← Chapters

အခန်း (၁၀၃-၁၀၅)

Vol. 7 Ch. 103-105

အခန်း (၁၀၃-၁၀၅)

Vol. 7 Ch. 103-105

အပိုင်း(၁၀၃)

“တကယ်တမ်း ငါက သူဌေးယွမ်ကို ချီးမွမ်းနေတာနော်။ မင်းကို မဟုတ်ဘူး” ဝမ်ရှုယွမ်က အဘိုးအိုကျိုး၏ အပြောအဆိုကြောင့် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။

“ဒါပေမဲ့ မင်းကို ဒီဆိုင်ခေါ်လာပေးတဲ့သူက ငါလေ” အဘိုးအိုကျိုးက ဂုဏ်ယူဝင့်ကြွားသော အမူအရာကို ပြသသည်။

လူအိုကြီးနှစ်ယောက်က အသက်ကြီးလာသည်နှင့်အမျှ ကလေးပိုဆန်လာသည်ဟု ခံစားမိသည်။ သူတို့က စားသောက်ဆိုင် အပြင်ဘက်သို့ လမ်းလျှောက်ထွက်ရင်း အချေအတင် ဆွေးနွေးကြသည်။

…

ည ၈နာရီအထိ စားသောက်ဆိုင်က ဖောက်သည်များဖြင့် ပြည့်ကျပ်နေသည်။ သို့သော်လည်း ယွမ်ကျိုးက သူတို့ကို မောင်းထုတ်မည့် ရည်ရွယ်ချက် မရှိပေ။ ထို့အစား သူက မုရှောင်ယွမ်ကို လှမ်းခေါ်သည်။

“အခုတော့ မင်းပြန်နိုင်ပြီ” ထိုစကားကိုပြောလိုက်စဉ် ယွမ်ကျိုးက သူကို ယွမ်၁၀၀တန် ငွေစက္ကူရွက် ကမ်းပေးသည်။

“ဒါပေမဲ့ ကျွန်မရဲ့ ဒီကနေ့ အလုပ်လုပ်ချိန်က သုံးနာရီပဲလေ။ ဒါကို လက်မခံနိုင်ဘူး” မုရှောင်ယွမ်က စည်းစနစ်ရှိသော မိန်းကလေး ဖြစ်သည်။

“ငါ့ကြောင့် မင်းက ပျက်ကွက်ရတဲ့ ကိစ္စမို့လို့ မင်းကို နေ့တွက်ခ အပြည့်ပေးမယ်” ယွမ်ကျိုးက ကောင်မလေးကို ငြင်းပယ်ခွင့် မပြုချေ။

“ဒါပေမဲ့” မုရှောင်ယွမ်၏စကား အဆုံးမသတ်ခင် သူမကို ယွမ်ကျိုးက ပြောခွင့်မပေးချေ။

“အခုတော့ မင်းပြန်နိုင်ပြီ”

ယွမ်ကျိုးက ဖောက်သည်များဘက်လှည့်ကာ စကားပြောသည်။

“ဒီညတော့ စားသောက်ဆိုင်ကို ည၁၁နာရီအထိ ဖွင့်မယ်”

“တကယ်လား။ သူဌေးယွမ်က စားသောက်ဆိုင်ဖွင့်ချိန်ကို ဘာလို့များ ရုတ်တရက် တိုးမြှင့်လိုက်တာလဲ” တန်းစီနေသော လူအုပ်စု၏ ထိပ်ပိုင်းမှ အမျိုးသားက တအံ့တဩ ပြောသည်။

“အဲလိုမဟုတ်ဘူးလေ။ သူက နေ့ခင်းဘက်မှာ ဆိုင်မဖွင့်ထားတော့ အစားထိုး ပြန်ဖွင့်ပေးတာ ဖြစ်မှာပေါ့” ဘေးနားမှာမတ်တတ်ရပ်နေသော ကောင်မလေးက တည်ငြိမ်စွာ ကောက်ချက်ချသည်။

“ဘာပဲဖြစ်ဖြစ် ဒီကနေ့ညတော့ ငါတို့တွေက အရသာရှိတဲ့ စားကောင်းသောက်ဖွယ်တွေကို စားခွင့်ရပြီပဲ”

“ဟုတ်ပါ့ သေချာတာပေါ့” သူ့နောက်မှ တခြားသူများကလည်း ထောက်ခံကြသည်။

“သူဌေးယွမ်၊ ခင်ဗျား တော်တော် ပြောင်းလဲသွားပြီ။ ဆိုင်ဖွင့်ချိန်ကိုတောင် တိုးမြှင့်လိုက်သေးတယ်နော်” အရောင်းဌာန၏ခေါင်းဆောင် ဝူအန်လုက ယွမ်ကျိုး၏စားသောက်ဆိုင်ကို မလာသည်မှာ ကြာပြီဖြစ်သည်။ သူက ရွဲ့တဲ့တဲ့ စကားမျိုးကို ပြောသည်။

“ဒီကနေ့ရော ဘာများသုံးဆောင်ချင်လဲ” သို့သော်လည်း ယွမ်ကျိုးက ယခုလို ကျီစယ်မှုမျိုးကို တုံ့ပြန်မည့်သူ မဟုတ်ပေ။ သူက အဓိကအချက်ကိုသာ မေးမြန်းလိုက်သည်။

“သူဌေးယွမ်၊ ခင်ဗျားရဲ့အကျင့်စရိုက်က အမြဲဒီလိုချည်းပဲ” ဝူအန်လုက ယွမ်ကျိုး၏မော်ကြွားသော အပြုအမူကို သိနေပြီသားဖြစ်သည်။ သူက လေးနက်ချင်ယောင် ဟန်ဆောင်ပြီး ခေါင်းတွင်တွင်ခါသည်။

“သူဌေးယွမ်ရဲ့ပုံစံကို ကြည့်စမ်းပါဦး။ သူ့ဟင်းချက်စွမ်းရည်က ပြီးပြည့်စုံတာကို ငါတို့အားလုံး သိပေမဲ့ သူ့အကျင့်စရိုက်က တကယ်ကို ထူးဆန်းပြီး ခေါင်းမာတယ်။ ဒါကြောင့်မို့လည်း ရှိရှင်းစွဲ အသက်ထက် ပိုပြီး ရုပ်ရင့်နေပုံပဲ” ဝူအန်လုက ကျိုးကြောင်းဆင်ခြင်သော အမူအရာဖြင့် လေးနက်စွာ ရှင်းပြနေသည်။

“ဒါဆိုရင် မင်းမှာရော ကောင်မလေးရှိလား” ယွမ်ကျိုးက တည့်တိုးမေးမြန်းလိုက်သည်။

“ငါတို့က မင်းအကြောင်းကို ပြောနေတာလေ။ ဘာလို့ ငါ့အကြောင်း ထည့်ပြောလာတာလဲ” ဝူအန်လုက ဤမေးခွန်းမျိုးကို ရှောင်တိမ်းရန် ကြိုးစားသည်။

“ငါက ဒီကိစ္စကို အရမ်းစိတ်ဝင်စားသွားလို့ပါ” ယွမ်ကျိုးက အထာကျကျ လက်ပိုက်ပြီး စိတ်အားထက်သန်သော အမူအရာကိုပြသသည်။

“ဝူအန်လုရေ၊ ငါတို့ကိုလည်း ပြောပြဦးလေ” လင်းဟုန်က ထောက်ခံဟန်ဖြင့် ခေါင်းညိတ်သည်။ သူ့နောက်လိုက် သူငယ်ချင်းများကလည်း သူ့နည်းတူ ပျော်ပျော်နေတတ်သူ ဖြစ်သည်။ လူများလေ ပျော်စရာကောင်းလေ ဖြစ်သည်။

“သူဌေးယွမ်၊ ငါ့ဟင်းပွဲကို ရွေးချယ်ပြီးပြီ။ ငါ့အတွက် ခံတွင်းထဲ အရည်ပျော်သွားမယ့် ကြက်ခြေထောက် နဲ့ ကြက်ဥထမင်းကြော်ပေးပါ” ဝူအန်လုက ယွမ်ကျိုး၏မေးခွန်းကို မကြားသကဲ့သို့ ဟန်ဆောင်ကာ သူ့ဟင်းပွဲကို ချက်ချင်း အော်ဒါတင်သည်။

“ကောင်းပြီလေ” ယွမ်ကျိုးက မျက်ခုံးပင့်လိုက်ပြီး မေးမြန်းခြင်းကို ရပ်တန့်လိုက်သည်။ ထို့နောက် သူက ဟင်းပွဲပြင်ဆင် ချက်ပြုတ်ရန် ထွက်သွားသည်။

ညဘက်အချိန်တွင် ဆိုင်ဖွင့်ခြင်းက နေ့ခင်းဘက်ထက် ပို၍ စီးပွားရေးကောင်းမွန်သည်။ တချို့ဖောက်သည်များက သူတို့မိတ်ဆွေများကိုပင် ခေါ်ကာ ရောက်လာကြသည်။

တစ်ညတည်းဖြင့် မစ်ရှင်ပြီးမြောက်မည့် ရာခိုင်နှုန်းက အတော်လေး တိုးလာသည်။

နောက်နေ့များတွင်လည်း စားသောက်ဆိုင်၏စီးပွားရေးက ဆက်တိုက် တည်ငြိမ်နေခဲ့သည်။ သို့သော်လည်း လွန်ခဲ့သော နှစ်ရက်ခန့်က ထူးဆန်းသော ကိစ္စရပ် ဖြစ်ခဲ့သည်။ ယွမ်ကျိုး ချက်ပြုတ်နေစဉ် လူတချို့က သူ့ကို ကြည့်ကာ တစ်စုံတစ်ရာ ဆွေးနွေးနေခြင်းကို ယွမ်ကျိုး သတိပြုမိသည်။

ယွမ်ကျိုးက သူ ချက်ပြုတ်နေစဉ် တခြားသူများ စောင့်ကြည့်နေခြင်းကို ကျင့်သားရနေပြီးသား ဖြစ်သည်။ သို့သော်လည်း ယခုကဲ့သို့ ထူးဆန်းသော ဆွေးနွေးမှုမျိုးကို ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သည်။

ယွမ်ကျိုးက မျက်မှောင်ကြုတ်ရင်း ဤကိစ္စရပ်ကို အာရုံစိုက်လိုက်သည်။

“သူဌေးယွမ်၊ ဖီးနစ်အမြှီး ပုစွန်ဟင်းက တစ်ပွဲကို ၁၂၈၈ယွမ်လား” တက်ကြွသောလူငယ်လေးက တအံ့တဩ မေးမြန်းသည်။

“ဟုတ်တယ်” ယွမ်ကျိုး ခေါင်းညိတ်သည်။

လူငယ်လေးက ယွမ်ကျိုးကို အကဲခတ်သော အကြည့်ဖြင့် သတိထားကြည့်နေသည်။

ယွမ်ကျိုးက ကောင်တာတော့နောက်ဘက်မှာ မတ်တတ်ရပ်နေပြီး သူ့ကို လွတ်လွတ်လပ်လပ် ကြည့်ခွင့်ပေးထားသည်။

“သူဌေး၊ အဲဒီဟင်းပွဲက တကယ် အရသာရှိတာလား” လူငယ်လေးက စပ်စုသော်လည်း ဤဟင်းပွဲကို ဝယ်စားမည့် ရည်ရွယ်ချက် မရှိပေ။

“အင်း” ယွမ်ကျိုးက ထပ်မရှင်းပြချင်၍ နောက်ထပ် ခေါင်းညိတ်ပြလိုက်သည်။

“ဟုတ်ပြီ။ ဘာပဲဖြစ်ဖြစ် ငါက ဝယ်မစားနိုင်ပါဘူး။ မေးကြည့်ရုံလေးပါ။ စားချင်တဲ့ ဘယ်သူမဆို အော်ဒါတင်လို့ ရပါတယ်။ ငါက လာစပ်စုရုံပဲ” လူငယ်လေးက ပခုံးဆက်ခနဲ တွန့်လိုက်ပြီး သူ့နောက်မှာ တန်းစီစောင့်နေသူများကို ပြောသည်။

ထိုစဉ် အရင်တစ်ခေါက်က ထူးထူးဆန်းဆန်း ကောင်မလေးက ဆိုင်ထဲ ပြေးဝင်လာသည်။ သူမက အဖြူရောင်ရှပ် အင်္ကျီ၊ လှိုင်းတွန့်စကတ်၊ ဒူးအထိ ခြေအိတ်အဖြူနှင့် ဖိနပ်အမည်း ဝတ်ဆင်ထားပြီး သူ့ပေါင်သားများကို လှစ်ဟာပြထားသည်။ နုပျိုလှပသော မျက်နှာလေးနှင့် လိုက်ဖက်ညီစွာဖြင့် ဆံပင်ခပ်မြင့်မြင့် စည်းထားသည်။

ယခင်တစ်ခေါက်ကနည်းတူ သူမက ဆိုင်ထဲသို့ အလောတကြီး ပြေးဝင်လာ၍ တောင်းပန်စကား ပြောသည်။

“သူဌေးလျို၊ သူဌေးလျို၊ အရေးကြီးသတင်းပါတယ်။ တစ်စုံတစ်ယောက်က ရှင့်ကို စိန်ခေါ်နေတယ်” ကောင်မလေးက သူ့အနား ချဉ်းကပ်လာပြီး ချက်ချင်း စကားပြောသည်။

“ဪ” ယွမ်ကျိုးက မျက်ခုံးပင့်ရန် ပင့်လိုက်သည်။ ကောင်မလေး၏နှုတ်မှ သူဌေးလျိုဟု ထွက်လာ၍ သူနှင့် မသက်ဆိုင်သော ကိစ္စရပ်ဟု ခံယူလိုက်သည်။

“အမ်၊ ရှင်က ဂရုတောင်မစိုက်ဘူးလား။ ရှင်က ဒီကိစ္စကို သိထားပြီးသားလား”

တကယ်တမ်း ယွမ်ကျိုးက မေးခွန်း ဆက်မေးမည့် ရည်ရွယ်ချက် မရှိပေ။

“သူဌေးလျို၊ ရှင် သိနေတာလား” ကောင်မလေးက မျက်လုံးအပြူးသားဖြင့် သူ့ကို အကဲခတ်နေသည်။

“ငါ့မျိုးရိုးနာမည်က ယွမ်” ယွမ်ကျိုးက သက်ဆိုင်မှုမရှိသော အဖြေကို ပေးလိုက်သည်။

“ယွမ် ဟုတ်လား။ အိုကေလေ၊ ဒါက ကျွန်မနဲ့ ဘာများ သက်ဆိုင်လို့လဲ” ကောင်မလေးက လက်လွတ်စပယ် စကားမပြောခင် လန့်ဖျပ်သွားသည်။

“ဒါကြောင့်မို့ သူဌေးလျိုရဲ့ကိစ္စက ငါနဲ့ မသက်ဆိုင်ဘူး” ယွမ်ကျိုးက သူ့သဘောထားကို ထုတ်ပြောသည်။

“တစ်စုံတစ်ယောက်က ရှင့်ကို စိန်ခေါ်နေတယ်။ ရှင် လက်ခံလိုက်ပြီလား” ကောင်မလေးက လက်လျှော့သည့် အချက်ကို မသိသည့်အတိုင်း တည့်တိုးမေးမြန်းသည်။

ယွမ်ကျိုးက သူ့နေရာမှာတင် ဆက်လက် မတ်တတ်ရပ်နေပြီး ကောင်မလေးနောက်မှာ တန်းစီနေသော တခြားဖောက်သည်များ အော်ဒါတင်မည့် အချိန်ကို စောင့်ဆိုင်းနေသည်။ သို့သော်ငြားလည်း ဖောက်သည်များက အငြင်းပွားနေခြင်းကို ပို၍စိတ်ဝင်စားနေသည်။

“တကယ်ပြောနေတာပါ။ အဲဒီအစီအစဉ်ကို လွန်ခဲ့တဲ့ရက်ပိုင်းတည်းက တီဗီမှာ တိုက်ရိုက်ထုတ်လွှင့်ထားတယ်။ သူ ပြောတဲ့လိပ်စာအရ သူဌေးယွမ်ရဲ့စားသောက်ဆိုင်ပဲ” စပ်စုသော တခြားမိန်းကလေးက စကားဝိုင်းထဲ ဝင်ရောက်ပြောဆိုသည်။

“အမှန်ပဲ။ ငါလည်း အဲဒီအစီအစဉ်ကို ကြည့်လိုက်ရတယ်။ အဲဒီလူက မော်ကြွားပြီး ခက်ထန်တယ်” ယွမ်ကျိုး၏စားသောက်ဆိုင်တွင် မိန်းကလေးဖောက်သည် မနည်းပါးချေ။

“သူတို့ပြောတာ မှန်တယ်။ ဒီကိစ္စကို သူဌေးယွမ်က ဘယ်လိုလုပ်မယ် စဉ်းစားထားလဲ” စပ်စုသော အမျိုးသားက ယွမ်ကျိုးကို မေးမြန်းသည်။

“ဘာလဲ” ယွမ်ကျိုး၏တည်ငြိမ်သော မျက်နှာအမူအရာတွင် ဒွိဟဖြစ်သော ခံစားချက်များ ပေါ်လာသည်။ တစ်မူထူးခြားပြီး ချစ်စရာကောင်းသည်ဟု မိန်းကလေး ဖောက်သည်များကို ခံယူသည်။

“သူဌေးယွမ်၊ ရှင် လုံးဝ မသိဘူးလား” တစ်စုံတစ်ယောက်က မဝံ့မရဲ မေးမြန်းသည်။

“နိုး၊ ငါ မသိဘူး” ယွမ်ကျိုးက ရိုးသားပွင့်လင်းသူ ဖြစ်သည်။

“ဒီလို နာမည်ကြီးအစီအစဉ်ကိုတောင် သူဌေးယွမ်က မသိဘူးလား။ လာလာ တိုက်ရိုက်ထုတ်လွှင့်ထားတာကို ပြမယ်” ထိုစကားကို ပြောလိုက်စဉ် ဖောက်သည်တစ်ယောက်က သူ့ဖုန်းကို ထုတ်လိုက်ပြီး ယွမ်ကျိုးကို ဗီဒီယို ဖွင့်ပြသည်။

“ခဏလေးစောင့်ပါဦး။ နေ့လည်စာ စားချိန်ရောက်နေပြီလေ။ နေ့လည်စာ စားပြီးမှပဲ ကြည့်တော့မယ်” ယွမ်ကျိုးက အချိန်ကို တစ်ချက်ကြည့်လိုက်ပြီး ချက်ချင်း ငြင်းပယ်လိုက်သည်။

“ဟုတ်တယ်။ တိုတောင်းတဲ့ နေ့လည်စာ စားချိန်ကို အလဟဿဖြစ်လို့ မရဘူး။ အရင်ဆုံး စားကြမယ်” ဖောက်သည်က သူ့ဖုန်းကို ချက်ချင်း သိမ်းလိုက်ပြီး ဟင်းပွဲ အော်ဒါတင်ရန် တိတ်တဆိတ် တန်းစီစောင့်သည်။

“အွန်း၊ ဆိုင်ဖွင့်ချိန် ကျော်သွားရင် သူဌေးယွမ်က ဆိုင်ပိတ်ပြီး သူ့ဘာသာသူ ကြည့်လို့ရတာပဲ။ ရှင် နားလည်တယ်မလား” ကောင်မလေးက ဂရုတစိုက် အကြံပြုသည်။

“လူတိုင်း လူတိုင်းက ကိုယ်စားမယ့် ဟင်းပွဲကို အော်ဒါတင်နိုင်ပါပြီ” ယွမ်ကျိုးက ခေါင်းညိတ်လိုက်ပြီး သူတို့ကြင်နာမှုလက်ခံဟန် ညွှန်ပြသည်။

“သူဌေးယွမ်၊ ရှင်ကို ဒီအကြောင်း ကျွန်မက ပြောပြမယ်လေ ဘယ်လိုလဲ” ကောင်မလေးက ယွမ်ကျိုး၏ တည်ငြိမ်သော မျက်နှာအမူအရာကို စပ်စပ်စုစု ကြည့်လိုက်ပြီး ရင်တမမဖြင့် မေးမြန်းသည်။

“မလိုအပ်ဘူး” ယွမ်ကျိုးက ချက်ချင်း ငြင်းဆန်လိုက်သည်။ သူ ဟင်းချက်နေစဉ် စိတ်အနှောင့်အယှက်ပေးခြင်းကို ယွမ်ကျိုးက သဘောမကျပေ။

“ကောင်းပြီလေ။ ဒါဆိုရင်လည်း နေ့လည်စာ စားချိန်ကျော်တဲ့အထိ စောင့်မယ်” ထိုစကားကိုပြောပြီးနောက် ကောင်မလေးက ဘေးဘက်သို့ လမ်းလျှောက်သွားပြီး နာခံစွာ စောင့်ဆိုင်းနေသည်။

ဖုန်းလာပြသော လူငယ်လေးကလည်း ယွမ်ကျိုးက ရှားပါး သက်ရှိလေးကဲ့သို့ စပ်စပ်စုစု ငေးကြည့်နေသည်။

ယွမ်ကျိုးက ယခုလို ကိစ္စရပ်မျိုးဖြင့် ကြုံနေသည့်တိုင် လက်တလော အလုပ်ကိုသာ ဆက်လက်လုပ်ဆောင်နေပြီး သူ့စပ်စုလိုသော ဆန္ဒကို ဖိနှိပ်ထားသည်။ သူက အလွန့်ကို အလုပ်လေးစားသော အမျိုးသားဖြစ်သည်။

အပိုင်း(၁၀၃)

ပြီးပါပြီ။ ယွမ်ကျိုး အပိုင်း(၁၀၄)

ယွမ်ကျိုးက စိတ်ရှုပ်ထွေးသော အမူအရာကို မပြသဘဲ ဟင်းချက်ပြုတ်ခြင်းကိုသာ အာရုံစိုက်လိုက်သည်။ နေ့လည်စာ ဆိုင်ဖွင့်ချိန်(၂)နာရီက လျင်မြန်စွာ ကုန်ဆုံးသွားသည်။ သို့တိုင် စားသောက်ဆိုင်ထဲမှာ ထိုင်နေသေးသည့် ဖောက်သည်တချို့ ရှိနေသေးသည်။ သူတို့သည် ယွမ်ကျိုး စိန်ခေါ်ခံရသည့်အကြောင်း သတင်းလာပေးသည့် ဖောက်သည်များ ဖြစ်သည်။

"သူဌေးယွမ်၊ အခုရော ဗီဒီယိုကို ကြည့်လို့ ရပြီလား" မျက်နှာဝိုင်းဝိုင်းနှင့်ကောင်မလေးသည် လက်တစ်ဖက်တွင် ဖုန်းကိုကိုင်ဆောင်ထားပြီး ရှက်ကိုးရှက်ကန်းအမူအရာကို ပြသသည်။

"ကျေးဇူးတင်ပါတယ်။ မင်းဗီဒီယိုကို ဖွင့်ပြလို့ ရပါပြီ" ယွမ်ကျိုး ခေါင်းညိတ်သည်။

"အားနာစရာ မလိုပါဘူး။ ဒီဟာလေးက လွန်ခဲ့တဲ့(၂)ရက်တုန်းက အင်တာဗျူးလေးပါ" ကောင်မလေးက ဗီဒီယိုကို ဖွင့်လိုက်ပြီး ယွမ်ကျိုးကို လှမ်းပေးသည်။ ယွမ်ကျိုးသည် ဖုန်းကို လက်ခံယူလိုက်ပြီး ဗီဒီယိုကို စတင်သည့် ခလုတ်ကို နှိပ်လိုက်သည်။ အဖြူရောင်စားဖိုမှူးဝတ်စုံကို ဝတ်ဆင်ထားသော သက်လတ်ပိုင်းအမျိုးသားသည် အသက် ၄၀အရွယ်ခန့် ရှိပြီး သူရှေ့တွင်ရှိသော မိုက်ခရိုဖုန်းများဖြင့် ကင်မရာရှေ့တွင် အင်တာဗျူးခြင်းကို လက်ခံနေသည်။ ပြုံးရွှင်နေသော မျက်နှာအမူအရာကြောင့် ပေါ့ပေါ့ပါးပါးနေတတ်သူဟု ထင်ရသည်။

"သူ့ကို ငါ မသိပါဘူး" ယွမ်ကျိုးက သူ့စိတ်ထဲတွင် ကနဦးအကဲဖြတ်ပြီးနောက် ဗီဒီယိုကို ဆက်ကြည့်သည်။ ပြုံးရွှင်နေသောအမူအရာဖြင့် ပေါ့ပေါ့ပါးပါးနေတတ်သူဟု ထင်ရသော အမျိုးသားသည် သူ့နှုတ်ကို ဖွင့်ဟလာသည်။

"အခုလို သတင်းစာရှင်းလင်းပွဲကို လာရောက်ပေးလို့ အားလုံးကို ကျေးဇူးတင်ပါတယ်။ ဒါက ဒီနေ့ မင်းတို့အားလုံးအတွက် ပြင်ဆင်လာတဲ့ သရေစာ မုန့်လေးတွေပါ။ မင်းတို့ကို လက်ဆောင်အနေနဲ့ ပေးပါတယ်"

"ကျေးဇူးပါပဲ။ စားဖိုမှူးယွီ ခင်ဗျားကို ကျေးဇူးတင်ပါတယ်။ ဒီစားဖိုမှူးအလုပ်ကလည်း အနုပညာဖန်တီးတဲ့အလုပ်တစ်မျိုးနဲ့ တူတယ်နော်" စင်အောက်မှာရှိသော ပရိသတ်များ၏ ချီးမွမ်းစကားများ အဆုံးသတ်မည့်အချိန်အထိ စားဖိုမှူးယွီဟူသော အမျိုးသားသည် စောင့်ဆိုင်းနေပြီး စိတ်မရှည်သော အမူအရာကို မပြသခဲ့ပေ။

"စားဖိုမှူးယွီ၊ ဒီနေ့ ရခဲ့တဲ့ဆုနဲ့ ပတ်သက်ပြီး ဘယ်လို ခံစားချက်မျိုး ရှိလဲ" အားလုံးတိတ်ဆိတ်သွားမှ သတင်းထောက်တစ်ဦးက မိုက်ခရိုဖုန်းကို သူ့အနားကပ်လိုက်ပြီး ပုံမှန်အတိုင်း မေးမြန်းသည်။

"တကယ်တမ်း မှန်မှန်ကန်ကန်

ဆုံးဖြတ်ပေးတဲ့ ဒိုင်လူကြီးမင်းတွေကို ကျေးဇူးတင်ပါတယ်။ တခြား ပြိုင်ပွဲဝင်တွေကလည်း သူတို့ရဲ့ထိုက်သင့်တဲ့ အရည်အချင်းတွေကို ထုတ်ပြခဲ့ပါတယ်။ အရည်အချင်းရှိတဲ့သူတွေ အားလုံးထဲကမှ အတော်ဆုံးဖြစ်တဲ့သူကို ရွေးချယ်ပေးလို့ ကျေးဇူးတင်ပါတယ်" သူ့ပုံစံက ကျိုးနွံသည်ဟု ထင်ရသော်လည်း သူ့လေသံက မော်ကြွားသော အမူအရာကို ဖော်ပြနေသည်။

"စားဖိုမှူးယွီ ခင်ဗျားက National Golden Ladle Awardကို ပိုင်ဆိုင်ဖို့ ကြိုတင်ပြင်ဆင်ထားပြီးပြီလား" သတင်းထောက်တစ်ယောက်က မေးမြန်းသည်။

"အခုလိုမျိုး ယုံကြည်မှုတွေ ထားပေးလို့ ကျေးဇူးတင်ပါတယ်။ ဒီလိုမျိုး ဆုတွေကို ပိုင်ဆိုင်ဖို့ ရည်ရွယ်ချက်ရှိပါတယ်" စားဖိုမှုးယွီက ပြုံးကာ ပြန်ဖြေသည်။

"ဒါဆိုရင် ပြိုင်ပွဲဝင်ဖို့ ရည်ရွယ်ထားတဲ့ သဘောပေါ့နော်။ ဒါပေမယ့် Golden Ladle Awardက ယှဉ်ပြိုင်မှု ပြင်းထန်တယ်လို့ သတင်းကြားတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ စားဖိုမှူးယွီက ယုံကြည်ချက် ရှိထားရဲ့လား" တခြားသော သတင်းထောက်တစ်ယောက်က ပြိုင်ပွဲနှင့်ပတ်သက်‌သော အကြောင်းအရာကို ပြောင်းလဲမေးမြန်းသည်။

"ခင်ဗျားက တော်တော်နောက်နေပြီပဲ။ ကျွန်တော်က မြို့တော်အဆင့်မှာ ဆုရရှိခဲ့တဲ့ စားဖိုမှူးတစ်ယောက်ပါ။ ဒီလိုမျိုး နိုင်ငံအဆင့်ကို တက်ရောက်ဖို့ အလှမ်းဝေးပါသေးတယ်။ အလျင်မလိုပါဘူး" စားဖိုမှူးယွီ၏ မျက်နှာပေါ်မှ အပြုံးက ပျောက်ကွယ်သွားခြင်း မရှိပေ။

"စားဖိုမှူးယွီ၊ ခင်ဗျားက အရမ်းကို နှိမ့်ချလွန်းတယ်။ ခင်ဗျားရဲ့ နောက်ထပ် အစီအစဉ်က ဘာများလဲ။ ကျွန်တော်တို့ကို သိအောင် ချပြပေးပါ" သရေစာမှုန့်ဘူးလေးကို ကိုင်ဆောင်ထားသော သတင်းထောက်တစ်ယောက်က အပြုံးလေးဖြင့် မေးမြန်းသည်။

ယွမ်ကျိုးက အင်တာဗျူးတစ်ပိုင်းတစ်စကို ကြည့်ပြီး ဒွိဟဖြစ်သော ခံစားချက် ဖြစ်ပေါ်မိသည်။ သို့သော်လည်း သူ့မျက်နှာပေါ်တွင် ဒွိဟဖြစ်သော ခံစားချက်ကို မဖော်ပြခဲ့ပေ။ သူက တည်ငြိမ်သောအမူအရာကို ထိန်းသိမ်းထားသည်။ သို့သော်ငြားလည်း သူ့ဘေးနားတွင်ရှိသော လူများက စိုးရိမ်စပြုလာသည်။

"သူဌေးယွမ်၊ စိတ်မပျက်သွားနဲ့နော်။ ဆက်စောင့်ကြည့်ဦး။ ဒီလူရဲ့ အရှက်မဲ့တဲ့ ထုတ်လွှင့်မှုကို မကြာခင် မြင်တွေ့ရတော့မယ်" လူငယ်လေးက စိုးရိမ်တကြီး ပြောသည်။

"ငါ့အထင်တော့ စိုးရိမ်စိတ်များနေတဲ့သူက သူဌေးယွမ်မဟုတ်ဘူး" မျက်နှာဝိုင်းဝိုင်းနှင့်မိန်းကလေးက ပြုံးကာပြောသည်။

"ငါက သူဌေးယွမ် ဗီဒီယိုကို ဆက်မကြည့်တော့မှာကို စိုးရိမ်လို့ပါ" လူငယ်လေးက ခေါင်းကုတ်ပြီးတော့ ရှက်ကိုးရှက်ကန်း ရှင်းပြသည်။

"အွန်း အဲ့ဒီလိုလည်း မဟုတ်ပါဘူး" ယွမ်ကျိုးက ဖုန်းကို ယူလိုက်ပြီး တည်ငြိမ်သောအမူအရာကို ထိန်းသိမ်းထားသည်။ အိမ်ပြန်ဖို့ ရည်ရွယ်ထားသော မုရှောင်ယွမ်ကလည်း ဗီဒီယိုကို စိတ်ဝင်တစားစောင့်ကြည့်နေသည်။

"ကျွန်တော့်မှာ နောက်ထပ် အစီအစဉ်တစ်ခု တကယ် ရှိပါတယ်" စားဖိုမှူးယွီက ပြုံးကာ ပြန်ဖြေသည်။

"စားဖိုမှူးယွီ ဒီအကြောင်းကို ထုတ်ပြောလို့ ရမလား" သတင်းထောက်တစ်ယောက်က စပ်စပ်စုစု မေးမြန်းသည်။ အထူးတလည် ပြင်ဆင်ထားသော သရေစာမုန့်ကြောင့် သတင်းထောက်များက စားဖိုမှူးယွီကို ယဉ်ကျေးပျူငှာစွာ အင်တာဗျူးနေသည်။

"ဒီလိုအခွင့်အရေးရရှိဖို့အတွက် သတင်းစာရှင်းလင်းပွဲကို ဖိတ်ကြားပေးတဲ့ သူငယ်ချင်းအားလုံးကို ကျေးဇူးတင်ရမယ်" စားဖိုမှူးယွီက သတင်းထောက်များ၏ စိတ်ဝင်စားသောအမူအရာကို မြင်တွေ့ရသောအခါ အေးအေးဆေးဆေးအမူအရာဖြင့် ပြုံးကာ စကားပြောသည်။

"ယနေ့ ကျွန်တော် ပြင်ဆင်ချက်ပြုတ်ထားတဲ့ ဖီးနစ်အမြှီးပုစွန်ဟင်းက စစ်မှန်တဲ့ ဟင်းတစ်ပွဲ မဟုတ်ဘူးလို့ လေးစားရတဲ့အကြီးအကဲပြောတာကို ကြားခဲ့တယ်" စားဖိုမှူးယွီက ထိတ်လန့်စရာကောင်းသော အကြောင်းအရာကို စတင်ပြောဆိုသည်။ စင်အောက်တွင်ရှိသော သတင်းထောက်များက ၎င်းအကြောင်းအရာကို စတင်ဆွေးနွေးသည်။

"စားဖိုမှူးယွီက အကဲဖြတ်ဒိုင်လူကြီးတွေကို မယုံသင်္ကာဖြစ်နေတာလား" ပွင့်လင်းသော သတင်းထောက်တစ်ယောက်က သူ့ဘေးနားက လူကို မေးမြန်းသည်။

"ဟုတ်တယ်။ ငါတော့ ဒီလိုပဲထင်တယ်။ ဒါက သတင်းထူးပဲ" သူ့ဘေးနားတွင်ရှိသော သတင်းထောက်က ချက်ချင်း စိတ်လှုပ်ရှားသွားသည်။

"ဒါဆိုရင် အသေးစိတ်အချက်အလက်တွေကို ငါတို့ မေးမြန်းရမယ်" ပွင့်လင်းသော သတင်းထောက်က သူ့ဘာသာသူ ရေရွတ်သည်။

"အဲ့ဟင်းပွဲရောင်းတဲ့ စားသောက်ဆိုင်က ထောင်ရှီးလမ်း အိမ်နံပါတ်(၁၄)က စားသောက်ဆိုင်လို့ သတင်းကြားတယ်။ အဲ့စားသောက်ဆိုင်က သူဌေးက ဖီးနစ်အမြှီးပုစွန်ဟင်းပွဲအစစ်ကို ပြင်ဆင်ချက်ပြုတ်နိုင်တယ်တဲ့။ ဒါကြောင့်မို့လို့ အဲ့ဒီစားဖိုမှူးက စိတ်ဝင်စားတယ်ဆိုရင် ကျွန်တော်နဲ့သူနဲ့ ပညာချင်း ဖလှယ်ချင်တယ်" စားဖိုမှူးယွီက တုံ့ဆိုင်းခြင်းမရှိဘဲ သူ့ရည်ရွယ်ချက်ကို ချက်ချင်း ထုတ်ပြောသည်။

"စားဖိုမှူးယွီက မထင်မရှားစားဖိုမှူးလေးကို စိန်ခေါ်ဖို့ ကြိုးစားနေတာလား"

"သူ့ဖက်က ဒါကို စိတ်ခေါ်မှုလို့ ယုံကြည်သွားရင်လဲ ရတယ်လေ" စားဖိုမှူးယွီက မငြင်းဆန်ခဲ့ပေ။ သူ့ရဲ့သဘောထားက မော်ကြွားနေမှုကို ဖော်ပြနေသည့်တိုင် အပြုံးမပျက်ဘဲနဲ့ ဝန်ခံလိုက်သည်။ ယွမ်ကျိုးက အင်တာဗျူး၏နောက်အပိုင်းများကို ဆက်လက်မကြည့်ရှုတော့ပဲ မျက်နှာဝိုင်းဝိုင်းနှင့် ကောင်မလေးထံ ဖုန်းပြန်ပေးလိုက်သည်။

"ကျေးဇူးတင်ပါတယ်" ယွမ်ကျိုးက ကျေးဇူးတင်သော အမူအရာကို ပြသသည်။

"‌ကျေးဇူးတင်စကားပြောဖို့ မလိုအပ်ပါဘူး။ ဒီစိန်ခေါ်မှုကို ဘာလုပ်မယ်လို့ သူဌေးယွမ် စဉ်းစားထားလဲ" ကောင်မလေးက စိုးရိမ်တကြီး မေးမြန်းသည်။

"ဒါက ကိစ္စမရှိပါဘူး။ မင်းတို့အားလုံး အိမ်ပြန်လို့ ရပါပြီ" ယွမ်ကျိုးက တည်ငြိမ်သောအမူအရာကို ဆက်လက်ထိန်းထားပြီး ဤအကြောင်းအရာကို စိတ်မဝင်စားသော အမူအရာ ပြသသည်။

"သူဌေးယွမ် စိန်ခေါ်မှုကို ဘယ်လိုလုပ်မယ် စဉ်းစားထားလဲ" ကောင်မလေးက သူ့ကိုယ်စားကို စိုးရိမ်နေသည်။

"အဆင်ပြေပါတယ်။ မင်းတို့ အားလုံးကို ကျေးဇူးတင်တယ်။ ပြန်လို့ရပြီ" ယွမ်ကျိုးက စိတ်ရင်းအမှန်ဖြင့် ကျေးဇူးတင်စကား ပြောသော်လည်း သူက နာမည်ကြီးနေသော စိန်ခေါ်မှုကို တကယ် ဂရုမစိုက်ပေ။ ယွမ်ကျိုးက ပြဿနာဖြစ်နိုင်သော ကိစ္စရပ်များကို မလုပ်ဆောင်တတ်ပေ။ ထို့အပြင် တစ်ဖက်စားဖိုမှူးက သူ့နာမည်ကိုတပ်ပြီး စိန်ခေါ်ခြင်းမဟုတ်ပဲ လိပ်စာကိုသာ အသုံးပြု၍ စိန်ခေါ်ခြင်းဖြစ်သည်။ ထို့ကြောင့် ယွမ်ကျိုးက စိန်ခေါ်မှုနှင့်ပတ်သက်ပြီး စိတ်အနှောင့်အယှက်ဖြစ်နေမည် မဟုတ်ပေ။

"ဆရာလျှို၊ ရှင့်ရဲ့အရည်အချင်းတွေကို ထုတ်ပြဖို့ အချိန်တန်ပြီ" ဤသတင်းကို ပထမဦးဆုံးလာပြောသော ကောင်မလေးက လေးနက်သောအမူအရာဖြင့် စကားပြောသည်။

"ဘာလဲ၊ ဘာလို့လဲ" မျက်နှာဝိုင်းဝိုင်းနှင့်ကောင်မလေးက ဒွိဟဖြစ်သော ခံစားချက်များဖြင့် သူမကို ငေးစိုက်ကြည့်နေသည်။

"ဆရာလျှို၊ ရှင့်ရဲ့အရည်အချင်းတွေကို ဖုံးကွယ်မထားပါနဲ့တော့" ကောင်မလေးက ယွမ်ကျိုး၏လက်များကို ညွှန်ပြကာ စကားပြောသည်။

"ဟေ့လူတွေ ဆိုင်ဖွင့်ချိန် ကျော်လွန်သွားပြီ။ အိမ်ပြန်ကြပါတော့။ ညနေ ဆိုင်ဖွင့်ချိန်မှ ပြန်လာကြပါတော့" ယွမ်ကျိုးက သူ့ကို ဆရာလျှိုလို့ခေါ်နေသော ကောင်မလေးကို စိတ်ရှုပ်နေ၍ ကူကယ်ရာမဲ့ အမူအရာဖြင့် မောင်းထုတ်နေရသည်။

"ကြည့်ရတာ သူက ဒီစိန်ခေါ်မှုကို လက်ခံဖို့ အင်တင်တင် ဖြစ်နေပုံပဲ။ စိန်ခေါ်တဲ့လူက အရည်အချင်းနိမ့်နေလို့များလား။ စားဖိုမှူးယွီက အရည်အချင်းနိမ့်‌လို့ သူ့စိန်ခေါ်မှုကို အင်တင်တင်ဖြစ်နေတာဖြစ်မယ်" ထူးထူးဆန်းဆန်းစကားများကို အမြဲပြောတတ်သောကောင်မလေးသည် စားသောက်ဆိုင်အပြင်ဘက်သို့ လမ်းလျှောက်ထွက်သွားစဉ် ဆန်းစစ်ဝေဖန်နေသည်။

"စောနက ကောင်မလေးက ရူးများနေတာလား။ဘာဖြစ်နေတာလဲ" မျက်နှာဝိုင်းဝိုင်းနှင့်ကောင်မလေးက သူ့ဘေးနားက သူငယ်ချင်းကို အတင်းတုပ်သည်။

"သူ့ပုံစံကြည့်ရတာ

ကာတွန်းကားတွေ အကြည့်လွန်သွားပြီး ကာတွန်းကားတွေကို စွဲလမ်းနေတာ ဖြစ်နိုင်တယ်။ ဒါကြောင့်မို့ ပျော်စေပျက်စေစကားတွေကို ပြောနေတာဖြစ်မယ်" သူ့ဘေးနားရှိ သူငယ်ချင်းက ကောင်မလေးအကြောင်းကို သိနေသကဲ့သို့ အတင်းပြန်တုပ်သည်။

"ဖြစ်နိုင်တယ်။ သူက Cooking Master Boyကာတွန်းကားကို စွဲလမ်းနေတာ ဖြစ်ရမယ်" မျက်နှာဝိုင်းဝိုင်းနှင့်ကောင်မလေးက ကာတွန်းကားအကြောင်း ရုတ်တရက်တွေးမိသည်။

"ဟုတ်တယ်။ သူ ဒီလိုမျိုး တွေးမိတာလည်း မမှားဘူး။ သူဌေးယွမ်ရဲ့ ဟင်းချက်စွမ်းရည်က တကယ့် အံ့မခန်းဘဲ။ သူ့ဟင်းပွဲတွေကိုသာ မစားမိဘူးဆိုရင် သူပြောတဲ့စကားတွေကို ယုံကြည်မိမှာ မဟုတ်ဘူး" သူ့သူငယ်ချင်းကလည်း ခံစားချက်အပြည့်ဖြင့် သက်ပြင်းချလိုက်သည်။

"ဒါပေါ့ ... ဒါပေါ့။ ဒါပေမယ့် သူဌေးယွမ်ကို စိန်ခေါ်တဲ့ စားဖိုမှူးယွီက သူ့ကိုယ်သူ အထင်ကြီးလွန်းနေတယ်" မျက်နှာဝိုင်းဝိုင်းနှင့်ကောင်မလေးက မခံမရပ်နိုင် ဒေါသထွက်နေသည်။

"ထားလိုက်ပါ။ သူဌေးယွမ်ကတောင် ဒီစိန်ခေါ်မှုကို ‌နည်းနည်းလေးမှ ဂရုမစိုက်ဘူး" သူ့သူငယ်ချင်းက သူ့ကို နှစ်သိမ့်ရန် ချက်ချင်း ကြိုးစားသည်။

ယွမ်ကျိုးက စိန်ခေါ်မှုကို လက်ခံလား/လက်မခံလား ဆိုသည့် အကြောင်းအရာကို အကြိတ်အနယ်ဆွေးနွေးရင်း လူအုပ်စုကြီးက တ‌ဖြေးဖြေး လူအုပ်ကွဲသွားသည်။

"သူဌေးက စိန်ခေါ်မှုကို လက်ခံမှာလား" မုရှောင်ယွမ်က မျက်လုံးပြူးပြူးဖြင့် ယွမ်ကျိုးကို စပ်စပ်စုစု ငေးစိုက်ကြည့်နေသည်။

"မင်းက ဒီဆိုင်မှာ ရှိနေသေးတာလား။ မြန်မြန်ပြန်တော့လေ။ ညနေခင်းကျရင် နောက်မကျစေနဲ့" ယွမ်ကျိုးက ကောင်မလေးကို မောင်းထုတ်သည်။

"ဟုတ်ကဲ့ပါ။ ဒါပေမယ့် ကျွန်မ တစ်ခါမှ နောက်မကျဖူးပါဘူး သူဌေးရယ်" မုရှောင်ယွမ်က ချက်ချင်း ချေပသည်။

"ကောင်းပြီလေ"

ထိုစဉ် မုရှောင်ယွမ်က ရွေးချယ်စရာမရှိသည့်အဆုံး နှုတ်ဆိတ်သောအမူအရာဖြင့် အိမ်ပြန်သွားရသည်။ သူမက ယွမ်ကျိုး၏အတွေးကို နားမလည်နိုင်ပေ။

အပိုင်း(၁၀၄)

ပြီးပါပြီ။

ယွမ်ကျိုး အပိုင်း(၁၀၅)

ယွမ်ကျိုးက အပေါ်ထပ်သို့တက်ပြီး ခဏအနားမယူခင် ဆိုင်တံခါးကို ပိတ်လိုက်သည်။ သို့သော်လည်း သူ့ကို အေးအေးဆေးဆေး အနားယူခွင့် မပေးသော တစ်စုံတစ်ယောက်က အမြဲရှိနေသည်။ သာဓကဆိုသော် စနစ် ဖြစ်သည်။

စနစ်က ဖော်ပြသည်။ “စားဖိုမှူးက ကိုယ့်ဂုဏ်သိက္ခာကိုယ် ထိန်းသိမ်း စောင့်ရှောက်သင့်တာက အခြေခံ အချက်ပဲ”

[ယာယီမစ်ရှင်] စားဖိုမှူးယွီနှင့် ယှဉ်ပြိုင်ပွဲတွင် အနိုင်ရရှိအောင် ကြိုးစားပါ

(မစ်ရှင်အညွှန်း : တခြားသူက မင်းကို စိန်ခေါ်နေပြီဆိုတော့ အနာဂတ် ကျွမ်းကျင် စားဖိုမှူး တစ်ယောက်အနေနဲ့ အခုကစပြီးတော့ မင်းရဲ့ဂုဏ်သိက္ခာကို ကာကွယ်သင့်တယ် လူငယ်လေးရေ)

[မစ်ရှင်ဆုလာဘ် : ကျွမ်းကျင်စားဖိုမှူးအစုံလိုက်၏ အပိုင်းအစတစ်ခု]

“ငါ့ကို ငြိမ်းငြိမ်းချမ်းချမ်း နေခွင့်ကို မပေးဘူး” ယွမ်ကျိုးက စိတ်ပျက်အားလျော့စွာ သူ့နဖူးသူ ထိတွေ့လိုက်သည်။

မစ်ရှင်ကို အသေးစိတ် စစ်ဆေးကြည့်ပြီးနောက် ယွမ်ကျိုးက မေးမြန်းသည်။

“ကျွမ်းကျင်စားဖိုမှူးအစုံလိုက် ဆိုတာ ဘာလဲ”

ယွမ်ကျိုးက ဆုလာဘ်များကိုသာ ပို၍ အာရုံထားသည်။

စနစ်က ဖော်ပြသည်။ “မစ်ရှင် ပြီးမြောက်သွားရင် ဆုလာဘ်က ဘာလဲဆိုတာ သိခွင့်ရမှာပါ”

“ငါ့ကို ထပ်လိမ်ညာတာ မဟုတ်ဖို့ မျှော်လင့်တယ်” ယွမ်ကျိုးက ဂျုံအစားအသောက်များနှင့် ပတ်သက်သော ဆုလာဘ် ရရှိစဉ်က အလိမ်ခံခဲ့သော အဖြစ်အပျက်ကို ပြန်လည်မြင်ယောင်သွားသည်။ ထို့ကြောင့် ယွမ်ကျိုးက စာလုံး တစ်လုံးချင်းစီကို အသေးစိတ် လေ့လာကြည့်သည်။

သုံးကြိမ်တိုင်အောင် ထပ်တလဲလဲ စစ်ဆေးကြည့်ပြီးနောက် ယွမ်ကျိုးက မစ်ရှင်ပါ အကြောင်းအရာများကို နောက်ဆုံးတော့ အတည်ပြုနိုင်ခဲ့သည်။

ယွမ်ကျိုးက တခြားသူများနှင့် ယှဉ်ပြိုင်ရခြင်းကို မနှစ်ခြိုက်၍ စိတ်ပျက်သော ခံစားချက် ဖြစ်ပေါ်မိသည်။ သို့သော်ငြားလည်း စားဖိုမှူးယွီက သူ့ကို တမင်တကာ ပြဿနာရှာနေသည်။

စနစ်ကြောင့်သာ သူက စားဖိုမှူးယွီ၏ စိန်ခေါ်မှုကို လက်ခံလိုက်သည်။ ယွမ်ကျိုးက ထိုင်ခုံကို လှည့်ကာ သူ့ကို ပေးအပ်ထားသော သီးသန့် မစ်ရှင် အကြောင်း ရုတ်တရက် တွေးမိသွားသည်။

ထို့ကြောင့် သူက မစ်ရှင်ကို ဖွင့်ကြည့်သည့် ခလုတ်ကို ထိလိုက်ပြီး စစ်ဆေးကြည့်သည်။

[မစ်ရှင်တတိယအဆင့် : စားသောက်ဆိုင်ကျော်ကြားမှု တစ်သောင်းကျော် ရရှိရန်]

(မစ်ရှင်အညွှန်း : ကျွမ်းကျင်စားဖိုမှူးစနစ်ကို ပိုင်ဆိုင်ထားတဲ့ စားဖိုမှူးတစ်ယောက်အနေနဲ့ မင်းရဲ့ ဟင်းချက်စွမ်းရည် တိုးတက်အောင် ကြိုးစားသင့်တယ်။ လူငယ်လေးရေ စားသောက်ဆိုင်ရဲ့ ကျော်ကြားမှုကို တစ်သောင်းရအောင် ကြိုးစားအားထုတ်ပါ)

(မှတ်ချက် : ကိုယ်တိုင် ကြော်ငြာခွင့် မပြုပါဘူး)

[မစ်ရှင်အချိန်သတ်မှတ်ချက်] ရက်၃၀(မနက်ဖြန်မှ စတင်မည်)

[မစ်ရှင်၏ဆုလာဘ်] ထမင်းချက်ပြုတ်သော နည်းလမ်းများ

(မစ်ရှင် အခြေအနေ : ၈၅၀၀/ ၁၀၀၀၀ မပြီးမြောက်သေး)

“ငါ့မစ်ရှင်က ပြီးမြောက်ခါနီးပြီ” ယွမ်ကျိုးက နဖူးကို ထိတွေ့နေစဉ် ခဏ တွေးကြံလိုက်သည်။ သူက ရုတ်တရက် မတ်တတ်ရပ်လိုက်ပြီး အပေါ်ထပ်သို့ တက်သည်။

သူက မစ်ရှင် ပြီးမြောက် အောင်မြင်ချင်လျှင် ပြိုင်ဘက်နှင့် ဆက်စပ်သော အချက်အလက်များကို မရှိမဖြစ် လေ့လာထားရမည်။ စိန်ခေါ်သူက မည်သူ၊ မည်ဝါ မည့်သည့်အချိန် မည်သည့်နေရာတွင် စိန်ခေါ်ထားလဲ မသိလျှင် သူက စိန်ခေါ်မှုကို မည်သို့ လက်ခံမည်နည်း။

သူက လက်တော့ပ်ကို ချက်ချင်း ဖွင့်လိုက်ပြီး သူ အပြီးသတ်မကြည့်ရသေးသော ဗီဒီယိုကို ချက်ချင်း ရှာဖွေလိုက်သည်။ ဤတစ်ကြိမ်တွင် သူက ဗီဒီယိုကို အဆုံးအထိ ကြည့်ရန် ရည်ရွယ်ထားသည်။ ထို့ကြောင့် သူ ရပ်တန့်ခဲ့သော အပိုင်းအထိ ကျော်လိုက်ပြီး ဖွင့်သည့် ခလုတ်ကို နှိပ်လိုက်သည်။

“စားသောက်ဆိုင်ပိုင်ရှင်က ကျွန်တော်ဆီလာပြီးတော့ အတွေးအမြင်နဲ့ အတွေ့အကြုံတွေကို ဖလှယ်ဖို့ မျှော်လင့်ပါတယ်။ ကျွန်တော်က ခင်ဗျားကို World Foodie Hotelမှာ ညနေ၃နာရီအချိန် စောင့်မျှော်နေပါမယ်။ ဖီးနစ်အမြှီး ပုစွန်ဟင်းအတွက် လိုအပ်တဲ့ ပါဝင်ပစ္စည်းအားလုံးကိုလည်း ကျွန်တော်တို့ဘက်က ကြိုတင်ပြင်ဆင်ထားပေးပါမယ်” စားဖိုမှူးယွီက ကင်မရာကိုကြည့်ပြီး စိတ်အားထက်သန်စွာ စကားပြောသည်။

“ဒါဆိုရင် ဒီပြိုင်ပွဲနဲ့ ပတ်သက်ပြီး ဆုလာဘ်ရှိလား စားဖိုမှူးယွီ” ပွဲရှာချင်နေသော သတင်းထောက်က တည့်တိုး မေးမြန်းသည်။

“ဟုတ်ကဲ့ ရှိပါတယ်ဗျာ” စားဖိုမှူးယွီက ကြည့်ရှုသူများ၏ သိလိုစိတ်ကို ဆွဲဆောင်ထားသည်။ ခဏကြာပြီးနောက် သူက သစ်သားသေတ္တာကို ဖွင့်ကာ စကားပြောသည်။

“ကျွန်တော်က ဖီးနစ်အမြှီးပုစွန်ဟင်းနဲ့ ချန်ပီယံ ဖြစ်ခဲ့တော့ အဲဒီဟင်းပွဲကိုပဲ ယှဉ်ပြိုင်ချင်တယ်။ ကျွန်တော်ပိုင်ဆိုင်တဲ့ ဒီဓားကို ဆုလာဘ်အနေနဲ့ သတ်မှတ်ပါမယ် အဆင်ပြေလား”

“စားဖိုမှူးယွီ အချိန်အတော်ကြာအောင် တန်ဖိုးထား မြတ်နိုးခဲ့တဲ့ ဓားမလား” သတင်းထောက်က စားဖိုမှူးယွီ၏ ရွှေရောင်လက်ကိုင်ပါသော ဓားကို သတိပြုမိသည်။

“မင်းပြောတာ မှန်ပါတယ်။ ဒီဓားက ကျွန်တော်ရဲ့အဖိုးတန်ဓားပါ။ ဒီဓားကို သုံးနေတာ နှစ်တော်တော်ကြာပါပြီ။ ဒါပေမဲ့ ဓားက အခုအချိန်ထိ ထက်နေတုန်းပါ” စားဖိုမှူးယွီက သစ်သားသေတ္တာကို ပြန်ပိတ်လိုက်ပြီး ချစ်စဖွယ်ကောင်းအောင် စကားပြောသည်။

ဆုလာဘ်ပါရှိကြောင်း ကြားသိသောအခါ ယွမ်ကျိုး စိတ်ဝင်စားသွားသည်။ သူက ဗီဒီယိုကို ရပ်တန့်လိုက်ပြီး ဓားကို အသေးစိတ် အကဲခတ်လိုက်သည်။ သူ့ကို စနစ်က ပြဖူးသော ဓားနှင့် ဆင်တူသော်လည်း စားဖိုမှူးယွီ၏ဓားက အစစ်အမှန် မဟုတ်ပေ။

“အမ်” စားဖိုမှူးယွီက ဓားအတုမှန်း သိနေ၍ ဆုအနေဖြင့် ပေးမည်ဟု ကမ်းလှမ်းခြင်း ဖြစ်လိမ့်မည်။ ထိုအကြောင်းကို တွေးမိသောအခါ ယွမ်ကျိုးက လှောင်ရယ်လိုက်သည်။

ဤအစီအစဉ်ကို တီဗီမှာ တိုက်ရိုက်ထုတ်လွှင့်ပြီးနောက် ယွမ်ကျိုးကို အင်တာဗျူးသူ တစ်ယောက်မှ မရှိသေးပေ။

စားဖိုမှူးယွီက သူ့ဆိုင်လိပ်စာကို ထည့်ပြောခဲ့ခြင်းကို ယွမ်ကျိုး ရုတ်တရက် ပြန်လည်မြင်ယောင်သွားသည်။

ပုံမှန်အားဖြင့်ဆိုလျှင် သတင်းထူးပေါ်ပေါက်လာလျှင် သတင်းထောက်များ ဝိုင်းအုံလာတတ်သည်။ သတင်းထောက် တစ်ယောက်တလေမျှ ယွမ်ကျိုးကို အင်တာဗျူးခြင်း မရှိခဲ့ပေ။ တကယ်ကို ထူးဆန်းနေသည်။

ဤအချက်ကို ထောက်ရှုပြီး ယွမ်ကျိုးက အမှန်တရားကို သိမြင်သွားသည်။

တိုက်ရိုက်ထုတ်လွှင့်မှုတွင် သတင်းထောက်က စုစုပေါင်း ငါးယောက်သာရှိသည်။ သေချာ တွက်ချက်ကြည့်လျှင် မီဒီယာလိုင်း ၄ခုက ဖြစ်နိုင်သည်။ မြို့တော်အဆင့် ဟင်းချက်ပြိုင်ပွဲက တီဗီမှာ သိပ်နာမည်မကျော်ကြားနိုင်ပေ။ အကဲဖြတ်ဒိုင်လူကြီးမင်းများ၏ မျက်နှာကြောင့်သာ သတင်းစာ ရှင်းလင်းပွဲသို့ သတင်းထောက် ငါးယောက်လွှတ်ခဲ့ခြင်း ဖြစ်နိုင်သည်။

အင်တာဗျူးပြီးဆုံးပြီနောက် သတင်းထောက်များက ယွမ်ကျိုးကို ဆက်လက်အင်တာဗျူးမည့် အစီအစဉ်ရှိသော်လည်း အယ်ဒီတာခေါင်းဆောင်အားလုံးက တစ်ထေရာတည်း တုံ့ပြန်ကြ၍ ငြိမ်နေခြင်းဖြစ်သည်။

ဟင်းချက်ပြိုင်ပွဲအတွက် ပွဲစီစဉ်သူက ဝမ်ရှုယွမ်ကို အကဲဖြတ်ဒိုင်လူကြီးမင်းအနေဖြင့် ဖိတ်ကြားခဲ့သည်။

အကဲဖြတ်ဒိုင်လူကြီးမင်းအားလုံးက တစ်ချိန်က နာမည်ကျော်စားဖိုမှူး ဖြစ်ခဲ့ဖူးသူများ ဖြစ်သည်။ ယခုတော့ ပင်စင်ယူထားကြပြီး အားလပ်နေ၍ အကဲဖြတ်ဒိုင်လူကြီးမင်း လုပ်ပေးခြင်း ဖြစ်သည်။

ပြိုင်ပွဲ၏ နောက်ဆုံးအဆင့်အတွက် အသုံးပြုမည့် ပစ္စည်းက ပုစွန်ဖြစ်သည်။

စားဖိုမှူးယွီက ကြယ်သုံးပွင့် အဆင့်ရှိသော World Foodie Hotel၏ ထိပ်တန်း စားဖိုမှူး ဖြစ်၍ အရည်အချင်း အထိုက်အလျောက် ရှိသည်။ ထို့အပြင် သူကိုယ်တိုင်က ကျန် စုဟင်းလျာများကို ကောင်းမွန်စွာ ချက်ပြုတ်တတ်သည်။

ပုစွန်အသုံးပြုရန် တောင်းဆိုလာ၍ စားဖိုမှူးယွီက အထူးဟင်းလျာဖြစ်သော ကျင်းလင်ဟင်းပွဲ၏ ဖီးနစ်အမြှီးပုစွန်ဟင်းကို ရွေးချယ်ခဲ့သည်။ ထိုမှသာ သူ၏ ထူးခြားသော ဟင်းချက်စွမ်းရည်ကို ပြသခွင့်ရလိမ့်မည်။

သူ ချက်ပြုတ်ထားသော ဟင်းပွဲက ဝမ်ရှုယွမ်မှ လွဲ၍ တခြားသော အကဲဖြတ်ဒိုင်လူကြီးမင်းများ၏ စိတ်အာရုံကို သိမ်းပိုက်နိုင်ခဲ့သည်။

ဝမ်ရှုယွမ်က သူ့ကို အမှတ်မပေးခဲ့သည့်အပြင် ပြိုင်ပွဲပြီးဆုံးပြီးနောက် ဝမ်ရှုယွမ်နှင့် တခြားအကဲဖြတ်ဒိုင် ပြောနေသော စကားဝိုင်းကို စားဖိုမှူးယွီက အမှတ်တမဲ့ ကြားသွားသည်။

“မင်းက တခြားစားသောက်ဆိုင်ကို ဘာလို့ အမှတ်ပေးတာလဲ။ ဖီးနစ်အမြှီး ပုစွန်ဟင်းက ချိုမြ မွှေးကြိုင်ပြီး ပုစွန်ရဲ့ နူးညံ့တဲ့ အရသာကို ထိန်းထားနိုင်တယ်လေ” ပင်စင်ယူထားသော အသက်(၆၀)ကျော် စားဖိုမှူးက ဒွိဟဖြစ်သော ခံစားချက်ဖြင့် ဝမ်ရှုယွမ်ကို မေးမြန်းသည်။

“ဒီဟင်းပွဲက ပြဿနာမရှိပါဘူး။ အရောင် အဆင်း အနံ့အရသာရော ဓားကိုင်ပုံရော ကျွမ်းကျင် အဆင့်ပါ” ဝမ်ရှုယွမ်က ရိုးသားစွာ ပြောသည်။

သို့သော်လည်း သူ့စကားကြောင့် ပင်စင်ယူထားသော စားဖိုမှူးက ပို၍ ဝေခွဲမရ ဖြစ်လာသည်။

“ဒါပေမဲ့ ငါက အရသာအရှိဆုံး ဖီးနစ်အမြှီး ပုစွန်ဟင်းကို စားဖူးတယ်။ သူ ချက်ထားတဲ့ ပုစွန်တစ်ကောင်ချင်းစီက ယှဉ်လို့ မရအောင် ထူးခြားပြီး ပန်းပွင့်ကို ပုံဖော်တာတောင် အသေးစိတ်ကျတယ်။ အရသာကလည်း ပိုသာလွန်တယ်” ဝမ်ရှုယန်က ယွမ်ကျိုး ချက်ပြုတ်ထားသော ဖီးနစ်အမြှီး ပုစွန်ဟင်းကို ပြန်လည် အမှတ်ရမိသည်။

“အဲဒီဟင်းပွဲနဲ့ ယှဉ်လိုက်ရင် ဒီလက်ရာက ပြီးပြည့်စုံတဲ့ အဆင့် မဟုတ်ဘူး။ ဖန်တီးမှုကိုပဲ အာရုံစိုက်လွန်းတယ်။ ပုစွန်ကြော်တဲ့ ဆီအနံ့အသက်လည်း ရတယ်” ဝမ်ရှုယွမ်က မည်သူမှ အနားမှ မရှိ၍ သူ့ခံစားချက် အစစ်အမှန်ကို ထုတ်ပြောသည်။

“မဖြစ်နိုင်ပါဘူး။ ပိုလက်ရာကောင်း ဖီးနစ်အမြှီးပုစွန်ဟင်း ရှိသေးတာလား။ ဆိုင်က ဘယ်နားမှာလဲ။ တစ်နေ့နေ့တော့ ငါ သွားဝယ်စားကြည့်မယ်”

ပင်စင်ယူထားသော စားဖိုမှူးက စူးစမ်းလိုသော ဆန္ဒ ချက်ချင်း ဖြစ်ပေါ်သွားသည်။

“ထောင်ရှီးလမ်း အိမ်နံပါတ် ၁၄မှာ အမည်မဲ့ စားသောက်ဆိုင်လေးရှိတယ်။ အဲဒီဆိုင်မှာ ရောင်းတယ်”

ဝမ်ရှုယွမ်က စားကောင်းသောက်ဖွယ်များကို မျှဝေရ၍ ကျေနပ်နေသည်။

“ကောင်းပြီလေ။ ငါ သေချာ မှတ်ထားလိုက်မယ်” ပင်စင်ယူထားသော စားဖိုမှူးက ပျော်ရွှင်စွာ စကားပြောသည်။

အပြင်ဘက်မှာ ရှိနေသော စားဖိုမှူးယွီက သူတို့စကားဝိုင်းကို အားလုံးနီးပါး ကြားသွားသည်။ သူ့ကိုယ်သူ အတော်ဆုံးဟု ယူဆထားသော စားဖိုမှူးယွီက မကျေမနပ် အမူအရာဖြင့် အဝတ်လဲခန်းသို့ ပြန်သွားသည်။

စားဖိုမှူးယွီက သူ့အရည်အချင်းကို အတော်အတန် ယုံကြည်မှု ရှိသည်။ သူက ပထမတန်းစား စားဖိုမှူးထက်ပင် ဖီးနစ်အမြှီးပုစွန်ဟင်းကို ပိုကောင်းမွန်အောင် ချက်နိုင်သည်ဟု ယုံကြည်ထားသည်။

အပိုင်း(၁၀၅)

ပြီးပါပြီ။

All Chapters