အခန်း (၂၉၄)
Vol. 29 Ch. 294
"ဆရာဝန်ချန်း... ဝမ်ယောင်ရန်က မင်းရဲ့ဆေးတိုက်သားပဲ။ သူ့ကို ဘယ်လို ကိုင်တွယ်ရမလဲဆိုတာ မင်းအလုပ်ပဲ"
ဆရာကြီးဝမ်၏ စကားအဆုံးတွင် ရှိနေသမျှ ဆရာဝန်များနှင့် ယောင်ရုံတို့မှာ ထိတ်လန့်သွားကြသည်။
ဝမ်ယောင်ရန်သည် ဤတစ်ကြိမ်တွင် ဆေးဧကရာဇ်ခန်းမမှ နှင်ထုတ်ခံရမည်ကို သူတို့သိထားကြသော်လည်း သူစောင့်ကြိုနေသည့် ပြစ်ဒဏ်မှာ နှင်ထုတ်ခံရရုံထက် များစွာပိုမိုပြင်းထန်
လိမ့်မည်ဟု သူတို့မထင်မှတ်ထားခဲ့ကြချေ။
ဆရာကြီးဝမ်၏ နောက်တွင်မူ ချီဖန်းဖေးသည် မည်သည့်ခံစားချက်မျှ မရှိသော မျက်နှာထားဖြင့် လူအုပ်ကြီးကို စိုက်ကြည့်နေသည်။
ဝမ်ယောင်ရန်မှာမူ ကြောက်လန့်လွန်းသဖြင့် ဖွဲမီးကဲ့သို့ တုန်ရင်နေပြီး "ဂိုဏ်းချုပ်ဆရာကြီး... ဆေးတိုက်မှူးချီ... ကျေးဇူးပြုပြီး ကျွန်တော့်ကို အသက်ချမ်းသာပေးပါ။ ကျွန်တော် နောက်
တစ်ခါ မလုပ်ရဲတော့ပါဘူး။ ကျွန်တော့်ကို အသက်ရှင်ခွင့်ပေးပါဦး။ အိမ်မှာ ပြုစုရမယ့် အသက်ကြီးတဲ့ မိခင်နဲ့ ညီအစ်ကိုတွေ ရှိပါသေးတယ်" ဟု မနားတမ်း အော်ဟစ်ကာ တောင်းပန်နေတော့သည်။
ဝမ်ယောင်ရန်၏ဆရာ ဆရာဝန်ချန်းမှာမူ တွန့်ဆုတ်နေသော မျက်နှာထားဖြင့် သူ့တပည့်အတွက် အသနားခံလိုသော်လည်း...
"ငါကိုယ်တိုင် လုပ်ပြဖို့ လိုသေးတာလား။ ဆရာဝန်ချန်း ဝမ်ယောင်ရန်ကို ချက်ချင်း ကိုင်တွယ်စမ်း"
ဆရာကြီးဝမ်၏ အမူအရာမှာ ခက်ထန်သွားတော့သည်။
"ကျွန်တော်... ကျွန်တော်ပဲ လုပ်ပါ့မယ်"
ဆရာဝန်ချန်းသည် အံကို တင်းတင်းကြိတ်ကာ ရှေ့သို့ တိုးလာပြီး အသနားခံနေသော ဝမ်ယောင်ရန်ကို ကြည့်လိုက်သည်။
ဆရာဝန်ချန်းသည် ဝမ်ယောင်ရန်ကို ဆေးခူးသည့်ကလေးငယ်ဘဝမှ ဆေးတိုက်သားဖြစ်လာသည်အထိ ခုနစ်နှစ်၊ ရှစ်နှစ်တိုင်တိုင် ပြုစုပျိုးထောင်ခဲ့သူဖြစ်သည်။ သို့သော် သူ၏တပည့်မှာ ဤမျှကြီးလေးသော အမှားမျိုး လုပ်လိမ့်မည်ဟု သူ တစ်ခါမျှ မတွေးခဲ့ဖူးချေ။
ဆရာဝန်ချန်းသည် တုန်ရင်နေသော လက်များဖြင့် ဝမ်ယောင်ရန်၏ လက်များကို ဖိထားလိုက်သည်။ အခြားဆေးတိုက်သားတစ်ဦးကလည်း ရှေ့သို့တိုးလာပြီး သူ၏ခြေထောက်များကို ချုပ်ထားလိုက်သည်။
စိတ်နုသော ဆေးခူးသည့်ကလေးငယ်အချို့မှာမူ ကြောက်လန့်လွန်းသဖြင့် မျက်လုံးများကိုပင် မှိတ်ထားလိုက်ကြတော့သည်။ ယောင်ရုံမှာ မျက်မှောင်ကြုတ်ကာ တစ်စုံတစ်ခုပြောရန် ပြင်သော်လည်း ဆရာကြီးဝမ်၏ အမူအရာကို မြင်လိုက်ရသောအခါ သူမ၏ခေါင်းကို တစ်ဖက်သို့သာ လွှဲလိုက်သည်။
ထိုအခိုက်အတန့်တွင် ချန်စီဟိုင်ပင်လျှင် သူ၏မျက်နှာထက်၌ တွန့်ဆုတ်နေသော အရိပ်အယောင်များ ပေါ်ပေါက်နေတော့သည်။ လူတိုင်း၏ မျက်မှောက်တွင်ပင် ချီဖန်းဖေးက ရှေ့သို့ လှမ်းတက်လာခဲ့သည်။
"ဝမ်ယောင်ရန်... မင်းရဲ့ လုပ်ရပ်တွေက အပြစ်ကြီးလွန်းတယ်။ ဆေးဧကရာဇ်ခန်းမကို ကိုယ်စားပြုပြီး ငါက မင်းကို တစ္ဆေချိုင့်ဝှမ်း အပ်ငါးချောင်းစိုက်နည်းနဲ့ ပြစ်ဒဏ်စီရင်မယ်။ မင်းမှာ ဘာငြင်းချင်တာရှိသေးလဲ"
ယခုအချိန်တွင် ချီဖန်းဖေး၏ မျက်နှာထက်၌ အမြဲရှိနေကျ ယဉ်ကျေးပျူငှာသော အမူအရာများ မရှိတော့ဘဲ သူမ၏ လှပသော မျက်ဝန်းအစုံမှာ ခက်ထန်မှုများဖြင့် ပြည့်နှက်နေတော့သည်။
တစ္ဆေချိုင့်ဝှမ်း အပ်ငါးချောင်းဟူသော စကားကို ကြားလိုက်ရသည်နှင့် ရှိနေသမျှ လူတိုင်း၏ မျက်နှာအမူအရာများ ချက်ချင်း ပြောင်းလဲသွားကြသည်။ ဝမ်ယောင်ရန်မှာမူ စိတ်ပျက်အားငယ်စွာဖြင့် ခေါင်းကိုသာ ခါယမ်းနေမိတော့သည်။
ချီဖန်းဖေးသည် ဆရာကြီးဝမ်၏ လက်အောက်မှ ဆေးတိုက်သားတစ်ဦးဟု ထင်ရသော်လည်း သူမတွင် အခြားသော လျှို့ဝှက်အဆင့်အတန်းတစ်ခု ရှိနေသေးသည်။ ၎င်းမှာ နိုင်ငံကြီးများ၏ မြို့တော်များတွင် တာဝန်ပေးအပ်ထားသော ဆေးဧကရာဇ်ခန်းမ၏ ဆေးဘက်ဆိုင်ရာ ကြီးကြပ်ရေးအထူးအရာရှိပင်။ သူမသည် နန်းတွင်းသမားတော်အဆင့်အောက်ရှိ ဆရာဝန်အားလုံး၏ အသက်ကို စီရင်ပိုင်ခွင့်ရှိသော အာဏာကို တိုက်ရိုက်ရရှိထားသူ ဖြစ်သည်။
ထို့ကြောင့်ပင် မာနကြီးလှသော ချန်စီဟိုင်ကဲ့သို့သော သူမျိုးပင် ချီဖန်းဖေး၏ ရှေ့တွင် မည်သည့်အခါမျှ ရမ်းကားရဲခြင်း မရှိခဲ့ချေ။
ချီဖန်းဖေးက ကျေနပ်သည့်အမူအရာဖြင့် ခေါင်းညိတ်လိုက်ပြီးနောက် သူမ၏လက်ထဲမှ လက်ခနဲ အလင်းရောင်တစ်ခု ထွက်ပေါ်လာကာ ဝမ်ယောင်ရန်၏ ငယ်ထိပ်၊ လက်ကောက်ဝတ်နှစ်ဖက်နှင့် ခြေကျင်းဝတ်နှစ်ဖက်ဆီသို့ ဦးတည်သွားတော့သည်။
ထိုအလင်းတန်းမှာ ဖျတ်ခနဲပေါ်ပြီး ပျောက်ကွယ်သွားသည်နှင့် ဝမ်ယောင်ရန်ထံမှ ရင်နာစရာကောင်းလှသော အသည်းခိုက်မတတ် အော်ဟစ်သံကြီး ထွက်ပေါ်လာခဲ့သည်။ သူ၏ ခြေလက်များမှာလည်း အကြောဆွဲသကဲ့သို့ တဆတ်ဆတ် တုန်ရင်လာတော့သည်။
"စီအန်း ဆေးတိုက်ကိုတော့ ဒီအတိုင်း လွှတ်ထားလို့ မရဘူး"
ချီဖန်းဖေး၏ လေသံမှာ အသက်နှစ်ဆယ်အရွယ် မိန်းကလေးတစ်ဦး၏ လေသံနှင့် လုံးဝမတူတော့ချေ။ သူမ၏ မျက်ဝန်းထဲတွင် မှောင်မိုက်သော အရိပ်အယောင်များ ဖုံးလွှမ်းနေသည်။
ဆေးဧကရာဇ်ခန်းမသည် တည်ထောင်ခဲ့စဉ်ကတည်းက စစ်မှန်သော ပြိုင်ဘက်မျိုးနှင့် တစ်ခါမျှ မကြုံဖူးခဲ့ချေ။ မှော်ဘုရားကျောင်းကဲ့သို့သော အင်အားကြီးအဖွဲ့အစည်းနှင့် ရင်ဆိုင်ရလျှင်ပင် ကျွမ်းကျင်သည့် နယ်ပယ်ချင်း မတူညီသဖြင့် အနိုင်အရှုံးကို အတိအကျ မသတ်မှတ်နိုင်ခဲ့ကြချေ။ သို့သော် ယခု အခမဲ့ဆေးကုသပွဲတွင်မူ ဆေးဧကရာဇ်ခန်းမမှာ အမှန်တကယ် ရှုံးနိမ့်သွားခဲ့ပြီဖြစ်သည်။
အပ်စိုက်အပြီးတွင် ဝမ်ယောင်ရန်၏ အသနားခံသံများမှာ တဖြည်းဖြည်း တိုးဝင်သွားခဲ့ပြီး နောက်ဆုံးတွင်မူ သူ့ထံမှ အသိဉာဏ်မဲ့သော ရယ်သံတဟားဟားများသာ ထွက်ပေါ်လာတော့သည်။
အပ်အနည်းငယ် စိုက်လိုက်ရုံမျှဖြင့် ဝမ်ယောင်ရန်မှာ သာမန်လူတစ်ဦးဘဝမှ အဓိပ္ပာယ်မရှိသော စကားများကို တတွတ်တွတ်ပြောကာ ရယ်မောနေတတ်သည့် အရူးတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
တစ္ဆေချိုင့်ဝှမ်း အပ်ငါးချောင်း သို့မဟုတ် ငါးချောင်းစီရင် တစ္ဆေအပ်ဟူသည်မှာ ဆေးဧကရာဇ်ခန်းမ၏ အပြစ်ပေးသည့် အပ်စိုက်နည်းပင်။ ၎င်းသည် လူတစ်ယောက်၏ အသိဉာဏ်ကို ဖျက်ဆီးနိုင်သည့်အပြင် အာရုံခြောက်ပါးလုံးကိုပါ ပျက်စီးသွားစေနိုင်သည်။ ဆေးဧကရာဇ်ခန်းမအတွင်း၌ ကြီးလေးသောအမှား ကျူးလွန်သူမှန်သမျှ ဤဆေးဘုရင်တစ္ဆေအပ်ပြစ်ဒဏ်ကို မဖြစ်မနေ ခံယူကြရသည်။
"အားလုံး လူစုခွဲကြတော့။ ဝမ်ယောင်ရန်ကို အိမ်ပြန်ပို့ပေးလိုက်ကြ။ ပြီးတော့ သူ့ရဲ့ မုဆိုးမမိခင်နဲ့ ညီလေးကိုလည်း သေချာစောင့်ရှောက်ပေးလိုက်ကြပါ"
ဝမ်ယောင်ရန်နှင့် ရင်းနှီးသော ဆေးတိုက်သားအချို့က ရူးသွပ်သွားပြီဖြစ်သော ဝမ်ယောင်
ရန်ကို မချိတင်ကဲဖြင့် ထမ်းပိုးကာ ခေါ်ဆောင်သွားကြသည်။
ခုနလေးတင်က ချီဖန်းဖေးသည် ဝမ်ယောင်ရန်အား တစ်စုံတစ်ရာ ငြင်းချက်ရှိသလားဟု မေးမြန်းခဲ့ခြင်းမှာ အကြောင်းရှိသည်။ အကယ်၍ သူကသာ ငြင်းဆန်ခဲ့လျှင် သူ၏မိသားစုသည် ဆေးဧကရာဇ်ခန်းမ၏ စောင့်ရှောက်မှုကို ဆုံးရှုံးရမည်ဖြစ်၏။ ဝမ်ယောင်ရန်သည် ပြစ်ဒဏ်ကို ကြည်ဖြူစွာ လက်ခံလိုက်ခြင်းဖြင့် သူ၏မိသားစုအတွက် စားဝတ်နေရေး ပူပန်စရာမလိုတော့အောင် အာမခံချက် ယူသွားခြင်းဖြစ်သည်။ ဆေးဧကရာဇ်ခန်းမသည် အကောင်းနှင့်အဆိုး၊ အပြစ်နှင့်ကုသိုလ်ကို အမြဲတမ်း တိတိကျကျ ခွဲခြားထားလေ့ရှိသည်။
လူတိုင်းမှာ နောက်ဆုံးမှပင် သက်ပြင်းချနိုင်ကြတော့သည်။
ချန်စီဟိုင်သည်လည်း သူ၏နဖူးမှ ချွေးစေးများကို သုတ်လိုက်မိသည်။ ချီဖန်းဖေးသည် ဆရာကြီးဝမ်ထက်ပင် သူ့ကို ပိုမိုထိတ်လန့်စေသူ ဖြစ်သည်။ သူမ၏ရှေ့တွင် သူသည် စကားတစ်လုံးပင် ပို၍မဟရဲချေ။ ဆေးဧကရာဇ်ခန်းမအတွင်း၌ ပြင်ပလူများ မသိကြသော စကားပုံတစ်ခု ရှိသည်။
အသက်ကယ်သူမှာ ဆရာဝန်ဖြစ်ပြီး အသက်သတ်သူမှာမူ တစ္ဆေဆရာဝန်ဖြစ်သည်ဟူ၍ပင်။ ချီဖန်းဖေး၏ တစ္ဆေချိုင့်ဝှမ်း အပ်ငါးချောင်းပညာမှာ အလွန်ပင် ထူးဆန်းနက်နဲလှပြီး လူတစ်ယောက်ကို အစအနမကျန် သတ်ဖြတ်နိုင်စွမ်းရှိသည်။
"ယောင်ရုံ၊ ချန်စီဟိုင်... မင်းတို့နှစ်ယောက် ခဏနေခဲ့ဦး"
ချီဖန်းဖေးက သူတို့နှစ်ဦးကို ရုတ်တရက် ခေါ်ယူလိုက်သည်။
ယောင်ရုံ၏ မျက်နှာအမူအရာမှာ အနည်းငယ် ပြောင်းလဲသွားသည်။ ယနေ့ဖြစ်ရပ်များနှင့် ပတ်သက်၍ ချီဖန်းဖေးနှင့် သူမ၏နောက်ကွယ်မှ အင်အားစုများသည် ဤမျှနှင့် ရပ်တန့်သွားမည်မဟုတ်ကြောင်း သူမ ရိပ်မိလိုက်ခြင်းပင်။
ဆေးဧကရာဇ်ခန်းမ၏ ဂုဏ်သိက္ခာကို မည်သူမျှ စော်ကား၍မရပေ။ အထူးသဖြင့် ဆရာကြီးဝမ် ကိုယ်တိုင်ကြီးကြပ်နေသည့် ယွီကျင်းမြို့ ဆေးဧကရာဇ်ခန်းမကိုမူ ပို၍ပင် မစော်ကားရဲကြချေ။
"ချန်စီဟိုင်... ဒီနေ့ဖြစ်ရပ်တွေအားလုံးဟာ ဖန်ကျစ်ရဲ့ အဲဒီတပည့်မလေးကြောင့် ဖြစ်ရတာလို့ မင်းပြောချင်တာလား"
ချီဖန်းဖေးသည် ယွင်ရှန်းကို အမှတ်ရနေဆဲဖြစ်သည်။ ယွင်ရှန်းသည် ဖန်ကျစ်၏ မှော်နှင့် ရှေးဟောင်းဆေးပညာ ပူးတွဲကျင့်ကြံခြင်းအယူအဆကို လက်ခံထားသူဖြစ်ကြောင်း သူမ မှတ်မိနေခြင်း ဖြစ်သည်။
ဤအယူအဆမှာ ဆေးဧကရာဇ်ခန်းမနှင့် လုံးဝဆန့်ကျင်ဘက် ဖြစ်သည်။ ထို့အပြင် ချီဖန်းဖေး၏ နောက်ကွယ်မှ ဆေးဧကရာဇ်ခန်းမကို ကြိုးကိုင်နေသည့် အင်အားစုများအနေဖြင့်လည်း ဤကိစ္စကို လုံးဝလက်မခံနိုင်ချေ။
ယခင်က ဖန်ကျစ်သည် ဆေးဧကရာဇ်ခန်းမမှ ထွက်ခွာရန် ကြံစည်စဉ်က ထိုစဉ်က ဆေးဘက်ဆိုင်ရာ ကြီးကြပ်ရေးအရာရှိသည် သူ့ကို တစ္ဆေချိုင့်ဝှမ်း အပ်ငါးစိုက်ဖြင့် ပြစ်ဒဏ်ပေးကာ အစွမ်းအစမရှိသူဖြစ်အောင် လုပ်ရန် ပြင်ဆင်ခဲ့ဖူးသည်။ သို့သော် ယောင်ရုံက ဆေးဧကရာဇ်ခန်းမနှင့် ဆရာကြီးဝမ်အပေါ် တစ်သက်လုံး သစ္စာရှိပါ့မည်ဟု ကတိပေးကာ အာမခံခဲ့သောကြောင့်သာ ဖန်ကျစ်မှာ ထိုကံကြမ္မာမှ သီသီလေး လွတ်မြောက်ခဲ့ခြင်း ဖြစ်သည်။
ထိုစဉ်က ကြီးကြပ်ရေးအရာရှိသည် ဖန်ကျစ်တစ်ယောက်တည်းနှင့် ဘာမျှ ထူးခြားသော လှုပ်ရှားမှုမျိုး မလုပ်နိုင်ဘူးဟု ထင်မှတ်ခဲ့ခြင်းကြောင့်လည်း ပါဝင်သည်။ သို့သော် မထင်မှတ်ဘဲ နှစ်အနည်းငယ်အကြာတွင် မှော်နှင့် ဆေးပညာကို တွဲဖက်လုပ်ဆောင်သည့် ယွင်ရှန်း ပေါ်ထွက်လာခဲ့သည်။
ချီဖန်းဖေးနှင့် ဆေးဧကရာဇ်ခန်းမကို အစိုးရိမ်ရဆုံးဖြစ်စေသည့်အချက်မှာ ယွင်ရှန်း၏ နုပျိုလှသော အသက်အရွယ်ပင်။ ငယ်ရွယ်ခြင်းမှာ သူမအတွက် ပိုမိုကြီးထွားလာနိုင်သည့် အလားအလာရှိနေခြင်းကို ဆိုလိုသည်။
အသက် ၆ နှစ်မှ ၈ နှစ်အထိ နှစ်နှစ်တာအတွင်းမှာပင် ဆေးတိုက်သားဖြစ်လာခြင်း၊ တော်ဝင်
မှော်အကယ်ဒမီသို့ တက်ရောက်နိုင်ခြင်းနှင့် အထူးအဆင့် မြင့်မြတ်ဆေးရည်ကို ဖော်စပ်နိုင်
ခြင်းတို့အပြင် နယ်လှည့်သမားတော်များကိုပင် ယှဉ်နိုင်သည့် သူမ၏ အရည်အချင်းမှာ ရှေးရိုးစွဲ ရှေးဟောင်းဆေးပညာလောကကို အကြီးအကျယ် စိန်ခေါ်လိုက်ခြင်းပင်။
ချီဖန်းဖေးမှာ စိတ်မအေးနိုင်တော့ချေ။
"ဟုတ်ပါတယ်။ ဆေးတိုက်မှူးချီ ပြောတာ အမှန်ပါပဲ။ ယွင်ရှန်းဆိုတဲ့ ဒီမိန်းကလေးကို ဒီအတိုင်း လွှတ်ထားလို့မရဘူးလို့ ကျွန်တော် ပြောခဲ့သားပဲ"
ချန်စီဟိုင်က စိတ်လှုပ်ရှားစွာဖြင့် ဝင်ပြောလိုက်သည်။ ယနေ့ ယွင်ရှန်းကြောင့် သူ လူပုံအလယ်တွင် အရှက်ရခဲ့သလို သူ၏ ငွေရှာလမ်းများကိုလည်း ပိတ်ပင်တားဆီးခြင်း ခံခဲ့ရသည်။ ယခုအခါ ဆေးတိုက်မှူးချီ ကိုယ်တိုင် ပါဝင်လာပြီဖြစ်ရာ ထိုမိန်းကလေး၏ ဆေးပညာက မည်မျှပင် တော်နေပါစေဦးတော့ ဘာတတ်နိုင်ဦးမှာလဲ။
ချန်စီဟိုင်သည် သူ၏ ချို့ယွင်းချက်များကို ပြန်လည်သုံးသပ်မည့်အစား ယွင်ရှန်းအပေါ် အငြိုးအတေးထားကာ သူမက ဆေးဧကရာဇ်ခန်းမကို မည်သို့ မထေမဲ့မြင်ပြုခဲ့ကြောင်းနှင့် ယခုရက်ပိုင်းအတွင်း စီအန်းဆေးတိုက်က သူတို့၏ ဖောက်သည်များကို မည်သို့ လုယူနေကြောင်းတို့ကို ချဲ့ကားပြောဆိုတော့သည်။
ချန်စီဟိုင်က စိတ်ထဲတွင် ကျိတ်၍တွေးလိုက်သည်။
ဒီတစ်ခါတော့ ဒီမိန်းကလေးနဲ့ စီအန်းဆေးတိုက်တို့ ဘယ်လိုခံနိုင်မလဲ ကြည့်ကြသေးတာပေါ့။ ဖန်ကျစ်... မင်းတပည့်က ဘယ်လောက်တော်တော် သူက သမားတော်တစ်ယောက်ပဲလေ။ ဆေးဧကရာဇ်ခန်းမလို နတ်ဆိုးကြီးကို ဘယ်လိုများ ယှဉ်နိုင်ပါ့မလဲ။
ချီဖန်းဖေးမှာမူ အသက် ၆ နှစ်အရွယ် ယွင်ရှန်းကို ပထမဆုံးတွေ့စဉ်က သူမ ပြသခဲ့သော ပါရမီကို ပြန်လည်အမှတ်ရကာ စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။ ပါရမီရှင်တစ်ဦးသည် အချိန်မီ မကြီးထွားနိုင်ခဲ့လျှင် စစ်မှန်သော ပါရမီရှင်တစ်ဦး မဖြစ်နိုင်တော့ပေ။
"စီအန်းဆေးတိုက်ကိစ္စကို နောက်ထပ် အချိန်ဆွဲလို့ မရတော့ဘူး။ အားလုံး နားထောင်ကြ။ မနက်ဖြန်ကစပြီး ကျိုးအင်ပါယာ တစ်နိုင်ငံလုံးမှာရှိတဲ့ ဆေးဆိုင်တွေအားလုံး စီအန်းဆေးတိုက်ကို ဆေးဖက်ဝင်အပင်တွေ ရောင်းချပေးတာကို ရပ်ဆိုင်းရမယ်။ ဘယ်သူမဆို ဒီအမိန့်ကို ဖီဆန်ရင် လုံးဝ အသက်ချမ်းသာပေးမှာ မဟုတ်ဘူး"
ချီဖန်းဖေးက ပြတ်သားစွာ အမိန့်ပေးလိုက်သည်။