အခန်း (၂၈၂)
Vol. 28 Ch. 282
လီယောင်းသည် သူမ၏ဓားကို ဝှေ့ယမ်းကာ နောက်ထပ် ဧရာမမီးလျှံလက်ဝါးကြီးတစ်ခုကို ပိုင်းဖြတ်လိုက်ပြီး အကွာအဝေးတစ်ခုရရန် နောက်သို့ အမြန်ဆုတ်လိုက်သည်။ သူမ၏ ဒုတိယကောင်းကင်ဘုံနယ်ပယ်ကို လုံးဝအသုံးပြု၍မရခြင်းအပေါ် သူမ အလွန်ပင် စိတ်ပျက်နေမိသည်။
အမှန်အတိုင်းပြောရလျှင် သူမသည် ထိုနယ်ပယ်ကို အာရုံခံ၍ပင် မရတော့ပေ။
ဘာတွေဖြစ်နေတာလဲ။
အကြီးအကဲ၏ နယ်ပယ်က သူမ၏ကိုယ်ပိုင်နယ်ပယ်ကို တစ်နည်းနည်းဖြင့် နှောင့်ယှက်ကာ လုံးဝအသုံးမပြုနိုင်အောင် ပိတ်ဆို့ထားခြင်းလား။
သီအိုရီအရ ကြည့်မည်ဆိုပါက ဤသည်မှာ အဓိပ္ပာယ်ရှိသည်ဟု ဧကရီက တွေးမိသည်။ လီယောင်း၏ နယ်ပယ်မှာ မပြည့်စုံသေးသည့်အပြင် အဆင့်မြင့်ကျင့်ကြံသူတစ်ဦး၏ ပိုမိုခိုင်မာသော နယ်ပယ်၏ ဖိနှိပ်မှုကို ခံရခြင်းမှာ ဖြစ်နိုင်ချေရှိသည်။
“ဒုတိယကောင်းကင်ဘုံနယ်ပယ်က တကယ်တမ်း ဘယ်လိုအလုပ်လုပ်တယ်ဆိုတာ မင်းသိလား”
ရှန်းယွီက မေးလိုက်သည်။
“သိတာပေါ့... အဲဒါက...”
လီယောင်းက ယုံကြည်မှုအပြည့်ဖြင့် စတင်ပြောဆိုသော်လည်း အမှန်တရားကို သဘောပေါက်သွားချိန်တွင် စကားလုံးများမှာ ရုတ်တရက် ရပ်တန့်သွားခဲ့သည်။
သူမသည် ထိုနယ်ပယ် မည်သို့လည်ပတ်သည်ကို အမှန်တကယ်ပင် နားမလည်ခဲ့ချေ။
[ဪ... ဒါကြောင့်ကိုး အခုမှပဲ သဘောပေါက်တော့တယ်]
ဧကရီက အရာအားလုံးကို သိမြင်သွားသော အပြုံးဖြင့် ပြောလိုက်သည်။
[ဒီနယ်ပယ်က မင်းပိုင်တာ မဟုတ်လို့ မင်း အသုံးမပြုနိုင်တာပဲ]
ဧကရီက ရှင်းပြလိုက်၏။
“ကျွန်မပိုင်တာ မဟုတ်ဘူး ဟုတ်လား”
သူမက ဇဝေဇဝါဖြင့် မေးလိုက်သည်။
“မှန်တယ်”
ရှန်းယွီက ပြန်ဖြေလိုက်သည်။
“ဒီနယ်ပယ်ကို မူလက ဖန်တီးခဲ့တာက ယောင်းယောင်းလေ။ အခု မင်းတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် စိတ်ချင်း ထပ်တူမကျဖြစ်နေတဲ့အတွက် နားလည်မှုကို ဝေမျှလို့မရဘူး။ ဆိုလိုတာက ယောင်းယောင်းတစ်ယောက်တည်းသာ ဒီနယ်ပယ် ဘယ်လိုအလုပ်လုပ်သလဲဆိုတာကို အမှန်တကယ် သိတာဖြစ်ပြီး သူမတစ်ယောက်တည်းပဲ အသုံးချနိုင်တာပေါ့”
[ဟုတ်တယ် အဲဒါ အမှန်ပဲ]
ဧကရီက အတည်ပြုလိုက်သည်။
လီယောင်းသည် ဤအချက်ကို ကြားလိုက်ရချိန်တွင် စိတ်ထဲ၌ တုံ့ပြန်မှု နှစ်မျိုးဖြစ်နေပုံရသည်။ သူမ၏ ငယ်ရွယ်သော ပုံစံငယ်လေး ယောင်းယောင်းကို အားကိုးရမည်ဟူသော အသိက သူမအတွက် အနည်းငယ် ရှက်စရာကောင်းနေသကဲ့သို့ပင်။ သို့သော် စိတ်ထဲ၌ ခေတ္တမျှ ရုန်းကန်ပြီးနောက် နောက်ဆုံးတွင်တော့ လက်လျှော့ကာ သက်ပြင်းချလိုက်တော့သည်။
“ကောင်းပြီလေ... နင်ပဲ လုပ်လိုက်တော့”
သူမ၏ စိတ်ဝိညာဉ်ပင်လယ်အတွင်းရှိ ငယ်ရွယ်သော လီယောင်းလေးကို မကျေမချမ်းဖြင့် ပြောလိုက်သည်။
ထိုဖီးနစ်မကို သူမကိုယ်တိုင်၏ လက်ဖြင့် သတ်ပစ်ချင်ခဲ့သော်လည်း အရာအားလုံးက ကိုယ်ဖြစ်ချင်သလို ဖြစ်မလာနိုင်သည်ကို သူမ နားလည်လိုက်သည်။
သူမ ထိုသို့တွေးနေစဉ်မှာပင် ယောင်းယောင်းလေးက သူမကို စိုက်ကြည့်ကာ ပြုံးပြလိုက်သည်။ လီယောင်းကလည်း ပြန်လည်ပြုံးပြလိုက်၏။
“ဟင်... ဘာလို့ ရုတ်တရက်ကြီး စိတ်ထဲမှာ တစ်မျိုးကြီး ဖြစ်သွားရတာလဲ”
အပြင်ဘက်တွင်မူ လီယောင်း၏ ခန္ဓာကိုယ်ပတ်ပတ်လည်၌ လျှပ်စီးများ ပြန်လည်စုစည်းလာပြန်သည်။ ယခုတစ်ကြိမ်တွင်မူ ယခင်ကထက် များစွာ ပိုမိုပြင်းထန်လှ၏။
အကြီးအကဲဖြစ်သူကမူ ဤထူးဆန်းသော ဖြစ်စဉ်ဖြစ်ပွားခဲ့သည့် ယခင်တစ်ခေါက်တွင် လီယောင်းသည် သိသိသာသာ ပိုမိုသန်မာလာခဲ့သည်ကို သတိပြုမိထားသည်။ ယခုလည်း ထိုသို့ ထပ်ဖြစ်ဦးမည်လားဟု သူမ တွေးတောနေမိသည်။
လီယောင်း၏ ပတ်ဝန်းကျင်တွင် လျှပ်စီးများ ပို၍ပို၍ စုစည်းလာပြီး ဧရာမ လျှပ်စီးလုံးကြီးတစ်ခု ဖြစ်ပေါ်လာကာ သူမ၏ တစ်ကိုယ်လုံးကို လုံးဝဖုံးလွှမ်းသွားတော့သည်။
ထို့နောက် ထိုလျှပ်စီးလုံးကြီးသည် အတွင်းသို့ ပြန်လည်ကျုံ့ဝင်သွားသည်။ ၎င်း၏ အရွယ်အစားမှာ ထက်ဝက်ခန့် လျော့ကျသွားပြီး ထပ်မံ၍လည်း ထက်ဝက်စီ အကြိမ်ကြိမ် ကျုံ့ဝင်သွားပြန်သည်။ ဤသို့ လျင်မြန်စွာ ဖြစ်ပျက်ပြီးနောက်တွင် လျှပ်စီးလုံးမှာ လုံးဝပျောက်ကွယ်သွားပြီး လီယောင်း၏ အသွင်သစ်မှာ ပေါ်ထွက်လာတော့သည်။
သူမ၏ ယခင်ရင့်ကျက်သော ပုံစံမှာ ပျောက်ကွယ်သွားပြီး ယခုအခါ သူမ၏ မူလပုံစံထက်ပင် ပိုမိုငယ်ရွယ်သော ပုံစံလေး ဖြစ်သွားသည်။ သို့သော် အပြာရောင်မျက်လုံးနှင့် အပြာရောင်ဆံပင်များကိုမူ ဆက်လက်ထိန်းသိမ်းထားဆဲပင်။
သူမသည် လေထဲတွင် ကိုယ်လက်အကြောအချို့ကို ပေါ့ပေါ့ပါးပါး ဆန့်ထုတ်လိုက်ပြီးနောက် ရွှင်မြူးသောအသံဖြင့် ပြောလိုက်၏။
“နောက်ဆုံးတော့ ငါ အပြင်ထွက်လာရပြီဟေ့”
သူမက စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။
“ဟင်း... အခု ငါဘာလုပ်ရမလဲ”
သူမက စဉ်းစားဟန်ဖြင့် အသံထွက်၍ ရေရွတ်လိုက်သည်။
“ထူးထူးဆန်းဆန်းတွေ လျှောက်မလုပ်နဲ့နော် နယ်ပယ်ကို မြန်မြန်ဖွင့် အဲဒီမိန်းမကို ရှာပြီး ခေါင်းကိုသာ ပိုင်းဖြတ်ပစ်လိုက်”
စိတ်ဝိညာဉ်ပင်လယ်အတွင်းရှိ လီယောင်းက တင်းတင်းမာမာ လှမ်းပြောလိုက်သည်။ သူမသည် စိတ်ပျက်လက်ပျက်ဖြင့် တောက်တစ်ချက်ခေါက်လိုက်မိ၏။ ဤအတွင်းထဲမှာ ပိတ်မိနေရသည်မှာ အလွန်ပင် ပျင်းစရာကောင်းလှပြီး ထွက်သွားရသည်မှာ စက္ကန့်ပိုင်းသာ ရှိသေးသော်လည်း သူမမှာ အပြင်သို့ ပြန်ထွက်ချင်နေပြီ ဖြစ်သည်။
“ဟေး... အရမ်းကြီး မညှစ်ထားနဲ့လေ”
ကိုယ်ပွါးအသွင်ဖြင့် ရှိနေသော ရှန်းယွီက ညည်းတွားလိုက်သည်။ လီယောင်း၏ စိတ်မရှည်မှုများ တိုးလာသည်နှင့်အမျှ သူမက သူ့ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားမိသောကြောင့်ပင်။
ဤနှစ်ယောက်မှာ တကယ့်ကို တူကြသည်ဟု ရှန်းယွီ စိတ်ထဲမှ ကျိတ်၍ တွေးလိုက်မိသည်။
“အေးပါ အေးပါ... သိပါတယ်ဆို”
ယောင်းယောင်းက မထီမဲ့မြင်ပြုကာ ပြောလိုက်သည်။
ထို့နောက် သူမသည် လက်ကို ပေါ့ပေါ့ပါးပါး မြှောက်လိုက်ရာ သူမ၏ လက်ဖဝါးပေါ်တွင် သေးငယ်သော လျှပ်စီးလုံးလေးတစ်ခု ပေါ်လာသည်။ သူမသည် ထိုအလုံးထဲသို့ စွမ်းအင်များကို ပို၍ပို၍ စုစည်းလိုက်ပြီးနောက် ရုတ်တရက်ဆိုသလို အရပ်မျက်နှာအနှံ့သို့ ပေါက်ကွဲထွက်သွားစေခဲ့သည်။
အလယ်ပိုင်းတိုက်ကြီးမှ အကြီးအကဲမှာမူ သူမပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်များ ပြောင်းလဲသွားသည်ကို ခံစားလိုက်ရသဖြင့် ဘာဖြစ်နေတာလဲဟု အံ့ဩနေမိသည်။ ၎င်းမှာ နယ်ပယ်တစ်ခု ပေါ်ထွက်လာခြင်းနှင့် အတော်ပင် ဆင်တူလှသည်။
ထို့နောက် သူမ၏နောက်ကျောဘက်မှ တစ်စုံတစ်ယောက် ချဉ်းကပ်လာသည်ကို အာရုံခံမိလိုက်သဖြင့် ဗီဇအရ ချက်ချင်းလှည့်ကာ ထိုအရပ်သို့ ပြင်းထန်သော လက်သီးတစ်ချက် ပစ်သွင်းလိုက်၏။
“ဟေး... ဒါက မယဉ်ကျေးဘူးလေ တစ်ယောက်ယောက် ထိခိုက်သွားရင် ဘယ်လိုလုပ်မလဲ”
လီယောင်းက သူမ၏ နောက်ကျောဘက်မှနေ၍ ပြောလိုက်သည်။
အမျိုးသမီးကြီးမှာ နောက်တစ်ကြိမ် လျင်မြန်စွာ လှည့်ကြည့်လိုက်ရာ သူမ၏ရှေ့တွင် ဝဲပျံနေသော လီယောင်းနှင့် မျက်လုံးချင်း ဆုံသွားတော့သည်။
“ဒုတိယကောင်းကင်ဘုံကနေ ကြိုဆိုပါတယ်...”
အလင်းကိုယ်ပွါး ရှန်းယွီသည် သူ၏မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။
သူ၏ အစောပိုင်းက ယူဆချက်မှာ အမှန်တကယ်ပင် မှားယွင်းနေခဲ့ကြောင်း သူ ပြန်လည်သုံးသပ်နေမိသည်။
ဟင်းလင်းပြင် မီးလျှံအတွင်းရှိ ဟင်းလင်းပြင်မှာ အမှန်စင်စစ်တွင် ဟင်းလင်းပြင်မဟုတ်ဘဲ စစ်မှန်သော ဗလာသက်သက်သာ ဖြစ်နေခြင်းပင်။
၎င်း၏ အမည်မှာလည်း အနက်ရှိုင်းဆုံး အကြွင်းမဲ့မီးလျှံဖြစ်နေခြင်းကြောင့် သိသာလှသည်ဟု ထင်ရသော်လည်း ရှန်းယွီအနေဖြင့် ၎င်းတို့၏ အခြေခံသဘောတရားများမှာ ဤမျှအထိ ကွာခြားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ဟင်းလင်းပြင်သည် အခြေခံအားဖြင့် လေဟာနယ်ဖြစ်ခြင်းကြောင့် အကြွင်းမဲ့သဘောတရားနှင့် များစွာကွာခြားမည်မဟုတ်ဘူးဟု သူက အစောပိုင်းတွင် ယူဆခဲ့ခြင်းဖြစ်သည်။
သို့သော် သူ၏ ထိုကျိုးကြောင်းဆင်ခြင်မှုမှာ လုံးဝမှားယွင်းနေခဲ့သည်။ အကြွင်းမဲ့ဟူသည်မှာ ဟင်းလင်းပြင်နှင့် တိုက်ရိုက်ဆန့်ကျင်ဘက်ဟုပင် ဆိုနိုင်သည်။ ၎င်းသည် အကြွင်းမဲ့ ဘာမှမရှိခြင်းကို ကိုယ်စားပြု၏။ စစ်မှန်သော အကြွင်းမဲ့အတွင်း၌ ဟင်းလင်းပြင်ကိုယ်တိုင်ပင် တည်ရှိနိုင်ခြင်း မရှိပေ။
မီးလျှံ၏ ကိုယ်ပိုင်နယ်မြေအတွင်း၌ အချိန်အတော်ကြာ တရားထိုင်ပြီးနောက်တွင်မှ သူသည် ဤအရေးကြီးသော ကွာခြားချက်ကို တဖြည်းဖြည်း ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။
သို့သော် တစ်ခုသော အချက်က သူ့ကို နှောင့်ယှက်နေဆဲပင်။ အကယ်၍ အကြွင်းမဲ့နယ်ပယ်သည် ဟင်းလင်းပြင်နှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်နေပါကဘာကြောင့် ထိုမီးလျှံသည် ဟင်းလင်းပြင်
အပေါ် ဤမျှအထိ ပြင်းပြင်းထန်ထန် ဆွဲဆောင်ခံနေရတာလဲဆိုသည်မှာ အဓိပ္ပာယ်မရှိပေ။
သူသည် မူလမီးလျှံနှင့် စတင်တွေ့ဆုံစဉ်က ၎င်းမှာ ဟင်းလင်းပြင်ထဲ၌ ရည်ရွယ်ချက်မရှိဘဲ ဝဲပျံနေခဲ့သည်ကို သူသတိရမိသည်။ ထိုစဉ်က ၎င်းမှာ အကြွင်းမဲ့နယ်ပယ်နှင့် ဆင်တူသည်ဟု ထင်ရသော်လည်း အကြွင်းမဲ့နယ်ပယ်ကို အပြင်းအထန် လေ့လာပြီးနောက်တွင်မူ ထိုနေရာမှာ ဟင်းလင်းပြင်သာဖြစ်ကြောင်း သူ အခိုင်အမာ ပြောနိုင်ခဲ့ပြီဖြစ်သည်။
ဘာကြောင့် ဒီလိုဖြစ်ရတာလဲဟု သူ အဖြေရှာရန် ကြိုးစားနေစဉ်တွင် ရုတ်တရက် အတွေးတစ်ခု ဝင်လာသဖြင့် သူ ခေတ္တမျှ တန့်သွားသည်။
ဒါ... ဒါက မဖြစ်နိုင်တာတော့ မဟုတ်ဘူးမလား။
သို့သော် သူ ပို၍ စဉ်းစားလေလေ ၎င်းမှာ ပို၍ ယုံကြည်စရာ ကောင်းလေလေ ဖြစ်လာသည်။
မူလ အကြွင်းမဲ့မီးလျှံသည် အမှန်စင်စစ်တွင် ဟင်းလင်းပြင်ကို ဝါးမြိုသော မိစ္ဆာတစ်ကောင် ဖြစ်နေခြင်းပင်။ ထို့ကြောင့်လည်း သူသည် ဟင်းလင်းပြင်အပေါ် ဤမျှ စွဲလမ်းနေခြင်းဖြစ်သည်။ ဟင်းလင်းပြင်မှာ သူ၏ သဘာဝနေရင်းဒေသ မဟုတ်ဘဲ သူ၏ အဓိက အစာသာ ဖြစ်နေခြင်းပင်။
သူကိုယ်တိုင်လည်း တစ်နေ့တွင် ဟင်းလင်းပြင်ကိုဝါးမြိုသည့် မိစ္ဆာတစ်ကောင် ဖြစ်လာမလားဟု သူ တွေးမိနေသည်။
သူသည် ထိုအသုံးမဝင်သော အတွေးများကို ဖယ်ထုတ်ရန် ခေါင်းကိုခါလိုက်ပြီး ပို၍ လက်တွေ့ကျသော ကိစ္စများအပေါ် အာရုံစိုက်ရန် ဆုံးဖြတ်လိုက်သည်။ အကြွင်းမဲ့နယ်ပယ်အတွင်း၌ သီအိုရီများကို ခွဲခြမ်းစိတ်ဖြာပြီး စမ်းသပ်မှုများစွာ ပြုလုပ်ပြီးနောက် သူသည် အကြွင်းမဲ့နယ်ပယ်နှင့် ပတ်သက်၍ အခြေခံနားလည်မှု အချို့တော့ ရရှိခဲ့ပြီဟု ခံစားရသည်။ သို့သော် ဤအကန့်အသတ်ရှိသော အသိပညာက နယ်ပယ်တစ်ခု အောင်မြင်စွာ ဖန်တီးနိုင်ရန် လုံလောက်မည်လား ဆိုသည်ကိုမူ သူ မသိသေးပေ။
သူသည် လက်ဖဝါးကို ဖြန့်လိုက်ပြီး အာရုံစူးစိုက်ကာ မျက်လုံးမှိတ်ထားလိုက်သည်။ ဖြည်းညှင်းစွာပင် သာမန်မျက်စိဖြင့် မမြင်နိုင်လောက်သော အနက်ရောင် အစက်အပြောက်လေးတစ်ခုမှာ သူ၏ လက်ဖဝါးပေါ်တွင် စတင်ဝဲပျံလာသည်။ သူသည် အကြွင်းမဲ့စွမ်းအင်ကို တည်ငြိမ်အောင်လုပ်ပြီး ချဲ့ထွင်ရန် ကြိုးစားနေစဉ်တွင် သူ၏မျက်နှာ၌ သိသိသာသာ အားစိုက်ထားရသည့် အမူအရာ ပေါ်နေသည်။
မိနစ်အတော်ကြာ ရုန်းကန်ပြီးနောက်တွင်ပင် ထိုအစက်လေးကို အချင်း တစ်လက်မ အရွယ်အထိပင် မချဲ့ထွင်နိုင်သေးပေ။ သူ အကောင်းဆုံး လုပ်နိုင်သည်မှာ လက်မ၏ လေးပုံတစ်ပုံခန့်သာ ဖြစ်ပြီး ထို့နောက်တွင် ၎င်းမှာ ပြန်လည်ပြိုကွဲသွားတော့သည်။
သူသည် စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းချလိုက်မိသည်။ သူ၏ မူလခန္ဓာကိုယ်ဖြင့်လည်း ဤအတိုင်း စမ်းသပ်ကြည့်ခဲ့သော်လည်း အများဆုံး လက်မဝက်ခန့်အထိသာ ရောက်ရှိခဲ့သည်။
အကြွင်းမဲ့ကဲ့သို့ သူနှင့် သဘာဝချင်း နီးစပ်သည့်အရာမျိုးတွင်ပင်၎င်းကို လက်တွေ့အသုံးချနိုင်သော နယ်ပယ်တစ်ခုအဖြစ် ပြောင်းလဲရန်အတွက် ပိုမိုနက်ရှိုင်းသော နားလည်မှုများစွာ လိုအပ်နေသေးပုံရသည်။
ထိုသို့ တွေးနေစဉ်မှာပင် အတွေးသစ်တစ်ခုက သူ့ကို ရိုက်ခတ်သွားသဖြင့် သူ ခေတ္တ ရပ်တန့်သွားသည်။ ထို့နောက် သူက ပြုံးလိုက်၏။ အကယ်၍ ဤအကြံသာ အောင်မြင်ခဲ့လျှင် သူသည် နယ်ပယ်တစ်ခု ရရှိရန်အတွက် ဤမျှအထိ ပင်ပင်ပန်းပန်း အလုပ်လုပ်စရာပင် လိုတော့မည် မဟုတ်ပေ...