ဓားစာခံဖြစ်သွားရသော သွေးအသွင်ပြောင်းခြင်းနတ်ဆိုးဧကရာဇ်
Vol. 29 Ch. 286
ရှန်းယီ ရှေ့သို့လျှောက်သွားလိုက်၏။
သွယ်လျသော ရွှမ်ဓားဘေးတွင် ကျောက်စိမ်းပြားငယ်လေးတစ်ခု ရှိနေသည်။
သူသည် လက်ကိုဆန့်ကာ ကျောက်စိမ်းပြားကို ကောက်ယူလိုက်ပြီး မျက်လုံးမှိတ်ကာ ဝိညာဉ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်သည်။
ခဏအကြာတွင် စာတန်းတစ်ကြောင်း ပေါ်လာ၏။
[နတ်ဘုရားအသွင်ပြောင်းအဆင့် (ရှားပါး)။ ရှန်ရှောင်မိုးကြိုးလျှပ်စီးဓားသိုင်း - မစတင်ရသေး]
ရှန်းယီ မျက်လုံးဖွင့်လိုက်ပြီး ကျောက်စိမ်းပြားကို အားချင်းထံ ကမ်းပေးလိုက်သည်။
"..."
အားချင်းသည် စူးစမ်းချင်စိတ်ဖြင့် ဝိညာဉ်အာရုံကို သွင်းလိုက်ရာ သူမ၏မျက်နှာအရောင်မှာ အကြိမ်ကြိမ် ပြောင်းလဲသွားပြီး ပူလောင်နေသော သံပူတုံးကို ကိုင်မိလိုက်သကဲ့သို့ အလိုအလျောက်ပင် ကျောက်စိမ်းပြားကို လေထဲသို့ ပစ်မြှောက်လိုက်သည်။
ရွှီဝမ်ယွင်သည် ဓားက ဝူထုံတောင်မှ ဖြစ်ကြောင်း ကြားကတည်းက နောက်ဆုတ်ရန် စဉ်းစားနေခဲ့ခြင်း ဖြစ်သည်။
ယခုအခါ ကျောက်စိမ်းပြားကို ဖမ်းယူလိုက်ပြီးနောက် သူမ၏မျက်နှာထား အနည်းငယ် မဲမှောင်သွား၏။
"ဒါက ဘာအဓိပ္ပာယ်လဲ"
အားချင်း၏မျက်နှာမှာ ခါးသီးနေပြီး တုန်ရီနေသည်။
"နီကျွင်း..."
သူမသည် ဝူထုံတောင်မှ အဖိုးတန်ကျင့်ကြံခြင်းနည်းစနစ်တစ်ခုကို မသိလိုက်ဘဲ ကြည့်ရှုမိသွားခဲ့ပြီ။ ယခုအခါ လုံလောက်အောင် တောင်းပန်၍ ရနိုင်ပါဦးမည်လားဟု တွေးတောမိနေသည်။
"ရွှမ်ဓားတာအိုသခင်က ကျန်းမိသားစုမှာ သေဆုံးသွားတာလား"
ရွှီဝမ်ယွင်သည် ရွှမ်ဓားကို ကြည့်ရင်း မျက်လုံးများ ပြူးကျယ်သွားသည်။
"မဖြစ်နိုင်ဘူး၊ ဒီဓားက စာအုပ်တွေထဲမှာ ဖော်ပြထားတာထက် ပိုပါးပြီး ပိုကျဉ်းနေတယ်၊အမျိုးသမီးတစ်ယောက်အတွက် ပြင်ဆင်ထားသလို ပိုတူတယ်"
"အမျိုးသမီး... ဒါဆို သူ့တပည့် ဖြစ်နိုင်မလား"
အားချင်းက တုံ့ပြန်လိုက်၏။ ပုံမှန်အားဖြင့် ဝူထုံတောင်သည် တပည့်လက်မခံသော်လည်း ခြွင်းချက်များ ရှိသည်။ ဥပမာအားဖြင့် တာအိုသခင် ၁၂ ပါးထဲမှ တစ်ဦးဦးက သူတို့ သဘောကျသော ဂျူနီယာတစ်ယောက်ကို တွေ့ပါက နာမည်စာရင်း သွင်းပေးလေ့ရှိသည်။
နာမည်စာရင်းသွင်းခံထားရသော တပည့်များသည် ဝူထုံတောင်နှင့် မသက်ဆိုင်ဘဲ တာအိုသခင်တစ်ဦး၏တပည့်အဖြစ်သာ ခံယူခွင့်ရှိသည်။ သူတို့အနေဖြင့် ဝူထုံတောင်မှ ကျင့်ကြံခြင်းနည်းစနစ်များကို ကိုင်ဆောင်ခွင့် မရှိပေ။
နီကျွင်းတစ်ယောက်သာလျှင် ဤမျှအဖိုးတန်သော နည်းစနစ်ကို သူ့တပည့်အား တိုက်ရိုက် ပေးအပ်ရဲပေလိမ့်မည်။ မည်သို့ပင်ဖြစ်စေ အရူးတစ်ယောက်ကလွဲလျှင် မည်သူက သူ့တပည့်၏ပစ္စည်းအား လုယူရဲမည်နည်း။
"ကျန်းမိသားစုက ရူးသွားတာလား"
ရွှီဝမ်ယွင် တံတွေးမျိုချလိုက်၏။ ကျင့်ကြံသူများအတွက် သတ်ဖြတ်ခြင်းသည် ကြီးကျယ်သော ကိစ္စတစ်ခု မဟုတ်ပေ။
သို့သော် အကြောင်းပြချက် တစ်ခုခုတော့ ရှိသင့်သည် မဟုတ်လော။
ရတနာ လုယူဖို့သတ်တာလား။ ဒီကျင့်ကြံခြင်းနည်းစနစ်ကို ရရင်တောင်မှ ကျင့်ကြံနိုင်မလား ဆိုတာက တစ်ပိုင်း၊ကျင့်ကြံနိုင်ရင်တောင် ဘယ်သူက ထုတ်သုံးရဲမှာလဲ။
သတင်းပေါက်ကြားသွားသည်နှင့် ရွှမ်ကွမ်းဂူပါ ဒုက္ခရောက်မှာ သေချာ၏။
"..."
ရှန်းယီသည် ရွှမ်ဓားကို တစ်ချက်ကြည့်လိုက်ပြီး သိုလှောင်အိတ်ထဲ ထည့်ချင်စိတ်ကို မျိုသိပ်လိုက်သည်။
ရွှေခန္ဓာကိုယ် ပြန်မရောက်လာသေးသဖြင့် ရန်သူကို သတိပေးသလို ဖြစ်မည့်ကိစ္စများကို ရှောင်ရှားရမည်။
သူက ကျန်းဇီရှန့်၏ခန္ဓာကိုယ်မှ ရရှိခဲ့သော ဝိညာဉ်စုစည်း မီးဖိုအကြောင်း စဉ်းစားလိုက်မိသည်။
ထို့အတူ မဟာချန်မင်းဆက်တွင်ရှိစဉ်က နီကျွင်းက သူ့တပည့်သေဆုံးမှုကြောင့် သွေးအသွင်ပြောင်း နတ်ဆိုးဧကရာဇ်ကို လိုက်လံတိုက်ခိုက်ခဲ့တာကိုလည်း သတိရလိုက်သည်။
နတ်ဆိုးဧကရာဇ်က မတရားစွပ်စွဲ ခံလိုက်ရခြင်းလော။
နီကျွင်းကိုယ်တိုင်ပင် သူ့တပည့်ကို သတ်ရဲသော တရားခံမှာ နာမည်ကြီးပုဂ္ဂိုလ်မဟုတ်ဘဲ ရွှမ်ကွမ်းဂူ လက်အောက် သာမန်ကျန်းမိသားစု ဖြစ်နေလိမ့်မည်ဟု ထင်ထားမည်မဟုတ်ပေ။
သူ့တပည့် ဤနေရာတွင် သေဆုံးသွားခဲ့သည်။
အပြစ်ပုံချခံရသည်မှာ သွေးအသွင်ပြောင်း နတ်ဆိုးဧကရာဇ် ဖြစ်သွား၏။နွားအိုကြီးခမျာ အိမ်မှ သားမယားကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ထွက်ပြေးခဲ့ရလေ၏။
ဤအရာက ရှန်းယီအတွက် အသက်ရှူချောင်စေရန် အခွင့်အရေး ရခဲ့လေသည်။
သို့သော် ထိုအရာကြောင့်ပင် နတ်ဆိုးဧကရာဇ် သေဆုံးခဲ့ရ၏။
ရလဒ်အနေနှင့် နတ်ဆိုးတစ်ထောင်ဂူမှ ဒေါသထွက်ပြီး လက်စားချေဖို့ ပြင်ဆင်နေကြပြီ။
ရှန်းယီတွင် မေးခွန်းတစ်ခု ကျန်နေသေး၏။
နီကျွင်း၏မျက်နှာသာပေးမှုကို ခံရပြီး နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံခြင်းနည်းစနစ်ကို အမွေဆက်ခံထားရသူသည် အနည်းဆုံးတော့ နတ်ဘုရားအသွင်ပြောင်းအဆင့် တံခါးဝကို ထိတွေ့နိုင်စွမ်း ရှိသူဖြစ်ရမည်။
ကျန်းမိသားစု၏လက်ရှိ ထုတ်ဖော်ပြသထားသော အင်အားနှင့်ဆိုလျှင် တစ်ဖက်လူကိုတိတ်တဆိတ် မည်သို့ လုပ်ကြံလိုက်သနည်း။
နတ်ဆိုးတစ်ထောင်ဂူအပေါ် အပြစ်ပုံချနိုင်သည်အထိလုပ်ဆောင်ခဲ့သည်ကြည့်လျှင် တပည့်ဖြစ်သူ သတင်းစကားပင် မပို့နိုင်လိုက်ဘူးဆိုသည့် သဘောပင်။
ရှန်းယီ ပတ်ဝန်းကျင်ကို ကြည့်လိုက်၏။အခန်းထဲတွင် ထိုပစ္စည်းနှစ်ခုသာ ရှိသည်ကို တွေ့လိုက်ရသည်။
သူ အကြည့်လွှဲလိုက်ပြီး "အရင် ပြန်ကြရအောင်"
"ကောင်းပြီ" အားချင်းသည် ဇဝေဇဝါ ဖြစ်နေသေးသော်လည်း အခြေအနေ၏ ဆိုးရွားမှုကို သဘောပေါက်လိုက်၏။
သူမသည် လျင်မြန်စွာလက်သင်္ကေတ ပြုလုပ်ပြီး အစီအရင်ကို ပြန်လည် အသက်သွင်းလိုက်၏။
ရှန်းယီ၏ဦးဆောင်မှုဖြင့် သူတို့သုံးဦးသည် ပစ္စည်းအားလုံးကို မူလနေရာတွင် ပြန်ထားပြီး ဝါးမျှော်စင်မှ အမြန်ထွက်ခွာကာ ခြံဝင်းအတွင်းသို့ ပြန်ရောက်လာကြသည်။
"ဒီနေရာက နေလို့ မဖြစ်တော့ဘူး၊ သွားကြစို့"
ရွှီဝမ်ယွင်သည် သက်ပြင်းချချိန်ပင် မရလိုက်ဘဲ ပြတ်ပြတ်သားသား ဆုံးဖြတ်ချက် ချလိုက်၏။
ကျန်းမိသားစုက အခြားသူတွေထင်သလောက် မရိုးရှင်းပေ။
အားချင်း စကားမပြောဘဲ ဘေးတွင် တိတ်တဆိတ် နေခဲ့၏။
သူမသည် ဝိညာဉ်စုစည်းမီးဖိုကို မြင်ဖူးပါသည်။
ဆိုလိုသည်မှာ ကျန်းဇီရှန့်က ဤကိစ္စကို သိရှိပြီး ဖုံးကွယ်ထားကာ ဝေစုခွဲယူခဲ့ကြောင်း ဖော်ပြနေသည်။
ထို့အပြင် ရွှမ်ကွမ်းဂူ၏ မျိုးဆက်သစ် လူငယ်များသာဖြစ်သည့် သူတို့၏ အင်အားဖြင့် စွေ့သစ်သား အစားထိုးကုသမှုကို လုပ်ဆောင်နိုင်ရန် မဖြစ်နိုင်ပေ။
ဤကိစ္စက ရွှမ်ကွမ်းဂူ၏အခြား နတ်ဘုရားအသွင်ပြောင်းအဆင့် တာအိုသခင်များနှင့် သက်ဆိုင်နေဖို့ များသည်။
"အစီအရင် ပုံစံတွေကို ငါ့အတွက် မှတ်သားပေးပါ"
ရှန်းယီ အားချင်းကို ခေါင်းငြိမ့်ပြလိုက်၏။
"ရှင် မသွားဘူးလား"
အားချင်း စကားမပြောနိုင်မီ ရွှီဝမ်ယွင်၏ မျက်နှာတွင် အံ့သြမှုများ ပေါ်လာသည်။
သာမန် အသိမိတ်ဆွေများ အတွက်ဆိုလျှင် သိပ်ပြီး နက်နက်ရှိုင်းရှိုင်း မပတ်သက်သင့်ပေ။
သို့သော် တစ်ဖက်လူက အားချင်းကို အချိန်တစ်ခုကြာစောင့်ရှောက်ပေးခဲ့သည်ကို ထည့်သွင်းစဉ်းစားပြီး ရွှီဝမ်ယွင် ခေတ္တ တုံ့ဆိုင်းပြီးမှ ဆက်ပြောလေ၏။
"ကျွန်မလည်း ရွှမ်ကွမ်းဂူ ဒုက္ခရောက်တာကို မြင်ချင်ပေမဲ့ ဒီတစ်ခါတော့ အရမ်း အန္တရာယ်များလွန်းတယ်။ကျင့်ကြံခြင်းဆိုတာ တစ်ညတည်းနဲ့ ပြီးတဲ့ကိစ္စ မဟုတ်ဘူး။ ဒီအခွင့်အရေးကို လက်လွှတ်လိုက်ရရင်တောင် ကံတရားသာ ပါလာရင် နောက်ထပ် အခွင့်အရေးတစ်ကြိမ် ကြုံရနိုင်ပါသေးတယ်"
ကျင့်ကြံခြင်းဆိုသည်မှာ ကံတရားနှင့် သက်ဆိုင်လေ၏။
မိုးမြေရတနာတွေအတွက်ဆိုလျှင် မည်သူ အတိအကျပြောနိုင်မည်နည်း။ ကျန်းမိသားစု တံခါးဝမှ ထွက်လိုက်သည်နှင့် နောက်ထပ် သတင်းကောင်းတစ်ခု ကြားရနိုင်လေသည်။
"..."
ရှန်းယီ သူမကို တစ်ချက် ကြည့်လိုက်၏။
နတ်ဘုရားအသွင်ပြောင်းအဆင့်တွင် ထိပ်တန်းတစ်ယောက်ဖြစ်လာရန် အချိန်မလုံလောက်သော အခြေအနေတွင်၊မရေရာသော ကံတရားအပေါ် မျှော်လင့်ချက်ထားနေခြင်းဟာ ကိုယ့်ကိုယ်ကိုယ် လှည့်စားခြင်း သက်သက်သာ ဖြစ်သည်။
အခွင့်အရေးတိုင်းကို ဆုပ်ကိုင်ထားမှသာ၊
ကိုယ့်အခြေခံအုတ်မြစ်ကို ထိန်းသိမ်းထားနိုင်မည့် အခွင့်အလမ်းအား ပိုင်ဆိုင်နိုင်မှာသေချာ၏။
"ကျေးဇူးပြုပြီး..."
သူ မတ်တတ်ရပ်လိုက်ပြီး လက်သီးဆုပ် နှုတ်ဆက်ကာ အခန်းထဲသို့ လှည့်ဝင်သွား၏။
အားချင်းက သူမ၏သဘောထားကို ဘယ်သူမှ ဂရုမစိုက်ကြမှန်း သဘောပေါက်လိုက်သည်။
"ကျွန်မကတော့ လုံးဝ မသွားဘူး"
"ဟွန့်..."
ရွှီဝမ်ယွင် သူမကို တစ်ချက် ဝေ့ကြည့်လိုက်၏။ ပျော်ရွှင်ဖွယ်အချိန်များတွင် ပြုံးနေသည်မှာကောင်းသော်လည်း ယခုလိုအချိန်မျိုးမှာတော့ ကိုယ့်စိတ်ကိုထိန်းချုပ်ခြင်းက အကောင်းဆုံးပင်။
"သွား... မစီအရင်ပုံစံတွေ သွားကူးလိုက်"
ပြောပြီးသည်နှင့် သူမသည် ရှန်းယီ၏ တံခါးပေါက်ဆီသို့ လျှောက်သွားလိုက်၏။
"ကျွန်မ အဝေးကြီး မသွားပါဘူး။ တကယ်လို့ ရှင် ထွက်သွားဖို့ ဆုံးဖြတ်လိုက်ရင်... ဒါမှမဟုတ် တစ်ခုခု ဖြစ်လာခဲ့ရင် ကျွန်မ အပြင်ကနေကူညီပေးပါမယ်"
ရွှီမိသားစုဝင်တွေက စိတ်မြန်လက်မြန် မရှိကြပေမဲ့ ကျေးဇူးတရားကို ဘယ်လို ပြန်ဆပ်ရမလဲ ဆိုတာတော့ သိကြသည်။
"ကျေးဇူးတင်ပါတယ်"
အခန်းထဲမှ လူငယ်လေး၏ တုံ့ပြန်သံ ထွက်ပေါ်လာ၏။
...
၆ ရက်၊ ၇ ရက်ခန့် ကြာပြီးနောက်၊အချိန်တန်ပြီဟု ခံစားလိုက်ရသည်။
"ငါ ဒီကိုလာတာ နင်နဲ့အတူ အကျယ်ချုပ်ကျခံဖို့ မဟုတ်ဘူး"
"ဒါဆို နင်တစ်ယောက်တည်း နေခဲ့တော့"
ရွှီဝမ်ယွင်၏မျက်နှာတွင် ဒေါသများ ပြည့်နှက်နေပြီး အားချင်းကို သစ်သားလှေပေါ်သို့ အတင်း ဆွဲတင်ကာ ကောင်းကင်သို့ ပျံတက်သွား၏။
ဤရုန်းရင်းဆန်ခတ်ဖြစ်မှုက လူအများအပြားရဲ့ အာရုံကို ဖမ်းစားလိုက်၏။
မကြာမီ ကျန်းမိသားစု အကြီးအကဲတစ်ဦး ခြံဝင်းထဲသို့ ဆင်းသက်လာပြီး စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
"တာအိုရောင်းရင်းရှန်း... ဘာဖြစ်တာလဲ"
"..."
ရှန်းယီ ပြန်မဖြေဘဲ ပြုံးရုံသာ ပြုံးပြလိုက်၏။
"နားလည်ပါပြီ၊ နားလည်ပါပြီ"
ထိုလူက ပြုံးလျက် ပြန်ပြောသည်။
"ဂုဏ်သရေရှိ အမျိုးသမီးက အပြင်လောကရဲ့ အန္တရာယ်တွေကို မသိလို့ပါ။ သူ့လုပ်ရပ်တွေက ပုံမှန်ပါပဲ။ တာအိုရောင်းရင်းရှန်း စိတ်ချပါ၊ကျွန်တော် သူ့ကို နားချဖို့ ကူညီပေးပါ့မယ်"
သူတို့နှစ်ဦး စကားပြောနေစဉ်၊အလင်းတန်း သုံးခု ကောင်းကင်သို့ ပျံတက်သွားပြီး သစ်သားလှေ၏ လမ်းကြောင်းကို ပိတ်ဆို့လိုက်၏။
"သခင်မ... စိတ်လျှော့ပါဦး၊ ဆွေးနွေးကြတာပေါ့" သူတို့က ပြောလိုက်၏။
"ငါက ကောင်းကောင်းမွန်မွန် မဆွေးနွေးချင်ဘူး ဆိုရင်ရော"
ရွှီဝမ်ယွင်၏ မျက်နှာတွင်စိတ်ပျက်အားလိုမှုများ အထင်းသား ပေါ်နေပြီး ခါးမှ ဓားရှည်ကို ဆွဲထုတ်လိုက်၏။
"ငါတို့ လင်မယားကိစ္စကို နင်တို့က ဝင်ပါစရာလား၊ ဖယ်ကြစမ်း"
ထိုသုံးဦး အကြည့်ချင်း ဖလှယ်လိုက်ကြပြီး တည်ငြိမ်စွာ ပြန်ပြောသည်။
"ကျွန်တော်တို့ ဝင်ပါဖို့ ဆန္ဒမရှိပါဘူး၊ ဒါပေမဲ့ ခင်ဗျားတို့နှစ်ယောက် ကျွန်တော်တို့ ကျန်းမိသားစုကြောင့် စိတ်ဝမ်းကွဲသွားမှာကို မလိုလားလို့ပါ။ တကယ်လို့ ခင်ဗျား ထွက်သွားချင်တယ်ဆိုရင် ကျွန်တော်တို့ မတားပါဘူး၊ သခင်မစိတ်အေးအေးထားဖို့ပဲ မျှော်လင့်ပါတယ်"
စကားဆုံးသည်နှင့်၊ရွှီဝမ်ယွင်သည် လှေကို ရှေ့တည့်တည့်သို့ မောင်းနှင်လိုက်၏။
သူမ လက်သင်္ကေတ ပြုလုပ်နေစဉ်မှာပင်၊အားချင်း ရုတ်တရက် ဘေးကို စောင်းငဲ့ကြည့်လိုက်ပြီး ဇဝေဇဝါ ဖြစ်သွားသည်။
သူမ ဒေါ်လေး၏လှုပ်ရှားမှု တစ်ခဏမျှ အေးခဲသွားသည်ကို မြင်လိုက်ရ၏။
ရုတ်တရက် သဘောပေါက်သွားသကဲ့သို့ သူမ သက်ပြင်းချလိုက်သည်။
"ဟွန်း"
သူမသည် လှေကို ပြန်သိမ်းပြီး အားချင်းနှင့်အတူ မြေပြင်ပေါ်သို့ ပြန်ဆင်းလာခဲ့သည်။
ကြည့်ရှုနေသူများက ပါးပါးလေး ပြုံးပြလိုက်၏။ "သခင်မ နားလည်သွားတာ ကောင်းပါတယ်"
အားချင်းတစ်ယောက်သာ သူမ၏ခန္ဓာကိုယ်တစ်ခုလုံး အေးစက်သွားသလို ခံစားလိုက်ရ၏။
သူမ အဒေါ်၏ အမူအရာတွင် မူမမှန်မှုမတွေ့ရသလို၊ တုံ့ပြန်မှုများတွင်လည်း ပြဿနာ မရှိပေ။
အကယ်၍ သူမနှင့် ရှန်းယီသာ အစစ်မှန် လင်မယားဖြစ်ခဲ့ပါက ဒေါသထွက်ပြီးစိတ်မြန်လက်မြန်လုပ်မိသော ဇနီးသည်တစ်ယောက်ဟန်ပန်လိုဖြစ်နေ၏။
ပြဿနာမှာ... သူတို့၏အိမ်ထောင်ရေးဟာ အတုအယောင်မဟုတ်လော။