ကြက်ဖမ်း လက်ဝါး
Vol. 6-10 Ch. 76
အခန်း (၇၆) : ကြက်ဖမ်း လက်ဝါး
“ ဂိုဏ်းတူဦးလေး ကြာပြာ”
ကျန်းယွင်ရှီး စကားဆုံးသည်နှင့် မြူခိုးမည်းတို့က စတင် မတည်မငြိမ် ဖြစ်လာလေသည်။
မြူခိုးမည်းများအတွင်း ပုန်းအောင်းနေကြသော အထွတ်အထိတ်ရှင်တို့က ဂနာမငြိမ် ဖြစ်လာကြသည်။
“ ဒါက အဆင့် ၇ ကြာပြာရဲ့ မျိုးကွဲ၊ စိမ်းပြာ ကောင်းကင်ကြာပွင့်ပဲ ”
“ ကြာပြာ ကောင်းကင်အသျှင်၊ ချူးလုံဟယ်လား … မြန်မြန် နောက်ဆုတ်ကြ ”
အထွတ်အထိပ်ရှင်များစွာက ချက်ချင်း လေးဖက်လေးတန် ထွက်ပြေးသွားကြသောကြောင့် မြူခိုးမည်းများမှာ လျော့ပါးလာလေသည်။
သူတို့က သူတို့ရှေ့ရှိ စိမ်းပြာရောင် ကြာပန်းကား မည်သည့်အရာကို ဆိုလိုကြောင်း ကောင်းကောင်း သိကြပေသည်။ ဤလူကား အရှေ့ပိုင်းလွင်ပြင်တစ်ခုလုံး၌ မည်သူမှ ရန်မစဝံ့သူဟု ဆိုလို့ ရနိုင်သည်။
ကနဦး စိတ်ဝိညာဉ် ကျင့်ကြံသူတစ်ယောက်၏ အမြန်နှုန်းက ပြိုင်ဖက်ကင်းသည့်အတွက် မျက်စိတစ်မှိတ်အတွင်း မီတာသောင်းချီ သွားလာနိုင်ကြသည်။
သို့သော်လည်း ထိုအခိုက်အတန့်၌ လေဟာနယ်ထဲမှ အသံကြီးတစ်ခု ပဲ့တင်ထွက်ပေါ်လာလေ၏။
“ မင်းတို့တွေက ငါ့ဂိုဏ်းတူ တူမလေးအပေါ် လက်ပါထားပြီးတော့မှ ရှောင်ပြေးလို့ ရမယ် ထင်နေလား ”
သူ့အသံ ပျောက်သွားသည်နှင့် စိမ်းပြာရောင် ကြာပန်းကနေ ရုတ်ချည်းဆိုသလို မီးစဆယ်ခုကျော် ထုတ်လွှင့်လိုက်လေသည်။ သူတို့အရောင်မှာ ကြည်လင်တောက်ပနေသည့် ကျောက်စိမ်းအလား ထင်မှတ်ရ၏။
သူတို့က လေထုကို ဖြိုခွင်းကာ မြူခိုးမည်းထဲရှိ လူများဆီ တရှိန်ထိုး ဝင်ရောက်လာသည်။
မျက်စိတစ်မှိတ်အတွင်း စိမ်းပြာရောင် မီးစက မြူလွှမ်းခြုံနေသော ကျင့်ကြံသူများကို ဖမ်းလိုက်နိုင်သည်။ ထို့နောက် ပေါက်ကွဲထွက်သွားကာ သူတို့အား မီးတောက်များဖြင့် ခြုံလွှမ်းသွားလေသည်။ တစ်ချိန်တည်းတွင် မြူခိုးမည်းအတွင်း၌ စူးစူးရှရှ အော်သံများ ထွက်ပေါ်လာသည်။
ထိုစက္ကန့်ပိုင်းလေးအတွင်း မီးစများက မြူခိုးမည်းများကို လောင်ကျွမ်းစေပြီး ပုန်းအောင်းနေသော အထွတ်အထိတ်ရှင်များအား ပြာဖြစ်သွားစေသည်။
ထို့နောက် စိမ်းပြာမီးတောက်က သူတို့လက်စွပ်များအပေါ် လွှမ်းအုပ်သွားပြီး ပျံသန်းလာကာ ဖြည်းဖြည်းချင်းဖြင့် လူသားအသွင် ဖြစ်တည်လာလေသည်။
အားလုံးရှေ့မှောက် ပေါ်ထွက်လာသူကား တာအိုကိုယ်တော် တစ်ပါး ဖြစ်၏။ သူ့တွင် ဆံပင်ဖြူဖြူနှင့် အနီကျစ်ကျစ် အသားအရည် ရှိကာ ကောင်းကင် ရှစ်မြှောင့်သင်္ကေတ ပါသည့် တာအိုဝတ်ရုံကို ဝတ်ဆင်ထားသည်။ သူ့မျက်နှာအထက်၌ တကယ့် ထာဝရအရှင်တစ်ပါးကဲ့သို့ နွေးထွေးပျူဌာသော အပြုံးတို့ တည်ရှိနေသည်။
သူ့လက်၌ သိုလှောင်လက်စွပ်များနှင့် ပြည့်နှက်မနေပါက လေ့ကျင့်ရာမှ ထွက်ပေါ်လာသော ထူးချွန်ပြောင်မြောက်သည့် ပညာရှင်တစ်ယောက်ဟန် ပို၍ သိသာထင်ရှားပေမည်။
ကျန်းယွင်ရှီးက ထိုပုဂ္ဂိုလ်ကို မြင်လိုက်သည်နှင့် စိတ်သက်သာရာ ရသွားလေသည်။
သူက ကိစ္စများ ကိုင်တွယ်ဖြေရှင်းရာ၌ မယုံကြည်ရခြင်းကြောင့် နာမည်ကျော်သော်လည်း သူ့အစွမ်းကား ထိပ်တန်း ဖြစ်ကြောင်း အသိအမှတ်ပြုရပေမည်။ သူတစ်ယောက်တည်းဖြင့် အထွတ်အမြတ်မြေ တစ်ခုလုံးကို ယှဉ်ပြိုင်နိုင်ပေသည်။
တခြားနည်းဖြင့်ဆိုရလျှင် ယခု သူ ရောက်လာပြီ ဖြစ်၍ အံ့ဖွယ်မိုးကောင်းကင် ကျားနဂါး ဆွဲပြားက ဘေးကင်းသွားလေပြီ။
တာအိုကိုယ်တော်က ဖြတ်ခနဲ ပျောက်ကွယ်သွားကာ ကျန်းယွင်ရှီးဘေးနား တန်းရောက်လာသည်။ ထို့နောက် သူက လေထုကို ကန်လိုက်ရင်း ပြောလိုက်သည် “ ရှီးအာ မကြောက်နဲ့ … ဒီကြက်ပေါက်စက မင်းကို ဘာမှမလုပ်နိုင်ဘူး ”
ဘုန်း…
တာအိုကိုယ်တော်၏ ကန်ချက်က သာမန်ဟန်ပေါက်နေသော်လည်း အလွန်အားပြင်းကာ ကြောက်စရာကောင်းလှသည်။ သူ့ကန်ချက်က မဟာ ရွှေတောင်ပံ လင်းယုန်၏ တောင်ပံပေါ် ကျရောက်သွားကာ မီတာထောင်ချီ လွှင့်ထွက်သွားစေသည်။
အနီရင့်ရင့် သွေးများ ပေစွန်းနေသော သူ့ရွှေရောင် ဌက်မွှေးများပင် ကျွတ်ထွက်သွားလေသည်။
ရွှေတောင်ပံ လင်းယုန်၏ မျက်ဝန်းများ၌ အကြောက်တရားများ ပြည့်နှက်လာကာ “ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ”
ရွှေတောင်ပံ လင်းယုန်မျိုးနွယ်တွင် အားပြင်းသော သတ်ဖြတ်ရေး လက်နက်သုံးမျိုး ရှိကြောင်း သိထားရမည်။
ပထမဦးစွာ သူတို့၏ ထက်ရှသော ခြေသည်းများက အာကာပြင်ကိုပင် စုတ်ဖြဲပစ်နိုင်သည်။ ဒုတိယအနေနှင့် သူတို့၏ ချွန်ထက်လှသော နှုတ်သီးက အရာအားလုံးကို တစစီ လုပ်ပစ်နိုင်သည်။ နောက်ဆုံးအနေနှင့် သူတို့၏ တောင်ပံများက ကမ္ဘာပေါ်တွင် အမြန်ဆုံး ဖြစ်ပြီး အားပြင်းသော တိုက်ခိုက်စွမ်းလည်း ပိုင်ဆိုင်ထားသည်။
သူတို့တောင်ပံရှိ ဌက်မွေးများက ပြိုင်ဖက်ကင်း ဓားသွားများကဲ့သို့ သံမဏိထက်ပင် မာကြောလေသည်။ တိုက်ပွဲ၌ ရွှေတောင်ပံ လင်းယုန်တစ်ကောင်၏ တောင်ပံများသည် ဓားများအဖြစ် အသုံးပြုကြသည်။ သူတို့မျိုးနွယ်စု မှတ်ဉာဏ်များမှ လက်ဆင့်ကမ်းလာသော တောင်ပံဓား ကျင့်စဉ် ဖြစ်သည့် ရွှေတောင်ပံ ကိုးချက် ပညာရပ်လည်း ရှိသေး၏။
ရွှေတောင်ပံ လင်းယုန်၏ တောင်ပံများက ပြိုင်ဖက်ကင်း လူသတ်လက်နက် ဖြစ်ခဲ့သော်လည်း ယခုအခါ သူတို့က လူသားကျင့်ကြံသူ တစ်ဦး၏ ကန်ချက်ကြောင့် ကွဲအက်သွားရသည်။
မာနကြီးသော ရွှေတောင်ပံ လင်းယုန်မျိုးနွယ်အတွက် ဤအရာမှာ စိတ်ကူးယဉ်ကြည့်မရနိုင်သော အရှက်ကွဲမှုမျိုး ဖြစ်၏။
“ လူသား … မင်းက ငါ့ကို လာဒေါသဆွနေတာပဲ။ အရှေ့ပိုင်းလွင်ပြင်မှာ ငါ သတ်မဲ့ ဝိညာဉ် အသွင်ပြောင်းခြင်းအဆင့်ထဲက ပထဆုံး လူသားက မင်း ဖြစ်လာလိမ့်မယ်။ ရွှေတောင်ပံ ကိုးချက် - ပထမအချက် တောင်နဲ့မြစ်ကို ဖြိုခွင်းခြင်း ”
ရွှေတောင်ပံ လင်းယုန်က ဒေါသတကြီး ပျံသန်းလာပြီး ခန္ဓာကိုယ်ကြီးမှ အလင်းရောင်များ ထွက်ပေါ်လာကာ မီတာထောင်ချီ နယ်မြေပေါ် ဖြာကျသွားစေသည်။
မီတာတစ်ထောင်ရှိ ဧရာမ နတ်ဓားတစ်လက် ပေါ်ထွက်လာကာ တာအိုကိုယ်တော်အား ခုတ်ချလိုက်သည်။ ဓား ဖြတ်သွားသည်နှင့် လေဟာနယ်ပင် တုန်ခါသွားလေသည်။
နာမည်အတိုင်း တောင်နှင့်မြစ်ကို ဖြိုခွင်းပစ်နိုင်လေ၏။ အကယ်၍ တစ်ယောက်ယောက်သာ ဤရိုက်ချက်ကို အဆုံးအစွန်အထိ လေ့ကျင့်နိုင်ခဲ့မည်ဆိုလျှင် တောင်တန်းနှင့်မြစ်ကိုပင် ဖျက်စီးပစ်နိုင်လိမ့်မည်။
တာအိုကိုယ်တော်က ကောင်းကင်ရှိ ဧရာမ ရွှေတောင်ပံ လင်းယုန်ကြီးကို အလေးအနက် ကြည့်လိုက်သည်။
သူက တောင်ပိုင်းနယ်မြေရှိ လင်းယုန်မျိုးနွယ်စု၏ တော်ဝင်မျိုးနွယ်စုဝင် ရွှေတောင်ပံ လင်းယုန် တစ်ကောင် ဖြစ်နေသည်။
တကယ်ကို ပစ္စည်းကောင်းလေးပဲ … ငါ ဘယ်လိုချက်ရပါ့…
ဆုံးဖြတ်ဖို့ ခက်ခဲလိုက်တာ … ထားလိုက်ပါတော့ အရင်ဆုံး ဖမ်းလိုက်ကြတာပေါ့ …
တာအိုကိုယ်တော်က အသက်ပြင်းပြင်း ရှုလိုက်ပြီးနောက် လက်ကို ပွတ်ကာ ဝတ်ရုံအဖျားကို ခါလိုက်သည်။ သူက သူ့ရှေ့ရှိ ရွှေတောင်ပံ လင်းယုန်ကို ကြည့်ကာ ညာလက်ကို ဆန့်ထုတ်လိုက်၏။
“ ငါ့ရဲ့ မီးစာ ကိုယ်ထည်မာ ကျင့်စဉ်က ကြက်ဖမ်းလက်ဝါးကို မြည်းကြည့်စမ်း”
သူ့စကားအဆုံးတွင် လေဟာနယ်တစ်ခုလုံး ဖရိုဖရဲ ဖြစ်လာလေသည်။
မီတာရာချီ မြင့်မားသော ရွှေတောင်ပံ လင်းယုန်၏ ခန္ဓာကိုယ်လည်း အလျှင်အမြန် ကျုံ့လာလေ၏။
“ မဖြစ်နိုင်တာ … တာအိုကိုယ်တော်… ခင်ဗျားက အားကောင်းတဲ့ အာကာပြင်စွမ်းရည် ကောင်းကင် ပင့်တင်ခြင်း လက်ဝါး ကို သိနေတာပဲ ”
ရွှေတောင်ပံ လင်းယုန်က ထိတ်လန့်မှုနှင့်အတူ အကြောက်တရားတို့ဖြင့် အပြည့် ဖြစ်နေသည်။ သူက သူ အနိုင်မရနိုင်သည့် ပြိုင်ဖက်နှင့် ရင်ဆိုင်နေရသကဲ့သို့ ခံစားနေရသည်။
တာအိုကိုယ်တော်က နှုတ်ခမ်းကို သပ်ကာ ညာဘက်လက်ကို ဖြည်းဖြည်းချင်း ရှေ့ဆန့်ရင်း သရော်ပြုံး ပြုံးလိုက်သည်။
“ ဘယ်က ကောင်းကင် ပင့်တင်ခြင်း လက်ဝါး ဖြစ်ရမှာတုန်း … ဒါက ကြက်ဖမ်း လက်ဝါးကွ။ ရွှေတောင်ပံ ကြက်ပေါက်စ… ငါ့ဆီ လာခဲ့စမ်း ”
စကားအဆုံးတွင် သူက ညာလက်ကို ရုတ်ချည်း တင်းတင်းဆုပ်လိုက်သည်။ ထိုအခါ သူ့ရှေ့ရှိ အာကာပြင်သည် အလျှင်အမြန် ကျပ်တည်းလာလေ၏။
ရွှေတောင်ပံ လင်းယုန်သည် တစ်မီတာ အရွယ်လောက်အထိ ဖိနှိပ်ခံလိုက်ရသည်။ ကြည့်ရသည်မှာ သာမန် အိမ်မွေးကြက် တစ်ကောင်လို ဖြစ်နေသည်။
အာကာပြင်အတွင်း ပိတ်လှောင်ဖိနှိပ်ခံထားရသော်လည်း ရွှေတောင်ပံ လင်းယုန်က ဆက်တိုက် ရုန်းကန်နေကာ အသံစူးစူးဖြင့် အော်နေသေး၏ “ လျှောက်ပြောမနေနဲ့ … ဒါက ကောင်းကင် ပင့်တင်ခြင်း လက်ဝါးပဲ ”
တာအိုကိုယ်တော်က ခပ်ယဲ့ယဲ့ ပြုံးကာ “ မင်းက သေရတော့မဲ့ ကြက်ပဲ … ဘာလို့ အရည်မရ အဖတ်မရတွေ ပြောနေသေးတာလဲ ”
ထို့နောက် တာအိုကိုယ်တော်က သူ့နောက်ကျောမှ ရွှေသံမဏိချောင်းကို ဖြေချလိုက်သည်။ သူက ရွေတောင်ပံ လင်းယုန်အား ခြုံငုံကြည့်လိုက်ပြီးနောက် မည်သို့ ချက်စားရမည်ကို စဉ်းစားနေလေသည်။
ရွှေတောင်ပံ လင်းယုန်က ကြောက်စိတ်မွှန်ကာ “ ငါ့ကို သတ်ရဲတယ်လား … ငါက လင်းယုန်မျိုးနွယ် တတိယအကြီးအကဲရဲ့ သားပဲ။ ငါ့ကို သတ်ရင် ငါ့အဖေက မင်းတို့ကို လာအဆုံးသတ်လိမ့်မယ် ”
တာအိုကိုယ်တော်က ခဏတာ ရပ်ဆိုင်းသွားပြီး စိုးရိမ်သည့် အမူအယာဖြင့် “ မင်းအဖေက သက်တမ်း ဘယ်လောက်ရှိပြီလဲ ”
ရွှေတောင်ပံ လင်းယုန်က နှာခေါင်းရှုံ့ကာ
“ ငါ့အဖေက နှစ်ငါးထောင် ရှိပြီ။ အခု သူတော်စင် နယ်ပယ်အဆင့်ကို တက်လှမ်းတော့မှာ … ငါ့ကို ထိခိုက်အောင် လုပ်ရင် ခင်ဗျားက လင်းယုန်မျိုးနွယ်နဲ့ အံ့ဖွယ် မိုးကောင်းကင် အထွတ်အမြတ်မြေကြား ပဋိပက္ခ ဖြစ်လာမှာကို မကြောက်ဘူးလား ”
တာအိုကိုယ်တော်က အတွေးနက်နေဟန်ပေါ်သည်။
“ နှစ် ငါးထောင် သက်တမ်းနဲ့ ကြက်ဆိုတော့ အသားက နူးညံ့မှာ မဟုတ်ဘူး … ဟင်း… မင်း အဖေ ရောက်လာရင်တော့ စွတ်ပြုတ်ပဲ လုပ်သောက်ရမှာပဲ ”
ရွှေတောင်ပံ လင်းယုန်က ကြောင်အမ်းသွားကာ သူ့ရွှေရောင် ဌက်မွေးများပင် အပေါ်ထောင်တက်လာသည်။ သူက ဒေါသထွက်လွန်းသဖြင့် ရူးသွပ်သွားတော့မတတ် ခံစားနေရ၏။
ဒီအရူးကတော့ ငါ့အဖေကို ဖမ်းပြီးတော့ စွတ်ပြုတ် လုပ်ပစ်မယ်ပေါ့လေ …
ရွှေတောင်ပံ လင်းယုန် ထပ်အတွန့်မတက်နိုင်ခင် တာအိုကိုယ်တော်က တုတ်တစ်ချောင်းဖြင့် သူ့ဆီ လှမ်းလာနေသည်ကို မြင်သောအခါ သူ့ဒေါသက အကြောက်တရားအဖြစ် ချက်ချင်း ပြောင်းလဲသွားလေ၏။
တာအိုကိုယ်တော်က ရွှေတောင်ပံ လင်းယုန်အား ဆွဲယူလိုက်ပြီး တစ်ဖက်လှန်လိုက်သည်။ ထို့နောက် ထို ရွှေသံမဏိတုတ်ရှည်ရှည်ဖြင့် ရွှေတောင်ပံ လင်းယုန်၏ အောက်ခြေမှ ထိုးထည့်လိုက်တော့သည်။
တာအိုကိုယ်တော်က “ မင်းက နူးညံ့သားပဲ … နာကျင်မှုကို သည်းခံလိုက်ဦး ”
ရွှေတောင်ပံ လင်းယုန်မှာ “ မလုပ်ပါနဲ့ … အား …”
……………......
“ အား ”
စူးစူးဝါးဝါး အော်သံကြီး ထွက်ပေါ်လာသည်။
တာအိုကိုယ်တော်က အသားကို လှန်လိုက်ကာ စိမ်းပြာရောင် မီးတောက်ဖြင့် စတင်ကင်လိုက်တော့သည်။
သူက ဘေးပတ်လည် အာကာပြင်ကို တစ်ချက် ကြည့်လိုက်ပြီး ပြုံးကာ ပြောလိုက်သည် “ ကြည့်ရတာ မင်းတို့အားလုံးက မလှုပ်ရှားရသေးဘူးဆိုတော့ မင်းတို့အကုန်လုံး တစ်ယောက်ကို ဝိညာဉ်ကျောက်တုံး တစ်သန်းစီ ပေးရမယ်။ အဲဒါဆိုရင် ဖြစ်ပျက်ခဲ့သမျှ အကုန်မေ့ပေးမယ်။ မဟုတ်ရင်တော့ အာကာပြင်ကို စုတ်ဖြဲပြီး ငါ့ကိုယ်တိုင် လာခဲ့မယ် ”
သူ့စကားအဆုံးတွင် ဘေးပတ်ဝန်းကျင် အာကာပြင်တစ်ခုလုံး တစ်စတစ်စ ပြိုကွဲလာကာ စတင် မိုးရွာသွန်းလာသည်။ ဤမိုးသည်ကား အစိမ်းရောင်နှင့် ကြည်လင်တောက်ပနေသည့် ဝိညာဉ်ကျောက်တုံးများစွာ ဖြစ်နေ၏။