မိုးကြိုး တိုက်ကွက်တွေကို စူးစမ်းသိချင်မှုအပေါ် အာရုံထားလွန်းအားကြီးသွား၍ ဒီလို အသေးအဖွဲကိစ္စလေးကို သတိမထားမိဘူး ဖြစ်သွားသည်။
ဟုတ်ပါရဲ့… ဘယ်လောက်ပဲ ခမ်းနားကြည့်ကောင်းပါစေ၊ ဒီကမ္ဘာလောကထဲက တိုက်ကွက်နဲ့ ပညာရပ်တွေ အားလုံးက တီထွင်ဖန်တီးသူတွေကြောင့် ဖြစ်ပေါ်လာခဲ့ရတာချည်းလေ… ဒါကြောင့် တကယ်တမ်းမှာ မူလတီထွင်ခဲ့တဲ့လူ တီထွင်တဲ့နေရာမှာ အသုံးပြုခဲ့ရတဲ့ ဝိညာဉ်ချီကသာ အဓိက မဟုတ်ပေဘူးလား…
အခုဆို လိပ်နက်သံချပ်ကာ၏ အနှစ်သာရကို သူ ခြုံငုံမိပြီ ဖြစ်ရာ ဒီပညာရပ်၏ ပုံစံအသွင်အပြင်ကို ဘာကြောင့် ပိုကောင်းအောင် မလုပ်နိုင်ဘဲ ရှိရမှာလဲ…
ရှန်ထျန်း၏ အကြည့်တို့က သူ့ထိုင်ခုံအောက်ရှိ ဝိညာဉ်ကျောက်တုံးတွေဆီသို့ ရောက်ရှိသွားသည်။ ဝိညာဉ်ကျောက်တုံးတွေ ကုန်အောင် မသုံးရသေးတာကို တွေ့ရ၍ သူ ကျေနပ်သွား၏။
တစ်ခါထပ်မံ၍ သူက ထိုင်ချလိုက်ပြန်ကာ သူ့ကိုယ်ပိုင် လိပ်နက်သံချပ်ကာအတွက် ဒီဇိုင်းအသစ်ကို စဉ်းစားပုံဖော်ရန် မျက်စိမှိတ်လိုက်၏။
ငါလေး လိုချင်တာက အနက်ရောင် ရှိရမယ်၊ ကြည့်လို့ မိုက်ရမယ်၊ ပြီးတော့ ခုခံစွမ်းအားလည်း တအားနည်းသွားလို့ မဖြစ်ပြန်ဘူး…
သူ့စိတ်မျက်စိထဲတွင် ရှန်ထျန်းက သံချပ်ကာဒီဇိုင်းကို အဆက်မပြတ် ပြောင်းကြည့်ကြည့်လိုက်သည်။
သိပ်မကြာခင် အကြံတစ်ခု ရကာ စိတ်လှုပ်ရှားမှု အပြည့်နှင့် သူ ထအော်လိုက်၏ “ဟုတ်ပြီ… ဒီဟာပဲ”
ရှန်ထျန်းက အသက်ပြင်းပြင်း တစ်ချက်ကို ရှူသွင်းလိုက်ပြီးနောက် နတ်မိုးကြိုးငါးပါး ကျင့်စဉ်ထဲမှ လက်သင်္ကေတများကို ဖြည်းဖြည်းချင်း လုပ်ဆောင်လိုက်သည်။
ပုံမှန်အခြေအနေများ အောက်တွင် ကျင့်ကြံသူများအနေနှင့် တိုက်ကွက်များ ထုတ်သုံးသည့်အခါ ထိုတိုက်ကွက် ပညာရပ်၏ လက်သင်္ကေတများကို ပြန်လည်လုပ်ဆောင်ရန် မလိုအပ်ပေ။
အဘယ်ကြောင့်ဆိုသော် လက်သင်္ကေတတွေ လုပ်နေစဉ်အတွင်း တစ်ဖက်လူက သူတို့ကို အလွယ်တကူ အလဲထိုး တိုက်ခိုက်နိုင်သောကြောင့် ဖြစ်သည်။
သို့သော် ဤသည်က တိုက်ကွက်ပညာရပ်၏ လက်သင်္ကေတများက လုံးဝ အသုံးမဝင်ဘူးလို့တော့ မဆိုလိုပေ။
လက်သင်္ကေတများ ပြန်လည်လုပ်ဆောင်ခြင်းဖြင့် ကျင့်ကြံသူများက သူတို့ကိုယ်ပိုင် ဝိညာဉ်ချီများနှင့် ပေါင်းစပ်ရန် ပတ်ဝန်းကျင်ရှိ သဘာဝ ဝိညာဉ်ချီများကို ဆင့်ခေါ်နိုင်သောကြောင့် တိုက်ကွက်များကို ပိုပြီး စွမ်းအားကြီးအောင် လုပ်နိုင်လေသည်။
လောလောဆယ်၌ ရှန်ထျန်းက သူ့ကိုယ်သူအတွက် လိပ်နက်သံချပ်ကာ၏ ပုံစံကို ပြန်လည်ပြုပြင်ရန် ကြိုးစားနေလေရာ ထိုသို့လုပ်ရန်အတွက် ဝိညာဉ်ချီပမာဏ အမြောက်အများကို လိုအပ်ပေသည်။ သူ့ကိုယ်ပိုင် သိမ်းဆည်းထားသည့် ဝိညာဉ်ချီနှင့်တင် မလုံလောက်ချေ။ ထို့ကြောင့် သူ တက်ထိုင်ထားသည့် ဝိညာဉ်ကျောက်တုံးတွေထဲက ဝိညာဉ်ချီတွေကို စုပ်ယူနှုန်းအား ပိုမို မြန်ဆန်လာစေရန် အလို့ငှာ ရှန်ထျန်းက လက်သင်္ကေတများကို အသုံးပြုနေခြင်း ဖြစ်သည်။
သည်နည်းက လုပ်ငန်းစဉ်ကို ချောချောမွေ့မွေ့ လုပ်ဆောင်ရန် တစ်ခုတည်းသော နည်းလမ်း ဖြစ်၏။
နတ်မိုးကြိုးငါးပါး ကျင့်စဉ်ထဲက ဝိညာဉ်ချီစုစည်းခြင်း ပညာရပ်၏ လက်သင်္ကေတများကို ပြုလုပ်ခြင်းဖြင့် ပတ်ဝန်းကျင်မှ ဝိညာဉ်ချီအားလုံးကို ရှန်ထျန်းက စတင် စုပ်ယူလိုက်သည်။ ထိုသို့စုပ်ယူနေစဉ် သူ့ကိုယ်ထဲမှ ဝိညာဉ်ချီ သိုလှောင်နယ်မှာ ပြည့်လျှံလာသည်အထိ ဖြည်းဖြည်းချင်း အဖြည့်ခံနေရကြောင်းကို ခံစားမိလိုက်သည်။
တစ်ချိန်တည်းမှာ သူ့တစ်ကိုယ်လုံးအား အနက်ရောင်လျှပ်စီးကြောင်းတို့ အပြည့်အဝ ဖုံးအုပ်လွှမ်းခြုံသွားလေ၏။
မိုးကြိုးဓာတ် ဝိညာဉ်ချီပမာဏ အလုံအလောက် စုစည်းပြီးပြီဟု သူ ခံစားမိလိုက်သည့်အခိုက် ရှန်ထျန်းက ကျောက်ကပ်ရှိရာ နေရာကို လက်နှင့် ပုတ်ကာ ဟစ်အော်လိုက်သည် “ပေါင်းစပ်လိုက်စမ်း… ကြံ့နက်သံချပ်ကာ”
ကွေ့ကုန်းကုန်းနှင့် ချင်ကောင်းတို့၏ လေးစားအားကျသည့် အကြည့်တွေကြား အနက်ရောင်လျှပ်စီးကြောင်း အားလုံးက စုစည်းလာကာ ရှန်ထျန်း တစ်ကိုယ်လုံးကို လွှမ်းခြုံသွားပြီး ဖြည်းဖြည်းချင်းနှင့် အင်မတန် ကြည့်ကောင်းသော အနက်ရောင်သံချပ်ကာ တစ်ခုအဖြစ် အသွင်ပြောင်းသွားလေ၏။
သူ့ရင်ဘတ်၊ နောက်ကျောနှင့် ပခုံးများကို ထူထဲကာ နက်မှောင်နေသော လျှပ်စီးများစီးနေသည့် သံချပ်ကာတစ်ခုက ဖုံးအုပ်ထားလေသည်။ ထို့အပြင် ငွေရောင်ကြံ့ချို လေးချောင်းက သံချပ်ကာ၏ နဖူးနှင့် ပခုံးနေရာများ၌ တန်ဆာဆင် နေရာယူထားသည်။
ထိုကြံ့ချိုများကို သူ့သံချပ်ကာပေါ်တွင် ရှေးဦးအဆီအနှစ်လေးလံရေစင်နှင့် တမင်တကာ ရှန်ထျန်းက တပ်ဆင်ထားခြင်း ဖြစ်သည်။
အကျဉ်းချုပ် ဆိုရလျှင် ဤသည်မှာကား အမိုက်စား သံချပ်ကာ တစ်ထည် ဖြစ်ပေသည်။
ယခင်က လိပ်ခွံလို သံချပ်ကာနှင့် နှိုင်းယှဉ်ကြည့်ပါက သည်သံချပ်ကာကို ပို၍ ခမ်းနားထည်ဝါသွားပုံ ပေါ်သည်။
ရှန်ထျန်း ကြေးမုံကို ထုတ်ပြီး ကြည့်လိုက်ချိန်မှာ ထင်ဟပ်နေသည့် သူ့ပုံရိပ်ကြောင့် စိတ်ကျေနပ်သွားလေ၏။
အခုမှပဲ ငါနဲ့ လိုက်ဖက်တဲ့ သံချပ်ကာ ဖြစ်သွားတော့တယ်… ငါ့ကိုယ်ငါတော့ မာစတာရိုရှီဘဝ အရောက်မခံနိုင်ဘူး… လုံးဝပဲ…
အင်း… ဒါပေမဲ့… ဒီ နဝမနတ်မိုးကြိုး ကြံ့နက်သံချပ်ကာရဲ့ အစွမ်းတွေကို စမ်းကြည့်ဖို့တော့ လိုသေးတယ်…
ထိုသို့တွေးမိသောအခါ ရှန်ထျန်းတစ်ယောက် စိတ်မလှုပ်ရှားဘဲ မနေနိုင်ဖြစ်သွားရသည်။ သို့သော် ကွေ့ကုန်းကုန်းအား သူ့ကို တိုက်ခိုက်ရန် ပြောတော့မည့်ဆဲဆဲ၌ ပြင်းထန်သော မောပန်းမှုနှင့် ဟာတာတာ ခံစားချက်ကြီး တစ်ခုက သူ့အား ဝါးမြိုသွား၏။
နောက်တစ်စက္ကန့်ကျ သူ၏ အင်မတန် ကြည့်ကောင်း ထူကဲသော မိုးကြိုးသံချပ်ကာကြီးက “ခွမ်း”ခနဲနှင့် တစ်စစီကွဲ ပျက်ပျယ်သွားလေတော့သည်။
ရှန်ထျန်းမှာ “ကြံ့နက်သံချပ်ကာ… ဖျက်သိမ်းစေ” လို့ အော်ရန်ပင် အချိန်မရလိုက်ချေ။
ထို့နောက် ပုံမှန်ဝတ်စုံကို ဝတ်ဆင်ထားသည့် ရှန်ထျန်းက ကွေ့ကုန်းကုန်းနှင့် ချင်ကောင်းတို့ မျက်စိရှေ့၌ ပြန်ပေါ်လာလေသည်။
သူ့မျက်လုံးများထဲတွင်လည်း စိတ်ပျက်မှုများကို အတိုင်းသား မြင်နေရ၏။ ကြည့်ရတာ စိတ်ဓာတ်ကျသွားသည်နှင့် တူသည်။
ဟာကွာ… ဒါကြီးကတော့ မြန်လွန်းပါတယ်ကွာ… အမိုက်စား သံချပ်ကာ ဝတ်ထားတဲ့ ခံစားချက်လေးကိုတောင် ငါလေး ကောင်းကောင်း မခံစားရသေးဘူး…
သို့သော် ချင်ကောင်းကတော့ အားကျမနာလိုမှု အပြည့်နှင့် ရှန်ထျန်းအား မှတ်ချက်ပေးလိုက်သည် “အရှင့်သား… အရှင့်သား ပြောင်းလိုက်တဲ့ သံချပ်ကာပုံစံက အရမ်း ကြည့်ကောင်းတာပဲ”
ကွေ့ကုန်းကုန်းကလည်း ခေါင်းငြိမ့်ကာ ရှန်ထျန်းအား ချီးကျူးလိုက်၏ “အမှန်ပဲ… အဲ့ဒါက အရမ်းကို ခမ်းနားထည်ဝါပြီး ဟိတ်ဟန်အပြည့်ရှိတယ်။ တကယ်လို့ တိုက်ခိုက်တဲ့အချိန် အရှင့်သား အဲ့ဒီသံချပ်ကာကို ဝတ်ထားလိုက်ရင် တကယ့်နတ်သမီးအစစ်တွေတောင် အရှင့်သားကို ကြွေသွားစေရမယ်လို့ ကျွန်တော်မျိုး လောင်းရဲတယ်”
ထိုစကားများကို ကြားသောအခါ ရှန်ထျန်းက သက်ပြင်းတစ်ချက်ကို တိတ်တိတ်ကလေး ခိုးချလိုက်သည်။
အင်း… ကြည့်ရတာ သူတို့နှစ်ယောက်စလုံး သံချပ်ကာကို ငါလေး မတတ်သာလို့ ဖျက်သိမ်းလိုက်ရမှန်း မသိဘူး ထင်တယ်… ဖြူး…
ဟာကွာ… အားမရချင်စရာတွေချည်းပါပဲလားနော်…
ဤရမ်ရေကြံ့နက်သံချပ်ကာ ဝတ်စုံက လိပ်နက်သံချပ်ကာထက် ပို၍ ကြည့်ကောင်းသည်မှာ မှန်၏။ သို့သော် ကံမကောင်းစွာပင် ဒီဝတ်စုံကို ဆင့်ခေါ်ရန် ဝိညာဉ်ချီပမာဏ အများကြီး လိုအပ်သည်။
စောစောလေးကတင် ရှန်ထျန်းက သူ့ဝိညာဉ်ချီ သိုလှောင်နယ်ကို အကြမ်းဖျင်း တွက်ချက်ပြီးသွားလေပြီ။ တစ်ကိုယ်လုံးအပြည့် လိပ်နက်သံချပ်ကာဆိုလျှင် သူ (၁၅)မိနစ်လောက် ထိန်းထားနိုင်သော်လည်း ကြံ့နက်သံချပ်ကာဆိုလျှင်တော့ (၃)မိနစ်ပြည့်အောင်ပင် ထိန်းထားနိုင်လိမ့်မည် မဟုတ်ပေ။
သံချပ်ကာဝတ်စုံ နှစ်ခုအား ထိန်းထားနိုင်သည့် အချိန်မှာ ငါးဆနီးနီး ကွာဟနေလေသည်။ သည်ဟာကို လက်ခံဖို့ရာက အရမ်းကို လွန်လွန်းအားကြီး နေ၏။
တွေးကြည့်လိုက်စမ်းပါ… ပြိုင်ဖက်က အားအကောင်းဆုံး အခြေအနေမှာ ရှိနေတုန်းအချိန် ကိုယ်ကတော့ ကိုယ့်ရဲ့ အားအကောင်းဆုံး အခြေအနေကို မထိန်းထားနိုင်တော့တဲ့ အခြေအနေမျိုးကို…
အချိန်ကြာသည့် တိုက်ပွဲမျိုးတွင် ဤကြံ့နက်သံချပ်ကာမှာ အရေးနိမ့်လာပေလိမ့်မည်။
ထို့အပြင် ကြံ့နက်သံချပ်ကာက နတ်မိုးကြိုး စွမ်းအားတွေ မြန်ဆန်လွန်းစွာ သုံးကုန်သွားရသည့် အကြောင်းအရင်းသည် ကြံ့နက်သံချပ်ကာ ဆင့်ခေါ်ဖို့ ချီစွမ်းအားတွေ အများကြီးလိုသည့် အချက်ထက် ပို၍ ရှုပ်ထွေးနက်နဲလောက်သည်ဟု ရှန်ထျန်းက သံသယဝင်မိသည်။
ပြောရမည်ဆိုလျှင် တကယ်တမ်းကျ မိုးကြိုးဧကရာဇ်က ရွှမ်ဝူသားရဲကောင်ကြီး၏ ခန္ဓာကိုယ် ဖွဲ့စည်းတည်ဆောက်ပုံအား အခြေခံပြီး လိပ်နက်သံချပ်ကာကို တီထွင်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ဝိညာဉ်ချီပမာဏ အတူတူ ရရှိလျှင်ပင် လိပ်နက်သံချပ်ကာက ကြံ့နက်သံချပ်ကာထက် ခုခံနိုင်စွမ်းတွင် ပို၍ သန်မာအားကောင်းလိမ့်မည်မှာ ကြိမ်းသေသည်။
ထိုသို့ ဖြစ်ရသည့် အဓိက အကြောင်းအရင်းမှာ ရွှမ်ဝူသားရဲကောင်ကြီးက သူ့ခုခံကာကွယ်အားအတွက် နာမည်ကျော်ကြားသောကြောင့် ဖြစ်၏။ ကြံ့နက်သံချပ်ကာကို လိပ်နက်သံချပ်ကာနှင့် တူညီသည့် ခုခံအား အာနိသင်မျိုးသို့ ရောက်ရှိလိုပါက ဝိညာဉ်ချီပမာဏ အများကြီး ပိုသုံးဖို့ လိုအပ်ပေလိမ့်မည်။
သို့ဖြစ်၍ ကြည့်ကောင်းဖို့ တစ်ခုတည်းအတွက် လုပ်လိုက်ခြင်းကြောင့် ပေးလိုက်ရသော တန်ရာတန်ကြေးသည်ကား ငါးဆပိုများသည့် ဝိညာဉ်ချီများ ပိုသုံးလိုက်ရခြင်းပင်။
သာမန်ကျင့်ကြံသူတွေဆို ဒီလောက် ဝိညာဉ်ချီတွေ အများကြီး သုံးပစ်ဖို့ စဉ်းတောင်စဉ်းစားရဲမည် မဟုတ်ပေ။
ထိုသို့ဆိုလျှင်တောင်မှ လိပ်နက်သံချပ်ကာအစား ကြံ့နက်သံချပ်ကာကိုသာ သုံးဖို့ ရှန်ထျန်းက အခိုင်အမာ ဆုံးဖြတ်ထား၏။ သူ့နောက်ကျောမှာ လိပ်ခွံကြီး တကားကားတော့ လုံးဝ အဖြစ်မခံနိုင်ပါချေ။
ဝိညာဉ်ချီတွေ ငါးဆလောက် ပိုသုံးရတော့ကော ဘာဖြစ်လဲ… ငါ့မှာ ဝိညာဉ်ကျောက်တုံးတွေ အများကြီး ရှိသေးပါ့…
ပြီးတော့ ဒီပညာရပ်ကို နောက်ဆုံး ခုခံပညာရပ်အဖြစ်နဲ့ပဲ သုံးမယ်လေ… ဒါမဟုတ်… ငါလေး တကယ့် တကယ်ကို အသက်ဘေးကြုံလာတဲ့ အခြေအနေကို ရောက်နေပြီဆိုရင်တော့… အင်း လိပ်နက်သံချပ်ကာကို ပြောင်းသုံးလိုက်မှာပေါ့လို့… ဟင်း…
နဝမနတ်မိုးကြိုး(ရေ) ကျင့်စဉ်ကို ကျင့်ကြံလို့ ပြီးသွားသောအခါ ရှန်ထျန်းက တခြား အမွေအနှစ် ကျင့်စဉ်တစ်ခုစီ အာရုံရောက်သွားလေ၏။
ပွင့်ပွင့်လင်းလင်း ပြောရလျှင် ရှန်ထျန်းက ဒီကျင့်စဉ်ကို ပို၍ပင် မျှော်လင့်ချက်ထားမိသည်။ သူ အာရုံကျသွားသည့် ကျင့်စဉ်မှာ မိုးကြိုးဧကရာဇ် ကိုယ်ထည်မာကျင့်စဉ် ဖြစ်သည်။
နတ်မိုးကြိုးငါးပါး ကျင့်စဉ်သည် အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၏ ချီသန့်စင်ခြင်း အမွေအနှစ် ကျင့်စဉ်ဆိုပါက မိုးကြိုးဧကရာဇ် ကိုယ်ထည်မာကျင့်စဉ်သည် အထွတ်အမြတ်မြေ၏ ပင်မ ကိုယ်ထည်မာ အမွေအနှစ် ကျင့်စဉ် ဖြစ်လေသည်။
ရှန်ထျန်း အရင်က ကျင့်ကြံနေသည်မှာ မီးစာကျမ်း ဖြစ်သည်။
ဒီငွေငါးစသာ ပေးရသည့် မီးစာကိုယ်ထည်မာကျမ်းက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၏ အစွမ်းထက်လှသော မိုးကြိုးဧကရာဇ် ကိုယ်ထည်မာကျမ်းနှင့် နှိုင်းယှဉ်ကြည့်ပါက ဘယ်လိုနေမလဲဆိုတာကို သူ တကယ် သိချင်စမ်းပါဘိ။