ရွှေအမြုတေကို ခွဲထုတ်ခြင်း၊ ဝိညာဉ်သန္ဓေသား မျိုးစေ့(၂)။
Vol. 37 Ch. 416
ညဉ့်နက်သန်းခေါင်ယံ၊ တိတ်ဆိတ်သော အခန်းအတွင်း၌...။
ကျိုးစွေ့သည် ကုယုံဂိုဏ်းနှင့် ပတ်သက်သော အမွေအနှစ် ကျင့်ကြံခြင်းပညာရပ်များ အားလုံးကို 'စာအုပ်ကူ'အား ကျွေးလိုက်သည်။
ချက်ချင်းပင် 'စာအုပ်ကူ'အတွင်းရှိ ပုံရိပ်ယောင်စာကြည့်တိုက်ထဲ၌ ပုံရိပ်ယောင်စာအုပ်များ တစ်အုပ်ပြီးတစ်အုပ် ပေါ်လာတော့သည်။
ထိုအထဲတွင် 'ဧကရာဇ်စိမ်း သက်ရှည်ကျင့်စဉ်' လည်း ပါဝင်သည်။
မှန်ပေသည်၊ ဧကရာဇ်စိမ်း သက်ရှည်ကျင့်စဉ်အပြင် စွမ်းအားကြီးမားသော နတ်ဘုရားစွမ်းရည် မန္တန်တစ်ခုလည်း ပါရှိပြီး ၎င်းကို 'ကုယုံဆန်းကြယ်အလင်း' ဟု ခေါ်သည်။
"ကုယုံဆန်းကြယ်အလင်း... ဒါက ကုယုံဂိုဏ်းရဲ့ အစွမ်းအထက်ဆုံး နတ်ဘုရားစွမ်းရည် ဖြစ်နေတာပဲ…"
ကျိုးစွေ့ အံ့သြမှင်တက်သွားသည်။
ဤနတ်ဘုရားစွမ်းရည် အတတ်အကြောင်း သိလိုက်ရသောအခါ သူ၏ ရင်ထဲတွင် အလွန်တရာ တုန်လှုပ်သွားသည်။
ယခင်က နတ်ဘုရားအသွင်ပြောင်းအဆင့် ဂိုဏ်းတစ်ခုဖြစ်သော ကုယုံဂိုဏ်းသည် ဤနတ်ဘုရားစွမ်းရည်ကို မှီခိုအားထားပြီး ချန်လန်ပင်လယ်ဒေသ၏ အကြွင်းမဲ့အရှင်သခင် ဖြစ်လာခဲ့ကာ၊ ပြိုင်ဘက်ကင်းပြီး အရာအားလုံးကို လွှမ်းမိုးနိုင်ခဲ့ခြင်း ဖြစ်သည်။
ဤနတ်ဘုရားစွမ်းရည် ပညာရပ်၏ စွမ်းအားသည် ရိုးရှင်းသည်၊ ၎င်းမှာ အသက်ကို အသက်ချင်း လဲလှယ်ခြင်းပင် ဖြစ်သည်။
ရန်သူကို ထိမှန်သွားသည်နှင့်တပြိုင်နက် မိမိ၏သက်တမ်းကို အသုံးပြုပြီး ရန်သူနှင့် လဲလှယ်နိုင်ကာ၊ ထိုသို့ဖြင့် ရန်သူ၏ သက်တမ်းကို ကုန်ဆုံးစေနိုင်သည်။
အကယ်၍ ရန်သူ၏သက်တမ်းသည် ကုန်ဆုံးခါနီး ဖြစ်နေပါက ဤနတ်ဘုရားစွမ်းရည်သည် ဖန်ဆင်းရှင်ပညာရပ်တစ်ခုနှင့် တူညီပေလိမ့်မည်။
မည်သည့် ကာကွယ်မှုကိုမဆို လျစ်လျူရှုနိုင်ပြီး ရန်သူကို လွယ်ကူစွာ သုတ်သင်နိုင်ပေသည်။
"ကုယုံဂိုဏ်းရဲ့ အစစ်အမှန်အမွေအနှစ် 'ကုယုံကျင့်စဉ်' နဲ့ 'ကုယုံဆန်းကြယ်အလင်း' ကို တွဲဖက်လိုက်ရင်... လူတားရင် လူသတ်၊ နတ်ဘုရားတားရင် နတ်ဘုရားသတ် ဆိုသလို ဖြစ်သွားမှာပဲ…"
ကျိုးစွေ့ မေးစေ့ကို ပွတ်သပ်လိုက်သည်။
အကယ်၍ ကုယုံဆန်းကြယ်အလင်းကို အခြေခံအဆင့်လောက်သာ တတ်မြောက်ထားပါက မိမိ၏ သက်တမ်း အနှစ်(၂၀)ကို အသုံးပြုပြီး ရန်သူ၏ သက်တမ်း (၁)နှစ်နှင့် လဲလှယ်နိုင်သည်။
ကျွမ်းကျင်အဆင့်သို့ ရောက်ရှိပါက မိမိ၏သက်တမ်း (၁၀)နှစ်ကို အသုံးပြုပြီး ရန်သူ၏ သက်တမ်း (၁)နှစ်နှင့် လဲလှယ်နိုင်သည်။
အထူးကျွမ်းကျင်အဆင့်သို့ ရောက်ရှိပါက မိမိ၏ သက်တမ်း (၅)နှစ်ကို အသုံးပြုပြီး ရန်သူ၏ သက်တမ်း (၁)နှစ်နှင့် လဲလှယ်နိုင်သည်။
အကယ်၍ အသေးစားအောင်မြင်မှုအဆင့်သို့ ရောက်ရှိပါက လက်တွေ့တိုက်ပွဲဝင်နိုင်သော စွမ်းအားကို ရရှိပြီဖြစ်ပြီး၊ မိမိ၏ သက်တမ်း (၁)နှစ်ကို အသုံးပြုကာ ရန်သူ၏ သက်တမ်း (၁)နှစ်နှင့် လဲလှယ်နိုင်မည် ဖြစ်သည်။
၎င်းသည် တန်းတူညီမျှ လဲလှယ်ခြင်း ဖြစ်ပြီး အသက်ကို အသက်ချင်း လဲလှယ်ခြင်းပင်။
အကြီးစားအောင်မြင်မှုအဆင့်သို့ ရောက်ရှိသွားပါက ဤနတ်ဘုရားစွမ်းရည်၏ စွမ်းအားသည် ပိုမို ကြောက်မက်ဖွယ် ကောင်းလာပြီး၊ မိမိ၏ သက်တမ်း (၁)နှစ်ကို အသုံးပြုကာ ရန်သူ၏ သက်တမ်း (၂)နှစ်နှင့် လဲလှယ်နိုင်မည် ဖြစ်သည်။ ၎င်းသည် နှစ်ဆမြတ်သော ကုန်ကျစရိတ်နှင့် ညီမျှသည်။
အကယ်၍ မဟာဆရာသခင်အဆင့်သို့ ရောက်ရှိပါက မိမိ၏ သက်တမ်း (၁)နှစ်ကို အသုံးပြုပြီး ရန်သူ၏ သက်တမ်း (၁၀)နှစ်နှင့် လဲလှယ်နိုင်မည် ဖြစ်သည်။
ဤနတ်ဘုရားစွမ်းရည်ကို မဟာဆရာသခင်အဆင့်အထိ ကျင့်ကြံနိုင်ခဲ့ပါက ပြိုင်ဘက်ကင်းပြီဟု ဆိုနိုင်ကြောင်း ပြောစရာပင် မလိုတော့ချေ။
မှန်ပေသည်၊ သာမန် ကျင့်ကြံသူများအတွက် သက်တမ်းသည် အလွန်တန်ဖိုးရှိသော အရာဖြစ်ပြီး အခြားသူများနှင့် အသက်ချင်း လဲလှယ်ရန် မဖြစ်နိုင်သလောက်ပင်။
မလွှဲမရှောင်သာသော အခြေအနေ၊ သေခြင်းရှင်ခြင်း အဆုံးအဖြတ်ပေးမည့် အချိန်ရောက်မှသာ သူတစ်ပါးကို ထိခိုက်စေပြီး မိမိကိုယ်ကိုလည်း အကျိုးမရှိစေသော ဤနတ်ဘုရားစွမ်းရည်ကို အသုံးပြုကောင်း အသုံးပြုကြလိမ့်မည်။
၎င်းကို သေမင်းတမန် ဝှက်ဖဲအနေဖြင့်သာ အသုံးပြုနိုင်သည်။
ပုံမှန် နည်းလမ်းတစ်ခု ဖြစ်လာရန် မဖြစ်နိုင်ပေ။
"ဒီနတ်ဘုရားစွမ်းရည်က ငါနဲ့ အရမ်း လိုက်ဖက်တာပဲ…"
ကျိုးစွေ့၏ မျက်လုံးများ ချက်ချင်း တောက်ပလာပြီး အလွန် စိတ်လှုပ်ရှားနေသည်။
အဘယ်ကြောင့်ဆိုသော် သူ၏ သက်တမ်းသည် ရှည်လျားလွန်းလှသည်။ သူသည် လက်ရှိတွင် ရွှေအမြုတေ အထွတ်အထိပ် နယ်ပယ်တွင်သာ ရှိသေးသော်လည်း သူ၏ သက်တမ်းသည် နှစ်တစ်သောင်းကျော်အထိ တိုးတက်လာခဲ့ပြီ ဖြစ်ရာ၊ ရှေးဟောင်း မိစ္ဆာများ၏ သက်တမ်းပင်လျှင် သူ့ကို မယှဉ်နိုင်ပေ။
နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူများသည်ပင် သက်တမ်း နှစ်သုံးထောင်သာ ရှိကြသည်။
အသက်ရှည်ခြင်းတွင် မည်သူမျှ သူ့ကို ယှဉ်နိုင်မည် မဟုတ်ပေ။
အသက်ချင်း လဲလှယ်လျှင်တောင်မှ သူကသာ တွက်ခြေကိုက်နေမည် ဖြစ်သည်။
သူသည် ရန်သူများနှင့် အရူးတစ်ယောက်လို အသက်ချင်း လဲလှယ်နေမည် မဟုတ်သော်လည်း၊ အကယ်၍ သေဘေးနှင့် အမှန်တကယ် ကြုံတွေ့ရပါက ဤနတ်ဘုရားစွမ်းရည်သည် အသက်ရှင်သန်ခွင့် လမ်းစတစ်ခုကို သေချာပေါက် ယူဆောင်လာပေးနိုင်ပေလိမ့်မည်။
၎င်းသည် နျူကလီးယားလက်နက်တစ်ခုနှင့် တူညီသည်။
မဖြစ်မနေ အသုံးပြုစရာ မလိုသော်လည်း မဖြစ်မနေ ရှိထားရမည့် အရာဖြစ်သည်။
ဤပညာရပ်ကို သူ၏ ရှည်လျားသော သက်တမ်းနှင့် တွဲဖက်လိုက်ပါက ရိုးရိုးရှင်းရှင်းပင် ပြိုင်ဘက်ကင်းသွားလိမ့်မည်ဟု ဆိုနိုင်သည်။
ဤသည်မှာ အဆင့်ကျော်တိုက်ခိုက်နိုင်သော အတုမဲ့နတ်ဘုရားစွမ်းရည်တစ်ခု ဖြစ်ပြီး၊ နက်နဲမှုများ အကန့်အသတ်မရှိ ပါဝင်သည်။
"ဒီနတ်ဘုရားစွမ်းရည် ပညာရပ်ကို နားလည်သဘောပေါက်ဖို့ ဆိုတာလည်း အဲဒီလောက် လွယ်ကူတဲ့ ကိစ္စတော့ မဟုတ်ဘူး…"
"ရှေးဟောင်းခေတ် ကုယုံဂိုဏ်းမှာတောင် ဒီပညာရပ်ကို အမှန်တကယ် ကနဦးကျင့်ကြံနိုင်တဲ့သူက လက်ချိုးရေလို့ ရတယ်…"
"ဘာလို့လဲဆိုတော့ ဒီနတ်ဘုရားစွမ်းရည်ကို သင်ယူချင်ရင် ကုယုံစွမ်းအား၊ သေခြင်းရှင်ခြင်းစွမ်းအားကို နားလည်သဘောပေါက်ဖို့ လိုအပ်လို့ပဲ…"
"ရိုးရိုးရှင်းရှင်း ပြောရရင် အသက်ရှင်ခြင်းစွမ်းအားနဲ့ သေဆုံးခြင်းစွမ်းအားပဲ…"
"ကုယုံဆန်းကြယ်အလင်း နတ်ဘုရားစွမ်းရည်မန္တန်ရဲ့ အနှစ်သာရက အသက်ရှင်ခြင်းစွမ်းအားနဲ့ သေဆုံးခြင်းစွမ်းအားကြားက ပြောင်းလဲမှုမှာ ရှိတယ်…"
"သေခြင်းနဲ့ ရှင်ခြင်းကြားက ပြောင်းလဲမှုနဲ့ နက်နဲမှုတွေကို ထိုးထွင်းသိမြင်ပြီး၊ အရာအားလုံးရဲ့ ကုယုံစွမ်းအားကို နားလည်သဘောပေါက်မှသာ ဒီနတ်ဘုရားစွမ်းရည်ကို နားလည်နိုင်မှာ…"
"ဒါမှမဟုတ်ရင် ကနဦးအဆင့်ကို ရောက်ဖို့တောင် မဖြစ်နိုင်ဘူး…"
ကျိုးစွေ့ မေးစေ့ကို ပွတ်သပ်လိုက်သည်။
ဤသည်မှာ နတ်ဘုရားစွမ်းရည်မန္တန်၏ ခက်ခဲသော အချက်ဖြစ်သည်။ လုံလောက်သော ဉာဏ်ပညာပါရမီ မရှိပါက၊ နတ်ဘုရားစွမ်းရည်မန္တန်၏ ကျင့်ကြံခြင်းနည်းလမ်းကို အမှန်တကယ် ရရှိခဲ့လျှင်တောင်မှ သင်ယူနိုင်စွမ်းရှိမည် မဟုတ်ဘဲ ထိုင်ကြည့်နေရုံသာ တတ်နိုင်ပေလိမ့်မည်။
ယခင်ဘဝက သင်္ချာနှင့် ရူပဗေဒကဲ့သို့သော ဘာသာရပ်များကို သာမန်လူတိုင်း လေ့လာနိုင်သော်လည်း ပါရဂူအဆင့်သို့ မည်မျှသာ ရောက်ရှိနိုင်ကြသနည်း၊ အထက်တန်းအဆင့်လောက်သာ ရှိကြသည်က များသည် မဟုတ်ပါလော။
ကျင့်ကြံခြင်းလောကတွင်လည်း ထိုနည်းလည်းကောင်းပင်။
ကုယုံဆန်းကြယ်အလင်းကဲ့သို့သော ထိပ်တန်း နတ်ဘုရားစွမ်းရည်၏ ခက်ခဲမှုအဆင့်သည် ယခင်ဘဝက သင်္ချာဘာသာရပ်၏ တိုပေါ်လော်ဂျီနှင့် နှိုင်းယှဉ်နိုင်ပြီး၊ တစ်စုံတစ်ယောက်က ဤနတ်ဘုရားစွမ်းရည်၏ ကျင့်ကြံခြင်းနည်းလမ်းကို ရရှိလျှင်တောင်မှ အမှန်တကယ် သင်ယူနိုင်သော ကျင့်ကြံသူမှာ အလွန်ပင် ရှားပါးလှသည်။
သို့သော် ကံကောင်းထောက်မစွာဖြင့် သူ့တွင် 'စာအုပ်ကူ'၏ အကူအညီ ရှိနေသည်။
အချိန်အတိုင်းအတာတစ်ခုအထိ ပြင်းပြင်းထန်ထန် ကျင့်ကြံလျှင် ဤနတ်ဘုရားစွမ်းရည်ကို အစပျိုးနိုင်ပေလိမ့်မည်။
"ဟမ်..."
ထိုအချိန်တွင် ကျိုးစွေ့၏ စိတ်ထဲတွင်လှုပ်ရှားသွားပြီး နတ်ဘုရားအသွင်ပြောင်းအဆင့် အကြွင်းအကျန်တွင် အပြောင်းအလဲများ ဖြစ်ပေါ်နေသည်ကို အာရုံခံလိုက်မိသည်။
နတ်ဘုရားအသွင်ပြောင်းအဆင့် အကြွင်းအကျန်ထဲတွင် ပိတ်မိနေသော ဝိညာဉ်သန္ဓေသား နှောင်းပိုင်းအဆင့် မဟာကျင့်ကြံသူများသည် စိတ်မရှည် ဖြစ်လာပုံရသည်။ သူတို့သည် ဤနေရာတွင် (၃)နှစ်ကြာ ပိတ်မိနေခဲ့ပြီး လွတ်မြောက်ရန် နည်းလမ်းပေါင်းစုံကို ကြိုးစားခဲ့သော်လည်း မည်သည့် အကျိုးထူးမှ မရရှိခဲ့ကြပေ။
ယခုအချိန်တွင် သူတို့ တစ်စုံတစ်ခုကို ရိပ်မိသွားပုံ ရသည်။
"ဩော်... ဒါကြောင့်ကိုး... ငါ နားလည်ပြီ…"
"ဒါက ပဉ္စမအဆင့် အနိမ့်စားအစီအရင် ကြည်လင်သစ်သားမြှုပ်နှံခြင်းအစီအရင်ပဲ.."
(စကားချပ်- ရီမုက ကြည်လင်သစ်သားလို့ အဓိပ္ပါယ်ရပါတယ်)
"ချုပ်နှောင်ခြင်းအစီအရင် အမျိုးအစားတစ်ခုပေါ့…"
"အစီအရင်ထဲမှာ နေနေသမျှ ကြည်လင်သစ်သားစွမ်းအားတွေက အဆုံးမရှိ ပေါက်ဖွားနေပြီးတော့ ပတ်ဝန်းကျင်တစ်ခုလုံးက ကြည်လင်သစ်သားထောင်ချောက်တွေ ဖြစ်နေတာ…"
"ငါတို့ ဘယ်လောက်ပဲ ဖျက်ဆီးပါစေ... ထောင်ချောက်ကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး... ဖျက်ဆီးတဲ့နှုန်းက ပြန်လည်ဖြစ်ပေါ်တဲ့နှုန်းကို ဘယ်လိုမှ မမီနိုင်ဘူး…"
"ဒီချုပ်နှောင်ခြင်း အစီအရင်ကို ဖြိုခွဲချင်ရင် ရှင်းရှင်းလေးပဲ... သစ်သားဆိုတော့ မီးနဲ့တိုက်ရုံပေါ့.."
ဟေးရှားနန်းတော်သခင် ပင်လယ်ခွင်းမိစ္ဆာဘုရင်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူသည် ဤချုပ်နှောင်ခြင်း အစီအရင်ကို (၃)နှစ်ကြာ လေ့လာခဲ့ပြီးနောက် ဤပဉ္စမအဆင့် အနိမ့်စားအစီအရင်ကို ကောင်းစွာ နားလည်သွားပြီဟု ခံစားလိုက်ရသည်။
သူကိုယ်တိုင်က စတုတ္ထအဆင့် အစီအရင်ပညာရှင်အဆင့် ရှိထားသူ ဖြစ်သည်။
ပဉ္စမအဆင့် အစီအရင်ပညာရှင် ဖြစ်လာရန် အလွန်ဝေးကွာသော အကွာအဝေး ရှိနေသေးသော်လည်း၊ အနည်းဆုံးတော့ ဤပဉ္စမအဆင့် အစီအရင်၏ လျှို့ဝှက်ချက်အချို့ကို သူ မြင်တွေ့နိုင်သည်။
"နန်းတော်သခင်က တကယ့်ကို နာမည်နဲ့ထိုက်တန်ပါပေတယ်…"
"ကြည့်ရတာ ကျွန်တော်တို့ လွတ်မြောက်ဖို့ မျှော်လင့်ချက်က နန်းတော်သခင်ဆီမှာ ရှိနေပုံပဲ…"
"အဲဒီ နာမည်ကြီး ဂိုဏ်းကြီးတွေက ကျင့်ကြံသူတွေအကုန်လုံး အမှိုက်တွေချည်းပဲ... အစီအရင် တစ်ခုတောင် မဖျက်ဆီးနိုင်ကြဘူး…"
ဘေးနားရှိ ဟေးရှားနန်းတော်မှ ဝိညာဉ်သန္ဓေသား ကျင့်ကြံသူများက ပင်လယ်ခွင်းမိစ္ဆာဘုရင်ကို လေးစားအားကျစွာ ကြည့်လိုက်ကြသည်။
"ငါ ပင်လယ်ခွင်းမိစ္ဆာဘုရင်က အစီအရင်ကို ဘယ်လို ဖြိုခွဲမလဲဆိုတာ ကြည့်ထားကြ.."
ပင်လယ်ခွင်းမိစ္ဆာဘုရင်သည် ယုံကြည်မှု အပြည့်ရှိနေသည်။
သူသည် ခန္ဓာကိုယ်မှ စတုတ္ထအဆင့် ထိပ်တန်း အဆောင်တစ်ခုဖြစ်သော ငရဲမီးတောက်အဆောင်ကို ထုတ်ယူလိုက်ပြီး၊ ခန္ဓာကိုယ်အတွင်းရှိ သိပ်သည်းသော ဝိညာဉ်သန္ဓေသား မှော်စွမ်းအားများကို လှည့်ပတ်ကာ အစီအရင်၏ ဆုံမှတ်တစ်ခုဆီသို့ ချက်ချင်း ပစ်လွှတ်လိုက်သည်။
ဘုန်း...။
ချက်ချင်းပင် ကြောက်မက်ဖွယ်ကောင်းသော မီးတောက်နက်များ ပေါက်ကွဲထွက်ပေါ်လာပြီး ကောင်းကင်အပြည့် မီးပင်လယ်တစ်ခု ဖြစ်ပေါ်လာကာ၊ ပတ်ဝန်းကျင်ရှိ မိစ္ဆာစိမ်းနွယ်ပင်များပေါ်သို့ ချက်ချင်း လောင်ကျွမ်းသွားပြီး ပတ်ဝန်းကျင်ရှိ အပင်များကို လုံးဝ ပြာကျသွားစေရန် ကြိုးစားလိုက်သည်။
သူသည် မီးစွမ်းအားကို အသုံးပြုပြီး ဤအပင်များ အားလုံးကို လောင်ကျွမ်းဖျက်ဆီးပစ်ချင်နေသည်။
သို့သော် ထိုအချိန်တွင် အစီအရင်သည် လည်ပတ်သွားပြီး မြူခိုးစိမ်းများ ပျံ့နှံ့လာကာ မမြင်ရသော ဟင်းလင်းပြင်စွမ်းအားတစ်ခုက ဖုံးလွှမ်းသွားပြီး ဤမီးတောက်အုပ်စုကို ချက်ချင်းဆိုသလို ရွှေ့ပြောင်းပစ်လိုက်ချေသည်။
ဘာ...။
ပင်လယ်ခွင်းမိစ္ဆာဘုရင် ချက်ချင်း ကြောင်အသွားရသည်။
သူ အပင်ပန်းခံ စဉ်းစားထားသော နည်းလမ်းသည် ဤချုပ်နှောင်ခြင်း အစီအရင်အပေါ် မည်သည့် သက်ရောက်မှုမျှ မရှိဟု သူ လုံးဝ မထင်မှတ်ထားခဲ့ပေ။ ဤအစီအရင်ကို ဖျက်ဆီးရန် မဖြစ်နိုင်ရုံသာမက တစ်ဖက်မှာ အရာပင် မယွင်းခဲ့ချေ။
"မဖြစ်နိုင်ဘူး... ဘယ်လိုလုပ် ဒီလိုဖြစ်ရတာလဲ…"
"ဘာလို့ နည်းနည်းမှ အသုံးမဝင်ရတာလဲ... မီးက သစ်သားစွမ်းအားကို နိုင်တာ မဟုတ်ဘူးလား…"
ပင်လယ်ခွင်းမိစ္ဆာဘုရင်သည် သူ မြင်တွေ့နေရသော မြင်ကွင်းကို မယုံကြည်နိုင် ဖြစ်နေသည်။
သူ၏ ယုံကြည်ချက်များ ပြိုလဲသွားသကဲ့သို့ ခံစားလိုက်ရသည်။ သူ ဤမျှ ကြာမြင့်စွာ လေ့လာခဲ့သော အရာသည် အသုံးမဝင် ဖြစ်နေခဲ့သည်။
အခြား ဟေးရှားနန်းတော်မှ ဝိညာဉ်သန္ဓေသားကျင့်ကြံသူများလည်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ဘာပြောရမှန်း မသိ ဖြစ်နေကြတော့သည်။
"မင်းက တကယ့်ကို မပြည့်တဲ့အိုးပဲ…"
"မီးစွမ်းအားက သစ်သားစွမ်းအားကို နိုင်တာတော့ ဟုတ်ပါရဲ့…"
"ဒါပေမဲ့ ဒီ 'ကြည်လင်သစ်သား မြှုပ်နှံခြင်းအစီအရင်' က သစ်သားစွမ်းအားသက်သက် အစီအရင်မဟုတ်ဘဲ ဟင်းလင်းပြင်စွမ်းအားနဲ့ ပေါင်းစပ်ထားတာ…"
"အစီအရင်ကို တိုက်ခိုက်တဲ့ ဘယ်စွမ်းအားမဆို ကြယ်တာရာ ရွေ့လျားသလိုမျိုး ပြောင်းရွှေ့ခံရမှာပဲ…"
"မင်းက မီးစွမ်းအားကို သုံးပြီး ဒီအစီအရင်ကြီးကို ဖျက်ဆီးချင်နေတာလား... အိပ်မက်တောင် မမက်နဲ့…"
"တကယ်လို့ ဒီအစီအရင်က ဖျက်ဆီးဖို့ ဒီလောက် လွယ်ကူနေရင် ပဉ္စမအဆင့်အစီအရင် ဖြစ်လာမှာ မဟုတ်ဘူး…"
ကောင်းကင်ဓားဂိုဏ်း၏ ဂိုဏ်းချုပ် ချုံးရွှီတာအိုအရှင်က စိတ်မရှည်စွာ ပြောလိုက်သည်။
သူ့ရှေ့မှ ပင်လယ်ခွင်းမိစ္ဆာဘုရင်သည် မပြည့်သောအိုးတစ်လုံးကဲ့သို့ စတုတ္ထအဆင့် အစီအရင်ပညာရှင် တစ်ဦးသာ ဖြစ်ပြီး၊ စတုတ္ထအဆင့် အနိမ့်စားအဆင့်သည် တစ်ဖက်လူ၏ ဘဝကန့်သတ်ချက် ဖြစ်ကောင်းဖြစ်နိုင်ကာ ပဉ္စမအဆင့်အစီအရင်ကို နားလည်နိုင်စွမ်း ရှိမည် မဟုတ်ချေ။
အမှန်တကယ်ပင် ဖြေရှင်းရန် လွယ်ကူပါက သူ ဤနေရာမှ ထွက်ပြေးသွားသည်မှာ ကြာပြီဖြစ်သည်။
အဘယ်ကြောင့် ယခုအချိန်ထိ စောင့်နေပါမည်နည်း။
"ပြောတာမှန်တယ်... ပြီးတော့ ဒီချုပ်နှောင်ခြင်းအစီအရင်က သေနေတဲ့အစီအရင် မဟုတ်ဘဲ အသက်ဝင်နေတဲ့ အစီအရင်ပဲ…"
"တစ်ယောက်ယောက်က နောက်ကွယ်ကနေ ဒီအစီအရင်ကြီးကို ထိန်းချုပ်ပြီး ငါတို့ကို ပိတ်လှောင်ထားတာ…"
"ဒီလိုဆိုရင် ငါတို့ ဒီကနေ လွတ်မြောက်ဖို့က ပိုပြီးတော့ ခက်ခဲသွားပြီ…"
ရွှမ်ပေါင်မျှော်စင်သခင် ထျန်းဆွမ်းတာအိုအရှင်က တိုးညှင်းစွာ ပြောလိုက်သည်။
ကြည်လင်သစ်သား မြှုပ်နှံခြင်းအစီအရင်သည် စွမ်းအားကြီးမားသော်လည်း မည်သူမျှ မထိန်းချုပ်ပါက သူတို့၏ စွမ်းရည်ဖြင့် ဖြေရှင်းနိုင်မည်ဟု သူ မြင်တွေ့နေရသည်။
သို့သော် ဤအစီအရင်ကြီးသည် လည်ပတ်နေပြီး အစီအရင်ဆုံမှတ်အမျိုးမျိုးသည် အဆက်မပြတ် ပြောင်းလဲနေသည်။
ထို့ကြောင့် သူတို့ ဘာလုပ်ရမှန်းမသိ ဖြစ်နေပြီး ဤအစီအရင်၏ နက်နဲမှုကို သိရှိနိုင်ခြင်း မရှိကြပေ။
ယခု သူတို့သည် အကျဉ်းသားများကဲ့သို့ ဤအစီအရင်ကြီးထဲတွင် အကျဉ်းချခံထားရသည်။
"သေစမ်း... ငါတို့ကို ဒီမှာ ပိတ်လှောင်ထားရလောက်အောင် ဘယ်သူက သတ္တိကောင်းနေရတာလဲ…"
ပင်လယ်ခွင်းမိစ္ဆာဘုရင်၏ မျက်နှာသည် မဲမှောင်နေသည်။
အမှန်တကယ်တွင် သူလည်း ဤအချက်ကို တွေးမိသဖြင့် ဤနတ်ဘုရားအသွင်ပြောင်းအဆင့် အကြွင်းအကျန်မှ အမြန်ဆုံး ထွက်ခွာချင်နေခြင်း ဖြစ်သည်။
ကံမကောင်းစွာဖြင့် သူ၏ အရည်အချင်း မလုံလောက်သောကြောင့် ဤအစီအရင်ကြီးကို မဖောက်ထွင်းနိုင်ခဲ့ပေ။
"တကယ်တော့ စိတ်ပူစရာ မလိုပါဘူး…"
"တစ်ဖက်လူမှာ မကောင်းတဲ့ ရည်ရွယ်ချက် သိပ်မရှိဘူးလို့ ကျုပ် ထင်တယ်…”
"တကယ်လို့ တစ်ဖက်လူက ငါတို့ကို သတ်ချင်တယ်ဆိုရင် ဒီကြည်လင်သစ်သား မြှုပ်နှံခြင်းအစီအရင်ကို ထိန်းချုပ်စရာ မလိုဘူး…"
"တကယ်လို့ တခြား ပဉ္စမအဆင့် သတ်ဖြတ်ခြင်းအစီအရင်ကိုသာ ထိန်းချုပ်လိုက်ရင် ငါတို့အားလုံး ဒီမှာ သေသွားနိုင်တယ်…"
"ငါတို့ အေးအေးဆေးဆေး စောင့်နေတာ ပိုကောင်းပါလိမ့်မယ်... နောက်ကွယ်က လူက အနှေးနဲ့အမြန် ပေါ်လာမှာပါ…"
ဝူကျိတာအိုအရှင်သည် ကြမ်းပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေပြီး တည်ငြိမ်အေးဆေးစွာဖြင့် တာအိုစိတ်နှလုံးကို တည်ငြိမ်အောင် ထားလိုက်သည်။
လွတ်မြောက်၍ မရနိုင်မှတော့ ဤနေရာတွင် အားအင်ဖြုန်းတီးစရာမလိုဟု သူ ထင်သည်။
စိတ်ကို တည်ငြိမ်အောင်ထားပြီး အကောင်းဆုံး အခြေအနေကို ထိန်းသိမ်းကာ မသိရသေးသော ရန်သူကို ရင်ဆိုင်ခြင်းက ပိုကောင်းပေသည်။
"တကယ်လို့ မကောင်းတဲ့ ရည်ရွယ်ချက် မရှိရင် ငါတို့ကို လွှတ်ပေးလိုက်သင့်တာပေါ့... ငါတို့ကို ဒီမှာ ပိတ်လှောင်မထားသင့်ဘူး…"
"ငါတို့နဲ့ စကားလည်း မပြောဘူး... ငါတို့ကို သတ်လည်း မသတ်ဘူး... အဲဒီကောင် ဘာလုပ်ချင်နေတာလဲ…"
ပင်လယ်ခွင်းမိစ္ဆာဘုရင်နှင့် အခြားသူများသည် အံကြိတ်ထားကြပြီး အကန့်အသတ်ထိတိုင် စိတ်ပျက်အားလျော့နေကြသည်။
သူတို့ တစ်သက်လုံး ဤမျှ စိတ်ပျက်စရာကောင်းသော ကိစ္စမျိုး တစ်ခါမှ မကြုံဖူးခဲ့ပေ။ ယခု သူတို့သည် ဒယ်အိုးပူပေါ်မှ ပုရွက်ဆိတ်များကဲ့သို့ ဖြစ်နေပြီး၊ အခြားသူများ၏ သတ်ဖြတ်ခြင်းကို ခံရရန် စောင့်ဆိုင်းနေရုံမှတစ်ပါး ဘာမှ မတတ်နိုင်ကြပေ။
သို့သော် ထိုသို့ဖြစ်နေသော်လည်း လက်ရှိအချိန်အထိ သူတို့သည် ငြိမ်သက်စွာ စောင့်ဆိုင်းနေရုံသာ တတ်နိုင်ကြတော့သည်။
…………