← Chapters

 အိုးရန်မျိုးနွယ် အင်အားကြီးမားစွာ ထွန်းပေါက်လာခြင်း

Vol. 117 Ch. 1750

 အိုးရန်မျိုးနွယ် အင်အားကြီးမားစွာ ထွန်းပေါက်လာခြင်း

Vol. 117 Ch. 1750

“စိတ်မပူပါနဲ့ ယောက္ခမကြီး၊ သူ အဆင်ပြေပါတယ်”

သူမ စကားကို ကြားလိုက်ရသောအခါ လူတိုင်း သက်ပြင်းချနိုင်သွားကြတော့သည်။

“ငါ သိသားပဲ၊ မိသားစု ခေါင်းဆောင်ငယ်လို ထက်မြက်တဲ့သူမျိုးက အသေခံမှာ မဟုတ်ပါဘူး”

“ဟုတ်တယ်၊ ဟုတ်တယ်။ ခေါင်းဆောင်ငယ်ရဲ့ ဉာဏ်ရည်နဲ့ဆိုရင် အနိုင်မတိုက်နိုင်ရင်တောင် လွတ်အောင်တော့ ပြေးနိုင်မှာပဲ”

အိုးရန်ကျန်းသည်လည်း ရင်ထဲမှ အလုံးကြီး ကျသွားသကဲ့သို့ သက်ပြင်းရှည်ကြီးကို ချလိုက်မိသည်။

“ယဲ့ဖန်က မင်းတို့နဲ့အတူ ထွက်ပြေးလာတာလား၊ သူ ဘာလို့ မင်းတို့နဲ့အတူ ပြန်မလာတာလဲ”

“သူ ထွက်မပြေးခဲ့ပါဘူး”

“မပြေးဘူး ဟုတ်လား၊ အခုတင် သူ အဆင်ပြေတယ်လို့ မင်းပြောတယ်လေ၊ တကယ်က ဘာဖြစ်ခဲ့တာလဲ”

အိုးရန်ကျန်းသည် ဒေါသတကြီးဖြင့် လုံးဝ ဝေခွဲမရ ဖြစ်သွားရပြန်သည်။

“အဖေ... ယဲ့ဖန်က ထွက်မပြေးခဲ့သလို၊ ပြေးဖို့လည်း မလိုခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူက ဝူကျန်းယွဲ့ကို သတ်ပစ်လိုက်လို့ပါ”

လီဟွမ်ဟွမ်က ပြုံးလျက် ပြောလိုက်သည်။

တိတ်ဆိတ်ခြင်း။

တစ်အိမ်လုံးတွင် ထူးဆန်းသော တိတ်ဆိတ်မှုကြီး လွှမ်းမိုးသွားတော့သည်။

လူတိုင်းမှာ ကျောက်ရုပ်များအလား ငြိမ်သက်သွားကြသည်။

လူတိုင်း၏ မျက်နှာတွင် နက်ရှိုင်းသော ကြောက်ရွံ့မှုနှင့် ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသည်။ တကယ့်ကို သွေးပျက်စရာပင်။

မည်သူမျှ ၎င်းမှာ အစစ်အမှန်ဖြစ်သည်ဟု မယုံကြည်နိုင်ကြပေ။

နှစ်ပေါင်းများစွာ အသက်ရှင်ခဲ့သော အဖိုးကြီး အိုးရန်ကျန်းပင်လျှင် ဤအခိုက်အတန့်တွင် မှင်တက်သွားရပြီး အိပ်မက်မက်နေသကဲ့သို့ မေးလိုက်သည်။

“မင်း... အခု ဘာပြောလိုက်တာလဲ”

“ယဲ့ဖန်က ဝူကျန်းယွဲ့ကို သတ်လိုက်ပြီလို့ ပြောတာပါ”

သို့သော် အိုးရန်ကျန်းသည် မယုံကြည်နိုင်သေးဘဲ ထပ်မံ မေးမြန်းပြန်သည်။

“မင်း ဘာပြောလိုက်တယ်”

“ယဲ့ဖန်က ဝူကျန်းယွဲ့ကို သတ်လိုက်ပြီ”

ဤစကားလုံးမှာ မှော်အတတ်တစ်ခု ကိန်းအောင်းနေသကဲ့သို့ပင်။ ၎င်းကို ပြောလိုက်တိုင်း ရောက်ရှိနေသော အိုးရန် မျိုးနွယ်စုဝင် များ၏ ကျောရိုးထဲအထိ စိမ့်သွားစေသည်။

လျှပ်စီး အပစ်ခံလိုက်ရသလိုပင်။

အစပိုင်းတွင် အိုးရန်ကျန်း၏ လက်များ တုန်ယင်နေခဲ့ရာမှ ယခုအခါ တစ်ကိုယ်လုံး တုန်ယင်လာတော့သည်။ သူ၏ မျက်နှာတွင် အစွန်းကုန် ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသည်။

သူသည် အိုးရန်လင်းတို့ ဇနီးမောင်နှံကို စူးစူးစိုက်စိုက် ကြည့်ရင်း မေးလိုက်သည်။

“မင်းတို့ ကြည့်တာ မမှားဘူးလို့ သေချာလား”

“အဖေ ... ယဲ့ဖန်သာ ဝင်မပါခဲ့ရင် ကျွန်တော်တို့ ဝူကျန်းယွဲ့လက်ချက်နဲ့ သေနေတာ ကြာလှပြီ။ ဘယ်လိုလုပ်ပြီး မှားနိုင်မှာလဲ”

အိုးရန်လင်းက ရယ်ရခက် ငိုရခက် အမူအရာဖြင့် ပြောလိုက်သည်။

“ဝုန်း”

၎င်းကို ကြားလိုက်ရသောအခါ လူတိုင်း အံ့အားသင့်ကာ တုန်လှုပ်ကုန်ကြသည်။

ချက်ချင်းဆိုသလို တစ်အိမ်လုံးရှိ လေထုမှာ ပေါက်ကွဲထွက်သွားတော့သည်။

လူတိုင်း၏ မျက်လုံးများမှာ မယုံကြည်နိုင်လောက်အောင် ပြူးကျယ်သွားကြပြီး မေးရိုးများ မြေပြင်ပေါ် ပြုတ်ကျ မတတ် ဖြစ်သွားရသည်။

မျိုးနွယ်စုတစ်ခုလုံး၏ မျက်နှာတွင် ထိုအမူအရာတစ်ခုတည်းသာ ရှိနေတော့သည်။

*ယဲ့ဖန်က ဝူကျန်းယွဲ့ကို သတ်လိုက်တာလား*

*အိုးရန် မျိုးနွယ်စုကို နှစ်ပေါင်းများစွာ ထိတ်လန့်တုန်လှုပ်စေခဲ့တဲ့ အနှိုင်းမဲ့ပါရမီရှင်ကို သတ်လိုက်တာလား*

*ဒါက*

*ဒါက တကယ်ကို အံ့ဩစရာပဲ*

အိုးရန်ကျန်းသည် နောက်သို့ ခြေလှမ်းများစွာ ယိုင်ထွက်သွားပြီး မြေပြင်ပေါ်သို့ပင် လဲကျလုနီးပါး ဖြစ်သွားရသည်။ သူ၏ မျက်နှာမှာ အစွန်းကုန် အံ့သြမှုများဖြင့် ပြည့်နှက်နေသည်။

အလွန်အမင်း ဝမ်းသာပီတိဖြစ်ရမည့်အချိန်က မလာသေးပေ။

လောလောဆယ်တွင် သူ ခံစားနေရသည်မှာ အတိုင်းအဆမဲ့သော တုန်လှုပ်မှုသာ ဖြစ်သည်။

ထိုစဉ်က အိုးရန်ချင်ရွှယ်ပင်လျှင် ယခုလက်ရှိ အရှိန်အဝါ ကြီးမားနေသော ဝူကျန်းယွဲ့ကို အနိုင်ယူနိုင်ရန် မသေချာ သော်လည်း ယဲ့ဖန်မှာမူ အမှန်တကယ်ပင် လုပ်ဆောင်နိုင်ခဲ့လေပြီ။

ဝူကျန်းယွဲ့ ကျော်ကြားလာကတည်းက သူသည် အိုးရန် မျိုးနွယ်စု၏ မျိုးဆက်သစ်များကို အပြတ်အသတ် ဖိနှိပ် ထားနိုင်ခဲ့သဖြင့် သူတို့ မျိုးနွယ်စု ပြန်လည်ဦးမော့လာရန် အခွင့်အရေး မရှိသလောက် ဖြစ်နေခဲ့ရသည်။ ထို့ကြောင့် အိုးရန်ကျန်းသည် အမြဲတမ်း စိတ်မအေး ဖြစ်နေခဲ့ရခြင်း ဖြစ်သည်။

အကယ်၍ တစ်နေ့တွင် ဝူကျန်းယွဲ့သာ သူတော်စင်အဆင့်သို့ တက်လှမ်းသွားပါက အိုးရန် မျိုးနွယ်စုတွင် သူ့ကို ခုခံနိုင်သူ တစ်ဦးမျှ ရှိတော့မည် မဟုတ်ပေ။

ယခုမူ ယဲ့ဖန်သည် ဤဆူးခလုတ်ကြီးကို လုံးဝ ရှင်းထုတ်ပေးလိုက်ပြီ ဖြစ်သည်။

လက်ရှိတွင် ယခင်က ယဲ့ဖန်ကို စော်ကားခဲ့ကြသော လူငယ်များမှာ ချက်ချင်းပင် ဆွံ့အသွားကြတော့သည်။

သူတို့က အမှိုက်ဟု မှတ်ယူခဲ့သော ထိုသူသည် နတ်ဘုရား မျိုးနွယ်စု၏ အကျော်ကြားဆုံး ပါရမီရှင်ကို အမှန်တကယ် သတ်ပစ်လိုက်သည်တဲ့လား။

*ဒါက...*

သူတို့အားလုံး မှင်တက်သွားကြသည်။

သူတို့အားလုံး နေရာတင် ကြောင်အသွားကြတော့သည်။

ထိတ်လန့်စရာပင်။

သွေးပျက်စရာ ကောင်းလှပေသည်။

ယဲ့ဖန်သည် အစမှအဆုံးတိုင် အဘယ်ကြောင့် ဤမျှအထိ မောက်မာနေခဲ့သည်ကို ယခုမှ သူတို့ နားလည် သွားကြတော့သည်။ သူသည် အသုံးမကျသူ တစ်ယောက်ဟု ထင်ရသော်လည်း သူတော်စင်များကိုပင် ဂရုမစိုက်ဟန် ပြခဲ့သည် မဟုတ်ပါလား။

ယခုမှသာ ဘာကြောင့်လဲဆိုသည်ကို သူတို့ သိလိုက်ရပြီ။ ဤလူသည် အင်မော်တယ် ဧကရာဇ် တစ်ယောက် ဖြစ်နေပြီး သူတို့ကို တစ်ခါမျှ ထည့်တွက်မထားခဲ့ခြင်းပင်။

“ဟား ဟား ဟား ဟား”

ရုတ်တရက် ရူးသွပ်သလို ရယ်မောသံကြီးတစ်ခုမှာ တိမ်တိုက်များဆီသို့ ဟိန်းထွက်သွားတော့သည်။

၎င်းမှာ ခေါင်းလောင်းကြီးတစ်ခုကို တီးခတ်လိုက်သကဲ့သို့ စူးရှပြီး အားရပါးရ ရှိလှသည်။

အိုးရန်ကျန်းသည် ရူးသွပ်သွားသူတစ်ဦးအလား ကောင်းကင်ကို မော့ကြည့်ရင်း အားရပါးရ ရယ်မောနေသည်။

“ဒီလို သားမျိုး ရှိနေမှတော့ ငါ့ရဲ့ အိုးရန် မျိုးနွယ်စုက ပြည်နယ် ကိုးခုကို ဘယ်လိုလုပ် မလွှမ်းမိုးနိုင်ဘဲ ရှိမလဲ၊ ကောင်းကင်ဘုံ ကိုးလွှာဆီကိုရော ဘယ်လိုလုပ် မတက်လှမ်းနိုင်ဘဲ ရှိမလဲ”

ထို့နောက် သူသည် သူ၏လက်နက်ကို ကောင်းကင်သို့ ချိန်ရွယ်ကာ မောက်မာစွာ ကြွေးကြော်လိုက်သည်။

“သောက်ရေးမပါတဲ့ ကောင်းကင်ဘုံ... မင်းတို့ မြင်လား၊ ငါ့ရဲ့ အိုးရန် မျိုးနွယ်စု ပြန်လာပြီဟေ့”

ထိုခဏ၌ အိုးရန်ကျန်း၏ မျက်နှာတွင် မျက်ရည်များ စီးကျလာသည်။

၎င်းမှာ ယုံကြည်မှု၊ ဂုဏ်ယူဝင့်ကြွားမှုပင်တည်း။

ထိုကဲ့သို့သော မြေးမျိုး ရှိသည့်အတွက် သူသည် အတိုင်းမသိ ဂုဏ်ယူမိလေသည်!

“မျိုးနွယ်စုခေါင်းဆောင် သက်တော်ရာကျော် ရှည်ပါစေ”

“မျိုးနွယ်စုခေါင်းဆောင် သက်တော်ရာကျော် ရှည်ပါစေ!”

အိုးရန် မျိုးနွယ်စုဝင် အားလုံးသည် ဒူးထောက်လိုက်ကြပြီး မျက်ရည်များ စီးကျလျက် သူတို့၏ မျက်နှာများတွင် အဆုံးမဲ့သော စိတ်အားထက်သန်မှုနှင့် ကိုးကွယ်ယုံကြည်မှုများဖြင့် ပြည့်နှက်နေသည်။

လူတိုင်း၏ စိတ်လှုပ်ရှားမှုမှာ အထင်အရှားပင်။

ဤအခိုက်အတန့်မှစ၍ သူတို့၏ အိုးရန် မျိုးနွယ်စုသည် လုံးဝ အာဏာစက် ထက်မြက်လာတော့မည်ကို အားလုံး သိရှိနားလည်လိုက်ကြလေပြီ။

အဘယ်ကြောင့်ဆိုသော် သူတို့၏ မျိုးနွယ်စုခေါင်းဆောင်မှာ ယဲ့ဖန် ဖြစ်သောကြောင့်ပင်တည်း။

......

အမျက်ဒေါသ နေမင်း ငရဲမီးတောက်။

ကျုံးကျိုး ပြည်နယ်ကြီး တစ်ခုလုံးတွင် အဆိုးဝါးဆုံးဟု ကျော်ကြားသော ဤငရဲမီးတောက်သည် ပြင်းထန်သော ဝင်ရိုးစွန်းနေ့ အပူရှိန်များဖြင့် ဖုံးလွှမ်းနေသည်။ ထိုအပူရှိန်သည် မဟာ တာအိုကိုပင် လောင်ကျွမ်းစေနိုင်သည်ဟု ဆိုကြသည်။

နတ်ဘုရားမီးကို စားသုံးသည့် ခြေသုံးချောင်းပါ ရွှေကျီးကန်းများပင်လျှင် ဤနေရာသို့ ခြေမချရဲကြပေ။

ကောလာဟလများအရ ဤနေရာမှာ ဧကရာဇ်ရီ ကွယ်လွန်ခဲ့သည့် နေရာဖြစ်သည်။

ဧကရာဇ်ရီ ကွယ်လွန်ပြီးနောက် သူ၏ ခန္ဓာကိုယ်အတွင်းရှိ ယန်စွမ်းအင်များမှာ ထိန်းမနိုင်သိမ်းမရ ပေါက်ကွဲ ထွက်လာပြီး၊ မိုင်ပေါင်းထောင်ချီ ကျယ်ဝန်းကာ မည်သည့်အခါမျှ ငြိမ်းသတ်၍မရသော ဤနေမင်း ငရဲမီး ပင်လယ်ကြီးအဖြစ် ပြောင်းလဲသွားခဲ့ခြင်း ဖြစ်သည်။

လူအချို့သည် သူတို့၏ မှော်ရတနာများကို သန့်စင်ရန် သို့မဟုတ် ခန္ဓာကိုယ်ကို ကြံ့ခိုင်အောင် လေ့ကျင့်ရန်အတွက် ဤဝင်ရိုးစွန်းနေ့ နေမင်းမီးတောက်များကို အသုံးပြုရန် ရံဖန်ရံခါ လာရောက်တတ်ကြသည်။

အဘယ်ကြောင့်ဆိုသော် ထိုမီးတောက်များထဲတွင် အတိုင်းအဆမဲ့သော စွမ်းအားများ ကိန်းအောင်း နေသောကြောင့်ပင်။

မဟာ တာအို၏ နက်နဲသော လမ်းစဉ်များမှာလည်း ထိုနေရာတွင် ထွင်းထုလျက် ရှိနေသည်။

“အဘိုး... ဒီနေ့လည်း တာအို ရှာဖွေဖို့ လူတွေ ရောက်နေကြပြန်ပြီ”

ထိုအခိုက်တွင် ဆံပင်နှစ်ဖက်ကျစ်ထားသော မိန်းကလေးငယ်တစ်ဦးသည် အဘိုးအိုတစ်ဦး၏ နောက်မှ စိတ်ဝင်တစား လိုက်ပါလာသည်။

အပြာရောင်ဝတ်ရုံ ဝတ်ဆင်ထားသော ထိုအဘိုးအိုမှာ ခါးကုန်းကုန်းဖြင့် လက်လှမ်းတုတ်ကို အားပြုကာ တုန်တုန် ချည့်ချည့် လျှောက်လှမ်းနေပြီး အလွန်အိုမင်းရင့်ရော်နေသည့် ပုံစံရှိသည်။

သူတို့သည် သာမန် မြေးအဘိုးလိုပင်။ သို့သော် ထိုအဘိုးအို ချဉ်းကပ်လာသည်နှင့် လူတိုင်းက အလိုလို ခေါင်းငုံ့ကာ လမ်းဖယ် ပေးကြပြီး မည်သူမျှ မဆင်မခြင် မပြုမူရဲကြပေ။

“တာအို ရှာဖွေတာလား”

အဘိုးအိုက နှာခေါင်းရှုံ့လိုက်ပြီး အထင်အမြင် သေးစွာ ပြောလိုက်သည်။

“ဧကရာဇ်ရီရဲ့ တာအိုဆိုတာ ဒီလူသားတွေကို နောက်ထပ် နှစ်ပေါင်း တစ်သိန်း၊ တစ်သန်းလောက် အချိန်ပေး ရင်တောင် သူတို့ မြူမှုန်လောက်တောင် မြင်နိုင်မှာ မဟုတ်ဘူး”

၎င်းကို ကြားလိုက်ရသောအခါ လူတိုင်း၏ မျက်နှာများမှာ တောင့်တင်းသွားပြီး စိတ်ဆိုးဒေါသထွက်ကာ နာကျည်းမှုများဖြင့် ပြည့်နှက်သွားသည်။ ထိုစကားမှာ သူတို့အတွက် အလွန်ပင် နားဝင်မချိုဖြစ်ရသည်။

သို့သော် ထိုအဘိုးအိုမှာ ထူးဆန်းသော စိတ်နေစိတ်ထားရှိသူဖြစ်ကြောင်း သူတို့သိကြသဖြင့် မည်သူမျှ ထရပ်၍ မစိန်ခေါ်ရဲကြပေ။ အဘယ်ကြောင့်ဆိုသော် ရိုက်သတ်ခံရနိုင်သောကြောင့် ဖြစ်သည်။

ရှေ့မှ အဘိုးအိုသည် ရှေးဟောင်းခေတ်မှ ကျန်ရှိနေသော ရှင်သန်နေသည့် ကျောက်ဖြစ်ရုပ်ကြွင်းဟု တင်စားခံ ရသည့် အလွန်ကျော်ကြားသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ သူသည် တစ်ချိန်က ပြည်နယ် ကိုးခုတွင် ပြိုင်ဘက် ကင်းခဲ့သူ၊ မောက်မာဝင့်ကြွားကာ မိုင်ပေါင်းထောင်ချီကို တစ်ကိုယ်တည်း ဖြတ်သန်းခဲ့သူ ဖြစ်သည်။

ထျန်းယန်၏ အမည်မှာ တစ်ကမ္ဘာလုံးတွင် ကျော်ကြားလှသည်။

သူ၏ ဘဝတွင် ရှုံးနိမ့်မှုဟူ၍ အလွန်နည်းပါးခဲ့ပြီး သူ၏ တစ်ဦးတည်းသော ရှုံးနိမ့်မှုမှာ ဧကရာဇ်ရီ ၏ လက်ထဲတွင် ဖြစ်သည်။

“ဘာလဲ၊ မင်းတို့က မကျေနပ်ကြဘူးလား၊ မကျေနပ်ရင် အဲ့ဒီ ငရဲမီးတောက်ထဲကို ဝင်ကြည့်ကြလေ၊ ငါ့အဘိုးကြီးကို မင်းတို့ရဲ့ အရည်အချင်းကို ပြကြစမ်း”

သူတော်စင် ထျန်းယန်က လှောင်ပြောင်လိုက်သည်။

လူတိုင်း၏ မျက်နှာမှာ ပို၍ပင် မည်းမှောင်သွားကြသည်။ ၎င်းမှာ သူတို့ မလုပ်နိုင်သောအရာကို အတင်းအကျပ် ခိုင်းစေနေခြင်းပင်။ နေမင်းငရဲမီးတောက်ထဲသို့ မည်သူက ခြေချရဲပါမည်နည်း။ သူတို့၏ တာအိုများပင် ပျက်စီးသွားပေလိမ့်မည်။

သူတို့သည် အပြင်ဘက် အနားသတ်များတွင်သာ ကျင့်ကြံရဲကြပြီး၊ မီးပင်လယ်၏ ဗဟိုချက်ဆီသို့ မည်သူမျှ မတိုးဝင်ရဲကြပေ။ ထိုမီးပင်လယ်ထဲသို့ ဝင်သွားပြီး အသက်ရှင်လျက် ပြန်ထွက်လာသူဟူ၍လည်း တစ်ခါမျှ မကြားဖူးပေ။

ကောင်းကင်ဘုံ သူတော်စင်ပင်လျှင် ချွင်းချက်မရှိပေ။

ထျန်းယန်၏ စကားများကြောင့် သူတို့အားလုံး ဆွံ့အသွားကြတော့သည်။

“ငါ့လမ်းက ဖယ်ကြစမ်း၊ ငါ့မြေးမလေးအတွက် မှော်ရတနာတစ်ခု သန့်စင်ပေးမလို့”

ထျန်းယန်သည် မည်သူ့ကိုမျှ ညှာတာထောက်ထားခြင်း မရှိဘဲ လွှမ်းမိုးချုပ်ကိုင်သော စွမ်းအားဖြင့် အမိန့်ပေးလိုက်သည်။

လူတိုင်း အရှက်ရသွားကြသော်လည်း မတတ်နိုင်ဘဲ ခေါင်းငုံ့ကာ ထွက်ခွာသွားကြရတော့သည်။

“ဟီးဟီး၊ အဘိုးက တကယ့်ကို ခန့်ညားတာပဲ”

မိန်းကလေးငယ်၏ အမည်မှာ ထျန်းရင် ဖြစ်သည်။ သူမသည် သူတော်စင် ထျန်းယန်ခေတ်မှစ၍ သူတို့မျိုးနွယ်စုတွင် အထူးချွန်ဆုံးဟု သတ်မှတ်ခံရသည့် ပါရမီရှင်တစ်ဦး ဖြစ်သည်။

သူမ၏ ကျင့်ကြံခြင်း ပါရမီမှာ မြင့်မားလွန်းသဖြင့် ထျန်းယန် ကိုယ်တိုင်ပင် အံ့အားသင့်ခဲ့ရပြီး သူကိုယ်တိုင်ပင် သူမကို မမီနိုင်ကြောင်း ဝန်ခံခဲ့ရသည်။

ထို့ကြောင့် ထျန်းယန်သည် သူမကို မျိုးနွယ်စု၏ အနာဂတ်မျှော်လင့်ချက်အဖြစ် သတ်မှတ်ကာ အမြဲတမ်း အနားမှာ ထား၍ အစွမ်းကုန် စောင့်ရှောက်ထားခြင်း ဖြစ်သည်။

သူ၏ အချစ်တော် မြေးမလေး၏ ချီးကျူးမှုကို ကြားရသောအခါ ထျန်းယန်မှာ ပြုံးနေရာမှ မရပ်တော့ပေ။

“ဒါပေါ့၊ ဒါပေါ့၊ အဘိုးက အရင်တုန်းက အရမ်းစွမ်းခဲ့တာ။ ဒီလို သာမန်လူမျိုးတွေကိုဆိုရင် လက်ဝါး တစ်ချက်တည်းနဲ့ ရိုက်သတ်ပစ်လို့ ရတယ်”

“အဘိုးက ဒီလောက်စွမ်းတာကို ဘာလို့ ဧကရာဇ်ရီကို ရှုံးခဲ့တာလဲ”

ထျန်းရင်က အဘိုးဖြစ်သူ၏ အားနည်းချက်ကို တည့်တည့်ကြီး ထောက်ပြလိုက်သည်။

*ဟိုက်*

အကယ်၍ အခြားသူတစ်ဦးဦးကသာ ဤကဲ့သို့ ပြောဝံ့လျှင် ထျန်းယန်သည် ထိုသူကို နေရာတင် အသားမှုန့် ဖြစ်အောင် ချေမှုန်းပစ်ပေလိမ့်မည်။ သို့သော် ပြောလိုက်သူမှာ သူ၏ အဖိုးတန် မြေးမလေး ဖြစ်နေသဖြင့် ဒေါသကို မျိုသိပ်လိုက်ရတော့သည်။

“ရင်ရင် ... အဘိုးက အသုံးမကျလို့ မဟုတ်ပါဘူး၊ ဧကရာဇ်ရီက အရမ်းကို မိစ္ဆာဆန်လွန်းလို့ပါ။ ကြည့်စမ်း ... သူသေသွားတာ ဘယ်လောက်တောင် ကြာပြီလဲ၊ ဒါပေမဲ့ သူချန်ထားခဲ့တဲ့ တာအို ကတော့ ကမ္ဘာတည်သရွေ့ မပျက်မစီးဘဲ ရှိနေတုန်းပဲ။ ပြည်နယ် ကိုးခုလုံးမှာ ဘယ်သူမှ သူ့လို မလုပ်နိုင်ဘူး”

“ဒါဆို သူက အဘိုးထက် ပိုစွမ်းတာပေါ့”

ထျန်းရင်က မျက်တောင် တဖျပ်ဖျပ် ခတ်ရင်း အပြစ်ကင်းစင်သော မျက်နှာထားဖြင့် မေးလိုက်သည်။

သူတော်စင်ကြီးမှာ အင်တင်တင်ဖြင့် ခေါင်းညိတ်ပြလိုက်ရသည်။

“အင်း... နည်းနည်းလေး ပိုစွမ်းတာပါ၊ နည်းနည်းလေးပဲ”

“နည်းနည်းလေးပဲလား”

လူတိုင်းက သူတော်စင် ထျန်းယန်ကို မထီမဲ့မြင်အကြည့်များဖြင့် ချက်ချင်း ကြည့်လိုက်ကြသည်။

*အတိတ်တုန်းက ဧကရာဇ်ရီက ခင်ဗျားကို အကွက် တစ်ရာအတွင်းမှာတင် အပြတ်အသတ် အနိုင်ယူခဲ့တာ မဟုတ်လား*

*ဒါကို နည်းနည်းလေး ပိုစွမ်းတယ်လို့ ပြောလို့ရပါ့မလား*

“ဘာကြည့်နေကြတာလဲ၊ ဆက်ကြည့်နေရင် မင်းတို့မျက်လုံးတွေကို ငါ ထုတ်ပစ်မယ်”

သူတော်စင် ထျန်းယန်က လူအုပ်ကြီးကို စိုက်ကြည့်ကာ ဟိန်းဟောက်လိုက်သည်။

လူတိုင်း ချက်ချင်းပင် ခေါင်းငုံ့ သွားကြပြီး စကားတစ်လုံးမှ မဟရဲတော့ပေ။

“ဒါဆိုရင် သမီးက ဧကရာဇ်ရီရဲ့ တပည့်ပဲ ဖြစ်ချင်တော့တယ်”

ထျန်းရင်က သူမ၏လက်နှစ်ဖက်ကို အပေါ်သို့ မြှောက်ကာ လေးနက်စွာ ကျိန်ဆိုလိုက်သည်။

၎င်းကို ကြားလိုက်ရသောအခါ လူအုပ်ကြီးမှာ ရယ်ချင်စိတ်ကို အောင့်ထားရသဖြင့် အတော်လေး ခက်ခဲနေကြသည်။

သူတော်စင် ထျန်းယန်က သူတို့ကို နှိပ်စက်ပြီး ထျန်းရင်ကတော့ သူတော်စင် ထျန်းယန်ကို ပြန်နှိပ်စက်နေခြင်းမှာ တကယ့်ကို ဝဋ်လည်နေခြင်းပင်။

သူတော်စင်ကြီးမှာ ချက်ချင်းပင် ပျာပျာသလဲ ဖြစ်သွားလေသည်။

“မဖြစ်ဘူး၊ မဖြစ်ဘူး၊ မြေးလေး ဘာမှမသိလို့ပါ။ အဲ့ဒီ ဧကရာဇ်ရီ ဆိုတဲ့လူက တကယ့်ကို ယုတ်မာညစ်ပတ်တဲ့လူ၊ မုဒိမ်းမှု၊ လုယက်မှု အစုံလုပ်တဲ့ လူမိုက်ကြီးပဲ။ ပြီးတော့ သူက မြေးမလေးလို မိန်းကလေးငယ်လေးတွေကို အရမ်း ကြိုက်တဲ့ နှာဘူးကြီး။ သူ့ဆီမှာ တပည့်သွားလုပ်တာဟာ ခြင်္သေ့တွင်းထဲ ကိုယ့်ဖာသာကိုယ် ခုန်ဆင်းတာနဲ့ အတူတူပဲ”

လူတိုင်းမှာ ဆွံ့အသွားရသည်။ လူသေကို အတင်းပြောခြင်းက ဝဋ်လိုက်ပေလိမ့်မည်။

“အဘိုး လိမ်နေတာ၊ လူတိုင်းက ဧကရာဇ်ရီကို တကယ့်သူရဲကောင်းကြီးလို့ ပြောကြတာပဲ”

ထျန်းရင်က ပါးဖောင်းဖောင်းလေးများဖြင့် အဘိုးဖြစ်သူကို စိတ်ဆိုးမာန်ဆိုး စိုက်ကြည့်လိုက်သည်။

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ အဘိုးက မြေးလေးကို ဒီလောက်ချစ်တာ၊ ဘယ်လိုလုပ် လိမ်ပါ့မလဲ၊ အဲ့ဒီ ဧကရာဇ်ရီ ဆိုတဲ့ကောင်က ဝက်တွေ၊ ခွေးတွေထက်တောင် ယုတ်မာတဲ့ တိရစ္ဆာန်ပဲ။ အဘိုးက သူနဲ့ တိုက်ဖူးတာပဲ၊ သူ့အကြောင်း အဘိုးမသိဘဲ နေမလား”

သူတော်စင် ထျန်းယန်က မြေခွေးတစ်ကောင်လို ကောက်ကျစ်စွာ ပြုံးလိုက်သည်။

“ပြီးတော့ သူက သေသွားပြီလေ။ သူ့ဆီမှာ ဘယ်လိုလုပ် တပည့်သွားလုပ်လို့ ရတော့မှာလဲ၊ အဘိုးဆီမှာပဲ လိမ်လိမ်မာမာနဲ့ ကျင့်ကြံတာ အကောင်းဆုံးပဲ”

“မြေးမလေးရဲ့ ပါရမီနဲ့ အဘိုးရဲ့ လမ်းညွှန်မှုသာရှိရင် ဧကရာဇ်ရီ ထက်တောင် ပိုတော်တဲ့ ပြိုင်ဘက်ကင်း ပါရမီရှင် ဖြစ်လာမှာ သေချာတယ်”

ထျန်းရင်က နှုတ်ခမ်းဆူကာ ဘာမှမပြောဘဲ ဝေခွဲမရဖြစ်နေသည့် ပုံစံရှိသည်။

“အဲ့ဒီလူ အကြောင်းကို ထပ်မစဉ်းစားနဲ့တော့။ ဘာမှမဟတုတ်တဲ့ လူတစ်ယောက်ဆီကနေ ဘာသင်ယူလို့ ရမှာလဲ၊ ဧကရာဇ်ရီက အစွမ်းထက်တယ်ဆိုပေမဲ့ သူ သိတာတွေက အဆင့်နိမ့် အတတ်ပညာတွေပဲ။ အဘိုးလို ဖြောင့်မတ် တဲ့သူနဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ”

သူတော်စင်ကြီးက အခွင့်ကောင်းယူကာ ထျန်းရင်၏ စိတ်ကူးကို အမြစ်ဖြတ်ရန် ကြိုးစားနေသည်။

“ခင်ဗျားက ဧကရာဇ်ရီ လက်ထဲမှာ အရှက်တကွဲ ရှုံးနိမ့်ခဲ့ဖူးတာ မှန်ပေမဲ့၊ အခုလိုမျိုး သူ့ကို နာမည်ဖျက်ဖို့တော့ မလိုပါဘူး”

ထိုစဉ် ဝေးကွာလှသော အရပ်မျက်နှာဆီမှ အားရပါးရ ရယ်မောသံကြီးတစ်ခု ထွက်ပေါ်လာတော့သည်။

All Chapters