ဖန်ဆင်းခြင်း နတ်ဘုရားနန်းတော်
Vol. 117 Ch. 1751
*ဟာ*
လူတိုင်း ထိတ်လန့်တုန်လှုပ်စွာဖြင့် အသက်ရှူမှားသွားကြသည်။
သူတော်စင် ထျန်းယန်ကို လူပုံအလယ်တွင် ပြောင်ပြောင်တင်းတင်း လှောင်ပြောင်ရဲသည့် ဤလူက ဘယ်သူနည်း။
"ဟမ်"
သူတော်စင် ထျန်းယန်၏ မျက်နှာမှာလည်း ချက်ချင်း ညိုမှောင်သွားသည်။ ထို့နောက် သူ၏နောက်ဘက် မလှမ်းမကမ်းတွင် ကလေးငယ်တစ်ဦး ပါဝင်သော အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရသည်။
အကြောင်းရင်း တစ်ခုခုကြောင့် ထိုအမျိုးသား၏ အပြုံးကို မြင်ရသည်မှာ ရင်းနှီးနေသကဲ့သို့ ခံစားရသော်လည်း သူတော်စင်ကြီးမှာ ထိုအပြုံးကို ကြည့်ရသည်မှာ အတော်လေး စိတ်အနှောင့်အယှက် ဖြစ်နေမိသည်။
“ဟေ့ … ကိုရင်လေး”
ထျန်းရင်က ကတုံးနှင့် ကုန်းမင်ကို လက်ညှိုးထိုးကာ ကလေးသံလေးဖြင့် အော်ပြောလိုက်သည်။
“ကတုံးဖြစ်တိုင်း ဘုန်းကြီး ဖြစ်ရမှာလား၊ မင်းသာ ဝတ်ရုံဝတ်ထားရင် ငါကလည်း မင်းကို ဆရာလေးလို့ ခေါ်မှာပဲ”
ကုန်းမင်ကလည်း ပြန်လည် ချေပလိုက်သည်။
“အဘိုး... သူက သမီးကို ဆရာလေးတဲ့၊ သူ့ကို ရိုက်ပေးစမ်းပါ”
ထျန်းရင်က စိတ်ဆိုးမာန်ဆိုး ပြောလိုက်သည်။
အကြောင်းပြချက် မရှိဘဲ ဤကလေးငယ်နှစ်ဦးမှာ တွေ့တွေ့ချင်းပင် အပ်နှင့် ချည်မျှင်အလား တစ်ဦးကိုတစ်ဦး မတည့်ကြပေ။
သူတော်စင်ကြီးမှာ ကလေးတစ်ယောက်ကို အဖက်လုပ်၍ ရန်ဖြစ်နေမည်မဟုတ်ဘဲ ယဲ့ဖန်ကိုသာ စိုက်ကြည့် နေသည်။
“ငနာလေး၊ အသက်ရှင်ရတာ ငြီးငွေ့နေပြီလား၊ ငါ့ကို ဘယ်လိုတောင် ပြန်ပြောရဲတာလဲ”
“အပြစ်တင်နေတာ မဟုတ်ပါဘူး၊ ခင်ဗျားလို အဘိုးကြီးက အမှန်တရားကို လိမ်ညာပြောနေတာ မြင်ရတာ စိတ်ပျက်လို့ပါ”
ယဲ့ဖန်က ရယ်မောလျက် ပြောလိုက်သည်။
“ဧကရာဇ်ရီက တစ်ကိုယ်တည်းနဲ့ ဒီပြည်နယ်တိုက်ကြီး တစ်ခုလုံးကို ကံကောင်းခြင်းတွေ ယူဆောင်လာပေးခဲ့တယ်၊ လူတိုင်းက သူ့ကို ချီးကျူးကြတယ်။ ခင်ဗျားလက်ထဲကျမှ သူက ဘာလို့ နာမည်မရှိတဲ့လူ ဖြစ်သွားရတာလဲ”
၎င်းကို ကြားလိုက်ရသောအခါ ထျန်းရင်သည် သူမ၏ အဘိုးဖြစ်သူကို ဒေါသတကြီးဖြင့် စိုက်ကြည့်နေတော့သည်။
“အဟမ်း ... ငါက သူ့ကို အသုံးမကျတဲ့ကောင်လို့ ပြောရင် သူက အသုံးမကျတဲ့ကောင်ပဲ။ ငါက သူတော်စင်တစ်ပါးပဲ၊ လိမ်ပါ့မလား”
သူတော်စင် ထျန်းယန်သည် ယဲ့ဖန်ကို အရှင်လတ်လတ် ဝါးစားပစ်ချင်လောက်အောင် ဒေါသထွက်နေပြီး အရှက် ရမှုကြောင့် ပေါက်ကွဲလုနီးပါး ဖြစ်နေသည်။
လူတိုင်း မှင်တက်သွားကြသည်။
သူတို့သည် ယဲ့ဖန်ကို သေလူတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်နေကြသည်။ သည်ကောင်လေးက သူတော်စင် ထျန်းယန်ကို ဤကဲ့သို့ အာခံရဲသည်တဲ့လား။ သူ တကယ်ပဲ အသေခံချင်နေလေသလား။
ဤအဘိုးကြီးမှာ အေးဆေးနေမည့်သူ မဟုတ်ပေ။
*သွားပြီ*
*ဒီကောင်လေးကတော့ သေချာပေါက် အသတ်ခံရတော့မယ်*
“ခင်ဗျားက သူ့ကို ဒီလောက်တောင် အထင်သေးနေတာ၊ ဘာလို့ သူ့ရဲ့ ကွယ်လွန်ရာနေရာကို လာပြီး ပူဇော်ပွဲတွေ လုပ်နေရတာလဲ၊ ဒါက ကိုယ့်စကားကိုယ် ပြန်နင်းနေတာ မဟုတ်ဘူးလား”
ယဲ့ဖန်က ဆက်၍ မေးခွန်းထုတ်လိုက်သည်။
သူတော်စင် ထျန်းယန်၏ မျက်နှာမှာ ပို၍ပင် ပုံပျက်ပန်းပျက် ဖြစ်လာသည်။ ဤကလေးမှာ ပြဿနာရှာရန် ရည်ရွယ်ချက်ရှိရှိ လာခြင်းဖြစ်ကြောင်း သူ သဘောပေါက်သွားပြီ ဖြစ်သည်။
“ငါ မင်းကို သိလို့လား? ဘယ်သူက မင်းကို ငါနဲ့ စကားပြောဖို့ ခွင့်ပြုလို့လဲ၊ အခုချက်ချင်း ဒီကနေ လစ်လိုက်တော့”
သူတော်စင်ကြီးမှာ အလွန်အမင်း ဒေါသထွက်ကာ ယဲ့ဖန်ကို မောင်းထုတ်လိုက်သည်။
သို့သော် ယဲ့ဖန်က နှာခေါင်းရှုံ့လိုက်ပြီး သူ့ကို တစ်ချက်ပင် လှည့်မကြည့်ဘဲ ပြောလိုက်သည်။
“ကလေးမလေး ... မင်းအဘိုးက အမှိုက်ပဲ၊ သူက ဧကရာဇ်ရီရဲ့ လက်ချက်နဲ့ သိုင်းကွက် နည်းနည်းလောက်မှာပဲ အလဲလဲအကွဲကွဲ ရှုံးခဲ့တာ။ အဲ့ဒီနောက် ဧကရာဇ်ရီ ရှေ့မှာ ဒူးထောက်ပြီး အသနားခံခဲ့သေးတယ်”
“‘မရိုက်ပါနဲ့တော့၊ မရိုက်ပါနဲ့တော့၊ ကျွန်တော့်ရဲ့ ကိုယ်လုပ်တော် ၁၂ ယောက်လုံးကို ခင်ဗျားကို ပေးပါ့မယ်၊ ဒါနဲ့ပဲ ကျေအေးကြရအောင်၊ ထျန်းယန်၊ ဒါတွေက ခင်ဗျား ပြောခဲ့တဲ့ စကားတွေ မဟုတ်လား”
*သောက်ကျိုးနည်း*
သူတော်စင် ထျန်းယန်သည် ချက်ချင်းပင် ဒေါသအိုးပေါက်ကွဲသွားပြီး ဟိန်းဟောက်လိုက်သည်။
“အဓိပ္ပာယ်မရှိတာ၊ ဒါတွေက အလိမ်အညာတွေပဲ၊ မင်းလို ရိုင်းစိုင်းတဲ့ကောင်က ငါ့ကို ဒီလိုမျိုး စွပ်စွဲရဲတယ်လား”
တကယ်တမ်းတွင် သူ၏ရင်ထဲတွင် လှိုင်းထန်နေပြီး မျက်နှာမှာလည်း မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။
ယဲ့ဖန်က ဤမျှအထိ သိနေခြင်းမှာ မယုံနိုင်စရာပင်။ ဤအရှက်ရဖွယ် အဖြစ်အပျက်ကို သူနှင့် ဧကရာဇ်ရီ နှစ်ဦးတည်းသာ သိကြခြင်းဖြစ်ပြီး ကျန်သည့်သူအားလုံးကို သူက နှုတ်ပိတ်ခဲ့ပြီးသား ဖြစ်သည်။
*ဒီကောင်လေးက အတိတ်က ဒီအကြောင်းကို ဘယ်လိုလုပ် သိနေရတာလဲ*
*မဖြစ်ဘူး၊ သူတို့ကို နှုတ်ပိတ်မှ ရမယ်*
“သူငယ်ချင်းလေး … မင်းအဘိုးက အခု ငါ့ကို နှုတ်ပိတ်ဖို့အတွက် သတ်ဖို့ ကြံနေပြီ”
ယဲ့ဖန်က အရာအားလုံးကို ထိုးဖောက်မြင်နေသည့်အလား ထျန်းရင်ကို ကြည့်ကာ ဉာဏ်များသော အပြုံးဖြင့် ပြောလိုက်သည်။
ထျန်းရင်က သူမ၏ အဘိုးကို ချက်ချင်း စိုက်ကြည့်ကာ မေးလိုက်သည်။
“သူပြောတာ အမှန်ပဲလား”
“ဘယ် ... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ ဒါတွေက စွပ်စွဲချက်တွေပါ၊ အဘိုးက သူ့အဆင့်အထိ ဆင်းပြီး မလုပ်ပါဘူး”
သူတော်စင်ကြီးက မျက်နှာပျက်ပျက်ဖြင့် ပြန်ဖြေလိုက်ရသည်။
“ဟားဟားဟား”
ယဲ့ဖန်က အားရပါးရ ရယ်မောလိုက်ပြီး သူ၏တပည့်နှစ်ဦးကို ခေါ်ဆောင်ကာ အမျက် နေမင်းငရဲ မီးတောက်ဆီသို့ ဦးတည် လျှောက်လှမ်းသွားတော့သည်။
ပြင်းထန်သော မီးလှိုင်းကြီးများမှာ သူတို့ဆီသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာတော့သည်။
အလွန်အမင်း ပူပြင်းလှသည်။
ရူးသွပ်ချင်စရာ ကောင်းလှပေသည်။
ဤသည်မှာ ကုန်းမင်နှင့် အိုးရန်ယွင်သော် တို့အတွက် ပထမဆုံးအကြိမ် ရောက်ရှိဖူးခြင်း ဖြစ်သည်။ ဤမြင်ကွင်းကို မြင်လိုက်ရမှသာ ဤနေရာကို အဘယ်ကြောင့် အမျက်ဒေါသ နေမင်း ငရဲမီးတောက်ဟု ခေါ်ဆိုကြသည်ကို သူတို့ နားလည်သွားတော့သည်။
ယခုမှာ ညဉ့်နက်ပိုင်း အချိန်ဖြစ်သော်လည်း မီးတောက်များ၏ အလင်းရောင်ကြောင့် နေ့ခင်းဘက်ကဲ့သို့ လင်းထိန်နေသည်။ ထို
ပြင်းထန်သော အရှိန်အဝါမှာ မီးနတ်ဘုရား၏ အမျက်ဒေါသအလား လူတို့ကို အလွန်အမင်း ထိတ်လန့်စေသည်။
ချက်ချင်းဆိုသလိုပင် သူတို့သည် ယဲ့ဖန်ကို ကြည်ညိုလေးစားမှု၊ ခန့်ညားကြောက်ရွံ့မှုတို့ဖြင့် စိုက်ကြည့်လိုက်ကြသည်။
ရုပ်အလောင်းမှာ နှစ်ပေါင်းသန်းချီကြာအောင် တရားထိုင်နေသည့် အခြေအနေတွင် ရှိနေသော်လည်း ဤမျှအထိ စွမ်းအား ကြီးမားနေဆဲ ဖြစ်ခြင်းမှာ လုံးဝ မယုံကြည်နိုင်စရာဖြစ်ပြီး သာမန်အသိဖြင့် တိုင်းတာ၍ မရနိုင်ပေ။
“မင်းတို့နှစ်ယောက် ဒီမှာပဲ စောင့်နေကြ”
ယဲ့ဖန်က တည်ငြိမ်စွာ ပြောလိုက်သည်။ အတွင်းပိုင်းရှိ မီးတောက်များမှာ အလွန်ပြင်းထန်သဖြင့် တပည့်နှစ်ဦးကို ခေါ်သွားရန် အဆင်မပြေပေ။
ကုန်းမင်နှင့် အိုးရန်ယွင်သော်တို့က ခေါင်းညိတ်ကာ လိမ္မာပါးနပ်စွာ ရပ်စောင့်နေခဲ့ကြသည်။
ယဲ့ဖန်သည် ခြေတစ်လှမ်း လှမ်းလိုက်ပြီး မီးပင်လယ်ဆီသို့ ချဉ်းကပ်သွားသည်။
“ဟိုအစ်ကိုက ဘာလုပ်မလို့လဲ”
ထျန်းရင်က ယဲ့ဖန်ကို စပ်စုသော မျက်လုံးများဖြင့် ကြည့်ကာ မေးလိုက်သည်။
သူတော်စင် ထျန်းယန်က နှာခေါင်းရှုံ့၍ ပြောလိုက်သည်။
“ဘယ်သူသိမှာလဲ၊ ဒီလူအတွေလိုပဲ နေမင်းရဲ့ အပူရှိန်နဲ့ ကိုယ့်ကိုယ်ကိုယ် လေ့ကျင့်ချင်နေတာ ဖြစ်မှာပေါ့”
သမိုင်းတစ်လျှောက်တွင် မရေမတွက်နိုင်သော လူတို့သည် ဤနေမင်း မီးတောက်ဖြင့် ခန္ဓာကိုယ်ကို ကြံ့ခိုင်အောင် ပြုလုပ်ရန် ကြိုးစားခဲ့ကြသော်လည်း လက်ချိုးရေတွက်၍ ရသော သူအနည်းငယ်သာ အောင်မြင်ခဲ့ကြသည်။
ထိုပြင်းထန်သော မီးတောက်၏ စွမ်းအားမှာ သူတော်စင်တစ်ပါးပင်လျှင် မခံနိုင်လောက်အောင် ကြီးမားလှသည်။
ဤသည်ကို မြင်သောအခါ လူတိုင်းက လှောင်ပြောင်ကြသည်။ နှစ်ပေါင်း တစ်သောင်းနီးပါး အတွင်း မည်သူမျှ ဤမီးတောက်ကို အသုံးပြု၍ ခန္ဓာကိုယ် သန့်စင်ရန် မဝံ့ရဲခဲ့ကြပေ။ ယနေ့တွင် ဤမျှ ကြောက်ရွံ့ခြင်း ကင်းမဲ့သောသူတစ်ဦး ပေါ်လာလိမ့်မည်ဟု သူတို့ မထင်မှတ်ထားခဲ့ကြပါ။
ထိုစဉ်မှာပင် ရှေ့ဘက်ရှိ လူအုပ်စုတစ်စုက ယဲ့ဖန်ကို သတိထားမိသွားပြီး ချက်ချင်းပင် ဟောက်လိုက်ကြသည်။
“ဘယ်သူက မင်းကို ဒီလာဖို့ ခွင့်ပြုလို့လဲ၊ မသေချင်ရင် အခုချက်ချင်း လစ်လိုက်တော့”
*ဖန်ဆင်းခြင်း နတ်ဘုရားနန်းတော်က လူတွေလား*
၎င်းကို မြင်လိုက်ရသောအခါ ရောက်ရှိနေသူများမှာ တစ်ခုခုကို သဘောကျသလို ပြုံးလိုက်ကြသည်။
ရှေ့မှ လူအုပ်စုမှာ လူကောင်းများ မဟုတ်ကြရာ ဤကောင်လေးတော့ ဒုက္ခလှလှတွေ့တော့မည်ဟု သူတို့ ထင်ကြသည်။
ယဲ့ဖန်က ရယ်မောလိုက်ပြီးသည်။
“ဒီငရဲမီးပင်လယ်က အများပိုင် နေရာပဲ၊ လူတိုင်း လာလို့ရတာပဲ၊ ငါက ဘာလို့ မရရမှာလဲ”
ဖန်ဆင်းခြင်း နတ်ဘုရားနန်းတော်မှ တပည့်တစ်ဦးက ယုတ်မာစွာ ပြုံးလိုက်သည်။
“အရင်ကတော့ အများပိုင် ဟုတ်ချင်ဟုတ်မယ်၊ ဒါပေမဲ့ ငါတို့ နတ်ဘုရား နန်းတော်က လူတွေ ဒီမှာရှိနေရင်တော့ ဒါက ငါတို့တစ်ဦးတည်းပိုင်ပဲ၊ နားလည်လား”
အထင်ကြီးစရာ ကောင်းလှပေသည်။
မောက်မာလှသည်။
သို့သော် သူတို့တွင် ထိုသို့လုပ်ရန် ယုံကြည်ချက် အပြည့်ရှိနေသည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ကောင်းကင်ဘုံ ကိုးလွှာမှ ဆင်းသက်လာသူများ ဖြစ်သောကြောင့်ပင်။
လူအုပ်ကြီးမှာ သူတို့၏ နောက်ကွယ်ရှိ စွမ်းအားကို ကြောက်ရွံ့သဖြင့် အနားမကပ်ရဲကြဘဲ သူတို့ လက်နက်များ သန့်စင်ပြီးမှသာ ရှေ့တိုးရဲကြသည်။
၎င်းမှာ ရေးမထားသော စည်းကမ်းတစ်ခုကဲ့သို့ပင် ဖြစ်နေသည်။ ကောင်းကင်ဘုံ ကိုးလွှာမှ အင်အားစု တစ်ခုက လက်နက် သန့်စင်ရန် ဆင်းလာပါက အခြားအင်အားစုများမှာ ဆုတ်ခွာပေးကြရသည်။
အဘယ်ကြောင့်ဆိုသော် လက်နက်သွန်းလုပ်ခြင်း မအောင်မြင်ပါက ထိုနတ်ဘုရားများမှာ ဒေါသထွက်ကာ လူသတ်၍ အာဃာတဖြေတတ်ကြပြီး ကံမကောင်းသူများမှာ သူတို့၏ သားကောင် ဖြစ်သွားနိုင်သောကြောင့် ဖြစ်သည်။
အစွမ်းထက်သည့် ပုဂ္ဂိုလ်များစွာပင် ဤကိစ္စကို မကျေနပ်သော်လည်း ထုတ်ဖော်ပြောဆိုရန် မဝံ့ရဲကြပေ။
သူတော်စင် ထျန်းယန်၏ နှုတ်ခမ်းထောင့်တွင် အားရသော အပြုံးတစ်ခု ပေါ်လာသည်။ သူကိုယ်တိုင် လက်ဖျားနှင့်ပင် တို့စရာမလိုဘဲ ထိုကောင်လေးမှာ ကိုယ့်သေတွင်းကိုယ် တူးနေပြီဟု သူ ထင်မှတ်လိုက်သည်။
“ဖန်ဆင်းခြင်း နတ်ဘုရားနန်းတော် ဟုတ်လား”
ယဲ့ဖန်သည် တစ်ခဏမျှ မှင်တက်သွားပြီးမှ ရယ်မောကာ ပြောလိုက်သည်။
“ငါသိသလောက်တော့ ခင်ဗျားတို့နဲ့ ဧကရာဇ်ရီက မပြေလည်နိုင်တဲ့ ရန်သူတွေ မဟုတ်လား၊ ကိုယ့်ရန်သူ ချန်ထားခဲ့တဲ့ နတ်ဘုရားမီးကို သုံးပြီး လက်နက်သွန်းလုပ်ရတာ ခင်ဗျားတို့ မရှက်ကြဘူးလား”
“ဟမ့် … အရူးပဲ၊ ဒါကို အမှိုက်ကနေ ရတနာဖြစ်အောင် လုပ်တာလို့ ခေါ်တယ်၊ နားလည်လား”
ထိုတပည့်က လှောင်ပြောင်လိုက်သည်။
“အဲ့ဒီကောင်က အရင်တုန်းက ငါတို့ ဖန်ဆင်းခြင်း နတ်ဘုရား နန်းတော်က အရာရှိတွေ အများကြီးကို သတ်ခဲ့တာ။ အခု သူ သေသွားပြီ ဆိုတော့ သူ့အလောင်းကို သုံးပြီး သူ့ရဲ့ အတိတ်က အမှားတွေအတွက် ပြန်ပေးဆပ် ခိုင်းရမှာပေါ့”
တကယ့်ကို အရှက်မရှိဘဲ ပြောဆိုနေခြင်းပင်။
“အမှိုက်ကို ပြန်သုံးတာပေါ့ ... ဟုတ်လား”
ယဲ့ဖန်က ရယ်မောလိုက်သော်လည်း ထိုရယ်သံမှာ အလွန်ပင် ရက်စက်ပြီး ကြောက်မက်ဖွယ် ကောင်းလှသည်။
“ဘာလဲ၊ မင်းကလည်း ဧကရာဇ်ရီကို အထင်ကြီးနေတဲ့သူလား”
ယဲ့ဖန်၏ မကျေမနပ် ဖြစ်နေမှုကို မြင်သောအခါ ထိုတပည့်က ချက်ချင်းပင် သရော်လိုက်သည်။
“ငါတို့ နတ်ဘုရား နန်းတော်က မင်းတို့လို အောက်ဘုံ လောကက အမှိုက်တွေကို မရေမတွက်နိုင်အောင် သတ်ခဲ့ပြီးပြီ။ ဧကရာဇ်ရီနဲ့ ပတ်သက်သမျှ လူတိုင်း ငါတို့လက်ထဲမှာ ရက်ရက်စက်စက် သေခဲ့ရတာ။ အခုဆို အနည်းဆုံး လူပေါင်း တစ်သိန်းလောက်တော့ ရှိပြီထင်တယ်၊ ဟုတ်တယ်မလား”
“လင်ရှန်း ... အမှိုက်တစ်စနဲ့ ဘာလို့ အချိန်ဖြုန်းပြီး စကားပြောနေတာလဲ၊ သူ့ကို အခုချက်ချင်း ရှင်းပစ်လိုက်”
လှပသော အမျိုးသမီးတစ်ဦးက ယဲ့ဖန်ကို မထီမဲ့မြင်ကြည့်ကာ စိတ်မရှည်စွာ ပြောလိုက်သည်။
“ဟုတ်ကဲ့ပါ၊ စီနီယာအစ်မ လင်ရင်”
လင်ရှန်းက ရိုသေစွာ ပြန်ပြောလိုက်ပြီး ယဲ့ဖန်ဘက်သို့ လှည့်ကာ အေးစက်သော အပြုံးဖြင့် ကြည့်လိုက်သည်။
“မင်းကို အမှန်အတိုင်း ပြောရရင် ငါတို့ နတ်ဘုရားနန်းတော်က ကောင်းကင် ဝါးမျို ရတနာကို သွန်းလုပ်ပြီးပြီ။ မကြာခင် ဒီမီးပင်လယ်ကြီး ငြိမ်းသတ်ခံရတော့မှာ”
“အဲ့ဒီအခါကျရင် မင်းတို့ အထင်ကြီးနေတဲ့ ဧကရာဇ်ရီရဲ့ အလောင်းကို ငါတို့ တူးထုတ်မယ်၊ သူ့ခန္ဓာကိုယ်ထဲမှာ ကျန်နေတဲ့ ယန်စွမ်းအင်တွေ အကုန်လုံးကို ဝါးမြိုပစ်မယ်။ ပြီးရင် သူ့ရဲ့ အသုံးမကျတဲ့ အရိုးတွေကို ကြိမ်နဲ့ရိုက်မယ်၊ အရေခွံ ဆုတ်မယ်၊ အရိုးတွေကို တစ်စစီ ဖြုတ်ပစ်မယ်၊ ဟားဟားဟားဟား”
ဖန်ဆင်းခြင်း နတ်ဘုရားနန်းတော်က ဧကရာဇ်ရီ အပေါ်ထားရှိသည့် အာဃာတမှာ နှစ်ပေါင်းသန်းချီတိုင်အောင် ထိန်းမနိုင်သိမ်းမရ ဖြစ်နေခဲ့ခြင်းဖြစ်သည်။
သူတို့သည် နည်းလမ်းမျိုးစုံဖြင့် သူ၏အလောင်းကို တူးထုတ်ရန် ကြိုးစားခဲ့ကြပြီး နောက်ဆုံးတွင် ကြောက်မက်ဖွယ် ကောင်းသော ဝိညာဉ်ရတနာတစ်ခုကို သန့်စင်နိုင်ခဲ့ကာ မကြာမီ လူ့လောကသို့ ယူဆောင်လာတော့မည် ဖြစ်သည်။
ယဲ့ဖန်က အေးစက်စွာ ရယ်မောလိုက်ပြီး သူ၏လေသံမှာ လှောင်ပြောင်မှုများဖြင့် ပြည့်နှက်နေသည်။
“မင်းတို့ ဖန်ဆင်းခြင်း နတ်ဘုရားနန်းတော်က တကယ့်ကို အရှက်မရှိတာပဲလို့ ပြောရမှာပဲ။ တည့်တည့်ရင်ဆိုင်ပြီး မနိုင်တော့ လူသေသွားမှ သင်္ချိုင်းတူးဖို့ ကြံနေတာလား။ ဒီလောက် ယုတ်မာပြီး သူရဲဘောကြောင်တဲ့ အလုပ်မျိုးကို လုပ်နေရတာ ... မင်းတို့ နတ်ဘုရားနန်းတော်က လူတွေ နောက်မွေးလာမယ့် ကလေးတွေမှာ စအိုပေါက် ပါမလာမှာကို မကြောက်ကြဘူးလား”
တိတ်ဆိတ်သွားလေသည်။
ပတ်ဝန်းကျင် တစ်ခွင်လုံးရှိ လေထုမှာ သုသာန်လေအလား တိတ်ဆိတ်သွားတော့သည်။
လူတိုင်းသည် ယဲ့ဖန်ကို အတိုင်းအဆမဲ့သော ထိတ်လန့်မှုများဖြင့် စိုက်ကြည့်နေကြသည်။ ဤကောင်လေးက ဤမျှအထိ ရဲတင်းရဲသည်ဆိုသည်မှာ မယုံနိုင်စရာပင်။
သူသည် သူတော်စင် ထျန်းယန်ကို ဒေါသထွက်အောင် လုပ်ခဲ့ရုံတင်မကဘဲ ယခုအခါ ဖန်ဆင်းခြင်း နတ်ဘုရား နန်းတော်ကိုပင် အမှုမထားတော့ပေ။
*ဒီကောင်က ကျားနှစ်မှာ မွေးတာလား၊ နွားနှစ်မှာ မွေးတာလား*
*မဟုတ်ရင် ဘယ်လိုလုပ်ပြီး ဒီလောက်အထိ မောက်မာရဲမှာလဲ*
*မဟုတ်ရင် ဘယ်လိုလုပ် ဒီလောက်အထိ အဆင်အခြင်မဲ့ရဲမှာလဲ*
ထိုအခိုက်အတန့်တွင် သူတော်စင် ထျန်းယန်ပင်လျှင် ဆွံ့အသွားရသည်။
*ဒီကောင်လေး သူ့ကိုယ်သူ သူတော်စင် တစ်ယောက်လို့ ထင်နေတာလား၊ ဘယ်လိုလုပ်ပြီး ဒီလောက် ရိုင်းစိုင်းတဲ့ စကားတွေကို အာပေါင်အာရင်း သန်သန် ပြောရဲရတာလဲ*
*ဖန်ဆင်းခြင်း နတ်ဘုရား နန်းတော်ဆိုတာ သက်သက်လွတ်စားတဲ့ လူအဖွဲ့အစည်းလို့ မင်း တကယ် ထင်နေ တာလား*
ဖန်ဆင်းခြင်း နတ်ဘုရားနန်းတော်သည် ဧကရာဇ်ရီကို ထိပ်တိုက် ရင်ဆိုင်ခဲ့သည့် ကောင်းကင်ဘုံ အင်အားစု များစွာထဲမှ တစ်ခုဖြစ်သည်။ အခြားအင်အားစု အားလုံးမှာ ဧကရာဇ်ရီ၏ လက်ချက်ဖြင့် ပျက်သုဉ်းသွား ခဲ့သော်လည်း ၎င်းတို့မှာမူ ဒဏ်ရာအပြင်းအထန် ရရှိခဲ့သော်လည်း အသက်ရှင် ကျန်ရစ်ခဲ့သည်။
ဤအချက် တစ်ခုတည်းကပင် ဤအထွတ်အထိပ် ဂိုဏ်းကြီး မည်မျှအထိ ကြောက်မက်ဖွယ် ကောင်းသည်ကို ပြသနေသည်။
တကယ်ကို အင်မော်တယ် ဂိုဏ်းကြီးပင်တည်း။
သူတော်စင် ထျန်းယန်ပင်လျှင် ၎င်းတို့ကို သတိထား ဆက်ဆံရသည်။
*ဒီကောင်လေးက ဒီလို ပြောရဲတယ်ဆိုတော့ မြင်းနတ်မင်းမှာ မျက်လုံး ဘယ်နှစ်လုံး ရှိတယ်ဆိုတာကို မသိတာ ဖြစ်မယ်*
(မိမိထက် အစွမ်းထက်သူကို မသိနားမလည်ဘဲ စိန်ခေါ်ခြင်းကို ဆိုလိုသည်)
သူတို့ မဆိုထားနှင့်၊ လင်ရှန်းနှင့် အခြားသူများပင်လျှင် လုံးဝ မှင်တက်သွားကြပြီး အောက်ဘုံမှ တစ်စုံ တစ်ယောက်က သူတို့ကို ဤကဲ့သို့ ပြောဝံ့လိမ့်မည်ဟု မယုံကြည်နိုင် ဖြစ်နေကြသည်။
ထိုစဉ် သူတို့ထဲမှ တော်ဝင် သရဖူကို ဆောင်းထားပြီး နဂါးတစ်သောင်းပုံ ဝတ်ရုံကို ဆင်မြန်းထားသည့် ခန့်ညား ထည်ဝါသော အမျိုးသားတစ်ဦးသည် ဖြည်းညှင်းစွာ လှည့်ကြည့်လာသည်။ သူ၏ မျက်လုံးများထဲတွင် သွေးရောင်လွှမ်းသော လျှပ်စီးများ လက်ခနဲ ဖြစ်သွားပြီး အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလှသည်။
ထို့နောက် သူက ဒေါသတကြီး ငေါက်ငမ်းလိုက်သည်။
“လင်ရှန်း... သူ့ကို သတ်ပစ်လိုက်”