ထိပ်တန်းအဆင့် ဝိညာဉ်လက်ဖက်ရည်
Vol. 29 Ch. 284
"အရှင်သခင်ရှန်း... ဒီဘက်ကို ကြွပါခင်ဗျာ။"
တံခါးစောင့်က လက်ကိုဆန့်တန်းကာ ပေါ့ပေါ့ပါးပါးပင် လမ်းပြလိုက်လေ၏။
မျိုးရိုးနာမည်ကို မေးမြန်းသည်မှလွဲ၍ အခြားမည်သည့် သတင်းအချက်အလက်ကိုမျှ ထပ်မံ မမေးမြန်းတော့ပေ။
ရွှီဝမ်ယွင်သည် လက်ကိုနောက်ပစ်ထားပြီး ကျယ်ဝန်းသောဝတ်ရုံလက်ထဲတွင် ငန်းဥအရွယ်အစားရှိသော ကျောက်တုံးတစ်တုံးကို ဝှက်ထားလိုက်၏။
"တစ်ခုခုတော့ လွဲနေသလိုပဲ။"
"ဘာတွေ လွဲနေလို့လဲ။"
အားချင်းက ရိုးသားစွာပင် နောက်မှ လိုက်ပါလာရင်း မေးလိုက်၏။
"ငါတို့က လွတ်လပ်ကျင့်ကြံသူတွေအနေနဲ့ လာတာလေ။ တကယ်လို့များ ကျန်းမိသားစုက ငါတို့လိုလူတွေကို စုဆောင်းဖို့ ရည်ရွယ်ချက်ရှိတယ်ဆိုရင်တောင် ငါတို့ ဘယ်ကလာလဲဆိုတာကို ဂရုမစိုက်လောက်အောင်အထိ လစ်လျူရှုပြီး တန်းဝင်ခိုင်းပါ့မလား။"
ရွှီဝမ်ယွင်သည် ရှန်းယီ၏ဘေးမှ ဖြည်းညှင်းစွာ လျှောက်လာရင်း ပြောလိုက်၏။
"ဒါပေမဲ့ ငါတို့ ဝင်လာပြီးပြီပဲလေ။"
အားချင်းက ပတ်ဝန်းကျင်ကို သတိထားကြည့်ရှုရင်း ပြောလိုက်သည်။
"သူ့ကို ဘယ်သူက သိမှာလဲ။ ကြည့်ရတာ နှုတ်ဆိတ်ပြီး ထုံထိုင်းထိုင်းပုံစံပဲ။ လောကအတွေ့အကြုံမရှိတဲ့ လူသစ်ဖြစ်မယ် ထင်တယ်။"
ရွှီဝမ်ယွင်သည် ငန်းဥကျောက်တုံးမှတဆင့် အသံပေးပို့ ပြောကြားရင်း ရှန်းယီကို ပြုံးပြလိုက်သည်။
သို့သော် လူငယ်လေးက သူမကို လှမ်းကြည့်ရုံသာ ကြည့်လိုက်ပြီး ဘာမှ ပြန်မပြောပေ။
"ဟွန့်... မာနကြီးလိုက်တာ။"
ရွှီဝမ်ယွင် နှုတ်ခမ်းဆူလိုက်ပြီး မျက်နှာလွှဲလိုက်သော်လည်း အားချင်း၏သတိထား ပြောဆိုသော အသံကို ကြားလိုက်ရ၏။
"တကယ်တော့ အစ်ကိုကြီးရှန်းရဲ့ စိတ်သဘောထားက တော်တော်လေး ကောင်းပါတယ်။"
"နင် ဘာကို ဆိုလိုတာလဲ။"
ရွှီဝမ်ယွင်၏ ခြေလှမ်းများ အနည်းငယ် နှေးကွေးသွား၏။
တစ်ခုခုကို သတိရသွားပုံရပြီး သူမ ထူးဆန်းစွာ မေးလိုက်သည်။
"နင် သူ့ကိုအသံပို့ကျောက်တုံး ပေးမထားဘူး မဟုတ်လား။"
"ပေးထားတယ်လေ..."
အားချင်း၏ အဖြေကို ကြားလိုက်ရသောအခါ ရွှီဝမ်ယွင်၏ ခန္ဓာကိုယ်မှာ ရှက်ရွံ့မှုကြောင့် တောင့်တင်းသွားရလေသည်။
"ငါ ဆိုလိုတာက အဲဒါ မဟုတ်..."
ထိုအချိန်တွင် ရှန်းယီသည် တံခါးစောင့်နောက်သို့ လိုက်ပါသွားပြီး ဘေးခန်းမဆောင်တစ်ခုထဲသို့ ရောက်ရှိနေပြီ ဖြစ်သည်။
အတွင်း၌ လူသုံးဦးသာ ထိုင်နေကြ၏။ သူတို့သည် ဧည့်သည်အသစ်များကို ထ၍ပင် မနှုတ်ဆက်ကြပေ။
ထိုအထဲမှ အသက်အကြီးဆုံးဖြစ်သူသည် အစိမ်းရင့်ရောင် ဝတ်ရုံကိုဝတ်ဆင်ထားပြီး သွယ်လျသောလည်ပင်းတွင် ဖျော့တော့သော အမည်းကွက်များ ဖုံးလွှမ်းနေကာ လက်များကို ကျယ်ဝန်းသော ဝတ်ရုံလက်အိတ်ထဲတွင် ဝှက်ထားသဖြင့် သက်မဲ့အငွေ့အသက်များ ထွက်ပေါ်နေလေသည်။
"ဒါက ကျန်းမိသားစုရဲ့ ဒုတိယဘိုးဘေးပါ။ ကျုပ်တို့ မိသားစုခေါင်းဆောင်ရဲ့ သွေးရင်းညီအစ်ကိုပေါ့။"
တံခါးစောင့်က ရိုသေစွာ မိတ်ဆက်ပေးပြီးနောက် ဆက်ပြော၏။
"ဒါကတော့ အပြင်ကနေ ရောက်လာတဲ့ အရှင်သခင်ရှန်း ပါ။"
"ထိုင်ကြပါ။"
ကျန်းမိသားစု၏ ဒုတိယဘိုးဘေးဖြစ်သူက ဂရုမစိုက်သလို မော့ကြည့်လိုက်ပြီး အခြားနှစ်ယောက်ကလည်း လူငယ်လေးကို လှည့်ကြည့်လာကြသည်။
ရှန်ရီသည် ခေါင်းအနည်းငယ်ညိတ်ပြပြီး တည်ငြိမ်စွာပင် ဝင်ထိုင်လိုက်၏။
သူ့၏အမူအရာကို ကြည့်ရှုရင်း ထိုသူများသည် အချင်းချင်း အကြည့်ဖလှယ်လိုက်ကြရာ ထူးဆန်းသော အရောင်တစ်ခု မျက်လုံးထဲတွင် ဖြတ်သန်းသွားသည်။
မကြာမီ ရွှီဝမ်ယွင်နှင့် အားချင်းတို့လည်း အနည်းငယ် နောက်ကျပြီး ခန်းမဆောင်ထဲသို့ ဝင်ရောက်လာကြ၏။ ဝင်ဝင်ချင်းမှာပင် မှိုင်းညို့နေသော လေထုကြောင့် မျက်မှောင်ကြုတ်မိသွားကြသည်။
မှိန်ဖျော့ဖျော့ ခန်းမဆောင်သည် အလင်းနှင့် အရိပ်ပင် မရှိသလောက်ဖြစ်နေပြီး ဖိစီးမှုများကို ပိုမို တိုးပွားစေသည်။
ထိပ်ဆုံးထိုင်ခုံပတ်လည်မှ အလောင်းကောင်ကဲ့သို့လူများသည် ဖိစီးနေသောလေထုကို ပိုမို အေးစက်သွားစေသည်။
ရွှီဝမ်ယွင်သည် နေရထိုင်ရ ခက်ခဲစွာဖြင့် အားချင်းနှင့်အတူ ရှန်းယီဘေးတွင် ဝင်ထိုင်လိုက်၏။
သူမသည် ငန်းဥကျောက်တုံးမှတဆင့် အသံပို့လိုက်သည်။
"တစ်ယောက်က အထွတ်အထိပ်အဆင့်၊ နှစ်ယောက်က အဆင့်မြင့်ပဲ။"
ဤအရာသည် အလွန်တရာ ထိတ်လန့်ဖွယ်ကောင်းသော အင်အားအခြေခံ ဖြစ်သည်။
သူတို့က ရွှမ်ကွမ်းဂူဟူသော သစ်ပင်ကြီးကို ကျောထောက်နောက်ခံ ပြုထားသည်မှာ အံ့သြစရာ မဟုတ်ပေ။
"ဒါတွေက ဘယ်သူတွေလဲ။"
ဒုတိယဘိုးဘေးက ရှတတအသံဖြင့် မေးလိုက်၏။
"ရှန်းမျိုးနွယ်ရဲ့ သားမယားတွေပါ။" ရှန်းယီက မျက်နှာမပျက် ပြန်ဖြေလိုက်၏။ ရွှီဝမ်ယွင်က အချိန်ကိုက်ပင် လူအိုကြီးကို ခေါင်းညိတ်ပြလိုက်သည်။
အားချင်း၏အပြုံးကသာ အနည်းငယ် တောင့်တင်းနေပြီး ရှင်းပြ၍မရလောက်အောင်ပင် အစ်ကိုကြီးရှန်း၏ သားဖြစ်သွားရရှာသည်။
"သခင်လေးက ပါရမီရှိပြီး ရုပ်ရည်လည်း ချောမောခန့်ညားသားပဲ။အဖေတူသား ဆိုတဲ့ စကားပုံက တကယ် မှန်တာပဲ။"
အခြားလူကြီးတစ်ဦးက ယဉ်ကျေးစွာ ချီးကျူးလိုက်၏။
"မဆိုးပါဘူး။"
မိမိ၏ မျိုးဆက်အကြောင်း ပြောလာသောအခါ ရှန်းယီ၏ မျက်လုံးထဲတွင် ဂုဏ်ယူမှု အရိပ်အယောင် အနည်းငယ် ပေါ်လာ၏။
လူကြီးများ ရယ်မောလိုက်ကြ၏။
ထိုအချိန်ကျမှသာ လူငယ်လေးသည် တောရိုင်းနယ်မြေမှလာသူဖြစ်ကြောင်း လက္ခဏာအချို့ ပြသလာခြင်း ဖြစ်သည်။
သူ့၏ ကျင့်ကြံခြင်းအဆင့်မှာ မဆိုးသော်လည်း လောကအတွေ့အကြုံ နည်းပါးပုံရသည်၊ တကယ့်ကို ရေတွင်းထဲမှ ဖားတစ်ကောင်ပင်။
"လက်ဖက်ရည် ချလိုက်ပါ။"
ဒုတိယဘိုးဘေး၏ အသံ ထွက်ပေါ်လာ၏။
မကြာမီ အိမ်ဖော်မလေးတစ်ဦးက လက်ဖက်ရည်ခွက်များကို လာချပေးပြီး ရိုသေစွာ ဦးညွှတ်ကာ အမြန် ပြန်ထွက်သွားလေသည်။
ကျင်းပေဝမ်မှာ ထောင့်တစ်နေရာတွင် ကျပ်တည်းစွာ ထိုင်နေရပြီး လက်ဖက်ရည်တိုက်ခံရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ရွှီဝမ်ယွင်သည် ယဉ်ကျေးစွာပင် လက်ဖက်ရည်ခွက်ကို မော့ကာ တစ်ငုံ သောက်လိုက်ပြီးနောက် အံ့သြမှုများ မျက်လုံးထဲတွင် ပြည့်နှက်သွား၏။
"ဝိညာဉ်လက်ဖက်ရည်က အရမ်းမွှေးတာပဲ... နာမည်များ ရှိပါသလား။"
လက်ဖက်ရည် တစ်ငုံသာ သောက်ရသေးသော်လည်း အဖိုးတန်ဆေးဝါးကဲ့သို့ ခံစားလိုက်ရပြီး ဝိညာဉ်စွမ်းအင်များ ပြည့်ဝနေကာ တစ်ကိုယ်လုံး လန်းဆန်းတက်ကြွသွားစေသည်။
ဒုတိယဘိုးဘေးက ရယ်ပြီး ခေါင်းခါလိုက်၏။
"ခြံထဲမှာ စိုက်ထားတဲ့ တောလက်ဖက်ခြောက်တွေပါ... ကျုပ်တို့ နာမည်သေချာမပေးထားပါဘူး။ ခင်ဗျားတို့ သဘောကျတယ်ဆိုရင်ပဲ ကောင်းပါပြီ။"
ထို့နောက် သူသည် စကားလမ်းကြောင်းကို ပါးနပ်စွာ လွှဲလိုက်လေ၏။
သူသည် ရှန်းယီနှင့် အာလာပသလာပ စကားစမြည် စတင် ပြောဆိုလေသည်။
အရပ်လေးမျက်နှာမှသည် ဝေးလံသော ပင်လယ်ပြင်အထိ၊ စိတ်ဝင်စားဖွယ် ဇာတ်လမ်းစုံအကြောင်း ပြောဆိုကြသည်။
ရှန်းယီသည် တိတ်ဆိတ်စွာ ထိုင်နေပြီး စကားဝိုင်းထဲသို့ များများစားစား ဝင်မပြောနိုင်ပေ။
"စောစောက ပြောခဲ့တဲ့စကားကို ပြန်ရုပ်သိမ်းပါတယ်။ သူ့ရဲ့ သရုပ်ဆောင်ချက်က တော်တော်လေး ပီပြင်တာပဲ။"
ရွှီဝမ်ယွင်သည် ငန်းဥကျောက်တုံးမှတဆင့် အံ့သြတကြီး ပြောလိုက်၏။ လူငယ်လေးသည် မရိုးသားသော လွတ်လပ်ကျင့်ကြံသူတစ်ဦးအဖြစ် ဟန်ဆောင်ရာတွင် မယုံနိုင်လောက်အောင် ပီပြင်လှပေသည်။
"အင်း..."
အားချင်းသည် စောစောက အစ်ကိုကြီးရှန်း သူ့အား သိုလှောင်အိတ်ကို စီစဉ်ခိုင်းခဲ့သည့် အချိန်ကို ပြန်သတိရလိုက်ပြီး စိတ်ထဲတွင် သက်ပြင်းချလိုက်မိ၏။ ထိုအရာက ဟန်ဆောင်ခြင်းမဟုတ်လောက်ပေ။
အချိန်မည်မျှ ကုန်ဆုံးသွားသည် မသိပေ။
နောက်ဆုံးတွင် ဒုတိယဘိုးဘေးက ချောင်းဟန့်လိုက်သည်။
"တာအိုရောင်းရင်းရှန်းက အပြင်ထွက်လာတာ သိပ်မကြာသေးဘူးဆိုတော့ ကျန်းမိသားစုမှာ ခဏလောက် တည်းခိုသွားပါလား။ ကျုပ်တို့ အိမ်တော်က ခမ်းနားထည်ဝါမှုမရှိပေမဲ့ သူ့ဟာနဲ့သူတော့ တောရနံ့လေးနဲ့ နေလို့ကောင်းပါတယ်။ အားနာစရာ မလိုပါဘူး။"
"ကျေးဇူးကြီးလှပါတယ်။"
ရှန်းယီသည် နှုတ်ဆက်ရန် မတ်တပ်ရပ်လိုက်ပြီး အခန်းအပြင်ဘက်သို့ ဦးတည် လျှောက်သွားလေ၏။
အားချင်းနှင့် ရွှီဝမ်ယွင်တို့လည်း လိုက်ပါသွားကြသည်။
ကျင်းပေဝမ်သည် ဤအခွင့်အရေးကို အသုံးချပြီး ကျန့်မိသားစုနှင့် ပိုမို ရင်းနှီးအောင် လုပ်လိုသော်လည်း ဦးညွှတ်ရန် ပြင်လိုက်စဉ်မှာပင် ကျန်းမိသားစုတပည့်နှစ်ဦး၏ ဆွဲထုတ်ခြင်းကို ခံလိုက်ရလေသည်။
"..."
အခန်းထဲတွင် လူသုံးယောက်သာ ကျန်ရစ်သောအခါ၊သူတို့၏ မျက်နှာထားများသည် ချက်ချင်းပင် မည်းမှောင်သွားကြသည်။
စားပွဲပေါ်ရှိ လက်ဖက်ရည်များမှာ ကုန်သလောက် ရှိနေပြီ ဖြစ်သော်လည်း ရှန်းယီ၏ရှေ့မှ ခွက်သည် စကတည်းက မထိမတို့ဘဲ ကျန်ရစ်နေခဲ့သည်။
"မသိနားမလည်ပြီး သောက်ကြောက်ကြီးလိုက်တာ... လက်ဖက်ရည်ထဲ အဆိပ်ခတ်ထားမယ်လို့ တကယ် ထင်နေတာကိုး။ တကယ့် လွတ်လပ်ကျင့်ကြံသူ ပုံစံပါပဲလား။"
လူကြီးတစ်ဦးက အေးစက်စွာ နှာခေါင်းရှုံ့လိုက်၏။
ဒုတိယဘိုးဘေးသည် ဖြည်းညှင်းစွာ မတ်တပ်ရပ်လိုက်ပြီး စားပွဲဆီသို့ လျှောက်သွားလိုက်သည်။
နောက်ဆုံးတွင် သူသည် ကျယ်ဝန်းသော ဝတ်ရုံလက်ကို မလိုက်ရာ၊ရုပ်ဆိုးပြီး ကြမ်းတမ်းသော လက်တစ်ဖက် ပေါ်ထွက်လာလေ၏။
ကြမ်းတမ်းပြီးအဖုအထစ်များသော သစ်မြစ်များဖြင့် ဖွဲ့စည်းထားသည့် လက်ချောင်းများနှင့် တူညီမှု မရှိလှသော ထိုလက်တွင်အဆစ်တစ်ခုပင် ပျောက်ဆုံးနေသေးသည်။
သူသည် လက်ဖက်ရည်ခွက်ပေါ်သို့ လက်ဝါးဖြင့် ဝေ့ယမ်းလိုက်၏။
လက်ဖက်ရည်ထဲမှ အလင်းစက်များ ထွက်ပေါ်လာပြီး သူ့လက်ထဲတွင် စုစည်းသွားကာ သစ်ခြောက်အဖြစ် ပြောင်းလဲသွားပြီး ပျောက်ဆုံးနေသော လက်ချောင်းထိပ်ကို ဖြည့်ဆည်းပေးလိုက်သည်။
ထိုသို့ ပြုလုပ်ပြီးနောက် သူ ရယ်မောကာ ပြောလိုက်၏။
"ခင်ဗျားတို့ သေချာမမြင်ဘူး။ သူက မိသားစုခေါင်းဆောင်ပုံ ပေါက်နေပေမဲ့ တကယ်တမ်းကျတော့ အတွင်းကလီစာတွေပျောက်ဆုံးနေတဲ့ အခွံလွတ်သက်သက်ပဲ။အများဆုံးရှိလှ ဟွမ်ယွမ် အလယ်အလတ်အဆင့်လောက်ပဲ ရှိမယ်။ သူ့ရဲ့နွဲ့နွဲ့နှောင်းနှောင်း မိန်းမကမှ တကယ့် ဆရာကြီး။ ငါ့ထက်တောင် မလျော့လောက်ဘူး။"
"အဲဒီမိန်းမ လက်ဖက်ရည်သောက်ရင်ပဲ လုံလောက်ပါပြီ။"
အဆိပ်ခတ်သော နည်းလမ်းများသည် ထိုနယ်ပယ်တွင် ကျွမ်းကျင်သူမဟုတ်ပါက ဟွမ်ယွမ်အဆင့် အရှင်သခင်များအပေါ် ထိရောက်လေ့ မရှိပေ။
သာမန်အဆိပ်များသည် ဟွမ်ယွမ်အပေါ် အသုံးမဝင်ပေ။
ဟွမ်ယွမ်ကို ထိခိုက်စေနိုင်သော ပြင်းထန်သည့်အဆိပ်ကို လက်ဖက်ရည်ခွက်ထဲတွင် မသိသာအောင် မည်သို့ ဝှက်ထားနိုင်မည်နည်း။
ဤလက်ဖက်ရည်ထဲတွင် အဆိပ်မပါရုံသာမက၊
မိုးမြေရတနာတစ်ခု ပါဝင်နေခြင်း ဖြစ်သည်။
၎င်းသည် အမှန်တကယ်... နတ်ဘုရားအသွင်ပြောင်းခြင်းသို့ တိုက်ရိုက် ရောက်ရှိစေနိုင်သော အရာတစ်ခု ဖြစ်ပေသည်။
အမည်းကွက်များဖြင့် ဖုံးလွှမ်းနေသော ဒုတိယဘိုးဘေး၏ခြောက်သွေ့သော မျက်နှာသည် ရင်ထဲမှ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ရန် ကြိုးစားရင်း ပြင်းထန်စွာ တုန်ခါနေကာ နောက်ကျိနေသော မျက်လုံးများထဲတွင် ရူးသွပ်မှုများ မြင့်တက်လာဟ။
နတ်ဘုရားအသွင်ပြောင်းခြင်း လမ်းစဉ်ကို သူတစ်ယောက်တည်း လျှောက်လှမ်းနေခြင်း မဟုတ်ဘဲ ကျန်းမိသားစု တစ်ခုလုံး လျှောက်လှမ်းနေခြင်း ဖြစ်သည်။
ဆွေစဉ်မျိုးဆက်တစ်ခုလုံး တက်လှမ်းကြမည့် ပွဲကြီးပင်။
သို့သော် ယခုအချိန်တွင် သူတို့ချည်းပဲ မလုံလောက်တော့ပေ။
ဤလွတ်လပ်ကျင့်ကြံသူက အချိန်ကိုက် ရောက်လာသည်က ကံကောင်း၍ပင်၊ ထို့ကြောင့်လည်း ဤခရီးစဉ်အတွင်း သူတို့နှင်ြအတူ ပါဝင်ဖို့ အရည်အချင်း ပြည့်မီသွားခြင်းဖြစ်သည်။
"သူတို့ကို မျက်ခြည်မပြတ် စောင့်ကြည့်ထား။"
သားရဲတစ်ကောင်ကဲ့သို့ အက်ကွဲသော အသံကြီးဖြင့် ဟိန်းဟောက်လိုက်၏။
ပင်မခန်းမဆောင်၏ အပြင်ဘက်တွင်၊ကျန်းမိသားစု တပည့်များ၏လမ်းပြမှုအောက်တွင် ရှန်းယီနှင့် အပေါင်းအပါများသည် ခြံဝင်းတစ်ခုထဲသို့ ဝင်ရောက်လာကြသည်။
"တစ်ခုခု လိုအပ်တာရှိရင် အားမနာပါနဲ့ ခင်ဗျာ။"
ထိုလူက ယဉ်ကျေးစွာ ဦးညွှတ်ပြီးနောက် ခြံဝင်းထဲမှ ထွက်ခွာသွားလေ၏။
"သူတို့ရဲ့ ဆက်ဆံပုံက ငါတို့အပေါ် နည်းနည်း ပိုနွေးထွေးလာတာ သတိထားမိလား။"
ရွှီဝမ်ယွင်သည် ကြွယ်ဝသော ဝိညာဉ်စွမ်းအင်များကိုအာရုံခံမိပြီး စောစောက လက်ဖက်ရည်သည် ဘာလက်ဖက်ရည်ဖြစ်မည်ကို သိချင်စိတ် ပြင်းပြလာ၏။ ရွှီမိသားစု၏အရင်းအမြစ်များနှင့်ပင် အလားတူအရာမျိုး သူမ မကြုံဖူးခဲ့ပေ။