အံ့ဖွယ်မိုးကောင်းကင်အထွတ်အမြတ်မြေ၏ ကြာပြာ ကောင်းကင်အသျှင်
Vol. 1-5 Ch. 75
အခန်း (၇၅) : အံ့ဖွယ်မိုးကောင်းကင်အထွတ်အမြတ်မြေ၏ ကြာပြာ ကောင်းကင်အသျှင်
ဝေါင်း…
ကျယ်ပြောလှသော ကောင်းကင်ပြင်ထဲ၌ ကျားဖြူတစ်ကောင်က နာနာကျည်းကျည်း ဟိန်းသံပြုလျက် တစ်စစီ ပေါက်ကွဲထွက်သွားသည်။
ထို့နောက် သွယ်လျလျ ပုံရိပ်လေးတစ်ခုက အဝေးတစ်နေရာသို့ လွင့်စင်ထွက်သွား၏။ သူမ မျက်နှာမှာ ဖြူဖျော့နေကာ နှုတ်ခမ်းထောင့်မှလည်း သွေးစီးချောင်း တစ်မျှင်က စီးကျနေ၏။
မှန်ပေသည်။ ဤသူမှာကား တခြားသူမဟုတ် အဆုံးမဲ့ဝိညာဉ်ဥယျာဉ်ကနေ အလောတကြီး ထွက်ခွာသွားသည့် ကျန်းယွင်ရှီး ဖြစ်နေသည်။
ရှန်ထျန်းအား အမွေအနှစ်ကျင့်စဉ် သုံးခုစလုံး ပေးပြီးနောက် ကျန်းယွင်ရှီးက တတ်နိုင်သမျှ မြန်မြန် ဂိုဏ်းသို့ ပြန်ရန် ကြိုးစားခဲ့သည်။
သို့ပေမဲ့လည်း အကြံဆိုးများနှင့် လူတွေက သူမကို မီသွားဆဲသာ။
ထိုနေ့ညက ကောင်းကင်ပေါ်မှာ ပေါ်လာသည့် ဖြစ်ရပ်ဆန်း မြင်ကွင်းများကြောင့် အားလုံးနီးပါးက ထူးခြားရတနာ တစ်ခုခုကို တစ်ယောက်ယောက်က ရှာတွေ့သွားမှန်း သိလိုက်ကြသည်။
ထိုအချိန်မှာ ထိုဖြစ်ရပ်ဆန်း ဖြစ်ပွားခဲ့သော နေရာကနေ ဂိုဏ်းသို့ အလောတကြီး ပြန်သွားသည့် အံ့ဖွယ်မိုးကောင်းကင်၏ သူတော်စင်မ ကျန်းယွင်ရှီးကို သူတို့ မြင်လိုက်ရ၏။
ဒီအဖြစ်က အရမ်းကို သံသယဝင်စရာ ကောင်းလွန်းနေသည်။ ထို့ကြောင့် အမှောင်ထဲမှ အခွင့်ကောင်းယူဖို့ ချောင်းနေသူများက ဒီကိစ္စကို စုံစမ်းရန် ဆုံးဖြတ်လိုက်ကြသည်။
အံ့ဖွယ်မိုးကောင်းကင်၏ သူတော်စင်မသည်ပင် ဖုံးကွယ်ထားဖို့ ကြိုးစားနေရသည့် ရတနာတစ်ခု ဖြစ်လေရာ ထိုရတနာက မည်မျှတောင် အဖိုးတန် မက်မောစရာ ကောင်းလိုက်မည်နည်း။
သို့ဖြစ်၍ မီးတိုင်းပြည်နားမှာ လှည့်လည်သွားလာနေသည့် အဆင့်မြင့် ပညာရှင် ထိပ်သီးကျင့်ကြံသူများက သူမအား အသည်းအသန် လိုက်ဖမ်းကြလေတော့သည်။
ထိုပညာရှင်များအနက် အားအနည်းဆုံးလူများမှာ ရွှေအမြုတေအဆင့် ထိပ်ဆုံးနား ရောက်နေပြီ ဖြစ်ကာ သူတို့ဆီမှာ ကနဦးဝိညာဉ် ကျင့်ကြံသူများကိုပင် အထိနာအောင် လုပ်နိုင်မည့် အထူးပစ္စည်း တချို့ကို ပိုင်ဆိုင်ထားကြသည်။
ပြောရမည်ဆိုလျှင် လိုက်လာကြသည့် လူအများစုသည် ကနဦးဝိညာဉ်အဆင့်ကို ရောက်နေပြီ ဖြစ်သော အားကောင်းသည့် အထွတ်အထိပ်ရှင်များ ဖြစ်နေ၏။
သူတို့ဆီမှာ သည်လိုပစ္စည်းတွေမှ မပိုင်ဆိုင်ထားလျှင် သူတို့က သူတော်စင်မနောက်ကို ကနဦးဝိညာဉ် ကျင့်ကြံသူတွေ အများကြီးနှင့်အတူ လိုက်လာရဲပါ့မလား။
ကိုယ့်သေတွင်း ကိုယ်တူးသလို ဖြစ်နေမည် မဟုတ်ပါလော။
“သူမက အရည်အချင်းတော့ ရှိသားပဲ။ ကျားဖြူသဏ္ဍာန် မိုးကြိုးပုံရိပ်ကို ဆင့်ယူနိုင်တာ မဆိုးဘူး ပြောရမယ်”
“အရှေ့ပိုင်းလွင်ပြင်ထဲက ရွှေအမြုတေအဆင့် ကျင့်ကြံသူများ စာရင်းမှာ အဆင့်(၉) ချိတ်တာ မထူးဆန်းတော့ပါဘူး”
“ဘာပဲဖြစ်ဖြစ် သူမက ရွှေအမြုတေ ကျင့်ကြံသူ အဆင့်မှာပဲ ရှိသေးတာလေ။ ငါတို့နဲ့ တွေ့ဆုံခွင့်ရတာ သူမ ကံကောင်းတယ် မှတ်ပါ”
အထွတ်အထိပ်ရှင်အားလုံးက ကြောက်မက်စရာ တုန်ခါလှိုင်းများကို ထုတ်လွှင့်နေရင်း ကောင်းကင်ထဲမှာ ဈာန်ပျံနေကြသည်။
သူတို့က ကျန်းယွင်ရှီးနောက် တစ်ရက်နှင့် တစ်ညတိတိ မရပ်မနား လိုက်လာပြီးမှ နောက်ဆုံးတွင် သူမကို ဝိုင်းလိုက်နိုင်သွားခြင်း ဖြစ်သည်။
ကျန်းယွင်ရှီးတစ်ယောက် ဘယ်လောက်ပဲ ပါရမီကောင်းနေပါစေ၊ သူတို့အတွက်ကား သူမသည် ရွှေအမြုတေ အဆင့်၌သာ ရှိသေးသည့် ကျင့်ကြံသူလေး တစ်ယောက် ဖြစ်နေ၏။
သူမအနေနှင့် တစ်ချိန်တည်းမှာ ကနဦးဝိညာဉ် ကျင့်ကြံသူ ဆယ်ယောက်ကျော်ကို တစ်ပြိုင်နက်တည်း ရင်ဆိုင်ခုခံနိုင်လိမ့်မည် မဟုတ်ပေ။
ယခု သူတို့ သူမကို ဝိုင်းလိုက်နိုင်ပြီ ဖြစ်လေရာ အဖိုးတန်ရတနာက မကြာမီ သူတို့လက်ထဲ ရောက်လာတော့မည်ဟု တရားသေ တွက်ထားကြကာ သူတို့က ဟန်ဆောင်ပန်ဆောင်ဖြင့် ပြောလိုက်သည်။
“သူတော်စင်မ ယွင်ရှီး… ကျုပ်တို့ထဲက ဘယ်သူကမှ မင်းရဲ့ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေနဲ့ ရန်သူ မဖြစ်ချင်ကြဘူးကွယ့်။ ကျုပ်တို့က မင်းဖုံးကွယ်ဖို့ ကြိုးစားနေတဲ့ ရတနာကို မြင်ဖူးချင်ရုံလေးပါ”
“ဟုတ်တယ်။ မင်း ငါတို့ကို ရတနာကို တစ်ချက်လောက် ကြည့်ခွင့်သာပေး… ဒါဆို မင်းကို ဘာမှမလုပ်ဘူးလို့ ကတိပေးတယ်။ မင်း ဒီနေရာကနေ ဘေးကင်းကင်းနဲ့လည်း ပြန်ထွက်သွားလို့ ရမယ်”
ကနဦးဝိညာဉ်အဆင့်၏ ထိပ်ဆုံးနားတွင် ရှိနေသော အထွတ်အထိပ်ရှင်တစ်ယောက်က သူမ၏ ရုပ်ပုံကို မြူခိုးမည်းများကြား ဖုံးကွယ်ထားကာ တခြားသူများ သူမ ဘယ်သူလဲဆိုတာ မသိနိုင်အောင် လုပ်ထားလေသည်။
အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၏ သူတော်စင်မအား လိုက်လံဖမ်းဆီးခြင်းမှာ ပြစ်မှုကြီး တစ်ခု ဖြစ်၏။ မည်သူကမျှ သည်လိုအပြစ်ကို ပေါ်တင်ကြီး ကျုးလွန်ရဲလိမ့်မည် မဟုတ်ပေ။
သူတို့က ကနဦးဝိညာဉ်အဆင့်၏ ထိပ်ဆုံးနားတွင် ရှိနေကာ ဝိညာဉ်အသွင်ပြောင်းခြင်း အဆင့်ကို ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့လျှင်ပင် သူတို့သူတော်စင်မအား အန္တရာယ်ပြုဖို့ ကြိုးစားတာကို အံ့ဖွယ်မိုးကောင်းကင်သာ သိသွားပါက သူတို့တွေ သေခြင်းတရားနှင့် မျက်နှာချင်းဆိုင်ရကိန်း ရှိပေသည်။
အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေသည် ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့် ရောက်နေသည့် ကောင်းကင်အသျှင်ပေါင်း မြောက်များစွာ၏ နေအိမ်ဇာတိ ဖြစ်နေသေးသည့်အချက်ကို မေ့လို့ မဖြစ်ပေ။
ပုံမှန်အချိန်တွေ၌ အလေးစား အရိုသေခံ စီနီယာများ ဖြစ်ကြသော ဤလောဘကောင် ကနဦးဝိညာဉ် ကျင့်ကြံသူများကို စိုက်ကြည့်ရင်း ကျန်းယွင်းရှီးက မနေနိုင်တော့ဘဲ ခပ်ထေ့ထေ့ ဝေဖန်လိုက်သည်။
“လူယုတ်မာတွေ… ရှင်တို့အကုန်လုံးက ကိုယ့်မျက်နှာကျ ထုတ်မပြဘဲ အရှက်မရှိ လိုက်လုနေတာ… ရှင်တို့က တကယ်ကို စက်ဆုပ်ဖို့ကောင်းတဲ့လူတွေ…
ကနဦးဝိညာဉ်အဆင့် ရောက်နေတဲ့ ရှင်တို့က ကျွန်မလို ရွှေအမြုတေ ကျင့်ကြံသူလေး တစ်ယောက်ကို ဝိုင်းတိုက်မယ်ပေါ့လေ…
ရှင်တို့ထဲကနေ ကျွန်မနဲ့ တစ်ယောက်ချင်း မျှမျှတတ ရင်ဆိုင်ဖို့ ဘယ်သူ ထွက်လာရဲလဲ”
ကျန်းယွင်ရှီးက ဒယိမ်းဒယိုင်ဖြင့် အတင်း မတ်မတ်ပြန်ရပ်လိုက်သည်။ ကျားဖြူအလင်းသန့် သံချပ်ကာဝတ်စုံက သွေးတို့ဖြင့် ပေကျံနေသည့်တိုင်အောင် တောက်တောက်ပပ ပြောင်လက်နေဆဲပင်။
တစ်စစီ အဖြိုခွဲခံလိုက်ရသော ကျားဖြူသဏ္ဍာန် မိုးကြိုးပုံရိပ်ကိုလည်း တစ်ခါထပ်မံ ပြန်ဆင့်ခေါ်လိုက်ပြီး သူမနောက်ဘက်၌ အသင့်စောင့်နေစေလိုက်၏။
ထိုအခိုက်အတန့်၌ ကျန်းယွင်ရှီးကို ကြည့်ရသည်မှာ ငကြောက်ပြိုင်ဖက်တွေ အကုန်လုံးအား သူမ၏ ရဲစွမ်းသတ္တိတို့ကို ထုတ်ဖော်ပြသတော့မည့် စစ်နတ်ဘုရားမ တစ်ပါးနှင့် တူနေလေတော့သည်။
“ဟားဟား… ရွှေအမြုတေ အဆင့်မှာ ရှိနေတဲ့ မိန်းကလေး တစ်ယောက်ဆီကနေ ဒီလိုစကားမျိုး ကြားရတာ ရယ်စရာကောင်းလိုက်တာ… သိပ် ရယ်ရတာပဲ”
ကနဦးဝိညာဉ် အထွတ်အထိပ်ရှင်များအနက်မှ တစ်ယောက်က ပြောလိုက်၏။ လေသံကို နားထောင်ကြည့်ရသည်မှာ ထိုသူက အသက်ကြီးသည့် အမျိုးသမီး တစ်ယောက် ဖြစ်ဟန် ရှိသည်။
သူမက နှာခေါင်းရှုံ့ကာ မှတ်ချက်ပေးလိုက်၏ “ကလေးမ… မင်းကိုယ့်မင်း သိပ်ဟုတ်လှပြီ ထင်နေတယ်ပေါ့လေ”
ကျန်းယွင်ရှီးက အသံလာရာဘက်သို့ အေးစက်စွာ ကြည့်ကာ ကြေညာလိုက်သည် “အဘွားကြီး… ဒါဆိုလည်း ရှင် ထွက်လာပေတော့”
ထိုစကားပြီးသည်နှင့် သူမအနောက်မှ ကျားဖြူက ဟိန်းသံတစ်ခု ပြုလိုက်လေ၏။
သူမကိုယ်က ငွေရောင်အလင်းတန်း အဖြစ် အသွင်ပြောင်းသွားလျက် သူမက ထိုအဘွားအိုဆီသို့ အရှိန်နှင့် တိုးဝင်သွားလိုက်သည်။ တောက်ပသည့် ဝိညာဉ်ချီ အမျှင်တို့က သူမ၏ အရေပြားထက်၌ တောက်လောင်နေကာ သူမ၏ ကျားဖြူအလင်းသန့် သံချပ်ကာဝတ်စုံဆီမှ စူးရှတောက်ပသော အလင်းတန်းတို့ ရောင်ပြန်ဟပ်နေလေသည်။
အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေမှာ သူမ သင်ယူတတ်မြောက်ခဲ့သော ဆန်းကြယ်ပညာရပ်များကို ကျန်းယွင်ရှီးက အသက်သွင်းလိုက်၏။ သူမက သူသေကိုယ်သေ အားကုန်သုံး၍ တိုက်ဖို့ အသင့်ပြင်လိုက်လေပြီ။
သူမ၏ နဖူးကင်း တည့်တည့်တွင် တလက်လက် တောက်နေသည့် ရွှေရောင်မိုးကြိုး အမှတ်အသား တစ်ခု ပေါ်လာသည်။ ထို့နောက် ဒီသူတော်စင်မဆီမှ ထွက်နေသည့် တုန်ခါလှိုင်းများက ပေါက်ကွဲထွက်သွားလေ၏။
မြူခိုးမည်းများကို ကျော်ဖြတ်ရန် သူမဆီမှ တိုက်ကွက် တစ်ကွက်တည်းသာ လိုလိုက်သည်။
တောဘုရင်ကျား ဟိန်းလိုက်သောအခါ တခြားသားရဲများမှာ ကြောက်လန့်တုန်လှုပ်ကာ အသံမထွက်ရဲကြတော့ချေ။
ဝေါင်း…
ဝေါင်း…
ဝေါင်း…
“မဟုတ်ဘူး… မဖြစ်နိုင်တာ… ရွှေအမြုတေ ကျင့်ကြံသူ တစ်ယောက်က ဒီလောက်ထိ အားကောင်းနိုင်လို့လား”
တောက်ပသည့် လျှပ်စီးကြောင်းတို့ကြောင့် မြူခိုးမည်းများ မလွင့်စင်သွားခင်၌ပင် ထိုထဲတွင် ပုန်းကွယ်နေသည့် အဘွားအိုဆီမှ သွေးပျက်သည့် အော်သံတစ်ခုကို ကြားလိုက်ရသည်။ ထို့နောက် မြူခိုးမည်းများမှာ အစအနမကျန် တစ်စစီ လွင့်စင်ပျောက်ကွယ်သွားလေသည်။
ကျန်းယွင်ရှီးက အထွတ်အမြတ်မြေ၏ ဆန်းကြယ်ပညာရပ်ကို အသုံးပြုကာ ထိုအဘွားအို၏ ခန္ဓာကိုယ်အား တစ်စစီ စုတ်ဖြဲပစ်ခြင်းအား စတင်လိုက်၏။
တစ်ကိုယ်လုံး အဖျက်ဆီးခံလိုက်ရသည့် အချိန်၌ အဘွားအို၏ ခန္ဓာကိုယ်ထဲမှ တလက်လက် တောက်ပနေသည့် ကနဦးဝိညာဉ် တစ်ခုက ပြေးထွက်သွားသည်။
ဤသည်မှာ အဘွားအို၏ ဝိညာဉ် ဖြစ်ပေ၏။ သူမက ထွက်ပြေးကာ ခဏလောက် ပုန်းကွယ်နေပြီးမှ အခွင့်ကောင်းကို စောင့်ကာ တခြားလူတွေထဲ ဝိညာဉ်ဝင်ပူးပြီး သူများခန္ဓာကိုယ်ထဲတွင် လူပြန်ဝင်စားနိုင်အောင် လုပ်ချင်မိလေသည်။
သို့ပေမဲ့ ကျန်းယွင်ရှီးက သူမအား ထိုသို့လုပ်ခွင့် ပေးပါလိမ့်မတဲ့လား…
ကျန်းယွင်ရှီး၏ လက်ချောင်းများဆီမှ ကြက်သွေးရောင် ဇာမဏီပုံသဏ္ဍာန် ရှိသည့် ခရမ်းနီရောင် မိုးကြိုးတစ်ချောင်း ပေါက်ကွဲထွက်သွားသည်။
ထိုအရာမှာ ကြက်သွေးရောင် ဇာမဏီ တတိယနတ်မိုးကြိုး ဖြစ်ကာ ထိုနတ်မိုးကြိုးက အဘွားအို၏ ကနဦးဝိညာဉ် ပတ်ပတ်လည်တွင် ရစ်ပတ်လွှမ်းခြုံသွား၏။
မီးတောက်ထဲ ထည့်အရှို့ခံလိုက်ရသဖြင့် အဘွားအို၏ ကနဦးဝိညာဉ်က စူးစူးဝါးဝါး အော်သံတစ်ခုကို ပြုလုပ်လိုက်သည်။ သိပ်မကြာခင်မှာပဲ သူမက ကျန်းယွင်ရှီ၏ စွမ်းအားကို မတွန်းလှန်နိုင်ဘဲ သူမနှင့်ထိုက်တန်သည့် အဆုံးသတ်ကို ခံယူလိုက်ရလေ၏။
သူမ၏ ဝိညာဉ်မှာကား အပြီးအပိုင် အဖျက်ဆီးခံလိုက်ရလေပြီ။
ဤအချိန် အတောအတွင်း၌ ကျန်းယွင်ရှီးအား ဝိုင်းထားသည့် အဆင့်မြင့်ကျင့်ကြံသူတွေထဲက မည်သူကမှ အဘွားအိုအား ကူညီဖို့ ဂရုပင်မစိုက်ကြချေ။။
အကြောင်းအရင်းမှာ ရှင်းရှင်းလေးပင်။ သည်လူတွေ အားလုံးက အဖွဲ့မတူကြပေ။ ထို့အပြင် သူတို့အားလုံးက ကျန်းယွင်ရှီး အားကုန်သွားတာကို မြင်ချင်နေကြသည်။ ထိုမှသာ သူတို့အနေနှင့် သူမဆီမှ နောက်ထပ် ရောက်ရှိလာမည့် ခုခံတိုက်ခိုက်မှုများကို အလွယ်တကူ ချေဖျက်နိုင်လိမ့်မည် ဖြစ်သည်။
ဤအနေအထားတွင် အဖိုးတန်ရတနာကို ပိုင်ဆိုင်နိုင်ဖို့အတွက် သူတို့ တစ်ယောက်ချင်းစီကလည်း အချင်းချင်း၏ ရန်သူများ ဖြစ်သွားနိုင်သည်။
သူတို့အတွက်မူ ကျန်းယွင်ရှီးက အားကုန်သုံးပြီး သူတို့ထဲက တစ်ယောက်ကို သတ်ပစ်လိုက်သည်က ပို၍ ကောင်းပေသည်။ ထိုအခါ သူတို့လည်း ပြိုင်ဖက်တစ်ယောက် လျော့သွားပေလိမ့်မည် မဟုတ်ပါလော။ သူတို့က အတူတူ ရပ်နေသည့် လူတွေထဲက နောက်ထပ် တော်တော်များများကို သူမ သတ်ပေးရန်ပင် မျှော်လင့်နေကြ၏။
ဟက်… ဒီလူတွေ အကုန်လုံးက တစ်စက်ကလေးမှ မကောင်းတဲ့ လူယုတ်မာတွေချည်းပဲ…
ကျန်းယွင်ရှီးက အေးစက်စက် တစ်ချက် ရယ်လိုက်ပြီးနောက် အဆောင်တစ်ခုကို တိတ်တိတ်ကလေး ခိုးထုတ်လိုက်၏။
အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၏ သူတော်စင်မ တစ်ယောက် အနေနှင့် သူမဆီတွင် သူမအသက်ကို ကယ်ရန် နည်းလမ်းများ ရှိပေသည်။
ဤအံ့ဖွယ်မိုးကောင်းကင်အလျှင်နှုန်းတိုး အဆောင်သည် သူမအား လျှပ်စီးကြောင်းအဖြစ် အသွင်ပြောင်းသွားစေပြီး သူမကို ကီလိုမီတာ တစ်ဆယ်ကျော် ဝေးသည့် နေရာတစ်ခုဆီသို့ တစ်ခဏအတွင်း ကူးပြောင်းပို့ဆောင်ပေးနိုင်လေသည်။
ယခု အဘွားအို သေသွားပြီ ဖြစ်လေရာ ဝိုင်းထားသည့် လူစက်ဝန်း၌ နေရာလွတ် သေးသေးလေး တစ်ခု ရှိသွားလေပြီ။
မည်သူမျှ မတုန့်ပြန်နိုင်သေးခင် ကျန်းယွင်ရှီးက အဆောင်ကို ဖိချေလိုက်သည်။ ထိုအခိုက် လျှပ်စီးကြောင်းတစ်ခုက ဖျက်ခနဲ ပြေးထွက်သွား၏။
“ဟာ… တားကြဟေ့”
အထွတ်အထိပ်ရှင် အုပ်စုက တစ်ခုခု မှားနေမှန်း အာရုံခံမိကြသဖြင့် သူမ၏ လမ်းကြောင်းကို ပိတ်ပင်တားဆီးရန် အမြန် ကြိုးစားလိုက်ကြသည်။
သို့သော် သူတို့က သူတို့၏ သရုပ်အမှန်ကို မထုတ်ဖော်လိုကြသောကြောင့် သူတို့ အကျွမ်းကျင်ဆုံး သူတို့၏ သိသာထင်ရှားသော ပညာရပ်များကို ထုတ်မသုံးရဲကြပေ။
သို့ဖြစ်၍ သူတို့တွေက ကျန်းယွင်ရှီးအား တစ်ပြိုင်နက်တည်း ဝိုင်းတိုက်သော်လည်း မည်သူကမှ သူမအား မတားနိုင်လိုက်ချေ။ သူတို့ လက်ထဲမှ သူမ လွတ်မြောက်သွားတာကို စိုးရိမ်တကြီး ကြည့်နေရုံပဲ တတ်နိုင်လိုက်၏။
ထိုအခိုက်အတန့်မှာပဲ ကောင်းကင်ထဲတွင် အက်ကွဲကြောင်းကြီး တစ်ခု ဖြစ်ပေါ်လာလေသည်။
ဧရာမ ကြီးမားသော ရွှေရောင်အရိပ် တစ်ခုက အက်ကြောင်းထဲမှ ပြေးထွက်လာကာ ကျန်းယွင်ရှီးဆီသို့ ခုန်အုပ်လိုက်၏။
ထိုအရာမှာ လူအသွင်ဆောင် ရွှေရောင်တောင်ပံ လင်းယုန်ငှက်ကြီး တစ်ကောင် ဖြစ်သည်။ သူ့တစ်ကိုယ်လုံးကို ရွှေဝါရောင် အမွေးအတောင်တို့က ဖုံးအုပ်ထားသောကြောင့် ကြည့်ရသည်မှာ ရွှေနှင့်ထုဆစ်ထားသည်ဟုပင် ထင်မှတ်ရလေသည်။
သူ့မျက်ဆန်များထဲ၌ အေးစက်စူးရှသော အလင်းတစ်ခုက ဖြတ်ပြေးသွား၏။ ကောင်းကင်ထဲမှ သူ ထိုးဆင်းလာသည်နှင့် သင်တုန်းဓားပမာ ချွန်ထက်နေသော သူ့လက်သည်းများက ပုံစံပြောင်းသွားသည်။ သူ့တောင်ပံများကို ဖြန့်လိုက်လျှင် တောင်ပံများသည် မီတာ တစ်ဆယ်ကျော်နီးပါး ဆန့်ထွက်လာကာ ကောင်းကင်တစ်ခုလုံးကို ဖုံးအုပ်ထားတော့မည့်ဟန် ပေါ်နေစေသည်။
ကြည့်လိုက်သည်နှင့် အားကောင်းသော သားရဲနတ်ဆိုးဘုရင်မှန်း သိနိုင်လေ၏။
နောက်တစ်ခဏ၌ သူက မီတာ တစ်ဆယ်ကျော်ကို တရှိန်ထိုး ပျံသန်းသွားကာ ကျန်းယွင်ရှီး ထွက်ပြေးနေသည့် လမ်းကြောင်းကို ပိတ်ဆို့ထားလိုက်သည်။ တခြားသူများမှာ သူ့ရွှေရောင်တောင်ပံများ အမြန်ရိုက်ခတ်လိုက်သည်ကို ရိပ်ခနဲသာ မြင်လိုက်ရ၏။
“သုံးစားမရတဲ့ အလကားကောင်တွေ… မင်းတို့က ရွှေအမြုတေအဆင့်က ကောင်မလေး တစ်ယောက်ကိုတောင် မဖမ်းနိုင်ကြဘူး။ ကောင်မလေးမှာ ပါလာတဲ့ ဒီကံအပြောင်းအလဲအခွင့်အရေးက ငါ့ဟာပဲကွ”
ရွှေတောင်ပံ လင်းယုန်ငှက်က လူစကား ပြောလိုက်၍ ထိုအနားရှိ လူအားလုံးမှာ အံ့သြသွားကြသည်။
လင်းယုန်ငှက်က နှာတစ်ချက် မှုတ်ကာ အေးခဲနေသည့် လေထုကို စုတ်ဖြဲလျက် ကျန်းယွင်ရှီးအား ဖမ်းယူရန် လုပ်လိုက်သည်။
ဘာ… အခုကျ ဝိညာဉ်အသွင်ပြောင်းခြင်း အဆင့်မှာ ရှိနေတဲ့ မဟာရွှေတောင်ပံ လင်းယုန် သားရဲနတ်ဆိုးဘုရင်နဲ့ တွေ့ရပြန်ပြီလား…
သားရဲနတ်ဆိုးဘုရင်ကို ကြည့်နေရင်း ကျန်းယွင်ရှီး၏ မျက်ဝန်းလေးများထဲ၌ သွေးပျက်ခြောက်ခြားမှုတို့ အတိုင်းသား ပေါ်နေသည်။
သူမ ဘယ်လောက်ကြီးပဲ ပါရမီတွေ ရှိပါစေ၊ ဝိညာဉ်အသွင်ပြောင်းခြင်း ကျင့်ကြံသူတစ်ယောက်ကိုတော့ သူမ ဘယ်လိုမှ တိုက်ခိုက်အနိုင်ယူနိုင်လိမ့်မည် မဟုတ်ပေ။ ရွှေအမြုတေနှင့် ဝိညာဉ်အသွင်ပြောင်းခြင်း အဆင့်တို့ကြားမှ ကွာခြားချက်မှာ ကြီးမားလွန်းနေသည်။
တကယ်ပဲ ငါ ဒီမှာ သေရဖို့ ကံပါနေတာများလား…
ထိုအချိန်လေးတွင် ရှန်ထျန်း၏ ပုံရိပ်က သူမအတွေးထဲ ဖြတ်ပြေးသွားလေ၏။
ကြည့်ရတာ ကျွန်မ ရှင့်ကို နောက်ဘဝကျမှပဲ ကျေးဇူးဆပ်နိုင်တော့မယ် ထင်တယ်… သခင်လေးရှန်ရယ်…
ကျန်းယွင်ရှီးတစ်ယောက် လက်လျော့ကာ သေဖို့ စောင့်နေလိုက်သည့် အချိန်မှာ ရွှေတောင်ပံ လင်းယုန်ငှက်၏ လက်သည်းများမှာ အတားဆီးခံလိုက်ရသည်။
စိမ်းပြာရောင် ကြာပွင့်တစ်ပွင့်က ကောင်းကင်ထက်မှ ထိုးဆင်းလာကာ ကျန်းယွင်ရှီးအား ကျရောက်လာမည့် တိုက်ခိုက်မှုမှ ကာကွယ်ပေးလိုက်သည်။
ဤစိမ်းပြာရောင်ကြာပွင့်မှာ အဆင့်(၇)အထိ ပွင့်အာနေပြီ ဖြစ်ကာ သူ့ပွင့်ဖတ်များဆီမှ ဓမ္မအက္ခရာများ ထုတ်လွင့်နေ၏။
ကြာပွင့်က သူ့ပွင့်ဖတ်များအတွင်း ကျန်းယွင်ရှီးကို ပွေ့ပိုက်လွှမ်းခြုံထားသည်။ တစ်ခဏတာလောက် အချိန်များ ရပ်တန့်အေးခဲသွားသယောင် ခံစားလိုက်ရသည်။
ရွှေတောင်ပံ လင်းယုန်ငှက်၏ လက်သည်းက မည်မျှပင် ချွန်ထက်နေပါစေ၊ ကြာပွင့်အား စုတ်ဖြဲရန် မစွမ်းသာဘဲ ရှိနေသည်။
ကျန်းယွင်ရှီး၏ မျက်နှာလေးပေါ်တွင် စိတ်သက်သာသွားသည့် အပြုံးလေးတစ်ပွင့် ဖြစ်တည်လာကာ သူမက အော်ခေါ်လိုက်၏။
“ဆရာဦးလေး ကြာပြာ …”