မိုင်တစ်သောင်းလွှမ်းခြုံသော ဝိညာဉ်သန္ဓေသား ဥပဒေသနယ်ပယ်(၁)။
Vol. 37 Ch. 419
ဤအချိန်တွင် အင်မော်တယ်ရှားမြို့တော်၌...။
ကျွန်းကို ပိတ်ထားလိုက်သည်မှာ ဆယ်နှစ်ခန့် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
ကြယ်သုံးပွင့်ကျွန်းစု၏ မိုင်နှစ်သိန်းပတ်လည် ပင်လယ်ပြင်ဧရိယာသည်လည်း ကမ္ဘာလောကနှင့် အဆက်အသွယ် ပြတ်တောက်နေသော ကျင့်ကြံခြင်းနယ်မြေတစ်ခု ဖြစ်လာခဲ့သည်။
ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်သော စီးပွားရေး သံသရာလည်ပတ်မှုတစ်ခု ဖြစ်ပေါ်လာသည်ဟု ပြောနိုင်ပေသည်။
ပြင်ပကမ္ဘာနှင့် ကုန်သွယ်မှုပြုလုပ်ရန် မလိုအပ်ဘဲ ကိုယ့်ဘာသာကိုယ် ရပ်တည်နိုင်သည်။
ဤကျင့်ကြံသူများကို အလုပ်အကိုင် ပေးနိုင်ရန်အတွက် ဂိုဏ်းကြီးသုံးခုသည် ကျင့်ကြံသူအများအပြားကို လက်ခံခဲ့ပြီး၊ ဝိညာဉ်စိုက်ခင်းများနှင့် ဆေးဥယျာဉ်များ တည်ထောင်ခြင်း၊ ဝိညာဉ်သားရဲများ မွေးမြူခြင်း၊ ဝိညာဉ်ငါးများ မွေးမြူခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။
ဤဆယ်နှစ်တာ ကာလအတွင်း ကြယ်သုံးပွင့်ကျွန်းစုသည်လည်း လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။
ကျွန်းအသီးသီးသည် အပြည့်အဝ ဖွံ့ဖြိုးတိုးတက်လာပြီး စည်ပင်ဝပြောလာခဲ့သည်။
ကျင့်ကြံသူ အများအပြားသည်လည်း ဤကဲ့သို့ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်သော ဘဝမျိုးကို ကျင့်သားရလာကြလေသည်။
"မျက်စိတစ်မှိတ်အတွင်း ကျွန်းပိတ်လိုက်တာ ဆယ်နှစ်တောင် ကြာသွားလိမ့်မယ်လို့ ထင်မထားမိဘူး... ဘယ်အချိန်မှ ကျွန်းကို ပြန်ဖွင့်မလဲ မသိဘူး..."
ကျင့်ကြံသူတစ်ဦးက သက်ပြင်းချကာ ပြောလိုက်သည်။
သူသည် ကြယ်သုံးပွင့်ကျွန်းစု၏ ယခင်က စည်ကားသိုက်မြိုက်မှု၊ လူအများ သွားလာလှုပ်ရှားမှုနှင့် ချန်လန်ပင်လယ်ဒေသ နေရာအနှံ့မှ ကျင့်ကြံသူများ ရောက်ရှိလာကာ ကျင့်ကြံခြင်းအရင်းအမြစ် အမြောက်အမြား စီးဝင်လာပြီး နေရာတိုင်းတွင် ရွှေများ ပြည့်နှက်နေသကဲ့သို့ ဖြစ်ခဲ့သည်များကို လွန်စွာ လွမ်းဆွတ်မိလေသည်။
ထိုအချိန်တုန်းက သူသည် ပိုက်ဆံရေတွက်ရလွန်း၍ လက်ညောင်းသည်အထိတိုင် ငွေရှာနိုင်ခဲ့သည်။
ကံမကောင်းစွာဖြင့် ကျွန်းပိတ်လိုက်ပြီးကတည်းက ပြင်ပကျင့်ကြံသူများ ဝင်ရောက်၍ မရနိုင်သလို၊ သူတို့လည်း ထွက်ခွာ၍ မရနိုင်ပေ။
လွတ်လပ်သော ကုန်သွယ်မှု ပြတ်တောက်သွားခြင်းကြောင့် စီးပွားရေးသည် သိသိသာသာ ကျဆင်းသွားခဲ့သည်။
သူ့တွင်လည်း ဤမျှ အမြတ်အစွန်းများသော စီးပွားရေး မရှိတော့ဘဲ ရှိရင်းစွဲ အရင်းအနှီးများကိုသာ ထုတ်ယူသုံးစွဲနေရသည်။
"အိပ်မက် မမက်စမ်းနဲ့... အချိန်တိုအတွင်း ကျွန်းပြန်ဖွင့်ဖို့ဆိုတာ မဖြစ်နိုင်ဘူး..."
"အပြင်လောကမှာ အရမ်း ရှုပ်ထွေးနေတယ်လို့ ငါ ကြားတယ်..."
"အဲ့ဒီ နတ်ဘုရားအသွင်ပြောင်းအဆင့် အပျက်အစီးတွေက အရမ်း အန္တရာယ်များပြီးတော့... ဝိညာဉ်သန္ဓေသား ဘိုးဘေး အများကြီးတောင် ပိတ်မိနေကြတယ်တဲ့..."
"အဲ့ဒီ ဝိညာဉ်သန္ဓေသား ဘိုးဘေးတွေ အခု သေသလား ရှင်သလားဆိုတာတောင် ဘယ်သူမှ မသိကြဘူး..."
"ဒီအချိန်မှာသာ ကျွန်းကိုဖွင့်လိုက်ရင် စစ်ပွဲတွေထဲ သေချာပေါက် ပါဝင်ပတ်သက်သွားလိမ့်မယ်..."
"အဲ့ဒီအချိန်ကျရင် ငါတို့လို ကျင့်ကြံသူတွေက အရင်ဆုံး သေရမယ့်သူတွေ ဖြစ်လာမှာ..."
"အခုလိုမျိုး အေးအေးဆေးဆေး ကျင့်ကြံနေရတာက တော်တော်လေး ကောင်းနေပါပြီ... ငါတော့ စစ်ပွဲတွေထဲ မပါချင်ဘူး..."
ကျင့်ကြံသူတစ်ဦးက ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။
သူ့အတွက်မူ ကျွန်းကိုပြန်ဖွင့်စေချင်စိတ် မရှိပေ၊ ဆန့်ကျင်ဘက်အားဖြင့် ဤကဲ့သို့သော ဘဝမျိုးက အလွန် ကောင်းမွန်သည်ဟု ခံစားရသည်။
နေ့စဉ် လယ်ထွန်ခြင်း၊ ပေါင်းသင်ခြင်းနှင့် ဝိညာဉ်ပိုးမွှား အချို့ကို ရှင်းလင်းခြင်းဖြင့် ဝင်ငွေကောင်းကောင်း ရရှိနိုင်သည်။
ကျင့်ကြံချိန်နှင့် ကျင့်ကြံခြင်းအဆင့် တိုးတက်ရန် အချိန်များစွာပင် ရရှိသေးသည်။
ဤသည်မှာ ယခင်က သူ အိပ်မက်ပင် မမက်ရဲခဲ့သော ဘဝမျိုး ဖြစ်သည်။
ရိုးရိုးသားသား ပြောရလျှင် ဤသည်မှာ အင်မော်တယ်ကျင့်ကြံသူများ နေထိုင်သင့်သော ဘဝမျိုးပင်။
မနက်ဖြန်တွင် ဘာဖြစ်မည်ကို မသိသော စိုးရိမ်ပူပန်မှုများဖြင့် ဒုက္ခသည်များကဲ့သို့ နေထိုင်ရသော ဘဝမျိုးကို သာမန်လူထက်သာလွန်သော ကျင့်ကြံသူများ၏ ဘဝဟု ခေါ်ဆိုနိုင်ပါမည်လော။
"ဒီလိုဆိုတော့လည်း အဟုတ်သား..."
"ဂိုဏ်းချုပ်ကို ကျေးဇူးတင်ရမယ်... ဂိုဏ်းချုပ်သာ အမြော်အမြင် မရှိခဲ့ရင်..."
"ကြိုတင်ပြီး ကျွန်းကိုသာ မပိတ်ခဲ့ရင် ငါတို့လည်း စစ်ဘေးသင့်နေလောက်ပြီ..."
"ဟုတ်တယ်မလား... အမြတ်အစွန်းတွေ အများကြီး ရတာနဲ့ ယှဉ်ရင် ဘေးကင်းလုံခြုံမှုက ပိုအရေးကြီးတယ်လေ..."
ကျင့်ကြံသူ အများအပြား ခေါင်းညိတ်လိုက်ကြပြီး ဂိုဏ်းချုပ် လင်းယာကျူကို လေးစားအားကျနေကြသည်။
ယခင်ကတည်းက သူတို့သည် ကျွန်းကိုပိတ်ချရန် ဆုံးဖြတ်ချက် ချမှတ်ခဲ့သူမှာ ဝိညာဉ်သန္ဓေသား ကျင့်ကြံသူ လင်းယာကျူ ဖြစ်သည်ဟု ထင်မှတ်နေကြဆဲပင်။
"ဟမ်... အဲ့ဒါ ဘာကြီးလဲ..."
ရုတ်တရက် ကျင့်ကြံသူတစ်ဦးသည် အဝေးရှိ အင်မော်တယ်ရှားဂိုဏ်း တည်ရှိရာအရပ်ကို လှမ်းကြည့်လိုက်မိသည်။
အင်မော်တယ်ရှားဂိုဏ်းတစ်ခုလုံးကို ဝိညာဉ်စွမ်းအင် တိမ်တိုက်များက ဖုံးလွှမ်းထားပြီး၊ မရေမတွက်နိုင်သော ရောင်စုံတိမ်တိုက်များ ပျံဝဲနေကာ ရောင်ခြည်တန်းများ ထောင်သောင်းချီ ဖြာထွက်နေသည်ကို သူ မြင်လိုက်ရသည်။
ကောင်းကင်ထက်တွင် ကြီးမားသော ဝိညာဉ်စွမ်းအင်ဝဲကတော့ကြီး ဖြစ်ပေါ်နေပြီး မရပ်မနား လည်ပတ်နေကာ၊ မရေမတွက်နိုင်သော ဝိညာဉ်စွမ်းအင်များသည် ငှက်များနှင့် သားရဲများအသွင် ပြောင်းလဲသွားသကဲ့သို့ ရှိသည်။
သားရဲပေါင်းတစ်သောင်း ခုန်ပေါက်ပြေးလွှားနေသကဲ့သို့ပင်။
ဝိုးတဝါးအခြေအနေကြားတွင် အစစ်အမှန်နဂါးတစ်ကောင်သည် ကောင်းကင်ယံ၌ ပျံသန်းနေပြီး ကမ္ဘာလောကကို အုပ်စိုးနေသကဲ့သို့ ကြောက်မက်ဖွယ် ဖိအားများ ပျံ့နှံ့နေလေသည်။
ကျင့်ကြံသူ အများအပြားသည် အသက်ရှူကျပ်မတတ် ဖိအားကို ခံစားလိုက်ရပြီး တုန်လှုပ်သွားကြရသည်။
"ဝိညာဉ်သန္ဓေသားဖွဲ့စည်းခြင်း နိမိတ်... ဒါ ဝိညာဉ်သန္ဓေသားဖွဲ့စည်းခြင်း နိမိတ်ပဲ..."
"အင်မော်တယ်ရှားမြို့တော်မှာ တစ်ယောက်ယောက် ဝိညာဉ်သန္ဓေသား ဖွဲ့စည်းဖို့ ကြိုးစားနေတာပဲ..."
ရွှေအမြုတေ ကျင့်ကြံသူတစ်ဦးသည် အာမေဋိတ်မပြုဘဲ မနေနိုင်တော့ပေ။ သူ၏ မျက်လုံးများ ပြူးကျယ်သွားပြီး ရင်ထဲတွင် လှိုင်းတံပိုးများ ထန်သွားခဲ့ရသည်။
ရွှေအမြုတေ ကျင့်ကြံသူတစ်ဦးအနေဖြင့် ဝိညာဉ်သန္ဓေသား ဖွဲ့စည်းခြင်းနှင့် ပတ်သက်၍ အတိုင်းအတာတစ်ခုအထိ သူ နားလည်ထားသည်။
သို့သော် သူသည် ရှေးဟောင်းစာပေများထဲတွင်သာ ဝိညာဉ်သန္ဓေသား ဖွဲ့စည်းခြင်းဆိုင်ရာ နိမိတ်များကို ဖတ်ဖူးခဲ့ပြီး၊ လက်တွေ့တွင်မူ တစ်ခါမျှ မမြင်ဖူးခဲ့ပေ။
ယခု မြင်လိုက်ရသောအခါ သူ ကြက်သေသေသွားပြီး ရင်ထဲတွင် တုန်လှုပ်ခြောက်ခြားသွားရသည်။
"မဖြစ်နိုင်တာ... တစ်ယောက်ယောက်က ဝိညာဉ်သန္ဓေသား ဖွဲ့စည်းဖို့ ကြိုးစားနေတာလား... ဘယ်သူက ဝိညာဉ်သန္ဓေသား ဖွဲ့စည်းမှာလဲ..."
"ငါတို့ အင်မော်တယ်ရှားမြို့တော်ရဲ့ ရွှေအမြုတေဂိုဏ်းကြီးသုံးခုထဲမှာ ဝိညာဉ်သန္ဓေသားအဆင့်ကို ရောက်ခါနီးက ဘယ်သူ ကျန်သေးလို့လဲ..."
"ဂိုဏ်းချုပ်လင်းကလွဲရင် ငါတို့ အင်မော်တယ်ရှားမြို့တော်မှာ ရွှေအမြုတေ ကျင့်ကြံသူကြီး သုံးယောက်ပဲ ရှိတာ... အဲ့ဒါတွေက အင်မော်တယ်ရှားဂိုဏ်းရဲ့ ဂိုဏ်းချုပ် လန်ယွဲ့ရှီ၊ တန်တိန်ဂိုဏ်းရဲ့ ဂိုဏ်းချုပ် ရှန်ပိချန်နဲ့ အင်မော်တယ်ရှားဂိုဏ်းရဲ့ အကြီးအကဲ ကျိုးစွေ့တို့လေ... ခက်တာက ဘယ်သူမှ ဝိညာဉ်သန္ဓေသား ဖွဲ့စည်းရမယ့်အချိန် မရောက်သေးဘူး..."
ကျင့်ကြံသူ အများအပြား အချင်းချင်း ဆွေးနွေးငြင်းခုံနေကြပြီး တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ အင်မော်တယ်ရှားမြို့တော်မှ မည်သည့်ကျင့်ကြံသူက ဝိညာဉ်သန္ဓေသား စတင်ဖွဲ့စည်းနေသည်ကို လုံးဝ မသိရှိကြပေ။
"ခန့်မှန်းမနေကြနဲ့တော့... ခုနက ဂိုဏ်းချုပ် သတင်းပို့လာတယ်... အကြီးအကဲကျိုးက ဝိညာဉ်သန္ဓေသား ဖွဲ့စည်းနေတာတဲ့... ငါတို့ကို စိတ်မပူဖို့ ပြောတယ်..."
ထိုအချိန်တွင် အင်မော်တယ်ရှားဂိုဏ်းသား တစ်ဦးက အလွန် စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
သူ၏ မျက်နှာတွင် စိတ်လှုပ်ရှားမှုရော အံ့သြတုန်လှုပ်မှုပါ ရောပြွမ်းနေပြီး တစ်ချိန်တည်းမှာပင် ယုံကြည်နိုင်စရာ မရှိသလို ဖြစ်နေသည်။
အဘယ်ကြောင့်ဆိုသော် အကြီးအကဲကျိုးစွေ့က ဝိညာဉ်သန္ဓေသား စတင်ဖွဲ့စည်းနေပြီဟု မည်သူမျှ မထင်ထားခဲ့ကြသောကြောင့် ဖြစ်သည်။
အကြီးအကဲကျိုးစွေ့ ရွှေအမြုတေ ဖွဲ့စည်းခဲ့သည်မှာ ဆယ်စုနှစ်အနည်းငယ်သာ ရှိသေးသည် မဟုတ်ပါလော။
အချိန်မည်မျှသာ ရှိပါသေးသနည်း၊ ယခု ဝိညာဉ်သန္ဓေသား စတင်ဖွဲ့စည်းနေပြီ ဆိုသည်မှာ အမှန်တကယ်ပင် စဉ်းစား၍ မရနိုင်စရာပင်။
"မဖြစ်နိုင်တာ... အကြီးအကဲကျိုးစွေ့က ဝိညာဉ်သန္ဓေသား ဖွဲ့စည်းနေတာတဲ့လား... တကယ်ရော ဟုတ်ရဲ့လားကွာ..."
"ငါ မှတ်မိသလောက်ဆို အကြီးအကဲကျိုးစွေ့က (၅၄)နှစ်မှာ ရွှေအမြုတေ ဖွဲ့စည်းခဲ့တာလေ... အခုဆို အကြီးအကဲကျိုးစွေ့က အသက်တစ်ရာလောက်ပဲ ရှိဦးမှာ... အခု ဝိညာဉ်သန္ဓေသား ထပ်ဖွဲ့စည်းနေပြီလား..."
ကျင့်ကြံသူ အများအပြား ပါးစပ်အဟောင်းသား ဖြစ်သွားကြပြီး လုံးဝ ကြောင်အသွားကြသည်။
အထူးသဖြင့် အင်မော်တယ်ရှားဂိုဏ်းသားများမှာ ပို၍ တုန်လှုပ်သွားကြသည်။
သူတို့သည် အင်မော်တယ်ရှားဂိုဏ်း၏ အကျော်ကြားဆုံး အကြီးအကဲတစ်ဦး ဖြစ်သည့် ကျိုးစွေ့ ရှိနေကြောင်း သဘာဝကျကျ သိထားကြသည်။
ဤအမျိုးသားသည် မိန်းမအားကိုးဖြင့် ရပ်တည်ကာ ကြီးပွားလာသူ ဖြစ်သည်။
သာမန် တစ်ကိုယ်တော်ကျင့်ကြံသူတစ်ဦးသာ ဖြစ်သော်လည်း အင်မော်တယ်ရှားဂိုဏ်း ဂိုဏ်းချုပ်လန်ယွဲ့ရှီ၏ မျက်နှာသာပေးမှုကို ရရှိခဲ့ပြီး ဂိုဏ်းချုပ်လန်၏ တာအိုလက်တွဲဖော် ဖြစ်လာခဲ့သည်။
ထိပ်တန်းအရည်အသွေးရှိသော အခြေတည်ဆေးလုံးကို ရရှိခဲ့ပြီး အောင်မြင်စွာ အခြေတည်နိုင်ခဲ့သည်။
နောက်ပိုင်းတွင် ဤအမျိုးသားကို တန်တိန်ဂိုဏ်း ဂိုဏ်းချုပ်ရှန်ပိချန်နှင့် ချင်မုဂိုဏ်း ဂိုဏ်းချုပ်လင်းယာကျူတို့ကလည်း သဘောကျသွားခဲ့ကြပြီး၊ အသီးသီး ဤအမျိုးသား၏ တာအိုလက်တွဲဖော်များ ဖြစ်လာခဲ့ကြသည်။
ဤအမျိုးသားကို ကြယ်သုံးပွင့်ကျွန်းစု၏ အမြင့်ဆုံးအာဏာပိုင်ဟု ခေါ်ဆိုနိုင်ပေသည်။
မှန်ပေသည်၊ ကျိုးစွေ့ အောင်မြင်စွာ ရွှေအမြုတေ ဖွဲ့စည်းပြီးကတည်းက သူ့တွင် လိုက်ဖက်ညီသော စွမ်းအားနှင့် အဆင့်အတန်း ရှိလာခဲ့သည်။
မည်သူမျှ ကျိုးစွေ့ကို မိန်းမအားကိုးဖြင့် ရပ်တည်သော ချူဆီတစ်ယောက်ဟု မပြောရဲကြတော့ပေ။
မည်သူက ရွှေအမြုတေ ကျင့်ကြံသူတစ်ဦးကို ချူဆီဟု ပြောရဲပါမည်နည်း။
ဆန့်ကျင်ဘက်အားဖြင့် ကျင့်ကြံသူတိုင်းက လန်ယွဲ့ရှီ၊ ရှန်ပိချန်နှင့် လင်းယာကျူတို့၏ ထူးခြားသော အမြော်အမြင်ကို ချီးကျူးခဲ့ကြပြီး အလားအလာရှိသော သူတစ်ဦးကို ရှာဖွေတွေ့ရှိခဲ့သည်ဟု ဆိုကြသည်။
ကျိုးစွေ့သည်လည်း လူတိုင်း လေးစားရသော နာမည်နှင့်လိုက်ဖက်သည့် အကြီးအကဲကျိုး ဖြစ်လာခဲ့သည်။
သို့သော် ယခုမူ...။
သူတို့ အံ့အားသင့်ချိန်ပင် မရလိုက်ပေ၊ ဆယ်စုနှစ်အနည်းငယ်မျှသာ ကြာမြင့်သေးသော်လည်း ကျင့်ကြံခြင်းအဆင့် ဆက်တိုက်တိုးတက်လာပြီး ယခုအခါ ဝိညာဉ်သန္ဓေသား စတင်ဖွဲ့စည်းနေပြီ ဖြစ်သည်။
ဤသည်မှာ ကြီးမားသော ဗုံးတစ်လုံးကဲ့သို့ မရေမတွက်နိုင်သော ကျင့်ကြံသူများကို တုန်လှုပ်သွားစေခဲ့သည်။
"အကြီးအကဲကျိုးက တကယ့်ကို ကောင်းကင်ဘုံက ချီးမြှောက်တဲ့ ပါရမီရှင်ပဲ..."
ဆေးပညာတောင်ထွတ်၏သခင် မာချန်ကျွင်းသည် နက်နက်နဲနဲ ခံစားလိုက်ရပြီး၊ သူသည် ကျိုးစွေ့ကို မြေကြီးပေါ် ဝပ်ဆင်းကာ ဦးချချင်လောက်အောင် လေးစားမိလေသည်။
ယခင်က ကျိုးစွေ့သည် သူ့နှင့် အဆင့်တူ ကျင့်ကြံသူတစ်ဦးသာ ဖြစ်ခဲ့သည်။
သို့သော် အချိန်မည်မျှသာ ရှိပါသေးသညနည်း၊ ယခုအခါ ဝိညာဉ်သန္ဓေသား စတင်ဖွဲ့စည်းနေပြီ ဖြစ်သည်။
အကယ်၍ နှစ်ဖက်စလုံးတွင် ကွာခြားချက် သိပ်မရှိပါက သူ မနာလို ဖြစ်မိဦးမည် ဖြစ်၏။ သို့သော် ကွာခြားချက် ကြီးမားလွန်းပါက မနာလိုဝန်တိုစိတ်ပင် ဖြစ်ပေါ်လာနိုင်မည် မဟုတ်ပေ။
မှန်ပေသည်၊ သူသည် ကျိုးစွေ့ကို ကျေးဇူးတင်ရပေမည်။
ကျိုးစွေ့သာ မရှိခဲ့လျှင် သူသည် အဆင့်သုံး မိစ္ဆာအမြုတေကို ရရှိမည် မဟုတ်သလို၊ အတုယောင် ရွှေအမြုတေ ကျင့်ကြံသူအဖြစ် အောင်မြင်စွာ ရောက်ရှိလာနိုင်မည် မဟုတ်ဘဲ အသက်ငါးရာ သက်တမ်းကို ရရှိနိုင်မည် မဟုတ်ပေ။
အနာဂတ်တွင် ထပ်မံ တိုးတက်နိုင်တော့မည် မဟုတ်သော်လည်း သူ ကျေနပ်နေပြီ ဖြစ်သည်။
မည်သို့ပင်ဆိုစေ နှစ်ငါးရာ အသက်ရှင်နိုင်သော ရွှေအမြုတေ ကျင့်ကြံသူတစ်ဦးဖြစ်လာခြင်းသည် ကျင့်ကြံသူမည်မျှ မျှော်လင့်တောင့်တ၍ မရနိုင်သော ပန်းတိုင်တစ်ခု ဖြစ်သည်ကို မသိနိုင်ချေ။
သူ အတုယောင် ရွှေအမြုတေကျင့်ကြံသူ ဖြစ်လာနိုင်ခြင်းသည် အခြေခံအားဖြင့် ဤဘဝ၏ အကန့်အသတ်ပင် ဖြစ်သည်။
...