← Chapters

ကျန်းမိသားစု ဒုတိယဘိုးဘေးနှင့် တိုက်ပွဲ

Vol. 29 Ch. 287

ကျန်းမိသားစု ဒုတိယဘိုးဘေးနှင့် တိုက်ပွဲ

Vol. 29 Ch. 287

လူသုံးဦး ခြံရံလျက်ဖြင့် ရွှီဝမ်ယွင်သည် စိုးရိမ်ပူပန်နေသော အားချင်းကို ခြံဝင်းအတွင်းသို့ ပြန်ခေါ်လာခဲ့၏။

ထိုအချိန်မှာပင် သက်တမ်းကုန်ခါနီးဖြစ်သော အဘိုးအိုအများအပြားသည်လည်း အဝေးမှနေ၍ ဖြည်းညှင်းစွာ လျှောက်လှမ်းလာကြသည်။

ရှေ့ဆုံးမှ လာနေသူမှာ လွန်ခဲ့သော ရက်အနည်းငယ်က သူတို့နှင့် တွေ့ဆုံခဲ့ဖူးသည့် ကျန်းမိသားစု၏ဒုတိယ ဘိုးဘေးပင်။

"တာအိုရောင်းရင်းရှန်း... စိတ်မရှိပါနဲ့၊ ကျုပ်ရဲ့ ကျန်းမိသားစုက ကောင်းမွန်စွာဧည့်ဝတ်မပြုနိုင်လို့ တာအိုရောင်းရင်းရှန်းရဲ့ ဇနီးသည် ဒေါသထွက်သွားရတာ ဖြစ်ပါလိမ့်မယ်"

ဒုတိယ ဘိုးဘေး၏ အပြုံးသည် နူးညံ့သော်လည်း သူ၏ခြောက်သွေ့နေသော မျက်နှာပေါ်တွင်မူ အနည်းငယ် ကျောချမ်းစရာ ကောင်းနေ၏။

"စားသောက်ပွဲ ပြင်ဆင်လိုက်ကြ"

သူသည် ခြံဝင်းထဲသို့ ဝင်လာပြီး ရှန်းယီနှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။

"ဒီအဘိုးကြီး တောင်းပန်တာကို လက်ခံပေးပါ"

ဒုတိယ ဘိုးဘေးအပြင် ရွှီဝမ်ယွင်ကို ပြန်လိုက်ပို့သည်ကို အခွင့်ကောင်းယူကာ ထူးခြားသော အရှိန်အဝါများထုတ်လွှတ်နေသည့် လူ ၇ ယောက်၊ ၈ ယောက်ခန့် ခြံဝင်းအပြင်ဘက်တွင် စုရုံးရောက်ရှိနေကြသည်။

"..."

ရှန်းယီသည် မလှမ်းမကမ်းတွင်ရှိသော ဇနီးသည် ကို တိတ်ဆိတ်စွာ လှမ်းကြည့်လိုက်ရာ သူ၏ မျက်နှာထားမှာ ပို၍ တည်ငြိမ်သွား၏။

ရွှီဝမ်ယွင်၏မျက်ခုံးနုနုလေးများ အနည်းငယ် တွန့်ချိုးသွားပြီး သူမ၏မျက်ဝန်းထဲသို့ အလင်းရောင် ပြန်လည်ရောက်ရှိလာကာ အနည်းငယ် ဇဝေဇဝါဖြင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။

သူမ သတိပြန်ဝင်လာသည်နှင့် တပြိုင်နက်နက်မှောင်နေသော မျက်ဝန်းထဲတွင် သတ်ဖြတ်လိုစိတ်များ တဖြည်းဖြည်း မြင့်တက်လာသည်။

အထွတ်အထိပ် အရှင်သခင်တစ်ဦးအနေဖြင့် လောကီရေးရာအတွေ့အကြုံ မည်မျှပင် နည်းပါးစေကာမူ ထောင်ချောက်ဆင်ခံလိုက်ရသည်ကို မသိဘဲ နေပါမည်လော။

သူမသည် အားချင်း၏နူးညံ့သော လက်ဖဝါးလေးကို တင်းကျပ်စွာဆုပ်ကိုင်ထားလိုက်ရာ တစ်ဖက်လူ နာကျင်ပြီး အော်ဟစ်မိလုနီးပါး ဖြစ်သွား၏။

ထိုအခါမှသာ သူမ၏ စိတ်လှုပ်ရှားမှုများကို ခေတ္တ ထိန်းချုပ်လိုက်နိုင်တော့သည်။

သူမသည် ရှန်းယီဘေးသို့ တိတ်ဆိတ်စွာ ပြန်လာပြီးထိုင်လိုက်ရာ တစ်ဦးလျှင် တစ်ဖက်စီပြီးပြည့်စုံသော ထောင့်ချိုးဖြင့် ကာကွယ်ထားသကဲ့သို့ ဖြစ်သွားသည်။

ဤကဲ့သို့ ရှင်းလင်းပြတ်သားသော ကာကွယ်ရေး အနေအထားကို ပြသလိုက်သော်လည်း၊ကျန်းမိသားစုမှ လူများသည် စိတ်အနှောင့်အယှက် ဖြစ်ပုံမရဘဲ ရွှီဝမ်ယွင်၏သဘောထားကို သတိမထားမိသကဲ့သို့ ဆက်လက် ပြုံးရွှင်နေကြသည်။

မကြာမီ ကျန်းမိသားစု တပည့်များက ကြိုတင်ပြင်ဆင်ထားသော စားဖွယ်သောက်ဖွယ်များကို သယ်ဆောင်လာကြလေ၏။

ထို့နောက် ရိုသေလေးစားစွာဖြင့် ဝိညာဉ်လက်ဖက်ရည် ခွက်အနည်းငယ်ကို ငှဲ့ပေးကြသည်။

ဒုတိယ ဘိုးဘေးသည် လက်ဖက်ရည်ခွက်များကို လူတိုင်းထံ ပေါ့ပေါ့ပါးပါးဖြန့်ဝေပေးလိုက်ပြီး ယခုတစ်ကြိမ်တွင် ရွှီဝမ်ယွင်နှင့် အားချင်းကို ကြည့်ရှုခြင်းမပြုဘဲ သူ၏ဝါးတားတား မျက်လုံးများဖြင့် ရှန်းယီကိုသာ တိတ်ဆိတ်စွာ စိုက်ကြည့်နေလေ၏။

သူ လက်ဖက်ရည်ခွက်ကို မြှောက်လိုက်၏။ "ဒီအဘိုးကြီး အရက်မသောက်တာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ၊ ဒီနေ့တော့ အရက်အစား လက်ဖက်ရည်နဲ့ပဲ တာအိုရောင်းရင်းရှန်းကို တောင်းပန်ပါရစေ"

ပြောပြီးသည်နှင့် အဘိုးအိုသည် ခွက်ကို တစ်ရှိန်ထိုး မော့သောက်လိုက်လေ၏။

ထို့နောက် လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး ရှန်းယီရှေ့မှ ခွက်ကို လှမ်းကြည့်လိုက်သည်။

အထွတ်အထိပ်အဆင့်ဟွမ်ယွမ် တစ်ဦးအနေဖြင့် အလယ်အလတ် ဟွမ်ယွမ်တစ်ဦးကို မိမိသဘောအလျောက် တောင်းပန်ခြင်းသည် မည်သည့်နေရာတွင်မဆို တစ်ဖက်လူကို မြှောက်ပင့်ရာ ရောက်ပေသည်။

သို့သော် ရှန်းယီသည် ခေတ္တမျှ စဉ်းစားပြီးနောက် ဂရုမစိုက်သလို အကြည့်လွှဲလိုက်လေ၏။

ဤအရာအားမြင်လျှင် ခြံဝင်းအပြင်ဘက်မှ လူများသည် ခြေလှမ်း ၂ လှမ်း၊ ၃ လှမ်းခန့် ဖြည်းဖြည်းချင်း ရှေ့တိုးလာကြသည်။

စကားမပြောကြသော်လည်း လေထုအခြေအနေမှာ ရုတ်တရက် တင်းမာသွား၏။

"တာအိုရောင်းရင်းရှန်း... ဒါ ဘာသဘောလဲ"

ဒုတိယ ဘိုးဘေးသည် အလျင်မလို၊ မနှေးကွေးဘဲ မျက်လုံးထောင့်မှ တစ်ချက်ကြည့်ကာ ရယ်မောလိုက်၏။

"ဒီအဘိုးကြီးက ဒီလောက်လေးတောင် လေးစားမှု မရနိုင်တော့ဘူးလား"

စကားပြောနေစဉ်အတွင်း အခြေအနေကို သူ၏ လက်ထဲတွင် အပြည့်အဝ ထိန်းချုပ်ထားနိုင်ပုံ ပေါက်နေသည်။

၎င်းကို ကြားလိုက်ရသော ရွှီဝမ်ယွင်က စောစောက သူမ ခံစားခဲ့ရသော ထူးဆန်းမှုမှာ မည်သည့်နေရာကလာလဲဆိုတာ သဘောပေါက်သွား၏။

သူမသည် ဝိညာဉ်လက်ဖက်ရည်ခွက်ကို စိုက်ကြည့်နေပြီး လက်တစ်ဖက်ကဓားရိုးပေါ်တွင် တိတ်တဆိတ် တင်ထားခဲ့သည်။

သူမရှေ့တွင် အထွတ်အထိပ်အဆင့် တစ်ယောက်သာ ရှိပြီး အနီးနားရှိ အခြားသူများသည် ဟွမ်ယွမ်အဆင့်များ ဖြစ်ကြသော်လည်း ကျင့်ကြံခြင်းအဆင့် အလွန်မြင့်မားခြင်း မရှိကြပေ။

အနည်းဆုံးတော့ ကျန်းမိသားစု ပိုင်ဆိုင်သင့်သည့် အင်အားထက် မကျော်လွန်ပေ။

အကယ်၍ သူမတစ်ယောက်တည်း ဖောက်ထွက်ရမည်ဆိုလျှင် ပြဿနာမရှိနိုင်။

သို့သော် အားချင်းနှင့် ဤလူငယ်လေးကို ကာကွယ်ပေးရန်မှာမူ အနည်းငယ် ခက်ခဲနိုင်လေ၏။

ထို့အပြင် ယခုလေးတင် သူမ ကြုံတွေ့လိုက်ရသော သတိလစ်ဟင်းမှုက သူမကို အလွန်သတိထားစေပြီး နောက်ထပ်လှည့်ကွက်တစ်ခု မမိစေရန် စိတ်ကို တည်ငြိမ်အောင် တိတ်တဆိတ် ထိန်းချုပ်နေရသည်။

ကံကောင်းစွာပင် ရှန်းယီသည် အတွေ့အကြုံရှိပုံရပြီး ဤခွေးအိုကြီးများကို ဟန့်တားရန် အခြားနည်းလမ်းတစ်ခု ရှာတွေ့ကောင်း ရှာတွေ့နိုင်ပေမည်။

"ဒီလောက်လေးတောင် လေးစားမှု ဟုတ်လား"

လူတိုင်း၏ အကြည့်အောက်တွင် ရှန်းယီ နောက်ဆုံး၌ မတ်တတ်ရပ်လိုက်၏။

သူသည် လက်ကိုဆန့်ကာ ဝိညာဉ်လက်ဖက်ရည်ခွက်ကို ကောက်ယူလိုက်သည်။

ခွက်ထဲမှ အစိမ်းရောင်အရည်ကို ကြည့်ရင်း သူ၏ မျက်နှာပေါ်တွင် အပြုံးဖျော့ဖျော့လေး ပေါ်လာလေ၏။

ဤအရာကိုမြင်တော့ ကျန်းမိသားစုမှ လူများလည်း ပြုံးလိုက်ကြသည်။

စောစောက စမ်းသပ်မှုကို ထည့်စဉ်းစားလျှင် ထိုမိန်းမက တစ်ဝက်လောက်မသန်မစွမ်း ဖြစ်နေလေပြီ။

အလယ်အလတ်အဆင့် တစ်ယောက်သာ ကျန်တော့သည်ဖြစ်ရာ ဟန်ဆောင်နေစရာမလိုတော့ပေ။

တစ်ဖက်လူအနေဖြင့် လက်ဖက်ရည်ကို သောက်မည်လား၊ဒါမှမဟုတ် သေမည်လား ဆိုသည်တာရှိတော့လေ၏။

ထိုအချိန်မှာပင် လေထဲတွင် လက်ဖက်ရည်စိမ်းများ ပြန့်ကျဲသွားပြီး၊ ခွမ်း ဆိုသော အသံနှင့်အတူ ကြွေခွက်သည် ပြုံးနေဆဲဖြစ်သော ဒုတိယ ဘိုးဘေး၏ မျက်နှာပေါ်တွင် ပေါက်ကွဲသွားတော့သည်။

တစ်ခဏတာ အချိန်လေးသာ ဖြစ်သော်လည်း အနက်ရောင်ဝတ်စုံနှင့် လူငယ်သည် လုံးဝခြားနားသော အခြားလူတစ်ယောက်အဖြစ် ပြောင်းလဲသွားသကဲ့သို့ ထင်ရလေ၏။

သူ၏ အရှိန်အဝါသည် ယခင်က တိတ်ဆိတ်ငြိမ်သက်မှုနှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေသည်။

ထူထဲသော သတ်ဖြတ်ခြင်း အရှိန်အဝါသည် ချက်ချင်းပင် ခြံဝင်းတစ်ခုလုံးကို လွှမ်းခြုံသွား၏။

သူသည် မိုးကြိုးပစ်ချလိုက်သကဲ့သို့ ကန်ချက်တစ်ချက်ထုတ်လိုက်ရာ ကျောက်စားပွဲမှာ အမှုန့်ဖြစ်သွားပြီး၊ သာမန်မျက်စိဖြင့် မမြင်နိုင်လောက်အောင်လျင်မြန်သောအရှိန်ဖြင့် အဘိုးအို၏ မေးရိုးကို ပြင်းထန်စွာ ချိတ်ကန်လိုက်သည်။

"ဝုန်း"

အစိမ်းရောင် ဝတ်စုံ ဝတ်ဆင်ထားသော ဒုတိယ ဘိုးဘေး၏ခန္ဓာကိုယ်သည် ရုတ်တရက် ဖောင်းပွလာပြီးနောက် တစ်ကိုယ်လုံးလေထဲသို့ လွင့်စဉ်ထွက်သွားလေ၏။

ကန်ချက် တစ်ချက်တည်းနှင့်ပင် သူ၏အရေပြားပေါ်တွင် အက်ကြောင်းများ ပြည့်နှက်သွားသည်။

ထို့နောက် ခြောက်သွေ့နေသော မြေစာပုံကဲ့သို့ တရှဲရှဲမြည်သံနှင့်အတူ အောက်သို့ ပြိုကျလာသည်။

"ဝေါင်း..."

အဘိုးအို၏အရေပြားအောက်တွင် တာအိုဝိညာဉ်၏ အရိပ်အယောင် လုံးဝ မတွေ့ရဘဲ ရေညှိများ ကပ်ငြိနေသော ကြမ်းတမ်းပြီး အဖုအထစ်များပါသည့် သစ်ပင်နွယ်ပင်များကိုသာ တွေ့ရသည်။

သူ့ပုံစံမှာ အလွန်ထူးဆန်းနေပြီး မျက်လုံးများတွင် ဒေါသနှင့် အံ့သြမှုများ ပြည့်နှက်နေ၏။

ဤကဲ့သို့သော အခြေအနေမျိုးတွင် လူငယ်လေးက ရဲရဲတင်းတင်း တိုက်ခိုက်ရဲလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ပုံရသည်။

ကျန်းမိသားစု ဒုတိယဘိုးဘေး ပို၍ မထင်မှတ်ထားသည်မှာ တစ်ဖက်လူ၏ပေါ့ပေါ့ပါးပါး ကန်ချက်က သူ ဟန်ဆောင်ရန် အသုံးပြုထားသော အသားအရေကို လုံးဝ ဖျက်ဆီးပစ်လိုက်ခြင်းပင်။

"ဒါ ဘယ်လို သတ္တဝါကြီးလဲ"

အားချင်း ကြောက်လွန်းသဖြင့် နေရာတွင်ပင် ကျောက်ရုပ်ကဲ့သို့ တောင့်ခဲသွား၏။

ရွှီဝမ်ယွင်သည် မထိတ်လန့်သော်လည်း ရှန်းယီ ဤမျှ ပြတ်သားစွာ လုပ်ဆောင်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

သူမ ချက်ချင်း ဓားကို ဆွဲထုတ်လိုက်ပြီး ကောင်းကင်ပေါ်ရှိ အဘိုးအိုကို မော့ကြည့်လိုက်၏။

ဤဘက်ခြမ်းမှ မွန်းစတားသတ္တဝါအား ကြည့်နေသလိုပင်၊ အခြား ကျန်းမိသားစုကျွမ်းကျင်သူများသည်လည်း ထိုကဲ့သို့သော အကြည့်မျိုးဖြင့်ပင် ရှန်းယီကို ကြည့်နေကြ၏။

စွေ့သစ်သား၏ ကောင်းချီးပေးမှုကြောင့် သူတို့၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားသည် သူတို့၏ကျင့်ကြံခြင်းအဆင့်ထက် များစွာ သာလွန်နေပြီဖြစ်ကြောင်း သူတို့သာလျှင် အသိဆုံးဖြစ်သည်။

သို့သော် ရှန်းယီ၏ကန်ချက်ကြောင့် သူတို့ ရုတ်တရက် အသိဝင်လာကြသည်။

ထိုအရာက အလယ်အလတ် ဟွမ်ယွမ်အဆင့် တစ်ယောက်ပိုင်ဆိုင်သင့်ဆသာ အင်အားမျိုးလော။

နောက်တစ်ခဏတွင် ကောင်းကင်သို့ ထိုးတက်နေသော မိစ္ဆာအရှိန်အဝါနှင့်အတူ အနက်ရောင် ဝတ်စုံနှင့် လူငယ်သည် ခုန်တက်လိုက်၏။ သူ၏ ခန္ဓာကိုယ်မှ ပြင်းထန်သော ခရမ်းရွှေရောင် မီးတောက်များထွက်ပေါ်လာပြီး တိမ်များနှင့် မြူခိုးများကို ခရမ်းရောင်ဖျော့ဖျော့ ပြောင်းသွားစေသည်။

သူ၏ဖြူဖျော့သော မျက်နှာပေါ်တွင် မည်သည့် ခံစားချက်မျှ မရှိပေ။ သို့သော် ၎င်းသည် ဒုတိယ ဘိုးဘေး၏ကျောရိုးတလျှောက် အေးစက်မှုကို အလိုအလျောက် ပေးပို့လိုက်သည်။

အမှန်ပင် အနက်ရောင်ပုံရိပ်သည် သူ့အမြင်တွင် ချက်ချင်းအဆများစွာ ကြီးမားလာပြီး ခရမ်းရွှေရောင်မီးတောက်များနှင့်အတူ ပြင်းထန်သော လက်သီးချက်တစ်ခု သူ့ခေါင်းပေါ်သို့ ကျဆင်းလာ၏။

အစောပိုင်းက ကန်ချက်ဟာ မတော်တဆ မဟုတ်ပေ...

လွှမ်းမိုးထားသော စွမ်းအားများ သူ့ထံ ဝင်ရောက်လာသည်ကို ခံစားလိုက်ရသည့် တခဏချင်းတွင် ဒုတိယ ဘိုးဘေးသည် လူမဟုတ်သောဒေါသတကြီးကြုံးဝါးသံကို ထပ်မံ ပြုလုပ်လိုက်၏။

ထူထဲသော နွယ်ပင်လက်တံနှစ်ခုသည် တိုက်ခိုက်မှုကို ခုခံရန်လျင်မြန်စွာမြင့်တက်လာသည်။

အထွတ်အထိပ်အဆင့် ဟွမ်ယွမ်တစ်ဦးအနေဖြင့် သူသည် မည်သည့်ကျင့်ကြံခြင်းနည်းစနစ်ကိုမျှ မသုံးသလို တာအိုဝိညာဉ်၏အရှိန်အဝါကိုလည်း ထုတ်လွှတ်ခြင်း မရှိပေ။

သို့သော် ထိုအချက်က သူ အားနည်းသွားသည်ဟု မဆိုလိုပေ။

ဆန့်ကျင်ဘက်အနေဖြင့် နှစ်ရှည်သစ်သားနှင့် ပေါင်းဆက်ပြီးနောက် သူ၏နွယ်ပင်ခန္ဓာကိုယ် သက်သက်ကပင် အရာအားလုံးကို ချေမှုန်းရန် လုံလောက်၏။

"ကျွတ်..."

ထူထဲသော နွယ်ပင်လက်တံများသည် လက်သီးချက်ကြောင့် တိုက်ရိုက်ချေမွခံလိုက်ရသည်။

ခရမ်းရွှေရောင်မီးတောက်များသည် အရိုးတွင် စွဲကပ်နေသော ကပ်ရောဂါကဲ့သို့ သူ့ခန္ဓာကိုယ်ပေါ်သို့ လျင်မြန်စွာ ကူးစက်လောင်ကျွမ်းသွားလေ၏။

ဒုတိယ ဘိုးဘေးသည် ကြောင်တောင်တောင်ဖြင့် မြေပြင်ပေါ်သို့ ပြုတ်ကျလာသည်။

ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...

စွေ့သစ်သားရဲ့ကောင်းချီးရထားတဲ့ သူ့ထက် ရုပ်ပိုင်းဆိုင်ရာခွန်အား ပိုကြီးမားတဲ့ ဟွမ်ယွမ်အဆင့်ကျင့်ကြံသူတစ်ယောက် ဘယ်လိုလုပ် ရှိနေနိုင်မှာလဲ။

ရှန်းယီ ကောင်းကင်ကို တည်ငြိမ်စွာ မော့ကြည့်လိုက်၏။

ရွှီဝမ်ယွင် ထွက်ခွာရန် စီစဉ်သည့် ညတွင် သူက ချင်းဟွာအား မည်သည့်တန်ဖိုးပင်ပေးဆပ်ရပါစေ အမြန်ဆုံး ပြန်လာဖို့ အမိန့်ပေးခဲ့ပြီးဖြစ်လေ၏။

ယခုကိစ္စကြောင့် မမျှော်လင့်သောအရာများ ဖြစ်လာနိုင်ကြောင်း သူကြိုတွေးထားပြီးဖြစ်လေသည်။

ယခု ရွှေခန္ဓာကိုယ် သူ့ဘေးတွင်မရှိရာ...

ရှန်းယီသည် ပြုတ်ကျနေသောပုံရိပ်ကို ငုံ့ကြည့်လိုက်ပြီး လက်သီးကို ဖြည်းညှင်းစွာ ဆုပ်ကာ ကြာရှည်စွာမခံစားခဲ့ရသော တိုက်ပွဲ၏ စိတ်လှုပ်ရှားမှုကို အရသာခံလိုက်သည်။

ဒီရင်းနှီးနေတဲ့ ခံစားချက်...

သူ ရုတ်တရက်နေရာမှ ပျောက်ကွယ်သွားပြီး အဘိုးအို၏အောက်တွင် ပြန်ပေါ်လာ၏။

သူ့လက်က ခါးကိုသပ်လိုက်ရာ သုံးပေရှည်သော ဆေဘာဓားတစ်ချောင်း လက်ဖဝါးထဲ ရောက်လာသည်။

လူငယ်လေး၏ချောမောသော မျက်နှာပေါ်တွင် ပြင်းထန်သော အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွား၏။

သစ်ခုတ်သမားက ထင်းခုတ်သကဲ့သို့ သူသည် ချန်းယွမ်ဆေဘာဓားကို အဘိုးအို၏ခါးဆီသို့ ကြမ်းတမ်းစွာ ပိုင်းချလိုက်တော့သည်။

All Chapters