နှစ်ငါးထောင်အတွင်း မိုးကြိုးကျင့်စဉ်၌ အတော်ဆုံ
Vol. 6-10 Ch. 77
အခန်း (၇၇) : နှစ်ငါးထောင်အတွင်း မိုးကြိုးကျင့်စဉ်၌ အတော်ဆုံး
လေထဲမှ ရွာသွန်းလာသော ဝိညာဉ်ကျောက်တုံးများကို ကြည့်နေရင်း တာအိုကိုယ်တော်၏ မျက်နှာ၌ အပြုံးပန်းများ ပွင့်လန်းလာလေသည်။
သူက ဖြည်းဖြည်းချင်း ညာဘက်လက်ကို ဆန့်ထုတ်ကာ လက်ငါးချောင်းကို အနည်းငယ် ကွေးလိုက်သည်။ ထိုအခါ တုပြိုင်ဖွယ် မရှိသည့် အာရုံစူးစိုက်မှု ထွက်ပေါ်လာသည်။
ထိုဝိညာဉ်ကျောက်တုံး သန်းပေါင်းများစွာကို တာအိုကိုယ်တော်က အကုန်ဆွဲသိမ်းပစ်လိုက်သည်။
တာအိုကိုယ်တော်၏ လက်တစ်ချက်အဝှေ့ဖြင့် ဝိညာဉ်ကျောက်တုံးအားလုံးက သူ့လက်စွပ်အတွင်း ရောက်ရှိသွားသည်။
“ ဒီတစ်ခါတော့ အချီကြီးပွတာပဲ … လနည်းနည်းလောက်တော့ ဖူလုံသွားပြီ။ အားလုံးကို ကျေးဇူးပါ … နောက်လည်း ငါတို့ အံ့ဖွယ် မိုးကောင်းကင် အထွတ်အမြတ်မြေရဲ့ တပည့်တွေကို ဆက်ပြီး လိုက်ဖမ်းလို့ ရတယ်နော်။
မင်းတို့ဆီမှာ ဝိညာဉ်ကျောက်တုံး အလုံအလောက်ရှိရင် မင်းတို့ကို ခက်ခဲအောင် မလုပ်ပါဘူး။ ဒါပေမဲ့ နောက်တစ်ခါတော့ ငါ့တူမလေးနောက် မလိုက်မိစေနဲ့။ ကျန်းယွင်ထင်နဲ့ ဖန်ချန်းတို့နောက် လိုက်ဖမ်းချည် … အဲအရူးနှစ်ကောင် … သူတို့ကို ရိုက်ရင်တောင် စိတ်ထဲ မထားပါဘူး ” တာအိုကိုယ်တော်က သူ့စိမ်းပြာ ကောင်းကင် မီးတောက်ဖြင့် ရွှေတောင်ပံ လင်းယုန်အသားကို ဆက်ကင်နေရင်း ပြုံးစစဖြင့် ပြောလိုက်သည်။
“ ဟုတ်တယ် … ငါက တောင်ပိုင်းနယ်မြေ လင်းယုန်မျိုးနွယ်ရဲ့ သားရဲနတ်ဆိုးဘုရင် ရွှေတောင်ပံ လင်းယုန်မျိုးနွယ်က တစ်ယောက်ကို ကင်နေတာလေ။ စောင့်ကြည့်နေကြတဲ့သူတွေ ထွက်မလာသေးဘူးလား။ ဘာလဲ … ဒီလိုထိပ်တန်း စားကောင်းသောက်ဖွယ်ကို စိတ်ဝင်စားနေတာလား ”
အာကာပြင်မှ ပြန်ဖြေကြားမှု ထွက်မလာဘဲ လူတချို့က အဝေးသို့ အလျှင်အမြန် ပြေးထွက်သွားကြလေသည်။
တာအိုကိုယ်တော်က သူတို့ကို မတားပေ။ သူက ပြုံးလိုက်ရင်း ရွှေတောင်ပံ လင်းယုန်ကိုသာ ဟိုဘက် ဒီဘက် လှန်ကင်လိုက်သည်။ ထို့နောက် ဟင်းခတ်အမွေးအကြိုင်များ ဖြူးချလိုက်သည်။
တည်တည်ငြိမ်ငြိမ် နေကာ ပုန်းအောင်းနေသောသူများတွင် သာမန်ထက် ထူးကဲသော ဇာတ်မြစ်များ ရှိကြ၏။ အကယ်၍ တာအိုကိုယ်တော်သာ သူတို့အားလုံးကို ဆွဲထုတ်လိုက်လျှင် မြင်ကွင်းကား ပိုကြည့်ကောင်းပေမည်။
ဤလူများက ဘာမှမလှုပ်ရှားရသေးသည့်အတွက် ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့် သားရဲနတ်ဆိုးဘုရင်ကို အသုံးပြုလိုက်ခြင်းကား ခြင်္သေ့ရှေ့မှောက် ခွေးတစ်ကောင်ကို ရိုက်နှက်သလို ဖြစ်၏။
ဝိညာဉ်ကျောက်တုံး တစ်သန်းကား သူတို့၏ တောင်းပန်မှု လျော်ကြေးသာ ဖြစ်ပေသည်။
ဤသည်မှာ ကျင့်ကြံရေးလောက၏ ပြောစရာမလိုသည့် စည်းမျဉ်းပေတည်း။
……………...
စိမ်းပြာမီးတောက်ဖြင့် အကင်ခံထားရသော ရွှေတောင်ပံ လင်းယုန် တစ်ကောင်လုံးမှ ရွှေရောင်အလင်းများ ထွက်ပေါ်လာသည်။ ဤသည်မှာ သွေးမျိုးဆက်၏ စွမ်းအား ဖြစ်ပြီး နတ်ဆိုးစွမ်းအားကို မူလဇာစ်မြစ်အထိ သန့်စင်ထားလိုက်သောကြောင့် စွမ်းအားအဆီအနှစ် ဖြည့်စွက်စာကောင်းတစ်ခု ဖြစ်သွားရသည်။
ဝိညာဉ်အသွင်ပြောင်းခြင်း အဆင့်ရှိ သားရဲနတ်ဆိုးဘုရင် အနေနှင့် သွေးတစ်စက်ချင်းစီတွင် စွမ်းအားအမြောက်အများ ပါဝင်နေ၏။
အကယ်၍ ရွှေအမြုတေ ကျင့်ကြံဆင့်အောက်ရှိ ကျင့်ကြံသူများသာ စားသုံးခဲ့လျှင် ပေါက်ကွဲကာ သေဆုံးလိမ့်မည် ဖြစ်သည်။ သို့သော်လည်း အသားအတွင်းမှ အဆီအနှစ်များကို အမှန်တကယ် စုပ်ယူနိုင်ခဲ့လျှင် ထိပ်တန်း အားဖြည့်ပစ္စည်း ဖြစ်လာလိမ့်မည်။ ဤလင်းယုန်အသား၏ ဆေးအာနိသင်ကား စိတ်ဝိညာဉ် ဆေးလုံး ဆေးပင်များနှင့် ယှဉ်နိုင်ပေသည်။
“ ရှီးအာ … မင်း ဒဏ်ရာအပြင်းအထန် ရထားတယ်။ လာလာ … ဦးလေးဆီက ကြက်သားလေး လာစားချေ ”
တာအိုကိုယ်တော်က တင်ပျဉ်ခွေထိုင်ကာ ဒဏ်ရာ ပြန်လည် ကုစားနေသည့် ကျန်းယွင်ရှီးအား တစ်ချက် ကြည့်လိုက်သည်။ ထို့နောက် ရွှေတောင်ပံ လင်းယုန်သား ပေါင်တစ်ချောင်းကို ဖြုတ်ပေးလိုက်၏။
လင်းယုန် ခန္ဓာကိုယ်အစစ်က မီတာရာချီ ကြီးမားသော်လည်း တာအိုကိုယ်တော်ကြောင့် ပုံမှန်ကြက်ကင် အရွယ်အထိ ဖိနှိပ်ခံထားရသည်။
လင်းယုန် တောင်ပံတွင် အသက်ဓာတ် အဆီအနှစ် အပြည့်အဝ ပါဝင်သောကြောင့် ဆေးအာနိသင်ကား ထိပ်တန်း ဖြစ်၏။
အကယ်၍ အကြီးအကဲ ကြာပြာသာ ကျန်းယွင်ရှီးကို အကြိုက်မတွေ့လျှင် သူမကို ဘာမှပေးမည် မဟုတ်ပေ။
အကယ်၍ ကျန်းယွင်ထင်နှင့် ဖန်ချန်းတို့ ဖြစ်နေခဲ့လျှင် အစားအစာအတွက် သူနှင့် လုရဲမည် မဟုတ်ကြပေ။ သူတို့ လုကြည့်ပါက ခြေကျိုးသွားပေမည်။
“ ဂိုဏ်းတူဦးလေးကို ကျေးဇူးတင်ပါတယ် ”
ကျန်းယွင်ရှီးက ကြက်ပေါင်ကို ယူကာ ဖြည်းဖြည်းချင်း ဂရုတစိုက်ဖြင့် ဝါးစားလိုက်သည်။ သူမက မီးတောက်ဖြင့် သန့်စင်ထားသော အဆီအနှစ် စွမ်းအားကို ချက်ချင်း စုပ်ယူလိုက်၏။
ထို့နောက် ကျန်းယွင်ရှီးက သူမ အတွင်းဒဏ်ရာများ အလျှင်အမြန် ပြန်လည် ကောင်းမွန်လာသည်ကို ခံစားမိလိုက်သည်။
တာအိုကိုယ်တော်က ကြက်တစ်ကောင်လုံးကို ကင်နေရင်း မေးလိုက်သည် “ ရှီးအာ … မင်း အံ့ဖွယ် မိုးကောင်းကင် ကျားနဂါး ဆွဲပြားကို တွေ့ပြီလို့ လှမ်းအကြောင်းကြားထားတယ် မဟုတ်လား ”
တာအိုကိုယ်တော်ကဲ့သို့ အားကောင်းသော ပညာရှင်ပင် အံ့ဖွယ် မိုးကောင်းကင် ကျားနဂါး ဆွဲပြားအကြောင်း ပြောသည့်အခါ အလွန်အမင်း စိတ်လှုပ်ရှားနေသည်။ အံ့ဖွယ် မိုးကောင်းကင် အထွတ်အမြတ်မြေ၏ အထွတ်အထိပ် အမွေအနှစ်ကို ရှာတွေ့ခြင်းသည် သူတို့ဂိုဏ်း အနေနှင့် နောက်တစ်ကြိမ် ပြန်လည် မြင့်တက်လာနိုင်သည့် အခွင့်အရေး ရှိလာကြောင်း ဆိုလိုနေခြင်း ဖြစ်၏။
ကျန်းယွင်ရှီးက ခေါင်းညိတ်ကာ ကျောက်စိမ်းဆွဲပြားကို ထုတ်ပေးလိုက်ရင်း သက်ပြင်းချလိုက်သည်
“ ဂိုဏ်းတူဦးလေး… ဒီမှာ ကြည့်ပါဦး … အံ့ဖွယ် မိုးကောင်းကင် ကျားနဂါး ဆွဲပြားက ဒီမှာပါ။ ဂိုဏ်းတူဦးလေး ရောက်လာပြီဆိုတော့ ဦးလေးဆီကိုပဲ အပ်ထားလိုက်ပါ့မယ် ”
တာအိုကိုယ်တော်၏ မျက်ဝန်းက အရောင်များ လင်းလက်လာသော်လည်း မြန်မြန် ငြင်းဆန်လိုက်သည် “ ဘယ်လိုလုပ် ဖြစ်မှာလဲ … တူမလေး တွေ့လာတာလေ ”
ကျန်းယွင်ရှီးက ပြုံးကာ “ ဂိုဏ်းတူဦးလေးရဲ့ ကျင့်ကြံဆင့်က ပိုမြင့်မားပြီးတော့ ထူးခြားတယ်လေ။ ဦးလေး စောင့်ရှောက်ပေးတာ ပိုလုံခြုမှာပါ ”
“ ရှီးအာက ဆုံးဖြတ်ချက် ခိုင်မာနေမှတော့ ဦးလေး ကူညီလိုက်ပါ့မယ်လေ ” တာအိုကိုယ်တော်က ရင်ဘတ်ကို ပုတ်ကာ “ စိတ်မပူနဲ့ … ဒီဦးလေးဆီကနေ ဘယ်သူမှ မလုယူစေရဘူး ”
……….............
ရွှေတောင်ပံ လင်းယုန် ပေါင်တစ်ခုလုံးကို စားလိုက်ပြီးနောက် ကျန်းယွင်ရှီးဆီမှ ရွှေရောင်အလင်းများ လင်းလက်လာသည်။ ထိုစွမ်းအားက အလွန်ကြီးမားလေရာ သူမအနေနှင့် အားလုံးကို မစုပ်ယူနိုင်သောကြောင့် ထိုအလင်း ထွက်ပေါ်လာခြင်း ဖြစ်၏။
သို့သော် တာအိုကိုယ်တော်အတွက်မူ လုံးဝ မတူပေ။ သူက ရွှေတောင်ပံ လင်းယုန်တစ်ကောင်လုံးကို ဝါးမျိုကာ အရိုးများကိုပင် ဝါးစားလိုက်လေ၏။ သို့သော်ငြား တာအိုကိုယ်တော်ကား သေးသေးလေးပင် အပြောင်းအလဲ မရှိပေ။ သူက ဝိညာဉ်အသွင်ပြောင်းခြင်း အဆင့် သားရဲနတ်ဆိုးဘုရင် မဟုတ်ဘဲ ရိုးရိုးသာမန် ကြက်ကင်တစ်ကောင် စားလိုက်သကဲ့သို့သာ ဖြစ်နေသည်။
ရွှေတောင်ပံ လင်းယုန်ကို စားလိုက်ပြီးနောက် တာအိုကိုယ်တော်နှင့် ကျန်းယွင်ရှီးတို့က အနီးဆုံး မြို့ဆီ ဦးတည်လာလိုက်ကြသည်။
ကျင့်ကြံရေးလောကသည်ကား အတိုင်းအဆမဲ့ ကျယ်ပြောလွန်းသည့်အတွက် အံ့ဖွယ် မိုးကောင်းကင် အထွတ်အမြတ်မြေ ထိန်းချုပ်ထားသော နယ်မြေပင် ကီလိုမီတာ သန်းရာချီပေသည်။ ထို့ကြောင့် ကျင့်ကြံသူများသာ ပျံသန်းခြင်းအပေါ် အားကိုးထားပါက ဝိညာဉ်အသွင်ပြောင်းခြင်း အဆင့်ရှိ ကျင့်ကြံသူများပင် ခြေထောက် ပျော့ခွေသွားပေမည်။
ထို့ကြောင့် ကျင့်ကြံသူအများစုသည် ခရီးဝေးအတွက် ရွေ့ပြောင်း စက်ဝန်းတို့ကို အသုံးပြုရသည်။
တာအိုကိုယ်တော်နှင့် ကျန်းယွင်ရှီးတို့၏ အနီးအနားရှိ မြို့တွင် ဤသို့သော ရွှေ့ပြောင်းစက်ဝန်း ရှိပေသည်။ သူတို့က အကြီးမားဆုံး ကျင့်ကြံသူ ရောင်းဝယ်ရေးမြို့ဆီ ထိုရွှေ့ပြောင်းစက်ဝန်းမှတဆင့် သွားလိုက်ကြသည်။ ထို့နောက် ခရီးဝေး ရွှေ့ပြောင်းစက်ဝန်းဖြင့် အံ့ဖွယ် မိုးကောင်းကင် အထွတ်အမြတ်မြေ အနီးအထိ တိုက်ရိုက် ရွှေ့ပြောင်းသွားလိုက်ကြသည်။
…………....
ရွှေ့ပြောင်း စက်ဝန်းကို နှစ်ခါ အသုံးပြုပြီးနောက် နေဝင်ဖျိုးဖျအချိန်၌ တာအိုကိုယ်တော်နှင့် ကျန်းယွင်ရှီးတို့က အံ့ဖွယ် မိုးကောင်းကင်မြို့အတွင်း ရောက်လာကြသည်။
အံ့ဖွယ် မိုးကောင်းကင်မြို့သည် ကျင့်ကြံသူများအတွက် ရောင်းဝယ်ရေး မြို့ကြီးတစ်ခု ဖြစ်ပြီး အံ့ဖွယ် မိုးကောင်းကင် အထွတ်အမြတ်မြေ လက်အောက်တွင် တည်ရှိသည်။
အထွတ်အမြတ်မြေများသည် သီးခြားဖန်တီးထားသော ကမ္ဘာငယ်အတွင်း တည်ရှိသောကြောင့် ဂိုဏ်းအတွင်းသို့ တန်းပို့ပေးနိုင်သည့် ရွှေ့ပြောင်း စက်ဝန်း မရှိပေ။
အံ့ဖွယ် မိုးကောင်းကင်မြို့မှ ထွက်လာပြီးနောက် နှစ်ယောက်သား အံ့ဖွယ် မိုးကောင်းကင် အထွတ်အမြတ်မြေ၏ ကမ္ဘာငယ် ဝင်ပေါက်ဖြစ်သည့် အံ့ဖွယ် မိုးကောင်းကင် တောင်ထိပ်သို့ ရောက်လာကြသည်။
ဤသည်မှာ အံ့ဖွယ် မိုးကောင်းကင် အထွတ်အမြတ်မြေ၏ တစ်ခုတည်းသော ဝင်ပေါက်ဖြစ်သောကြောင့် တင်းတင်းကျပ်ကျပ် စောင့်ကြပ်ထားကြသည်။
နှစ်ယောက်လုံးက သူတို့အမှတ်အသားပြားများကို ထုတ်ပြလိုက်ကြသည်။ ထို့နောက် အာကာပြင် ဥမင်မှ ဖြတ်ကာ အံ့ဖွယ် မိုးကောင်းကင် ကမ္ဘာငယ်အတွင်းသို့ ဝင်သွားလိုက်ကြသည်။
………...
အထွတ်အမြတ်မြေ၏ ပင်မဌာနချုပ် ဖြစ်သောကြောင့် အံ့ဖွယ် မိုးကောင်းကင် ကမ္ဘာငယ်အတွင်းမှ ဝိညာဉ်ချီများသည် သိပ်သည်းလွန်းလှသည်။
အစွန်းဖျားဘက်တွင်ပင် ဝိညာဉ်ချီ သိပ်သည်းမှုက မီးတိုင်းပြည်ထက် အဆများစွာ ပိုများပေ၏။ ပင်မအလယ်တွင် ရှိသော ပင်မတပည့်များ နေထိုင်ကြသည့် ဝိညာဉ်တောင်ထိပ်များကား နှိုင်းယှဉ်ကြည့်ဖို့ပင် မလိုတော့ပေ။
ဝိညာဉ်ချီ အားဖြည့်ပေးမှုကြောင့် ရှားပါးဆေးပင်များနှင့် ထူးခြားဆန်းပြား ပန်းပင်များလည်း နေရာအနှံ့ ရှိနေကြသည်။ ဤသည်မှာ အလွန်လှပသော မြင်ကွင်းလေး ဖြစ်၏။
အကယ်၍ ဤသို့သော ပတ်ဝန်းကျင်မျိုး၌ လေ့ကျင့်ခွင့်ရလျှင် ဝိညာဉ်ကျောက်တုံး အကူအညီ မပါရှိလျှင်ပင် ပြင်ပကမ္ဘာရှိ သာမန်ကျင့်ကြံသူများထက် အားနည်းမည် မဟုတ်ပေ။
တာအိုကိုယ်တော်က ဘေးပတ်လည်ရှိ ဝိညာဉ်တောင်ထိပ်များအား အားကျတကြီး ကြည့်လိုက်ပြီးနောက် ဆွဲပြားကို ထိကိုင်လိုက်သည်။
ထို့နောက် သူက ကျန်းယွင်ရှီးနှင့်အတူ ဂိုဏ်းချုပ် စံအိမ်တော်သို့ ဦးတည်လိုက်တော့သည်။
…….....
ဂိုဏ်းချုပ် စံအိမ်တော် တံခါးကြီးကား ဘန်းခနဲ မြည်ကာ ပွင့်လာလေသည်။
စံအိမ်တော်တစ်ခုလုံးကို အထွတ်အထိပ်အဆင့် လက်နက်ဟု ဆိုနိုင်သည့် မိုးကြိုးနက် သလင်းကျောက်များနှင့် တည်ဆောက်ထားလေသည်။ အကယ်၍ လိုအပ်လာပါက အားအကောင်းဆုံး မိုးကြိုးဓာတ် စစ်သည်တော်များအဖြစ် ပြောင်းလဲသွားကာ ရန်သူများကို သုတ်သင်ပစ်နိုင်လိမ့်မည်။
ခရမ်းရောင် စံအိမ်တော်ကို ဒဏ္ဍာရီလာ သားရဲများဖြင့် ထိုးထွင်းထားသော တိုင်ဆယ်လုံးဖြင့် ပံ့ပိုးပေးထားသည်။
ထိုတိုင်ဆယ်လုံးရှိ အမျိုးမျိုးသော မိုးကြိုးတို့က ပြိုးပြိုးပြက်ပြက် လက်နေကြပြီး သူတို့အလင်းရောင်ကား ပြိုုင်တုဖွယ် မရှိပေ။
ဤသည်မှာ အားကောင်းသော မိုးကြိုးအဆီအနှစ် ဆယ်မျိုး ဖြစ်သည့် ယင်ယန်ဓာတ် ဖြစ်၏။
စံအိမ်တော်အလယ်၌ ပုလ္လင်တစ်ခု ရှိနေသည်။
ထိုပုလ္လင်ပေါ်၌ အမျိုးသားတစ်ယောက် ထိုင်နေ၏။
သူ့ခန္ဓာကိုယ်ကို မိုးကြိုးများ ဝန်းရံထားသောကြောင့် မျက်စိဖြင့် တိုက်ရိုက် မကြည့်နိုင်လောက်အောင်အထိ တောက်ပလွန်းနေသည်။
သူ့ဘေးပတ်လည်၌ ထူထပ်သိပ်သည်းသော ကောင်းကင် အရှိန်အဝါ ရှိနေပြီး မြူများသဖွယ် သူ့အား လွှမ်းခြုံထားလေသည်။
သူက သူတို့ရှေ့ ထိုင်နေသော်လည်း ဤကမ္ဘာနှင့် မသက်ဆိုင်သူအလား တည်ရှိနေ၏။
သူက နောက်ဘဝ ကံကြမ္မာများ သူ့အပေါ် သက်ရောက်မှု မရှိသကဲ့သို့ သီးခြားဆန်လှသည်။
ဤလူမှာ အံ့ဖွယ် မိုးကောင်းကင် အထွတ်အမြတ်မြေ၏ ဂိုဏ်းချုပ် ကျန်းလုံယွမ် ဖြစ်၏။ သူ့ကို အရှေ့ပိုင်းလွင်ပြင်၌ နှစ်ပေါင်း ငါးထောင်အတွင်း မိုးကြိုးကျင့်စဉ်၌ အတော်ဆုံး တစ်ယောက်အဖြစ် လူသိများကြသည်။
တစ်ချိန်တည်းတွင် သူက အံ့ဖွယ် မိုးကောင်းကင် အထွတ်အမြတ်မြေ၏ တပည့် အစ်ကိုကြီးဖြစ်သည့် ဖန်ချန်း၏ ဆရာ ဖြစ်သလို ကျန်းယွင်ထင်နှင့် ကျန်းယွင်ရှီးတို့၏ ဖခင်လည်း ဖြစ်သည်။
အံ့ဖွယ် မိုးကောင်းကင် အထွတ်အမြတ်မြေ၏ နဂါးနက်၊ ကျားဖြူနှင့် ရွှေရောင် ချီလင်တို့ကို ကိုယ်စားပြုသူများသည်ကား အကုန် သူ့တပည့်များချည်းသာ ဖြစ်ကြ၏။