← Chapters

အစ်ကိုတော်(၆)ကို နှုတ်ဆက်ရဦးမယ်

Vol. 1-5 Ch. 74

အစ်ကိုတော်(၆)ကို နှုတ်ဆက်ရဦးမယ်

Vol. 1-5 Ch. 74

အခန်း (၇၄) : အစ်ကိုတော်(၆)ကို နှုတ်ဆက်ရဦးမယ်

မိုးကြိုးဧကရာဇ် ကိုယ်ထည်မာကျင့်စဉ်နှင့် နတ်မိုးကြိုးငါးပါး ကျင့်စဉ်တို့သည် တော်ဝင်မိုးကြိုးကျမ်းထဲမှ ကျင့်စဉ်နှစ်မျိုး  ဖြစ်၏။

နတ်မိုးကြိုးငါးပါး ကျင့်စဉ်က မတူညီကွဲပြားသော နတ်မိုးကြိုး အမျိုးအစား ဆယ်မျိုးကို စွမ်းအင်ဗဟိုချက်ထဲ၌ သိုလှောင်သိမ်းဆည်းကာ မိုးကြိုးမွေးမြူသည့် ကျင့်စဉ်တစ်ခု ဆိုပါက မိုးကြိုးဧကရာဇ် ကိုယ်ထည်မာကျင့်စဉ်က ထိုနတ်မိုးကြိုးများကို အသုံးပြုကာ ကျင့်ကြံသူ၏ ကိုယ်ခန္ဓာအား ကြံ့ခိုင်လာအောင် လေ့ကျင့်ပေးသည့် ကျင့်စဉ်တစ်ခု ဖြစ်သည်။

အသန်မာဆုံး ကိုယ်ထည်သာ ရှိပါက တစ်ယောက်တည်းနှင့် ရန်သူ ထောင်ချီကျော်ကိုတောင် ရင်ဆိုင်နိုင်ပေမည်။

တစ်ချိန်တည်းမှာပဲ နတ်မိုးကြိုးငါးပါးကျင့်စဉ်ကို ကျင့်ကြံသူတွေ အနေနှင့် မိုးကြိုးဧကရာဇ် ကိုယ်ထည်မာကျင့်စဉ်ကို ကျင့်ကိုကျင့်ရမည်ဟု တရားသေ မသတ်မှတ်ထားပေ။ အဘယ်ကြောင့်ဆိုသော် တိတိကျကျ ပြောရလျှင် ကျင့်စဉ်နှစ်ခုက တစ်ခုနှင့်တစ်ခု ပတ်သက်ယှက်နွယ်နေခြင်း သိပ်မရှိသောကြောင့် ဖြစ်၏။

မည်သို့ပင်ဆိုစေကာမူ ပုံမှန်အားဖြင့် မိုးကြိုးဧကရာဇ် ကိုယ်ထည်မာကျင့်စဉ်ကို ကျင့်ကြံသူတွေကတော့ နတ်မိုးကြိုးငါးပါးကျင့်စဉ်ကိုပါ တတ်ကျွမ်းအောင် ဆက်ကျင့်ကြံလေ့ရှိကြလေသည်။

ကောလဟာလများအရ ကျင့်ကြံသူူများသာ မိုးကြိုးဧကရာဇ် ကိုယ်ထည်မာကျင့်စဉ်ကို အောင်မြင်စွာ တတ်ကျွမ်းနိုင်ခဲ့လျှင် သူတို့၏ ကိုယ်ခန္ဓာ ဖွဲ့စည်းတည်ဆောက်ပုံ၌ အရည်အသွေး ပြောင်းလဲမှု အကြီးကြီး ဖြစ်သွားလိမ့်မည်ဟု ဆိုကြ၏။

ဤကျင့်စဉ်က သူတို့၏ ကိုယ်ခန္ဓာများအား ပိုမို ကြံ့ခိုင်လာစေသည်သာမက ကျားသစ်သား မိုးကြိုးဝိညာဉ် ကိုယ်ခန္ဓာဖွဲ့စည်းပုံနှင့် ကန်သတ္တု မိုးကြိုးဝိညာဉ် ကိုယ်ခန္ဓာဖွဲ့စည်းပုံတို့လိုမျိုး မိုးကြိုးဝိညာဉ် ကိုယ်ခန္ဓာဖွဲ့စည်းပုံများကိုပါ သူတို့အား ပိုင်ဆိုင်နိုင်သွားစေမည် ဖြစ်သည်။

အကယ်၍ သူတို့ ကိုယ်ခန္ဓာ၏ ဖွဲ့စည်းတည်ဆောက်ပုံကို ထိုကဲ့သို့ မိုးကြိုးဝိညာဉ် ကိုယ်ခန္ဓာဖွဲ့စည်းပုံများသို့ ပြောင်းလဲပစ်နိုင်လိုက်ပါက သူတို့ ကျင့်ကြံထားသည့် မိုးကြိုးအမျိုးအစား ပညာရပ်များက ပိုပြီး အစွမ်းထက်သွားပေလိမ့်မည်။

အကောင်းဆုံး ဥပမာတစ်ခုမှာ ကျန်းယွင်ရှီး ဖြစ်ပေသည်။ သူမက ကန်သတ္တု မိုးကြိုးဝိညာဉ် ကိုယ်ခန္ဓာဖွဲ့စည်းပုံကို ပိုင်ဆိုင်နိုင်ခဲ့သည်။ ထို့ကြောင့် သူမ ကျားဖြူ သတ္တမနတ်မိုးကြိုး (သတ္တု) ကျင့်စဉ်မှ တိုက်ကွက်များကို အသုံးပြုသည့်အခါ၌ တခြားသူများလည်း တူညီသော တိုက်ကွက်များကို သုံးလျှင်တောင်မှ သူမ၏ တိုက်ကွက်များက သူများတွေ၏ တိုက်ကွက်တွေထက် ပို၍ အစွမ်းထက် အားကောင်းနေပေလိမ့်မည်။

အထူးသဖြင့် အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၏ ဂိုဏ်းချုပ်နေရာ တကယ်ဆက်ခံရမည့်သူ ဆိုလျှင် ချီသန့်စင်ခြင်းကျင့်စဉ်ကိုကော၊ ကိုယ်ထည်မာ ကျင့်စဉ်ကိုပါ တစ်ဖက်ကမ်းခပ် တတ်ကျွမ်းဖို့ လိုအပ်လေ၏။ သည်လိုမှသာ ဆက်ခံသူက သူနှင့်ရွယ်တူများအနက် အားအကောင်းဆုံး ကျင့်ကြံသူ တစ်ယောက် ဖြစ်လာပေလိမ့်မည်။

မိုးကြိုးဧကရာဇ် ကိုယ်ထည်မာကျမ်း၏ သဘောတရားများကို သူ့စိတ်ထဲ၌ လေ့လာလို့ ပြီးသွားပြီးနောက် ရှန်ထျန်းက သူဘာလုပ်ရမလဲ ဆိုတာကို ဖြည်းဖြည်းချင်း စဉ်းစားလိုက်သည်။

အခု လိပ်နက်နဝမနတ်မိုးကြိုး (ရေ) ကျင့်စဉ်ကို ကျွမ်းသွားပြီဆိုတော့… ငါလေး မိုးကြိုးဧကရာဇ် ကိုယ်ထည်မာကျင့်စဉ်ကို ကျင့်ကြည့်ချင်တယ်… ဒါဆိုရင်တော့ နဝမနတ်မိုးကြိုးနဲ့ ငါ့ခန္ဓာကိုယ်ကို သန်မာအောင် လုပ်တာက အကောင်းဆုံး ဖြစ်မယ်… ပြီးရင် ရမ်ရေလိပ်နက် မိုးကြိုးဝိညာဉ် ကိုယ်ခန္ဓာဖွဲ့စည်းပုံ ရအောင် အရင်ဆုံး ကြိုးစား…

အဲ နေဦး… ဘာဖြစ်လို့ လိပ်နက်နဲ့ ပတ်သက်တဲ့ဟာ ဖြစ်နေရပြန်တာလဲ…

ကျစ်… ငါ ပြောချင်တာ… ငါလေး တကယ်ကို သိချင်မိတာပါ…

ဒီတော်ဝင်မိုးကြိုးကျမ်းက ငါ့ကို တစ်ခုခု မကျေမနပ် ဖြစ်နေတာ သေကိုသေချာနေပါပြီ… ဟင်း…

သူ့အဖြစ်ကိုသူ သနားမိသော်လည်း ရှန်ထျန်းက ဒီကျင့်စဉ်ကို ကျင့်ကြံဖို့ ဆုံးဖြတ်လိုက်၏။ ပြောရမည်ဆိုလျှင် ဒါက ထိပ်သီးအဆင့်ဝင် ကိုယ်ထည်မာကျင့်စဉ်တွေထဲက တစ်ခု ဖြစ်နေသည်လေ။

ရှန်ထျန်းက ဝိညာဉ်ကျောက်တုံးပုံပေါ် တက်ထိုင်ကာ သူ့ကိုယ်အား မာကြောအောင်လုပ်ရန် နဝမနတ်မိုးကြိုး စွမ်းအားများကို စုစည်းယူလိုက်သည်။

အနက်ရောင်လျှပ်စီးကြောင်းတို့က ရှန်ထျန်း တစ်ကိုယ်လုံးကို ဖုံးသွား၏။ သူတို့က နေရောင်အောက်တွင် ဖျတ်ခနဲ လက်ခနဲ ဖြစ်နေသည်။ ခဏကြာပြီးနောက် သူတို့က ရှန်ထျန်းကိုယ်ထဲသို့ စတင် ဝင်ရောက်သွားကာ ကြွက်သားများ၊ အရိုးများနှင့် အကြောများကို သန့်စင်ပေးလိုက်သည်။

မညာတမ်း ပြောရလျှင် မိုးကြိုးဧကရာဇ် ကိုယ်ထည်မာကျင့်စဉ်က မီးစာကျမ်းထက် ခန္ဓာကိုယ်ကို မာကြောအောင် လုပ်ရာ၌ ပိုပြီး သက်ရောက်မှု ရှိလေ၏။

ကျင့်စဉ်ကြောင့် သူ့ကိုယ်ခန္ဓာ ဘယ်လောက် မြန်မြန်ဆန်ဆန် သန်မာအားကောင်းလာသလဲ ဆိုတာကို ရှန်ထျန်း ခံစားလို့ ရနေလေပြီ။

တစ်ချိန်တည်းမှာပင် ကျင့်ကြံနေစဉ်အတွင်း အသုံးပြုလိုက်ရသည့် ဝိညာဉ်ချီပမာဏမှာလည်း မီးစာကျမ်းကြောင့် လိုအပ်သည့် ပမာဏ၏ ဆယ်ပုံတစ်ပုံစာပဲ ရှိပေသည်။

သို့ပေသည့် သိပ်မကြာခင်မှာပဲ သူ့ကိုယ်ထဲမှာ တစ်ခုခု မှားနေကြောင်း ရှန်ထျန်း သတိထားမိလိုက်၏။

ဘာကြောင့်မှန်းရယ်မသိ သူ့ကျောက်ကပ်က ပိုပိုပြီး လေးလံလာသလို ခံစားလိုက်ရသည်။

ဟိုအရင် ရှေးဦးအဆီအနှစ် လေးလံရေစင်ကို သူ့ကျောက်ကပ်ထဲ စတင် စုပ်ယူတုန်းကတောင် ဒီလိုလေးလံမှုမျိုးကို မခံစားခဲ့ရချေ။ ယခုမူ သူ့ကျောက်ကပ်နေရာ၌ အင်မတန် လေးသည့် ဝန်တစ်ခု ရောက်နေသကဲ့သို့ ရှန်ထျန်း ခံစားနေရ၏။ ထိုခံစားချက်က အတော်လေးကို မသက်မသာ ဖြစ်စေသည်။

တစ်ချိန်တည်းမှာ ရှန်ထျန်း ကိုယ်ကို ဖုံးအုပ်ထားသော နာခံယဉ်ပါးနေသည့် လိပ်နက်နဝမနတ်မိုးကြိုးကလည်း စတင် ကလန်ကဆန် ပြန်သည်။

ယခုဆို အနက်ရောင်နတ်မိုးကြိုးက ရွှေရောင်နတ်မိုးကြိုးနှင့် ငွေရောင်လေးလံရေစင်တို့အဖြစ် ဖြည်းဖြည်းချင်း ပြိုကွဲနေပြီ ဖြစ်သည်။

တကယ်တော့ ရှန်ထျန်း ကိုယ်ထဲမှာ သိုလှောင်ထားသည့် ဝိညာဉ်ပစ္စည်းအားလုံးက မငြိမ်မဆိမ် ဖြစ်လာဟန် ရှိသည်။

မဟုတ်မှ ငါ့ ကံဇာတာက လုံလုံလောက်လောက် မကောင်းသေးလို့ နောက်တစ်ခေါက် ထပ်ပြီး ချီဖောက်ပြန်တော့မှာများလား…

ထိုသို့တွေးမိကာ ရှန်ထျန်းတစ်ယောက် မိုးကြိုးဧကရာဇ် ကိုယ်ထည်မာကျင့်စဉ်အား ကျင့်ကြံနေခြင်းကို ချက်ချင်း ရပ်ပစ်လိုက်သည်။

ထိုသို့လုပ်လိုက်သည့်တိုင် သူ့တစ်ကိုယ်လုံး ပြင်းပြင်းထန်ထန် ကိုက်ခဲနာကျင်နေတာကို ရှန်ထျန်း ခံစားမိဆဲ ဖြစ်၏။

ယင်ယန်ဓာတ်နှောနတ်မိုးကြိုးနှင့် ရှေးဦးအဆီအနှစ် လေးလံရေစင်တို့က ယခုဆို အချင်းချင်း မတည့်မရှု ဖြစ်နေကြကာ သူ့ကိုယ်ထဲမှ ပွင့်ထွက်ဖို့ရန် ကြိုးစားနေကြသည်။

ဤဖြစ်ရပ်က ရှန်ထျန်းအား သူဟာ အချိန်မရွေး ပေါက်ကွဲထွက် သွားနိုင်လောက်သည်ဟု ခံစားရစေ၏။

နောက်ဆုံးတော့ ရှန်ထျန်းလည်း ထိတ်လန့်တုန်လှုပ်သွားချေပြီ။

ငါ တကယ်ကြီး သေတော့မှာလား…

ထိုအခိုက် ရှန်ထျန်း ယခင်က ကျင့်ကြံထားသော မီးစာကျမ်းက အသက်ဝင်နိုးထလာသည်။

ထိုအခါ ဓာတ်နှောနတ်မိုးကြိုးနှင့် လေးလံရေစင်တို့ ချက်ချင်း ငြိမ်ကျသွားလေ၏။

ဒီအဖြစ်အပျက် တစ်ရပ်လုံးကို ပိုပြီး မြင်သာအောင် ရှင်းပြရလျှင် တစ်ယောက်နှင့် တစ်ယောက် သတ်ပုတ်တော့မည့် ကျောင်းသားနှစ်ယောက်က စာသင်ခန်းထဲ သူတို့ဆရာ ဝင်လာတာကို မြင်သောအခါ ချက်ချင်း ငြိမ်ကျသွားသလိုမျိုး ဖြစ်နေ၏။

တစ်ခုက သူ့နဖူးကင်းဆီ ပြန်သွားစဉ် နောက်တစ်ခုက သူ့ကျောက်ကပ်ထဲ ပြန်ဝင်သွားသည်။

ရှန်ထျန်းတစ်ယောက် အံ့သြမှင်သက်သွား၏။

ဘုရားရေ… သူတို့က အဲ့ဒါလေးနဲ့တင် ပြန်ငြိမ်သွားရောလား…

နေဦး… ဒါ သိပ်တော့ အဓိပ္ပာယ် မရှိသေးဘူး…

ဘယ်လိုဖြစ်ပြီး အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေကနေ လာတဲ့ နာမည်ကျော် ကိုယ်ထည်မာကျမ်းက ဒီမီးစာကျမ်းလေးကို မယှဉ်နိုင်ဘူး ဖြစ်နေရတာလဲ…

သူ မိုးကြိုးဧကရာဇ် ကိုယ်ထည်မာကျမ်းကို ကျင့်ဖို့ ကြိုးစားတော့ ဝိညာဉ်ပစ္စည်း နှစ်ခုစလုံးက အလေ့ကျင့်မခံတဲ့ ဟတ်စကီးခွေးတွေလိုပဲ ပြဿနာအကြီးကြီး ရှာဖို့  တာစူနေကြတယ်…

ဟော… မီးစာကျမ်းနဲ့လည်း တွေ့ရော် အိမ်မွေးခွေးပေါက်လေးတွေလို ငြိမ်ကုပ်လို့ပါလား…

မီးစားကျမ်းအား ရှန်ထျန်း အံ့သြလေးစားသွားရသည်။

အင်း… သေချာပါတယ်… ကြည့်ရတာ ဒီမီးစာကိုယ်ထည်မာကျမ်းက ထင်ထားသလောက် မရိုးရှင်းဘူးပဲကိုး…

ရှန်ထျန်းက မိုးကြိုးဧကရာဇ် ကိုယ်ထည်မာကျမ်းကို နောက်တစ်ခေါက် ပြန်ကျင့်ချင်မိသေးသည်။ သို့သော် အသိတရားနှင့် အမြန် ပြန်ထိန်းနိုင်လိုက်သည်။

ပြောရလျှင် နောက်တစ်ခေါက်ကျ ဝိညာဉ်ပစ္စည်း နှစ်ခုကို စောစောကလိုမျိုး ပြန်ငြိမ်အောင် ထိန်းနိုင်ပါ့မလား ဆိုတာ သေချာ မသိရသေးပေ။

မတော်လို့ ဒီတစ်ခေါက်ကျမှ မီးစာကျမ်းက ဓာတ်နှောနတ်မိုးကြိုးနဲ့ လေးလံရေစင်ကို မထိန်းနိုင်တော့ရင် ဘယ်လိုလုပ်မလဲ… ဒါဆို ကွေ့ကုန်းကုန်းနဲ့ ချင်ကောင်းတို့ကို သူ့ကိုယ်သူ ပြန်ဖောက်ကွဲမိတဲ့ အံ့သြစရာ မြင်ကွင်းကြီး တစ်ခုကို ပြလိုက်သလိုမျိုး ဖြစ်မသွားပေဘူးလား ပြော…

ထားပါ… ငါလေး လူ့ဘဝရဲ့ အရသာတွေကို ခံစားချင်သေးတယ်… သေသွားပြီးတော့ ကိုယ်လုပ်တော်လန်နဲ့ ခပ်မြန်မြန် ပြန်မဆုံချင်သေးဘူးကွယ်…

ထိုအခိုက်မှာပဲ ရှန်ထျန်းတစ်ယောက် အကြံတစ်ခု ထရသွားသည်။

စဉ်းစားကြည့်မယ်ဆို… မိုးကြိုးဧကရာဇ် ကိုယ်ထည်မာကျမ်းကို ကျင့်ဖို့အတွက် မတူညီတဲ့ မိုးကြိုးအမျိုးအစားတွေ လိုတယ်မလား… မီးစာကျမ်းကို ကျင့်တဲ့အချိန်မှာ ဒီသဘောတရားကို သုံးကြည့်လိုက်ရင်ကော ဘယ်လိုနေမလဲ မသိဘူး… ပြောမရဘူးလေ… ဒီသဘောတရားကို သုံးပြီး ရှေးဦးအဆီအနှစ်လေးလံရေစင်ကို စုပ်ယူ၊ ပြီးရင် အဲ့ဒါကို မိုးကြိုးစွမ်းအား အဖြစ် အသွင်ပြောင်းလိုက်၊ ဒါဆိုရင် ကျင့်ကြံတဲ့ လုပ်ငန်းစဉ်က ပိုပြီး အကျိုးထူး မြန်ဆန်သွားမယ် မဟုတ်ဘူးလား…

ဓာတ်နှောနတ်မိုးကြိုးက မီးစာကျမ်းနှင့် ဓာတ်တည့်ပြီး ချိတ်ဆက်မှုတစ်ခု ရှိနေကြောင်း ရှန်ထျန်း သတိထားမိသည်။ ထို့ကြောင့် ဒီအကြံက တကယ် အလုပ်ဖြစ်သွားနိုင်လောက်သည်။

တွေးပြီးသည်နှင့် ရှန်ထျန်းက သူ့အကြံကို ချက်ချင်းလက်ငင်းကို ထအကောင်အထည် ဖော်လေ၏။

သူက နဝမနတ်မိုးကြိုး အနည်းငယ် စုစည်းရန် နတ်မိုးကြိုးငါးပါး ကျင့်စဉ်ကို နိုးထစေလိုက်သည်။ ထို့နောက် နတ်မိုးကြိုးများကို စုပ်ယူရန် မီးစာကျမ်းကို စတင်လှည့်ပတ်လိုက်သည်။ ပြီးမှ မီးစာကျမ်းနှင့် စုပ်ယူထားသော နတ်မိုးကြိုးများကို သုံးကာ သူ့ကိုယ်ခန္ဓာကို မာကြောအောင် လုပ်လိုက်သည်။

ရှန်ထျန်း ခန့်မှန်းချက်က မှန်နေလေ၏။ ထိုနဝမ နတ်မိုးကြိုးကို စုပ်ယူပြီးသည့်နောက် မီးစာကျမ်းက သူ့ကိုယ်အား မာကြောအောင် လုပ်ပေးသည့်နှုန်းမှာ ပိုမိုမြန်ဆန်လာလေသည်။

နတ်မိုးကြိုး၏ လှုံ့ဆော်မှုကြောင့် သူ့ကိုယ်ခန္ဓာဖွဲ့စည်းပုံမှာ သိသိသာသာ တိုးတက်လာကြောင်းလည်း ရှန်ထျန်း ခံစားလို့ ရသည်။

အခု သူ ခံစားနေရသည်နှင့် စောစောတုန်းက မိုးကြိုးဧကရာဇ် ကိုယ်ထည်မာကျင့်စဉ်ကို သုံးပြီး ခန္ဓာကိုယ်ကို မာကြောအောင် လုပ်စဉ်က ခံစားခဲ့ရသည်နှင့် တို့ကြား မသိမသာ တူညီမှုလေး တစ်ခုတော့ ရှိနေသည်။

သို့သော် ဒီနည်းက ဝိညာဉ်ကျောက်တုံးတွေ အများကြီး ပိုကုန်စေသည်။

ဆိုတော့… ဘယ်လိုပဲဖြစ်ဖြစ် ငါလေး ဝိညာဉ်ကျောက်တုံးတွေကို ရေလို သုံးနိုင်မှ ရတော့မယ့် သဘောပေါ့လေ…

ထိုသို့ ကောက်ချက်ချမိသောအခါ ရှန်ထျန်းမှာ ပါးစပ်တွန့်သွားရ၏။

ကြည့်ရတာ သာမန်ကမ္ဘာမှာပဲဖြစ်ဖြစ် ကျင့်ကြံရေးကမ္ဘာမှာပဲဖြစ်ဖြစ်၊ အားကောင်းလာနိုင်ဖို့အတွက် တစ်ခုတည်းသော နည်းလမ်းက ငွေလမ်းခင်းဖို့နဲ့ တူပါရဲ့…

ရှန်းထျန်းက သက်ပြင်းကိုချကာ တစ်နေ့တာအတွက် သူ့ကျင့်ကြံခြင်းကို ရပ်လိုက်သည်။

ကျင့်ကြံနေစဉ်အတွင်း အချိန်ကုန်မှန်းမသိ ကုန်သွားလေရာ ကောင်းကင်ကြီးတောင် မည်းမှောင်နေလေပြီ။

အရမ်းကြီး မလောတာ အကောင်းဆုံးပဲဟု ဆုံးဖြတ်လိုက်ပြီးနောက် ရှန်ထျန်းက မတ်တပ်ထရပ်လိုက်၏။ ထို့နောက် ကွေ့ကုန်းကုန်းနှင့် ချင်ကောင်းတို့ကို သူနှင့်အတူ လမ်းလျှောက်ထွက်ဖို့ ခေါ်သွားလိုက်သည်။

သုံးယောက်သား လန်နန်းတော်၏ အပြင်ဘက်နားတွင် အေးအေးလူလူ လမ်းလျှောက်နေလိုက်ကြသည်။

ရှန်ထျန်းအား အင်မတန် စိတ်သက်သာသွားစေသည့် အရာမှာ သူ့နောက်တကောက်ကောက် လိုက်မည့် သည်းသည်းလှုပ်ဖန်များကို စိုးရိမ်စရာ မလိုတော့သည့်အချက် ဖြစ်၏။

ကုန်းကုန်းတွေနှင့် နန်းတွင်းအစေခံတွေ အကုန်လုံးကတော့ သူတို့နား သူလာနေတာကို မြင်သည်နှင့် ချက်ချင်း သူ့ကို ရှောင်ရှားရန် ကြိုးစားနေကြဆဲ ဖြစ်သည်။

အမှန်အတိုင်း ပြောရလျှင် လူကြဉ်ခံထားရသည့် ဒီခံစားချက်ကိုတောင် ရှန်ထျန်း တကယ်လွမ်းနေမိသည်။

ရှန်ထျန်းက လက်ထဲ၌ ဟာရီတီ စိပ်ပုတီးတစ်ကုံးနှင့် နန်းဆောင်နားတဝိုက် နားအေးပါးအေး လမ်းလျှောက်နေလိုက်သည်။

သို့သော် သတိမမူမိဘဲ တော်ဝင် အိမ်တော်ထိန်းသိမ်းရေး ဌာနနားသို့ သူ ရောက်သွားချိန်မှာတော့ ဌာန၏ တံခါးမကြီးတွင် ကပ်ထားသည့် ထုတ်ပြန်ချက်တစ်ခုက သူ့အာရုံကို ဖမ်းစားသွားလေ၏။

ထုတ်ပြန်ချက်မှာ လွန်ခဲ့သည့် သုံးရက်ကတည်းက အကပ်ခံထားရသည် ဖြစ်ကာ အဓိက ရည်ရွယ်ချက်မှာ နောက်ငါးရက်နေလျှင် နန်းတော်ထဲ၌ မဟာဂုဏ်ပြုဧည့်ခံပွဲကြီး တစ်ခု ကျင်းပမည့်အကြောင်း ကြေညာလိုခြင်း ဖြစ်သည်။

ဂုဏ်ပြုပွဲကို မင်းသား(၆)အား နှုတ်ဆက်ရန်အတွက် မီးတိုင်းပြည်၏ ပြည့်ရှင် ဘုရင်မင်းမြတ်က ကျင်းပခြင်း ဖြစ်သည်။ အကြောင်းမှာ ဂုဏ်ပြုပွဲ ပြီးသည်နှင့် ရှန်အောင်းက ထိုက်ပိုင်ချိုင့်ဝှမ်းတွင် ကျင့်ကြံရန် တပည့်သွားခံဖို့အတွက် ပြည်မှ ထွက်ခွာတော့မည် ဖြစ်သောကြောင့်တည်း။

ထိုက်ပိုင်ချိုင့်ဝှမ်းကဲ့သို့ ဂုဏ်သတင်းကြီးသည့် ဂိုဏ်းတစ်ဂိုဏ်းအတွက် တပည့်ခံချင်သူများက ကိုယ်တိုင်သွား၍ တက်ရောက်သင့်သည်မှာ သဘာဝကျလေသည်။

ပြိုင်ဖက်ကင်းပါရမီရှင် တစ်ဦးမှ မဟုတ်လျှင် ဘယ်ကျင့်ကြံရေးဂိုဏ်းကမှ သူတို့ဘက်ကနေ တပည့် လာရှာလိမ့်မည် မဟုတ်ပေ။

ထုတ်ပြန်ချက်ကို ကြည့်နေရင်းမှ ရှန်ထျန်းက အတွေးထဲ မျောသွားသည် “အစ်ကိုတော်(၆)က သွားတော့မှာလား”

သူ့အစ်ကိုတော်(၆)အကြောင်း စဉ်းစားမိလိုက်တိုင်း ရှန်ထျန်းမှာ အပြစ်ရှိသလို ခံစားလိုက်ရ၏။

ဂုဏ်ပြုပွဲကြီးကို နောက်နှစ်ရက်နေလျှင် သူ့အစ်ကိုတော်(၆)အတွက် ကျင်းပတော့မည် ဖြစ်လေရာ ဘာပဲဖြစ်ဖြစ် သူလည်း သေသေချာချာ သွားနှုတ်ဆက်သင့်သည်ဟု ရှန်ထျန်းက တွေးလိုက်သည်။

ရှန်အောင်းအား ပစ္စည်းကောင်းလေး တစ်ခုလောက် လက်ဆောင်ပေးပြီး စိတ်ရင်းနှင့် ထပ်တောင်းပန်လိုက်တာ ကောင်းမည် ထင်၏။ အင်း… ရှန်အောင်းက မေ့ပျောက်ဆေးလုံးကို သောက်ထား၍ ဘာမှ မမှတ်မိလောက်ဖို့တော့ များလေသည်။

ဘယ်လိုပဲဖြစ်ဖြစ် ရှန်အောင်း နာမည်ကို အသုံးချပြီး လုပ်စားခဲ့တာ သူ့ကိုယ်သူ အသိဆုံး ဖြစ်လေရာ ဒီအပြစ်အတွက် တစ်ခုခုတော့ ပြန်လုပ်ပေးသင့်သည်ဟု ရှန်ထျန်း ခံစားမိ၏။

ဘာတွေပဲ ပြောနေနေ နောက်ဆုံးမှာတော့ ရှန်အောင်းက သူ့သွေးရင်းချာ ညီအစ်ကို ဖြစ်နေသေးဆဲပဲလေ…

ဤသို့ဖြင့် ရှန်ထျန်းက စိတ်ပိုင်းဖြတ်လိုက်သည်။ ထို့နောက် သူက တော်ဝင်အိမ်တော်ထိန်းသိမ်းရေး ဌာနထဲသို့ ဝင်သွားလိုက်၏။ သူ့မျက်လုံးများထဲတွင် ခိုင်မာသော ဆုံးဖြတ်ချက်တစ်ခုက နေရာယူထားလေပြီ။

All Chapters