အခန်း (၁၀၀-၁၀၂)
Vol. 7 Ch. 100-102
အပိုင်း(၁၀၀)
ခွေးလေးက စွန့်ပစ်ခံရပြီးနောက် ပို၍ သတိထား ဆက်ဆံလာကာ အဘွားအိုကို လျစ်လျူရှုထားသည်။
အဘွားအိုက ခွေးလေးသည် ခြေတစ်လှမ်းမျှ မရွေ့မှန်း သိသွားသောအခါ ရွေးချယ်စရာ မရှိသည့် အဆုံး စိတ်ပျက်အားလျော့စွာဖြင့် ထွက်သွားခဲ့သည်။
ယွမ်ကျိုးက တစ်ရေးတမော အိပ်ရန်သာ ဆုံးဖြတ်ထားသော်လည်း သူ ရုတ်တရက် နိုးလာသောအခါ ညနေ လေးနာရီ ဖြစ်နေသည်။
သူ့ဖုန်းကို ထုတ်လိုက်ပြီး အချိန်ကို စစ်ဆေးကြည့်လိုက်သောအခါ ယွမ်ကျိုး နည်းနည်း စိတ်ရှုပ်သွားသည်။ အရေးကြီးသော တစ်စုံတစ်ရာကို ရုတ်တရက် ပြန်လည်မြင်ယောင်မိသောအခါ သူက ကူကယ်ရာမဲ့သော အမူအရာဖြင့် သူ့ဘာသာသူ ရေရွတ်သည်။
“ငါက နေ့လည်စာ စားဖို့တောင် မေ့သွားတာပဲ”
နဂိုတုန်းက တရေးတမော ခဏအိပ်ပြီး နေ့လည်စာစားရန် ရည်ရွယ်ထားသော်လည်း ယွမ်ကျိုးက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားသည်။ သူ့ငတ်မွတ်နေသော အစာအိမ်၏ တဂွီဂွီမြည်သံကြောင့် လန့်နိုးလာခြင်း ဖြစ်သည်။
ဤအခြေအနေကြောင့် ယွမ်ကျိုးက သူ့ကိုယ်သူ လျော်ကြေး ပြန်ပေးသည့် အနေဖြင့် အရသာရှိသော ဟင်းလျာကို ပြင်ဆင်ရန် ဆုံးဖြတ်လိုက်သည်။
အိပ်ရာမှထပြီးနောက် အရင်ဆုံး ရေချိုးလိုက်ပြီး အောက်ထပ်မီးဖိုချောင်သို့ လေးကန်သော ခြေလှမ်းများဖြင့် ဆင်းလာခဲ့သည်။
ယခုလို အခြေအနေမျိုးတွင် ဟင်းပွဲ ၃မျိုး နှင့် စွပ်ပြုတ် တစ်ခွက် ပြင်ဆင်ခြင်းက သူ့နှလုံးသားကို ချွေးသိမ့်နိုင်လိမ့်မည်။ ထို့ကြောင့် ယွမ်ကျိုးက အသစ်ရောင်းချနေသော ဟင်းပွဲသုံးမျိုးအပြင် အစုံလိုက်ကြက်ဥထမင်းကြော်ကိုပါ နေ့လည်စာအဖြစ် သုံးဆောင်ရန် ဆုံးဖြတ်လိုက်သည်။ ယွမ်ကျိုးက သူ့ကိုယ်သူအတွက် အရသာရှိသော ဟင်းပွဲများ ပြင်ဆင်ရာတွင် စိတ်ရှည်သည်။
ယွမ်ကျိုးက သူ့အတွက် အကောင်းဆုံး ဟင်းပွဲများကို ပြင်ဆင်လေ့ရှိသည်။ စနစ်မှ လက်ဆင့်ကမ်းလာသော ကျွမ်းကျင်မှု လမ်းညွှန်ချက်ဖြင့် သူက တစ်ကြိမ်တစ်ခါမျှ မကျရှုံးဖူးပေ။ ချက်ပြုတ်ခြင်းက သင်ယူလေ့လာခြင်း အတွေ့အကြုံ အသစ်အဆန်း ဖြစ်ပြီး သူ့ကျွမ်းကျင်မှုများကို တိုးတက်စေသည်။
အရသာရှိသော ဟင်းပွဲများကို သူကိုယ်တိုင် ပြင်ဆင်ခွင့်ရ၍ သူ့စိတ်အခြေအနေ ပိုကောင်းမွန်လာသည်။
ညစာစားချိန် နီးကပ်လာသောအခါ ထုံးစံအတိုင်း ဖောက်သည်များ ရောက်လာသည်။ ယွမ်ကျိုးက ယနေ့တွင် ထူးထူးခြားခြား စိတ်ကောင်းဝင်နေပြီး ဟင်းပွဲများကို ဓာတ်ပုံရိုက်ချင်လား၊ မရိုက်ချင်ဘူးလားပင် မေးမြန်းနေသေးသည်။
“သူဌေးယွမ်၊ ခင်ဗျား နေကောင်းပါတယ်နော်” ဝူဟိုင်းက မယုံကြည်နိုင်စွာ မေးမြန်းလိုက်သည်။
“နေကောင်းပါတယ်။ Wechat မှာ ပို့စ်တင်မလား မေးမြန်းရုံပါ” ယွမ်ကျိုးက သူ့ကိုယ်သူ ခေတ်မီသူ ဖြစ်ကြောင်း အရိပ်အမြွက်ပြသည်။
“ငါ Wechat သုံးနေတာကို မင်း မြင်ခဲ့ဖူးလို့လား”
ယွမ်ကျိုးကို အသေးစိတ် အကဲခတ်ရင်း ပုံမှန်အခြေအနေဟု ကောက်ချက်ချပြီးမှ ဝူဟိုင်းက သရော်စကားပြောသည်။
“ဪ အဲဒီလိုလား”
ဝူဟိုင်းကို ဒိတ်အောက်နေသောအဘိုးကြီးဟူသော အမူအရာဖြင့် ယွမ်ကျိုးက စကားပြန်ပြောသည်။
“ဒီလိုအမူအရာနဲ့ ငါ့ကို ကြည့်နေတယ်ဆိုတော့ မင်းက ငါ့ကို မုန်းနေတာလား။ မင်းလည်း Application အသစ်တွေကို ဘယ်လိုသုံးရမလဲ မသိဘူးမလား” ဝူဟိုင်းက အမှန်တရားကို ထုတ်ပြောလိုက်သည်။
ဝူဟိုင်း၏ခန့်မှန်းချက် မှန်ကန်သည်။ ယွမ်ကျိုးက လူမှု့ကွန်ယက်နယ်ပယ်များကို တွင်တွင်ကျယ်ကျယ် အသုံးမပြုတတ်ပေ။
သို့သော်လည်း ယွမ်ကျိုးက ဝူဟိုင်းကို လျစ်လျူထားသည်။ ယနေ့ညတွင် လာရောက်အားပေးသော ဖောက်သည်များသည် ယွမ်ကျိုး၏ ထူးဆန်းသော အပြုအမူများကြောင့် လန့်ဖြန့်နေရသည်။ ယွမ်ကျိုးကဲ့သို့ ခေတ်ဟောင်းအဘိုးအိုကြီးက WeChatကို ရုတ်တရက် စိတ်ဝင်စားနေ၍ စိတ်ရှုပ်ထွေးသော ခံစားချက် များ ဖြစ်ပေါ်နေသည်။ သူတို့စိုးရိမ်နေသော ကိစ္စရပ် ဖြစ်လာနိုင်သည်ဟု တွေးမိနေသည်။
သို့သော်လည်း ဖောက်သည်များ၏ စိုးရိမ်မှုက လက်တွေ့ဖြစ်ပေါ်လာသည်။ နောက်တစ်နေ့ မနက်ခင်းတွင် ရင်းနှီးနေသော A4စာရွက်ကို ယွမ်ကျိုး၏ စားသောက်ဆိုင် တံခါးပေါ်တွင် ကပ်ထားသည်။
စာရွက်မှာ ရေးသားထားသော အကြောင်းအရာက “သူဌေး ရုတ်တရက် အကြံပေါ်လာ၍ စားသောက်ဆိုင်ကို ညနေခင်းမှာပဲ ဖွင့်ပါမယ်”
ဤစာသားများက သူ့ဖောက်သည်များ၏ ခန့်မှန်းချက်ကို သက်သေထူသွားခဲ့သည်။
“မနေ့တုန်းက သူဌေးယွမ် ပုံမှန်မဟုတ်ဘူးလို့ ခံစားမိတာ မဆန်းကြယ်ဘူး”
မနက်ခင်း လမ်းလျှောက်ထွက်ပြီးတိုင်း မနက်စာ လာစားလေ့ရှိသော ဖောက်သည်က သူ့အတွေး မှန်ကန်ကြောင်း ပြောဆိုသည်။
“အမှန်ပဲ။ စိတ်ရှုပ်စရာကောင်းတဲ့ ကောင်စုတ်က သူ့ဆိုင်နဲ့ အနီးဆုံးမှာနေတဲ့ ငါတို့ကိုတောင် အသိမပေးဘူး” ကိတ်မုန့်ဆိုင်သူဌေး မန်မန်က ဒေါသတကြီး ပြောဆိုသည်။
“မုရှောင်ယွမ်ပဲ သူဌေးယွမ်ရဲ့ အသိပေးချက်ကို ပထမဆုံး သိရမှာပေါ့ ကောင်မလေးရဲ့” အဘိုးအိုက ဝင်ရောက်ပြောဆိုသည်။
"အို့စ်၊ မှန်သားပဲ။ သူ့အချိန်ဇယားကို ဟိုကလေးမကို အရင်ဆုံး အသိပေးမှာပဲ။ နောက်တစ်ခေါက်ဆိုရင် အဲဒီကလေးမကို မေးကြည့်ရမယ်" မန်မန်က ရုတ်တရက် အကြံပေါ်လာသည်။
ဝင်ပေါက်မှာရှိသော တခြားဖောက်သည်များကလည်း အဆိုပြုချက်၏ ဖြစ်နိုင်ချေကို အလေးအနက်ထား ဆွေးနွေးလာကြသည်။
တခြားတစ်ဖက်တွင်မူ ယွမ်ကျိုးက သက်သောင့်သက်သာ ဖြစ်စေသော အဝတ်အစားကို ဝတ်ဆင်ကာ မနက်အစောကြီးကတည်းက လမ်းလျှောက်ထွက်သွားသည်။
မစ်ရှင်က အရေးကြီးသော်လည်း သူ့ဟင်းချက်စွမ်းရည် တိုးတက်ခြင်းက ပို၍ အရေးပါသည်။ ထို့ကြောင့် ယွမ်ကျိုးက စားကောင်းသော အစားအသောက်များကို ရှာဖွေရန် အပြင်သို့ လမ်းလျှောက်ထွက်လာခဲ့သည်။
လမ်းဆုံအထိ လမ်းလျှောက်သွားပြီး သူ့လက်ကို ဝှေ့ယမ်းကာ တက္ကစီကားကို တားလိုက်သည်။
"လူကြီးမင်း၊ ခင်ဗျား ဘယ်သွားမလို့လဲ" တက္ကစီယာဥ်မောင်းက ခေါင်းလှည့်ပြီး မေးမြန်းသည်။
"ပေရှန်လမ်းကို ကားမောင်းပို့ပေးပါဗျာ" ယွမ်ကျိုးက လိပ်စာကို ချက်ချင်း ပြောလိုက်သည်။
“ကောင်းပါပြီ" တက္ကစီယာဉ်မောင်းက သဘောတူပြီးနောက် ကားကို ကွေ့ကာ ပေရှန်လမ်းသို့ ဦးတည်မောင်းနှင်သည်။
ယွမ်ကျိုး ယခုသွားနေသောဆိုင်က ဆန်ပြုတ်ဖြင့် နာမည်ကျော်သော စားသောက်ဆိုင် ဖြစ်သည်။ ယွမ်ကျိုး ကွန်ပြူတာ၏ တစ်ခုတည်းသော တာဝန်က ယွမ်ကျိုးအတွက် စားကောင်းသောက်ဖွယ် ရောင်းချပေးသော စားသောက်ဆိုင်များကို ရှာဖွေရန် ဖြစ်သည်။
တက္ကစီပေါ်မှာ ထိုင်နေသော ယွမ်ကျိုးက သူ့ဘောင်းဘီအိတ်ကပ်ထဲမှ အပြာနုရောင် မှတ်စုစာအုပ်လေးကို တိတ်တဆိတ် ဆွဲထုတ်လိုက်သည်။ မှတ်စုစာအုပ်ထဲမှာ နေရာ(၅)နေရာကို မှတ်သားထားပြီး ယနေ့တွင် ယွမ်ကျိုးက နေရာတစ်နေရာချင်းစီ သွားရောက်ပြီး ဟင်းပွဲများ၏ အရသာကို မြည်းစမ်းလိမ့်မည်။
အစားအသောက်ရောင်းချသော ဈေးတန်းလမ်းသို့ သွားရောက်ချိန်သည် မနက်ခင်း ဖြစ်သောကြောင့် ကားလမ်း အရမ်းမပိတ်ချေ။ ခဏလေးအတွင်း ယွမ်ကျိုးက ဈေးတန်းလမ်းသို့ ရောက်သွားသည်။ သူက ကျသင့်ငွေကို ပေးချေပြီး တက္ကစီပေါ်မှ ချက်ချင်းဆင်းသည်။
သူက မှတ်စုစာအုပ်ကို နောက်တစ်ကြိမ် ထုတ်ပြီး စစ်ဆေးကြည့်သည်။
"မီတာ၂၀၀ဆိုတော့ ဒီလမ်းအတိုင်း လမ်းလျှောက်ရမယ်" ယွမ်ကျိုးက အသံတိတ် စာဖတ်လိုက်သည်။
သူက လမ်းတစ်ဖြောင့်တည်း လျှောက်လာသည်။
မီတာ၂၀၀ လမ်းလျှောက်ပြီးနောက် ပေရှန်ဆန်ပြုတ်ဆိုင်အစား KTVကိုသာ တွေ့ရသည်။
သူက နောက်လှည့်ကြည့်လိုက်၊ အပေါ်မော့ကြည့်လိုက်၊ မှတ်စုစာအုပ်ကို ထပ်ကြည့်ခြင်းအားဖြင့် သူ မမှားကြောင်း သိသွားသည်။ သူ ဒွိဟဖြစ်နေရသည်။ စက္ကန့်ပိုင်းခန့်ကြာအောင် တွေးကြံပြီးနောက် သူက အနီးအနားရှိ တစ်စုံတစ်ယောက်ကို မေးမြန်းရန် ဆုံးဖြတ်လိုက်သည်။
"တစ်ဆိတ်လောက်၊ ပေရှန်ဆန်ပြုတ်ဆိုင်က ဘယ်နေရာမှာလဲဆိုတာ သိလားခင်ဗျ" ယွမ်ကျိုးက ခြေတစ်လှမ်း ရှေ့တိုးလိုက်ပြီး ကြမ်းတိုက်နေသော သန့်ရှင်းရေးဝန်ထမ်းကို မေးမြန်းလိုက်သည်။
“အရှေ့က အဆောက်အဦရဲ့ ဒုတိယထပ်မှာပါ" စောနတုန်းက ယွမ်ကျိုး တက္ကစီးပေါ်မှ ဆင်းလာသော နေရာကို ညွှန်ပြကာ သန့်ရှင်းရေးဝန်ထမ်းက ကြင်နာသော အမူအရာဖြင့် ပြန်ဖြေသည်။
“ကျေးဇူးတင်ပါတယ်" ယွမ်ကျိုးက အရင်ဆုံး ကျေးဇူးတင်စကား ပြောဆိုသည်။
နောက်ဘက်သို့ လမ်းပြန်လျှောက်နေစဉ် ယွမ်ကျိုးက ငြီးတွားသည်။
"သုံးစားမရတဲ့မြေပုံ။ ငါ့အချိန်နဲ့ ငါ့နုပျိုမှုတွေကို ဖျက်ဆီးတယ်။ ငါ့ငွေတွေကို ခိုးယူဖို့ လှည့်ဖြားနေတာပဲ"
သူ ကားပေါ်မှ ဆင်းခဲ့သော နေရာသို့ ပြန်သွားသောအခါ ဒုတိယအလွှာတွင် သိသာထင်ရှားသော စကားလုံး လေးလုံး နှင့် ပထမထပ်မှ သိသာထင်ရှားသော တံခါးပေါက်ကိုလည်း မြင်တွေ့ရသည်။ ဤအခြင်းအရာက ယွမ်ကျိုးကို ညှိုးငယ်သော ခံစားချက် ဖြစ်ပေါ်စေသည်။
ဝင်ပေါက်မှာရိနေသော ဧည့်ကြိုက ယွမ်ကျိုးကို အရှက်ရစေသော ခံစားချက်မှ ကယ်တင်သွားသည်။
ကြည်လင်သာယာသောအသံ ထွက်ပေါ်လာသည်။
"လူကြီးမင်း၊ ဧည့်သည် ဘယ်နှယောက်ပါလာလဲ"
"တစ်ယောက်တည်းပဲ။ ပြတင်းပေါက်နားက ထိုင်ခုံပဲ ပေးပါ။ ကျေးဇူးပဲ" ယွမ်ကျိုးက ခေါင်းမော့လိုက်ပြီး ယဉ်ကျေးစွာ ပြောသည်။
“ရပါတယ်။ ကျွန်တော့်နောက် လိုက်ခဲ့ပေးပါခင်ဗျ"
အရပ်ရှည်ရှည် တံခါးစောင့်က ယွမ်ကျိုးကို ဒုတိယလွှာသွားသော ဓာတ်လှေကားအား ပြသသည်။
ယွမ်ကျိုးကို ပြတင်းပေါက်နားက နှစ်ယောက်ထိုင်ခုံကို ညွှန်ပြပြီးနောက် ဧည့်ကြိုတံခါးစောင့်က စားပွဲထိုးကို လှမ်းခေါ်ပေးသည်။ ထိုမှသာ ယွမ်ကျိုးက ဟင်းပွဲ အော်ဒါ မှာနိုင်လိမ့်မည်။
ယွမ်ကျိုးက မှာယူမည့် ဟင်းပွဲကို ကြိုတင်စဉ်းစားထား၍ ချက်ချင်း အော်ဒါတင်လိုက်သည်။
"ရှောင်လုံပေါင်း၊ ရိုးရိုး ဆန်ပြုတ်၊ အရွက်ဆန်ပြုတ်နဲ့ ရွှေမျှင်တန်းပန်ကိတ် တစ်ပွဲစီပေးပါ"
"ကောင်းပြီ၊ ခဏစောင့်ပေးပါ" စားပွဲထိုးက ဂရုတစိုက် ချရေးလိုက်သည်။
ဤပေရှန်ဆန်ပြုတ်ဆိုင်က ကွမ်သုန်အစားအသောက်များနှင့် ဆင်တူသော ဟင်းပွဲများကို ရောင်းချပေးပြီး မနက်မှ ညအထိ ဆိုင်ဖွင့်သည်။ လူသိများ အထင်ရှားဆုံး ဟင်းပွဲက ကော့တေး သရေစာ နှင့် ဂျုံယာဂုများ ဖြစ်သည်။ ယခုမှ မနက် ၉နာရီ အချိန် ဖြစ်သော်လည်း ပင်မခန်းမဆောင်မှ ထိုင်ခုံအားလုံး လူအပြည့်ရှိသည်။ စီးပွားရေးကောင်းမွန်မှန်း သိနိုင်သည်။
"လူကြီးမင်း၊ ခင်ဗျား မှာယူထားတဲ့ ဆန်ပြုတ် နဲ့ အရံဟင်းပွဲတွေပါ။ တခြားဟင်းပွဲတွေကိုတော့ ခဏစောင့်ရဦးမယ်"
စားပွဲထိုးက အမည်းရောင်မြေအိုး နှင့် အရံဟင်းပန်းကန်ပြားကို စားပွဲခုံပေါ် နေရာချကာ ယဉ်ကျေးစွာ ပြောသည်။
"ကျေးဇူးပဲဗျာ" ယွမ်ကျိုး ခေါင်းညိတ်သည်။
သူက ဘယ်လက်ဖြင့် ဇွန်းကို ကောက်ယူလိုက်သည်။ ဇွန်း နှင့် မြေအိုးထိသော အသံက ရှင်းရှင်းလင်းလင်း ထွက်ပေါ်လာသည်။ မွှေလိုက်သော အခါ ထူးခြားသော ဆန်ပြုတ် မွှေးရနံ့ ထွက်ပေါ်လာသည်။ ဤသည်ကား အစာစားချင်စိတ်ကို လှုံ့ဆော်ပေးသည်။
ဇွန်းအပြည့် ခပ်ယူပြီးနောက် ယွမ်ကျိုးက ပါးစပ်ထဲ ထည့်လိုက်သည်။ ထို့နောက် အရံဟင်းကို ခပ်လိုက်ပြီး အတူတူ အရသာမြည်းကြည့်သည်။
"သေချာဝါးပါ၊ ဖြည်းဖြည်းချင်းမျိုချပါ" ဟူသော စကားလေးလုံးသည် ယွမ်ကျိုး၏စိတ်ထဲ ထင်ဟပ်နေသည်။ ပထမတစ်ဇွန်းစားပြီးနောက် ယွမ်ကျိုးက မရပ်တန့်သွားဘဲ သုံး၊ လေးဇွန်း ဆက်တိုက်စားသည်။
ထို့နောက် သူ့မှတ်စုစာအုပ်ပေါ်မှာ လျင်မြန်သောနှုန်းဖြင့် ရေးသားရန် ဘောပင်ကို မကောက်ယူခင် ဇွန်း နှင့် တူကို အောက်ချထားလိုက်သည်။
အပိုင်း(၁၀၀)
ပြီးပါပြီ။
ယွမ်ကျိုး အပိုင်း(၁၀၁)
ဤကောင်းမွန်သော အလေ့အကျင့်ကို စနစ်ကြောင့် လေ့လာသင်ယူခွင့်ရခြင်း ဖြစ်သည်။ ယွမ်ကျိုးက စားသောက်ဆိုင်ပိတ်ပြီး တခြားဆိုင်မှ ဟင်းပွဲများ၏ အရသာကို မြည်းစမ်းကြည့်တိုင်း အသိပညာ အသစ်အဆန်းများကို ရှာတွေ့သည်။
အသစ်လေ့လာတွေ့ရှိချက်များ တိုးများလာသောအခါ ယွမ်ကျိုးက မှတ်စုစာအုပ်ထဲ ရေးမှတ်တတ်သော အကျင့်ဖြစ်လာသည်။ ထိုမှသာ အလွယ်တကူ မေ့လျော့သွားသော အကျင့်အတွက် စိုးရိမ်စိတ်များစရာ မလိုအပ်ချေ။
သာဓကဆိုသော် ပေရှန်ဆန်ပြုတ်ဆိုင်မှ ဟင်းပွဲများကို မြည်းစမ်းပြီးနောက် ယွမ်ကျိုးက သူ့အတွေးအမြင်များကို မှတ်စုစာအုပ်ထဲ ချရေးလိုက်သည်။
“ဆန်ပြုတ်၊ ဆန်စေ့က သာမန်ဆန်စေ့ထက် သာလွန်တယ်၊ မွှေးကြိုင်ပြီး အသင့်အတင့် မာကြောတယ်။ ဆိုးကျိုးကတော့ အချက်လွန်တော့ ဆန်ရနံ့ပျောက်ဆုံးသွားတယ်။ ရေနှစ်ခွက်ထက် ပိုထည့်မိတော့ စေးကပ်မှု မရှိတော့ဘူး”
“အရံဟင်း၊ ထူးခြားတဲ့ မွှေးရနံ့ရှိတယ်။ ကိုယ်တိုင်ဖန်တီးထားတဲ့ အချဉ်ဆော့စ်ကို ပူစပ်စပ်အရသာနဲ့ စားချင်စိတ်ဖြစ်အောင် ပေါင်းစပ်ထားတယ်။ ဟင်းခပ်အမွှေးအကြိုင်တွေ လွန်ကဲပြီး ဒိတ်လွန်နေတယ်လို့ ခံစားမိတယ်”
မှတ်စုရေးသားပြီးနောက် သူက ဆန်ပြုတ် နှင့် အရံဟင်းကို ဆက်စားပြီး တခြားဟင်းပွဲများကို တည်ခင်းပေးမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့သည်။
ဟင်းတစ်ပွဲချင်းစီကို စားပွဲပေါ် ဆက်တိုက် တည်ခင်းလာသောအခါ ယွမ်ကျိုးက မြည်းစမ်းကြည့်ပြီးနောက် မှတ်စုရေးသားသည်။
မှတ်စုစာအုပ်က နှစ်အုပ်ကုန်ဆုံးသွားပြီဖြစ်သည်။ ယခုအသုံးပြုနေသော မှတ်စုစာအုပ်က တတိယမြောက် စာအုပ်ဖြစ်သည်။
စားပွဲထိုးက ဟင်းပွဲအသစ်ကို တည်ခင်းပေးတိုင်း ယွမ်ကျိုးက မှတ်စုစာအုပ်နှင့် ဘောပင်ကို ဘေးချထားလိုက်ပြီး မှတ်တမ်းမတင်ခင် ဟင်းပွဲ၏ အရသာကို အပြည့်အဝ ခံစားကြည့်သည်။
ဤအပြုအမူကို ထပ်တလဲလဲ လုပ်ဆောင်ပြီးနောက် ဟင်းပွဲမြည်းစမ်းသော အကဲဖြတ်မှတ်တမ်းသည် စာရွက်သုံးရွက်ပြည့်သွားသည်။
ဆန်ပြုတ်ဆိုင်မှာ မနက်စာ သုံးဆောင်ပြီးနောက် ယွမ်ကျိုး၏ အစားအသောက် ခရီးစဉ်လေးကို ဆက်လက် အကောင်အထည်ဖော်သည်။
…
ရာသီဥတုက ကောင်းမွန်ပြီး မပူလွန်း မအေးလွန်းသော အခြေအနေဖြစ်၍ သူ့သူငယ်ချင်းဆီ သွားလည်ပတ်ရန် အသင့်လျော်ဆုံး ဖြစ်သည်။
ဝမ်ရှုယွမ်က မှန်ကြည့်ပြီး သူ့အင်္ကျီကော်လံ တွန့်ကြေနေခြင်းကို ပြန့်ပြူးအောင် လုပ်ဆောင်ပြီး စိန်ပြေနပြေ လမ်းလျှောက်ထွက်လာသည်။
လမ်းဆုံအထိ လမ်းလျှောက်လာသောအခါ သူ စီးချင်သော ဘတ်စ်ကားဖြင့် ပက်ပင်းတိုးသည်။ သူက ကားပေါ် ခုန်တက်လိုက်ပြီး ကျသင့်ငွေကို ပေးဆောင်ကာ ထိုင်ခုံလွတ်မှာ ထိုင်လိုက်သည်။ ကျောမတ်ထားသော အဘိုးအိုက တက်ကြွဖျတ်လတ်နေသည်။
မနက်ခင်း လမ်းသွားလမ်းလာများ ပြုံကျတတ်သော ရုံးတက်ချိန် ကျော်လွန်သွား၍ ဘတ်စ်ကားက သူ့သွားချင်သော နေရာသို့ အချိန်မီ ရောက်သွားသည်။
တီရှပ်အင်္ကျီ နှင့် ဘောင်းဘီတိုကို ဝတ်ဆင်ထားသော အဘိုးအိုက ပင်စင်စားဟု ထင်ရပြီး ဘတ်စ်ကား စောင့်နေပုံရှိသည်။
“လူအိုကြီးကျိုး။ မင်း စောလှချည်လား။ ငါ့ကို စောင့်နေရတာ ကြာသွားလား” ဝမ်ရှုယွမ်က ဘတ်စ်ကားပေါ်မှ အေးအေးလူလူ ဆင်းလာပြီး ယဥ်ကျေးစွာ မေးမြန်းသည်။
“သိပ်မကြာသေးပါဘူး။ ရှေးခေတ်အဘိုးကြီးရယ်။ ဘာလို့များ တက္ကစီ မစီးလာတာလဲ။ တက္ကစီတွေက ငှားရမ်းရ အရမ်းအဆင်ပြေတယ်။ ဘတ်စ်ကားစီးလာရင် ဒီနေရာကို ရောက်ဖို့ တစ်နာရီလောက်ကြာတယ်လေ။ မင်းတစ်ယောက်ပဲ စိတ်ရှည်တယ်” လူအိုကြီးကျိုးက သူ စောင့်ဆိုင်းနေရခြင်းမှာ မကြာသေးကြောင်းပြောသော်လည်း သူ့မကျေနပ်ချက်ကို ထုတ်ဖော်သည်။
“နားပူနားဆာ ပြောနေတာတွေ ရပ်စမ်းပါ။ ငါက ငွေချွေတာရာ ရောက်သလို သဘာဝ ပတ်ဝန်းကျင်ကြီးကို ထိန်းသိမ်းပေးသလိုတောင် ဖြစ်နေသေးတယ်” ဝမ်ရှုယွမ်က ပွင့်ပွင့်လင်းလင်း တည့်တိုးပြောသည်။ သူ တက္ကစီ မစီးရသည့် အကြောင်းအရင်းက ငွေချွေတာရန် ဖြစ်သည်။
“မင်းကို ဘာပြောရမလဲတောင် မသိတော့ဘူး။ မင်းက နေရာတကာမှာ စေ့စေ့စပ်စပ် ချွေတာပေမဲ့ အစားအသောက်အတွက်ဆိုရင် အကုန်ဖြုန်းတီးပစ်တယ်။ အခုဆိုရင် မင်းက ပင်စင်စား ဖြစ်နေတာတောင် အရမ်းအလုပ်ရှုပ်နေသေးသလိုပဲ” ရှေ့မှဦးဆောင်သွားသော လူအိုကြီးကျိုးက တခြားသူနှင့်ဆိုလျှင် စကားနည်းသည်။
“မင်းနဲ့ငါက အလုပ်ချင်း တူလို့လား”
“ငါက မင်းနဲ့ တူပါ့မလား။ မင်းက စားဖို့သောက်ဖို့လောက်ပဲ သိတာလေ” လူအိုကြီးကျိုးက ချက်ချင်း ငြင်းခုန်သည်။
“ဒါက ကြီးကြီးမားမား ပြဿနာရပ် မဟုတ်ဘူးလေ။ အစားအသောက်က လူတိုင်းအတွက် နတ်ဘုရားပဲ” ဝမ်ရှုယွမ်က အချိန်တိုင်းလိုလို ချေပသော စကားများကို ပြောဆိုနေသည်။
“အဘိုးကြီး၊ မင်းကို ဒီအနီးအနားမှာ စားကောင်းတဲ့ စားသောက်ဆိုင်ရှိတယ် ပြောလို့ မင်းက ငါ့ဆီ လာတာမလား” လူအိုကြီးကျိုးက မကျေနပ်သော လေသံဖြင့် ပြောဆိုသည်။
“မဟုတ်ရပါဘူး၊ မင်း အထင်မှားနေပြီ။ ဘာပဲဖြစ်ဖြစ် ငါက မင်းဆီ ရောက်လာပြီပဲလေ။ အဲဒီဆိုင်ကို နေ့ခင်းဘက် သွားကြမလား”
သာမန်ထက် ထူးကဲသော စားကောင်းသောက်ဖွယ်များကို ရောင်းချပေးသော စားသောက်ဆိုင်က သူ့အိမ်အနီးအနားတွင် ရှိသည်ဟု အဘိုးကြီးကျိုး ပြောဖူးသည်။ စားဖိုမှူး၏ ဟင်းချက်စွမ်းရည်က နတ်ဘုရားအဆင့်ဖြစ်သည်။
“လူအိုကြီးဝမ်၊ မင်းက ငါ့အိမ်ကိုတောင် မသွားချင်တော့ဘူးလား” လူအိုကြီးကျိုးက သူ့ကို ခပ်တန်းတန်းကြည့်လိုက်သည်။
“ဪ ဟုတ်သား၊ မင်းရဲ့အိမ်ကို သွားမှာပေါ့။ နေ့လည်ခင်းရောက်နေလို့ မင်းကို အခုလို မေးရတာပါ” ဝမ်ရှုယွမ်က လူအိုကြီးကျိုး ဒေါသထွက်သွားမှန်း သိ၍ သူ့အမှားကို ချက်ချင်းဝန်ခံကာ အလျှော့ပေးလိုက်သည်။
“မင်းကိုယ်မင်းလည်း ကြည့်စမ်းပါဦး။ ဒီနှစ်မှာ ပင်စင်ယူထားတယ်။ ဘာလို့များ အစားအသောက်တွေကို မက်မောနေသေးတာလဲ” လူအိုကြီးကျိုးက အစားအသောက်များကို ကြိုက်နှစ်သက်သော်လည်း သာမန်မျှသာ ဖြစ်သည်။ သို့သော်လည်း သူ့သူငယ်ချင်း လူအိုကြီးဝမ်က သာမန်ထက် လွန်ကဲသည်။
“မင်းက ဟင်းချက်ရှိုးလ်ပွဲရဲ့ထုတ်လုပ်သူ ဖြစ်ခဲ့ဖူးတယ် ဆိုတော့ အရသာရှိတဲ့ စားကောင်းသောက်ဖွယ်တွေကို နေရာတိုင်းမှာ ရှာဖွေရင်း ဒီလို အစားကြူးတဲ့ အကျင့်စရိုက်တွေ ကူးစက်သွားမှန်း သိလို့ မင်းကို အထိုက်အလျောက်တော့ နားလည်ပေးနိုင်ပါတယ်။ ပင်စင်ယူပြီးရင်တောင် အရသာရှိတဲ့ စားကောင်းသောက်ဖွယ်တွေကို မရပ်မနား ရှာဖွေနေတဲ့ အကြောင်းအရင်းကို နားမလည်နိုင်ဘူး”
“အခုအချိန်မှာ ငါက ပင်စင်ယူထားပေမဲ့ ဒီလပိုင်းအတွင်း လုပ်စရာ အလုပ်တော်တော်များတယ်” သူ့အောက်မေးရိုးက မုတ်ဆိတ်များကို သပ်ရင်း ဝမ်ရှုယွမ်က ဂုဏ်ယူဝင့်ကြွားစွာ ပြောသည်။
“ပင်စင်ယူပြီးတာတောင် မင်းမှာ ဘယ်လို အလုပ်မျိုး ရှိနေသေးတာလဲ” လူအိုကြီးကျိုးက သူ့ကို လုံးဝ မယုံကြည်ပေ။
“ငါက မင်းကို လိမ်နေတယ်လို့ ထင်နေတယ်မလား လူအိုကြီးကျိုး” ဝမ်ရှုယွမ်က သူ့ကို ငေးစိုက်ကြည့်ပြီး တက်ကြွစွာ စကားပြောသည်။
“ဟုတ်ပြီ၊ မင်းကို ယုံကြည်လိုက်မယ်။ ဒါဆိုရင်။ မင်း အခုလက်တလော ဘာလုပ်နေလဲ ပြောစမ်းပါ”
“နိုး၊ မပြောဘူး။ သိပ်မကြာခင် မင်း သိလိမ့်မယ်” ဝမ်ရှုယွမ်က သူ့သူငယ်ချင်းကြီးကို ခန့်မှန်းခြင်းဖြင့် အလုပ်ရှုပ်အောင် နှုတ်ဆိတ်နေသည်။
“လူအိုကြီးဝမ်၊ ရှင် ဒီနေရာဘက်ကို မရောက်တာ ကြာပြီ။ အိမ်ထဲ ဝင်လာခဲ့လေ” လူအိုကြီးကျိုး၏ဇနီးသည်က သူတို့နှစ်ယောက်ကို တံခါးပေါက်မှာ စောင့်ဆိုင်းနေပြီး အချေအတင် ဆွေးနွေးရင်း လမ်းလျှောက်လာသော အဘိုးအိုနှစ်ယောက်ကို လှမ်းခေါ်လိုက်သည်။
ထို့နောက် သူမက ပြုံးရွှင်ကာ နှုတ်ဆက်လိုက်သည်။
“ကျေးဇူးပါပဲ။ အနှောင့်အယှက်ပေးမိသလို ဖြစ်သွားတယ်” ဝမ်ရှုယွမ်က အားတုံ့အားနာဖြင့် ပြောသည်။
“ရပါတယ်။ တံခါးပေါက်နားမှာ ရပ်ပြီး စကားမပြောနဲ့လေ။ အိမ်ထဲမှာ ဝင်ထိုင်ဦး” ဖိနပ်လဲပြီး အိမ်ထဲ အရင်ဆုံးဝင်သည်။
“နေ့လည်စာကို အိမ်မှာပဲစားပြီး ညနေဘက်မှ စားသောက်ဆိုင်မှာ သွားစားကြမယ်” လူအိုကြီးကျိုးက အချိန်ဇယားကို စီစဉ်သည်။
“ရှင်တို့အတွက် ဟင်းပွဲတွေ အများကြီး ချက်ပေးမယ်” အဘွားအိုက စိတ်အားထက်သန်စွာ စကားပြောသည်။
“အဲ၊ အများကြီးချက်ထားဖို့ မလိုအပ်ပါဘူး။ ပုံမှန်ပဲချက်ပါ” ဝမ်ရှုယွမ်က ချက်ချင်း မတ်တတ်ရပ်လိုက်ပြီး အဘွားအိုကို တားဆီးရန် ကြိုးစားသည်။
“ဟုတ်တယ် မိန်းမရေ၊ ဒီအဘိုးကြီးက ရှောင်လုံပေါင်းဖက်ထုပ်ရောင်းတဲ့ ဆိုင်မှာ ညစာစားဖို့ တကူးတက ရောက်လာတာပဲ” အဘိုးအိုက သူ့မိန်းမ၏လက်ကို ဆွဲလိုက်ပြီး ဟုတ်မှန်စွာ ပြောသည်။
“အို့စ် သိပြီ။ ဒါဆိုရင်လည်း ညနေဘက်မှ အရသာရှိတဲ့ အစားအသောက်တွေကို စားသောက်ဆိုင်မှာ သွားစားလေ” အဘွားအိုက သဘောထားကြီးစွာ စကားပြောသည်။
ခဏကြာစဉ်းစားပြီးနောက် သူမက မျက်မှောင်ကြုတ်လိုက်ပြီး သူ့ဘေးနားက အဘိုးကြီးကို မေးမြန်းသည်။
“ရှင်ပြောတော့ လူငယ်လေးက ဆိုင်မဖွင့်ဘူးဆို ဘယ်လိုဖြစ်ရတာလဲ”
“ဟုတ်တယ်။ မနက်ခင်းက တကယ် ဆိုင်မဖွင့်ဘူး။ ဒါကြောင့်မို့ မနက်စာတောင် မစားခဲ့ရဘူး” အဘိုးအိုက ထုတ်ပြောသည်။
“ဒီညရော ဆိုင်ဖွင့်ပါ့မလား” ဝမ်ရှုယွမ်က စိုးရိမ်တကြီး မေးမြန်းသည်။
“ဖွင့်မှာပါ။ ညနေခင်းမှ ဆိုင်ဖွင့်မယ်ဆိုတဲ့ အကြောင်းကို တံခါးမှာ အသိပေးစာကပ်ထားတယ်။ ဒါကြောင့်မို့ ငါတို့တွေ စိတ်အေးအေး စောင့်လို့ရတယ်” လူအိုကြီးကျိုး၏လေသံတွင် အပြည့်အဝ ယုံကြည်သော ခံစားချက်များကို တွေ့ရသည်။
“သူက ဆိုင်မဖွင့်ရင်ရော ဘယ်လိုလုပ်မလဲ” ဝမ်ရှုယွမ်က စိုးရိမ်နေသေးသည်။
အဘိုးအိုက သူဌေးယွမ်၏ ထူးခြားသော စိတ်နေသဘောထား နှင့် ခေါင်းမာသော အကျင့်စရိုက်များ အကြောင်း ပြောပြထားဖူးသည်။ တန်းစီစောင့်နေသော ဖောက်သည်များ ရှိနေသည့်တိုင် ဆိုင်ဖွင့်ချိန်က တိုတောင်းလွန်းသည်။ အရည်အချင်းရှိသူများတွင် ထူးခြားသော အကျင့်စရိုက်များ ရှိကြသည်။
“ဟင့်အင်း၊ မဖြစ်နိုင်ပါဘူး။ ဒီလူငယ်လေး ဆိုင်ဖွင့်တာကြာပြီ။ သူက စကားတည်တယ်။ ပြဿနာ မရှိလောက်ဘူး” သို့သော်ငြားလည်း အဘိုးအိုကျိုးက ယုံကြည်မှုလွန်ကဲနေသည်။
“အဘိုးကြီးတို့ရေ၊ နေ့လည်စာ စားစရာရှိတာ စားကြမယ်” အဘွားအိုက ဟင်းပွဲများကို စားပွဲခုံဆီ သယ်ဆောင်လာသည်။
“လာပြီ။ အစ်မကြီးရဲ့လက်ရာတွေကို မစားရတာ ကြာပြီ” ဝမ်ရှုယွမ်၏မျက်နှာပေါ်တွင် မျှော်လင့်တကြီး အမူအရာပေါ်လာသည်။
“စားလို့ သဘောတွေ့ရင် အဝစားနော်။ ခဏနေရင် တန်းစီဖို့ စောစောသွားကြမယ်။ ဒီလိုမှ မဟုတ်ရင် ငါတို့အလှည့်ရောက်မှာ မဟုတ်ဘူး” အဘိုးအိုက စကားပြောနေစဉ် တူဖြင့် အစားအသောက်များကို ညှပ်လိုက်ပြီး ဝမ်ရှုယွမ်၏ပန်းကန်လုံးထဲ ထည့်ပေးသည်။ မိတ်ဆွေများကြား ရင်းနှီးသော အပြုအမူ ဖြစ်သည်။
“ပြဿနာ မရှိဘူး” တန်းစီစောင့်ရခြင်းက ဝမ်ရှုယွမ်အတွက် ကြီးမားသော ပြဿနာရပ် မဟုတ်ပေ။ ယခင်တုန်းကဆိုလျှင် သူက အင်မတန် ဇွဲကောင်းသူ ဖြစ်သည်။ တော်ဝင်စားဖိုမှူး၏မျိုးဆက်ကို သူ့အတွက် ဟင်းတစ်ပွဲချက်ပေးရန် တောင်းဆိုခဲ့ဖူးသည်။ သူက ၁၀ရက်တိတိ ဒုက္ခခံခဲ့ရသည်။ တော်ဝင်စားဖိုမှူး၏မျိုးဆက်နောက် တကောက်ကောက်လိုက်ပြီး စားဖိုမှူး၏အလုပ်များကိုပင် ကူညီလုပ်ကိုင်ပေးကာ မရမက တောင်းဆိုကြည့်သည်။ ဝမ်ရှုယွမ်၏အနှောင့်အယှက်ပေးသော အပြုအမူကို ဆက်လက် သည်းမခံနိုင်သည့်အဆုံး စားဖိုမှူးက သူ့တောင်းဆိုမှုကို လက်ခံပေးခဲ့သည်။
ထို့အပြင်က သူက အိုမင်းနေပြီ ဖြစ်သောကြောင့် တော်ဝင်စားဖိုမှူး၏မြေးကို ရတနာရှစ်ပါး ကြက်သားဟင်းချက်ပေးရန် တောင်းဆိုခဲ့သည်။ ဤဟင်းပွဲ၏အရသာကို ဝမ်ရှုယွမ် တစ်သက်မေ့မရပေ။ သို့တိုင် တော်ဝင်စားဖိုမှူး၏မျိုးဆက်က ဤဟင်းပွဲကို သာမန်ဟင်းပွဲဟုသာ ပြောခဲ့သည်။
စစ်မှန်သော ရတနာရှစ်ပါး ကြက်သားဟင်းကို ချက်ပြုတ်နိုင်ရန် အသုံးပြုမည့် ပါဝင်ပစ္စည်းများကို တစ်နှစ်ခန့် ကြိုတင်ပြင်ဆင်ရမည်။ ထို့အပြင် ချက်ပြုတ်ရာတွင် အသုံးပြုမည့်ကြက်ကိုလည်း အထူးတလည် အစာကျွေးရမည်။
ထို့ကြောင့် တန်းစီစောင့်ရခြင်းက လွယ်ကူသော ကိစ္စရပ် ဖြစ်သည်။
အပိုင်း(၁၀၁)
ပြီးပါပြီ။ ယွမ်ကျိုး အပိုင်း(၁၀၂)
ယွမ်ကျိုးက သူ့မှတ်စုစာအုပ်ထဲတွင် မှတ်တမ်းတင်ထားသော စားသောက်ဆိုင်(၅)ဆိုင်တွင်ရှိသော အရသာများကို မြည်းစမ်းပြီးသောအခါ ညနေ ၄နာရီပင် မရောက်သေးချေ။ စားသောက်ဆိုင်တိုင်းတွင် ထူးခြားသော စရိုက်လက္ခဏာရှိပြီး ဖြစ်လေ့ဖြစ်ထရှိသော ချို့ယွင်းချက်များလည်း ရှိသည်။ ယွမ်ကျိုးသည် ဟင်းတစ်ပွဲချင်းစီကို မြည်းစမ်းကြည့်ပြီးမှသာ မှတ်ချက်ပေးခဲ့ခြင်းဖြစ်သည်။ သူ့မှတ်စုစာအုပ်တစ်ဝက်လောက် မှတ်တမ်းတင်ပြီးနောက် မှတ်စုစာအုပ်ကိုသိမ်းလိုက်ကာ တက္ကစီငှားလိုက်ပြီး သူ့စားသောက်ဆိုင်သို့ ပြန်သွားရန် ပြင်ဆင်သည်။
"ထောင်ရှီးလမ်း အိမ်နံပါတ် ၁၄ကို ပို့ပေးပါ" တက္ကစီပေါ်မှာ ထိုင်နေပြီး မျက်စိပိတ်ကာ အနားယူနေစဉ် မတူညီသောဟင်းလျာများ ပေါင်းစပ်ခြင်း နှင့် ချက်ပြုတ်နေစဉ် အပူထိန်းချုပ်ခြင်းများအကြောင်းကို တွေးတောနေသည်။
တက္ကစီယာဉ်မောင်းက သတ်မှတ်ထားသော နေရာသို့ ရောက်ရှိကြောင်း အသိပေးမှသာ မျက်လုံးပြန်ဖွင့်လိုက်သည်။ "ကောင်းပါပြီ"
ယွမ်ကျိုး သူ့ဆိုင်သို့ ပြန်ရောက်သောအခါ မစောလွန်း နောက်မကျလွန်းသောအချိန်ဖြစ်သောကြောင့် ညနေ ၄နာရီတိတိ အချိန် ဖြစ်နေသည်။ ခဏအနားယူပြီးနောက် ရေမိုးချိုးသန့်စင်ပြီး အဝတ်အစားလဲကာ ဆိုင်ဖွင့်ရန် ဆိုင်တံခါးကို တွန်းလိုက်သည်။ ထိုစဉ်အခိုက်အတန့် မုရှောင်ယွမ်လည်း ရောက်ရှိနေသည်။ ထို့နောက် သူမက စားပွဲခုံသုတ်ခြင်းကဲ့သို့ တောက်တိုမယ်ရအလုပ်များကို စတင်လုပ်ဆောင်သည်။
"ရှောင်ယွမ်၊ ပုံမှန်အတိုင်း ၈နာရီဆို မင်း ပြန်နိုင်ပြီ" ထိုင်ခုံမှာ ထိုင်နေသော ယွမ်ကျိုးက သူမကို ပြောသည်။
"ဒါပေမယ့် ကျွန်မ ပြန်သွားရင် ဒီအလုပ်တွေကို ဘယ်သူလုပ်မှာလဲ၊ သူဌေး" မုရှောင်ယွမ်က မေးနေကြအတိုင်း မေးမြန်းလိုက်သည်။
"ငါ့ဘာသာငါ လုပ်နိုင်တယ်" ယွမ်ကျိုးက ပြတ်ပြတ်သားသား ပြောသည်။
"ကျွန်မက သူဌေးကို ကူညီပေးနိုင်ပါတယ်" သူမက လက်သီးကလေးဆုပ်ကာ စိတ်အားထက်သန်စွာ ပြောသည်။
"မလိုအပ်ပါဘူး" ယွမ်ကျိုးက ချက်ချင်း ငြင်းပယ်လိုက်သည်။
"ဟုတ်ပါပြီ" ယွမ်ကျိုးက ဆုံးဖြတ်ချက်ချပြီးလျှင် မပြင်တတ်သော အကျင့်စရိုက်ရှိကြောင်း သိ၍ သူမက ရွေးချယ်စရာမရှိသည့်အဆုံး သဘောတူလိုက်သည်။ သူတို့ချင်း စကားပြောနေစဉ် အဘိုးအိုက ဝမ်ရှုရန်ကို ဦးဆောင်ပြီး စားသောက်ဆိုင်ထဲသို့ ဝင်ရောက်လာသည်။
"ဒီနေ့တော့ တိုက်တိုက်ဆိုင်ဆိုင်ပဲ။ သူဌေးယွမ်က ဆိုင်ကို အစောကြီး ဖွင့်ထားပါလား"
စားသောက်ဆိုင်ထဲသို့ ဝင်ရောက်လိုက်သောအခါ အဘိုးအိုက ယွမ်ကျိုးကို နှုတ်ဆက်စကားပြောသည်။ သူ့အနောက်တွင်ရှိသော ဝမ်ရှုယွမ်က နှုတ်ဆိတ်နေပြီး စားသောက်ဆိုင်ပတ်ဝန်းကျင်ကို တိတ်တဆိတ် လေ့လာနေသည်။ အဖွင့်မီးဖိုချောင်ဖြစ်နေ၍ သဘောမကျချေ။ အကယ်၍ ဆီအခိုးအငွေ့များ မီးဖိုချောင်ထဲမှ ထွက်ပေါ်လာလျှင် စားသုံးသူဖောက်သည်များသည် အရသာခံနိုင်စွမ်းကို ထိခိုက်နိုင်သည်။ ထိုအချက်ကြောင့် ဝမ်ရှုယွမ် မျက်မှောင်ကြုံ့မိသည်။ တခြားသောအချက်အလက်များကို နှိုင်းယှဉ်ကြည့်လျှင် အပြစ်ပြောစရာအချက်များ မရှိပေ။
ဝမ်ရှုယွမ်က တံခါးဘေးနားရှိ စားပွဲခုံအသေးလေးတွင် ထိုင်ရန် ရည်ရွယ်ထားသော်လည်း
ဤဆိုင်၏ဖောက်သည်ကြီးဖြစ်သော သူ့သူငယ်ချင်းက ကွေးနေသောစားပွဲရှည်တွင် နေရာယူကာ သူ့ကို စောင့်ဆိုင်းနေသည်။
"မင်းနောက်က နံရံပေါ်မှာ မီနူးရှိတယ်။ ဖတ်ကြည့်ပြီးတော့ မင်း ကြိုက်တဲ့ဟင်းလျာကို အော်ဒါတင်လိုက်။ ဒါပေမယ့် ဖောက်သည်တစ်ယောက်ချင်းစီက ဟင်းပွဲတစ်ပွဲစီပဲ မှာလို့ရတယ်"
"မင်းပုံစံကို ကြည့်ရတာ ဒီဆိုင်ကို ခဏခဏလာတဲ့ပုံပဲ။ ဟုတ်လား" အဘိုးအိုကို ကြည့်ပြီး ဝမ်ရှုယွမ်က ခေါင်းလှည့်ကာ မီနူးရှိသောနံရံကို ကြည့်လိုက်သည်။ သူ၏အမြင်အာရုံထဲ ပထမဦးဆုံး ဝင်ရောက်လာသော အကြောင်းအရာက စည်းမျဉ်းစည်းကမ်းများ ဖြစ်သည်။ နံရံပေါ်မှာ ရေးသားထားသော စည်းမျဉ်းတချို့သည် အတော်ကလေး ထူးဆန်းနေသည်။ တစ်ချက်ချင်းစီသည် ထူးခြားမှု ရှိသည်။
မီနူးထဲတွင် ဈေးအကြီးဆုံးဟင်းလျာက ၁၈၈၈ ယွမ် တန်ဖိုးရှိသော ဆေးဖက်ဝင်လက်ဖက်ကြက်ဥဟင်းဖြစ်သည်။ သူ့ဘေးနားတွင် ဝမ်ရှုယွမ်အကြိုက်ဖြစ်သော အသားဟင်းလျာများ ရှိသည်။ ဝမ်ရှုယွမ်သည် အသက်အရွယ်ကြီးသော်လည်း ဟင်းသီးဟင်းရွက်ထက် အသားများကို ကြိုက်နှစ်သက်သည်။ သို့သော်လည်း ဝမ်ရှုယွမ် ဈေးနှုန်းစာရင်းကို အကဲခတ်ကြည့်ပြီးနောက် ဤစားသောက်ဆိုင်လေးသည် သာမန်စားသောက်ဆိုင်မဟုတ်မှန်း ခံစားမိသည်။
"ကောင်းပြီ။ ကျင်းလင်မြက်ဟင်းရယ်၊ ခံတွင်းထဲ အရည်ပျော်သွားမယ့် ကြက်ခြေထောက်ဟင်း နဲ့ ဖီးနစ်အမြှီးပုစွန်ဟင်း ပြီးတော့ ကြက်ဥထမင်းကြော်တစ်ပွဲစီပေးပါ"
ဤစားသောက်ဆိုင်၏ ဈေးအကြီးဆုံးဟင်းလျာများကို မှာယူထားသည်။ ဤစားသောက်ဆိုင်တွင် ဈေးကြီးသောဟင်းလျာများသာ ရောင်းချကြောင်း ကြိုတင်သိရှိထား၍ ငွေအလုံအလောက် ယူဆောင်လာသည်။
"ဒီအဘိုးကြီးကတော့ ငွေမပေါဘူး။ ဒါကြောင့်မို့လို့ အစုံလိုက် ကြက်ဥထမင်းကြော်တစ်ပွဲပေးပါ။ မင်းရဲ့ဟင်းလျာတွေကို ငါမြည်းမယ်" အဘိုးအိုက ပျော်ရွှင်ကြည်နူးစွာ စကားပြောသည်။
"ကိစ္စမရှိပါဘူး။ ငါ တစ်ယောက်တည်းလည်း စားလို့မကုန်တဲ့အတွက် အများကြီး မှာထားတာ။ မင်းလည်း စားလို့ရတယ်" ဝမ်ရှုယွမ်က သူတို့နှစ်ယောက် စားသောက်ရန် ရည်ရွယ်ချက်ဖြင့် ဟင်းပွဲအများကြီးကို မှာလိုက်၍ လွယ်လင့်တကူ သဘောတူလိုက်သည်။
"ဒါဆိုရင် ခဏတော့ စောင့်ပေးပါ" ယွမ်ကျိုးက ဖောက်သည်အသစ်မှန်း မသိခဲ့ပေ။ သူက သဘောတူလိုက်ပြီး ပါဝင်ပစ္စည်းများကို စတင်ပြင်ဆင်သည်။
"ပါဝင်ပစ္စည်းတွေကို ကိုင်တွယ်တဲ့ပုံစံက တကယ့်ကို ဆရာကျတယ်" ဝမ်ရှုယွမ်က ယွမ်ကျိုး ကျင်းလင်မြက် ဆေးနေသောမြင်ကွင်းကို အသေးစိတ်အကဲခတ်ကြည့်ပြီးတော့ ထိုစကားကို ပြောလိုက်ခြင်းဖြစ်သည်။
"ဒါပေါ့၊ ဒီလူငယ်လေးက အစားအသောက်တွေကို ပုံဖော်ထုဆစ်တဲ့နေရာမှာလည်း အထူးကျွမ်းကျင်တယ်လို့ သတင်းကြားထားတယ်" အဘိုးအိုက ဤစားသောက်ဆိုင်နှင့် အရမ်းရင်းနှီးနေ၍ သူ့မိသားစုဝင်ကို ချီးကျူးနေသကဲ့သို့ ကြွားဝါနေသည်။
"ငါက သူ ပါဝင်ပစ္စည်းတွေကို ပြင်ဆင်တဲ့ပုံစံကို ကြည့်ပြီးပဲ ပြောတာနော်။ ဒါပေမယ့် ဒီဆီအခိုးအငွေ့တွေကို ဘယ်လိုဖြေရှင်းမလဲဆိုတာကို သိချင်သေးတယ်" ဝမ်ရှုယွမ်က ဘေးပတ်ဝန်းကျင်ကို ကြည့်ရှုပြီး ခေါင်းတငြိမ့်ငြိမ့်ဖြင့် စကားပြောသည်။
"ငါလည်း အရင်တုန်းက မင်းလိုပဲ တွေးမိတယ်။ ဒီဆိုင်က အဖွင့်မီးဖိုချောင်ဖြစ်ပေမယ့် ကြက်ဥထမင်းကြော်ကြော်ရင်တောင် ဆီခိုးဆီငွေ့တွေတောင် မထွက်ဘူး" အဘိုးအိုက ဤပြဿနာကို ခဏတွေးတောမိသည်။ ဆိုင်သို့ ယခင်က ပထမဦးဆုံးအကြိမ်လာရောက်ခဲ့စဉ်က ထူးဆန်းသောခံစားချက် ဖြစ်ပေါ်ခဲ့ခြင်းကို ရုတ်တရက် သတိရသွားသည်။
"လုံးဝ ဆီနံ့မရဘူးလား" ဝမ်ရှုယွမ် လုံးဝ မယုံနိုင်ဖြစ်နေသည်။
"ဟုတ်တယ် အမှန်ပဲ။ သူ ဘယ်လိုမျိုး အညှော်စုပ်စက်ကို သုံးထားမှန်း ငါတော့မသိဘူး။ တကယ့်ကို အံ့ဩစရာကောင်းတယ်"
"အထူးပြုပြင်ထားတဲ့ ထုတ်ကုန်ကို သုံးထားတာ ဖြစ်မှာပေါ့" ဝမ်ရှုယွမ်က မှန်ကန်စွာ ကောက်ချက်ချသည်။
"ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် တကယ့်ကို အကျိုးသက်ရောက်မှု ရှိတယ်" အဘိုးအိုက အညှော်စုပ်စက်၏အကျိုး သက်ရောက်မှုကိုသာ တွေးတောနေသည်။ တခြားတစ်ဖက်တွင်မူ ယွမ်ကျိုးက ခံတွင်းထဲ အရည်ပျော်သွားသော ကြက်ခြေထောက်ဟင်းကို ပေါင်းအိုးထဲ နှပ်ထားပြီး ပုစွန်ဟင်းကို စတင်လုပ်ဆောင်သည်။
"ဟုတ်သားပဲ။ ပုစွန်ရဲ့နောက်ကျောမှာ ရှိတဲ့ သွေးပြန်ကြောကို ထုတ်ဖို့အတွက် အရင်ဆုံး ပုစွန်ကို ပျော့ပျောင်းအောင် လုပ်ရမယ်" ဝမ်ရှုယွမ်က ယွမ်ကျိုး၏အပြုအမူကို ကြည့်ကာ တဲ့တိုးပြောလိုက်သည်။
"အဘိုးကြီး၊ ခင်ဗျား တော်တော်သိလှချည်လား" အဘိုးအိုကလည်း ယွမ်ကျိုး၏အပြုအမူကို အသေးစိတ် အကဲခတ်နေသည်။
"သူရဲ့အတွေ့အကြုံ၊ ကျွမ်းကျင်သော လှုပ်ရှားမှုအရ ဤသူဌေးက စစ်မှန်တဲ့ အရည်အချင်းကို ပိုင်ဆိုင်ထားတယ်" ဝမ်ရှုယွမ်က နှစ်ကိုယ်ကြား မှတ်ချက်ပြုသည်။ ထိုစဉ် ယွမ်ကျိုးက ပုစွန်များကို ဆီပူထဲ နှစ်လိုက်သည်။ ဆီညှော်နံ့ လုံးဝ ထွက်ပေါ်မလာချေ။ ထိုမှသာ ဝမ်ရှုရန်က စိတ်ချလက်ချဖြစ်သွားပြီး ဟင်းပွဲများကို စောင့်ဆိုင်းနေသည်။ ၁၀ မိနစ်ခန့်ကြာပြီးနောက် ဟင်းပွဲအားလုံး အပြီးသတ်ပြင်ဆင်ပြီးသွား၍ ဖောက်သည်များထံ တည်ခင်းရန် အဆင်သင့်ဖြစ်သွားသည်။
"မင်းတို့ မှာထားတဲ့ ဟင်းလျာတွေ ရပါပြီ" ယွမ်ကျိုးက ဟင်းပွဲတစ်ပွဲချင်းစီကို စားပွဲခုံပေါ် နေရာချထားသည်။
"အရောင်အဆင်း၊ အနံ့အရသာ၊ ပုံပန်းသဏ္ဍာန်ကတော့ ပြီးပြည့်စုံတယ်။ အရေးကြီးဆုံးအရာက ဒီဆီခိုးဆီငွေ့တွေ ဘယ်ရောက်သွားမှန်းမသိတာပဲ ရှိတယ်" ဝမ်ရှုယွမ်က ဟင်းပွဲများကို မြည်းစမ်းရန် အဆင်သင့်ဖြစ်နေပြီး မျှော်လင့်တကြီး ပြောဆိုသည်။
"အဘိုးတို့ စားကြည့်ရင် သိသွားမှာပါ" ယွမ်ကျိုးက ဟင်းချက်စွမ်းရည်နှင့် ပတ်သက်ပြီး ယုံကြည်မှုလွန်ကဲသည်။
"ဒါဆိုရင် ဒီအဘိုးကြီးက အခုပဲ စားကြည့်တော့မယ်" တူကိုကိုင်လိုက်ပြီး ဝမ်ရှုယွမ်က ကျင်းလင်မြက်ဟင်းကို အရင်ဆုံး စားကြည့်ရန် ဆုံးဖြတ်ထားသည်။ ကျင်းလင်မြက်သည် အာတီမီဆီယား ဆယ်လီဂျန်စစ် ဖြစ်မှန်း သူသိသည်။
သို့သော်လည်း မကြော်လှော်ခင်ကထက် ပို၍ စိမ်းစိုနေ၍ သူ အံ့ဩသင့်နေရသည်။ သူ့ခံတွင်း ဝင်ရောက်သွားသောအခါ အာတီမီဆီယား ဆယ်လီဂျန်စစ်၏ နူးညံ့မွှေးကြိုင်သောရနံ့က သူ့အရသာခံဖုပေါ် ချက်ချင်းသက်ရောက်သွားသည်။ လက်ဆတ်မွှေးကြိုင်သော ရနံ့ကြောင့် စိမ်းစိုနေသော မြက်ခင်းပြင်ကြီးထဲ ရောက်သွားသကဲ့သို့ ခံစားရပြီး ခန္ဓာကိုယ်နှင့်စိတ် နှစ်မျိုးလုံးကို ကျေနပ်သော ခံစားချက်ဖြစ်ပေါ်စေသည်။ ဝမ်ရှုယွမ်သည် ဟင်းလျာများကို သေချာအရသာခံနေစဉ် သူ့သူငယ်ချင်းအဘိုးအိုက ကြက်ဥထမင်းကြော်နှင့် ကျင်းလင်မြက်ဟင်းကို တွဲဖက်စားကာ ကျေနပ်အားရနေသည်။
သူ အော်ဒါတင်ထားသော ဟင်းလျာတစ်ပွဲချင်းစီကို အရသာခံပြီးနောက် ကြက်ဥထမင်းကြော်ကို မြည်းစမ်းကြည့်သည်။ တရုတ်ဟင်းလျာထဲတွင် အခြေခံအကျဆုံးဟင်းလျာသည် ကြက်ဥထမင်းကြော်ဟင်းလျာဖြစ်သည်။ ဤဟင်းလျာကို ပြင်ဆင်ရခြင်းက လွယ်ကူရိုးရှင်းသည်။ သို့သော်လည်း ပြီးပြည့်စုံသော အရသာရရန် မလွယ်ကူပေ။ ထမင်းစေ့တစ်စေ့ချင်းစီကို ကြက်ဥဖတ်ဖြင့် လွှမ်းခြုံထားပြီး ထမင်း၏အရသာက နူးညံ့ပျော့ပျောင်းကာ ကြမ်းတမ်းသောအရသာမရှိပေ။ ထို့အပြင် တွဲဖက်ထားသော အရံဟင်းလျာများကလည်း လတ်ဆတ်သော ခံစားချက်ကို ဖြစ်ပေါ်စေသည်။ အသားဟင်းနှစ်ပွဲ နှင့် အရံဟင်းတစ်ပွဲအပြင် ကြက်ဥထမင်းကြော်နှစ်ပွဲကိုလည်း မှာယူထား၍ အဘိုးအိုနှစ်ယောက် ဗိုက်ပြည့်အောင် စားနိုင်သည်။ သိပ်မကြာလိုက် ဟင်းပွဲအားလုံးကုန်သွားသည်။ နောက်ဆုံးကျန်သော ဟင်းရည်ကို သောက်ပြီးနောက် ဝမ်ရှုယွမ်က စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပြီးတော့ စကားပြောသည်။
"လူငယ်လေး၊ မင်းရဲ့ဟင်းချက်စွမ်းရည်က တကယ့်ကို ကောင်းမွန်တယ်။ မင်းရဲ့အရည်အချင်းကို ဖော်ကျူးနိုင်တဲ့စကားတောင် မရှိတော့ဘူး။ ဒီပုံဖော်ထားတဲ့ အရသာကတောင် လတ်ဆတ်ပြီးတော့ စိတ်ကူးစိတ်သန်းကောင်းတယ်။ လှလည်း လှပတယ်။ လုံးဝကို ပြီးပြည့်စုံတယ်" ဝမ်ရှုယွမ်က ယွမ်ကျိုး၏ဟင်းလျာများကို ပထမဦးဆုံးအကြိမ် စားဖူးခြင်းဖြစ်၍ တခမ်းတနား ချီးမွမ်းနေသည်။
"ကျေးဇူးတင်ပါတယ်" ယွမ်ကျိုးက ခေါင်းညိတ်ကာ ကျေးဇူးတင်စကားပြောလိုက်သည်။
"တကယ့်ကို အရသာရှိတာပါ။ ရွှေရောင်ကြက်ဥထမင်းကြော်က တကယ့်ကို ထူးခြားကောင်းမွန်တယ်။ ဒီလိုမျိုး ထမင်းတစ်စေ့ချင်းစီတိုင်းကို ဒီကြက်ဥဖတ်တွေ လွှမ်းခြုံထားတဲ့ ဒီကြက်ဥထမင်းကြော်မျိုးကို ပထမဦးဆုံးအကြိမ် မြင်ဖူးတာပဲ။ အရံဟင်းလျာတွေနဲ့ ပတ်သက်ပြီး ပြောရရင် စကားတစ်ခွန်းပဲ ရှိတယ်။ တကယ့်ကို အံ့မခန်းပဲ။ ဖီးနစ်အမြှီးပုစွန်ဟင်းကလည်း ကျင်းလင်ဟင်းလျာပွဲရဲ့ အထူးဟင်းလျာ ဖြစ်ထိုင်ပါတယ်။ ဒီလိုမျိုး ဖီးနစ်အမြှီးနဲ့ တထေရာတည်းတူတဲ့ ဟင်းပွဲမျိုးကို ကျုပ် တစ်သက် မြင်တောင်မမြင်ဖူးဘူး" သူက ခံစားချက်အပြည့်ဖြင့် သက်ပြင်းချလိုက်ပြီးတော့ ပန်းကန်အလွတ်လေးကို ငေးစိုက်ကြည့်လိုက်သည်။
"ကြက်ခြေထောက်ဟင်းကလည်း အပူအအေးကို ထိန်းချုပ်ထားပြီးတော့ ထူးခြားနည်းလမ်းနဲ့ ပြင်ဆင်ထားတယ်လို့ ထင်မိတယ်" ကြက်ခြေထောက်တွင် ပါဝင်သောအရိုးများသည် အရိုးထက် အရိုးနုနဲ့ ပို၍ တူနေတဲ့အကြောင်းကို သူ ပြန်လည်မြင်ယောင်မိသည်။
"တော်သင့်ပြီ။ မင်း ဟင်းတစ်ပွဲချင်းစီကို မှတ်ချက်ပေးလို့ ပြီးဦးမှာလား" အဘိုးအိုက စိတ်မရှည်သောလေသံဖြင့် ဝမ်ရှုယွမ်၏ ဆင်ခြင်သုံးသပ်မှုကို အနှောင့်အယှက်ပြုသည်။
"မဟုတ်ဘူး။ ငါက လူငယ်လေး၏အရည်အချင်းကို ချီးမွမ်းရုံပဲ။ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ဟင်းချက်စွမ်းရည်က ထိပ်တန်းအဆင့်ပဲ။ အရည်အချင်းနှင့် ကြိုးစားခြင်းက အောင်မြင်ခြင်းအတွက် အချက်နှစ်ချက်ပဲ" ဝမ်ရှုယွမ်က ချီးကျူးစကားပြောဆိုသည်။
"ဒါတော့ သေချာတာပေါ့။ သူဌေးယွမ်ရဲ့ ဟင်းချက်စွမ်းရည်က စာဖွဲ့လို့တောင် မမှီဘူး" အဘိုးအိုက သူနှင့်သက်ဆိုင်မှု ရှိသကဲ့သို့ ဂုဏ်ယူဝင့်ကြွားစွာ ပြောဆိုသည်။
အပိုင်း(၁၀၂)
ပြီးပါပြီ။