အခန်း (၂၉၃)
Vol. 29 Ch. 293
ယွင်ရှန်းမှာမူ လူနာများကို ကုသပေးနေသဖြင့် အလုပ်ရှုပ်နေကာ လမ်းထောင့်ရှိ ထူးခြားသော အခြေအနေကို သတိမထားမိခဲ့ချေ။
အစောပိုင်းက ရှာဝမ်ရွှီသည် သံသယဖြစ်ရုံသာ ရှိခဲ့သော်လည်း ယခုအခါတွင်မူ အထူးအဆင့် မြင့်မြတ်ဆေးရည်ကို ဖော်စပ်နိုင်သော ဤဆရာဝန်မလေးမှာ အဆင့်မြင့် မှော်ဆေးရည်ဖြစ်
သည့် လနတ်သမီး၏ ချီးမွမ်းခြင်းကို ဖန်တီးခဲ့သူ လျှို့ဝှက်ဆန်းပြားသော ဆရာဝန်နှင့် တစ်ဦးတည်းဖြစ်ကြောင်း သူ အကြွင်းမဲ့ ယုံကြည်သွားခဲ့ပြီဖြစ်သည်။
သူမသည် မှော်အတတ်ကိုလည်း တတ်မြောက်သလို ရှေးဟောင်း ဆေးပညာရပ်များတွင်လည်း ကျွမ်းကျင်နှံ့စပ်လှသော ဆရာဝန်တစ်ဦးပင်။
ထိုမိန်းကလေးသည် လယ်သမားတစ်ဦး၏ ဝေဒနာကို စိတ်ရှည်လက်ရှည် မေးမြန်းနေစဉ်အတွင်း သူမ၏ မျက်နှာထက်မှ စိုးရိမ်ပူပန်ပေးတတ်သည့် အမူအရာမှာ ကြည့်ရသူကို ရောဂါဝေဒနာများကိုပင် မေ့လျော့သွားစေကာ အုံ့မှိုင်းနေသော နေ့တစ်နေ့တွင် နေရောင်ခြည်ကို ရုတ်တရက် မြင်တွေ့လိုက်ရသကဲ့သို့ ခံစားရစေသည်။
လေထုထဲတွင် လတ်ဆတ်သော အငွေ့အသက်တစ်ခု ခဏတာ ထွက်ပေါ်လာသကဲ့သို့ ရှိနေပြီး ရှာဝမ်ရွှီ၏ မျက်ဝန်းထဲတွင်လည်း အရောင်အဝါတစ်ခု ဖျတ်ခနဲ လက်သွားခဲ့သည်။ ထိုလယ်သမားကို ဖုံးလွှမ်းထားသော ဝမ်းနည်းပူဆွေးမှုများမှာလည်း ခဏချင်းအတွင်း ပျောက်ကွယ်သွားသယောင်….
ရှာဝမ်ရွှီမှလွဲလျှင် အခြားမည်သူမျှ ထိုအခိုက်အတန့်ကို သတိမထားမိကြချေ။
သူမက တကယ်ပဲ ဘယ်သူလဲ။
ရှာဝမ်ရွှီသည် ထိုမိန်းကလေးကို အသေအချာ စူးစိုက်ကြည့်နေမိသည်။ သူမ၏ နှုတ်ခမ်းလေးများ တွန့်ကွေးကာ ပြုံးလိုက်ချိန်တွင် ပါးပြင်ပေါ်ရှိ ချစ်စဖွယ် ပါးချိုင့်ကလေးနှစ်ဖက်မှာ သိသိသာသာ ထင်ရှားလာတော့သည်။
သူမသည် အသက်အရွယ်အားဖြင့် သိပ်မကြီးသေးသော်လည်း ဆွဲဆောင်မှုရှိသော မိန်းကလေးတစ်ဦး ဖြစ်သည်။ သူမ၏ နက်မှောင်သော မျက်ဝန်းအစုံမှာ အရာအားလုံးကို ထိုးဖောက်မြင်နိုင်သော စွမ်းအားရှိပုံပေါ်သည်။
ရှာဝမ်ရွှီ၏ နှလုံးသားမှာ အနည်းငယ် လှုပ်ခတ်သွားပြီး တစ်စုံတစ်ခုကို သတိရသွားသကဲ့သို့ ဖြစ်သွားသည်။
သူမပဲ... သူ အရင်က 'ပိကျိုးရွာမှာ ဆုံဖူးခဲ့တဲ့ ငယ်ရွယ်တဲ့ အမျိုးသမီး မှော်ဆရာမလေးပဲ။
မထင်မှတ်ထားဘဲ နှစ်နှစ်တာ ကာလအတွင်းမှာတင် သူမက လူလားမြောက်သော အမျိုးသမီးတစ်ဦးအဖြစ် ကြီးပြင်းလာခဲ့ပြီ ဖြစ်သည်။
သူမ၏ ရုပ်ရည်မှာ ယခင်ကထက် ပိုမိုနုနယ်လှပလာပြီး မိုယွိကျောက်နက်ကဲ့သို့ စူးရှသော မျက်ဝန်းများနှင့် သူမ၏ အပြုံးများမှာ ရှာဝမ်ရွှီအတွက် မေ့ပျောက်နိုင်စရာ မရှိအောင်ပင်။
ရှာဝမ်ရွှီ အတွေးထဲ နစ်မျောနေစဉ်မှာပင် ယွီကျိဟုခေါ်သော အမျိုးသား မှော်ဆရာက သူ၏ အတွေးများကို ဖြတ်တောက်လိုက်သည်။
"ဒါပေမဲ့ စီမင်း... သူက တကယ့် ဆရာဝန်တစ်ယောက်ပဲလေ။ ခုနက ဆရာဝန်ကြီး မြင်လိုက်တယ်မလား။ သူ သုံးသွားတာတွေက ဆေးပညာတွေ မဟုတ်ဘူးလား"
ယွီကျိသည် လွန်ခဲ့သော နှစ်အနည်းငယ်က ရှာဝမ်ရွှီနှင့်အတူ ယွင်ရှန်းကို ဆုံတွေ့ခဲ့ဖူးသော လူငယ်မှော်ဆရာများထဲမှ တစ်ဦးဖြစ်သော်လည်း သူကမူ ယွင်ရှန်းကို တစ်ချက်ကြည့်ရုံနှင့် မမှတ်မိခဲ့ချေ။
"ယွီကျိ... မင်း အရင်ဆုံး ယွီကျင်းကျောင်းတော်ကို ပြန်နှင့်တော့။ ငါ ကျောင်းတော်မှာ မရှိတဲ့ အတောအတွင်းမှာ ကျိုးအင်ပါယာ နန်းတွင်းမိသားစုရဲ့ လှုပ်ရှားမှုတွေကို သေချာ စောင့်ကြည့်ထားပါ"
ရှာဝမ်ရွှီသည် သူ၏အကြည့်ကို ပြန်လည်ရုပ်သိမ်းလိုက်သည်။
တစ်ဖက်လူမှာ သူယခင်က ဆုံတွေ့ခဲ့ဖူးသော မိန်းကလေး အမှန်တကယ်ပင် ဖြစ်နေကြောင်း သိလိုက်ရသောအခါ မည်သူ့ကြောင့်မျှ မလှုပ်ခတ်ဖူးသော ရှာဝမ်ရွှီ၏ နှလုံးသားမှာ အနည်းငယ် ဂယက်ထသွားခဲ့သည်။
သဘာဝအရ အေးစက်တည်ငြိမ်တတ်ပြီး လူတို့၏ အနာဂတ်ကို ကြိုတင်မြင်နိုင်သော စွမ်းအားရှိသည့် ရှာဝမ်ရွှီ၏ မျက်ဝန်းများမှာ ပထမဆုံးအကြိမ်အဖြစ် တစ်စုံတစ်ယောက်ကြောင့် ဆွဲဆောင်ခြင်း ခံလိုက်ရသည်။ ထိုသူမှာ ပိကျိုးရွာတွင် သူဆုံတွေ့ခဲ့ဖူးသော မိန်းကလေးပင်။
မထင်မှတ်ထားဘဲ နောက်တစ်ကြိမ် ပြန်လည်ဆုံတွေ့ချိန်တွင်မူ သူတို့နှစ်ဦးမှာ အတော်လေး အနေရခက်သော ဆန့်ကျင်ဘက် အခြေအနေမျိုးတွင် ရပ်တည်နေကြရသည်။
စီမံခန့်ခွဲသူသည် ပင်မကျောင်းတော်သို့ ပြန်သွားပြီဖြစ်သလို သူ မထွက်ခွာမီကလည်း ရှာဝမ်ရွှီကို သတိပေးသွားခဲ့သည်။ မှော်ဆေးရည်သစ်ကို ဖော်စပ်ခဲ့သည့် မှော်ဆရာ၏ မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုပြီးသည်နှင့် ချက်ချင်း အရေးယူဆောင်ရွက်ရန်ပင်။
မှော်ဘုရားကျောင်းနှင့် တိုက်ကြီးတစ်ခုလုံး၏ မှော်အထူးလေ့ကျင့်ရေးစခန်းတို့မှာ ပါရမီရှင်များကို အပိုင်ရလိုစိတ် အလွန်ပြင်းပြကြသည်။ ဤတိုက်ကြီးပေါ်တွင် ပါရမီရှင်ဟု ခေါ်ဆိုထိုက်သူ အများစုမှာ အဖွဲ့အစည်းအသီးသီး၏ သိမ်းပိုက်ခြင်းကို ခံထားရပြီးသား ဖြစ်သည်။
ပါရမီရှင်အသစ်များကို ရှာဖွေတွေ့ရှိသောအခါ မှော်ဘုရားကျောင်းတွင် မဟာဗျူဟာ နှစ်မျိုးသာ ရှိသည်။ ဆွဲဆောင်သိမ်းသွင်းရန် သို့မဟုတ် သိမ်းသွင်း၍မရပါက အပြတ်ရှင်းပစ်ရန်ပင်။
ရှာဝမ်ရွှီသည် ဒုတိယနည်းလမ်းကို အသုံးမပြုလိုပေ။ ထို့ကြောင့် သူသည် စီအန်းဆေးတိုက်အတွင်းသို့ ရောနှောဝင်ရောက်ရန် ဆုံးဖြတ်လိုက်သည်။ ဖြစ်နိုင်လျှင် ယွင်ရှန်းကို မှော်ဘုရားကျောင်းသို့ စည်းရုံးသိမ်းသွင်းလိုသောကြောင့် ဖြစ်သည်။
"စီမင်း... ဆရာဝန်ကြီးက ဘာလုပ်ဖို့ စီစဉ်နေတာလဲ..."
ယွီကျိက သူ၏ စီမင်းကို ထူးဆန်းစွာ ကြည့်လိုက်သည်။ ယနေ့တွင် သူ၏စီမင်းထံမှ ပုံမှန်မဟုတ်သော ခံစားချက်တစ်ခုကို သူ အာရုံခံမိနေသည်။
"ချင်းချန်... ဒါက အမိန့်ပဲ"
ရှာဝမ်ရွှီက ချင်းချန် သို့မဟုတ် ယွီကျိကို ထပ်မံ၍ ရှင်းပြခြင်း မပြုတော့ပေ။ သူ၏ တိုတောင်းလှသော ထိုစကားတစ်ခွန်းမှာ ချင်းချန်ကို ချမ်းစိမ့်သွားစေသည်အထိ အေးစက်လှသည်။
"လက်အောက်ငယ်သား နာခံပါမယ်"
ယွီကျိ၏ နှလုံးသားမှာ အနည်းငယ် တုန်လှုပ်သွားရသည်။ ငယ်စဉ်ကတည်းက ကမ္ဘာကျော်ခဲ့သော ဤကံကြမ္မာရှင်လေးကို သူ မည်သို့မျှ မတွန်းလှန်ရဲချေ။
ကျောင်းတော်ရှိ မျိုးဆက်သစ် မှော်ဆရာများကြားတွင်ပင် ရှာဝမ်ရွှီသည် စီမံခန့်ခွဲသူ ချန်းထက် များစွာ ပိုမိုကြောက်မက်ဖွယ်ကောင်းသူဟု သတ်မှတ်ခံထားရသည်။
ရှာဝမ်ရွှီ အသက် ၁၀ နှစ်အရွယ်က ကျောင်းတော်မှ သစ္စာဖောက်တစ်ဦးသည် မြင့်မြတ်သော အမွေအနှစ်ကို ခိုးယူရန် ကြိုးပမ်းခဲ့ဖူးကြောင်း ယွီကျိ ကြားဖူးသည်။ ထိုစဉ်က ရှာဝမ်ရွှီသည် မျက်တောင်တစ်ချက်ပင် မခတ်ဘဲ သူ၏ မှော်လှံတံကို မြှောက်လိုက်ရုံမျှဖြင့် စူးရှတောက်ပသော အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ထိုသစ္စာဖောက်မှာ ချက်ချင်းပင် အမှုန့်ဖြစ်သွားခဲ့ရသည်။
သူသည် ငြိမ်နေလျှင် အေးဆေးသော်လည်း လှုပ်ရှားလိုက်လျှင်မူ လူ့အသက်တစ်ချောင်း တောင်းဆိုတတ်သူ ဖြစ်သည်။ ပြင်ပလောကတွင် လူ့အသက်များကို ကယ်တင်နိုင်သူဟု ကျော်ကြားသော်လည်း ဤကံကြမ္မာရှင်လေးသည် လူသတ်သည့်အခါတွင်မူ မျက်မှောင်တစ်ချက်ပင် ကြုတ်သူမဟုတ်ချေ။
စကားပြောပြီးနောက် ယွီကျိသည် လမ်းထောင့်တစ်နေရာသို့ ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။
နေဝင်မိုးချုပ်၍ လထွက်လာချိန်အထိ ရှာဝမ်ရွှီသည် လမ်းထောင့်၌ ခဏမျှ ဆက်လက်ရပ်နေခဲ့သည်။ ဝေဝါးသော လရောင်သည် ကျောက်စိမ်းကဲ့သို့ ထုဆစ်ထားသော သူ၏ လှပလွန်းသည့် မျက်နှာသွင်ပြင်ပေါ်သို့ ကျရောက်နေသည်။
သူက တိုးတိုးလေး ရေရွတ်လိုက်သည်။
"ယွင်ရှန်း... မင်းက ငါ့ရဲ့ ရန်သူ မဖြစ်လာဖို့ ငါ မျှော်လင့်ပါတယ်"
တစ်ဖက်တွင်မူ ဆေးဧကရာဇ်ခန်းမအတွင်း၌ တန်ဖိုးကြီးလှသော အလင်းပေးပုလဲများက ခန်းမတစ်ခုလုံးကို လင်းထိန်နေစေသည်။
ဆေးရည်နံ့များ သင်းပျံ့နေသော ခန်းမအတွင်းရှိ လူတိုင်း၏ မျက်နှာပေါ်တွင်မူ တည်ကြည်လေးနက်လှသော အမူအရာများ ရှိနေကြသည်။ မြေကြီးပေါ်တွင် ဆေးတိုက်သားတစ်ဦးမှာ တုန်တုန်ရင်ရင်ဖြင့် ဒူးထောက်နေရသည်။
သူ၏ရှေ့တွင် အပ်ဗူးတစ်ခု ပွင့်လျက်သား ရှိနေပြီး ထိုဗူးထဲတွင် အေးစက်သော အလင်းရောင်များ တောက်ပနေသည့် လေ့ကျင့်ရေးသုံး သံအပ်တစ်တန်း ရှိနေသည်။ ထိုအပ်များထဲမှ အပ်တစ်ချောင်းမှာ အခြားအပ်များနှင့် နှိုင်းယှဉ်လျှင် လက်မဝက်ခန့် ကျိုးနေသည်မှာ ထင်ရှားလှသည်။
ဤကျိုးနေသော လက်မဝက်ခန့် သံအပ်ကလေးကြောင့်ပင် နှစ်ပေါင်းရာနှင့်ချီ၍ တည်ထောင်လာခဲ့သော ဆေးဧကရာဇ်ခန်းမသည် သမိုင်းတစ်လျှောက် အကြီးမားဆုံးသော အရှက်ရမှုကို ခံစားလိုက်ရခြင်းပင်။
ချန်စီဟိုင်သည် အရှက်ရနေသော ဆေးတိုက်သားများနှင့် ဆေးဝါးကျွမ်းကျင်သူအုပ်စုကို ဦးဆောင်ကာ မျက်နှာပျက်ပျက်ဖြင့် ပြန်ရောက်လာကတည်းက ဆေးဧကရာဇ်ခန်းမသည် တံခါးများပိတ်ထားပြီး လုပ်ငန်းဆောင်တာအားလုံးကို ရပ်နားထားခဲ့သည်။
ဂိုဏ်းချုပ်ဆရာကြီးဝမ်ပင်လျှင် ကိုယ်တိုင်ရောက်ရှိလာခဲ့သည်။ ချီဖန်းဖေးသည် ဆရာကြီးဝမ်၏ ဘေးတွင် ရပ်နေပြီး ယောင်ရုံကမူ တစ်ဖက်တွင် ငြိမ်သက်စွာ စောင့်ဆိုင်းနေသည်။
မည်သူမျှ စကားမဟရဲကြချေ။ နန်းတွင်းသမားတော်များ၊ နယ်လှည့်သမားတော်များ၊ ခေါင်းလောင်းသမားတော်များ၊ သာမန်ဆရာဝန်များ၊ ဆေးတိုက်သားများနှင့် ဆေးခူးသည့်ကလေးငယ်များ အပါအဝင် ယွီကျင်းမြို့ ဆေးဧကရာဇ်ခန်းမမှ လူပေါင်း ၃၀၀ ကျော်တို့မှာ ဘေးဘက်တွင် တည်ငြိမ်လေးနက်စွာ ရပ်နေကြသည်။ အသက်ရှူသံပင် မကြားရလောက်အောင် တိတ်ဆိတ်နေတော့သည်။
"ဒီနေ့ ဘာဖြစ်ခဲ့သလဲဆိုတာ မင်းတို့အားလုံး သိကြမှာပါ"
ဆရာကြီးဝမ်က စစ်ဆေးမေးမြန်းသည့် လေသံဖြင့် ပြောလိုက်သော်လည်း သူ၏မျက်နှာတွင် အမြဲရှိနေကျ အပြုံးမျိုး မရှိတော့ချေ။
ဒါဟာ မယုံနိုင်လောက်အောင် အရှက်ရစရာဖြစ်ရပ်ပဲ... တကယ်ကို ကြီးမားတဲ့ အရှက်ခွဲခံရမှုပဲ။
အခမဲ့ဆေးကုသပွဲတစ်ခုမှာ ဆေးဧကရာဇ်ခန်းမက ကိုယ့်မျက်နှာကို ပြန်ရိုက်သလို ဖြစ်ခဲ့ရုံတင်မကဘဲ ဆေးတိုက်သားတစ်ယောက်က ဆရာဝန်အဖြစ် ဟန်ဆောင်ပြီး အပ်စိုက်ခဲ့တာ။ အဲဒီလိုစိုက်ရာမှာလည်း မှားယွင်းစွာစိုက်ခဲ့လို့ ထူးဆန်းတဲ့ရောဂါ ဖြစ်စေခဲ့တာတွေ အားလုံးက လူသိရှင်ကြား ပေါ်ပေါက်သွားခဲ့ပြီ…..
ယနေ့ညနေရောက်လျှင် ယွီကျင်းမြို့ရှိ လူတိုင်းသည် အသစ်ထွက်ပေါ်လာသော စီအန်းဆေးတိုက်ကြောင့် ဖြစ်ပွားခဲ့သည့် ဤဖြစ်ရပ်ကို သိရှိသွားကြတော့မည်ပင်။
"ဆရာကြီး... ဒီကိစ္စက တကယ်ကို ထူးဆန်းပါတယ်..."
ချန်စီဟိုင်မှာ မေးရိုးများ ထုံကျင်နေဆဲဖြစ်သော်လည်း စကားပြောရန် ကြိုးစားလိုက်ရာ ဆရာကြီးဝမ်၏ တင်းမာလှသော အကြည့်ကြောင့် ချက်ချင်းပင် ရပ်သွားရသည်။
ဆရာကြီးဝမ်သည် အသက်ရှည်ဆေးများကြောင့် ချန်စီဟိုင်ထက် ဆယ်စုနှစ်တစ်ခုစာခန့် ပိုမိုနုပျိုနေသော်လည်း သူ၏ အထက်လူကြီးပီသသော အရှိန်အဝါမှာ ယခုအခိုက်အတန့်တွင် သိသာထင်ရှားလှသည်။ ချန်စီဟိုင်မှာ ထိတ်လန့်သွားပြီး ပြောမည့်စကားများကို ပြန်လည်မျိုချလိုက်ရတော့သည်။
"ဆရာကြီး... ဒီကိစ္စကို ကျွန်မ ချက်ချင်း ကိုင်တွယ်ဖြေရှင်းပါ့မယ်။ အဓိကလုပ်ရမှာကတော့ အပြစ်ရှိတဲ့ ဆေးတိုက်သားကို အရေးယူဖို့နဲ့ ထိခိုက်ခံစားရတဲ့ လူနာကို နှစ်သိမ့်ပေးဖို့ လူလွှတ်ရမှာပါ"
ယောင်ရုံသည် နန်းတွင်းထဲမှ လုပ်ကြံမှုများနှင့် တိုက်ပွဲများကို ကြုံတွေ့ဖူးသော နန်းတွင်းသမားတော်တစ်ဦးပီပီ ဤရုတ်တရက်ဖြစ်ရပ်တွင် အလွန်တည်ငြိမ်စွာ ရှိနေခဲ့သည်။ သူမ၏ တည်ငြိမ်မှုမှာ ချန်စီဟိုင်ထက် များစွာပိုမိုအားကိုးထိုက်သဖြင့် ဆရာကြီးဝမ်မှာ အနည်းငယ် စိတ်သက်သာရာရသွားသည်။
"ဝမ်ယောင်ရန်... မင်း အပြစ်ကို ဝန်ခံသလား"
ဆရာကြီးဝမ်သည် မြေကြီးပေါ်တွင် မျက်နှာပြာနှမ်းကာ ဒူးထောက်နေသော ဆေးတိုက်သားကို ကြည့်ကာ မေးလိုက်သည်။
ငါးနှစ်တာ အတွေ့အကြုံရှိသည့် ဆေးတိုက်သားတစ်ဦးအနေဖြင့် အပ်စိုက်ကုသရာတွင် လက်မငြိမ်ခဲ့သဖြင့် အပ်ကျိုးကျန်ရစ်ခဲ့သည့်အမှားမှာ ဆေးဧကရာဇ်ခန်းမအနေဖြင့် လုံးဝသည်းမခံနိုင်သော ပေါ့ဆမှုမျိုး ဖြစ်သည်။
"ကျွန်တော်... အပြစ်ရှိကြောင်း ဝန်ခံပါတယ်"
ဝမ်ယောင်ရန်မှာ မြေကြီးပေါ်သို့ ခွေကျသွားတော့သည်။
ဆေးဧကရာဇ်ခန်းမသည် ဤတိုက်ကြီးပေါ်တွင် အရှိဩဇာအရှိဆုံး ဆေးတိုက်ဖြစ်ရာ ဤနေရာသို့ ဝင်ခွင့်ရခြင်းမှာ တစ်သက်တာလုံးအတွက် အာမခံချက်ရရှိခြင်းပင်။ သို့သော် ဆေးဧကရာဇ်ခန်းမအတွင်း၌ အမှားတစ်ခု ပြုလုပ်မိခြင်းမှာမူ အရာအားလုံးကို ဆုံးရှုံးလိုက်ရခြင်းပင်။ ယနေ့မှစ၍ သူသည် ရှေးဟောင်းဆေးပညာလောကတွင် မည်သည့်အခါမျှ ဆက်လက်ရပ်တည်နိုင်တော့မည် မဟုတ်ချေ။