အခန်း (၉၄-၉၆)
Vol. 7 Ch. 94-96
အပိုင်း(၉၄)
ယွမ်ကျိုးက ပန်းပုထုဆစ်သော ပညာရပ်ကို လေ့ကျင့်ပျိုးထောင်နေသည်မှာ သုံးရက်ကြာနေပါပြီ။ သူ့ကြိုးစားအားထုတ်မှုကြောင့် အတော်လေး ကျွမ်းကျင် ပိုင်နိုင်နေပါပြီ။
ယွမ်ကျိုးက အစပိုင်းတွင် ငြီးငွေ့သော ခံစားချက် ဖြစ်ပေါ်မိသော်လည်း နောက်ပိုင်းတွင် ကျေနပ်သော ခံစားချက်ကြောင့် သူ့အကြိုက်ဆုံး ဝါသနာပင် ဖြစ်လာသည်။ ယွမ်ကျိုးက သူ အားလပ်တိုင်း တံခါးပေါက်နားမှာ ခုံသယ်သွားပြီး ပန်းပုထွင်းထုသော ပညာရပ်ကို လေ့ကျင့်သည်။
ထို့ကြောင့်လည်း မနက်ခင်းတွင် လေ့ကျင့်ရန် လိုအပ်သော ပစ္စည်းများကို သွားဝယ်သော အလေ့အထ ရလာသည်။
“မုန်လာဥတွေ ထပ်ဝယ်ပြန်ပြီလား”ယွမ်ကျိုးက မုန်လာဥများကို ရွေးချယ်နေစဉ် အသီးအရွက်ရောင်းသော အသက်ကြီးကြီး အမျိုးသမီးက ယွမ်ကျိုးကို ပြုံးရွှင်ကာ မေးမြန်းသည်။
“ဟုတ်တယ်လေ” ယွမ်ကျိုးက ခေါင်းညိတ်ပြီး ဆက်လက် ရွေးချယ်နေသည်။
“လူငယ်တွေက မုန်လာဥစားရတာ ကြိုက်တာ ခပ်ရှားရှားပဲ။ မနေ့တုန်းက ဝယ်သွားတဲ့ မုန်လာဥအားလုံးကို စားပစ်လိုက်တာလား” အဘွားအိုက စပ်စပ်စုစု မေးမြန်းသည်။ ယွမ်ကျိုးက မုန်လာဥနီ နှင့် မုန်လာဥဖြူများ တစ်ပုံတပင် ဝယ်ယူခြင်းက လေးကြိမ်မြောက် ဖြစ်သည်။
“တခြားရည်ရွယ်ချက်အတွက် ဝယ်တာပါ။ စားဖို့ မဟုတ်ပါဘူး” ယွမ်ကျိုးက သူ့ရည်ရွယ်ချက်ကို တည့်တိုး ကြေညာသည်။
“ကောင်းပြီလေ။ ဒီနေ့ရော ဘယ်လောက် ပမာဏ ဝယ်မှာလဲ။ ဒီနေ့တော့ မုန်လာဥဖြူတွေက အရမ်းလတ်ဆတ်တယ်”
“ဒါတွေအားလုံးကို ဝယ်မယ်လေ” ယွမ်ကျိုးက မုန်လာဥဖြူများကို ကောက်ကာ မတူညီသော အိတ်ထဲထည့်လိုက်သည်။ တစ်အိတ်ချင်းစီတွင်၅ကီလိုအလေးချိန်ရှိပြီး အဘွားအိုကို ပေးလိုက်သည်။
“ဒါတွေအားလုံးက ၄၈.၃ယွမ်ပါ။ ၄၈ယွမ်ပဲပေးပါ” အဘွားအိုက ဈေးလျှော့ပေးသည်။
“ကျေးဇူးတင်ပါတယ်” ယွမ်ကျိုး၏လက်တစ်ဖက်က ဟင်းရွက်များကို လက်ခံယူပြီး နောက်လက်တစ်ဖက်က အဘွားအိုကို ပိုက်ဆံလှမ်းပေးသည်။
“နောက်တစ်ခေါက်လည်း လာအားပေးပါဦး။ အတိအကျ ပိုက်ဆံပေးလို့ ကျေးဇူးတင်ပါတယ်” အဘွားအိုက စိတ်အားထက်သန်စွာ စကားပြောသည်။
“ရပါတယ်” ယွမ်ကျိုးက သူ့ဘေးနားက လက်တွန်းလှည်းထဲ အသီးအရွက်များကို ထည့်ထားလိုက်သည်။
အဘိုးအဘွားများ သုံးလေ့ရှိသော လက်တွန်းလှည်းကို ယွမ်ကျိုးက ဟန်မပျက် အသုံးပြုနေသည်။
လှည်းနှင့် ဟင်းသီးဟင်းရွက်ကြားတွင် လေဖြည့်ထားသော ပလက်စတစ်အိတ်ကို ထား၍ အရွက်များ ပွန်းပဲ့ခြင်းမှ ကာကွယ်နိုင်သည်။
ယွမ်ကျိုးက လက်တွန်းလှည်းကို အသုံးပြုသည်မှာ ၂ရက်ရှိပါပြီ။ အသုံးပြုရလည်း အဆင်ပြေသည်။ စားဖိုမှူးတစ်ယောက်၏လက်ကို အသေးစိတ် ဂရုစိုက်ရန် လိုအပ်သည်။ လေးလံသောပစ္စည်းများကို လက်ခွန်အားသုံးပြီး နေ့တိုင်း မသယ်ချင်ပေ။ သူ့လက်ချောင်းများ၏ အာရုံခံစားနိုင်စွမ်းကို လျော့ကျစေသည်။
ယွမ်ကျိုးက တွန်းလှည်းကို ဆွဲပြီး သူ့စားသောက်ဆိုင်သို့ အေးအေးဆေးဆေး လမ်းလျှောက်ပြန်သွားသည်။ ဖြတ်သွားဖြတ်လာများ၏ ထူးဆန်းသော အကြည့်ကိုလည်း အာရုံမထားခဲ့ပေ။
သူ ဆိုင်တံခါးပေါက်နား ရောက်ချိန်က မနက် ၇နာရီ ၃၀မိနစ်သာ ရှိသေးသည်။ လေညှင်းလေးက တိုက်ခတ်နေသည်။ ယွမ်ကျိုးက မီးဖိုချောင်ထဲမှာ အရွက်များ မထားခင် မျက်မှောင်ကြုတ်လိုက်သည်။ ထို့နောက် သူ့ဖုန်းကို ထုတ်လိုက်ပြီး ဖုန်းခေါ်သည်။
“ရှောင်ယွမ်၊ မင်း ဒီနေ့ အလုပ်လာစရာ မလိုအပ်ဘူး။ မင်းကို နားရက် တစ်ရက်ပေးတယ်” ဖုန်းဝင်ဝင်ချင်း ယွမ်ကျိုးက သူ့ရည်ရွယ်ချက်ကို ထုတ်ပြောသည်။
“ဟုတ်ကဲ့ပါ သူဌေး” မုရှောင်ယွမ်က လက်ခံလိုက်သည်။ သူမက ယွမ်ကျိုး၏စားသောက်ဆိုင်သို့ လာနေသည်မှာ လမ်းတစ်ဝက်ရောက်ပြီ ဖြစ်သော်လည်း သူ့အိမ်သူ လှည့်ပြန်လာခဲ့သည်။
၅မိနစ်ခန့်ကြာပြီးနောက် လေထု စိုထိုင်းမှု တိုးများလာပြီး ကောင်းကင်ယံက မည်းမှောင်သွားသည်။
ခဏလေးအတွင်း မိုးခြိမ်းသံများပင် ကြားလာရသည်။
“ငါထင်တဲ့အတိုင်းပဲ မိုးရွာလာပြီ။ ဘယ်လောက်ကြာကြာ ရွာမလဲ သိချင်မိသား”
ယွမ်ကျိုးက တံခါးပေါက်မှာ မတ်တတ်ရပ်နေပြီး အပြင်မှာ မိုးသည်းထန်စွာ ရွာသွန်းနေခြင်းကို ငေးစိုက်ကြည့်နေသည်။ တံခါးဝနားက အထိုက်အလျောက် မြင့်မား၍ အထဲသို့ ရေမဝင်ခြင်း ဖြစ်သည်။
ဖြတ်သွားဖြတ်လာ တချို့လည်း လမ်းမပေါ်တွင် မရှိတော့ပေ။ သို့တိုင် ယွမ်ကျိုးက ဆိုင်တံခါးကို ပိတ်မည့် အစီအစဉ် မရှိချေ။ ထို့အစား ယွမ်ကျိုးက မီးဖိုချောင်ထဲသို့ ဝင်သွားပြီး မုန်ညှက်နယ်သည်။
သူက ခေါက်ဆွဲပြုတ်အချိုပြင်ဆင်ရန် ခေါက်ဆွဲသားကို ကြိုတင်ပြင်ဆင်နေခြင်း ဖြစ်လိမ့်မည်။
“တကယ်ကို ရှားရှားပါးပါး ဖြစ်ရပ်ပဲ၊ အခုအချိန်အထိ ဆိုင်ဖွင့်နေတုန်းပဲ” ဖိနပ်ပါးကို ဝတ်ဆင်ထားသော ဝူဟိုင်းက စားသောက်ဆိုင်ထဲ လမ်းလျှောက်ဝင်လာပြီး တအံ့တဩ ပြောဆိုသည်။
“ဟုတ်တယ်၊ ဘာစားချင်လဲ” ယွမ်ကျိုးက ခေါင်းညိတ်ကာ မေးမြန်းသည်။
“ငါက ပူစပ်စပ် အစားအသောက်တွေ စားချင်တယ်။ အစုံလိုက် ခေါက်ဆွဲပြုတ်ပေးပါ”
ဝူဟိုင်းက တီရှပ်အင်္ကျီ နှင့် ဘောင်းဘီတိုကို ဝတ်ဆင်ထားပြီး ဈေးပတ်သွားနေသော အဘိုးအိုကြီးနှင့် တူနေသည်။
“ခဏစောင့်ပေးပါ”
ယွမ်ကျိုးက ပြင်ဆင်ထားသော ခေါက်ဆွဲသားဖြင့် ခေါက်ဆွဲပြုတ်ပေးသည်။
“အတော်ကံကောင်းနေတာပဲ။ စောင့်စရာ မလိုအပ်ဘဲ။ ဒီလိုမျိုး မကြုံရတာ ကြာပြီ”
ဝူဟိုင်းက ကျေနပ်အားရစွာဖြင့် သက်ပြင်းချသည်။
ယွမ်ကျိုးက ဝူဟိုင်း၏စကားများကို လျစ်လျူရှုထားသည်။
“ဒီဆိုင်က ကောင်မလေး မရှိပါလား”
ကောင်မလေး ပျောက်နေ၍ ဝူဟိုင်းက စပ်စပ်စုစု မေးမြန်းသည်။
“အွန်း၊ ဒီနေ့ တစ်ရက်နားခွင့် ပေးထားတယ်” ယွမ်ကျိုးက မျက်နှာဖုံးတပ်ထား၍ အသံလုံးထွေးနေသည်။
“ကောင်မလေးက ကျောင်းသွားတာလား” ဝူဟိုင်းက ကောင်မလေး၏ ကျောင်းချိန်ကို လုံးဝ မသိခဲ့ပေ။
“စောနေသေးတယ်”
“ဒါဆိုရင် ဘာလို့ ဒီဆိုင်မှာ မရှိတာလဲ” ဝူဟိုင်းက စပ်စပ်စုစု မေးမြန်းသည်။
“အမ်၊ ငါ နားလည်ပါတယ်။ ယွမ်ကျိုး၊ မင်းက အရမ်းကို ကြင်နာတတ်တဲ့ နှလုံးသား ရှိတာပဲ” ယွမ်ကျိုး၏နှုတ်ဆိတ်နေသော မျက်နှာအမူအရာကို စောင့်ကြည့်ပြီး ဝူဟိုင်းက ရုတ်တရက် ထပြောသည်။
“ခေါက်ဆွဲစားတာကိုပဲ အာရုံစိုက်စမ်းပါ” ယွမ်ကျိုးက ဟင်းပွဲကို စားပွဲခုံပေါ် တင်ပေးလိုက်သည်။
“ကောင်းပြီလေ” ဝူဟိုင်းက ပန်းကန်လုံးကို ကိုင်ဆောင်လိုက်ပြီး စွတ်ပြုတ်အရည်များကို တစ်ကျိုက်တည်း သောက်ပစ်လိုက်သည်။
“ဒီလို မိုးရာသီမှာ အခုလို ပူပူနွေးနွေး အရည်သောက်ရတာ အကောင်းဆုံးပဲ”
ခွက်ကို အောက်ချလိုက်ပြီးနောက် သူက ခံစားချက်အပြည့်ဖြင့် သက်ပြင်းချလိုက်သည်။
“ကြက်သွန်ဖြူကိုလည်း စားကြည့်ပါဦးလား” ယွမ်ကျိုးက ကြက်သွန်ဖြူနှစ်မြွှာကို ညွှန်ပြသည်။
“သူဌေးယွမ်၊ ဘယ်အချိန်မှ ခွာပြီးသား ကြက်သွန်ဖြူကို ပေးမှာလဲ”
ယွမ်ကျိုးက ခွန်းတုံ့မပြန်ခဲ့ပေ။ ထို့အစား မိုးရွာသွန်းနေသော အပြင်ဘက် ပတ်ဝန်းကျင်ကို ငေးကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။
မိုးရေထဲမှာ ထီးမပါဘဲ ပြေးလာသော အမျိုးသားက ယွမ်ကျိုး၏စားသောက်ဆိုင်နား ဖြတ်လျှောက်သွားကာ စားသောက်ဆိုင်၏ ပင်မခန်းမဆောင်ထဲသို့ ဝင်ရောက်လာသည်။
“သူဌေးယွမ်၊ ခင်ဗျားက အခုအချိန်အထိ ဆိုင်ဖွင့်တုန်းလား”
သူ့အမည်က ဝူမင်ဖြစ်ပြီး အနီးအနားမှာ အလုပ်လုပ်သူ ဖြစ်သည်။ ယနေ့က အလုပ်ပိတ်ရက် ဖြစ်သောကြောင့် မနက်စာ အပြင်ထွက်စားရန် လမ်းလျှောက်ထွက်လာခြင်း ဖြစ်သည်။ ရုတ်တရက် မိုးရွာချလာ၍ တစ်ကိုယ်လုံး ရွဲရွဲစိုသွားခြင်း ဖြစ်သည်။
မနက်စာ ဝယ်မစားဖြစ်တော့၍ အလျင်မြန်ဆုံးနှုန်းဖြင့် လှည့်ပြန်လာခဲ့သည်။ ယွမ်ကျိုး၏စားသောက်ဆိုင်နား ဖြတ်သွားစဉ် အချိန်တိကျသော ဆိုင်ရှင် ယွမ်ကျိုးက ယခုထိ ဆိုင်ဖွင့်ထားသည်။ တကယ်တမ်း သူက ဆိုင်ထဲဝင်လာပြီး စပ်စုခြင်း ဖြစ်သည်။
“ဘာလို့လဲ။ ခင်ဗျားရော ဘာများ သုံးဆောင်ချင်လဲ” ယွမ်ကျိုးက အံဆွဲထဲမှ အဖြူရောင်သဘက်ကို ထုတ်လိုက်ပြီး သူ့ကို ကမ်းပေးလိုက်သည်။
ဘေးနားမှာ စားသောက်နေသော ဝူဟိုင်းက ယွမ်ကျိုး၏ အပြုအမူကို အံ့ဩနေသူက သူတစ်ယောက်တည်း မဟုတ်ကြောင်း သဘောပေါက်သွားသည်။
“ခေါက်ဆွဲစွပ်ပြုတ်ပေးပါ။ ကျေးဇူးတင်ပါတယ်။ သူဌေးယွမ်ဆီမှာ အခုလိုမျိုး သဘက်အသစ်တွေကို ရှိမယ် လို့ ထင်တောင်မထင်ထားဘူး”
ဝူမင်က အံ့ဩသော အမူအရာဖြင့် သဘက်ကို လက်ခံယူလိုက်ပြီး သူ့လက်မောင်းများကို သုတ်လိုက်သည်။
“အင်း၊ ဆံပင်ကို အရင်ဆုံး သုတ်လေ” ယွမ်ကျိုးက အတွင်းခန်းဘက်မှာ မတ်တတ်ရပ်နေပြီး စိတ်အားထက်သန်စွာ ပြောသည်။
“သူဌေးယွမ်က ဒီနေ့တော့ တခြားသူအတွက် အရမ်းစဉ်းစားပေးတတ်တာပဲ။ ကျွန်တော်ကို အအေးမိမှာ စိုးရိမ်နေတာလား” ဝူမင်က အကြံပြုသည့်အတိုင်း ဆံပင်ကို ရေသုတ်လိုက်သည်။ သူက ပုံမှန်အချိန်များတွင် အစားအသောက် လာစားလေ့ရှိပြီး ယွမ်ကျိုးကိုလည်း စနောက် ကျီစယ်လေ့ရှိသည်။
“မင်းက စကားအမှန်ကို ကြားချင်တာလား။ ဒါမှမဟုတ် လိမ်ညာတဲ့စကားတွေကို ကြားချင်တာလား” ယွမ်ကျိုးက လေးနက်စွာ ပြောသည်။
“နှစ်မျိုးစလုံး ကြားချင်တယ်” ဝူမင်က ပြုံးကာ ပြန်ပြောသည်။
“စကားအမှန်အကန် ပြောရရင်တော့ ခင်ဗျားကို တကယ်လည်း အအေးမမိစေချင်ဘူး” ယွမ်ကျိုးက စာနာသောအမူအရာဖြင့် စကားပြောသည်။
“အလိမ်အညာစကားကတော့ မင်းရဲ့ဆံပင်က ကျလာတဲ့ ရေစက်တွေက ခေါက်ဆွဲပန်းကန်ထဲ ရောက်ရှိပြီး ခေါက်ဆွဲရဲ့ အရသာပျက်စီးသွားမှာ ကြောက်လို့ပဲ”
ဝူမင် နှုတ်ဆိတ်သွားသည်။ သူက ထိုင်ခုံမှာ ထိုင်ကာ စကားပြန်ပြောသည်။
“အလိမ်အညာစကားက အမှန်တရားထက် ပိုပြီး ယုံကြည်ထိုက်သလိုပဲ”
“ဒါကတော့ ခင်ဗျားရဲ့အတွေးအခေါ်ပေါ်ပဲ မူတည်တယ်”
ယွမ်ကျိုးက သူ့အတွေးကို ထုတ်ပြောသည်။
“ဒီသဘက်ရဲ့တန်ကြေးက ဘယ်လောက်လဲ”
ဝူမင်က ယွမ်ကျိုးနှင့် ငြင်းခုန်
နေခြင်းက အဓိပ္ပါယ်မဲ့သော လုပ်ရပ်ဟု တွေးလိုက်သည်။ ထို့ကြောင့် သူက သဘက်၏တန်ကြေးကို ချက်ချင်း မေးလိုက်သည်။
ယွမ်ကျိုး စားသောက်ဆိုင်၏ တစ်သတ်မတ်တည်း အစဉ်အလာက မစားခင်တည်းက ကျသင့်ငွေကို ပေးချေရခြင်း ဖြစ်သည်။ ထို့ကြောင့် သူက ဈေးအရမ်းမကြီးစေရန် မျှော်လင့်ချက်ဖြင့် ဈေးနှုန်းကို အရင်ဆုံး မေးမြန်းခြင်း ဖြစ်သည်။
အပိုင်း(၉၄)
ပြီးပါပြီ။
ယွမ်ကျိုး အပိုင်း(၉၅)
"၂၆၈ယွမ်" ယွမ်ကျိုးက ခေါက်ဆွဲပြုတ် ဈေးနှုန်းနှင့် တူညီသော ဈေးနှုန်းကို ပြောသည်။
“သူဌေးယွမ်။ ဒီအသေးအမွှား ကြင်နာမှုလေးက အရမ်းကုန်ကျစရိတ်များပါလား။ ခေါက်ဆွဲပြုတ်ဈေးနှုန်းနဲ့ အတူတူပဲ" ဝူမင် ငိုချင်လာသည်။
“ဟင့်အင်း၊ ဒါက ခေါက်ဆွဲပြုတ် ဈေးနှုန်းပဲ" ယွမ်ကျိုး ဖြေရှင်းချက်ပေးခြင်းက ရှားရှားပါးပါး ဖြစ်သည်။
"ဒါဆိုရင် သဘက်ရဲ့ဈေးနှုန်းက ဘယ်လောက်လဲ"
“ဒါက အလကားပါ" ယွမ်ကျိုးက မျက်မှောင်ကြုတ်ပြီး ရှင်းရှင်းလင်းလင်း ဖြေရှင်းချက်ပေးသည်။ သူ့စကားကို နားမလည်နိုင်သော ကောင်လေးကို ကြည့်ကာ သူ့မျက်ဝန်းတွင် စက်ဆုပ်သော ခံစားချက်များ သိသာ ထင်ရှားလာသည်။
“ခင်ဗျား နောက်ပြောင်နေတာလား။ ခင်ဗျားဆိုင်က အလကားပေးတာ ရှိလို့လား" ဝူမင်က သူ့ကို လုံးဝ မယုံကြည်ပေ။ ယွမ်ကျိုး၏ သူတော်ကောင်းယောင် ဟန်ဆောင်သော အပြုအမူကြောင့် မိုးသည်းထန်စွာ ရွာသွန်းသည်ဟုပင် ဝူမင် ခံစားမိသည်။
“ဟုတ်တယ်။ ရှိတယ်" ယွမ်ကျိုးက စိတ်အားထက်သန်စွာ စကားပြောသည်။
“သူဌေးယွမ်က တကယ်ကို ကြင်နာတတ်တာပဲ"
ဘေးဘက်မှာ ထိုင်နေသော
ဝူဟိုင်းက စိတ်အားထက်သန်စွာ ပြောသည်။
"ဒါဆိုရင် တကယ်လား။ ကောင်းတာပေါ့။ ဒီသဘက်လေးကို သုံးတော့မယ်"
ဝူမင်က အံ့ဩသောအကြည့်ကို ဖော်ပြသည်။ မည်သို့ပင်ဆိုစေကာမူ သူက သူဌေးယွမ်၏ငွေမက်သော အကျင့်စရိုက်ကို အတော်ကလေး အထင်ကြီး လေးစားမိသည်။ သာဓကဆိုသော် စွပ်ပြုတ်အပို တစ်ခွက် နှင့် ကြက်သွန် နှစ်မြွှာကို ၄၀ယွမ် အပိုဆောင်း တောင်းခံသေးသည်။
ခေါက်ဆွဲပြုတ်အတွက် ကျသင့်ငွေကို ပေးဆောင်ပြီးနောက် သူက ဖုန်းကို ချက်ချင်းထုတ်လိုက်သည်။ သူ့တစ်ကိုယ်လုံးက မိုးရေကြောင့် စိုစွတ်နေသည့်တိုင် ဖုန်းကို ရေမစိုအောင် အကောင်းဆုံးကာကွယ်ပေးထားသည်။
ဖုန်းကို ဖွင့်လိုက်ပြီး WeChat မှာ သူ့သူငယ်ချင်းများကို တင်ထားသော ပို့စ်ကို ဖတ်ရှုပြီးနောက် သူ့ကိုယ်ပိုင် ခံစားချက် ပို့စ်တင်ရန် ဆုံးဖြတ်လိုက်သည်။
[မိုးသည်းထန်စွာ ရွာသွန်းနေတယ်။ ဒါတောင် သူဌေးယွမ်ရဲ့စားသောက်ဆိုင်က ဖွင့်ထားတုန်းပဲ။ ဒီလို ဆိုးရွားတဲ့ ရာသီဥတုမှာ ခေါက်ဆွဲပြုတ်ပူပူနွေးနွေးလေး သောက်ရတာက တကယ်ကို ကျေနပ်ဖွယ်ကောင်းတယ်]
ဝူမင်က ဖောက်သည်အများစုနှင့် ဆက်ဆံရေးကောင်းမွန်၍ စောနလေးတင် တင်လိုက်သော ပို့စ်အောက်တွင် လက်မထောင်သူ များလာသည်။ တကယ်တမ်း မှတ်ချက်ပေးသူ အများအပြားလည်း ရှိသည်။
[ဒီလိုဆိုးရွားတဲ့ ရာသီဥတုမှာတောင် သူဌေးယွမ်က ဆိုင်ဖွင့်ထားတယ်လား။ ဖြစ်ရောဖြစ်နိုင်ပါ့မလား။ ဟာသပဲ ။ ဝူမင်၊ မင်းက သရော်တဲ့ဟာသတွေ သိပ်ပြောတတ်လာပြီ]
[သူဌေးယွမ်က ဘယ်သူလဲ]
[ဟေ့၊ မင်းက သူဌေးယွမ်ကိုတောင် မသိဘူးလား။ သူဌေးယွမ် ဒီနေ့ ဆိုင်မဖွင့်ဘူးလို့ ထင်ခဲ့တာ]
[မဖြစ်နိုင်ပါဘူး။ ငါ လုံးဝ မယုံကြည်နိုင်ဘူး]
WeChat မှ အသိပေးသံ တစ်ချိန်လုံး မြည်နေ၍ ဝူမင်က မှတ်ချက်များကို စစ်ဆေးရန် ဖုန်းဖွင့်လိုက်သည်။
[ကောင်းပြီလေ။ မင်းတို့ကို ဓာတ်ပုံရိုက်ပြမယ်]
ခေါက်ဆွဲပြုတ်မရသေး၍ ဝူမင်က ဆိုင်အတွင်းဘက် ပတ်ဝန်းကျင်ကိုသာ ဓာတ်ပုံရိုက်ကူးနိုင်သည်။
ဓာတ်ပုံလေးနှင့်အတူတူ စာသားအပို ထည့်ပေးလိုက်သေးသည်။
“ဒီနေ့တော့ သူဌေးယွမ်က ထူးထူးဆန်းဆန်းပဲ။ ငါ့ကို အသစ်စက်စက် သဘက်လေး လက်ဆောင်ပေးလိုက်သေးတယ်။ အလကားပေးတာနော်။ ရောင်းတာ မဟုတ်ဘူး”
ဝူမင်က သူ့ကို တခြားသူများ မနာလိုဖြစ်လိမ့်မည်ဟု တွေးထားသည်။
သို့သော်လည်း ရလဒ်က သူ့မျှော်မှန်းချက်နှင့် ဆန့်ကျင်ဘက် ဖြစ်သွားခဲ့သည်။ သူ့ကို မယုံကြည်သူများ၏ သံသယက ပို၍ ခိုင်မာလာခဲ့သည်။
[ဟား...ဟား စောနက မင်းကို ၅ ရာခိုင်နှုန်း ယုံကြည်ခဲ့ပေမဲ့ အခုတော့ သုည ဖြစ်သွားပြီ။ သူဌေးယွမ်က မင်းကို သဘက် အလကားပေးတယ်လို့ မင်းပြောတယ်နော်။ သူဌေးယွမ်က ကပ်စေးနဲ။ ဝူမင်၊ မင်းက တော်တော် နောက်ပြောင်တတ်တာပဲ”
သူ့မိတ်ဆွေကောင်းက သူ့ကို အားမနာစတမ်း ဝေဖန်သည်။
[ပိုကောင်းတဲ့ အကြောင်းပြချက် ပေးစမ်းပါ၊ မြောက်အရပ်ကနေ နေထွက်တယ်လို့ ပြောရင်တောင် ပိုယုံကြည်စရာကောင်းသေးတယ်]
[ဟုတ်ပါ့၊ မင်းပြောတာ အမှန်ပဲ။ မင်းက ငါတို့ကို လှည့်ဖြားနေတာ သံသယဝင်ဖို့တောင် မလိုအပ်တော့ဘူး]
မယုံကြည်သော မှတ်ချက်များကို ပယ်ဖျက်နိုင်သော ယွမ်ကျိုး၏ခေါက်ဆွဲပြုတ်က အချိန်မီ ရောက်လာသည်။
“မင်းမှာထားတဲ့ ခေါက်ဆွဲပြုတ်ရပါပြီ” ထိုစကားကိုပြောလိုက်စဉ် ယွမ်ကျိုးက ခေါက်ဆွဲပြုတ်ကို စားပွဲပေါ် တင်ပေးလိုက်သည်။
“ကျေးဇူးတင်ပါတယ် သူဌေးယွမ်။ မင်းတို့ကို ဒီဓာတ်ပုံနဲ့ သက်သေပြမယ်”
ဝူမင်က ကျေးဇူးတင်စကား ပြောပြီးနောက် အစာမစားခင် အရင်ဆုံး ဓာတ်ပုံရိုက်ကူးကာ ပို့စ်တင်လိုက်သည်။ သူက ယွမ်ကျိုး၏စားသောက်ဆိုင် ရောက်နေကြောင်း သူ့သူငယ်ချင်းများကို အမှန်တကယ် သက်သေပြနိုင်ခဲ့သည်။
[တကယ်ကြီးပဲ၊ သူဌေးယွမ်က ဆိုင်တကယ်ဖွင့်တယ်။ မယုံကြည်နိုင်စရာပဲ။ နေဦး ငါလည်း သွားမယ်]
[ဟွားစီရင်စုကို သွားချင်တဲ့သူ ရှိလား။ အတူတူ သွားကြမယ်]
[ဝူမင်၊ မင်းကြွားဝါနေတာကို ငါတို့က တိတ်တိတ်လေး စောင့်ကြည့်နေတာနော်။ မနက်ဖြန် မင်းရုံးလာရင် ငါတို့ကို မုန့်ဝယ်ကျွေးဖို့ မမေ့နဲ့]
…
သူ့ပို့စ်မှ မနာလိုသော မှတ်ချက် နှင့် အံ့ဩသော မှတ်ချက်များကို ရရှိခဲ့၍
ဝူမင် အတော်ကလေး ကျေနပ်မိသည်။ ထို့နောက် သူက ခေါက်ဆွဲပြုတ်ကို စတင်စားသည်။
“သူဌေးယွမ်ရဲ့ဟင်းချက်စွမ်းရည်က တကယ်ကို ထူးချွန်ထက်မြက်တယ်” ခေါက်ဆွဲစွပ်ပြုတ်ကို ခံတွင်းအပြည့် မြိုချပြီးနောက် သူက ခံစားချက်အပြည့်ဖြင့် သက်ပြင်းချလိုက်သည်။
ဝူမင်၏ WeChatပို့စ် ကျေးဇူးကြောင့် ယွမ်ကျိုးစားသောက်ဆိုင်၏ စီးပွားရေးက မိုးသည်းတဲ့နေ့တွင်လည်း ရောင်းကောင်းခဲ့သည်။ အပျော်သဘောအနေဖြင့် လာရောက်ကြသော အနယ်နယ်အရပ်ရပ်မှ ဖောက်သည်များကြောင့်အပြင် ဖောက်သည်အသစ်များလည်း ရရှိခဲ့သည်။
သဘက်အလကားပေး၍ ဤဖောက်သည်များက ယွမ်ကျိုးကို အမှတ်ပိုပေးသွားသည်။
နောက်တစ်နေ့ မနက်ခင်းတွင် မုရှောင်ယွမ်၏နှုတ်မှ ပထမဆုံးဖွင့်ဟသောစကားလုံးက
“မနေ့တုန်းက မိုးရွာတဲ့အချိန် အလုပ်မဆင်းခိုင်းလို့ ကျေးဇူးတင်ပါတယ် သူဌေး”
“မလိုအပ်ပါဘူး” ယွမ်ကျိုးက စိတ်ထဲ သိပ်မထား၍ သာမန်ကာလျှံကာ ပြန်ပြောလိုက်သည်။
ထို့နောက် မုရှောင်ယွမ်က စကားဆက်မပြောဘဲ သူ့အလုပ်သူ စိတ်အားထက်သန်စွာ လုပ်ဆောင်သည်။ ဖောက်သည်များနှင့် နှုတ်ဆက်သောအခါ ပို၍ စိတ်အားတက်ကြွနေသည်။
“ဝူကျိုး၊ ဒီနေ့တော့ မင်းက ငါ့ကို ဝယ်ကျွေးသင့်တယ်။ ဆိုးရွားတဲ့ ကွန်ပြူတာ စက်ချို့ယွင်းချက်ကို မင်းတစ်ယောက်တည်း ဖြေရှင်းလိုက်နိုင်တာပဲ။ မင်း ဆုကောင်းကောင်းချီးမြှင့်ခံရတယ်မလား”
ဝူကျိုးကို ဆိုင်မှာ အကင်တစ်ခါဝယ်ကျွေးဖူးသော အမျိုးသား ကျောင်ယင်ကျွင်းက ဝူကျိုး၏ပခုံးကို ဖက်ကာ စကားပြောသည်။
“ရတယ်လေ ဝယ်ကျွေးမှာပေါ့။ မင်းကို ခေါက်ဆွဲပြုတ် ဝယ်ကျွေးမယ်” ဝူကျိုးက တုံ့ဆိုင်းမှုမရှိ သဘောတူလိုက်သည်။
“မင်းကို ဒီလောက်အထိ ရက်စက်မယ်လို့ ထင်တောင် မထင်ထားဘူး။ ခေါက်ဆွဲပြုတ် တစ်ပွဲနဲ့ ငါ့စိတ်ကို ကျေနပ်စေမလို့လား” ကျောင်ယင်ကျွင်းက ဝူကျိုး၏ပခုံးကို လက်သီးဆုပ်ဖြင့် ထိုးလိုက်သည်။
“ငါက ရက်စက်တယ်လို့ မင်းပြောလိုက်တာလား။ ခေါက်ဆွဲပြုတ် တစ်ပွဲက ၂၆၈ယွမ် တန်တယ်။ ဒီ့အပြင် အဲ့ဒီဆိုင်မှာ မစားခင် တန်းစီ စောင့်ရဦးမယ်”
ဝူကျိုးက သူ့ပခုံးပေါ်လာတင်ထားသော ကျောင်ယွင်ကျွင်း၏လက်ကို မကျေနပ်ဟန်ဖြင့် တွန်းဖယ်လိုက်သည်။
“မင်း ရူးများနေသလား။ ခေါက်ဆွဲပြုတ်က ၂၆၈ယွမ် တန်ပါ့မလား”
ကျောင်ယင်ကျွင်းက သူ့ကို လှည့်စားနေသည်ဟု ခံစားမိသည်။ ကြယ်အဆင့်ရှိသော ဟိုတယ်၏စားသောက်ဆိုင်လည်း မဟုတ်နေပေ။
“မင်းဆိုင်က ကြယ်အဆင့်ဟိုတယ်ကလား။ မင်းရတဲ့ ချီးမြှင့်ငွေလေးနဲ့ ကြယ်အဆင့်ဟိုတယ်မှာ လိုက်ဝယ်ကျွေးမလို့လား” ကျောင်ယင်ကျွင်းက ရုတ်တရက် တအံ့တဩ မေးမြန်းသည်။
“မင်း အတော်လွန်နေပြီ။ ဒီအနီးအနားက စားသောက်ဆိုင် သေးသေးလေးပဲ။ ဒါပေမဲ့ အဲဒီဆိုင်က ဟင်းပွဲတွေက တကယ် အရသာရှိတယ်”
ဝူကျိုးက အရသာရှိသော ခေါက်ဆွဲပြုတ်အကြောင်း တွေးမိသောအခါ သွားရည်ယိုလာသည်။
“ငါက ခေါက်ဆွဲစားရတာကို မကြိုက်ဘူးလေ။ ဒါကို မင်းလည်း သိရဲ့သားနဲ့”
ဝူကျိုး၏မျက်နှာအမူအရာကြောင့် ကျောင်ယင်ကျွင်း လက်ခံလိုက်သည်။ သို့တိုင် သူ မကြိုက်သည့်အချက်ကို အသိပေးလိုက်သည်။
“ကိစ္စမရှိဘူး။ မင်းကို တကယ်အရသာရှိတဲ့ ခေါက်ဆွဲပြုတ်ရဲ့ အရသာကို မြည်းစမ်းခိုင်းမယ်” ဝူကျိုးက ကျောင်ယင်ကျွင်း၏ အယုံအကြည်ကင်းမဲ့သော အမူအရာကို လျစ်လျူရှုထားသည်။
“မင်း သေချာရဲ့လား။ ဒီတစ်မျိုးပဲ မင်းက ဝယ်ကျွေးမှာလား” ကုမ္ပဏီတွင် ဝူကျိုးက ကျောင်ယင်ကျွင်း၏ အကောင်းဆုံး သူငယ်ချင်းများအနက် တစ်ဦး ဖြစ်သည်။ ဝူကျိုး၏ အယုံသွင်းသော စကားများကြောင့် သူ့စိတ်ထဲ သိလိုစိတ်များ ဖြစ်ပေါ်လာသည်။
“မင်း သွားမလား မသွားဘူးလားပဲ ဖြေစမ်းပါ။ ငါတို့တွေ နောက်ကျမှသွားရင် နေ့လည်စာစားဖို့ အချိန်မလောက်ဘူး” ဝူကျိုးက ကျောက်ယင်ကျွင်းကို ဆွဲခေါ်ပြီး မေးမြန်းသည်။
“ဟုတ်ပြီ ငါသွားမယ်။ မင်းက ဒကာခံမှာဆိုတော့ မင်းရဲ့ခံစားချက်ကို အလေးထားပေးရမှာပေါ့”
ကျောင်ယင်ကျွင်းက အင်တင်တင် ဖြစ်နေသော်လည်း နောက်ဆုံးတော့ သဘောတူလိုက်သည်။ သို့သော်ငြားလည်း သူက ခေါက်ဆွဲပြုတ် မကြိုက်၍ မျှော်လင့်ချက် သိပ်မထားပေ။
အလုပ်ဆင်းချိန်ရောက်သောအခါ ဝူကျိုးက နေ့လည်စာထက် အရေးကြီးသော တခြားကိစ္စ မရှိသကဲ့သို့ သူ့ကို ခပ်မြန်မြန် လမ်းလျှောက်ရန် တိုက်တွန်းနေသည်။ စားသောက်ဆိုင်နားရောက်မှ ဝူကျိုး၏စိတ်တည်ငြိမ်သွားပြီး အလောတကြီး တိုက်တွန်းမှု ရပ်တန့်သွားသည်။
“ဒီဆိုင်မှာ လာစားတဲ့ဖောက်သည် တော်တော်များသားပဲ”
ကျောင်ယင်ကျွင်းက တန်းစီစောင့်နေသော လူတန်းကြီးကို ကြည့်ကာ ပြောသည်။
“ဒီနေ့ ငါတို့တွေ စောစောရောက်တာပဲ။ ငါတို့အရှေ့မှာ ၁၁ယောက်ပဲ ရှိတယ်။ ငါတို့ အလှည့် မကြာခင် ရောက်လာလိမ့်မယ်” ထိုစကားကိုပြောလိုက်စဉ် ဝူကျိုးက ကျောင်ယင်ကျွင်းကို ဆွဲခေါ်သွားသည်။
သူတို့အရှေ့မှာ မုတ်ဆိတ်ကြီး ဝူဟိုင်းရှိနေသည်။ သူ့နောက်မှာ ရင်းနှီးနေသူကို မြင်တွေ့ရ၍ ချက်ချင်း စကားပြောသည်။
“ဝူကျိုး၊ မင်း ရောက်လာပြီပဲ။ ဒီနေ့ မင်းနဲ့အတူတူ ပါလာတဲ့သူက တခြားသူပဲ”
“သူက ကျွန်တော်တို့အလုပ်က လုပ်ဖော်ကိုင်ဖက်လေ။ ဒီနေ့ ကျွန်တော်က သူ့ကို ခေါက်ဆွဲပြုတ် ဝယ်ကျွေးမလို့လေ” ဝူကျိုးက ဂုဏ်ယူဝင့်ကြွားစွာပြောသည်။
ဝူဟိုင်းက သူ့ရင်ထဲတွင် သူ့ကောင်မလေးမှလွဲ၍ တခြားသူမရှိ၊ လူသားခံစားချက် မရှိဟု ထေ့ငေါ့ထား၍ ယနေ့ သူက ဝယ်ကျွေးမည့် အကြောင်းကို အထူးတလည် ပြောဆိုခြင်း ဖြစ်သည်။
“မင်းရဲ့ဘောနပ်စ်ငွေက ဒီနေ့မှ ရတာလား” ဝူဟိုင်းက အဓိကအချက်ကို ပြောလိုက်သည်။
“ဟုတ်တယ်။ ဒါတောင် ငါက ငါ့သူငယ်ချင်းကို ဒကာခံတယ်လေ” ဝူကျိုးက အလျင်အမြန် တုံ့ပြန်သည်။
“ဘောနပ်စ်ငွေ ရလို့လား”ဝူဟိုင်းက အဆိုးမြင်ဝါဒီ သဘောဖြင့် စကားပြောသည်။
“ငါတို့အလှည့်ရောက်ပြီ”
ကျောင်ယင်ကျွင်းက သူတို့စကားဝိုင်းကို ရုတ်တရက် ဖြိုခွဲလိုက်သည်။
အပိုင်း(၉၅)
ပြီးပါပြီ။
ယွမ်ကျိုး အပိုင်း(၉၆)
“ဒီမှာတည်းက မင်းနဲ့ တစ်ခါတည်း သဘောတူညီချက် ယူထားမယ်။ ခေါက်ဆွဲပြုတ်တစ်ပွဲပဲ ဝယ်ကျွေးနိုင်မယ်။ တခြားဟင်းလျာတွေ ဝယ်ကျွေးဖို့ မတတ်နိုင်တော့ဘူး" ဝူကျိုးက ထိုင်ခုံမှာ နေရာယူလိုက်သော အလုပ်မှသူငယ်ချင်းကို ကြိုတင် အသိပေးသည်။
"ငါ သိတယ်...ငါ သိတယ်။ ကောင်စုတ်၊ မင်းရဲ့ ဘောနပ်စ်က ဘယ်လောက်ရလဲဆိုတာ ငါ ကောင်းကောင်း သိတယ်။ ခေါက်ဆွဲပြုတ်ရဲ့ ဈေးနှုန်းက တကယ်ပဲ၂၆၈ယွမ်ဆိုရင် မင်းရဲ့ငွေကို ငါ ခေါင်းပုံဖြတ် မသုံးပါဘူး” ကျောင်ယင်ကျွင်းက
စမတ်ကျကျ ပြန်ဖြေသည်။
"မင်းငါ့ကို မယုံရင် ခေါင်းလှည့်ပြီး ဈေးနှုန်းကို မင်းကိုယ်တိုင် စစ်ဆေးကြည့်လိုက်တော့” ဝူကျိုးက ကျောင်ယင်ကျွင်း၏နောက်က နံရံကို ညွှန်ပြကာ ဒေါသတကြီးနဲ့ ပြောလိုက်သည်။
“ကောင်းပြီ...ကောင်းပြီ”
မီနူးကို တစ်ချက်စစ်ဆေးရန် လှည့်ကြည့်လိုက်သည်။
မီနူးရှိ စျေးနှုန်းများကို ကြည့်ပြီးနောက် ကျောင်ယင်ကျွင်းက ဒဿမအမှတ် သို့မဟုတ် တစ်ခုခုထည့်ရန် စိတ်ထားယုတ်ညံ့သော သူဌေးက မေ့လျော့နေသည်ဟု ခံစားမိသည်။
"၁၀၈ယွမ် ဈေးနှုန်းရှိသော ကျင်းလင်မြက်ဟင်းလျာက အာတီမီဆီယား ဆယ်လီဂျန်စစ်ကို အသုံးပြုထားတာလား” ကျောင်ယင်ကျွင်းက ယခင်တုန်းက အလုပ်ကိစ္စဖြင့် ကျင်းလင်မြို့သို့ သွားရောက်ဖူး၍ အာတီမီဆီယား ဆယ်လီဂျန်စစ်အကြောင်း မေ့မရ ဖြစ်ခဲ့ဖူးသည်။ ထို့ကြောင့်လည်း သူက မေးမြန်းလိုက်ခြင်း ဖြစ်သည်။
“ဖြစ်နိုင်တယ်။ ဒီဟင်းပွဲကို မင်းက စားချင်လို့လား” ဝူကျိုးက သတိထားသော အမူအရာဖြင့် မေးမြန်းသည်။
“တကယ် မစားချင်ပါဘူး၊ ငါက ဖီးနစ်အမြှီးပုစွန်ဟင်းကို စားချင်တာပဲ”
ကျောင်ယင်ကျွင်းက မစားချင်ကြောင်း ငြင်းလိုက်၍ ဝူကျိုး စိတ်သက်သာရာ ရသွားသော်လည်း ထပ်ပြောလာသော စကားကြောင့် တအံ့တဩ ဖြစ်သွားသည်။
“မရဘူး” ဝူကျိုးက သူ့လက်ကိုင်အိတ်ကို ကာကွယ်ဟန်ဖြင့် စကားပြန်ပြောသည်။
သူ့ဘောနပ်စ်ငွေအားလုံးကို သူ့ကောင်မလေးကို လွှဲထားပေးပြီးသား ဖြစ်သည်။ သူ့သူငယ်ချင်းကို ဝယ်ကျွေးမည့်ငွေက သူ့လစဉ် အသုံးစရိတ်ဖြစ်သည်။ သူ့ကို ပုစွန်ဟင်း ဒကာခံလိုက်လျှင် သူ ငတ်ပြတ်သွားနိုင်သည်။
“ဖီးနစ်အမြှီးပုစွန်ဟင်းတစ်ပန်းကန်က ၁၂၈၈ယွမ် တန်တယ်။ ငါ ဝယ်မစားနိုင်လို့ မင်း ဝယ်ကျွေးလိုက်ပါလား”
ကျောင်ယင်ကျွင်းက ဝူကျိုး ငြင်းပယ်နေခြင်းကို မကြားသကဲ့သို့ ဟန်ဆောင်ကာ အားမနာစတမ်း တောင်းဆိုသည်။
“ဟဲ ဟဲ။ သူဌေးယွမ် ခေါက်ဆွဲပြုတ် နှစ်ပွဲပေးပါ။ တခြားဘာမှ မမှာဘူး”
ဝူကျိုးက ကျောင်ယင်ကျွင်းကို မသိကျိုးကျွံပြုထားသည်။ သူက တခြားဟင်းပွဲများ မမှာကြောင်း အထူးတလည် ပြောကြားလိုက်သည်။
"ဝူကျိုး၊ ငါတို့ချင်း သူငယ်ချင်း အဖြစ် ခင်မင်လာတာ နှစ်တော်တော်ကြာပြီလေ။ မင်းက ငါ့ကို ပုစွန်ဟင်း တစ်ပွဲကျွေးဖို့တောင် ဝန်လေးနေရင် ဒါက လုံးဝကို အဓိပ္ပါယ်မရှိဘူး”
ကျောင်ယင်ကျွင်းက ပြုံးပြီး ပြောလိုက်သည်။
“ဝူကျိုး၊ ကောင်စုတ်၊ မင်းက တကယ့်ကို ကပ်စေးနဲပဲ”
သူတို့ဘေးနားမှာ ထိုင်နေသော ဝူဟိုင်းက ဝူကျိုးကို ဖျောင်းဖျရန် ကြိုးစားပေးသည်။
"နှုတ်ခမ်းမွှေးလေး၊ ခင်ဗျားပဲ သူ့ကို ဒကာခံလိုက်ပါလား” ဝူကျိုးက ခေါင်းလှည့်ကာ ဒေါသတကြီး ငေးစိုက်ကြည့်သည်။
"ဟင့်အင်း၊ မကျွေးနိုင်ဘူး။ ငါက ငါ့အတွက် တစ်ပွဲပဲ မှာထားတာ" ဝူဟိုင်းက သူ့သွားဖြူဖြူများ ပေါ်လွင်သည်အထိ ပြုံးလိုက်သည်။
“ခင်ဗျားတို့နှစ်ယောက် တစ်ယောက်တစ်ဝက်စီ ဒကာခံပါလား။ ဘယ်လိုလဲ” ကျောင်ယင်ကျွင်းက သူ့အကြံဉာဏ်ကို ထုတ်ပြောသည်။
“ငါက မင်းကို ခေါက်ဆွဲပြုတ်ပဲ ဝယ်ကျွေးမယ်လို့ ကတိပေးထားပြီသား။ ငါက သူဌေးယွမ်လိုပဲ စည်းကမ်းရှိတဲ့သူပါ"
ဝူကျိုးက သူ့ပိုက်ဆံအိတ်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်ပြီး ခပ်မာမာ လေသံဖြင့် ပြောလိုက်သည်။
"ထားလိုက်ပါတော့။ သူဌေး၊ ဖီးနစ်အမြှီးပုစွန်ဟင်းလျာ က ဖီးနစ်အမြှီးပုံစံ တကယ် ပုံဖော်ထားတာလား” ကျောင်ယင်ကျွင်းက ဆုံးဖြတ်ချက် မချခင် အရင်ဆုံး မေးမြန်းရန် ဆုံးဖြတ်လိုက်သည်။
“ဟုတ်တယ်၊ အဲ့ဒါက ဖီးနစ်အမြှီးပဲ” ယွမ်ကျိုး ခေါင်းညိတ်လိုက်သည်။
“ဖီးနစ်အမြှီးပါတဲ့ ပုဇွန်တွေ တကယ်ရှိတာလား”
ကျောင်ယင်ကျွင်းက သူ့ဘာသာသူ ရေရွတ်လိုက်ပြီး ရုတ်တရက် ပြန်ပြောသည်။
"အဲဒီဟင်း တစ်ပွဲပေးပါလား"
"မင်း ရူးနေလား။ မင်းရဲ့လစာက တစ်လမှ ယွမ် သုံးသောင်းပဲရတာ သတိရစမ်းပါ” ဝူကျိုးက ကျောင်ယင်ကျွင်းကို တအံ့တဩ ငေးကြည့်လိုက်သည်။
"အင်း သိတယ်။ ဒါပေမဲ့ ငါက အရသာကို မြည်းစမ်းကြည့်ချင်တယ်” ကျောင်ယင်ကျွင်းက စိတ်အား ထက်သန်သောအမူအရာ ပြသခဲ့သည်။
“တကယ်တမ်း အဲဒီ ပုစွန်က ၁၀၀၀ယွမ်ထက်တောင် ပိုတန်ရင် တန်နေဦးမယ်”
“ဒါဆိုရင်လည်း ငါ့ကို ပေးမြည်းလေ”
ဝူကျိုးက တောင်းဆိုသည်။
“ကောင်းပြီလေ။ မင်းကို တစ်ဇွန်းစားခွင့်ပေးမယ်” ကျောင်ယင်ကျွင်းက သဘောတူလိုက်သည်။
“တွန့်တိုတယ်။ ငါ မင်းကို ခေါက်ဆွဲပြုတ်ရည်ဖိုး ရှင်းပေးတယ်လေ”
ဝူကျိုးက သာမာန်ဆိုလျှင် စကားနည်းသော်လည်း ရင်းနှီးသူများကို ခရေစေ့တွင်းကျ တတွတ်တွတ် ပြောတတ်သည်။
အရွယ်ရောက် အမျိုးသားက သာလိကာကဲ့သို့ နားငြီးအောင် စကားပြောတတ်ခြင်းကို ကျောင်ယင်ကျွင်း နားလည်ရခက်နေသည်။
တခါတရံတွင် ဝူကျိုးနှင့် ရင်းနှီးမိ၍ နောင်တရမိသည်။
ယွမ်ကျိုး၏စားသောက်ဆိုင်ရှိ ဖီးနစ်အမြှီးပုစွန်ဟင်းကို ယနေ့မှ ရောင်းချပေးခြင်း ဖြစ်သည်။ ပုံဖော်ထုဆစ်သော ပညာရပ်ကို ဆုလာဘ်အနေဖြင့် ရရှိတည်းက ရောင်းချခွင့် ရခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း ပုံဖော်ထုဆစ်သော ပညာရပ်ကို အထိုက်အလျောက် ကျွမ်းကျင်မှသာ ရောင်းချရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ ယနေ့မှ ရောင်းချမည့် သော့ကို ဖွင့်ခဲ့သည်။
အသုံးပြုမည့် ပါဝင်ပစ္စည်းများကို စနစ်က ကြိုတင် ပြင်ဆင်ပေးထားသည်။ ပုစွန်များက အရှင်လတ်လတ် ဖြစ်ပြီး ရေတိုင်ကီထဲမှာ ဟိုဟိုသည်သည် ကူးခတ်နေသည်။ ဖီးနစ်အမြှီးပုစွန်ဟင်း ၂ပွဲအတွက် စုစုပေါင်း ပုစွန် ၁၆ကောင် လိုအပ်သည်။ ပုစွန်ဖမ်းပိုက်ကွန်ဖြင့် ယွမ်ကျိုးက အတိအကျ ဖမ်းယူလိုက်သည်။
ဤဟင်းပွဲတွင် အရွယ်အစားကြီးမားသော ရေချိုပုစွန်များကို လိုအပ်သည်။ စနစ်မှ ထောက်ပံ့ထားသော ပုစွန်များက အနည်းဆုံး လက်ချောင်းအရွယ်အစားရှိပြီး ကြံ့ခိုင်ကာ အမြှီးများက ခွန်အားပြည့်ဝသည်။ အရွယ်ရောက်အမျိုးသား၏ လက်မ အရွယ်အစား ရှိသည်။
ပုဇွန်တစ်ကောင်ချင်းစီက အသက်ရှုမဝ၍ ဘယ် မှ ညာသို့ လူးလိမ့်နေသည်။
"သူဌေးယွမ်။ ခင်ဗျားရဲ့ပုစွန်တွေက တကယ်ကောင်းတယ်”
ဝူဟိုင်းက ပုစွန်များကို ကြည့်ပြီး မနေနိုင် မထိုင်နိုင် ပြောလိုက်သည်။
“အရောင်အသွေးကို ကြည့်ရသလောက်တော့ ပုစွန်တွေက ပင်လယ်ထဲကနေ ဖမ်းလာတဲ့ အရိုင်းပုစွန်တွေ ဖြစ်မယ်။ ငါ ပြောတာ မှန်တယ်မလား သူဌေးယွမ်” အချိန်အတော်ကြာအောင် ဂရုတစိုက်ကြည့်ပြီးနောက် တတ်သိနားလည်သူဟု ထင်ရသည့် အမျိုးသားတစ်ဦးက ပြောသည်။
“အွန်း”
ယွမ်ကျိုးက ဟင်းချက်ပစ္စည်းများကို စီမံသည့်အခါတိုင်း မျက်နှာဖုံးတပ်ဆင်ထားသည်။ သို့တိုင် တည်ငြိမ်သော မျက်နှာအမူအရာက ဘယ်သောအခါမှ မပြောင်းလဲသွားသော ပိုကာမျက်နှာကို မဖော်ပြခဲ့ပေ။
ယွမ်ကျိုးက ပုစွန်တစ်ကောင်ချင်းစီကို သန့်စင်ရန် နူးညံ့ပါးလွှားသော စုတ်တံကို ထုတ်ကာ သန့်ရှင်းရေး လုပ်ဆောင်သည်။ ခေါင်းနှင့် ခြေလက်များကို သန့်စင်ပြီးသည့်တိုင် အသေးငယ်ဆုံး အစိတ်အပိုင်းများကိုပင် ဂရုတစိုက် သန့်ရှင်းရေး လုပ်ဆောင်ပေးသည်။
ယွမ်ကျိုး၏လှုပ်ရှားမှုကို ကြည့်ရုံဖြင့် ကျွမ်းကျင်မှုရှိကြောင်း အကဲခတ်နိုင်သည်။
သန့်စင်ပြီးနောက် ပုစွန်အားလုံးက နွမ်းလျစွာဖြင့် သူတို့အမြှီးများကို ဆန့်တန်းကြသည်။ ထိုစဉ် ယွမ်ကျိုးသည် ပုစွန်တစ်ကောင်ကို ကောက်ယူလိုက်ပြီး သွေးကြောများကို ထုတ်ယူရန် ဦးစွာ နောက်ကျောကို အမြန်ဖွင့်လိုက်သည်။ ထို့နောက် လက်ဝဲလက်ဖြင့် လှည့်ကာ ညာဖက်ဖြင့် ပွတ်သပ်ပြီး ကျောဘက်မှ အမည်းရောင်အကြောကို ချက်ချင်း ထုတ်ယူလိုက်သည်။
ထိုနောက် ယွမ်ကျိုးသည် ပုစွန်ခေါင်းကို ဖြတ်ကာ ပုစွန်အမြှီးကို ဆန့်ထုတ်လိုက်ပြီး အခွံတစ်ခုလုံးကို ခွာထုတ်လိုက်သည်။ သူက ပြင်ဆင်ထားသောပုစွန်ကို သူ့ဘေးနားရှိ ပန်းကန်ပြားအဖြူပေါ် ရွှေ့ကာ နောက်တစ်ကောင်ကို ဆက်လက် လုပ်ဆောင်သည်။
ယွမ်ကျိုးသည် ပုစွန်များကို မြန်မြန်ဆန်ဆန် စီမံပြီး ၅မိနစ်အတွင်း ပြီးစီးသွားသည် ။ ပုစွန်များကို ကျောဘက်ဖွင့်ကာ ပန်းကန်ပြားပေါ်တွင် တင်ထားပြီး အဖြူရောင်အမြီးများသည် အဖြူရောင်ပန်းကန်၏ နောက်ခံတွင် ပွင့်လင်းမြင်သာစွာ ပေါ်နေသည်။
ဘေးနားက စောင့်ကြည့်နေသည့် လူတော်တော်များများက အသံတစ်သံမှ မထွက်ကြပေ။ ယွမ်ကျိုး၏ ကျက်သရေတင့်တယ်သော အပြုအမူကို အနှောင့်အယှက် ပေးမိမည်ကို စိုးရိမ်နေမိသည်။
ပန်းကန်ပြားပေါ်မှာ တင်ထားသော အမြှီးများကထပ်တစ်ရာ ပွင့်ချပ်ကဲ့သို့ အသွင်တူသည်။
အမြီးပေါ်ရှိ မာကျောသောအခွံသည် ထူးခြားမှု ရှိသည်။
ပုစွန်အကြောင်း ကောင်းကောင်းသိသော ဖောက်သည်က
"သူဌေး ယွမ်၊ မင်းရဲ့ လိမ္မာပါးနပ်တဲ့ သန့်ရှင်းရေးနဲ့ အခွံခွာတဲ့ ကျွမ်းကျင်မှုက အရမ်း အံ့မခန်းပါပဲ"ဟု ပြောလိုက်သည်။
“ဟုတ်တယ်၊ အမှန်ပဲ။ ငါက စိုက်ကြည့်ရုံ ကလွဲလို့ ဘာမှမတတ်နိုင်ပါဘူး" ဝူကျိုးက ခေါင်းညိတ်ကာ အံ့သြမိသည်။
"ကျွမ်းကျင်မှုက Grandmaster အဆင့်ပဲ။ ပုစွန်ရဲ့ သွေးပြန်ကြောကို ထုတ်ဖို့ အမြှီးကို ဖြေလျော့တာက အံ့မခန်းပဲ”
"ဒီနေ့တော့ ဖီးနစ်အမြှီးပုစွန်ဟင်းစစ်စစ်ကို ငါတို့ စားနိုင်တော့မယ်” ကျောင်ယင်ကျွင်းက ဤဟင်းပွဲကို မှာယူခဲ့၍ နောင်တမရပေ။ အကြောင်းမူကား သူ့ခရီးသွား အတွေ့အကြုံ နှင့် ဖြူစင်မှု တွန်းအားကြောင့် ဖြစ်သည်။
ဆိုင်ထဲရှိ ဖောက်သည်များနှင့် တန်းစီစောင့်နေသော ဖောက်သည်များက စိတ်ဝင်တစား စောင့်ကြည့်နေသည့်တိုင် ယွမ်ကျိုးအပေါ် သက်ရောက်မှု မရှိပေ။ သူ့အလုပ်က စားသုံးသူဖောက်သည်များအတွက် အရသာရှိသော ဟင်းလျာကို ချက်ပြုတ်ပေးရန်သာ ဖြစ်သည်။ စားသုံးသူဖောက်သည်များ၏ကျေနပ်မှုက သူ့အောင်မြင်မှုလည်း ဖြစ်သည်။
အပိုင်း(၉၆)
ပြီးပါပြီ။