ကျန်းမိသားစုအတွင်းသို့ စိမ့်ဝင်ခြင်း
Vol. 29 Ch. 283
မည်သို့သော ဉာဏ်နီဉာဏ်နက်များ သုံးနေသနည်း။ဟန်ဆောင်နေခြင်းလော။
အားချင်းသည်ပင်လျှင် တစ်စုံတစ်ခုလွဲချော်နေကြောင်းရိပ်မိနေသော်လည်း အဘယ်ကြောင့်ဆိုသည်ကိုမူ ဝေခွဲမရ ဖြစ်နေရှာသည်။
အကယ်၍ ကျင်းပေဝမ်သည် အားကိုးရမည့် ကျောထောက်နောက်ခံ ရှာတွေ့ပြီဟု ယူဆကာ ရှန်းယီ၏သဘာဝရတနာများကို အတင်းအဓမ္မ ရယူလိုသည်ဆိုပါက၊ အိမ်ပေါက်ဝသို့ ရောက်ရှိနေပြီဖြစ်ရာအဘယ်ကြောင့်တိတ်တဆိတ် ပုန်းအောင်းမနေဘဲ ဤကဲ့သို့ အပိုလုပ်ရပ်များဖြင့် သရုပ်ဆောင်ညံ့ဖျင်းနေရပါသနည်း။
"ကျွန်တော်..."
ကျင်းပေဝမ်သည် ယိုင်နဲ့နဲ့မတ်တတ်ရပ်လိုက်ပြီး ကောင်းကင်သို့ မော့ကြည့်လိုက်ရာ မျက်လုံးများထဲ၌ ထိတ်လန့်တုန်လှုပ်မှု အရိပ်အယောင်များ ပြည့်နှက်နေလေ၏။
ဤကဲ့သို့သော အပြုအမူသည် ရှန်းယီအား အထင်အမြင်လွဲမှားစေနိုင်ကြောင်း သူနားလည်လိုက်ပုံရ၏။
သို့သော် သူသည် လွတ်လပ်သောကျင့်ကြံသူ တစ်ဦးအသွင်ဖြင့် လာခဲ့ခြင်း ဖြစ်ပေသည်။
အလွန်အမင်းနှိမ့်ချလွန်းနေပြီး နေရာ၌ပင် အကုန်ရှင်းပြလိုက်ပါက သူ၏အဖြစ်မှန် ပေါ်သွားပေလိမ့်မည်။
လှည့်စားသောလမ်းကို ရွေးချယ်မိပြီးဖြစ်ရာ နောက်ပြန်လှည့်၍ မရတော့ချေ။ နှစ်ဖက်လုံးကို စိတ်ငြိုငြင်စေမိပါက အသက်အန္တရာယ် ကြုံတွေ့ရမည်ကို သူစိုးရိမ်မိသည်။
ထို့ပြင် ထိုတံခါးစောင့်လူငယ်နှစ်ဦး၏ ခွန်အားမှာ အလွန်ကြီးမားပြီး ကြောက်မက်ဖွယ်ကောင်းလှရာ အလွန်ပင် ထူးဆန်းနေလေ၏။
ထိုအတွေးဖြင့် ကျင်းပေဝမ်သည် အကြည့်ကိုလွှဲလိုက်ပြီး ဒေါသထွက်သော ပုံစံဖမ်းလိုက်လေ၏။
"အဓိပ္ပာယ်မရှိတာ ငါက ကျန်းမိသားစုရဲ့ ဆွေမျိုးတော်စပ်သူပါကွ၊ ဘာကိစ္စနဲ့ငါ့ကို အပြင်မှာ တားထားရတာလဲ။ ကျန်းမိသားစုအပေါ် ငါ့သစ္စာတရားက အပြည့်ရှိတယ်။ ဒီလူကြီးမင်းတွေက ကျန်းမိသားစုရဲ့ ဂုဏ်သတင်းကို ကြားဖူးလို့ အထူးတလည် လာရောက်လည်ပတ်တဲ့ ငါ့မိတ်ဆွေတွေပဲ။ မရိုင်းကြနဲ့"
သူ၏စကားများမှာ ကျန်းမိသားစုအကြောင်း ဗဟိုပြုနေသော်လည်း သူ၏သစ္စာတရားအစစ်အမှန်မှာမူ အခြားတစ်ပါးသူထံ၌ ရှိနေခြင်း ဖြစ်သည်။
ရွှီဝမ်ယွင်၏ မျက်နှာထက်၌ ထူးဆန်းသော အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားလေသည်။
သူမသည် ဘေးနားရှိ လူငယ်လေးအား တိတ်တဆိတ် ခိုးကြည့်လိုက်မိ၏။
ဤအဘိုးကြီးကို ဤမျှအထိ ကြောက်ရွံ့သွားအောင်ပြုလုပ်နိုင်ရန် သူသည် မည်သို့သော စွမ်းရည်မျိုး ပိုင်ဆိုင်ထားပါသနည်း။
"..."
ရှန်းယီ၏ သံသယစိတ်သည် အစကတည်းက ကျင်းပေဝမ်အပေါ်၌ မရှိဘဲ တံခါးစောင့် လူငယ်နှစ်ဦးအပေါ်၌သာ ရှိနေခဲ့သည်။
သူတို့ လှုပ်ရှားလိုက်သော ခဏတာ၌သူတို့၏ ချီအတက်အကျ လုံးဝမရှိခဲ့ပေ။
ထိုကဲ့သို့သော မြင်ကွင်းမျိုးမှာ ရှန်းယီအတွက် မစိမ်းလှချေ။
အဘယ်ကြောင့်ဆိုသော် သူသည် ခရီးတစ်လျှောက်လုံး ခန္ဓာကိုယ်သန့်စင်ခြင်း သိုင်းပညာကိုသာ အားကိုးခဲ့ရပြီး တိုက်ခိုက်ချိန်၌ ချီစွမ်းအင် အသုံးပြုရန် မလိုအပ်ဘဲ ဤအချက်ကို အခွင့်ကောင်းယူကာ အကြိမ်ကြိမ် အနိုင်ယူခဲ့ဖူးသူ ဖြစ်သဖြင့် ဤနည်းစနစ်ကို ကောင်းစွာ နားလည်ထားပေသည်။
သို့သော် ခန္ဓာကိုယ်သန့်စင်ခြင်း သိုင်းပညာသည် ပါရမီအပေါ် မမူတည်ဘဲ အချိန်များစွာပေး၍ ပင်ပန်းကြီးစွာ ကြိုးစားအားထုတ်မှုအပေါ် မူတည်လေရာ စုဆောင်းမိရန် အချိန်အမြောက်အမြား လိုအပ်ပေ၏။
ကျင်းပေဝမ်သည် ကျန်းမိသားစုနှင့် ရင်းနှီးသူ ဖြစ်ပေသည်။ အကယ်၍သာ ခန္ဓာကိုယ်သန့်စင်ခြင်း သိုင်းပညာ ဟုတ်ခဲ့ပါက သူလုံးဝမသိဘဲ နေမည် မဟုတ်ချေ။ ယခုလေးတင် မြေပြင်ပေါ် တွန်းလှဲခံလိုက်ရချိန်၌ ကြောင်အမ်းအမ်းဖြင့် ထိတ်လန့်သောပုံစံ ပြသမည် မဟုတ်ပေ။
ခန္ဓာကိုယ်သန့်စင်ခြင်း သိုင်းပညာတိုးတက်မှုကို မြန်ဆန်စေသော အရာများ ရှိစမြဲပင်။
ဥပမာအားဖြင့် ဗာဂျရာဂိုဏ်း၌ ဗာဂျရာဗောဓိရတနာသစ်ပင် ရှိခဲ့သကဲ့သို့ ဖြစ်သည်။
ကျန်းမိသားစုတွင် ရတနာအပင်တစ်မျိုးမျိုး ရှိနေခြင်း သို့မဟုတ် ခန္ဓာကိုယ်သန့်စင်ခြင်း သိုင်းပညာနှင့် ဆင်တူသော နည်းစနစ်တစ်ခုခုကို တတ်မြောက်ထားခြင်း ဖြစ်နိုင်ပေသည်။
မည်သို့ပင်ဖြစ်စေ ရှန်းယီကတော့ ဤအရာကို စိတ်ဝင်စားစရာ ကောင်းသည်ဟု ရှုမြင်လေ၏။
"ဆွေမျိုးတော်စပ်သူ..."
တံခါးစောင့်နှစ်ဦးက ရုတ်တရက် မဲ့ပြုံးပြုံးလိုက်ကြသည်။ ထို့နောက် လက်ပိုက်လျက် မာန်တက်သော ပုံစံဖြင့် ပြောဆိုလိုက်ကြ၏။
"မိသားစုခေါင်းဆောင်က ဧည့်သည်မတွေ့ဘူးလို့ ပြောလိုက်တယ်။ ခင်ဗျားရဲ့မျက်နှာက ဒီနေရာမှာ အရာမဝင်ဘူး။ ဘယ်မိသားစုက လာလည်တဲ့သူပဲဖြစ်ဖြစ် ပြန်ခေါ်သွားလိုက်တော့"
ကျင်းပေဝမ်မှာ ခေတ္တမျှ ကြောင်အမ်းသွားပြီးမှ ရုတ်တရက် သဘောပေါက်သွားကာ၊ ထိုသူနှစ်ဦး၏ တည်ကြည်လေးနက်သော အမူအရာကြောင့် သူ့ကို သက်သက်မဲ့ ရန်ရှာနေခြင်း မဟုတ်မှန်း သိလိုက်ရသည်။
သူ စိုးရိမ်လာမိတော့၏။ အကယ်၍ ယနေ့ ရှန်းယီကို ကျန်းမိသားစုထဲ မခေါ်ဆောင်သွားနိုင်ပါက သဘာဝရတနာများ ပြန်ပေးရခြင်းမှာ အသေးအဖွဲ ကိစ္စမျှသာ ရှိသေးသည်။ ရှန်းယီက သူ့အား လှည့်စားသည်ဟု ထင်မှတ်ပြီး ဒေါသထွက်ကာ သတ်ဖြတ်လိုက်မည်ကို အမှန်တကယ် ဖြစ်နိုင်ချေရှိကြောင်း သူတွေးမိလေ၏။
ကျင်းပေါက်ဝမ်သည် အသံကို နှိမ့်ချကာ ပြောဆိုလိုက်၏။
"သူတို့က လွတ်လပ်တဲ့ကျင့်ကြံသူ မိသားစုတွေပါ၊ သူတို့ရဲ့ကျင့်ကြံခြင်းအဆင့်က ကနဦးအဆင့် ဟွမ်ယွမ်ကို ရောက်နေပြီ။ အခုမှ တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာပြီး ကျောထောက်နောက်ခံ ရှာဖို့ ပြင်ဆင်နေကြတာ။ကျုပ်အခက်အခဲ အမျိုးမျိုးကြားကနေ သူတို့ကို ကျန်းမိသားစုဆီ ခေါ်လာခဲ့တာပါ... ကျေးဇူးပြုပြီး ခြွင်းချက်အနေနဲ့ ခွင့်ပြုပေးပါဗျာ"
လွတ်လပ်သောကျင့်ကြံသူများဆိုသည်မှာ ပုံမှန်အားဖြင့် ဆင်းရဲဒုက္ခ၏ ပြယုဂ်များပင်။
သို့သော် ခြွင်းချက်များတော့ ရှိတတ်စမြဲပင်။လောကကြီးနှင့် အဆက်ဖြတ်ကာ နေတတ်သူများဆိုလျှင် အင်အားကြီးမားရုံသာမက ထူးခြားသော နည်းစနစ်များကိုပါ ပိုင်ဆိုင်ထားတတ်ကြသည်။
အင်အားစု အများစုသည် သူတို့ကို အလွယ်တကူ ငြင်းပယ်လေ့ မရှိကြပေ။
ထိုစကားကို ကြားသောအခါ တံခါးစောင့်နှစ်ဦးသည် လက်များကို ဖြည်းညှင်းစွာ လျှော့ချလိုက်ကြ၏။
ထို့နောက် တစ်ဦးနှင့်တစ်ဦး ကြည့်လိုက်ကြသည်။
သစ်သားလှေပေါ်တွင် ကနဦးအဆင့် ဟွမ်ယွမ်အရှင်သခင် တစ်ပါး ပါလာသည်ကို သူတို့ ခန့်မှန်းမိပုံရသော်လည်း လွတ်လပ်သောကျင့်ကြံသူ ဖြစ်နေမည်ဟုမူ မထင်ထားခဲ့ကြချေ။
လွတ်လပ်သောကျင့်ကြံသူ ဆိုသည်မှာ နောက်ခံမရှိခြင်း... ထို့အတူ နောက်ဆက်တွဲ ဆိုးကျိုးများကိုလည်း ဂရုမစိုက်တတ်ကြခြင်းပင် ဖြစ်သည်။
"နေဦး၊ ငါ သွားမေးလိုက်မယ်"
ဘယ်ဘက်မှလူသည် ခေါင်းငြိမ့်ပြပြီး တောင်ပေါ်အိမ်တော်ထဲ ဝင်ရောက်သွားလေ၏။
"ဒီလို အင်အားစုတွေက ပုံမှန်အားဖြင့် ဘယ်လို အင်အားမျိုး ရှိတတ်လဲ"
ရှန်းယီသည် ဘေးနားရှိ အမျိုးသမီးနှစ်ဦးကို စောင်းငဲ့ကြည့်ပြီး မေးမြန်းလိုက်၏။
အားချင်းက ဝင်ပြောရန် ပြင်လိုက်စဉ် ဒေါ်လေးဖြစ်သူက ဦးအောင်ပြောလိုက်သည်။
"အပြင်လောကမှာတော့ ပထမတန်းစား အင်အားစုဆိုတာ နတ်ဘုရားအသွင်ပြောင်းအဆင့် နဲ့ ညီမျှတယ်လို့ ပြောလို့ရတယ်။ သူတို့ဆီမှာ တကယ့် နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူ ရှိတာဖြစ်နိုင်သလို၊ အဲဒီအဆင့်နဲ့ ညီမျှတဲ့ နည်းလမ်းတွေ ပိုင်ဆိုင်ထားတာလည်း ဖြစ်နိုင်တယ်။ အနည်းဆုံးတော့ သူတို့ကို ကူညီပေးဖို့ နတ်ဘုရားအသွင်ပြောင်းအဆင့် အရှင်သခင်တစ်ပါးကို ဖိတ်ခေါ်နိုင်စွမ်း ရှိကြတယ်"
"ကျန်းမိသားစုကတော့ ဒုတိယအမျိုးအစားမှာ ပါတာ သေချာတယ်"
"တကယ့် နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူ လာရန်ရှာရင်တောင်မှ ရွှမ်ကွမ်းဂူက အကူအညီ မရောက်လာခင်အထိ တောင်အကာအကွယ်အစီအရင်နဲ့ ခဏတာ တောင့်ခံထားနိုင်တယ်"
ရွှီဝမ်ယွင်က ဆက်လက်ပြောပြလေ၏။
"ပထမတန်းစား အထက်မှာဆိုရင်တော့ မသေမျိုးဂိုဏ်း နဲ့ မဟာချန်လို အင်အားစုတွေပဲ ရှိတော့တယ်။ သူတို့ဆီမှာ နတ်ဘုရားအသွင်ပြောင်းအဆင့်ကျင့်ကြံသူ အနည်းဆုံး ၁၀ ယောက်လောက် ရှိကြတယ်။ သူတို့က ဒေသကြီးတွေရဲ့ ဘီလူးကြီးတွေပဲ၊ ဘယ်သူမှ မထိရဲကြဘူး။ ရှင် သူတို့နဲ့ ဝေးဝေးနေတာ အကောင်းဆုံးပဲ။ အဲဒီလို အင်အားစုက ကျင့်ကြံသူတွေက တခြားသူတွေကို အထင်သေးကြတယ်၊ ကျွန်မတို့ကို သူတို့ အသုံးချစရာ အသားတုံးတွေလို့ပဲ မြင်ကြတာ"
"..."
ဤအမျိုးသမီးသည်လည်း အားချင်းကဲ့သို့ပင် စာအုပ်များထဲမှ သတင်းအချက်အလက်များကို ရှာဖွေထားသူဖြစ်ကြောင်း ရှန်းယီ သေချာသွားလေသည်။
မဟာချန်တွင် ၁၀ ယောက်မဆိုထားနှင့်၊ သူ့မှလွဲလျှင် ကျန်သည့်တစ်ယောက်မှာလည်း မိုက်မဲပြီး ဉာဏ်နည်းသူသာ ရှိလေ၏။
ဤသို့ အထွတ်အထိပ် အင်အားစုဆိုသော နာမည်မှာ မှားယွင်းနေပြီ ဖြစ်သည်။
"ဒါနဲ့ ရှင်က ဘာလို့ ဒါကို မေးတာလဲ"
ရွှီဝမ်ယွင် ရုတ်တရက် သတိဝင်လာပြီး မျက်မှောင်ကြုတ်ကာ အံ့ဩသွားလေ၏။
"ရှင် သူတို့ရဲ့ စွေ့သစ်သားကို ခိုးဖို့ စဉ်းစားနေတာတော့ မဟုတ်ပါဘူးနော်... နောက်တာတွေ ရပ်လိုက်ပါ၊ တကယ့် နတ်ဘုရားအသွင်ပြောင်းအဆင့် ကျွမ်းကျင်သူကို ဖိတ်ခေါ်လာရင်တောင် သူတို့က ဒီလိုတောင်းဆိုမှုကို လိုက်လျောရဲမယ် မထင်ဘူး"
"မေးကြည့်ရုံပါ"
ရှန်းယီသည် သတ်ဖြတ်ခြင်းတစ်ခုတည်းကိုသာ သိနားလည်သည့် လူရိုင်းတစ်ယောက် မဟုတ်ပေ။
သူ ခိုးယူရန် ဆုံးဖြတ်လိုက်လျှင်ပင် ဤပစ္စည်းက သူ့အတွက် အသုံးဝင်ခြင်း ရှိမရှိ အရင်ကြည့်ရပေဦးမည်၊ သို့မဟုတ်ပါက အမွှေးတိုင်ယုံကြည်မှုစွမ်းအားများ ဖြုန်းတီးရာ ရောက်နေမည် မဟုတ်ပါလော။
ထိုအတွေးဖြင့် သူသည် ချင်းဟွာအား နတ်ဝိညာဉ်မှတစ်ဆင့် ဆက်သွယ်လိုက်၏။
"မင်း ဘယ်လောက်ကြာဦးမှာလဲ"
"သခင်ကြီး၊ ၁၀ ရက်ဆို လုံလောက်ပါပြီ။ ချင်းဟွာ အမြန်ဆုံး ပြန်လာခဲ့ပါ့မယ်၊ ကျေးဇူးပြုပြီး စောင့်နေပေးပါ..."
အစားထိုးခံရမည်ကို ကြောက်ရွံ့၍ တုန်လှုပ်နေသော ချင်းဟွာ၏လေသံကို နားထောင်ပြီးနောက် ရှန်းယီသည် တစ်ဖက်လူ၏ ဗလုံးဗထွေး စကားများကို ဖြတ်ချလိုက်လေသည်။
အမွှေးတိုင် တစ်ဝက်စာခန့် ကြာမြင့်ပြီးနောက်။
တောင်ပေါ်အိမ်တော်တံခါးကို စောင့်ကြပ်နေသူသည် ကျောက်စိမ်းပြားတစ်ခုကို ဖြည်းဖြည်းချင်း ထုတ်ယူလိုက်ပြီး သတင်းစကားကို နားထောင်ပြီးနောက် ကောင်းကင်ဘက်သို့ လက်သီးဆုပ်လိုက်လေ၏။
"ကျေးဇူးပြုပြီး ဝင်ခဲ့ကြပါ"
ကျင်းပေဝမ်၏ မျက်နှာသည် ချက်ချင်းဆိုသလို အပြုံးများဖြင့် လင်းလက်သွားပြီး ဝင်ရောက်ရန် ပြုလိုက်သော်လည်း ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် တစ်စုံတစ်ယောက်က လက်မောင်းကို ဆွဲကိုင်ပြီး အပြင်သို့ တွန်းထုတ်လိုက်လေ၏။
"ငါက အရှင်သခင်ကို ဝင်ခိုင်းတာ၊ မင်းကို မဟုတ်ဘူး။ ထွက်သွားစမ်း"
တံခါးစောင့်က သူ့အား အထင်သေးသော အကြည့်ဖြင့် ပြောလိုက်သည်။
"..."
ကျင်းပေဝမ်၏ မျက်နှာထားမှာ မရေမရာ ဖြစ်သွားပြီး အိမ်တော်ထဲသို့ ခိုးကြည့်လိုက်လေသည်။
ဤလူများ တစ်စုံတစ်ရာ ဖုံးကွယ်ထားသည်ဟု သူ ခံစားမိ၏။ သူသာ ခိုးဝင်ပြီး သတင်းအချို့ ရရှိခဲ့ပါက နောင်တွင်ဈေးကောင်းကောင်းဖြင့် ပြန်ရောင်းနိုင်မည် မဟုတ်ပါလော။
ယခုမူ သူ ပြန်မသွားချင်တော့ပေ။
"အရှင်သခင်ရှန်းနဲ့ ကျွန်တော်က မိတ်ဆွေကောင်းတွေပါ၊ သူက ကျွန်တော့်ကို ဘေးနားမှာ ခေါ်ထားလေ့ရှိတယ်..."
ထိုစကားကို ကြားသောအခါ တံခါးစောင့်သည် အဘိုးကြီးအား မဲ့ပြုံးပြုံးဖြင့် ကြည့်လိုက်ပြီး ခေတ္တမျှ စဉ်းစားပြီးနောက် လမ်းဖယ်ပေးလိုက်လေ၏။
"ကောင်းပြီလေ"
ရွှီဝမ်ယွင်က ပျံသန်းလှေကို ပြန်လည်သိမ်းဆည်းလိုက်သည်။
သူတို့သုံးဦး ကောင်းကင်ပေါ်မှ ဆင်းသက်လာပြီး တံခါးစောင့်နောက်မှတစ်ဆင့် တောင်ပေါ်အိမ်တော်ထဲ ဝင်ရောက်သွားကြလေ၏။
"လေးစားရတဲ့ အရှင်သခင်ရဲ့ မျိုးရိုးနာမည်ကို မေးခွင့်ပြုပါ"
"ရှန်း"
အပြင်ထွက်သွားလာသည့်အခါ ပုံမှန်အားဖြင့် နာမည်တုကို အသုံးပြုလေ့ ရှိကြသည်။
သို့သော် ခြွင်းချက်များတော့ ရှိတတ်စမြဲ၊ ဥပမာ မိမိနာမည်ရင်းကို မည်သူမျှ မသိကြသည့် အချိန်မျိုးတွင် ဖြစ်သည်။
ရှန်းယီသည် ထိုကဲ့သို့သော အခြေအနေမျိုးတွင် ရှိနေခြင်းပင်။
ရွှမ်ကွမ်းဂူမှဖြစ်စေ၊ နတ်ဆိုးတစ်ထောင်ဂူမှဖြစ်စေ သူ့နာမည်ကို သိရှိသူ မည်သူမျှ အရှင်မရှိတော့ပေ။ ထို့ပြင် သူ ကျင့်ကြံလာခဲ့သည်မှာလည်း တစ်နှစ်ကျော်သာ ရှိသေးသည်။
ထို့ကြောင့် အလယ်အလတ်အဆင့် ဟွမ်ယွမ် အရှင်သခင်တစ်ပါး ဖြစ်နေသော်လည်း သူသည် လုံးဝအမည်မသိရသူ ဖြစ်နေလေတော့သည်။