အခန်း (၂၈၅)
Vol. 28 Ch. 285
ဆက်တိုက်ဆိုသလို ပေါက်ကွဲနေသော ကိုယ်ပွါး ရာပေါင်းများစွာ၏ တိုက်ခိုက်မှုအောက်တွင် ပိတ်မိနေစဉ်မှာပင် အကြီးအကဲဖြစ်သူသည် တစ်စုံတစ်ခုကို နောက်ဆုံး၌ သတိပြုမိသွားခဲ့သည်။ အဆုံးမရှိသော ပေါက်ကွဲမှုများ၏ ရုတ်ရုတ်သဲသဲ ဖြစ်ရပ်များကြားမှ အခြားကိုယ်ပွါးများနှင့် မတူဘဲ ထူးခြားနေသည့် လီယောင်းတစ်ဦးကို သူမ လှမ်းမြင်လိုက်ခြင်းဖြစ်သည်။
အခြားကိုယ်ပွါးများက တခိခိ ရယ်မောနေကြသော်လည်း ဤတစ်ဦးမှာမူ သူမ၏ဘေးတွင် ထူးဆန်းသော လျှပ်စီးရုပ်သေးရုပ်လေးတစ်ခု ဝဲပျံလျက် အေးအေးဆေးဆေးပင် ရပ်နေ၏။ အကြီးအကဲ၏ မျက်လုံးများမှာ ဝမ်းသာအားရ ဝင်းပသွားတော့သည်။
“မိပြီပေါ့”
သူမက အောင်နိုင်သူတစ်ဦးအသံဖြင့် ကြွေးကြော်လိုက်ပြီး သူမရှိရာနေရာမှ ချက်ချင်း ပျောက်ကွယ်သွားကာ ထိတွေ့မိသည်နှင့် ပေါက်ကွဲတတ်သော ကိုယ်ပွါးအုပ်စုကြီးကို လျင်မြန်စွာ ကျော်ဖြတ်သွားခဲ့သည်။ သူမ၏ ပစ်မှတ်အစစ်အမှန်ကို ရှာတွေ့သွားပြီဖြစ်၍ ရရှိလာမည့် ဒဏ်ရာအသေးအဖွဲများကို သူမ ဂရုမစိုက်တော့ပေ။
လီယောင်းနှင့် လက်မအနည်းငယ်အကွာသို့ ရောက်ရှိချိန်တွင် သူမက လက်ကို ဆန့်ထုတ်လိုက်၏။ သို့သော် ရုတ်တရက်ဆိုသလို သူမသည် အားပါပါဖြင့် နောက်သို့ ရိုက်ထုတ်ခြင်းခံလိုက်ရပြီး မီတာအတော်များများအထိ လွင့်ထွက်သွားခဲ့သည်။
ရှန်းယွီသည် ဟင်းလင်းပြင်ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လျက် လီယောင်း၏ရှေ့တွင် ကာကွယ်သည့်ဟန်ဖြင့် ပေါ်လာသည်။ သူသည် သူ၏လက်ထဲရှိ လက်နက်ကို ခေတ္တမျှ ငေးကြည့်ရင်း ၎င်းမှာ တကယ့်ကို အထင်ကြီးစရာကောင်းလှသည်ဟု တွေးနေမိ၏။
“ဟဲဟဲ... ဘယ်လို ပါရမီရှင် ပန်းပဲဆရာက ဒီလောက်ကောင်းတဲ့ ဓားမျိုးကို လုပ်ထားတာလဲ မသိဘူးနော်”
“စီနီယာအစ်ကိုပဲ လုပ်ထားတာ မဟုတ်ဘူးလား”
“အဟမ်း... အေးပေါ့ ဟုတ်တာပေါ့”
သူကိုယ်တိုင်အတွက်လည်း ဤကဲ့သို့သော နတ်ဘုရားလက်နက်မျိုး တစ်ခုလောက်တော့ ဖန်တီးရန် တကယ်လိုအပ်နေပြီဖြစ်သည်။
အကြီးအကဲမှာ နောက်သို့ ယိုင်ထွက်သွားပြီးနောက် ဟန်ချက်ကို ပြန်လည်ထိန်းလိုက်နိုင်သည်။ သူမ၏ အကြည့်များမှာ ဓားကို အသင့်အနေအထားဖြင့် ကိုင်ထားသော ရှန်းယွီနှင့် တည့်တည့်ဆုံသွား၏။
“ရုပ်သေးရုပ်လား”
သူမက ဇဝေဇဝါဖြင့် ရေရွတ်လိုက်မိသည်။
ဒီကလေးမလေးရဲ့ နည်းလမ်းတွေက ဘာကြောင့် ဒီလောက်အထိ ထူးဆန်းနေရတာလဲ။
သူမက ဤဖြစ်ရပ်သစ်ကို နားလည်ရန် ကြိုးစားနေစဉ်မှာပင် ပေါက်ကွဲတတ်သော ကိုယ်ပွါးများမှာ သူမရှိရာသို့ ပြန်လည်ရောက်ရှိလာပြီး နောက်ထပ် ပေါက်ကွဲမှုလှိုင်းများဖြင့် တိုက်ခိုက်လာပြန်သည်။ သူမသည် သူမ၏ နယ်ပယ်ကို လျင်မြန်စွာ ထိန်းချုပ်လိုက်ပြီး ဝင်လာသော ကိုယ်ပွါးများကို ဖမ်းဆုပ်ကာ အဝေးသို့ လွှင့်ပစ်ရန် ဧရာမ မီးလျှံလက်ဝါး ရာပေါင်းများစွာကို ဖန်တီးလိုက်ကာ လီယောင်းရှိရာသို့ လမ်းကြောင်းတစ်ခုကို ရှင်းထုတ်လိုက်သည်။
ထို့နောက် သူမသည် ဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ လီယောင်း၏ ရှေ့တည့်တည့်သို့ ချက်ချင်း ပေါ်ထွက်လာတော့သည်။ ထိုပြောင်းလဲမှုမှာ အလွန်တရာ မြန်ဆန်လွန်းလှသဖြင့် ရှန်းယွီသည် လှုပ်ရှားမှုကို သတိပြုမိပြီး တုံ့ပြန်ရန် ပြင်လိုက်ချိန်တွင် ကြားဖြတ်တားဆီးရန် အလွန်ပင် နောက်ကျသွားခဲ့ပြီဖြစ်ရာ သူမ၏ ပြင်းထန်သော တိုက်ကွက်မှာ လီယောင်းထံသို့ တည့်တည့်ကျရောက်တော့မည်ဖြစ်သည်။
သို့သော် တိုက်ခိုက်မှု မထိမှန်မီမှာပင် ဓားအိမ်သည် သူတို့နှစ်ဦးကြားတွင် ပေါ်လာပြီး တိုက်ခိုက်မှု၏ ပျက်စီးအားအားလုံးကို စုပ်ယူကာ ကာကွယ်ပေးလိုက်သည်။
“တောက်”
သူမ စိတ်ပျက်လက်ပျက် ကျိန်ဆဲလိုက်ရင်း နောက်ထပ် တိုက်ခိုက်မှုတစ်ခုကို ချက်ချင်း ထပ်မံပြုလုပ်ရန် ကြိုးစားလိုက်သည်။ သို့သော် ယခုတစ်ကြိမ်တွင်မူ ရှန်းယွီက အနေအထား အသာစီးရသွားပြီဖြစ်ရာ သူ၏ ကိုယ်ပိုင်ဓားကွက်ဖြင့် ပြန်လည် ပိုင်းဖြတ်လိုက်တော့သည်။
အကြီးအကဲသည် နောက်ပြန်ကျွမ်းထိုးကာ ထိုတိုက်ကွက်ကို သီသီလေး ရှောင်တိမ်းလိုက်ရပြီး အသက်ရှူပေါက်ရရန်အတွက် နောက်သို့ မီတာအတော်ကြာ ဆုတ်ခွာသွားခဲ့သည်။
ဒီနတ်ဘုရားလက်နက်က တကယ့်ကို ကိုင်တွယ်ရ ခက်ခဲလွန်းတယ်။
သူမ တွေးနေမိသည်။
ဒီတိုက်ပွဲကို အဆုံးသတ်ချင်တယ်ဆိုရင် အဲဒီဓားကို တစ်နည်းနည်းနဲ့ အရင်ဆုံး ဖယ်ရှားပစ်ဖို့ လိုအပ်နေပြီ။
ထို့နောက် သူမသည် ရှန်းယွီကို တွက်ချက်မှုအပြည့်ရှိသော အပြုံးဖြင့် စိုက်ကြည့်လိုက်၏။ “
ဒီရုပ်သေးရုပ်က သူ့သခင်မထက် သိသိသာသာ အားနည်းပုံရတယ်။ အရင်ဆုံး သူ့ကို အပြတ်ရှင်းပစ်ရမယ်”
သူမ တွေးလိုက်သည်။
...
“ဒါက တော်တော်ကြာနေပြီပဲ”
ရှန်းယွီ စိတ်မရှည်စွာ တွေးလိုက်မိသည်။ သူ တိုက်ပွဲထဲ ဝင်ပါခဲ့သည်မှာ တစ်နာရီနီးပါး ရှိနေပြီဖြစ်သော်လည်း သူတို့နှစ်ဦး ပူးပေါင်းတိုက်ခိုက်နေသည့်တိုင်အောင် အခြေအနေမှာ ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်နေဆဲပင်။
သူသည် တိုက်ပွဲမြေပြင်၏ တစ်ဖက်ခြမ်းတွင် ဒေါသတကြီး စိုက်ကြည့်နေသော အကြီးအကဲကို လှမ်းကြည့်လိုက်သည်။ တိုက်ပွဲစတင်ချိန်ကထက်စာလျှင် သူမ၏ အခြေအနေမှာ အတော်လေး ပျက်စီးယိုယွင်းနေသည်ကို မြင်လိုက်ရသဖြင့် သူ အနည်းငယ် ပြုံးလိုက်မိ၏။ သူမ၏ ဝတ်ရုံများမှာ မီးဟပ်ကာ စုတ်ပြတ်နေပြီး ကိုယ်ပွါးများ၏ မရပ်မနား ပေါက်ကွဲမှုများကြောင့် ခန္ဓာကိုယ်အနှံ့ ဒဏ်ရာအသေးစားများစွာ ရရှိထားသည်။
သို့သော် သူ၏အနားတွင် ကာကွယ်ပေးထားသော လီယောင်းကို ကြည့်လိုက်သောအခါ သူ၏အပြုံးများ ပျောက်ကွယ်သွားခဲ့သည်။ သူမသည်လည်း အကြီးအကဲ၏ တိုက်ခိုက်မှုများမှ သူ့ကို အသည်းအသန် ကာကွယ်ပေးရင်း ဒဏ်ရာအတော်များများ ရရှိထားခြင်းကြောင့်ပင်။
သူ သက်ပြင်းအရှည်ကြီး ချလိုက်မိသည်။ ဤခန္ဓာကိုယ်မှာ ခေတ္တအသုံးချသည့် ကိုယ်ပွါးခန္ဓာကိုယ်သာ ဖြစ်သဖြင့် သူ့ကို ကာကွယ်ပေးရန် မလိုကြောင်း သူမကို အကြိမ်ကြိမ် ပြောခဲ့သော်လည်း သူမမှာ ထိုအချက်ကို နားမလည်ပုံရပေ။
လက်ရှိနည်းလမ်းက ဘာမှထူးခြားမလာဘဲ အချိန်ကုန်နေမည်ကို သိရှိသဖြင့် ရှန်းယွီသည် သူစဉ်းစားထားသော အခြားနည်းလမ်းတစ်ခုကို အသုံးပြုရန် ဆုံးဖြတ်လိုက်သည်။ သူ၏ စိတ်ဝိညာဉ်မှ ခွဲထုတ်ထားသော အပိုင်းအစတိုင်းသည် သီအိုရီအရ သူ၏ စိတ်ဝိညာဉ်အတွင်းရှိ အကြွင်းမဲ့နယ်ပယ်ကို အသုံးပြုခွင့် ရှိသင့်သည်။ အကယ်၍ ထိုဆက်သွယ်မှုကို အသုံးချကာ သူ၏ အကြွင်းမဲ့နယ်ပယ်ကို ဆင့်ခေါ်နိုင်လျှင် ဤတိုက်ပွဲကို သူတို့ဘက်က အသာစီးရအောင် ပြောင်းလဲနိုင်ပေလိမ့်မည်။
သို့သော် ဤစိတ်ဝိညာဉ်အစအနလေးက ထိုမျှအထိ ပြင်းထန်သော စွမ်းအားကို တောင့်ခံနိုင်
မည်လားဆိုသည်ကိုမူ သူ မသေချာသေးပေ။ အလင်းကိုယ်ပွါးဖြင့် စမ်းသပ်စဉ်ကလည်း ၎င်းမှာ အလွန်ပင် ပင်ပန်းနွမ်းလျစေပြီး ထိန်းသိမ်းရ ခက်ခဲခဲ့သည်။
ရုတ်တရက် သူ အကြံသစ်တစ်ခု ရသွားပြန်သည်။ နယ်ပယ်တစ်ခုလုံးကို ဖြန့်ကျက်ပြီး အားအင်ဖြုန်းတီးမည့်အစား နယ်ပယ်ကို အပြည့်အဝ မထုတ်ဘဲ နယ်ပယ်၏ စွမ်းရည်တစ်ခုတည်းကိုပဲ ဘာလို့ အသုံးမပြုရမှာလဲ။
ထိုသို့တွေးပြီးနောက် သူက လီယောင်းဘက်သို့ လှည့်ကာ “ငါ့ကို သူမရဲ့ အနားကို တိုက်ရိုက် ရွေ့လျားပေးပါ” ဟု ပြောလိုက်သည်။
“ဘာ အဲဒါက အရမ်း အန္တရာယ်များတယ်”
သူမက ချက်ချင်း ကန့်ကွက်တော့သည်။
“စိတ်မပူပါနဲ့။ ငါ့မှာ အစီအစဉ် ရှိပါတယ်”
သူက သူမကို စိတ်ချစေရန် ပြောလိုက်၏။
“ကောင်းပါပြီလေ”
သူမက မတင်မကျဖြင့် သဘောတူလိုက်သည်။
ချက်ချင်းပင် ရှန်းယွီသည် သူရှိနေသော နေရာမှ ပျောက်ကွယ်သွားတော့သည်။
အကြီးအကဲသည် ရှန်းယွီ ရုတ်တရက် ပျောက်ကွယ်သွားသည်ကို သတိပြုမိသည်နှင့် တစ်ပြိုင်နက် အာရုံအားလုံးကို အစွမ်းကုန်မြှင့်တင်ကာ သူ ပြန်လည်ပေါ်ထွက်လာမည့် အရိပ်အယောင်ကို အသည်းအသန် ရှာဖွေလိုက်သည်။
ရှန်းယွီသည် သူမ၏ နောက်ကျောဘက်၌ အသံတိတ်ပေါ်လာပြီး သူမ၏ ဦးခေါင်းကို လှမ်းကိုင်ရန် ကြိုးစားလိုက်သည်။ သို့သော် သူမက ဟင်းလင်းပြင်အတွင်းမှ သိမ်မွေ့သော လှုပ်ရှားမှုကို ချက်ချင်းသိရှိသွားပြီး လျင်မြန်စွာ လှည့်ကာ သူရှိရာသို့ လက်သီးဖြင့် ထိုးနှက်လိုက်၏။
“မိပြီပေါ့... ရုပ်သေးရုပ်လေး”
သူမက ခြိမ်းခြောက်သောအပြုံးဖြင့် ပြောလိုက်သည်။
“မဟုတ်ဘူး...”
ရှန်းယွီက အေးဆေးစွာပင် ပြန်ပြောလိုက်သည်။
“ကျွန်တော်က ခင်ဗျားကို မိတာ”
ချက်ချင်းဆိုသလိုပင် သူ၏ လျှပ်စီးခန္ဓာကိုယ်မှ ရေဘဝဲလက်တံများကဲ့သို့သော အမျှင်တန်းပေါင်း ရာနှင့်ချီ ထွက်ပေါ်လာပြီး သူမ၏ လက်သီးကို ရစ်ပတ်ကာ သူမ၏ တစ်ကိုယ်လုံးသို့ ကပ်ပါးပင်များကဲ့သို့ အတင်းအကျပ် ပျံ့နှံ့သွားတော့သည်။
“နင် ဘာလုပ်နေတာလဲ”
သူမက ထိတ်လန့်တကြား အော်ဟစ်ရင်း သူမ၏လက်မှ ပျံ့နှံ့လာသော အမျှင်တန်းများကို အသည်းအသန် ခါထုတ်ရန် ကြိုးစားလိုက်သည်။
ရှန်းယွီက ပြုံးလိုက်ပြီး...
“နတ္ထိဘာဝ ပြိုကွဲခြင်း”
ထိုအခိုက်အတန့်တွင် သူတို့ပတ်ဝန်းကျင်၌ အချိန်များ ရပ်တန့်သွားသကဲ့သို့ ခံစားလိုက်ရသည်။ အကြီးအကဲ၏ လက်သီးမှာ လုံးဝမှောင်အတိ ကျသွားတော့သည်။ ထို့နောက် ဝါးမြိုနေသော ထိုအမှောင်ထုသည် သူမ၏ လက်တစ်ပြင်လုံးသို့ ပျံ့နှံ့သွားပြီး ပုခုံးမှတစ်ဆင့် ခန္ဓာကိုယ်၏ ကျန်ရှိသော အစိတ်အပိုင်းများထံသို့ ဆက်လက် စီးဆင်းသွား၏။
အကြီးအကဲသည် ဘာဖြစ်နေတာလဲဟု သဘောပေါက်သွားချိန်တွင် သူမ၏ ကျန်ရှိသမျှ စွမ်းအားအားလုံးကို စုစည်းကာ အခြားလက်တစ်ဖက်သို့ ပို့လွှတ်လိုက်သည်။ သူမသည် သူမ၏ နယ်ပယ်ကိုပင် လုံးဝရုပ်သိမ်းလိုက်ပြီး စုဆောင်းထားသမျှ ခွန်အားအားလုံးကို တစ်မှတ်တည်း၌သာ စုစည်းလိုက်တော့သည်။
ထို့နောက် သူမ၏ ပုပ်သိုးပျက်စီးနေသော လက်ကို ကိုင်ထားဆဲဖြစ်သည့် ရှန်းယွီထံသို့ လက်သီးဖြင့် ထိုးနှက်လိုက်၏။ စုစည်းထားသော ထိုလက်သီးချက်မှာ ရှန်းယွီကို အရှိန်အဟုန်ပြင်းစွာ ထိမှန်သွားပြီး သူ၏ လျှပ်စီးခန္ဓာကိုယ်ကို အမှုန့်ဖြစ်အောင် ချေမှုန်းပစ်လိုက်သည်။
သူ၏ပုံရိပ် ပျက်စီးသွားသည်နှင့်တစ်ပြိုင်နက် ပျံ့နှံ့နေသော အမှောင်ထုမှာလည်း ရပ်တန့်သွားသဖြင့် သူမ သက်ပြင်းချလိုက်နိုင်သည်။ သူမသည် သေမင်း၏ အရိပ်အယောင်ကို အနီးကပ်ခံစားလိုက်ရသဖြင့် ဤသည်မှာ မည်သို့သော ကောက်ကျစ်ပြီး တားမြစ်ထားသည့် စွမ်းရည်မျိုးဖြစ်တာလဲဟု အံ့ဩနေမိသည်။
သို့သော် သူမ၏ ကျဉ်းကျဉ်းလေး လွတ်မြောက်မှုအတွက် စဉ်းစားနေစဉ်မှာပင် ထိခိုက်သွားသော သူမ၏လက်မှာ ရုတ်တရက် ညှိုးနွမ်းပျက်စီးလာတော့သည်။ အကြွင်းမဲ့အမှောင်ထုဖုံးလွှမ်းသွားသော သူမ၏ ခန္ဓာကိုယ် အစိတ်အပိုင်းအားလုံးမှာ တစ်စစီ ပြုတ်ထွက်ကာ ပျက်စီးလာခဲ့၏။
“ဟင်”
သူမ ဇဝေဇဝါဖြင့် အသံထွက်မိသော်လည်း သူမ၏ အသံမှာ ချက်ချင်းပင် နာကျင်လှသော အော်ဟစ်သံအဖြစ်သို့ ပြောင်းလဲသွားသည်။ သူမ၏ ခန္ဓာကိုယ် ထက်ဝက်နီးပါးမှာ စတင်ပြိုကွဲပျက်စီးနေပြီ ဖြစ်သည်။ ထိုနာကျင်မှုမှာ သူမ တစ်သက်တာ စိတ်ကူးထားဖူးသမျှထက် များစွာ သာလွန်နေတော့သည်။
တစ်ဖက်တွင်မူ လီယောင်းသည် ဤမြင်ကွင်းကို ကြည့်ရင်း အံ့အားသင့်ကာ မှင်တက်နေမိတော့သည်။
“စီနီယာအစ်ကို...”
သူမ၏ မျက်စိရှေ့တွင် ဖြစ်ပျက်သွားသောအရာကို မယုံကြည်နိုင်ဘဲ အားနည်းသောအသံဖြင့် ရေရွတ်လိုက်မိသည်။
သူမရဲ့ စီနီယာအစ်ကို... မရှိတော့ဘူး။ လုံးဝကို ဖျက်ဆီးခံလိုက်ရပြီ။
“မဖြစ်နိုင်တာ...”
သူမ ခေါင်းကို ဆုပ်ကိုင်ရင်း ပြောလိုက်သည်။
[စိတ်အေးအေးထားစမ်း သူ အကောင်းတိုင်း ရှိပါသေးတယ်။ အဲဒါက ကိုယ်ပွါး ခန္ဓာကိုယ်
သက်သက်ပဲဟာကို]
ဧကရီက သူမကို စိတ်အေးစေရန် အရေးတကြီး လှမ်းပြောလိုက်သည်။ သို့သော် လီယောင်းမှာမူ ဘာကိုမျှ နားမဝင်တော့ပေ။
ဧကရီသည် ပို၍ ကျိုးကြောင်းဆင်ခြင်နိုင်မည့်သူကို မျှော်လင့်ကာ လီယောင်းဘက်သို့ လှည့်လိုက်သည်။
[ဟေး... မင်းရဲ့...]
သူမ စကားမဆုံးမီမှာပင် ဤဗားရှင်းမှာ ပို၍ပင် ဆိုးရွားနေကြောင်း တွေ့လိုက်ရသဖြင့် ရပ်တန့်သွားသည်။
လီယောင်း၏ မျက်နှာမှာ လုံးဝ ဗလာဖြစ်နေသည်။
“စီနီယာအစ်ကို... စီနီယာအစ်ကို စီနီယာ...”
သူမသည် ထိုစကားလုံးကိုပင် ထပ်ခါတလဲလဲ ရွတ်ဆိုနေမိသည်။
ထို့နောက် ရုတ်တရက်ဆိုသလိုပင် သူမသည် သတိပေးချက် တစ်စုံတစ်ရာမရှိဘဲ စိတ်ဝိညာဉ်ပင်လယ်အတွင်းမှ လုံးဝ ပျောက်ကွယ်သွားတော့သည်။
[မဖြစ်နိုင်တာ]
ဧကရီမှာ ထိတ်လန့်တကြား တွေးလိုက်မိပြီး ဘာဖြစ်နေသည်ကို ချက်ချင်း သဘောပေါက်သွားသည်။ ပင်ကိုယ်စရိုက် နှစ်ခုစလုံးသည် တူညီသော ပြင်းထန်သည့် ခံစားချက်တစ်ခုဖြစ်သည့် ကမ္ဘာကြွေးကို ဆပ်လိုခြင်းပင်။ သူတို့သည် တူညီသော စိတ်လှိုင်းအလျားပေါ်သို့ ရောက်ရှိသွားချိန်တွင် တစ်ဦးနှင့်တစ်ဦး ထပ်တူကျသွားကာ စည်းလုံးသော စိတ်ဝိညာဉ်တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားခဲ့ကြခြင်းပင်။
အပြင်လောကတွင်မူ လီယောင်းသည် သူမ၏ ရင့်ကျက်သော ပုံစံသို့ ပြန်လည်ရောက်ရှိလာပြီးနောက် အကန့်အသတ်မဲ့ အသွင်ကူးပြောင်းမှုထဲသို့ ချက်ချင်းဝင်ရောက်သွားသည်။ သူမ၏ ဆံပင်များမှာ ဖြူဖွေးသွားကာ မျက်လုံးများမှာ သက်မဲ့သော ငွေရောင်အဖြစ်သို့ ပြောင်းလဲသွား၏။ သူမသည် မျက်နှာတွင် မည်သည့် ခံစားချက်မျှ မရှိဘဲ သည်းမခံနိုင်သော နာကျင်မှုကြောင့် အော်ဟစ်နေဆဲဖြစ်သည့် အကြီးအကဲရှိရာသို့ ဖြည်းညှင်းစွာ လမ်းလျှောက်သွားသည်။
သူမ ချဉ်းကပ်လာသည်နှင့်အမျှ သူမ၏ အရေပြားပေါ်တွင် ပြင်းထန်သော အက်ကြောင်းများ ပေါ်ထွက်လာသည်။ ထို့နောက် သူမ၏ ပတ်ဝန်းကျင်တွင် ဆီးနှင်းများ စတင်ဖြစ်ပေါ်လာပြီး အလွန်အမင်း အေးစက်လှသဖြင့် ဟင်းလင်းပြင်ကိုယ်တိုင်ပင် ခဲသွားတော့သည်။
နောက်ဆုံးတွင် သူမသည် နာကျင်မှုကြောင့် လူးလိမ့်နေသော အကြီးအကဲ၏ ရှေ့တည့်တည့်သို့ ရောက်ရှိလာသည်။ အကြီးအကဲမှာ မခံမရပ်နိုင်အောင် နာကျင်နေဆဲဖြစ်သော်လည်း အားနည်းစွာဖြင့် ခေါင်းမော့ကြည့်လိုက်ရာ လီယောင်း၏ ခံစားချက်ကင်းမဲ့နေသော မျက်လုံးများနှင့် ဆုံသွားတော့သည်။
လီယောင်းက လက်ကို ဖြည်းညှင်းစွာ နှိမ့်ချလိုက်သည်။ အကြီးအကဲမှာ လုံးဝခဲသွားသော ဟင်းလင်းပြင်နှင့် ခန္ဓာကိုယ်ကို ဝါးမြိုနေသော ဝေဒနာတို့ကြောင့် လှုပ်ပင်မလှုပ်နိုင်တော့ပေ။
လီယောင်း၏ အေးစက်လှသော လက်ဖဝါးသည် အကြီးအကဲ၏ နဖူးနှင့် ထိတွေ့သွားသည်။
“အကြွင်းမဲ့ သုညအမှတ်”
ချက်ချင်းပင် သဘာဝလွန် အေးစက်မှုသည် ထိတွေ့ရာနေရာမှ ပျံ့နှံ့သွားပြီး စက္ကန့်ပိုင်းအတွင်း အကြီးအကဲ၏ တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားတော့သည်။ ထို့နောက် လီယောင်းက ထိုနှင်းခဲပုံဆောင်ခဲပေါ်သို့ အင်အားအနည်းငယ်သာ သုံး၍ ဖိလိုက်ရာ ၎င်းမှာ မရေတွက်နိုင်သော အပိုင်းအစများအဖြစ် အစိတ်စိတ်အမွှာမွှာ ကွဲအက်ကာ မြေပြင်ပေါ်သို့ လွင့်စင်သွားတော့သည်။