အင်မော်တယ် သုတ်သင်ဓား
Vol. 117 Ch. 1752
“အမှိုက်ကောင်၊ မင်း သေချင်နေတာပဲ”
လင်ရှန်းသည် ချက်ချင်းပင် ဒေါသအိုး ပေါက်ကွဲသွားသည်။ သူ၏ ခြေထောက်ကို တစ်ချက် ဆောင့်လိုက်သည်နှင့် မြေပြင်ပေါ်တွင် သတ်ဖြတ်ခြင်း အစီရင်တစ်ခု ပေါ်ထွက်လာပြီး ကမ္ဘာမြေကို လင်းထိန်သွားစေကာ နက်နဲသော နိယာမတရားများဖြင့် ပြည့်နှက်သွားတော့သည်။
ခန့်ညားထည်ဝါပြီး ကြီးကျယ်ခမ်းနားလှပေသည်။
၎င်းမှာ ကောင်းကင်ဘုံ ကိုးလွှာ၏ အခြေခံ အုတ်မြစ်ပင် ဖြစ်သည်။ တပည့်တစ်ဦးပင်လျှင် အင်မော်တယ် ဧကရာဇ် တစ်ဦး ဖြစ်နိုင်ပေသည်။ ဝူကျန်းယွဲ့ကဲ့သို့သော ပါရမီရှင်မျိုးမှာ ကောင်းကင်ဘုံ ကိုးလွှာတွင် အတွေ့ မများသော်လည်း အနည်းငယ်မျှသာ ရှိသည်တော့ မဟုတ်ပေ။
တိုက်ပွဲ အစီရင်ခံသည် ဆူပွက်လာပြီး မရေမတွက်နိုင်သော ရှေးဟောင်း စာလုံးများမှာ တောက်ပပြင်းထန်သော စွမ်းအားများဖြင့် ဖိနှိပ်ချလာကာ ဧရိယာ တစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် ယဲ့ဖန်ကို အလုံးစုံ ဝါးမြိုသွားတော့သည်။
“လင်ရှန်း ... အသက်တစ်ရာပြည့် မသေမျိုးဧကရာဇ်ပဲ၊ ကောလာဟလတွေအရ သူဟာ အသက်တစ်ရာမှာတင် အင်မော်တယ် ဧကရာဇ်အဆင့်ကို တက်လှမ်းနိုင်ခဲ့တာ”
*အသက်တစ်ရာပြည့် ဧကရာဇ်*
ထိုစကားလုံးများက ရောက်ရှိနေသူများကြားတွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားစေသည်။
အောက်ဘုံ လောကတွင် နှစ်ပေါင်း တစ်သောင်းအတွင်း အင်မော်တယ် ဧကရာဇ်အဆင့် ရောက်ရှိရန်မှာ အလွန်ပင် ရှားပါးလှပြီး၊ နှစ်ပေါင်းတစ်ထောင်အတွင်း ရောက်ရှိသူကိုမူ အနှိုင်းမဲ့ ပါရမီရှင်ဟု ခေါ်ဆိုကြသည်။
သို့သော် ရှေ့မှလူမှာမူ အသက်တစ်ရာဖြင့် ဧကရာဇ် ဖြစ်လာသူလားတဲ့လား။
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
ဤအရည်အချင်းမှာ မည်မျှအထိ ကြောက်စရာကောင်းလိုက်ပါသနည်း။
ထိုကဲ့သို့သော ပုဂ္ဂိုလ်ပင်လျှင် ဖန်ဆင်းခြင်း နတ်ဘုရား နန်းတော် အတွင်း၌ အလယ်အလတ်တန်းစား အဆင့်အတန်း လောက်သာ ရှိပေသည်။
အခြားသော တပည့်များက သူ့ထက် အဆင့်အတန်း မြင့်မားကြသည်မှာ သိသာလှသည်။ ထို့ကြောင့် လင်ရှန်းက အပင်ပန်းခံ၍ အလုပ်ကြမ်းများကို လုပ်ကိုင်နေရပြီး သူတို့ကမူ မှော်ရတနာများ သန့်စင်ခြင်းကိုသာ အာရုံစိုက်နေကြခြင်း ဖြစ်သည်။
တစ်ချိန်တည်းမှာပင် သူတို့သည် လင်ရှန်း၏ အစွမ်းကို အသိအမှတ်ပြုထားကြပြီး လင်ရှန်းက ယဲ့ဖန်ကို သေချာပေါက် သတ်နိုင်လိမ့်မည်ဟု ယုံကြည်နေကြသည်မှာ သိသာလှသည်။
*သွားပြီ*
*အဲ့ဒီကောင်လေးတော့ အသားစင်းကော ဖြစ်တော့မယ်*
“အဘိုး... ဒီအစ်ကိုက အသက်ရှင်ပါ့ဦးမလား”
ထျန်းရင်က စပ်စုသော မျက်လုံးများဖြင့် မေးလိုက်သည်။
“အသက်ရှင်မယ် ဟုတ်လား”
သူတော်စင် ထျန်းယန်က ကမ္ဘာပေါ်တွင် အကြီးဆုံး ဟာသကို ကြားလိုက်ရသကဲ့သို့ ပြောလာသည်။
“ပုရွက်ဆိတ်တစ်ကောင်က ဆင်တစ်ကောင်ကို လဲအောင် လုပ်နိုင်ပါ့မလား”
ထို့နောက် သူတော်စင် ထျန်းယန်၏ အကြည့်သည် နဂါးတစ်သောင်းဝတ်ရုံ ဝတ်ဆင်ထားသော အမျိုးသားထံသို့ ကျရောက်သွားသည်။
“ပြီးတော့ သူတို့ထဲက တကယ် ကြောက်စရာကောင်းတဲ့သူက ခုထိ လက်မလှုပ်ရသေးဘူး”
“အောက်ဘုံ လောကက အမှိုက်က ငါတို့ကို စိန်ခေါ်ရဲတယ်လား၊ သေပေတော့”
လင်ရှန်း၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်များ လက်ခနဲ ဖြစ်သွားပြီး ဒေါသကြောင့် ဆံပင်များ ထောင်ထ လာကာ အတိုင်းအဆမဲ့သော စွမ်းအားများ ပြင်းထန်စွာ ထွက်ပေါ်လာတော့သည်။
ထိုစကားကို ကြားလိုက်ရသောအခါ ရောက်ရှိနေသည့် ဒေသခံများအားလုံး မျက်နှာပျက်သွားကြပြီး သူတို့၏ အမူအရာများမှာ ချက်ချင်းပင် အလွန်တရာ ရုပ်ဆိုးသွားကြတော့သည်။
တစ်ဖက်လူက သူတို့ကို "အမှိုက်" နှင့် "အောက်တန်းစား" ဟုသာ တတွတ်တွတ် ခေါ်ဆိုနေခြင်းမှာ သူတို့ကို အကြီးအကျယ် အရှက်ရစေရုံတင်မကဘဲ အဆုံးမဲ့သော နာကျည်းမှုကိုလည်း ဖြစ်ပေါ်စေသည်။
“မင်းတို့က လူသားတွေရဲ့ ကျင့်ကြံခြင်း အသီးအပွင့်တွေကို ခိုးယူ စားသုံးနေပြီးတော့မှ... ဘာလို့ ဒီလောက်တောင် ကိုယ့်ကိုယ်ကိုယ် မှန်လှပြီဆိုတဲ့ ပုံစံမျိုး ဖမ်းနေရတာလဲ၊ မင်းတို့မှာ ဘာအခွင့်အရေးရှိလို့လဲ”
ယဲ့ဖန် ကြွေးကြော်လိုက်ရာ သူ၏ ခန္ဓာကိုယ်အတွင်းမှ အတိုင်းအဆမဲ့သော ယန်စွမ်းအင်များ ပေါက်ကွဲထွက်လာပြီး ကောင်းကင်နှင့် မြေကြီးကို လွှမ်းမိုးသွားတော့သည်။ ထိုစွမ်းအားမှာ အလွန်ပင် ခန့်ညားထည်ဝါပြီး ကြီးမား ကျယ်ပြန့် လှပေသည်။
“ဝုန်း”
ထို့နောက်တွင် ယဲ့ဖန်၏ ဦးခေါင်းပေါ်၌ အပြာရောင် ကြာပန်းတစ်ပွင့်မှာ လွင့်မျောပေါ်ထွက်လာသည်။ ထိုကြာပန်းမှ မရေမတွက်နိုင်သော ကမ္ဘာဦးစွမ်းအင်များမှာ ရေတံခွန်အလား စီးကျလာပြီး နက်နဲသော တရားဓမ္မ အရှိန်အဝါများကို ထုတ်လွှတ်နေတော့သည်။
ရုတ်တရက် တုန်လှုပ်ချောက်ချားသွားမှုကြီးတစ်ခု ဖြစ်ပေါ်လာတော့သည်။
မဟာတာအိုများ ပြိုလဲသွားပြီး ဟင်းလင်းပြင်ကြီးပင် တစ်စစီ ပျက်စီးသွားရသည်။
လူတိုင်း ထိတ်လန့် တုန်လှုပ်သွားကြပြီး လုံးဝ မှင်တက်သွားရသည်။
အရှိန်အဟုန် အနည်းငယ်မျှဖြင့်ပင် မဟာတရားဓမ္မကို ချေဖျက်နိုင်သည်လား! ဤမျှ ကြောက်မက်ဖွယ် ကောင်းသော ဖြစ်ရပ်ဆန်းမျိုးကို သူတို့တစ်သက်တွင် တစ်ခါမျှ မမြင်ဖူးခဲ့ကြပေ။
“ဒါ ... ဒါ မဖြစ်နိုင်ဘူး”
ထိုအချိန်တွင် သူတော်စင် ထျန်းယန်သည် သူ၏မျက်လုံးများထဲတွင် နက်နဲသော ထိတ်လန့်မှုများဖြင့် အော်ဟစ် လိုက်မိသည်။
“အဘိုး... ဘာဖြစ်လို့လဲ”
ထျန်းရင်က စပ်စုစွာ မေးလိုက်သည်။
“ဒီဖြစ်ရပ်ဆန်းကို ထာဝရ မသေမျိုးပန်းလို့ ခေါ်တယ်။ အသူရာ ဧကရာဇ် ကိုယ်တိုင် ဖန်တီးခဲ့တဲ့ အစွမ်းပဲ။ ဒီကောင်လေးက အသူရာ ဧကရာဇ်ရဲ့ အမွေဆက်ခံသူပဲ”
အသူရာ ဧကရာဇ်။
အချစ်အလွမ်း အဖွဲ့နိုင်ဆုံးနှင့် ပါရမီအရှိဆုံး ဧကရာဇ်ဖြစ်ပြီး လောကတစ်ခွင်ရှိ သူရဲကောင်းများနှင့် မိတ်ဆွေဖွဲ့ခဲ့သူ ဖြစ်သည်။
သူသည် အစွန်းရောက်သူတစ်ဦးလည်း ဖြစ်ရာ သူ၏မိတ်ဆွေများက သူ့အတွက် အသက်ပေးဝံ့ကြသလို၊ သူ၏ ရန်သူများကလည်း သူ့ကိုသတ်နိုင်ရန် သူနှင့်အတူ အသေခံဝံ့ကြသည်။
ထိုစကားကို ကြားလိုက်ရသောအခါ လူတိုင်း ကြောက်ရွံ့မှုနှင့် စိုးရိမ်ပူပန်မှုများဖြင့် ဆွံ့အသွားကြသည်။
*အသူရာ ဧကရာဇ်၏ အမွေဆက်ခံသူ ဟုတ်လား*
*ဒါ ဖြစ်နိုင်ပါ့မလား*
ဧကရာဇ်ကိုးပါး ကွယ်လွန်ပြီးနောက် သူတို့၏ အမွေဆက်ခံသူဟူ၍ မကြားဖူးတော့ပေ။ နှစ်ပေါင်းများစွာ ကြာညောင်းခဲ့ပြီဖြစ်ရာ မည်သည့်အနွယ်အဆက်မျှ ကျန်ရှိနေရန် မဖြစ်နိုင်တော့ဟု ယူဆခဲ့ကြသည်။
တစ်ဖက်တွင်လည်း ဧကရာဇ်ကိုးပါး၏ အမွေအနှစ်မှာ အလွန်ပင် နက်နဲဆန်းကြယ်လွန်းသဖြင့် ပါရမီ အရှိဆုံးသူများပင် နားလည်ရန် ခဲယဉ်းလှသည်။
ထို့အပြင် ကောင်းကင်ဘုံ ကိုးလွှာသည် ထိုအနွယ်အဆက်များကို ဆက်လက် တည်ရှိခွင့် မပြုပေ။ အဘယ်ကြောင့်ဆိုသော် တစ်နေ့တွင် ကောင်းကင်ဘုံ၏ အဆင့်အတန်းကို ခြိမ်းခြောက်လာနိုင်သောကြောင့် ဖြစ်သည်။ ၎င်းမှာ ဧကရာဇ်ကိုးပါးနှင့် ကောင်းကင်ဘုံကိုးလွှာတို့အကြား သဘောတူညီထားသည့် အချက်ပင် ဖြစ်သည်။
သို့သော် ဤကောင်လေးက အဘယ်ကြောင့် အသူရာ ဧကရာဇ်၏ ထူးခြားသော ဖြစ်ရပ်ဆန်းကို ပိုင်ဆိုင် ထားရသနည်း။
မယုံကြည်နိုင်စရာပင်။
“အတုပဲ၊ ဒါ မဖြစ်နိုင်ဘူး”
လင်ရှန်း ဒေါသတကြီးဖြင့် အော်ဟစ်လိုက်ပြီး သူ့မျက်လုံးများက ဒေါသကြောင့် မီးဝင်းဝင်း တောက်နေသည်။
*ငါ ဒီအမှန်တရားကို လက်မခံနိုင်ဘူး*
သတ်ဖြတ်ခြင်း အစီအရင်မှာ ပေါက်ကွဲထွက်လာပြီး ပြင်းထန်သော သတ်ဖြတ်လိုစိတ်များမှာ ယဲ့ဖန်ထံသို့ ချက်ချင်း ဦးတည်သွားတော့သည်။
သို့သော် ယဲ့ဖန်သည် ခြေတစ်လှမ်း လှမ်းလိုက်ရုံဖြင့် မဟာတာအို၏ အစွမ်းကို ထုတ်ဖော်လိုက်ရာ သတ်ဖြတ်ခြင်း အစီအရင်ကြီးမှာ ချက်ချင်းပင် တစ်စစီ ကြွေမွသွားတော့သည်
“ဂျွတ်”
အစီအရင်၏ ထောင့်တစ်နေရာမှ အက်ကြောင်းတစ်ခု ပေါ်လာပြီးနောက် ချက်ချင်းပင် ပြန့်နှံ့သွားကာ အစီအရင် တစ်ခုလုံးကို အပိုင်းပိုင်း ဆုတ်ဖြဲပစ်လိုက်သည်။
ရှေးဟောင်း သတ်ဖြတ်ခြင်း အစီအရင်မှာ မျက်တောင်တစ်ခတ်အတွင်း ပျက်စီးသွားရလေသည်။
၎င်းတို့သည် ဤထူးခြားသော ဖြစ်ရပ်ဆန်း၏ ဖိအားကို ခဏမျှပင် တောင့်မခံနိုင်ကြပေ။
တုန်လှုပ်စရာပင်။
လူတိုင်း မှင်တက်သွားကြသည်။
ဤသည်မှာ အမှန်တရား ဖြစ်ပေသည်။ သူ့အရှေ့မှ လူငယ်သည် အသူရာ ဧကရာဇ်၏ အမွေကို အမှန်တကယ် ဆက်ခံထားခြင်းပင်။
ရှေးဟောင်း မသေမျိုးပန်းမှာ အတိုင်းအဆမဲ့ ကြောက်စရာကောင်းလှသည်။ ထိုအပြာရောင်ကြာပန်းသည် ကောင်းကင်ဘုံ၏ လမ်းစဉ်အားလုံးကို သိုလှောင်ထားသည့် ကိုယ်ထည်တစ်ခုအလား သက်ရှိအားလုံးကို နှိပ်ကွပ်နိုင်ပြီး အရာအားလုံးကို တိုက်ထုတ်နိုင်စွမ်း ရှိသည်။
*ဘာ*
ဤသည်ကို မြင်သောအခါ လင်ရှန်း ကြောင်အသွားရသည်။
သူ၏ တိုက်ခိုက်မှုမှာ ဤအောက်ဘုံလောကမှ အမှိုက်ကောင်၏ တားဆီးခြင်းကို ခံလိုက်ရသည်လား။
ဤသတင်းသာ ပြန့်သွားပါက သူသည် ကောင်းကင်ဘုံ ကိုးလွှာတစ်ခုလုံးတွင် လှောင်ပြောင်စရာ ဖြစ်ပေလိမ့်မည်။
*ချီးပဲ*
လင်ရှန်း အံကြိတ်လိုက်သဖြင့် တကျိကျိသံ ထွက်လာလေသည်။ ထို့နောက် သူ၏လက်ထဲတွင် ငါးရောင်ခြည်တင် အင်မော်တယ် ဓားတစ်လက် ရုတ်တရက် ပေါ်လာပြီး ဝိညာဉ်စွမ်းအင်များမှာ ဟိန်းထွက်လာတော့သည်။
“ရွှစ်”
မျက်တောင်တစ်ခတ် အတွင်း ဓားအလင်းတန်းမှာ ပင်လယ်ပြင်အလား လှိုင်းထန်လာပြီး ကောင်းကင်ကို ဖြတ်ကာ ထိုဖြစ်ရပ်ဆန်းဆီသို့ ပြင်းထန်စွာ ခုတ်ပိုင်းလိုက်ရာ ၎င်းအတွင်းသို့ ပျောက်ကွယ်သွားတော့သည်။
“ဘာ၊ ထာဝရ မသေမျိုးပန်းတောင် ဒါကို မခံနိုင်ဘူးလား”
၎င်းကို မြင်လိုက်ရသူတိုင်း အလွန်အမင်း တုန်လှုပ်သွားကြသည်။
“အဲ့ဒါ ... အင်မော်တယ် သုတ်သင်ဓားပဲ”
အော်ဟစ်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
“ဝုန်း”
ချက်ချင်းပင် လူတိုင်း၏ မျက်နှာတွင် ထိတ်လန့်မှုနှင့် မယုံကြည်နိုင်မှုများ ပြည့်နှက်သွားသည်။
အင်မော်တယ်ဓားသည် ကောင်းကင်နှင့် မြေကြီးတစ်ခွင်တွင် အလွန်ကျော်ကြားသော မှော်လက်နက် ဖြစ်သည်။
စုစုပေါင်း ရှစ်လက်ရှိပြီး ရှစ်လက်စလုံးကို တစ်ပြိုင်နက် ထုတ်သုံးပါက သူတော်စင်တစ်ပါးကိုပင် သတ်နိုင်သည်ဟု ဆိုကြသည်။
ယခုမှာ ပထမဆုံးတစ်လက်သာ ရှိသေးသော်လည်း ဤမျှ စွမ်းအားကြီးမားနေချေပြီ။ အကယ်၍ ရှစ်လက်စလုံး ထွက်လာပါက မည်မျှ ကြောက်စရာကောင်းလိုက်မည်နည်း။
လူတိုင်းသည် ယဲ့ဖန်အနေဖြင့် အင်မော်တယ် သုတ်သင်ဓားကို ခုခံနိုင်ပါ့မလားဟု စိုးရိမ်တကြီး စောင့်ကြည့် နေကြသည်။
သို့သော် ထိုစဉ်မှာပင် အင်မော်တယ် သုတ်သင်ဓားသည် ဖြစ်ရပ်ဆန်း၏ ချည်နှောင်မှုများကို ဖြတ်ကျော်ကာ ပြင်းထန်စွာ ခုတ်ပိုင်းချ လိုက်သည်။
ယဲ့ဖန်သည် မျက်မှောင်ကြုတ်လိုက်ပြီး ဘေးသို့ ရှောင်လိုက်ရာ ဓားသည် သူ၏ဆံပင်တစ်စုကို ဖြတ်ကာ ပျံသန်းသွားသည်။
ထိုတင်မကသေးပေ။
“ချလွင်”
ထိုစဉ် ပို၍ ကျယ်လောင်သော အော်သံတစ်သံ ထွက်ပေါ်လာပြန်သည်။ သေချာကြည့်လိုက်သောအခါ လင်ရှန်း၏ လက်ထဲတွင် ဒုတိယမြောက် အင်မော်တယ် သုတ်သင်ဓား ပေါ်လာပြန်ချေပြီ။
ထိုခဏ၌ လင်ရှန်း၏ နှုတ်ခမ်းတွင် စဉ်းလဲသော အပြုံးတစ်ခု ပေါ်လာသည်။
“အသူရာ ဧကရာဇ်ရဲ့ အမွေဆိုတော့ရော ဘာဖြစ်လဲ၊ မင်းကို ငါ ဒုက္ခိတဖြစ်အောင် လုပ်ပြီးရင် မင်းရဲ့ လျှို့ဝှက်ချက် တွေကို တစ်ခုချင်း တူးဖော်ပစ်မယ်၊ အသူရာ ဧကရာဇ်ရဲ့ အမွေက ငါတို့ ဖန်ဆင်းခြင်း နတ်ဘုရားနန်းတော်ရဲ့ အပိုင် ဖြစ်လာရမယ်”
လင်ရင်နှင့် အခြားသူများလည်း ယုတ်မာသော အကြံများဖြင့် ကြည့်နေကြသည်။ အသူရာ ဧကရာဇ်၏ အမွေအနှစ်သည် တကယ်ကို ကြီးမားသော ရတနာ တစ်ခု ဖြစ်သည်။
ဧကရာဇ်တို့၏ သွေး စွန်းပေနေသော အင်မော်တယ် သုတ်သင်ဓား။
သမိုင်းတစ်လျှောက် မရေမတွက်နိုင်သော အင်မော်တယ် ဧကရာဇ်များသည် ဤဓားဖြင့် သေဆုံးခဲ့ဖူးသည်။ ဓားရှစ်လက်စလုံး၏ စွမ်းအားပေါင်းစပ်မှုမှာ ကောင်းကင်ဘုံ တာအိုနှင့်ပင် ယှဉ်နိုင်သည်။
“အသူရာ ဧကရာဇ်ရဲ့ အမွေဆက်ခံသူတော့ အန္တရာယ်ကြီးပြီ”
“ဟိုကောင်လေး ... အသူရာ ဧကရာဇ်ရဲ့ အမွေအနှစ်ကို အခုချက်ချင်း အပ်စမ်း၊ ဒါဆိုရင် မင်းရဲ့ ခွေးသက်ကို ချမ်းသာပေးကောင်း ပေးနိုင်လိမ့်မယ်”
လင်ရင်၏ အပြုံးမှာ ဆွဲဆောင်မှုရှိသော်လည်း သတ်ဖြတ်လိုစိတ်များ ကိန်းအောင်းနေသည်။
သူတို့အားလုံးသည် ယခုအခါ လုယက်သတ်ဖြတ်ရန် လောဘတက်နေကြလေပြီ။
အဖွဲ့၏ ခေါင်းဆောင်ဖြစ်သူ အမျိုးသားပင်လျှင် ယဲ့ဖန်ကို လောဘဇောတက်စွာ စိုက်ကြည့်နေတော့သည်။
ဧကရာဇ် ကိုးပါးသည် ကျုံးကျိုး ပြည်နယ် ကိုးခုတွင် အသန်မာဆုံး လူများ ဖြစ်ခဲ့ကြသည်။ ကောင်းကင်ဘုံ ကိုးလွှာသည် သူတို့အား အရိုးထဲအထိ မုန်းသော်လည်း ဧကရာဇ် ကိုးပါးလုံးသည် လောကကို ကိုင်လှုပ်ခဲ့သော ပြိုင်ဘက်ကင်း သူရဲကောင်းများ ဖြစ်ခဲ့ကြသည်ကို ဝန်ခံရပေမည်။
သူတို့သည် ဧကရာဇ်ကိုးပါး၏ အမွေအနှစ်ကို ကောင်းကင်ဘုံ ကိုးလွှာက နှစ်ပေါင်းများစွာ ရှာဖွေခဲ့သော်လည်း မတွေ့ခဲ့ပေ။
ယခု ဤအခွင့်အရေးကို သူတို့ ဘယ်လိုလုပ် လက်လွှတ်ခံပါမည်နည်း။
အသူရာ ဧကရာဇ်သည် ကောင်းကင်ဘုံ ကိုးလွှာရှိ နတ်မိမယ်များနှင့် သူတော်စင် မယ်တော်ပင် ရူးသွပ်စွဲလမ်း ရလောက်သည့် အရှင်သခင်ဖြစ်သည်။ သူသည် ကောင်းကင်ဘုံ ကိုးလွှာတွင် မည်သူမျှ မတားဆီးနိုင်သော တန်ခိုးရှင်ဖြစ်ရာ သူ၏ အမွေအနှစ်ကို လူတိုင်းက မရရအောင် လိုချင်တပ်မက်နေကြသည်မှာ သဘာဝပင် ဖြစ်သည်။
ထို့ကြောင့် ဖန်ဆင်းခြင်း နတ်ဘုရားနန်းတော်မှ တပည့်များသည် လောဘစိတ်များဖြင့် ပြည့်နှက်နေပြီး ယဲ့ဖန်မှာ သူတို့ မျက်လုံးထဲတွင် ဆူဖြိုးသော သိုးသူငယ်တစ်ကောင်ကဲ့သို့ ဖြစ်နေသည်။
“အသူရာ ဧကရာဇ်ရဲ့ အမွေကို လုချင်တယ်ဆိုရင် ... မင်းတို့မှာ ဘာအရည်အချင်းရှိလဲဆိုတာ ကြည့်ရသေးတာပေါ့”
ယဲ့ဖန်သည် ခနဲ့လိုက်ပြီး အရှိန်အဟုန်ပြင်းစွာ ခြေလှမ်းလှမ်းလိုက်ရာ အတိုင်းအဆမဲ့သော ယန်စွမ်းအင်များ ပေါက်ကွဲ ထွက်လာသည်။ ထို့နောက် သူသည် လေထဲတွင် ပျံသန်းလာသော အင်မော်တယ် သုတ်သင်ဓားကို လက်သီးဖြင့် ဒေါသတကြီး ထိုးနှက်လိုက်တော့သည်။
“ခန္ဓာကိုယ်နဲ့ တိုက်ရိုက်ခုခံတာလား၊ ဒီကောင် ရူးသွားပြီလား”
လူတိုင်း လုံးဝ မှင်တက်သွားကြသည်။ ၎င်းမှာ အင်မော်တယ် သုတ်သင်ဓား မဟုတ်ပါလား။ အင်မော်တယ် ဧကရာဇ်တစ်ဦးကို အိတ်ထဲက ပစ္စည်းနှိုက်သကဲ့သို့ အလွယ်တကူ သတ်နိုင်သည့်အပြင် ၎င်း၏ ထက်မြက်မှု မှာလည်း အနှိုင်းမဲ့ပေသည်။
မိမိ၏ ခန္ဓာကိုယ်ဖြင့် ခုခံရန် ကြိုးစားခြင်းမှာ မိမိကိုယ်ကိုယ် သေကြောင်းကြံခြင်းသက်သက်သာ ဖြစ်ပေသည်။
“အရူးပဲ ... အသူရာ ဧကရာဇ်ရဲ့ အမွေဆက်ခံသူ ဖြစ်နေရုံလေးနဲ့၊ မင်းကိုယ်မင်း အသူရာ ဧကရာဇ်လို့ ထင်နေတာလား”
သူတော်စင် ထျန်းယန်က မထီမဲ့မြင်ပြုသော မျက်နှာထားဖြင့် နှာခေါင်းရှုံ့လှောင်ပြောင်လိုက်သည်။
အသူရာ ဧကရာဇ်တွင် ဤကဲ့သို့ မိုက်မဲသော အမွေဆက်ခံသူ ရှိနေခြင်းမှာ သူ၏ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေခြင်းပင်။
သူတော်စင် ထျန်းယန့်သည် အင်မော်တယ် သုတ်သင်ဓား၏ အစွမ်းအကြောင်းကို ကြားဖူးနားဝရှိခဲ့သော်လည်း၊ မည်သူတစ်ဦးတစ်ယောက်မျှ ထိုဓားကို မိမိ၏ လက်ဗလာဖြင့် ခုခံနိုင်သည်ဟု မကြားဖူးခဲ့ပေ။ ထိုသို့လုပ်ခြင်းမှာ သေမင်းကို ဖိတ်ခေါ်နေခြင်းနှင့် အတူတူပင် ဖြစ်သည်။
“သေချင်နေတဲ့ အရူး ... ငါ မင်းရဲ့လက်ကို ဘယ်လို ခုတ်ဖြတ်ပစ်မလဲဆိုတာ စောင့်ကြည့်လိုက်စမ်း”
လင်ရှန်းသည် မျက်နှာတစ်ခုလုံး ကြောက်မက်ဖွယ်ကောင်းအောင် ရှုံ့မဲ့လျက် ဟစ်ကြွေးလိုက်ပြီး အင်မော်တယ် သုတ်သင်ဓား နှစ်လက်စလုံးမှာ လေထုကို ဖောက်ထွင်းကာ ယဲ့ဖန်ကို ပြင်းထန်စွာ တိုက်ခိုက်လိုက်တော့သည်။
သို့သော် နောက်တစ်စက္ကန့်တွင် လူတိုင်း တစ်ပြိုင်နက်တည်း အသက်ရှူမှားသွားကြရသည်။ အဘယ်ကြောင့် ဆိုသော် ယဲ့ဖန်၏ ဒေါသတကြီး ထိုးနှက်လိုက်သော လက်သီးချက်မှာ အင်မော်တယ် သုတ်သင်ဓားနှင့် တည့်တည့် တိုးကာ အားရပါးရ ထိမှန်သွားသည်ကို အားလုံး အထင်အရှား မြင်လိုက်ရသောကြောင့်ပင်။
ထိုအင်မော်တယ် သုတ်သင်ဓား နှစ်လက်စလုံးမှာ အရှိန်အဟုန်ဖြင့် လွင့်ထွက်သွားတော့သည်။
ဤမြင်ကွင်းက အားလုံးကို အံ့အားသင့် သွားစေခဲ့သည်။
လူတိုင်း မှင်တက်သွားကြသည်။
*ဒီလူရဲ့ ခန္ဓာကိုယ်က အဲ့လောက် သန်မာတာလား*
*အင်မော်တယ် သုတ်သင်ဓားတောင် လက်သီးတစ်ချက်တည်းနဲ့ လွင့်ထွက်သွားအောင် လုပ်နိုင်တာလား*
လင်ရှန်းသည်လည်း ထိုနေရာမှာပင် ဆွံ့အသွားရသည်။ အင်မော်တယ် သုတ်သင်ဓား၏ စွမ်းအားမှာ အနှိုင်းမဲ့ ပေသည်။ အင်မော်တယ် သုတ်သင်ဓားကို ထိပ်တိုက်ရင်ဆိုင်ရဲသူမျိုးကို သူ ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင် ဖြစ်သည်။
“ဒီကောင်လေးမှာ အရည်အချင်း နည်းနည်းပါးပါး ရှိသားပဲ”
သူတော်စင် ထျန်းယန်၏ မျက်လုံးများမှာ ချက်ချင်းပင် အရောင်လက်သွားသည်။ ယဲ့ဖန်၏ လုပ်ရပ်က သူ့ကို များစွာ အံ့အားသင့်စေခဲ့သည်။
ထိုအခိုက်တွင် ဖန်ဆင်းခြင်း နတ်ဘုရားနန်းတော်ဘက်မှ လူအားလုံးမှာ တင်းမာခက်ထန်သော မျက်နှာထား များဖြင့် ဇဝေဇဝါ ဖြစ်နေကြသည်။
*ချီးပဲ*
လင်ရှန်းသည် ဒေါသအိုး ပေါက်ကွဲသွားပြီး သူ၏ တတိယမြောက်ဓားကို ထုတ်ဖော်လိုက်တော့သည်။
၎င်းမှာ ကောင်းကင်ယံကို ဖြတ်သန်းသွားသော ကြယ်တံခွန်အလား အလွန်တရာ ထက်မြက်လှပေသည်။
၎င်းမှာ ဟင်းလင်းပြင်ကြီးကို တစ်ဖက်မှ ဖောက်ထွင်းကာ ယဲ့ဖန်၏ အနားသို့ တိုးဝင်လာတော့သည်။
ဓားသုံးလက်သည် အရပ်မျက်နှာ အသီးသီးမှ ယဲ့ဖန်၏ ထွက်ပေါက်များကို ပိတ်ဆို့ထားကြသည်။ ၎င်းတို့၏ စွမ်းအားနှင့် လွှမ်းမိုးမှုမှာ ယခင်ကထက်ပင် ပိုမို ကြီးမားပြင်းထန်လှပေသည်။
ရူးသွပ်ဖွယ်ရာ ပေါက်ကွဲအားကြီး တစ်ခုပင်။
သို့သော်။
“ဒုန်း ဒုန်း ဒုန်း”
ယဲ့ဖန်သည် လက်သီးသုံးချက်ကို တစ်ပြိုင်နက်တည်း ထိုးနှက်လိုက်ရာ ဓားသုံးလက်စလုံး အရှိန်အဟုန်ဖြင့် လွင့်ထွက်သွားတော့သည်။
*ဘာ၊ နောက်တစ်ခေါက် ထပ်ပြီး လွင့်ထွက်သွားပြန်ပြီလား*
လူတိုင်းမှာ မှင်တက်ကာ ထိတ်လန့်တုန်လှုပ်ကုန်ကြသည်။
ဓားသုံးလက်တောင် ထုတ်သုံးတာတောင် ဤကောင်လေးကို သူတို့ မသတ်နိုင်သေးပေ။
“အံ့ဩစရာပဲ”
ထျန်းရင်က တအံ့တဩ အော်ပြောလိုက်မိပြိး သူမ၏ မျက်လုံးများမှာမူ လေးစားအားကျမှုတို့ဖြင့် ဖိတ်ဖိတ်တောက် နေ၏။
“သူ့ရဲ့ သတ္တိက အသူရာ ဧကရာဇ်နဲ့တောင် ယှဉ်နိုင်နေပြီ”
သူတော်စင် ထျန်းယန်သည် ယဲ့ဖန်ကို အသေအချာ စိုက်ကြည့်နေပြီး ယခင်က ရှိခဲ့သော အစွဲအလမ်းများကို စွန့်ပယ်လိုက်ပြီ ဖြစ်သည်။ သူ့အရှေ့မှ လူငယ်သည် တကယ့်ကို အရည်အချင်းရှိသူ တစ်ယောက်ပင်။
“အမှိုက်ကောင် သေပေတော့”
လင်ရှန်း၏ နာကျည်းမှုမှာ အတိုင်းအဆမဲ့နေပြီ ဖြစ်သည်။
စတုတ္ထမြောက်ဓား။
ပဉ္စမမြောက်ဓား။
ဆဋ္ဌမမြောက်ဓား။
ဓားများမှာ အရှိန်အဟုန်ပြင်းစွာဖြင့် တစ်လက်ပြီးတစ်လက် တရစပ် ထွက်ပေါ်လာတော့သည်။
၎င်းတို့၏ စွမ်းအားမှာလည်း အဆပေါင်းများစွာ ထပ်ဆင့်၍ တိုးပွားလာချေပြီ။
လုံးဝကို ကြောက်မက်ဖွယ်ကောင်းလှသည်။ အလွန်တရာမှလည်း ရက်စက်လှပေသည်။
ဤအခိုက်အတန့်တွင် လူတိုင်းမှာ ထိတ်လန့်တုန်လှုပ်နေကြရသည်။ နတ်ဘုရားဓား ခြောက်လက်မှာ ကောင်းကင်ယံသို့ တိုးဝင်သွားကြပြီး ရှည်လျားသော မီးလျှံတန်းကြီးများကို ချန်ရစ်ခဲ့ကာ အလင်းတိုင်ကြီးများ အလား ထိန်ထိန်ညီးနေတော့သည်။
ဓားချက်တိုင်း လျှင်မြန်စွာ ကျရောက်လာလေလေ၊ စွမ်းအားမှာ ပိုမိုပြင်းထန်လာလေလေပင် ဖြစ်သည်။
၎င်းမှာ လင်ရှန်း၏ အားအကောင်းဆုံး လူသတ်ကွက် ဖြစ်လေသည်။ ဤစွမ်းအားသည် လောကရှိ သူရဲကောင်း အားလုံးကို တိုက်ထုတ်ပစ်ရန် မလုံလောက်သေးဟု ဆိုနိုင်သော်လည်း၊ အင်မော်တယ် ဧကရာဇ် တစ်ဦးကို သတ်ရန်မှာမူ လက်တစ်ဖျစ်စာမျှသာ လွယ်ကူပေလိမ့်မည်။
လူတိုင်း ချက်ချင်းပင် စိတ်လှုပ်ရှား တင်းမာသွားကြသည်။
*အခုရော... ဒီကောင်လေးက တားဆီးနိုင်ပါဦးမလား*
“တောင် တောင် တောင်”
မျက်စိကျိန်းမတတ် တောက်ပလှသော မီးပွားများမှာ ဆက်တိုက်ဆိုသလို ပေါက်ကွဲထွက်လာပြီး အလွန်အမင်း ထိန်လင်းသွားတော့သည်။
ထို့နောက်တွင် လူတိုင်းမှာ နောက်တစ်ကြိမ် ထပ်မံ၍ မှင်တက်သွားရပြန်သည်။ အဘယ်ကြောင့်ဆိုသော် ယဲ့ဖန်သည် တစ်ဖက်လူ၏ အင်မော်တယ် သုတ်သင်ဓားများကို နောက်တစ်ဖန် အဝေးသို့ ရိုက်လွှင့်ပစ် လိုက်သည်ကို သူတို့ မြင်လိုက်ရသောကြောင့်ပင်။