မတုန်လှုပ်မယိမ်းယိုင်တဲ့ ဓမ္မတိုက်ပွဲသဏ္ဌာန်
Vol. 173 Ch. 2475
ရီဖူရှင်းက ကောင်းကင်မှ ဗုဒ္ဓများကို ကြည့်နေခဲ့သည်။ သူက ရှင်းလင်းပြတ်သားသည့် ဖိအားတို့ကို ခံစားမိသော်လည်း ငြိမ်သက်အေးချမ်းသည့် မျက်နှာနှင့် ရှိနေဆဲ ဖြစ်သည်။
အနောက်ဘက်ကောင်းကင်၏ လိပ်ပြာတောင်ကုန်းတွင် ကောင်းကင်ရှိ ဗုဒ္ဓကျင့်ကြံသူအားလုံးက အောက်ခြေမှထိပ်ဖျားထိ သိသာသော ရာထူးအဆင့်ဆင့်နှင့် ဖွဲ့စည်းထားခဲ့သည်။ ထိုအားကောင်းသော ဗုဒ္ဓကျင့်ကြံသူများက မြင့်မားသည့် နေရာများတွင် ထိုင်နေခဲ့ပေသည်။ ကြည့်ရသည်မှာ ကောင်းကင်အလွှာများစွာ ရှိပုံရလေသည်။
ဤသည်က ရီဖူရှင်း သတိပြုမိသည့် တစ်စုံတစ်ခု ဖြစ်သည်။ လောကအတွင်းမှ အရာအားလုံးတွင် ကိုယ်ပိုင်အစီအစဥ်များ ရှိကြပြီး ဗုဒ္ဓများသည်ပင် တူညီသော အမှန်တရားကို ဆုပ်ကိုင်ထားပေသည်။
“ရီဖူရှင်း မင်းက ဗုဒ္ဓကျင့်ကြံသူ တပည့်တွေကို သတ်ဖြတ်ခဲ့တယ်။ အနောက်ဘက်ကောင်းကင်ရဲ့ လိပ်ပြာတောင်ကုန်းမှာ ဘယ်လိုလုပ် မျက်နှာလာပြရဲတာလဲ။” ကောင်းကင်ထက်မှ အသံတစ်ခု ထွက်ပေါ်လာပြီး သူ့ကို အပြစ်တင်ဝေဖန်လိုက်သည်။ ဖိအားတစ်ခုက ရီဖူရှင်းထံ ဖြန့်ကျက်လာကာ မျက်လုံးများစွာက သူ့ပေါ် ကျရောက်လာသည်။ အများစုက သိသာစွာ ရန်လိုနေကြသည်။
သူတို့သည် ရီဖူရှင်းက အနောက်ဘက်ကောင်းကင်၏ သန့်စင်မြင့်မြတ်နယ်မြေသို့ ခြေချလာရဲလိမ့်မည်ဟု မည်သည့်အခါမှ ထင်မှတ်မထားမိခဲ့ကြပေ။
ရီဖူရှင်းက ဗုဒ္ဓကျင့်ကြံသူများကို ဝေ့ကြည့်လိုက်သည်။ သူ့အမူအရာကညတည်ငြိမ်နေခဲ့၏။ သူက မေးလိုက်သည်။ “ကျုပ် ဆရာတော်ကို မေးပါရစေဦး။ တစ်စုံတစ်ယောက်က ခင်ဗျားရဲ့ ကျင့်ကြံခြင်းကို ယူဖို့ကြိုးစား၊ နတ်ရတနာကို လုယက်ပြီး အသက်ကိုတောင် ခြိမ်းခြောက်လာမယ်ဆိုရင်ရော။ ခင်ဗျား ဘယ်လိုလုပ်မှာလဲ။”
သူ့ကို မည်သူကမှ ပြန်မဖြေသော်လည်း သူတို့သည် သူ မည်သည့်အတွက်ကြောင့် မေးခြင်းဖြစ်ကြောင်း သိရှိပေသည်။ ယခင် ဆန္ဒခြောက်ပါးကောင်းကင်တွင် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးက ထိုကျင့်ကြံသူများ နတ်ဘုရားရုပ်ကြွင်းကို သူ့ထံမှ လုယူရန် ကြိုးစားခြင်းကြောင့် ဖြစ်နိုင်ပေသည်။
“ကျုပ် ဆရာတော်ကို နှိမ့်ချစွာ မေးကြည့်ပါရစေ။ ဒီလိုပြုမူတဲ့ လူတွေကို ဗုဒ္ဓကျင့်ကြံသူလို့ ခေါ်ထိုက်ရဲ့လား။” ရီဖူရှင်းက နောက်ထပ် မေးခွန်းတစ်ခု ထပ်မေးလိုက်သည်။
အနောက်ဘက်ကောင်းကင်၏ လိပ်ပြာတောင်ကုန်းပေါ်၌ ထိုအခိုက်အတန့်တွင် တိတ်ဆိတ်သွားခဲ့သည်။ ထို့နောက် ဗုဒ္ဓအရှင်က ပြောလိုက်သည်။ “မထိုက်တန်ဘူး။”
“ဒီလိုဆိုရင် ကျုပ်က ဘယ်ဗုဒ္ဓကျင့်ကြံသူကိုမှ သတ်ခဲ့တာ မဟုတ်ဘူး။ ဒါကြောင့် ဒါက အခြေအမြစ်မရှိတဲ့ စကားထက် မပိုဘူး။ မှားယွင်းတဲ့ စွပ်စွဲချက်တွေပဲ။” ရီဖူရှင်းက လက်များကို အုပ်ချီကာ ဆက်ပြောလိုက်သည်။ “ရီဖူရှင်းက ဒီနေရာကို လာတာ ဗုဒ္ဓအားလုံးအရှင်သခင်ရဲ့ လမ်းညွှန်ပေးမှုကို ရှာဖွေဖို့ပါ။”
ဗုဒ္ဓကျင့်ကြံသူများက တီးတိုးပြောဆိုနေကြရင်း ရီဖူရှင်း နောက်တွင် ရပ်နေသည့် ဟွာချင်းချင်းကို ကြည့်လိုက်ကြသည်။ သူတို့က သူမနှင့် ပတ်သတ်ပြီး တစ်ခုခုထူးခြားနေသည်ကို သတိပြုမိကြပေသည်။
သို့သော် ရီဖူရှင်းက ဗုဒ္ဓအားလုံးအရှင်သခင်နှင့် တွေ့ဆုံရန် သူမကို ဤနေရာသို့ ခေါ်ဆောင်လာခြင်းက အနည်းငယ် မောက်မာသည့် သဘောသက်ရောက်ပေသည်။
သူတို့သည် ရီဖူရှင်း ဤတစ်ကြိမ်၌ ဤနေရာသို့ ရောက်လာခဲ့ခြင်းမှာ အရှင်ဒွန်ဟောင်ကို အတုခိုးလိုခြင်းကြောင့်ဖြစ်ကြောင်း သိရှိပေသည်။
“ရီဖူရှင်း မင်းက ကောင်းကင်ဒေသကနေ လာခဲ့ပြီး အနောက်ဘက်ကောင်းကင်ကို ရောက်လာတာ လနည်းနည်းပဲ ရှိသေးတယ်။ မင်းက ဘာအကြောင်းပြချက်နဲ့ ဗုဒ္ဓအားလုံးအရှင်သခင်နဲ့ တွေ့ဖို့ ထိုက်တန်တယ်လို့ ထင်ရတာလဲ။” ဗုဒ္ဓကျင့်ကြံသူတစ်ယောက်က မေးလိုက်သည်။
အချို့လူများက သူတို့၏ နှလုံးသားထဲ၌ပင် လှောင်ပြောင်နေကြသည်။ ထိုလူက သူ၏ ကိုယ်ပိုင်စွမ်းရည် အကန့်အသတ်ကို မသိရှိချေ။
“ဗုဒ္ဓကျင့်ကြံသူတွေက အရာအားလုံး သာတူညီမျှရှိပြီး အနိမ့်နဲ့အမြင့် ကန့်သတ်ချက် မရှိဘူးလို့ ပြောကြတယ်မလား။ ကျုပ်က ဒီနေရာမှာ ဧည့်သည်အနေနဲ့ တက်ရောက်ဖို့ပဲ ရိုးရိုးသားသား မေးချင်တာပါ။ ဘာလို့ တားမြစ်ရတာလဲ။” ရီဖူရှင်းက ပြန်မေးလိုက်သည်။
“သက်ရှိအရာအားလုံးက သာတူညီမျှရှိပြီး အနိမ့်အမြင့်ကွဲပြားမှုမရှိဘူး။ ဒါပေမယ့် ဗုဒ္ဓကျင့်စဥ်တွေမှာတော့ အနိမ့်အမြင့်ကွဲပြားမှုရှိတယ်။” တစ်စုံတစ်ယောက်က ပြန်ဖြေလိုက်သည်။
“ရီဖူရှင်း ဗုဒ္ဓကျင့်ကြံသူစုဝေးပွဲဆိုတာ ဗုဒ္ဓကျင့်ကြံသူတွေ အချင်းချင်း တွေ့ဆုံပြီး ကျင့်ကြံခြင်းနည်းစနစ်တွေကို လေ့လာဆွေးနွေးကြတာပဲ။ မင်းက အရှင်ဒွန်ဟောင် ခြေရာနင်းချင်နေတာကို ကျုပ်တို့ သိတယ်။ ဒါပေမယ့် မင်းက ဗုဒ္ဓကျင့်ကြံခြင်းနည်းစနစ်တွေကို လနည်းနည်းပဲ လေ့လာရသေးတယ်။ ဗုဒ္ဓကျင့်ကြံခြင်းနည်းစနစ်တွေကို အသုံးပြုပြီး ယှဥ်ပြိုင်နိုင်ဖို့ အဝေးကြီးလိုသေးတယ်။ ပြီးတော့ မင်းက ဗုဒ္ဓကျင့်ကြံခြင်းနည်းစနစ်မှာ ထူးချွန်ရင်တောင် ဗုဒ္ဓအားလုံးရဲ့ အရှင်သခင်က မင်းကို လက်ခံတွေ့ဆုံချင်တဲ့ ဆန္ဒရှိမရှိဆိုတာ အာမခံချက်မရှိဘူး။ သက်ရှိအရာအားလုံးက တကယ်ပဲ သာတူညီမျှ ရှိတယ်။ ဒါပေမယ့် အဲဒါကြောင့်နဲ့ တခြားလူတွေဆီက တောင်းဆိုချက်အားလုံးကို သဘောတူပေးရမယ့် တာဝန်မရှိဘူး။”
ရီဖူရှင်းက ခေါင်းညိတ်ကာ ပြောလိုက်သည်။ “ကျုပ်ကို လက်ခံမခံ ဆုံးဖြတ်ရမှာ ဗုဒ္ဓအားလုံးရဲ့အရှင်သခင်ပေါ်မှာ အပြည့်အဝ မူတည်တယ်ဆိုတာ နားလည်တယ်။ ကျုပ်က ဗုဒ္ဓကျင့်ကြံခြင်းနည်းစနစ်တွေကို အချိန်တိုလေးပဲ ကျင့်ကြံရသေးတယ်ဆိုပေမယ့် ကျင့်ကြံခြင်းဆိုတာ အချိန်ကာလပေါ် မမူတည်ဘူးဆိုတာတော့ သိတယ်။ ကျုပ်က အရှင်ဒွန်ဟောင်ရဲ့ ခြေရာအတိုင်းလိုက်ဖို့ ရည်ရွယ်ချက်မရှိဘူး။ ကျုပ် ဒီနေရာကို ရောက်နေတာ ဗုဒ္ဓအားလုံးအရှင်သခင်နဲ့ တွေ့ဆုံချင်ရုံသက်သက်ပဲ။ ဒါက ကျုပ်အတွက် ရနိုင်တဲ့ တစ်ခုတည်းသော အခွင့်အရေးမို့လို့ ကျုပ် ဒီမှာ ရှိနေခဲ့တာ။”
သူက စကားပြောရင်း ရှေ့သို့ ခြေလှမ်းလာကာ ထပ်ပြောလိုက်သည်။ “ဒါကြောင့် ရီဖူရှင်းက ရောက်ရှိလာတဲ့ ဗုဒ္ဓကျင့်ကြံသူတွေနဲ့ ဗုဒ္ဓကျင့်ကြံရေးနည်းစနစ်တွေကို ပညာဖလှယ်ချင်တဲ့ ဆန္ဒရှိပါတယ်။ ကျေးဇူးပြုပြီး အကြံဉာဏ်ပေးပါဦး။”
သူက လက်နှစ်ဖက်ကို တစ်ဖန် အုပ်ချီလိုက်ကာ သူတို့အား အရိုအသေပေးလိုက်သည်။ သူက အလွန် ရိုသေလေးစားနေပုံပေါ်၏။ သူက ကောင်းကင်ရှိ ထိုဗုဒ္ဓများနှင့် ရင်ဆိုင်နေရသော်လည်း ကျိုးနွံနာခံခြင်းမရှိသလို မောက်မာနေခြင်းမျိုးလည်း မရှိပေ။ သူက အလွန် တည်ငြိမ်ကာ ယုံကြည်ချက်ရှိနေခဲ့၏။
လိပ်ပြာတောင်ကုန်းပေါ်တွင် ဗုဒ္ဓ၏ ငြိမ်သက်အေးချမ်းသော အလင်းတို့က လေဟာနယ်ကို ဝန်းရံထားပြီး အရင်ကထက် ပို၍ သန့်စင်မြင့်မြတ်နေပုံရသည်။ ဗုဒ္ဓကျင့်ကြံသူများက ဆံပင်အဖြူရောင်နှင့် ကြည့်လိုက်ပြီး အနည်းငယ် သိချင်စိတ်ဖြစ်နေခဲ့သည်။ လွန်ခဲ့သည့် နှစ်ရာချီခန့်က ကောင်းကင်ဒေသမှ အခြားကျင့်ကြံသူတစ်ယောက် ရောက်လာခဲ့ပြီး ဗုဒ္ဓကျင့်ကြံသူများနှင့် ပညာဖလှယ်ခဲ့သည်။ ထိုစဥ်အချိန်က အရှင်ဒွန်ဟောင်နှင့် ယခုတစ်ယောက်ကြား မည်သည့်ကွာခြားမှုရှိလိမ့်မည်နည်း။
“ဒကာလေးရီက ဗုဒ္ဓကျင့်ကြံခြင်းနည်းစနစ်တွေနဲ့ ပညာဖလှယ်ချင်တယ်ဆိုတော့ ဘယ်သူက ကြိုးစားကြည့်ချင်လဲ။” လိပ်ပြာတောင်ကုန်း၏ အမြင့်ဆုံးတစ်နေရာမှ ဗုဒ္ဓအရှင်တစ်ပါးက ပြောလိုက်သည်။ ရှင်းလင်းစွာပင် ရီဖူရှင်း၏ တောင်းဆိုချက်ကို ခွင့်ပြုပေးလိုက်ခြင်း ဖြစ်ပေသည်။
ရီဖူရှင်းက ထိုနေရာသို့ ကြည့်လိုက်သည့်အခါ စကားပြောလိုက်သူက အခြားလူမဟုတ်ဘဲ ဝူထျန်းဗုဒ္ဓအရှင် ကိုယ်တိုင်ဖြစ်နေသည်ကို မြင်လိုက်ရကာ သူက အနည်းငယ် စိတ်သက်သာသွားသလို ခံစားလိုက်ရသည်။ အနောက်ဘက်ကောင်းကင်၏ လိပ်ပြာတောင်ကုန်းသို့ မဖိတ်ခေါ်ဘဲ ရောက်ရှိလာသည့် သူ့အပြုအမူက အနည်းငယ် ရိုင်းပြသလို ဖြစ်နေသည်မှာ အမှန်ပင် ဖြစ်သည်။ အဆိုးဆုံးဖြစ်ရပ်မှာ လိပ်ပြာတောင်ကုန်းမှ အတင်းအကျပ် မောင်းထုတ်ခံရခြင်း ဖြစ်နိုင်သည်။ ထိုသို့ဖြစ်ခဲ့လျှင် ဗုဒ္ဓအားလုံး၏ အရှင်သခင်ကို တွေ့ခွင့်ရရန်မှာ သူ့အတွက် မဖြစ်နိုင်ဘဲ ဖြစ်သွားလိမ့်မည် ဖြစ်သည်။
ဝူထျန်းဗုဒ္ဓအရှင်၏ စကားလုံးများက သံသယဖြစ်ဖွယ်မရှိ သူ့အား တိုက်ခိုက်ရန် အခွင့်အရေး ပေးနေခြင်း ဖြစ်သည်။
ကောင်းကင်ရှိ ဗုဒ္ဓကျင့်ကြံသူများအားလုံး၏ မျက်လုံးများက ရီဖူရှင်းထံ၌ ရောက်ရှိနေခဲ့သည်။ သူတို့က ရီဖူရှင်း၏ ကျင့်ကြံခြင်းက အဆင့်ရှစ်အထွတ်အထိပ်မှ ရန်ဟောင်တစ်ပါး ဖြစ်ကြောင်း ခံစားမိနိုင်သည်။ ထို့ပြင် သူတို့က ရီဖူရှင်း၏ တိုက်ပွဲစွမ်းရည်အကြောင်းကို ကြားဖူးကြပေသည်။ သူ မူလဘုံ၌ ရှိစဥ်အခါက သူတို့သည် ရီဖူရှင်းက ရန်ဟောင်အဆင့်များကြားတွင် ပြိုင်ဘက်ကင်းဖြစ်ကြောင်း ကြားဖူးကြသည်။ နတ်ဘုရားရုပ်ကြွင်း၏ အကူအညီနှင့် သူက မဟာလမ်းစဥ် နတ်ဘုရားကပ်ဘေးမှ ရှင်သန်နိုင်ခဲ့သူများကိုပင် ယှဥ်တိုက်နိုင်ပေသည်။
သို့သော် လက်ရှိတွင် ရီဖူရှင်းက နတ်ဘုရားရုပ်ကြွင်းဖြစ်စေ အခြားအရာဝတ္ထုတစ်ခုခုကိုဖြစ်စေ မှီခိုအသုံးပြု၍ မရနိုင်ပေ။ သူက ဗုဒ္ဓကျင့်ကြံခြင်းနည်းစနစ်များကိုသာ အသုံးပြု၍ တိုက်ခိုက်ရုံသာ ရှိပေသည်။
ထို့ပြင် ရီဖူရှင်းက ဗုဒ္ဓကျင့်ကြံခြင်းနည်းစနစ်များကို လအနည်းငယ်သာ ကျင့်ကြံခဲ့ခြင်း ဖြစ်သည်။ ဤအခြေအနေတွင် ဗုဒ္ဓကျင့်ကြံသူများက ရီဖူရှင်း၏ ကျင့်ကြံခြင်းကို ထည့်သွင်းစဥ်းစားရန် လိုသည်။
ထိုအခိုက်တွင် ဗုဒ္ဓတစ်ပါးက ရှေ့သို့ ထွက်လာခဲ့သည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးက တောက်ပကာ ကြီးမားလှပြီး သန့်စင်သည့် ရွှေရောင်များ ထုတ်လွှတ်နေသည်။ သူ၏ ကျင့်ကြံခြင်းက ထူးခြားလှပြီး ဗုဒ္ဓလမ်းစဥ် အဆင့်ကိုးဖြစ်ကာ အထွတ်အထိပ်အဆင့် ရန်ဟောင်နှင့် တူညီပေသည်။
“ဒါက ကျွိလင်ဗုဒ္ဓပဲ။” ဝူထျန်းဗုဒ္ဓအရှင်က မိတ်ဆက်ပေးလိုက်သည်။ ကျွိလင်ဗုဒ္ဓက သူ့ရှေ့၌ လက်များကို အုပ်ချီကာ အရိုအသေပေးရင်း ရီဖူရှင်းကို ပြောလိုက်သည်။ “ဒကာလေးရီ တွေ့ရတာ ဝမ်းသာပါတယ်။”
ရီဖူရှင်းက သူ့ထက် အများကြီး အရပ်မြင့်သည့် ကျွိလင်ဗုဒ္ဓကို ကြည့်လိုက်သည်။ သူ့လက်များကို ရွှေရောင်အလင်းတို့က ဝန်းရံထားသည်။ သူက တင်ပျဥ်ခွေထိုင်ကာ ပြောလိုက်၏။ “ဗုဒ္ဓကျမ်းစာတွေက ပြောတာတော့ ဗုဒ္ဓနှလုံးသားက ဆုံးဖြတ်ချက်ပြတ်သားပြီး သစ္စာရှိနေသရွေ့ မတုန်လှုပ်နိုင်ဘဲ မတုန်လှုပ်မယိမ်းယိုင်တဲ့ ဓမ္မတိုက်ပွဲသဏ္ဌာန်ကို အောင်မြင်ရရှိနိုင်တယ်။ အဲဒါမှန်လား။”
“ကြည့်ရတာ ဒကာလေးရီက ဗုဒ္ဓကျင့်ကြံခြင်းနည်းစနစ်တွေကို တကယ် အာရုံစိုက်လေ့လာထားတာပဲ။” ကျွိလင်ဗုဒ္ဓက ချီးမွမ်းလိုက်သည်။
“ဒီလိုဆိုရင် စလိုက်ပါတော့။” ရီဖူရှင်းက စကားပြောပြီးသွားသည့်အခါ မျက်လုံးများမှိတ်ကာ တင်ပျဥ်ခွေထိုင်လိုက်သည်။ သူ့နှလုံးသားက ခိုင်မာကာ ဖျက်ဆီး၍ မရနိုင်သော ကျောက်တုံးတစ်တုံးကဲ့သို့ ဖြစ်သည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးက ရွှေရောင်အလင်းတို့နှင့် တောက်ပနေပြီး ကြီးမားသည့် ဗုဒ္ဓရုပ်ပွားတော်တစ်ဆူ ပေါ်ပေါက်လာကာ မတုန်လှုပ်မယိမ်းယိုင်သည့် ဓမ္မ တိုက်ပွဲသဏ္ဌာန် ထွက်ပေါ်လာသည်။ ၎င်း၏ လက်နှစ်ဖက်က မတူညီသော ပုံစံ အနေအထားနှင့် ရှိနေခဲ့သည်။ ထိုသည်မှာ သူ၏ အတွေးများကို သက်သေပြလိုက်ပြီး ဗုဒ္ဓတစ်ပါးအဖြစ် ပြောင်းလဲသွားသလို ထင်မှတ်ရပေသည်။
ဤမြင်ကွင်းက လိပ်ပြာတောင်ကုန်းပေါ်မှ ဗုဒ္ဓကျင့်ကြံသူများစွာကို အံ့အားသင့်စေခဲ့ပြီး ကျွိလင်ဗုဒ္ဓအတွက်လည်း ခြွင်းချက်မရှိပေ။ သို့သော် သူ့ခန္ဓာကိုယ်က စတင်၍ ကျယ်ပြန့်ကြီးမားလာသည်။ ၎င်းက မတုန်လှုပ်မယိမ်းယိုင်တဲ့ တိုက်ပွဲသဏ္ဌာန်နှင့် တူညီလုနီးပါး အရွယ်အစားရှိသည့် ဗုဒ္ဓတစ်ပါးအဖြစ် ပြောင်းလဲသွားပြီး ပို၍ပင် အားကောင်းကာ စွမ်းအားအပြည့် ဖြစ်လာခဲ့သည်။
ကြီးမားကျယ်ပြန့်လာသည့် ကျွိလင်ဗုဒ္ဓ၏ ပုံရိပ်က ဗုဒ္ဓအလင်းရောင်များ ဖြာထွက်နေသည့် ဗုဒ္ဓကျိုင်းတစ်ခုကို ကိုင်ဆောင်ထားသည်။ သူက ၎င်းကို လက်နှစ်ဖက်နှင့် ကိုင်မြှောက်ကာ မတုန်လှုပ်မယိမ်းယိုင်သည့် ဓမ္မဗုဒ္ဓတိုက်ပွဲသဏ္ဌာန်ထံ တိုက်ရိုက် တိုက်ခိုက်လိုက်သည်။ သို့သော် ရီဖူရှင်းက မလှုပ်မယှက် ရှိနေပြီး သူ့မျက်လုံးများက မှိတ်ထားပေသည်။ သူ၏ မလှုပ်မယှက်သဏ္ဌာန်က လူအများကို သူ့အတွက် ချွေးပျံလာစေသည်။
ဗုဒ္ဓကျိုင်းက အောက်သို့ ကျရောက်လာသည့်အခါ ပြင်းထန်သည့် အော်မြည်သံတို့ကို ကြားလိုက်ရပြီး ဤကြောင့် မတုန်လှုပ်မယိမ်းယိုင်သည့် ဓမ္မတိုက်ပွဲသဏ္ဌာန်က တုန်ခါသွားခဲ့သည်။ ၎င်း၏ ရွှေရောင်ရင်ဘတ်က အနည်းငယ် အက်ကွဲလာသော်လည်း ၎င်းက တောင်တစ်လုံးကဲ့သို့ မလှုပ်မယှက် ကျန်ရှိနေပြီး အမှန်တကယ် ဖျက်ဆီး၍ မရနိုင်သော အဓိပ္ပါယ်ကို ဖော်ဆောင်နေသည်။
ဗုဒ္ဓ ရွှေရောင်အလင်းက မတုန်လှုပ်မယိမ်းယိုင်သည့် ဓမ္မတိုက်ပွဲသဏ္ဌာန် အထက်တွင် ရစ်သိုင်းလာပြီး များပြားလှသည့် ဗုဒ္ဓသင်္ကေတအက္ခရာတို့က မျောလွင့်လာကာ သူ့ကို စစ်မှန်သော ဗုဒ္ဓတစ်ပါးကဲ့သို့ ထင်မှတ်ရစေသည်။
သူက ၎င်းကို မြင်သည့်အခါ ကျွိလင်ဗုဒ္ဓသည် သူ ရှုံးနိမ့်သွားပြီဖြစ်ကြောင်း သိလိုက်သည်။ သူက ဗုဒ္ဓကျိုင်းကို ချလိုက်ပြီး လက်များကို အုပ်ချီရင်း ရီဖူရှင်းအား အရိုအသေပြု၍ ပြောလိုက်သည်။ “ဒကာလေးရီ ပြောသလိုပဲ ဗုဒ္ဓကျင့်ကြံခြင်းက ကျင့်ကြံတဲ့ အချိန်ကာလပေါ်မှာ မမူတည်ဘူး။ မင်းက လအနည်းငယ်လေးနဲ့ လမ်းစဥ်ထဲက အမှန်တရားကို နားလည်သဘောပေါက်ပြီး မတုန်လှုပ်မယိမ်းယိုင်တဲ့ ဓမ္မတိုက်ပွဲသဏ္ဌာန်ကို အောင်မြင်နိုင်ခဲ့တယ်။ ဒကာလေးရီက တကယ်ပဲ ဗုဒ္ဓလမ်းစဥ်နဲ့ ရေစက်ရှိတယ်ဆိုတာ ပြောရဲတယ်။ မယှဥ်နိုင်တဲ့ ကိုယ့်ကိုယ်ကိုယ် အရှက်ရမိပါတယ်။”
ထို့နောက် ကျွိလင်ဗုဒ္ဓက နောက်ပြန်ဆုတ်ခွာသွားခဲ့သည်။
ရီဖူရှင်းက အနောက်ဘက်ကောင်းကင်၏ လိပ်ပြာတောင်ကုန်းကို ဗုဒ္ဓကျင့်ကြံခြင်းနည်းစနစ်များနှင့် အတွေ့အကြုံဖလှယ်ရန် လာရောက်ခဲ့ပြီး တိုက်ပွဲတစ်ခုတည်းနှင့် သူက ဗုဒ္ဓကျင့်ကြံခြင်းနည်းစနစ်တို့ကို အောင်မြင်စွာ နားလည်သဘောပေါက်ခဲ့ကြောင်း အနောက်ဘက်ကောင်းကင်အတွင်း ဗုဒ္ဓကျင့်ကြံသူများကို ပြသခဲ့သည်။