← Chapters

ဗုဒ္ဓမှော်သိုင်း

Vol. 173 Ch. 2476

ဗုဒ္ဓမှော်သိုင်း

Vol. 173 Ch. 2476

“ဒကာလေးရီက မတုန်လှုပ်မယိမ်းယိုင်တဲ့ ဓမ္မတိုက်ပွဲသဏ္ဌာန်ရဲ့ အနှစ်သာရကို နားလည်သဘောပေါက်ခဲ့ပြီးပြီ။ ကြည့်ရတာ လွန်ခဲ့တဲ့ လအနည်းငယ်တုန်းက ကျင့်ကြံခြင်းမှာ တော်တော်များများ အောင်မြင်ခဲ့ပုံရတယ်။ ဘယ်သူမှ သူ့ကို လျှော့မတွက်သင့်ဘူး။” ဗုဒ္ဓတစ်ပါးက အောက်ဘက်ရှိ ရီဖူရှင်းကို ကြည့်ကာ မှတ်ချက်ချလိုက်သည်။

မတုန်လှုပ်မယိမ်းယိုင်သည့် ဓမ္မ တိုက်ပွဲသဏ္ဌာန်က ကျော်ကြားပြီး အလွန် အစွမ်းထက်သည့် တိုက်ပွဲသဏ္ဌာန် ဖြစ်သည်။ ဤတိုက်ပွဲသဏ္ဌာန် ကျင့်ကြံခြင်းက တစ်စုံတစ်ယောက်၏ စိတ်အခြေအနေနှင့် အလွန် သက်ဆိုင်သည်။ ရီဖူရှင်းက အချိန်တိုအတွင်း ထိုနည်းစနစ်ကို အပြည့်အဝ နားလည်သဘောပေါက်ပြီး ကျင့်ကြံနိုင်လိမ့်မည်ဟု မည်သူမှ ထင်မှတ်မထားခဲ့ကြပေ။

အခြားတစ်ဖက်တွင် ဗုဒ္ဓကျင့်ကြံသူများက အချင်းချင်း ကြည့်လိုက်ကြသည်။ ရှန်းယန်ရဟန်းက ထိုကျင့်ကြံသူများကြားတွင် ရှိနေခဲ့၏။ မကြာသေးခင်က သူတို့သည် ရီဖူရှင်းက နေရာများစွာကို သွားရောက်ခဲ့ပြီး အချိန်အကြာကြီးမနေခဲ့ဘဲ ဗုဒ္ဓလမ်းစဥ်ကို အချိန်အနည်းငယ်သာ ကျင့်ကြံခဲ့ရကြောင်း ဆွေးနွေးခဲ့ကြသည်။ သူက ရှေးဟောင်းကျောင်းဆောင်အချို့သို့ နှစ်ရက်သုံးရက် နေပြီးနောက် အခြားတစ်နေရာသို့ ရွှေ့ပြောင်းခဲ့သည်။ သူတို့သည် ဤသို့သော နည်းလမ်းနှင့် ဗုဒ္ဓလမ်းစဥ်ကို ကောင်းမွန်စွာ ကျင့်ကြံနိုင်သည့် တစ်စုံတစ်ယောက် ရှိလိမ့်မည်ဟု ထင်မှတ်ထားခြင်း မရှိခဲ့ပေ။

သို့သော် သိသာစွာပင် သူတို့က မှားယွင်းခဲ့သည်။ သူတို့သည် ရီဖူရှင်း၏ ဗုဒ္ဓလမ်းစဥ်၌ ပါရမီကို လျှော့တွက်ခဲ့ပေသည်။ သူက ဗုဒ္ဓလမ်းစဥ်ကို ကောင်းစွာ ကျင့်ကြံနိုင်ခဲ့ရုံသာမက ကြီးစွာသော အောင်မြင်မှုကိုလည်း ရရှိခဲ့သည်။

ကျွိလင်ဗုဒ္ဓသည် ထင်ရှားလှသည့် ဗုဒ္ဓကျင့်ကြံသူ မဟုတ်သော်လည်း သူက ဗုဒ္ဓလမ်းစဥ် အဆင့်ကိုးသို့ ရောက်ရှိနေသူ ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ သူက ရီဖူရှင်း၏ တိုက်ပွဲသဏ္ဌာန်ကို ချိုးဖျက်နိုင်စွမ်း မရှိခဲ့ပေ။ သူတို့နှစ်ယောက်ကြားမှ ကွာခြားချက်က သိသာထင်ရှားလှသည်။ ရီဖူရှင်း ထုတ်ဖော်ခဲ့သော ခွန်အားက ထိပ်သီးအဆင့် ဗုဒ္ဓကျင့်ကြံသူများမှ မဟုတ်လျှင် သူ့ကို ယှဥ်ရန် မလွယ်ကူဟု သတ်မှတ်နိုင်သည်။

ရီဖူရှင်းက သူ့ မျက်လုံးများကို ဖွင့်ကာ ဗုဒ္ဓကျင့်ကြံသူများကို ကြည့်လိုက်သည်။ ထို့နောက် သူက တည်ငြိမ်သော အမူအရာနှင့် ရှေ့သို့ လျှောက်လာကာ လက်အုပ်ချီ၍ နှုတ်ဆက်လိုက်သည်။ သူက ရိုင်းပျသော အမူအရာတို့ အနည်းငယ်မျှ မရှိဘဲ လေးနက်ကာ ဂုဏ်သရေရှိ ခန့်ညားသည့် အမူအရာတို့သာ ရှိနေခဲ့ပေသည်။ သူ့နှုတ်ခမ်းများက အနည်းငယ် လှုပ်ရှားလာပြီး ဗုဒ္ဓအသံများက သူ့ပါးစပ်မှ ထွက်ပေါ်လာပုံရသည်။ သူက မည်သည့်စကားတို့ကို ပြောနေသည်အား ကြားရန်ခက်ခဲလှပြီး ဗုဒ္ဓအသံတို့ ပဲ့တင်ထပ်လာသည်ကိုသာ ကြားနိုင်ပေသည်။

သူက အမြင့်ဆုံးနေရာသို့ သွားရန် ရည်ရွယ်နေသကဲ့သို့ ရှေ့ဆက်လျှောက်လာခဲ့သည်။ ဤသည်မှာ ဗုဒ္ဓကျင့်ကြံသူအားလုံး၌ အကြီးမြတ်ဆုံး ဖြစ်သည့် ဗုဒ္ဓအားလုံးအရှင်သခင်နှင့် တွေ့ဆုံရန် ဖြစ်သည်။

ထိုဗုဒ္ဓကျင့်ကြံသူများသည် ဤမြင်ကွင်းကို မြင်သည့်အခါ အကျွမ်းဝင်နေသည့် ခံစားချက်ကို ခံစားမိလိုက်ပေသည်။ လွန်ခဲ့သော နှစ်ပေါင်းရာချီခန့်က အရှင်ဒွန်ဟောင်သည် သူ့ကဲ့သို့ပင် ဗုဒ္ဓအားလုံးအရှင်သခင်နှင့် တွေ့ဆုံရန် ထိပ်ဆုံးသို့ လျှောက်သွားခဲ့ဖူးသည်။

ရီဖူရှင်းသည်လည်း သူ့ကဲ့သို့ပင် ကောင်းကင်ဒေသမှ လာခဲ့ခြင်း ဖြစ်ပေသည်။

ဘန်း...

ထိုအချိန်၌ နောက်ထပ် ဗုဒ္ဓတစ်ပါး ရှေ့ထွက်လာပေသည်။ ထိုဗုဒ္ဓမှာ ထျန်းလွမ်​ဗုဒ္ဓအရှင်၏ လက်အောက်မှ ဗုဒ္ဓကျင့်ကြံသူတစ်ဦး ဖြစ်သည်။ သူ့တွင် ကြည့်ရှုနေသူများကို အလွန် ရန်လိုသည့် ဖိအားမျိုး ခံစားရစေသည့် ထူးခြားဆန်းကြယ်သော အရှိန်အဝါ ရှိသည်။ သူက ရီဖူရှင်း၏ ရှေ့တွင် ရပ်နေခဲ့ပြီး သူ့နောက်တွင် ရွှေရောင်ဓမ္မတစ်ခု ပေါ်ပေါက်လာကာ ရုတ်တရက် ရီဖူရှင်းအား ဗဟိုထားကာ ကောင်းကင်နှင့် မြေကြီးကြား၌ နယ်မြေတစ်ခု ဖြစ်တည်လာသည်။ ကောင်းကင်အမြင့်တွင် မရေတွက်နိုင်သော ဒေါသတကြီး မျက်လုံးတို့​နှင့် ဗုဒ္ဓများ ထွက်ပေါ်လာပြီး အစွမ်းထက်သည့် လွှမ်းမိုးချုပ်ကိုင်မှုစွမ်းအားတို့ ကျဆင်းလာသည်။

ထိုဒေါသမျက်လုံးများနှင့် ဗုဒ္ဓတို့က ရက်စက်ကြမ်းကြုတ်ကာ ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါတို့ကို ပိုင်ဆိုင်ထားသည်။ ထိုလျှောက်လာသည့် ဗုဒ္ဓကျင့်ကြံသူကိုယ်တိုင် ဗုဒ္ဓအဖြစ် ပြောင်းလဲသွားခဲ့သည်။ သူက ရွှေရောင်ညာဘက်လက်ကို ဆန့်ထုတ်လိုက်ပြီး ရုတ်တရက် တောက်ပသည့် အလင်းတို့နှင့် ဗုဒ္ဓများကလည်း ရီဖူရှင်းကို တစ်ချိန်တည်း တိုက်ခိုက်လိုက်၏။

သို့သော် ရီဖူရှင်း၏ နှုတ်ခမ်းများမှ အဆက်မပြတ် ထွက်ကျလာသည့် ရှေးကျသည့် ရွှေရောင်စကားလုံးများက ဗုဒ္ဓအသံတို့အဖြစ် ပဲ့တင်ထပ်လာသည်။ ဗုဒ္ဓကျင့်ကြံသူက ထိုအဖြစ်ကို မြင်သည့်အခါ သူ၏ မျက်နှာအမူအရာက ပြောင်းလဲသွားပေသည်။ ၎င်းက ဝရဇိန်မန္တန် ဖြစ်လေသည်။

သူက အမှန်တကယ် ဝရဇိန်မန္တန်ကို ကျင့်ကြံခဲ့သည်လား။

ရီဖူရှင်း အနီးတွင် အစွမ်းထက်ပြီး လွှမ်းမိုးနိုင်သည့် ဗုဒ္ဓတစ်ပါး ထွက်ပေါ်လာကာ ပြိုင်ဘက်ကင်းသည့် ဗုဒ္ဓရွှေရောင်အလင်းတို့ တောက်ပနေပြီး မန္တာန်ရွတ်ဆိုသည့်အသံများ ထွက်ပေါ်လာသည်။ ထိုဗုဒ္ဓပုံရိပ်များစွာက သတ်ဖြတ်ရန် ထိုးဆင်းလာသော်လည်း သူတို့သည် သူ့ကို အနည်းငယ်မျှပင် လှုပ်ခတ်သွားအောင် မလုပ်နိုင်ကြောင်း တွေ့ရှိခဲ့ရသည်။

တစ်ချိန်တည်းတွင် ရီဖူရှင်း၏ ပါးစပ်မှ ဗုဒ္ဓအသံတို့ ထွက်ပေါ်လာပြီး ထိုဗုဒ္ဓပုံရိပ်များ ရှိနေသည့် လေဟာနယ်က အက်ကွဲကာ ပြိုကျပျက်စီးလာသည်။ တစ်ခုပြီးတစ်ခုသော ဝရဇိန်မန္တန် သင်္ကေတအက္ခရာတို့က တိုက်ရိုက်ကျဆင်းလာပြီး သူတို့၏ ရွှေရောင်ခန္ဓာကိုယ်ကို ပြိုကျပျက်စီးလာစေသည်။

ထိုဗုဒ္ဓပုံရိပ်များအပြင် ရှေ့သို့ လျှောက်လာသည့် ဗုဒ္ဓကျင့်ကြံသူသည်လည်း ထိခိုက်သွားခဲ့သည်။ မရေတွက်နိုင်သည့် ဝရဇိန်မန္တန်သင်္ကေတများက သူ၏ ရွှေရောင်ခန္ဓာကိုယ်ကို ထိခတ်ကာ ရွှေရောင်နတ်အလင်းတို့ ပေါက်ကွဲထွက်လာသည်။ မျက်စိကျိန်းလောက်သည့် ဗုဒ္ဓအလင်းတို့က သူ၏ ရွှေရောင်ခန္ဓာကိုယ်မှ ထွက်ပေါ်လာပေသည်။ သူက ဒေါသတကြီး အော်ဟစ်လိုက်ကာ မန္တာန်သင်္ကေတအက္ခရာတို့ကို ဖျက်ဆီးပစ်ရန် ကြိုးစားလိုက်သော်လည်း သင်္ကေတအက္ခရာတို့က အကန့်အသတ်မဲ့ကာ လေဟာနယ်ကို အပြည့်အဝ လွှမ်းခြုံထားပေသည်။

ထိုအော်မြည်သံတို့နှင့်အတူ ရွှေရောင်ခန္ဓာက ပြိုကွဲသွားကာ ထိုဗုဒ္ဓကျင့်ကြံသူလည်း နောက်သို့ လွင့်စင်သွားခဲ့သည်။ သူက ခပ်တိုးတိုး ညည်းတွားလိုက်ကာ သူ့ပါးစပ်ထောင့်မှ သွေးတို့ စီးကျလာသည်။ သူ၏ ရွှေရောင်ခန္ဓာကိုယ်က ကျိုးပဲ့သွားပြီး ဒဏ်ရာရရှိသွားပေသည်။

ရီဖူရှင်းက အနည်းငယ် ဦးညွှတ်ပြီး အရိုအသေပေးလိုက်သော်လည်း မည်သည်မှ မပြောခဲ့ပေ။ သူက လက်အုပ်ချီကာ သူတို့အရှေ့မှ ဆက်လက်၍ အရှေ့သို့ လျှောက်သွားခဲ့သည်။ ထိုဗုဒ္ဓကျင့်ကြံသူက ရီဖူရှင်း လာနေသည်ကို မြင်သောအခါ သူက မသိလိုက်ပါဘဲ ရီဖူရှင်းအား သူ့ကို ဖြတ်ကျော်သွားခွင့်ပေးလိုက်သည်။

“ဝရဇိန်မန္တန်။” ဗုဒ္ဓကျင့်ကြံသူများအားလုံးက ရီဖူရှင်းကို ထိတ်လန့်အံ့အားသင့်စွာ ကြည့်နေခဲ့သည်။ မတုန်လှုပ်မယိမ်းယိုင်သည့် ဓမ္မတိုက်ပွဲသဏ္ဌာန်အပြင် ရီဖူရှင်းသည် ဝရဇိန်မန္တန်ကိုလည်း ကျင့်ကြံနိုင်ခဲ့သည်။

ဗုဒ္ဓလမ်းစဥ်ကျင့်ကြံခြင်းတွင် အစွမ်းထက်သည့် ဗုဒ္ဓဂါထာမန္တာန်များစွာရှိပြီး အလွန် အစွမ်းထက်လှသည်။ သေခြင်းတရားကို ကျော်လွန်ပြီး ပြန်လည်မွေးဖွားခြင်းစကိဝန်းအတွင်း ပို့ဆောင်ပေးနိုင်သည့် မန္တာန်များပင် ရှိလေသည်။ ရီဖူရှင်း ယခု အသုံးပြုလိုက်သည့် မန္တာန်က ဗုဒ္ဓရဟန်းမန္တာန်ပင် ဖြစ်ကာ လွှမ်းမိုးနိုင်စွမ်းရှိသည့် အစွမ်းထက် မန္တာန်တစ်မျိုးပင် ဖြစ်သည်။ ၎င်းက မတုန်လှုပ်မယိမ်းယိုင်သည့် တိုက်ပွဲသဏ္ဌာန်နှင့် အတူ တွဲဖက်အသုံးပြုသည့်အခါ အစွမ်းထက်ကာ ရပ်တန့်မရနိုင်သည့် တွဲလုံးတိုက်ခိုက်ရေးတစ်ခု ဖြစ်လာခဲ့သည်။ ထိုဗုဒ္ဓကျင့်ကြံသူက သူ ရှေ့ဆက်တိုးလာခြင်းကို တားဆီးနိုင်စွမ်းမရှိသည်မှာ အံ့သြစရာမရှိတော့ပေ။

ရီဖူရှင်း ဤမန္တာန်ကို ပထမဆုံးအကြိမ် ကျင့်ကြံခဲ့သောအခါ ၎င်းက တိုက်ဆိုင်မှုတစ်ခုသာ ​ဖြစ်သည်။ သူသည် ယခင်က ဗုဒ္ဓကျင့်ကြံခြင်း နည်းစနစ်တစ်ခုဖြစ်သည့် မိစ္ဆာရဟန်းသတ်ဖြတ်ခြင်းဟန်ကို ကျင့်ကြံခဲ့ဖူးသည်။ မိစ္ဆာရဟန်းသတ်ဖြတ်ခြင်းဟန်က ဝရဇိန်မန္တန်မှ ဆင်းသက်လာခြင်းဖြစ်ပြီး မန္တာန်၏ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်သည်။

ရှိပြီးသားအခြေခံနှင့် ကျွမ်းကျင်ထားသည့် နည်းလမ်းကြောင့် ရီဖူရှင်း၏ ဦးစားပေးရွေးချယ်မှုက ဝရဇိန်မန္တန်​ဖြစ်သွားခဲ့ခြင်း ဖြစ်သည်။ သူက ၎င်းကို လျင်မြန်စွာ ထိန်းချုပ်နိုင်စွမ်းရှိပြီး ၎င်း၏ စွမ်းအားက အမှန်တကယ် လွှမ်းမိုးကာ ဖိနှိပ်နိုင်စွမ်းရှိသည်။

ထို့နောက်တွင် နောက်ထပ် ဗုဒ္ဓကျင့်ကြံသူတစ်ယောက် ထွက်ပေါ်လာခဲ့ကာ ထိုလူက အဆင့်ကိုးတွင် ရှိနေသည့် တစ်စုံတစ်ယောက် ဖြစ်သော်လည်း အောင်မြင်ခြင်းမရှိခဲ့ပေ။ သူက အရှေ့မှ အခြားလူများကဲ့သို့ ရီဖူရှင်း၏ အနိုင်ယူခြင်းကို ခံခဲ့ရပေသည်။ မတုန်လှုပ်မယိမ်းယိုင်သည့် တိုက်ပွဲသဏ္ဌာန် အပြင် ဝရဇိန်မန္တန်နှင့် ရီဖူရှင်းက ခိုင်မာကာ မကိုင်လှုပ်နိုင်သူတစ်ယောက်ကဲ့သို့ ဖြစ်​ပေသည်။ သို့သော် အခြားလူများက သူ၏ တိုက်ခိုက်မှုများကို ခံနိုင်ရည်မရှိသလို သူ ရှေ့ဆက်သွားနေသည်ကိုလည်း မရပ်တန့်နိုင်ခဲ့သောကြောင့် သူက ရှေ့ဆက်လျှောက်နေခဲ့သည်။

ရီဖူရှင်းက မဖြစ်နိုင်လောက်အောင် အလွန် လွှမ်းမိုးနိုင်စွမ်းရှိသည်ကို မြင်သောအခါ အချို့သော ဗုဒ္ဓကျင့်ကြံသူများက ရှေ့သို့ တစ်လှမ်းပြီးတစ်လှမ်း တိုးလာခဲ့သည်။ အချို့က ရီဖူရှင်း ရှေ့ဆက်တိုးလာသည်ကို ဟန့်တားချင်ကြပြီး အချို့က ရီဖူရှင်း၏ ခွန်အားကို စမ်းသပ်ချင်ကြသည်။ သို့သော် သူတို့အားလုံးက ခြွင်းချက်မရှိ သူ့ကို ရပ်တန့်နိုင်စွမ်း မရှိကြပေ။

နှစ်ဖက်လုံးတွင် ဒဏ်ရာရထားခဲ့သည့် ကျင့်ကြံသူအနည်းငယ် ရှိပေသည်။ သို့သော် ရီဖူရှင်းက ညှာတာခဲ့သည်။ သူက မည်သူ့ကိုမှ ဆိုးဆိုးဝါးဝါး ဒဏ်ရာရအောင် အလွန်အကျွံ မလုပ်ခဲ့ဘဲ သူတို့အားလုံးက အနည်းငယ်သာလျှင် ဒဏ်ရာရရှိခဲ့ပေသည်။ အဆုံးမှာတော့ ဤနေရာက အနောက်ဘက်ကောင်းကင်၏ လိပ်ပြာတောင်ကုန်းဖြစ်ပြီး ၎င်းသည် တစ်ချိန်က ဗုဒ္ဓအားလုံးအရှင်သခင် ကျင့်ကြံခဲ့သည့် ဗုဒ္ဓလောက၏ သန့်စင်မြင့်မြတ်နယ်မြေ ဖြစ်သည်။

မကြာခင်မှာပင် ရီဖူရှင်းက အနိမ့်ဆုံးအလွှာကို ဖြတ်သန်းသွားပြီး ရွှေရောင်တိမ်ပင်လယ်ပေါ် ခြေချလိုက်သည်။ သူ့ပတ်ဝန်းကျင်ရှိ ထိုဗုဒ္ဓကျင့်ကြံသူတို့၏ အရှိန်အဝါတို့က ပိုမိုအားကောင်းလာကာ သူတို့၏ အဆင့်အတန်းကို တိုးမြှင့်ပေးသည်။ ယခင်က ထိုဗုဒ္ဓအရှင်ပြောခဲ့သလို သတ္တဝါများအားလုံး သာတူညီမျှရှိပြီး ဗုဒ္ဓများအကြား မည်သည့် ကွာခြားချက်မှ မရှိပေ။ သို့သော် ဗုဒ္ဓကျင့်စဥ်များကြား၌ ကွဲပြားမှုတို့ ရှိပေသည်။

အမြင့်ဆုံးမှ ထိုဗုဒ္ဓအရှင်များက ရီဖူရှင်း သူတို့ထံ လျှောက်လာနေသည်ကို စောင့်ကြည့်နေကြသည်။ အချို့သော ဗုဒ္ဓအရှင်များက တီးတိုးပြောလိုက်သည်။ “ကောင်းကင်ဒေသကနေ လာတဲ့ အဲဒီတစ်ယောက်က ဗုဒ္ဓလမ်းစဥ်ကို လအနည်းငယ် ကျင့်ကြံရုံနဲ့ ဒီအဆင့်ထိရောက်အောင် အောင်မြင်နိုင်တယ်။ ဗုဒ္ဓအရှင်တွေရဲ့ တိုက်ရိုက်တပည့်တွေ ဝင်ရောက်ဟန့်တားတာမှမဟုတ်ရင် ဒကာလေးရီကို ရန်တန့်ဖို့ ခက်ခဲမယ့်ပုံပဲ။”

“ဗုဒ္ဓကျင့်ကြံသူတွေက နှစ်ပေါင်းများစွာ ကျင့်ကြံလာတာတောင် လအနည်းငယ်လောက်ပဲ ကျင့်ကြံရသေးတဲ့ တစ်စုံတစ်ယောက်ကို မယှဥ်နိုင်ဘူးလား။” အခြားဗုဒ္ဓကျင့်ကြံသူက လူအုပ်ကြီးကို ဝေ့ကြည့်ကာ မေးခွန်းထုတ်လိုက်သည်။ ထိုဗုဒ္ဓကျင့်ကြံသူက ရန်လိုသော စကားပြောလာသည့် ရှန်းယန်ဗုဒ္ဓအရှင်မှလွဲ၍ အခြားမဟုတ်ပေ။ သူ့အကြည့်က ကြောက်မက်ဖွယ်ပင် ကောင်း၏။ ကျားနန်မြို့၌ အသတ်ခံခဲ့ရသော ကျူးဟိုက သူ့တပည့် ဖြစ်လေသည်။

အမှန်တကယ်၌ သူ့လက်အောက်တွင် တပည့်များစွာရှိပြီး တစ်ယောက် သေဆုံးသွားခြင်းက သူ့အတွက် ကြီးကြီးမားမား ပြဿနာမရှိပေ။ ဗုဒ္ဓအရှင်ကဲ့သို့ တစ်စုံတစ်ယောက်က ထိုသို့သော ကိစ္စများကို ကိုယ်တိုင် ရင်ဆိုင်ရန် မလိုအပ်သော်လည်း သေဆုံးခဲ့သူမှာ သူ့တပည့်ဖြစ်ပြီး ထိုတရားခံက ယခု အနောက်ဘက်ကောင်းကင်၏ လိပ်ပြာတောင်ကုန်းကို ဝင်ရောက်ကာ ဤနေရာသို့ ရောက်ရှိလာသည်။ သူက ထိုအဖြစ်အပျက်နှင့် ပတ်သတ်၍ မပျော်မရွှင်ဖြစ်နေသည်မှာ သေချာပေသည်။ ထိုလူကို လိပ်ပြာတောင်ကုန်းအား ဖြတ်သန်းခွင့်ပြုလိုက်လျှင် ဤနေရာ၌ ရှိနေသည့် ဗုဒ္ဓကျင့်ကြံသူများ၏ မျက်နှာကို ဖြတ်ရိုက်လိုက်ခြင်း မဟုတ်ပါလား။

ဗုဒ္ဓကျင့်ကြံသူများ အားလုံးက တူညီသော ကျင့်ကြံခြင်းနည်းလမ်းကို ကျင့်ကြံခဲ့ကြသော်လည်း ဗုဒ္ဓလမ်းစဥ်က အဆုံးမဲ့ကျယ်ပြန့်ကာ တစ်ယောက်ချင်းစီ၌ မတူညီသောကျင့်ကြံမှုများ ရှိခဲ့သည်။ ဗုဒ္ဓအရှင်များသည်လည်း အတူတူပင် သူတို့ မည်သူဖြစ်သည်ဟူသည့်အပေါ် မူတည်ပြီး အကြံဉာဏ်အတွေးအမြင်များ ကွာခြားမှု ရှိပေသည်။

ရှန်းယန်ဗုဒ္ဓအရှင်၏ စကားလုံးများကို ကြားသောအခါ သူ့တပည့်များထဲမှ တစ်ယောက်က ချက်ချင်း ရှေ့သို့ လှမ်းလာခဲ့သည်။ သူက ကြောက်မက်ဖွယ် အရှိန်အဝါတို့နှင့် အဆင့်ကိုး ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။ သူက ရီဖူရှင်း ရှေ့၌ ရပ်နေခဲ့ပြီး ကောင်းကင်မျက်လုံးများကို ဖွင့်ကာ ရီဖူရှင်းအား ကြည့်လိုက်သည်။ သူက ရီဖူရှင်းကို ဖြတ်၍ မြင်နိုင်သလိုပင် ဖြစ်ပေသည်။

ရီဖူရှင်းက သူ့ခေါင်းကိုမော့ကာ တစ်ဖက်လူအား ကြည့်၍ တွေးလိုက်သည်။ ရှန်းယန်ဗုဒ္ဓအရှင်၏ တပည့်တစ်ယောက်လား။ ယခင်က ထိုလူများသည် အနောက်ဘက်ကောင်းကင်၏ သန့်စင်မြင့်မြတ်နယ်မြေအတွင်း သူ့ကို ရပ်တန့်ရန် ကြိုးစားခဲ့သည်။ ဗုဒ္ဓပွဲတော်အတွင်း သတ်ဖြတ်ခြင်းကို တားဆီးထားခြင်းမှ မဟုတ်လျှင် သူတို့သည် ယခုချက်ချင်းပင် ကျူးဟိုအတွက် လက်စားချေလိမ့်မည် ဖြစ်ပေသည်။

All Chapters