← Chapters

ကျန်းမိသားစုထံ ဦးတည်ခြင်း

Vol. 29 Ch. 282

ကျန်းမိသားစုထံ ဦးတည်ခြင်း

Vol. 29 Ch. 282

"တာအိုအစ်ကို... ကျွန်မတူမလေးကို ဒီအတောအတွင်းစောင့်ရှောက်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ်၊ ပြီးတော့ သူ့ကြောင့် ညီအစ်ကိုဒုက္ခရောက်ခဲ့ရမှာပဲ"

ရွှီဝမ်ယွင်သည် ဝိုင်အစား လက်ဖက်ရည်ကို ငှဲ့ကာ

ပြောလိုက်၏။

"ယဉ်ကျေးနေစရာ မလိုပါဘူး၊ သူလည်း ကျွန်တော့်ကို အများကြီး ကူညီပေးခဲ့တာပဲ"

ရှန်းယီသည် အမှန်အတိုင်းပြောကာ ခေါင်းငြိမ့်ပြလိုက်၏။ အားချင်းက ဖျက်စီးခြင်းဓားကိုးသွယ် အစီအရင်ကိုပြန်လည်ပြင်ဆင်ပေးနိုင်သည်ဟု ပြောခဲ့သောကြောင့် မည်နေရာသွားသွား အကာအကွယ်မဲ့မှာ မဟုတ်တော့ပေ။

ဤအရာက နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူတစ်ဦးကိုပင် ဖမ်းချုပ်သတ်ဖြတ်နိုင်သည့် အစီအရင်မျိုး ဖြစ်သည်။

သူတို့နှစ်ဦး ယဉ်ယဉ်ကျေးကျေးပြောဆိုနေကြသည်ကို မြင်တော့ အားချင်း စိတ်သက်သာရာ ရသွား၏။ သူမက အနည်းငယ်အဆော့မတ်ပေမဲ့ တကယ်ဆိုးသည့်ကလေး မဟုတ်ပေ။ နှစ်ယောက်စလုံးက သူ့အပေါ်အလွန်ကောင်းကြသည်မို့ သူတို့ကြားမှာ အဖုအထစ်တွေ မရှိစေချင်ပေ။

သို့သော်လည်း မကြာခင်မှာပင် တစ်ခုခု မှားနေသလိုခံစားလိုက်ရပြီး မည်သည်အရာမှန်း တိတိကျကျ မပြောတတ်တော့ပေ။

"အစ်ကိုကြီးရှန်း... ဒါက ကျွန်တော့်အဒေါ်ပါ၊ သူက အစ်ကိုကြီးနောက် လိုက်ချင်လို့..."

စကားမဆုံးခင်မှာပင် အားချင်း ခေါင်းခေါက်ခံလိုက်ရသည်။

"ငါက သူ့ကို တာအိုညီအစ်ကိုလို့ ခေါ်တာ၊ နင်လည်း အစ်ကိုကြီးလို့ ခေါ်တယ်ပေါ့" ရွှီဝမ်ယွင်က မျက်စောင်းထိုးလိုက်သည်။

"..."

အားချင်း နောက်ဆုံးတော့ပြဿနာက မည်သည့်နေရာကမှန်း သဘောပေါက်သွားသည်။ သို့သော်လည်း ရှန်းယီ၏နုပျိုချောမောသော မျက်နှာကိုကြည့်ပြီး ဘယ်လိုမှ ဦးလေးရှန်းဟု မခေါ်ထွက်နိုင်အောင် ဖြစ်နေ၏။

သူမ နှာမှုတ်လိုက်ပြီး ခေါင်းငုံ့ကာ ဘာမှ မပြောတော့ပေ။

"တာအိုညီအစ်ကိုမှာ လုပ်စရာ အရေးကြီးကိစ္စတွေ ရှိတယ်လို့ ကြားတယ်၊ ဒီကလေးကို စောင့်ရှောက်ဖို့ အဆင်မပြေလောက်ဘူး ထင်တယ်၊ ဒါကြောင့် ကျွန်မကို တာဝန်ယူခွင့်ပြုပါ၊ တကယ်လို့ လိုအပ်တာရှိရင်လည်း ဝမ်ယွင်က တတ်စွမ်းသလောက် ကူညီပေးပါ့မယ်"

ရွှီဝမ်ယွင်သည် တူမဖြစ်သူက သူ့အား အတွေ့အကြုံနည်းသည်ဟု ထင်မြင်ချက်ပေးခဲ့ဖူးသည်ကို ချေပနေပုံရသည်။

သူမ၏စကားပြောပုံမှာ အပြစ်ပြောစရာမရှိအောင် ပြည့်စုံပြီး လှုပ်ရှားမှုတိုင်းက စာအုပ်ကြီးအတိုင်း စည်းကမ်းတကျ ရှိလှသည်။

သူမ၏တရားမျှတသော အမူအရာကို ကြည့်ပြီး၊

ရှန်းယီ မျက်ခုံးပင့်လိုက်၏။

"ဘယ်လိုပဲဖြစ်ဖြစ် ရပါတယ်"

အားချင်း နေမည်ဆိုက အဆင်ပြေပြီ။ထိပ်တန်းအဆင့် ဝိညာဉ်အမြစ်သတင်းကို မဆိုထားနှင့်၊ ဓားဝင်္ကပါကို ပြန်ပြင်ပေးနိုင်ရုံဖြင့်ပင် သူ့အတွက် အလွန်အစွမ်းထက်သော အကူအညီတစ်ခု ရမှာ သေချာသည်။

သို့သော် ဤအရာက မိသားစုကိစ္စဖြစ်သောကြောင့် ပြင်ပလူတစ်ယောက်အနေဖြင့် သိပ်ပြီးဝင်ပါ၍ မကောင်းပေ။

ရှန်းယီ၏အေးစက်စက် တုံ့ပြန်မှုကို မြင်သောအခါ၊

ရွှီဝမ်ယွင် အသာပြုံးလိုက်၏။

အစောပိုင်းက သူမ ဂရုမစိုက်စွာနေလိုက်မိသောကြောင့် တစ်ဖက်လူက သူမကိုအထင်သေးသွားပုံရသည်။

နတ်ဘုရားအသွင်ပြောင်းအဆင့် တိုက်ပွဲမှာ ပါဝင်နိုင်တဲ့ ကျင့်ကြံသူတစ်ယောက်အနေနဲ့ ဒီလိုထင်တာ မဆန်းပါဘူးလေ။

အစောပိုင်းက ရှန်းယီထုတ်သုံးဖို့ ပြင်လိုက်သော လက်ဝါးသိုင်းမှာ တကယ်မသုံးလိုက်ရပေမဲ့ ဟွမ်ယွမ်အဆင့်ကျင့်ကြံသူတစ်ယောက် ခံနိုင်ရည်ရှိမည့်အရာမျိုးတော့ မဟုတ်တာသေချာသည်။

သို့သော် ထိုသို့သောနည်းလမ်းက လူငယ်များထံသာရှိသည် မဟုတ်ပေ။

အဆင့်ကျော်တိုက်ခိုက်ခြင်းနှင့် ပတ်သက်လျှင် ရွှီမိသားစုကမှတကယ့် ဆရာသခင်အစစ်များပင်။

"ကျုပ်တို့ ထွက်ခွာဖို့အသင့်ဖြစ်ပါပြီ"

ရှန်းယီ ဘေးဘက်သို့ လှည့်ကြည့်လိုက်ရာ ဘယ်သူမှ စကားထပ်ပြောချင်ပုံ မရတော့သည်ကို တွေ့လိုက်ရ၏။

သူ မတ်တတ်ရပ်လိုက်ပြီး အဝေးတစ်နေရာကို ခေါင်းငြိမ့်ပြလိုက်သည်။

ကျင်းပေဝမ်က လမ်းပြရန် ကပျာကယာ ရောက်လာ၏။

"စီနီယာ... ဒီဘက်ကို ကြွပါ"

လူအုပ်စုသည် ရှစ်မျက်နှာ စားသောက်ခန်းမမှ အတူတူ ထွက်လာကြ၏။

"စီနီယာအနေနဲ့ ကျန်းမိသားစုဆီ သွားတဲ့အခါ ဘယ်လို အထောက်အထားမျိုး သုံးဖို့ စိတ်ကူးထားလဲ ခင်ဗျာ" သူက တိုးတိုးလေး မေးလိုက်၏။

အကယ်၍ ထိပ်တန်းအင်အားကြီး မသေမျိုးဂိုဏ်း သို့မဟုတ် မဟာချန်မင်းဆက်ကဲ့သို့သော နောက်ခံမျိုးရှိပါက ကျန်းမိသားစုအနေဖြင့် ယဉ်ကျေးစွာ ကြိုဆိုရုံမှတပါး ရွေးချယ်စရာ ရှိမည် မဟုတ်ပေ။

အင်အားနည်းသော အဖွဲ့အစည်းဖြစ်လျှင်ပင် ကျန်းမိသားစုနှင့် အဆင့်တူသရွေ့ တံခါးဝမှ ပြန်နှင်လွှတ်ခံရမည့်အဖြစ်မျိုး ရှိလာမည် မဟုတ်ပေ။

သို့သော် ဆိုးကျိုးတစ်ခုတော့ ရှိသည်။

ထိုသို့ ထိပ်တန်းအထောက်အထားမျိုး သုံးလိုက်လျှင် ကျန်းမိသားစုက သေချာပေါကသတိထားစောင့်ကြည့်လာမှာ ဖြစ်ပြီး၊ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေမှာဖြစ်ရာ စွေ့ပင်ကို မြင်တွေ့ခွင့်ရဖို့ဆိုတာ မဖြစ်နိုင်သလောက်ပင်။

"လွတ်လပ်‌တဲ့ကျင့်ကြံသူ တစ်ယောက်အနေနဲ့ပဲ သွားမယ်"

ရှန်းယီသည် ချိုင့်ဝှမ်းထဲမှ ထွက်လာပြီး နတ်ဆိုးတိမ်တိုက်ကို ဆင့်ခေါ်လိုက်၏။

"အဲဒါဆိုရင်တော့ အဆင်ပြေပါတယ်၊ ဒါပေမဲ့ ကျင့်ကြံသူတွေက သာမန်လူတွေထက် ပိုပြီး အာဏာမက်တတ်ကြတော့ စီနီယာအနေနဲ့ စိတ်မဆိုးမိအောင် သတိထားပါဦး" ကျင်းပေဝမ်က သတိပေးလိုက်၏။

"ဘယ် လွတ်လပ်ကျင့်ကြံသူကများ ဒီက တာအိုညီအစ်ကိုလို ဖြစ်နေမှာလဲ"

ရွှီဝမ်ယွင် ခေါင်းခါလိုက်ပြီး စာအုပ်ထဲမှ လေ့လာထားသော သူမ၏အတွေ့အကြုံကို ထုတ်ပြရန် အခွင့်အရေး ယူလိုက်၏။

"နောက်ခံမရှိတဲ့ လွတ်လပ်ကျင့်ကြံသူဆိုတာ တခြားသူတွေရဲ့အငြိုးထားတာကို ခံရမှာကြောက်လို့ အမြဲတမ်း သတိထားပြီး ကျင့်ကြံကြတာ၊ သွားလာတဲ့အခါမှာလည်း နတ်ဆိုးတိမ်တိုက်လိုမျိုး ထင်ရှားတဲ့အရာကို သေချာပေါက် သုံးမှာ မဟုတ်ဘူး"

ပြောရင်းနှင့် သူမသည် သာမန်ရိုးကျ ပုံစံရှိသော သစ်သားလှေတစ်စင်းကို ထုတ်ယူကာ လေပေါ်သို့ မြှောက်တင်လိုက်ရာ ပေ ၃၀ ခန့် ရှည်လျားသွား၏။

ရွှီဝမ်ယွင်သည် သစ်သားလှေပေါ်သို့ အရင်တက်လိုက်ပြီးအားချင်းကို သူမဘေးသို့ ဆွဲခေါ်ကာ ရှန်းယီကို ဖိတ်ခေါ်လိုက်သည်။

ရှန်းယီသာ လွန်စွာငယ်ရွယ်နုပျိုမနေဘူးဆိုလျှင် သူတို့ပုံစံက မိသားစု ၃ ယောက် သွားလာနေသလိုမျိုးပင်။

"ကြည့်ရတာ ဟုတ်မလိုလိုပဲ"

ကောင်းမွန်သောရည်ရွယ်ချက်မရှိသူများက မိသားစုလိုက် သွားလာခဲသည်မလော။

ရွှီဝမ်ယွင်က လက်သင်္ကေတ ပြုလုပ်လိုက်၏။

မထင်မှတ်ဘဲ သာမန်ရိုးကျဟု ထင်ရသော ဤသစ်သားလှေသည် နတ်ဆိုးတိမ်တိုက်ထက် အဆများစွာ ပိုမြန်နေသည်။

ရှန်းယီ အနည်းငယ် အံ့အားသင့်သွား၏။

သို့သော် သူ့အတွက်တော့ ယခုအချိန်မှာ ပိုမြန်လေ ပိုကောင်းလေပင်။

အချိန်က သိပ်မကျန်တော့ပေ။နတ်ဘုရားအသွင်ပြောင်းအဆင့်ကို ချိုးဖျက်ဝင်ရောက်ရုံသာမက ထိုအဆင့်တွင် အသန်မာဆုံးတစ်ယောက် ဖြစ်လာရန်အတွက်ပါလိုအပ်နေသည်မို့ ဖိအားများမည်မျှပြင်းထန်နေကြောင်း မှန်းဆကြည့်နိုင်လေ၏။

မဟာချန်ဆိုသည်မှာ သေးငယ်သောအင်အားသေလေး မဟုတ်ပေ။

ထို့သို့ ကြီးမားသောအဖွဲ့အစည်းကြီးကို ကာကွယ်ရန်အတွက်ဆိုပါက အနည်းဆုံး နီကျွင်းကဲ့သို့ အရည်အချင်းမျိုး ရှိမှဖြစ်မည်။

ထို့အတူ သူက ထိုအဆင့်ရောက်ရန်အတွက် သွားရမည်ခရီးကားအလှမ်းဝေးသေး၏။

...

တိမ်ဖြူလွှာများလေထဲတွင် လွင့်မျောနေပြီး စိမ်းလန်းသောတောင်တန်းများက ခန့်ညားထည်ဝါစွာ တည်ရှိနေသည်။

ဤနှစ်ခု ပေါင်းစပ်မှုက မသေမျိုးများ နေထိုင်ရာ နေရာဟု အလွယ်တကူ ထင်မြင်မိစေ၏။

ဤနေရာတွင် နေထိုင်သော ကျန်းမိသားစုဟာ မသေမျိုးဂိုဏ်းတစ်ခု မဟုတ်သော်လည်း သူတို့၏ ခိုင်မာသောအဆက်အသွယ်များကြောင့် ဂိုဏ်းခွဲတစ်ခုအနေနှင့် သတ်မှတ်နိုင်လုနီးပါးပင်။

ကျန်းမိသားစုကို ဗဟိုပြုပြီးအနီးနားရှိ မျိုးနွယ်စုငယ်လေးများစွာ စုဝေးနေကြရာ ကျင်းမိသားစုသည်လည်း တစ်ခုအပါအဝင်ပင်။

တောင်ထိပ်ပေါ်တွင် ပေဆယ်ဂဏန်းမြင့်သော ရုပ်တုကြီးတစ်ခု ရှိနေ‌၏။

လက်ထဲတွင် ကျမ်းစာအုပ်နှင့် တာအိုဓားကို ကိုင်ဆောင်ထားပြီး သက်ရှိသတ္တဝါအပေါင်းကို ငုံ့ကြည့်နေသည့်ပုံစံမှာ အမှန်တကယ်ပင် ခန့်နားထည်ဝါလှသည်။

နတ်ဆိုးများ ဝိုင်းရံနေသော ဤကဲ့သို့ နယ်မြေမျိုးတွင် ဝိညာဉ်စွမ်းအင်ကြွယ်ဝသော တောင်တန်းကြီးတစ်ခုကို ပိုင်ဆိုင်ထားရုံသာမက အခြားသူများ သို့မဟုတ် နတ်ဆိုးများ၏ပစ်မှတ်ထားခြင်းကို မကြောက်ရွံ့ဘဲ ရုပ်တုကြီးများကို ရဲရဲတင်းတင်း တည်ဆောက်ထားခြင်းက...သူတို့၏ ယုံကြည်မှု မည်မျှခိုင်မာကြောင်း ဖော်ပြနေသည်။

"အဲဒါက ကျန်းမိသားစုရဲ့ဘိုးဘေးပါ၊ မူလက ရွှမ်ကွမ်းဂူရဲ့ခေါင်းဆောင်ပိုင်း တစ်ယောက်ပေါ့၊ ဝမ်းနည်းစရာကောင်းတာက သူ့သက်တမ်းကုန်သွားပြီးလမ်းစဉ်လိုက်စားရင်း သေဆုံးသွားခဲ့တာ၊ ဒါပေမဲ့ သူချန်ထားခဲ့တဲ့ အမွေအနှစ်တွေကြောင့် ကျန်းမိသားစုက ရွှမ်ကွမ်းဂူမှာ နေရာတစ်နေရာ အမြဲ ရနေတာပါ"

ကျင်းပေဝမ်က တိမ်ဖြူရတနာပေါ်တွင် ရပ်ရင်း ပြောပြ၏။

ကျန်းမိသားစုအကြောင်း ပြောသည့်အခါ သူကိုယ်တိုင်ပင် ဂုဏ်ယူနေသလို ခံစားရကြောင်း ထင်ရှားနေသည်။

မည်သို့ပင်ဖြစ်စေ သူတို့က အိမ်တစ်ခုတွင် ခေါင်းပိုင်းနှင့်ခြေပိုင်းကဲ့သို့ ဖြစ်နေသည်မဟုတ်လော။

ထို့ကြောင့် နှစ်ကာလကြာမြင့်လာသည်နှင့်အမျှ ဤပတ်ဝန်းကျင်ရှိ မျိုးနွယ်စုငယ်များသည် ပါရမီရှိသော ကလေးတစ်ယောက်ကို မွေးစားရန် ပေးအပ်ခြင်းဖြင့် ဖြစ်စေ၊ ချောမောလှပသော မျိုးဆက်သစ်များကို လက်ထပ်ပေးခြင်းဖြင့် ဖြစ်စေ ကျန်းမိသားစုနှင့် ဆက်ဆံရေး တည်ဆောက်ရသည်ကို ဂုဏ်ယူလာကြသည်။

မည်သို့ပင်ဖြစ်စေ ဆွေမျိုးတော်စပ်ရန် နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားကြခြင်းဖြစ်၏။

ဤအရာက အလွန်ထူးဆန်းသော ကိစ္စတော့မဟုတ်ပေ။ ထို့အပြင် လက်ထပ်ထိမ်းမြားခဲ့သော ကျင်းမိသားစုအကိုင်းအခက်က သေဆုံးသွားတာ ကြာပြီဖြစ်ပြီး၊ သူက ဘိုးဘေးအဆက်အသွယ်ကို အသုံးချပြီး အကျိုးအမြတ်ရယူရန် မရှက်မကြောက်ကြိုးစားခဲ့ခြင်းကိုလည်း ပြတ်ပြတ်သားသား ငြင်းပယ်ခံခဲ့ရပြီးလေပြီ။

ယခု သူ့၏တစ်ခုတည်းသော အသုံးဝင်မှုမှာ နာမည်အားအသုံးပြု၍ လွတ်လပ်စွာဝင်ထွက်သွားလာခွင့် ရနေခြင်းဖြစ်လေ၏။

"တကယ်ပဲ ရွှမ်ကွမ်းဂူနဲ့ ဆက်စပ်နေတာပဲ"

ရွှီဝမ်ယွင်သည် ရုတ်တရက် အေးစက်စက် ရယ်မောလိုက်ပြီး ရွှီမိသားစု၏တောင်အကာအကွယ်အစီအရင်ကို လှမ်းကြည့်လိုက်၏။

လောကကြီးမှ အချိန်တစ်ခုကြာ ပျောက်ကွယ်သွားပြီးနောက် သူတို့မိသားစု၏တန်ဖိုးထားခဲ့သော ရတနာများကို နေရာတိုင်းတွင် တွေ့နေရခြင်းမှာ အလွန်ကိုရယ်မောချင်စဖွယ်ကောင်းပေ၏။

ဤအစီအရင်တစ်ခုတည်းဖြင့်ပင် နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူတစ်ယောက်အား အတော်လေး အားစိုက်ထုတ်ရမှာ သေချာသည်။

"ဒါပေါ့"

ကျင်းပေဝမ်က ရှန်းယီဘက်သို့ လှည့်ကြည့်လိုက်၏။ သူ့တာဝန်က သတင်းအချက်အလက် မှန်ကန်ကြောင်း သက်သေပြဖို့ဖြစ်ပြီး ကျန်းမိသားစုကို ပြစ်မှားဖို့ မဟုတ်ပေ။

"စီနီယာ... ကျွန်တော်ပဲ စကားပြောလိုက်ပါမယ်"

လူငယ်လေး၏ခွင့်ပြုချက် ရပြီးနောက်၊

ကျင်းပေဝမ်သည် အိမ်တော်ဝင်းဆီသို့ ဖြည်းညှင်းစွာ ဆင်းသက်လိုက်၏။ တံခါးစောင့်အား တစ်စုံတစ်ခု တီးတိုးပြောလိုက်ပြီး ကောင်းကင်ပေါ်သို့ လက်ညှိုးထိုးပြလိုက်သည်။

နောက်တစ်ခဏတွင် လူနှစ်ယောက် ရှေ့တိုးလာပြီး ကျင်းပေဝမ်ကို ကျောက်လှေကားထစ်များဆီသို့ တွန်းထုတ်လိုက်၏။

"ဒီအဘိုးကြီး... ငါတို့သခင်က နောက်ထပ် နှစ်အနည်းငယ်အတွင်း ဧည့်သည်မတွေ့ဘူးလို့ ပြောထားတာတောင် ကျန်းမိသားစုဆီ လူခေါ်လာရဲသေးတယ်၊ အသက်မရှင်ချင်တော့ဘူးလား"

"..."

ရွှီဝမ်ယွင် တိတ်ဆိတ်နေပြီး ဘေးသို့ လှည့်ကြည့်လိုက်ရာ ရှန်းယီ၏မျက်လုံးများတွင်လည်း သံသယရိပ်များ ဖြတ်သန်းသွားသည်ကို သတိထားမိလိုက်သည်။

အဘိုးကြီးမှာ အရှိန်အဝါ မရှိ၍မဟုတ်ပေ။မည်သို့ပင်ဖြစ်စေ ကျင်းပေဝမ်မှာ အမြုတေစွမ်းအင်စုစည်းခြင်းအဆင့် စစ်သည်တော် တစ်ယောက်ဖြစ်လေ၏။

သာမန် တံခါးစောင့် လူငယ်လေးများကပင် သူ့အားအနိုင်ယူနိုင်လျှင်၊ သူတို့တွက် တကယ်ပင် ယခုလိုမျိုးအင်အားရှိနေပါက မဟာချန်မင်းဆက်အားမဟာမိတ်အဖြစ်ကနေ နှုတ်ထွက်ခိုင်းပြီး ကျန်းမိသားစုအား အစားထိုးခိုင်းလိုက်သည်ကမှ ပိုကောင်းဦးမည်။

All Chapters