← Chapters

အခန်း (၂၉၆)

Vol. 29 Ch. 296

အခန်း (၂၉၆)

Vol. 29 Ch. 296

ဆေးဧကရာဇ်ခန်းမအတွင်း၌ ယောင်ရုံသည် ဆေးပင်များကို အမျိုးအစားခွဲခြားနေသည်။

"နန်းတွင်းသမားတော်ကြီး... အခုဆိုရင် လဝက်ခန့်ကြာသွားပါပြီ။ ကျွန်တော် စုံစမ်းကြည့်ရသလောက်တော့ စီအန်း ဆေးတိုက်က အခုရက်ပိုင်းအတွင်းမှာ အသင့်ဖော်စပ်ပြီးသား ဆေးတစ်မျိုးတစ်လေမှတောင် မရောင်းနိုင်တော့ဘူးလို့ သိရပါတယ်"

ချန်စီဟိုင်က ကျေနပ်အားရသော မျက်နှာထားဖြင့် ပြောလိုက်သည်။

"ဒီလိုလုပ်တာက ငါတို့ ဆေးဧကရာဇ်ခန်းမရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေတာတော့ အမှန်ပဲ။ ဒါပေမဲ့ ယွင်ရှန်းကလည်း အရမ်းကို မောက်မာလွန်းတယ်။ သူ့ကို ဒုက္ခအချို့ ပေးလိုက်ဖို့ အချိန်တန်ပါပြီ"

ယောင်ရုံသည် ယွင်ရှန်း၏ ရုတ်တရက် အရှိန်အဟုန်ဖြင့် တက်လာမှုကို ညည်းတွားရင်း ထိုမိန်းကလေးမှာ အလွန်ပင် မောက်မာလွန်းသည်ဟု ခံစားနေရသည်။

ဝူရွှမ်းဝူကျိခန်းမနှင့် ပတ်သက်သော ကိစ္စပြီးကတည်းက သူမသည် ဖန်ကျစ်ကို ယွင်ရှန်း

နှင့် မိတ်ဆက်ပေးရန် အကြိမ်ကြိမ် တောင်းဆိုခဲ့သော်လည်း ထိုမိန်းကလေးမှာ အကြိမ်တိုင်းတွင် ပြတ်ပြတ်သားသား ငြင်းဆိုခဲ့သည်။

ဤကဲ့သို့သော လုပ်ရပ်များမှာ ဆေးဧကရာဇ်ခန်းမ အထူးသဖြင့် ချီဖန်းဖေးကို အကြီးအကျယ် ဒေါသထွက်စေခဲ့သည်မှာ သေချာသည်။ အရည်အသွေးမြင့် ဆေးပင်ကုန်ကြမ်းများ မရရှိပါက စီအန်း ဆေးတိုက်၏ ဆေးဖော်စပ်မှုအတတ်မှာ မည်မျှပင် အဆင့်မြင့်နေပါစေ အချည်းနှီးသာ ဖြစ်ပေလိမ့်မည်။

ချီဖန်းဖေး၏ ဤခြေလှမ်းမှာ အမှန်တကယ်ပင် ရက်စက်လှသည်။

တစ်ဖက်တွင်မူ စီအန်း ဆေးတိုက်အတွင်း၌ စိုးရိမ်ပူပန်မှုများ ဖုံးလွှမ်းနေသည်။ ဂူဖုန်းက အကြံတစ်ခု ထုတ်လိုက်သည်။

"ယွင်ရှန်း... ငါ့မှာ အကြံတစ်ခုရှိတယ်။ အခုလောလောဆယ် ငါတို့တွေ ဆေးရည်တွေ မရောင်းနိုင်သေးဘူးဆိုရင် မှော်ဆေးရည်တွေကို ဘာလို့ မရောင်းကြည့်တာလဲ။ မှော်ဆေးရည်ဖော်စပ်တဲ့ ကုန်ကြမ်းတွေက ဆေးဆိုင်တွေ ဒါမှမဟုတ် ဆေးစိုက်တောင်သူတွေဆီကတင် မဟုတ်ဘဲ အခြားနေရာအများကြီးကနေ ရနိုင်တယ်လေ"

ထိုစကားကို ကြားလိုက်ရသောအခါ ယွင်ရှန်းက ၎င်းမှာ ကောင်းမွန်သော အကြံတစ်ခုဖြစ်ကြောင်း တွေးမိလိုက်သည်။ ဆေးဧကရာဇ်ခန်းမက စီအန်း ဆေးတိုက်ကို ပိတ်ဆို့ထားပြီး ဆေးပင်ဝယ်ယူသည့် လမ်းကြောင်းများကို ဖြတ်တောက်ထားသော်လည်း မှော်ဆေးရည်များမှာမူ ထိုသို့မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် မှော်ဆေးရည်ကုန်ကြမ်းများကို အမဲလိုက်စစ်သည် များထံမှသော်လည်းကောင်း မိစ္ဆာသားရဲဆိုင်များမှသော်လည်းကောင်း ရရှိနိုင်သောကြောင့် ဖြစ်သည်။

ထို့အပြင် သူမသည် အမဲလိုက်စစ်သည်သမဂ္ဂ၏ ပူဇော်ခံအကြီးအကဲ တစ်ဦးလည်း ဖြစ်နေသဖြင့် ဤအဆင့်အတန်းကို အသုံးပြု၍ မှော်ဆေးရည်ဖော်စပ်ရန် ကုန်ကြမ်းများ ဝယ်ယူရန်

အတွက် သမဂ္ဂတာဝန်များကို ထုတ်ပြန်နိုင်သည်။

သူမ မရှိသည့်အချိန်တွင် ဂူဖုန်း၊ ကျီမိုနှင့် လင်းယောင်အာတို့ကို အခြေခံ မှော်ဆေးရည်အချို့ကို ဖော်စပ်ခိုင်းထားနိုင်သည်။ သူမ ပြန်ရောက်လာသောအခါမှ ဆေးပင်ထောက်ပံ့မှု ပြဿနာအတွက် ဖြေရှင်းနည်းတစ်ခုကို ရှာဖွေကြမည် ဖြစ်သည်။ ဆေးပင်ကုန်ကြမ်းများ မရရှိနိုင်သေးသော ယခုအခြေအနေတွင် မှော်ဆေးရည်များကို ပြောင်းလဲရောင်းချခြင်းမှာ အကောင်းဆုံးသော နည်းလမ်းတစ်ခုပင်။

ယွင်ရှန်းသည် ချက်ချင်းပင် ယွီကျင်းမြို့ရှိ အမဲလိုက်စစ်သည်သမဂ္ဂ၏ ဌာနခွဲဆီသို့ ဦးတည်ကာ

ထွက်ခွါသွားတော့သည်။

ယွီကျင်းမြို့ရှိ အမဲလိုက်စစ်သည်သမဂ္ဂ ဌာနခွဲသို့ ရောက်ရှိ၍ သူမ၏ အမှတ်အသားနှင့် ပူဇော်ခံအကြီးအကဲ တံဆိပ်ပြားကို ထုတ်ပြလိုက်သောအခါ ဌာနခွဲတာဝန်ခံကိုယ်တိုင် ထွက်လာပြီး သူမကို ကြိုဆိုလိုက်၏။

"ဪ... ဆင့်ခေါ်ခြင်းဧကရာဇ်အဆင့်ဆရာကြီးရဲ့ တပည့်မလေးကိုး။ အမဲလိုက်စစ်သည်ဌာနခွဲကို တာဝန်တစ်ခုခုပေးဖို့ ကြွလာတာလား ဒါမှမဟုတ် တခြားကိစ္စများရှိလို့လားခင်ဗျာ"

ဌာနခွဲအသီးသီးမှ တာဝန်ခံများသည် ဆင့်ခေါ်ခြင်းဧကရာဇ်အဆင့်ရှိသော ပုဂ္ဂိုလ်ထူး၏ တပည့်ကို ဖားရန် အမြဲတမ်း အသင့်ရှိနေကြသည်။

"ကျွန်မ တာဝန်တစ်ခု ထုတ်ပြန်ချင်လို့ပါ။ မှော်ဆေးရည်ကုန်ကြမ်းတွေ စုဆောင်းဖို့အတွက် အများပြည်သူဆိုင်ရာ တာဝန်တစ်ခု ထုတ်ပြန်ပေးပါ။ ဒီပစ္စည်းတွေကို လိုအပ်တဲ့ ပမာဏအတိုင်း စုဆောင်းပေးနိုင်သူ ဘယ်သူမဆို ယွီကျင်းမြို့က စီအန်း ဆေးတိုက်ကို တိုက်ရိုက်လာပို့ပေးဖို့ ပြောပေးပါ။ အဲဒီမှာ ဆုကြေးငွေ ထုတ်ပေးမယ့်သူ ရှိပါလိမ့်မယ်"

ယွင်ရှန်းသည် သူမလိုအပ်သော မှော်ဆေးရည်ကုန်ကြမ်း စာရင်းကို ပေးအပ်လိုက်သည်။

သူမသည် အဆင့် E နှင့် D ရှိသော အမဲလိုက်စစ်သည်များပင် အလွယ်တကူ ရှာဖွေနိုင်သည့် အခြေခံအကျဆုံး အောက်ခြေအဆင့် မှော်ဆေးရည်ကုန်ကြမ်းများကိုသာ ရွေးချယ်ခဲ့သည်။

အမဲလိုက်စစ်သည်သမဂ္ဂမှ ထွက်ခွာပြီးနောက် သူမသည် ကောင်းကင်အမဲလိုက်တပ်ဖွဲ့၏ အခြေစိုက်စခန်းသို့သွားကာ ထိုနေရာရှိ စစ်သည်များကိုလည်း အလားတူတာဝန်မျိုး ပေးအပ်ခဲ့သည်။ ယန်ချန်းလန်ခေါ်ဆောင်သွားသော အထူးချွန်ဆုံးစစ်သည်များမှလွဲ၍ ကျန်ရှိနေသူအားလုံးကို ယွင်ရှန်းက မှော်ဆေးရည်ကုန်ကြမ်းများ ရှာဖွေရန် စေလွှတ်လိုက်သည်။

ဤဖြစ်ပျက်သမျှအားလုံးကို ကျီမိုသည် စီအန်း ဆေးတိုက်အတွင်းမှနေ၍ တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။

ယွင်ရှန်းသည် အမှန်တကယ်ပင် သာမန်လူတစ်ယောက်မဟုတ်ချေ။ သူမသည် ဝူရွှမ်းဝူကျိ နန်းဆောင်နှင့် ရင်းနှီးရုံတင်မကဘဲ ဒေသခံ အမဲလိုက်စစ်သည်သမဂ္ဂနှင့်လည်း နီးကပ်စွာ ဆက်သွယ်ထားပုံရသည်။

ယွင်ရှန်းသည် ကျုံးရန်ကိုလည်း ခရမ်းရွှေမိုင်းနှင့် ပတ်သက်သော အသေးစိတ်အချက်အလက်များကို စုံစမ်းရန် တောင်ဘက်နယ်စပ်ဒေသသို့ စေလွှတ်လိုက်သည်။

တစ်လအကြာတွင် ယန်ချန်းလန်သည် လုံးဝဥဿုံ ပြောင်းလဲသွားသော အမဲလိုက်စစ်သည်များနှင့်အတူ ပြန်လည်ရောက်ရှိလာခဲ့သည်။

"သခင်လေးကို သတင်းပို့ပါတယ်။ ကျွန်တော်တို့ ပြန်ရောက်ပါပြီ။ ဒီတစ်ခေါက် လေ့ကျင့်မှုမှာ ကျွန်တော်တို့ အယောက် ၅၀ လုံး အဆင့် E စစ်သည်တွေအဖြစ် အောင်မြင်စွာ တိုးတက်လာခဲ့ပါတယ်။ အယောက် ၃၀ က အဆင့် D ကို ရောက်ခဲ့ပြီး ၁၀ ယောက်ကတော့ အဆင့် C စစ်သည်တွေ ဖြစ်လာခဲ့ပါတယ်"

ကျိုးချွမ်ကိုယ်တိုင်ပင် အဆင့် C အမဲလိုက်စစ်သည်တစ်ဦး ဖြစ်လာခဲ့သည်။

ယွင်ရှန်းကို အံ့သြဆုံးဖြစ်စေသည်မှာ ဟွမ်ချွဲပင် ဖြစ်သည်။ အမဲလိုက်တပ်ဖွဲ့သည် တောက်ယဲ့တောင်ရှိ စစ်သည်စောင့်တပ်မြို့သို့ သွားမည်ဟု ကြားသိရသောအခါ သူမက ကိုယ်တိုင် လိုက်ပါရန် စေတနာ့ဝန်ထမ်း လျှောက်ထားခဲ့ခြင်း ဖြစ်သည်။ ဤတစ်ကြိမ်တွင် သူမ၏ တိုးတက်မှုမှာ အံ့မခန်းလှပြီး အဆင့် C စစ်သည်အဆင့်ကို အောင်မြင်စွာ ရရှိခဲ့သည်။

"အရမ်းကောင်းတယ်။ အဆင့် D နဲ့ အထက်ကို ရောက်သွားတဲ့သူတွေ ချက်ချင်း အထုပ်အပိုးပြင်ကြ။ ငါတို့တွေ မကြာခင် ကျိုးအင်ပါယာရဲ့ တောင်ဘက်နယ်စပ်ကို သွားကြမယ်"

ယွင်ရှန်းသည် စိတ်ဓာတ်တက်ကြွနေသော သူမ၏ စစ်သည်များကို ကြည့်ကာ အလွန်ကျေနပ်သွားသည်။

ကျိုးချွမ်နှင့် အခြားသူများမှာ ယွင်ရှန်းအနားသို့ ဝိုင်းလာကြပြီး "သခင်မလေး... ကျွန်တော် ပြောပြဦးမယ်။ ကျွန်တော်တို့ရဲ့ တပ်မှူးက တကယ်ကို အစွမ်းထက်တာဗျ။ တစ်လအတွင်းမှာတင် သူက တောက်ယဲ့တောင် စစ်သည်စောင့်တပ်မြို့တစ်ခုလုံးကို သိမ်းကျုံးအောင်နိုင်ခဲ့ပြီး တစ်ဦးတည်းသော အဆင့် B အမဲလိုက်စစ်သည် ဖြစ်လာခဲ့တယ်လေ"

ယွင်ရှန်းက ယန်မိသားစုစစ်တပ်မှ အထူးချွန်ဆုံးစစ်သည်များကို ခေါ်ဆောင်၍ တောက်ယဲ့တောင် စောင့်တပ်မြို့ရှိ အမဲလိုက်စစ်သည်ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ရန် ယန်ချန်းလန်ကို အကြံပြုခဲ့စဉ်က ထိုစစ်သည်များမှာ အနည်းငယ် မကျေမနပ် ဖြစ်ခဲ့ကြသည်။

သူတို့၏ အမြင်တွင်မူ ပြိုင်ပွဲကွင်းအတွင်း ယှဉ်ပြိုင်ခြင်းမှာ လူအုပ်ကြီးရှေ့တွင် အစွမ်းပြနေရသည့် ဆပ်ကပ်ပွဲတစ်ခုကဲ့သို့သာ ထင်မှတ်နေကြခြင်း ဖြစ်သည်။ ယန်ချန်းလန် ကိုယ်တိုင်ပင်လျှင် ထိုသို့ပင် တွေးတောခဲ့မိသည်။

သို့သော် ယွင်ရှန်း၏ မနားတမ်း တိုက်တွန်းမှုကြောင့် ယန်ချန်းလန်သည် သူ့တူမဖြစ်သူ၏ အကြံဉာဏ်ကို လက်ခံခဲ့သည်။

သူတို့ တောက်ယဲ့တောင် စစ်သည်စောင့်တပ်မြို့သို့ ရောက်ရှိသွားသောအခါမှသာ သူတို့၏ ယခင်အတွေးအမြင်များမှာ လုံးဝမှားယွင်းနေကြောင်း သိမြင်သွားကြတော့သည်။ ပြင်းထန်လှသော တိုက်ခိုက်ရေးစွမ်းရည်များ၊ စည်ကားလှသော ပြိုင်ပွဲကွင်းများနှင့် အသက်စွန့်တိုက်ခိုက်ရသည့် အားပြိုင်မှုများမှာ သူတို့ ယခင်က နားလည်ထားသည်ထက် များစွာကျော်လွန်နေခဲ့သည်။

အထူးသဖြင့် ယန်ချန်းလန်အတွက်မူ ယွင်ရှန်းက သူ၏ဒဏ်ရာများကို ကုသပေးထားသော်လည်း တိုက်ခိုက်လိုစိတ်နှင့် ဝေးကွာနေသည်မှာ ကြာပြီဖြစ်ရာ သူ၏ အရည်အချင်းများမှာ အနည်းငယ် ကျဆင်းနေခဲ့သည်။ သို့သော် ပြိုင်ပွဲကွင်း၏ တိုက်ခိုက်လိုစိတ် ပြင်းထန်သော အငွေ့အသက်မှာမူ သူ့အတွက် အသင့်တော်ဆုံး ဖြစ်နေခဲ့သည်။ သူသည် ကောင်းကင်အမဲလိုက်တပ်ဖွဲ့ နှင့်အတူ အခြေခံ E အဆင့်မှစ၍ တဖြည်းဖြည်းနှင့် မှန်မှန်ကန်ကန် တိုက်ခိုက်လာခဲ့ရာ တစ်လအတွင်းမှာပင် တစ်ဦးချင်းအဆင့်၌ အဆင့် B အမဲလိုက်စစ်သည်တစ်ဦးအဖြစ်သို့ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။

အကယ်၍ တစ်လအကြာတွင် တောင်ဘက်နယ်စပ်ရှိ ခရမ်းရွှေမိုင်းကို သွားရောက်စစ်ဆေးရန် ယွင်ရှန်းနှင့် ကြိုတင်ချိန်းဆိုထားခြင်း မရှိပါက ယန်ချန်းလန်သည် တောက်ယဲ့တောင်ရှိ အမဲလိုက်စစ်သည် တိုးတက်မှုနှုန်းတွင် စံချိန်သစ်တစ်ခုပင် တင်နိုင်ခဲ့ပေလိမ့်မည်။

သို့သော်ငြားလည်း အသစ်ထွက်ပေါ်လာသော ကောင်းကင်အမဲလိုက်တပ်ဖွဲ့ ၏ အမည်မှာ တောက်ယဲ့တောင်အတွင်း တိတ်တဆိတ် ပျံ့နှံ့သွားခဲ့ပြီ ဖြစ်သည်။ ထိုသတင်းအချက်အလက်များသည် ကျိုးအင်ပါယာ၏ အခြားမြို့တော်များနှင့် အမဲလိုက်စစ်သည်ဌာနခွဲများဆီသို့လည်း တဖြည်းဖြည်း ရောက်ရှိသွားခဲ့သည်။

အမည်မသိဘဝမှ ကျော်ကြားမှုတစ်ခု ရရှိရန်အတွက် အမဲလိုက်စစ်သည်ပြိုင်ပွဲကွင်းမှာ အမြန်ဆုံးသော လမ်းကြောင်းတစ်ခုဖြစ်ကြောင်း ယွင်ရှန်း ကြိုတင်တွေးဆထားခဲ့သော်လည်း သူမ၏စစ်သည်များမှာ ဤမျှအထိ ထိရောက်မြန်ဆန်စွာ တိုးတက်လာလိမ့်မည်ဟု သူမ မထင်မှတ်ခဲ့မိချေ။

ယန်ချန်းလန် ပြန်ရောက်ပြီး ရက်အနည်းငယ်အတွင်းမှာပင် ယွီကျင်းမြို့ရှိ အမဲလိုက်

စစ်သည်ဌာနခွဲသို့ ကောင်းကင်အမဲလိုက်တပ်ဖွဲ့ကိုသာ သီးသန့်ရွေးချယ်၍ တာဝန်ပေးအပ်လိုသော အလုပ်ရှင်များ ရောက်ရှိလာကြသည်။ ၎င်းမှာ အမှန်တကယ်ပင် ကောင်းမွန်သော သတင်းစကား ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဤတပ်ဖွဲ့မှာ စစ်တပ်မှ အသွင်ပြောင်းလာခြင်းဖြစ်၍ သာမန်တပ်ဖွဲ့များထက် စည်းကမ်းပိုမိုတင်းကြပ်ခြင်းမှာ အလုပ်ရှင်များ အနှစ်သက်ဆုံးအချက် ဖြစ်နေသောကြောင့်ပင်။

ထိုသတင်းကို ကြားရသောအခါ ယွင်ရှန်းသည် သူမ၏ဖခင်နှင့် ဦးလေးတို့မှာ တစ်ဦးက မှော်ဆရာ တစ်ဦးက စစ်သည်တော်ဖြစ်ကြသော်လည်း ပြိုင်ပွဲကွင်းတွင်မူ တစ်ဦးထက်တစ်ဦး မသာသာအောင် ပြင်းထန်ကြသည်ဟု တွေးကာ ကျိတ်၍ ရယ်မောမိတော့သည်။

နောင်နှစ်အနည်းငယ်အတွင်း ကောင်းကင်အမဲလိုက်တပ်ဖွဲ့ သည် ကျိုးအင်ပါယာ၏ ထိပ်တန်းတပ်ဖွဲ့တစ်ခု ဖြစ်လာပေလိမ့်မည်။ ဤကဲ့သို့သော ပြောင်းလဲမှုမျိုးကို ယန်ချန်းလန်သည် ယန်မိသားစုစစ်တပ်ကို စတင်ပြင်ဆင်စဉ်က အိပ်မက်ပင် မမက်ခဲ့ဖူးချေ။

"ရှန်းအာ... ဦးလေးမရှိတဲ့အချိန်မှာ ဆေးဧကရာဇ်ခန်းမက လှုပ်ရှားမှုတွေ လုပ်ခဲ့တယ်လို့ ကြားတယ် ဟုတ်လား"

ယန်ချန်းလန်သည် ယွီကျင်းမြို့သို့ ပြန်ရောက်သည်နှင့် ရှီလီထံမှ ဆေးဧကရာဇ်ခန်းမ၏ လတ်တလော လုပ်ရပ်များကို ကြားသိလိုက်ရခြင်း ဖြစ်သည်။

All Chapters