← Chapters

အခန်း (၁၁၅-၁၁၇)

Vol. 8 Ch. 115-117

အခန်း (၁၁၅-၁၁၇)

Vol. 8 Ch. 115-117

အပိုင်း(၁၁၅)

“ဖန်လီဆန်ကိတ်မုန့်ရော ရလား” ယင်ယာက ခဏတွေးကြံပြီး ခေါင်းမော့လိုက်သည်။

“ဒါပေါ့” ယွမ်ကျိုး သဘောတူလိုက်သည်။

“သူဌေးယွမ်က အဲဒီမုန့်ကိုလည်း လုပ်တတ်တယ်လား” ယင်ယာက သူ့အလုပ်မှလုပ်ဖော်ကိုင်ဖက် ဝယ်လာ၍ တစ်ခါစားဖူးသည်။

ထိုစဉ် ဤမုန့်၏နူးညံ့သော အရသာကို စကားတစ်ခွန်းတည်းဖြင့် ဖော်ပြလျှင် အရသာအလွန်ရှိသည်ဟု သတ်မှတ်မိလိမ့်မည်။ သူမ သေချာ စပ်စုပြီးမှ ၎င်းမုန့်သည် ဆန်ဖြင့် ပြုလုပ်ထားပြီး ဒေသတွင်း မရောင်းချမှန်း သိလိုက်ရသည်။ ဆန်နှင့်ပတ်သက်သော အစားအသောက်များ ရသည်ဟု ကြားလိုက်သော အခါ သူမက မဆိုင်းမတွဖြင့် တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

“ရပါတယ်။ ငါ လုပ်တတ်တယ်” ယွမ်ကျိုးက မှန်ကန်စွာ ပြောသည်။

“ဒါဆိုရင် ဒီနေ့တော့ အရသာ မြည်းစမ်းခွင့်ရတော့မယ်” ယင်ယာက ပျော်ရွှင်စွာ ပြောသည်။

“ဒါဆိုရင် မနက်ဖြန် ဒီအချိန်လောက် လာခဲ့ပေးပါ” ယွမ်ကျိုးက စိတ်အားထက်သန်သော အမူအရာဖြင့် ပြန်ပြောသည်။

“အမ်၊ ဘာလို့လဲ”

“ဘာကြောင့်လဲ” ယင်ယာ ဒွိဟဖြစ်သွားသည်။

“ဖန်လီဆန်ကိတ်လုပ်ဖို့ တစ်ညအချိန်ယူရတယ်။ ဒါကြောင့်မို့ ဒီကနေ့တော့ မရသေးဘူး” ယွမ်ကျိုးက ပွင့်လင်းစွာ ပြောလိုက်သည်။

“အွန်း။ ကြိုတင်မှာကြားခွင့် မပြုဘူးလို့ ရှင် ပြောထားတယ်လေ မဟုတ်ဘူးလား”

ယင်ယာ ဆွံ့အသွားသည်။ ထို့နောက် သူမက နံရံပေါ်မှ စည်းမျဉ်းကို လက်ညိုးထိုးပြလိုက်သည်။

“ဒါကြောင့်မို့လည်း မနက်ဖြန် ဒီအချိန်လာခဲ့ဖို့ ပြောတာပါ” ယွမ်ကျိုးက ပေါ့ပေါ့တန်တန် ပြန်ဖြေသည်။

“ဒီကနေ့ မရတာ သေချာလား” ယင်ယာက အတည်ပြုဟန်ဖြင့် ထပ်မံမေးမြန်းသည်။

“ဟုတ်တယ်” ယွမ်ကျိုးက လေးနက်စွာ ပြန်ဖြေသည်။

“ဒါဆိုရင် ကျွန်မက ဒီကနေ့ ဘာဟင်းလျာ ဝယ်စားရမလဲ” ယင်ယာက ခဏတွေးကြံပြီးနောက် မေးမြန်းသည်။

“မင်း စားချင်တာ ဝယ်စားနိုင်တယ်” သူတို့နှစ်ဦး၏ စကားပြောဝိုင်းက အစသို့ ပြန်ရောက်သွားသည်။

ယင်ယာက နဖူးလေးကို လက်ဖြင့် ထောက်လိုက်သည်။

“အို့စ် မေ့သွားတော့မလို့၊ ကြာရွက်ထမင်းရော ရလား”

“ရပါတယ်” ယွမ်ကျိုး မျက်မှောင်ကြုတ်လိုက်သည်။ ယင်ယာ၏ စိတ်နေသဘောထားကို နားလည်ရခက်သော်လည်း သူက အကောင်းမြင်သော လေသံဖြင့် စကားပြန်ပြောသည်။

“အဲဒီဟင်းပွဲအပြင် ကျင်းလင်မြက်နဲ့ အမဲသားနုပ်နုပ်စင်း တစ်ပွဲပေးပါ” ယင်ယာက ဟင်းပွဲများကို စစ်စစ်စီစီ အော်ဒါတင်ပြီး အသား နှင့် အရွက်ကို အချိုးကျ ပါဝင်အောင် အာရုံစိုက်သည်။

“ခဏစောင့်ပေးပါ”

ယွမ်ကျိုးက ချက်ချင်း လှည့်ထွက်သွားပြီး အစားအသောက်များ ပြင်ဆင်ရန် စတင်သည်။

ကြာရွက်ထမင်းတွင် အသုံးပြုရမည့် ဟင်းခတ်အမွှေးအကြိုင်များစွာ ရှိသည်။ ထို့ကြောင့် စနစ်က ကြိုတင်ပြင်ဆင်ပေးထားသည်။

ကြာရွက်ထမင်း၏ သမိုင်းကြောင်းကို ခြေရာခံလျှင် လွန်ခဲ့သော နှစ်၁၃၀၀ကျော်ကို တွက်ဆရမည်။ ကြာရွက်ထမင်းကို အစောဆုံး မှတ်တမ်းတင်နိုင်ခဲ့သော ဒေသက ကွမ်သုန်ဒေသဖြစ်သည်။ မင်မင်းဆက် နှောင်းပိုင်း နှင့် ချင်းမင်းဆက် အစောပိုင်းကာလတွင် ပေါ်ပေါက်ခဲ့ခြင်း ဖြစ်နိုင်သည်။ ကွမ်သုန်စကားပြောအတတ်ပညာ စာအုပ်တွင် ကြာရွက်ထမင်းကို မှတ်တမ်းတင်ထားသည်။

ကွမ်သုန်ဒေသခံလူမျိုးများက မွှေးကြိုင်သင်းပျံ့နေသော ထမင်း၊ ငါး၊ သား အစရှိသဖြင့်ကို ကြာရွက်ဖြင့် ထုပ်ပိုးပြီး ပေါင်းလေ့ရှိသည်။ ကြာရွက် အတွင်းဘက် နှင့် အပြင်ဘက်တွင် မွှေးကြိုင်သော ရနံ့များ ထွက်ပေါ်လာသည်။

ဖန်းတန်ဒေသတွင် ကြာရွက်များ ပြည့်နေသော ရေကန်တစ်ကန်ရှိပြီး ညီအစ်မ တစ်သိုက်က ညနေစောင်းအထိ ကြာကန်ထဲမှာ အလုပ်ရှုပ်နေသည်။ သူတို့က ကြာပန်းခူးခြင်း မဟုတ်ဘဲ ကြာရွက်ခူးနေခြင်း ဖြစ်သည်။ ကြာရွက်ထမင်း၏ မွှေးရနံ့က ကြာပန်းထက် ပိုသင်းကြိုင်၍ ဖြစ်သည်။

၎င်းညီအစ်မတို့၏အပြုအမူကို ကဗျာဆရာက ကဗျာဖွဲ့သီထားသေးသည်။

ယွမ်ကျိုး ချက်ပြုတ်သော ကြာရွက်ထမင်းက ကဗျာထဲ ဖော်ကျူးထားသည့်အတိုင်း ကြာပန်းထက် ပိုမွှေးကြိုင်သည်။ သူက တခြားပါဝင်ပစ္စည်းများ အသုံးပြုမည့် အစီအစဉ် မရှိပေ။ သူက ကြာရွက်ထမင်း အမည်အတိုင်း ပုံဖော်လိမ့်မည်။

အချိန်အကန့်အသတ် ရှိသောကြောင့် ယွမ်ကျိုးက စနစ်ကမှ ပေးအပ်ထားသော အိုးကို သန့်စင်ပြီးနောက် ဆန်ထည့်လိုက်သည်။ အိုးက ထူးကဲသော အကျိုးသက်ရောက်မှုရှိပြီး ချက်ပြုတ်ချိန် ၂နာရီကို ၅မိနစ်အတွင်း ပြီးစီးအောင် ချက်ပြုတ်နိုင်သည်။

ထိုစဉ်အတောအတွင်း ယွမ်ကျိုးက ကြာရွက်များကို ဆေးကြောရန် ပြင်ဆင်သည်။

အံဆွဲထဲမှ ထုတ်လာသော ကြာရွက်များက ယခုလေးတင် ခူးထားသော ကြာရွက်များဟု ထင်ရသည်။ အရွက်မှာ သလင်းကျောက်ကဲ့သို့ ကြည်လင်သော နှင်းစက်လေးများပင် ရှိနေသေးသည်။

ကြာရွက်များကို ခူးခူးပြီးချင်း ချက်ချင်း အသုံးမပြုရသည့် အကြောင်းအရင်းက အဖန်သတ္တိရှိသောကြောင့် အရင်ဆုံး ဆေးကြောရန် လိုအပ်သည်။ ယွမ်ကျိုးက ကြာရွက်ပေါ်မှ နှင်းစက်များကို အသုံးပြု၍သာ ကြာရွက်ကို ဆေးကြောသည်။ ထိုမှသာ ကြာရွက်၏မူလမွှေးရနံ့ မပျက်စီးလိမ့်မည်။

ယွမ်ကျိုးက နှင်းစက်လေးများ နှင့် ကြာရွက်ကို အိုးထဲ ထည့်ပြုတ်သည်။ အရွက်အရောင်ရင့်လာမှ ယွမ်ကျိုးက အရွက်ကို ဆယ်ယူလိုက်ပြီး လေဖြင့် အခြောက်ခံသည်။

ထိုစဉ် အထူးအိုးဖြင့် ပေါင်းထားသော ထမင်းစေ့များကို ထုတ်လိုက်ပြီး ကြာရွက်ဖြင့် ထုပ်ပိုးလိုက်သည်။

ယွမ်ကျိုးက ထမင်းကို ထုပ်ပိုးနေစဉ် အသေးစိတ် လုပ်ဆောင်သည်။ ကြာရွက်ကို ပွက်ပွက်ဆူနေသော ရေထဲ ထည့်ပြုတ်ထား၍ ကြာရွက်ထမင်းအပေါ် ဆိုးကျိုးသက်ရောက်နိုင်သော အနံ့အသက်များ ကင်းဝေးနေသည်။

ကြာရွက်ထမင်းက ပေါင်းခံရန် လိုအပ်သည်။ ထို့ကြောင့် ယွမ်ကျိုးက အာဟာရဓာတ်ကို ထိန်းသိမ်းနိုင်စွမ်းရှိသော ဖိအားသုံးပေါင်းအိုးထဲသို့ ကြာရွက်ထမင်းကို ထည့်လိုက်သည်။

ပေါင်းခံနေစဥ် အတောအတွင်း ယွမ်ကျိုးက အော်ဒါတင်ထားသော တခြားဟင်းလျာများကို ၁၀မိနစ်အတွင်း ပြင်ဆင်သည်။ ၁၀မိနစ်ကြာပြီးနောက် ကြာရွက်ထမင်းက စားသုံးရန် အသင့်ဖြစ်နေပါပြီ။

ထို့နောက် ယွမ်ကျိုးက မုန်လာဥများကို ကြာပန်း ၃ပွင့်ပုံစံ ပုံဖော်ထားပြီး ပန်းကန်ပြားပေါ်မှာ စက်ဝိုင်းပုံစံ နေရာချလိုက်သည်။ ထို့နောက် ယွမ်ကျိုး ပေါင်းအိုးထဲမှ ကြာရွက်ထမင်းကို ယူလိုက်ပြီး ကြာပန်းအလယ်မှာ ထားလိုက်သည်။

ကြာရွက်ထုပ်ပိုးထားသော အပေါ်အပိုင်းက ပွင့်ခါနီး အစိမ်းရောင်ကြာပန်းဟန် လှပပြီး ဘေးဘက်က ကြာပန်းလေးများဖြင့် လိုက်ဖက်မှု ရှိမှန်း ယွမ်ကျိုး သိသွားသည်။

“မင်းရဲ့ဟင်းလျာအားလုံး ရပါပြီ” ယွမ်ကျိုးက ဟင်းပွဲများကို စားပွဲပေါ်တင်လိုက်သည်။

“အရမ်း အရမ်း အရမ်းလှတယ်”

“သူဌေးယွမ်၊ ကြာရွက်ထမင်းကို ဖွင့်ကြည့်ဖို့ မကူညီတော့ဘူးလား” ကောင်းမွန်စွာ ထုပ်ပိုးထားသော ကြာရွက်ထမင်းကို ကြည့်ပြီး ယင်ယာက မည်သို့မည်ပုံ ဖွင့်ရမလဲ မသိဖြစ်နေသည်။

“တူကို သုံးပြီး ခွဲလိုက်ရုံပဲ”

“ခွဲပစ်ရမှာလား” ယင်ယာက ဒွိဟဖြစ်သော ခံစားချက်ဖြင့် မေးမြန်းလိုက်သည်။

ယွမ်ကျိုး ခေါင်းညိတ်ပြမှ သူမက စမ်းသပ်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။

ဖွဖွလေး ထိကြည့်ရုံဖြင့် အထုံး ချက်ချင်း ဖွင့်သွားသည်။

“သူဌေးယွမ် တကယ်မိုက်တယ်” စိတ်ကူးယဉ်ဆန်သော ကြာပန်းများကြောင့် ယင်ယာ ချီးမွမ်းသည်။

ကြာရွက်ထမင်းကို နှစ်၂၀နီးပါး စားဖူးသော်လည်း လှပလွန်းသော ကြာရွက်ထမင်းကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်သည်။

ပြင်ဆင်မှုပုံစံ နှင့် အရသာကြောင့် ယင်ယာက ကြာရွက်ထမင်းသည် ပေးရသောဈေးနှင့် တန်သည်ဟု ခံစားမိသည်။

ယင်ယာက ဟင်းပွဲ၏အရသာကို သေချာ မြည်းစမ်းနေစဉ် တစ်ပတ်လုံး ပျောက်နေသော မန်မန် ရောက်လာသည်။ သူမက စားသောက်ဆိုင်ထဲ ဝင်ဝင်ချင်း ယင်ယာကို လှမ်းမြင်သည်။ ယင်ယာကိုနှုတ်ဆက်စကားပြောခါနီး ယင်ယာ၏

မျက်နှာရိပ်မျက်နှာကဲကြောင့် နှုတ်မဆက်ဖြစ်ခဲ့ချေ။

ဤအပြုအမူက မန်မန် စူစမ်းလိုစိတ် ဖြစ်သွားသည်။ သူမက စားပွဲခုံကို သေချာ အကဲခတ်ကြည့်သောအခါ ကြာရွက်မှလွဲ၍ ဘာဆိုဘာမှ မမြင်တွေ့ရပေ။

“ယွမ်လေး၊ သူ စားနေတာ ဘာလဲ။ သူ့အမူအရာ ကြည့်ရတာ ထူးခြားနေတယ်”

“အစ်မမန်မန်၊ သူ စားနေတဲ့ ဟင်းလျာက မီနူးအသစ်ဖြစ်တဲ့ ဆန်အခြေပြု ချက်ပြုတ်နည်း အမျိုးပေါင်း(၁၀၀)ထဲက တစ်ခုပဲ”

“အမ်၊ ချက်ပြုတ်နည်း ၁၀၀လား။ အဲဒါက ဘာလဲ။ ဟင်းပွဲအသစ်လား” မန်မန်က ခေါင်းလှည့်ကာ မီနူးကို ကြည့်လိုက်သည်။

“အမျိုးပေါင်း(၁၀၀)ဆိုတော့ သူဌေးယွမ်က အမျိုးပေါင်း (၁၀၀) ကျွမ်းကျင်တဲ့ သဘောလား” မန်မန်က ယွမ်ကျိုးနှင့် အတော်အတန် ရင်းနှီးနေ၍ ယဉ်ကျေးစွာ မေးမြန်းလိုက်သည်။

“ဟုတ်တယ်။ မင်း ဘာစားချင်လဲ” ယွမ်ကျိုးထံမှ အဖြေက ရိုးရှင်းပြီး တည့်တိုးဆန်သည်။

“ဟင်းလျာတစ်မျိုးချက်ပြပြီး လက်စွမ်းပြလို့ရတယ်”

“ရှင့်ကိုယ်ရှင် အရမ်းအထင်ကြီးလွန်းနေပြီ ထင်မိတယ်။ ကျွန်မ ခဏ စဉ်းစားကြည့်ဦးမယ်”

ယွမ်ကျိုး၏မျက်နှာပေါ်မှ ယုံကြည်မှုရှိသော ပုံစံကို မြင်ရသောအခါ သူမက ကောက်ကျစ်သော အကြံအစည်ကို တွေးမိသည်။

“ဒါဆိုရင် နှင်းသီး ပန်းဂျုံ ဆန်ပြုတ် စားချင်တယ်” မန်မန်က ကိတ်မုန့်ဖုတ် ကျွမ်းကျင်သူ ဖြစ်၍ ချိုမြသော သရေစာ စားသုံးရခြင်းကို နှစ်သက်သည်။

မန်မန် အချိန်အတော်ကြာအောင် စဉ်းစားပြီးမှ ဤဟင်းလျာကို စဉ်းစားမိခြင်းဖြစ်သည်။ ဤဆန်ပြုတ်က နှင်းသီးကြိုက်သော ကောင်မလေးများအတွက် အထူးတလည် ပြင်ဆင်ထားသော ဟင်းလျာဖြစ်ပြီး နှင်းသီး လွန်ကဲစွာ စားလျှင် ကိုယ်တွင်းပူချိန် မြင့်တက်စေသည်။ အရွယ်ရောက်အမျိုးသား ယွမ်ကျိုးက ယခုလို ဗဟုသုတမျိုး ရှိလိမ့်မည်ဟု မယုံကြည်ပေ။

“စားလို့ မရဘူးမလား” ယွမ်ကျိုး မပြောခင် မန်မန်က ပြုံးရွှင်စွာ အရင်ပြောလိုက်သည်။

“အဓိက အသုံးပြုမယ့်ပစ္စည်းက ဆန်ဖြစ်တယ်။ တခြားအသုံးပြုမယ့် ပစ္စည်းက ဟင်းခတ်အမွှေးကြိုင်ပဲ ဖြစ်နိုင်မယ်။ အရံဟင်း နဲ့ တခြားပါဝင်ပစ္စည်းတွေကို မသုံးနိုင်ဘူး” ယွမ်ကျိုးက ပြောသည်။

“အွန်း ကောင်းပြီလေ။ ဒါဆိုရင် တခြားတစ်ခု ပြောင်းမယ်။ ထောပတ်ထမင်း” မန်မန်က အနောက်တိုင်း အစားအသောက်ကို တောင်းဆိုသည်။

“အိုကေ”

ယွမ်ကျိုးက သဘောတူလိုက်သောအခါ မန်မန်က သူ့အရှုံးကို လက်မခံနိုင်ပေ။ သူမက ထိုင်ခုံမှာ ထိုင်နေရင်း ယင်ယာ ပျော်ရွှင်စွာ စားသောက်နေခြင်း နှင့် နံရံပေါ်မှ မီနူးကိုကြည့်သည်။ ထို့နောက် သူမက ယွမ်ကျိုးကို ထောင်ချောက်ဆင်ရန် ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် သူမက ဖုန်းထုတ်လိုက်ပြီး Wechatမှာ ပို့စ်တင်သည်။

အပိုင်း(၁၁၅)

ပြီးပါပြီ။

ယွမ်ကျိုး အပိုင်း(၁၁၆)

[ အရံဟင်းမပါဘဲ ဆန်တစ်မျိုးတည်းကို သုံးပြီး ဟင်းပွဲ အမျိုးပေါင်း ၁၀၀ ချက်ပြုတ်နိုင်တယ်လို့ ကြွေးကြော်တဲ့လူနဲ့ ဒီကနေ့ ထိပ်တိုက်တွေ့တယ်။ လုံးဝကို မယုံကြည်နိုင်ဘူး ဖြစ်နေတယ်။ ဒါကြောင့်မို့ သူ့ကို ပညာစမ်းဖို့ ဆန်သီးသန့် ချက်ပြုတ်လို့ရတဲ့ ဟင်းပွဲတွေ အကြံပေးကြပါဦး]

မန်မန်က သူမကိုယ်တိုင် ဖုတ်ထားသော စားချင့်စဖွယ် ကိတ်မုန့် ဓာတ်ပုံလေးဖြင့် ပို့စ်တင်လေ့ရှိသည်။ သူမနှင့် အပြန်အလှန် စကားပြောလေ့ရှိသူများက သူမ၏သူငယ်ချင်းများ နှင့် အစားအသောက်ဝါသနာရှင်များ ဖြစ်သည်။ ဤပို့စ်က ရေကန်ထဲပစ်ချလိုက်သော ကျောက်တုံး ကဲ့သို့ လှိုင်းဂယက် ထောင်ပေါင်းများစွာကို ဖြစ်ပေါ်စေသည်။

ပြန်စာအများစုက ဆိုးဆိုးရွားရွား အကြံအစည်များ ဖြစ်နေခြင်းကို သံသယဝင်စရာ ပင် မလိုအပ်ချေ။ တချို့က လက်တွေ့မကျသော အချိုပွဲများကိုပင် အကြံပေးလိုက်သေးသည်။

သို့သော်လည်း အသုံးဝင်သော အစားအသောက်များစွာ ရှိသေးသည်။ သာဓကဆိုသော် ဘယ်ရီသီး ဆန်ပူတင်း ဖြစ်သည်။ အနံ့မွှေးကြိုင်သောကြောင့် မန်မန် မြည်းစမ်းချင်သော ဆန္ဒ ဖြစ်လာသည်။

သို့သော်ငြားလည်း သူက တခြားအစားအသောက်ကို အော်ဒါတင်ထားပြီးသား ဖြစ်နေသည်။

ထောပတ်ထမင်းက ရိုးရှင်းသော်လည်း ပြင်ဆင်ရာတွင် ခက်ခဲမှုရှိသည်။ အသုံးပြုသော ပါဝင်ပစ္စည်း နည်းလေလေ အရသာရှိရန် ခက်ခဲလေဖြစ်သည်။ ဤသည်ကား ဟင်းလျာ၏ အရသာရှိမှု နှင့် လတ်ဆတ်မှုအပေါ် သက်ရောက်မှု ရှိနိုင်သည်။

ပန်းကန်လုံး တစ်လုံးစာ အသုံးပြုမည် ဖြစ်သောကြောင့် ယွမ်ကျိုးက ဖိအားသုံးပေါင်းအိုးအသေးကို အသုံးပြုပြီး ထမင်းချက်သည်။ ပေါင်းအိုးက မြန်ဆန်လွန်း၍ ၅မိနစ်ပင် မကြာလိုက် ထမင်းကျက်သွားသည်။ ထိုစဉ် ယွမ်ကျိုးက နို့နှစ်ရောင်ဓားဖြင့် ထောပတ်ခဲကို လှီးဖြတ်လိုက်သည်။

ပေါင်းအိုးထဲမှ ထမင်းကို ခပ်ထည့်လိုက်ပြီး ထောပတ်ထည့်ရန် အလယ်ပိုင်းကို အလွတ်ထားသည်။ အလယ်မှာ ထောပတ်ထည့်ပြီးနောက် ထမင်းဖြူ တစ်လွှာအုပ်သည်။ ထို့နောက် ပဲငံပြာရည် တစ်ဇွန်း လောင်းထည့်ပြီး ထမင်းဖြူးလိုက်သည်။ လုံးဝန်းဖောင်းကားနေသောထောပတ် ထမင်း ဖြစ်သွားသည်။ ရေခဲတမျှအေးစက်သော ထောပတ်က ပူနွေးနွေးထမင်းနှင့် ထိတွေ့လိုက်သောအခါ တဖြည်းဖြည်းချင်း အရည်ပျော်ပြီး ထမင်းထဲ စိမ့်ဝင်သွားသည်။ တစ်ချိန်တည်းမှာပင် ပဲငံပြာရည်က တဖြည်းဖြည်းချင်း ထမင်းထဲ စီးကျသွားပြီး နူးညံ့သော ထောပတ်နှင့် ထိတွေ့လိုက်သောအခါ အလွန်ကောင်းမွန်သော မွှေးရနံ့ကို ပေးစွမ်းသည်။

“မင်း အော်ဒါတင်ထားတဲ့ ထောပတ်ထမင်းရပါပြီ” ယွမ်ကျိုးက ဟင်းလျာကို မန်မန်ဆီ သယ်လာပေးသည်။

“ကောင်းပါပြီ။ ကျေးဇူးတင်ပါတယ် သူဌေးယွမ်”

မန်မန်က သူမ၏ ထောပတ်ထမင်းပန်းကန်လုံးကို သူမကိုယ်တိုင် သယ်ဆောင်ကာ ပြုံးလိုက်သည်။

“သုံးဆောင်ပါ”

“အိုကေ၊ ဒါဆိုရင် အခုပဲ စားတော့မယ်” မန်မန်က တူကို ကောက်ယူလိုက်ပြီး စားသောက်ရန် ပြင်ဆင်သည်။

ထိုစဉ် ထမင်းအားလုံးနီးပါး ဖုံးလွှမ်းနေသော ထောပတ် နှင့် ပဲငံပြာရည်ကို မြင်တွေ့ရသည်။ ၎င်းတို့က ထမင်းထဲ စီးကျနေသောအခါ ထမင်းစေ့များကို ပိုအရသာရှိသည်ဟု ထင်ဟပ်စေသည်။ ထောပတ်ထမင်း ရနံ့ကို သေချာ ရှုကြည့်သောအခါ မွှေးရနံ့က အစာစားချင်စိတ်ကို ဖြစ်ပေါ်စေသည်။

သူမက တုံ့ဆိုင်းခြင်း မရှိဘဲ ထမင်းကို ဇွန်းအပြည့်ခပ်လိုက်ပြီး ပါးစပ်ထဲ ထည့်လိုက်သည်။ ထောပတ် နှင့် ပဲငံပြာရည် ရောယှက်မှုကြောင့် မွှေးကြိုင်သော ထမင်းကို နူးညံ့ကာ အရသာရှိစေသည်။ သူမ ဝါးလိုက်သော ထောပတ်ထမင်း၏ ကောင်းမွန်သော အရသာက လည်ချောင်းထဲ စီးဆင်းသွားသည်။

“လက်ဖျားခါလောက်အောင် အရသာရှိတယ်” မန်မန်က ယခုလို ချိုမြိန်ဖွယ် ထောပတ်ထမင်းကို ယခင်က တစ်ခါမှ မစားဖူးဟု ခံစားမိသည်။ သူမ ကိုယ်တိုင် ချက်ပြုတ်ဖူးသော ထောပတ်ထမင်းက ကြောင်စာ အဆင့်ဟု သတ်မှတ်နိုင်သည်။

ယွမ်ကျိုး၏လက်ရာကိုမြည်းစမ်းချင်၍ တန်းစီစောင့်နေသော ဖောက်သည်များလည်း ရှိနေသေးသည်။

သို့သော်ငြားလည်း ရင်းနှီးမြှုပ်နှံမှု ခေါ်ဆောင်ရေးဌာန၏ ရုံးခန်းမီးအလင်းရောင်က ယခုထိတိုင် လင်းနေသေးသည်။

ရှုရှောင် ညဘက်အလုပ်လုပ်နေစဉ် တိတ်ဆိတ်နေသော ရုံးခန်းထဲ ဖုန်းရုတ်တရက် မြည်လာ၍ လန့်ဖျပ်သွားသည်။

ရှုရှောင် အရမ်း ထိတ်လန့်သွား၍ သူ့လက်ထဲမှ ဘောပင် လွတ်ကျသွားသည်။

သူက ဖုန်းပြန်မဖြေခင် စိတ်သက်သာရာရအောင် သက်ပြင်းချလိုက်ပြီး မျက်မှန်ကိုင်းကို တည့်လိုက်သည်။

“ဟယ်လို၊ ဘယ်သူလဲ”

“ရှုရှောင်၊ မင်း အခုအထိ အလုပ်လုပ်နေတုန်းလား။ မင်း ပြင်ဆင်နေတဲ့ အလုပ်က အခြေအနေ ဘယ်လိုရှိလဲ” အထက်လူကြီးဆန်သော အသံက ဖုန်း၏တခြားတစ်ဖက်မှ ထွက်ပေါ်လာသည်။

“ဒါရိုက်တာချီ၊ ပြင်ဆင်လို့ ပြီးခါနီးပါပြီ။ ခဏနေရင် ဒါရိုက်တာရဲ့စားပွဲပေါ်မှာ လာတင်ပေးပါမယ်”

အသံပိုင်ရှင်ကို သိသွား၍ ရှုရှောင်က တည့်မတ်စွာ ထိုင်လိုက်ပြီး လေးနက်စွာ ပြန်ဖြေသည်။

“အွန်း၊ ရှုအာ။ ဒီတစ်ခေါက်တော့ မင်း အလုပ်ကောင်းကောင်း လုပ်ခဲ့တာပဲ။ အဲဒီလူက ငါတို့နဲ့ ရင်းနှီးမြှုပ်နှံရင် နောက်ထပ်အလုပ်တစ်ခု ပြီးမြောက်တာပဲ။ ကောင်းကောင်းလုပ်တော့” တစ်ဖက်မှ အသံက ကျေနပ်ဟန်ရှိပြီး ရှုရှောင်ကို လေပြေအေးဖြင့် စကားပြောသည်။

“ဟုတ်ကဲ့ ကျွန်တော်ကြိုးစားပါမယ်။ မစိုးရိမ်ပါနဲ့ ဒါရိုက်တာချီ။ စာရွက်စာတမ်းအားလုံးကို သေချာ စစ်ဆေးပြီး ကျွန်တော်တို့ရဲ့ကောင်းကွက်တွေအားလုံးကို အသေးစိတ် စာရင်းပြုစုပေးထားတယ်။ စိတ်ချထားလိုက်ပါ"

ရှုရှောင်က နှံ့စပ်စွာ အစီရင်ခံသည်။

“အလုပ်ကိစ္စနဲ့ ပတ်သက်လာရင် မင်းကို စိတ်ချတယ်။ ဒါနဲ့ စားသောက်ဆိုင် ရှာထားပြီးပြီလား” အရင်ဦးဆုံး ချီးမွမ်းစကား ပြောပြီးနောက် သူက ဆက်လက်မေးမြန်းသည်။

“မရှာရသေးဘူး။ ကျွန်တော် အရင်ဆုံး အရသာ မြည်းကြည့်ဖို့ လိုအပ်မလား” သူက မေးမြန်းသည်။ အများပိုင်ရန်ပုံငွေကို အသုံးပြုပြီး စားသောက်ပွဲ ကျင်းပခြင်းက တာဝန်ပြီးမြောက်အောင် စွမ်းဆောင်နိုင်လိမ့်မည်။

“ဒါပေါ့။ မင်း အရင်ဆုံး သွားစားကြည့်ပြီး ဘိုကင်ယူထားလိုက်လေ။ ဒါဆိုရင် သွားမယ့်နေ့မှ ရင်းနှီးမြှုပ်နှံမယ်သူကို အဲဒီနေရာ ခေါ်သွားမယ်” ဒါရိုက်တာက ဖုန်း၏တခြားတစ်ဖက်မှာ ပျော်ရွှင်စွာ စကားပြောသည်။

“နားလည်ပါပြီ။ ဒါရိုက်တာချီ။ ကျေးဇူးပါပဲ”သူ့ကိုလည်း အတူတူ ခေါ်သွားမည်ဟု ပြော၍ တစ်ပတ်တာ အချိန်ပိုဆင်းရခြင်းက ထိုက်တန်သည်ဟု ခံစားမိသည်။ သူ့ပေါင်းသင်းဆက်ဆံရေး နယ်ပယ်ကို တိုးချဲ့နိုင်သော အခွင့်အရေးကောင်းလည်း ဖြစ်သည်။

“ကောင်းပြီလေ။ အလုပ်ဆက်လုပ်တော့။ အိမ်ပြန်နောက်မကျစေနဲ့” တစ်ဖက်လူက မိန့်ခွန်းပြောသကဲ့သို့ သူ့ကို ချွေးသိပ်သည်။

“ဟုတ်ကဲ့ပါ။ ဒါရိုက်တာချီ။ ဒါဆိုရင် ဖုန်းချလိုက်ပြီနော်” ရှုရှောင်က ရွှင်မြူးစွာ စကားပြန်ပြောသည်။

သူ့စားပွဲခုံသို့ ပြန်ရောက်သောအခါ စာရွက်စာတမ်း၏ နောက်ဆုံးအပိုင်းကို သွက်လက်စွာ လက်စသတ်လိုက်သည်။

နာရီဝက်ခန့်ကြာပြီးနောက်…

“ဟူး…”

“နောက်ဆုံးတော့ အပြီးသတ်သွားပြီ” ကုလားထိုင်ကို ကျောမှီလိုက်ပြီး ရှုရှောင်က လေးကန်စွာ သက်ပြင်းချလိုက်သည်။ သူ့စာရွက်များက အမှားအယွင်း ရှိ/ မရှိ နောက်တစ်ကြိမ် ထပ်စစ်ဆေးကြည့်သည်။

အလုပ်အားလုံးကို လျင်မြန်စွာ အဆုံးသတ်ပြီးနောက် သူ့အနာဂတ်မျှော်လင့်ချက်ဖြစ်သော စာရွက်စာတမ်းများကို ဒါရိုက်တာချီ၏ စားပွဲခုံပေါ်မှာ အနည်းဆုံး လေးကြိမ်၊ ငါးကြိမ်ခန့် တင်လိုက် ယူလိုက် လုပ်ခဲ့သည်။ ရှုရှောင် စိတ်ကျေနပ်သည်အထိ ထပ်တလဲလဲ စစ်ဆေးကြည့်ပြီးနောက် ကျင်းလင်စားသောက်ဆိုင်ကို ရှာဖွေရန် သူ့ကွန်ပြူတာဆီ ပြန်သွားသည်။

ယနေ့ခေတ်တွင် ကွန်ပြူတာ၏အကူအညီဖြင့် အရာရာတိုင်းကို လွယ်လင့်တကူ ရှာဖွေနိုင်သည်။ ရှာဖွေသည့် နေရာသို့ ဝင်ရောက်လိုက်လိုက်ခြင်း ဖန်သားပြင်ပေါ်တွင် စားသောက်ဆိုင် မြောက်များစွာ ပေါ်လာသည်။ အင်တာနက်ကို ကျင်လည်စွာ အသုံးပြုတတ်သည့် အတွေ့အကြုံရှိသူ ဖြစ်သောကြောင့် ဝက်ဘ်ဆိုက်၏ တရားဝင်ကြေညာချက်များကို လွယ်လင့်တကူ မယုံကြည်ပေ။ ဤစားသောက်ဆိုင်များ၏ အဆင့်သတ်မှတ်ချက် အလိုက် ဘလော့လေးများ ရှာဖွေကြည့်ရန် ဆုံးဖြတ်လိုက်သည်။

အလွယ်ကူဆုံးနည်းလမ်းက မန်မန်၏တိုက်ရိုက်ထုတ်လွှင့်မှုကို သွားကြည့်ရန် ဖြစ်သည်။ သဘောကျနှစ်သက်သော မှတ်ချက်၊ စားသောက်ဆိုင်သို့သွားစားရန် လူစု ခြင်း နှင့် တည်းခင်းထားသော အစားအသောက် ဓာတ်ပုံများက ရှုရှောင်ကို ပါးစပ်အဟောင်းသား ဖြစ်စေသည်။ ရှုရှောင်၏စိတ်ဝင်စားမှုကို ချက်ချင်း ဖြစ်ပေါ်စေသည်။

ဖွင့်သည့် ခလုတ်ကို နှိပ်လိုက်ပြီး ယခင်တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုရန် စီစဉ်သည်။ ထိုမှသာ ဟင်းလျာ၏အရသာရှိမှုကို အတိအကျ အကဲခတ်နိုင်လိမ့်မည်။

“ဒီကနေ့ မန်မန်ရဲ့တိုက်ရိုက်ထုတ်လွှင့်မှုက ယွမ်ကျိုးရဲ့စားသောက်ဆိုင်ကို နောက်တစ်ခေါက်သွားတာပါပဲ။ အရမ်း အရသာရှိတဲ့ ဟင်းလျာအသစ်ကို စားပြပေးပါမယ်။ အဲဒီဟင်းလျာကို အားလုံးက မျှော်လင့်တကြီး စောင့်မျှော်နေပြီလား။ ကဲ ဒါဆိုရင်တော့ အဲဒီဆိုင်မှာ အစားအသောက်တွေ သွားစားကြမယ်” မန်မန်၏ ချစ်စဖွယ်ကောင်းပြီး အလွန်စွဲမက်ဖွယ်ကောင်းသောအသံက ကြည့်ရှုသူများကို ဆွဲဆောင်နိုင်သည်။

မြင်ကွင်းက ယွမ်ကျိုး၏စားသောက်ဆိုင်ထဲသို့ ပြောင်းလဲသွားသည်။ မန်မန်က ဤဆိုင်မှာ ပထမဆုံးအကြိမ် တိုက်ရိုက်ထုတ်လွှင့်မှု မဟုတ်သောကြောင့် ဆိုင်မြင်ကွင်း တစ်ခုလုံးကို မရိုက်ပြပေ။ ထို့ကြောင့် ရှုရှောင်က သန့်ရှင်းသပ်ရပ်သော စားပွဲခုံ၊ ထိုင်ခုံ နှင့် မိန်းကလေးမန်မန်ကိုသာ မြင်နိုင်သည်။

နောက်ဆက်တွဲမြင်ကွင်းက မန်မန်က ဟင်းလျာများကို အော်ဒါတင်ခြင်း နှင့် အစားအသောက်များ စားပြခြင်း ဖြစ်သည်။ ထိုမှသာ ရှုရှောင်က သူ မေ့လျော့နေသော တစ်စုံတစ်ရာကို ပြန်လည်အမှတ်ရသွားသည်။ သူက ယခုအချိန်အထိ ညစာ မစားရသေးပေ။ မန်မန်က ကျင်းလင်မြက်နှင့် ဖီးနစ်အမြှီးပုစွန်ဟင်းကို စားနေသော တိုက်ရိုက်ထုတ်လွှင့်မှု ဗီဒီယိုကို ကြည့်ကာ ရှုရှောင် ဗိုက်ဆာလာသည်။ သူ့ဗိုက်က တဂွီဂွီမြည်လာပြီး အစာအိမ်အောင့်လာသည်။

...

အပိုင်း(၁၁၆)

ပြီးပါပြီ။ယွမ်ကျိုး အပိုင်း(၁၁၇)

ထို့ကြောင့် မန်မန်၏ဘလော့လေးအောက်မှာ ယွမ်ကျိုး၏စားသောက်ဆိုင် လိပ်စာမေးမြန်းသော တခြားစာတို ပေါ်လာသည်။

[ငါ့ကို လိပ်စာပြောပေးပါ။ မနက်ဖြန်သွားစားချင်လို့ပါ။ ဒီကနေ့က ဆိုင်ပိတ်လောက်ပြီမလား] Sound Sleep without Knowing of Dawn

ရှုရှောင်၏ အိုင်ဒီက တခြားသူများနှင့် နာမည်မတူအောင် ကဗျာစာသားကို အသုံးပြုထားခြင်း ဖြစ်သည်။

မန်မန်ဘလော့၏ပရိသတ်များက အတော်အတန် အထောက်အကူဖြစ်သည်။ သူ အသင့်စားခေါက်ဆွဲပြုတ်သွားဝယ်နေစဉ် တစ်စုံတစ်ယောက်က လိပ်စာပြောထားသည်။

[မင်းက လူသစ်ထင်တယ်။ စားဖိုမှူးယွမ်ရဲ့ ဟင်းလျာကို သဘောကျသွားတဲ့ နောက်ထပ် အရူးတစ်ယောက် ထပ်လာပြန်ပြီပေါ့။ ဆိုင်က ထောင်ရှီးလမ်း အိမ်နံပါတ်၁၄ မှာပဲ။ ည ၁၁နာရီထိုးနေပြီ ဆိုတော့ ဆိုင်ပိတ်လောက်ပြီ။ မနက်ဖြန်မှပဲ မင်း သွားစားတော့] လေ့ဟုန်က ပြန်ဖြေပေးသည်။

[ကျေးဇူးတင်ပါတယ်။ ညစာကိုတော့ ခေါက်ဆွဲပြုတ်ပဲ စားရတော့မယ်]

Sound Sleep without Knowing of Dawn

[ဗိုက်ပြည့်ဖို့ အသင့်စားခေါက်ဆွဲပြုတ်ပဲ စားနေရရင်တော့ အကြံတစ်ခုတော့ ပေးလိုက်မယ်။ ဒီဗီဒီယိုလေးကို ကြည့်ပြီး သူဌေးယွမ်ရဲ့လက်ရာကို စားနေရတယ်လို့ စိတ်ကူးယဉ်ကြည့်လေ] လေ့ဟုန်က အတွေ့အကြုံများသော အမူအရာဖြင့် ပြန်ဖြေသည်။

[အိုကေ၊ စမ်းသပ်ကြည့်မယ်]

Sound Sleep without Knowing of Dawn.

သူက ခေါက်ဆွဲပြုတ်စားရင်း မန်မန်၏တိုက်ရိုက်ထုတ်လွှင့်မှု ဗီဒီယိုကို ကြည့်သည်။ ထို့နောက် ရှုရှောင်က ယွမ်ကျိုး၏စားသောက်ဆိုင်မှာ မနက်ဖြန် သွားစားရန် ဆုံးဖြတ်လိုက်သည်။

နောက်တစ်နေ့ မနက်စောစောတွင် ရှုရှောင်က အရသာရှိသော ကျင်းလင်ဟင်းလျာများကို ရောင်းချပေးသော နာမည်ကြီး စားသောက်ဆိုင် ရှာတွေ့သွားကြောင်း ဒါရိုက်တာချီကို သတင်းပို့သည်။

“ဒါဆိုရင် မင်း သွားစားကြည့်ဖို့ ယွမ်၃၀၀ ပေးဖို့ အာမခံပေးလိုက်မယ်။ ငွေဖြတ်ပိုင်းကို ယူပြီး ရှောင်လီဆီမှာ ငွေသားသွားယူလိုက်တော့” ဒါရိုက်တာချီက သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး ချက်ချင်း ပြန်ပြောသည်။

“ဟုတ်ကဲ့” ရှုရှောင် သဘောတူလိုက်ပြီး ဖြတ်ပိုင်းကို ယူကာ ရှောင်လီဆီသွားသည်။

ရှုရှောင်က အများသုံးရန်ပုံငွေကို အသုံးပြုပြီး အစားအသောက် ဝယ်စားခွင့်ရခဲ့သည်။ ယခုလို အကျိုးအမြတ်ကို သူ တကယ် နှစ်ခြိုက်သည်။

သူက ရုံးမှ ထွက်လာပြီး ဘတ်စ်ကားပေါ် တက်လိုက်သည်။ သတိဝီရိယရှိပြီး စေ့စပ်သူ ရှုရှောင်က မနေ့ညတည်းက ဆိုင်သို့သွားမည့် လမ်းကြောင်းကို စစ်ဆေးထားပြီသား ဖြစ်သည်။

ရှုရှောင် ရောက်သွားသောအခါ နည်းနည်း မှင်တက်သွားသည်။

သူ့အရှေ့မှာ ရုံးအဆောက်အဦရှိသည်။ ရုံးအဆောက်အဦများကို ဖြတ်ကျော်ပြီးနောက် အဆောက်အဦအဟောင်းများရှိသော ရပ်ကွက်ကို တွေ့ရသည်။ ထို့ကြောင့်လည်း ဤနေရာက ဆိတ်ငြိမ်ရပ်ကွက် ဖြစ်နိုင်သည်။ လမ်းကြောင်းကို ကြည့်ပြီးနောက် သူ့ကိုယ်သူ နှစ်သိမ့်လိုက်သည်။

“စားသောက်ဆိုင်နားက ပတ်ဝန်းကျင်က ကောင်းမွန်တာပဲ”

ကျဉ်းမြောင်းသောလမ်း၏အလယ်တွင် ယွမ်ကျိုး၏စားသောက်ဆိုင်ရှိနေ၍ ရှာဖွေရန် မခက်ခဲချေ။ ထို့ကြောင့်လည်း ရှုရှောင်က သိပ်မကြာခင်မှာပင် ဆိုင်ကို ရှာတွေ့သွားသည်။ အင်တာနက်ပေါ်တွင် နာမည်ကြီးနေသော ယွမ်ကျိုး၏စားသောက်ဆိုင်က တကယ်ကို ဆိုင်သေးသေးလေး ဖြစ်သည်။

ရှုရှောင်က ချက်ချင်း လှည့်ထွက်သွားချင်ခဲ့သည်။ သို့သော်လည်း စားသောက်ဆိုင် ဝင်ပေါက်မှာ တန်းစီစောင့်နေသော လူအုပ်စုကြီးကို မြင်သောအခါ သူ အနည်းငယ် တုံ့ဆိုင်းသွားသည်။

“စီးပွားရေးသမားက ကျင်းလင်မြို့ကပဲ။ ဒီက ပူစပ်စပ်အစားအသောက်တွေကို မစားနိုင်ဘူး။ ကျင်းလင်ဟင်းပွဲအစစ်အမှန်ကို ရောင်းတဲ့ စားသောက်ဆိုင်ကို ရှာရမယ်။ ဆိုင်က အရမ်းကြီးခမ်းနားထည်ဝါဖို့ မလိုအပ်ဘူး။ တစ်ခုတည်းသော လိုအပ်ချက်က အရသာရှိပြီး ကျင်းလင်ဟင်းလက်ရာ ဖြစ်ဖို့ပဲ” ဒါရိုက်တာချီ၏စကားလုံးများက သူ့စိတ်ထဲ ပဲ့တင်ထပ်လာသည်။

ရှုရှောင်က အံကြိတ်လိုက်ပြီး ဆုံးဖြတ်ချက်မချခင် အရင်ဆုံး တန်းစီ စောင့်ဆိုင်းရန် ဆုံးဖြတ်လိုက်သည်။ ဗီဒီယိုထဲတွင် စားသောက်ဆိုင်၏ အတွင်းဘက် ပတ်ဝန်းကျင်က သပ်ရပ် သန့်ရှင်းပြီး ဟင်းပွဲများက အရသာရှိမည့်ပုံပေါ်သည်။

တကယ်တမ်း ယွမ်ကျိုးက သူ့ဟင်းလျာများ ချက်ပြုတ်ခြင်းကို အာရုံစိုက်နေ၍ တစ်စုံတစ်ယောက်က သူ့ကို မယုံမကြည် ဖြစ်နေခြင်းကို မသိခဲ့ပေ။

ရှုရှောင်က သူ့အလှည့်ကျရောက်လာသောအခါ လုံးဝ ဆွံ့အသွားရသည်။ မီတာ ၃၀ ပတ်လည်ရှိသော စားသောက်ဆိုင်လေးက အရသာရှိသော ကျင်းလင်ဟင်းစစ်စစ်ကို ရောင်းချနိုင်မည်လော။ ရှုရှောင် အရမ်းကို သံသယဝင်မိသည်။ သို့သော်လည်း သူ့အလှည့်ရောက်ရန် နာရီဝက်ခန့် စောင့်ဆိုင်းခဲ့ရသည်။

ထို့အပြင် စားသောက်ဆိုင်အပြင်မှာ စောင့်ဆိုင်းနေစဉ် တခြားဖောက်သည်များနှင့် ဆိုင်အကြောင်း စပ်စုထားသည်။

“ဒီကနေ့ ဘာသုံးဆောင်ချင်လဲ” မုရှောင်ယွမ်က သူ့ကို လာနှုတ်ဆက်သည်။

“အွန်း။ မီနူး ဘယ်မှာလဲ”ရှုရှောင်က ချက်ချင်း မေးမြန်းသည်။

“မီနူးက ရှင့်နောက်က နံရံပေါ်မှာပါ။ ကြည့်လိုက်ပါ” မုရှောင်ယွမ်၏ချိုသာသော အသံက နားဝင်ချိုသည်။

မီနူးကို ကြည့်လိုက်သောအခါ ရှုရှောင် လန့်ဖျပ်သွားသည်။ မနက်ခင်းတုန်းက ဒါရိုက်တာချီပေးလိုက်သော ၃၀၀ယွမ်က အစုံလိုက်ဟင်းပွဲ စားရန် မဆိုထားဘိ ခေါက်ဆွဲပြုတ် တစ်ပွဲသာ လုံလောက်သည်။

သူ့ဘေးနားက တခြားဖောက်သည်များက စားချင့်စဖွယ်အာသီသ ဖြစ်အောင် စားသောက်နေသော မြင်ကွင်း နှင့် သူ့ဘေးနားမှာ စောင့်ဆိုင်းနေသော ကောင်မလေးကြောင့် ရှုရှောင်က ဟင်းလျာ အော်ဒါတင်လိုက်သည်။ သူ့ပိုက်ဆံအိတ်ထဲက ပိုက်ဆံကို မပေးရ၍ ကံကောင်းသည်။

“ကျင်းလင်မြက်နဲ့ ဆန်အခြေပြုချက်ပြုတ်နည်း အမျိုးပေါင်း၁၀၀ တစ်ပွဲပေးပါ” ရှုရှောင်က ဈေးအပေါဆုံး ဟင်းလျာ နှစ်မျိုးကို အော်ဒါတင်လိုက်သည်။

“ဟုတ်ကဲ့။ အမျိုးပေါင်း၁၀၀ထဲက ဘယ်လိုပုံစံမျိုးကို သုံးဆောင်ချင်လဲ” ကောင်မလေးက အလိုက်တသိ မေးမြန်းသည်။

“ဖြစ်နိုင်ရင်တောင် ယန်ဇီမြစ်တောင်ပိုင်း စတိုင်ဖြစ်ရင် ကောင်းမယ်” ရှုရှောင်က သူ့တာဝန်ကို မှတ်မိနေသေးသည်။

“အိုကေ၊ ခဏစောင့်ပေးပါ”

ကောင်မလေးက ချက်ချင်းသဘောတူလိုက်ပြီး ယွမ်ကျိုးကို သွားပြောသည်။

ရှုရှောင်က ၁၀မိနစ်အတွင်း သူ့ဟင်းပွဲကို မြင်တွေ့ရသည်။ ကျင်းလင်မြက်က မြက်ကို အသုံးပြုထားသော ဟင်းလျာ မဟုတ်ပေ။ ကျောက်စိမ်းကဲ့သို့ စိမ်းစိုနေသည်။

ရှုရှောင်က ဤဆိုင်သို့ မလာခင်တည်းက ကျင်းလင်ဒေသခံများ အကြိုက်တွေ့သော ကျင်းလင်မြက်ဟင်းပွဲ အကြောင်း လေ့လာထားသည်။

သူ အော်ဒါတင်ထားသော တခြားဟင်းပွဲက ပိုထူးဆန်းသည်။ စတုရန်းပုံစံ ရွှေဝါရောင်သန်းနေသော ထမင်းပွဲဖြစ်သည်။ ဟင်းပွဲနှစ်မျိုးစလုံးက ပြင်ဆင်မှုကောင်းမွန်သည်။ သေချာ လေ့လာဆန်းစစ်ပြီးနောက် ရှုရှောင်က အရသာမြည်းစမ်းရန် ပြင်ဆင်သည်။

အရသာက ရှုရှောင်ကို ချက်ချင်း စွဲညှိသွားစေသည်။

......

အချိန်က လျင်မြန်စွာ ကုန်ဆုံးသွားသည်။

သုံးရက် ကျော်လွန်သွားသည်။ ယနေ့ သောကြာနေ့က ဒါရိုက်တာချီ နှင့် ကျင်းလင်စီးပွားရေး လုပ်ငန်းရှင်တို့ ချိန်းဆိုထားသောနေ့ဖြစ်သည်။ သင့်တင့်လျောက်ပတ်သော စားသောက်ဆိုင်ရှာဖွေထားရန် သူ့လက်အောက်ငယ်သားကို စီစဉ်ခိုင်းထားသည်။

တရုတ်လူမျိုးများက မည်သည့်နေရာရောက်ရောက် အစားအသောက်စားရင်း အလုပ်ကိစ္စ ဆွေးနွေးရခြင်းကို သဘောကျသည်။ ထမင်းစား စားပွဲမှာ စကားပြောရခြင်းကို ပိုသင့်လျော်သည်။

“ရှုရှောင်၊ မင်းက လမ်းပြ။ လူကြီးမင်းကွမ် နဲ့ ငါက မင်း နောက်က လိုက်ခဲ့မယ်” မျိုးရိုးနာမည် ကွမ်အမည်ရှိသူက ကျင်းလင်းစီးပွားရေးလုပ်ငန်းရှင်ဖြစ်သည်။

“ဟုတ်ကဲ့” ရှုရှောင်က ကားမမောင်းခင် ချက်ချင်း သဘောတူလိုက်သည်။

“အစ်ကိုကွမ်၊ အခုပဲ သွားကြမလား” ဒါရိုက်တာချီက ဤဒေသရှိ အစားအသောက် နှင့် ဖျော်ရည်ယမကာ လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံမည့်သူကို ရင်းနှီး ဖော်ရွေစွာ ဆက်ဆံသည်။

“ဒါရိုက်တာချီက အရမ်းကြီး ပျူငှာလွန်းနေပြီ။ သွားကြတာပေါ့” အစ်ကိုကွမ်က အစိုးရဝန်ထမ်းများနှင့် ပေါင်းသင်း ဆက်ဆံရေးကို နားလည်ထား၍ နှိမ့်ချစွာ ပြောဆိုပြုမူသည်။

“အစ်ကိုကွမ်။ ကျွန်တော့်ကားနဲ့ သွားမလား။ အစ်ကို့ရဲ့ကားကို သုံးမလား။ ဒီနေရာက လမ်းရှင်းပါတယ်” ဒါရိုက်တာချီက သူ့မြို့ကို ကြော်ငြာရန် မမေ့လျော့ခဲ့ပေ။

“ဒါဆိုရင် ကျွန်တော့်ရဲ့ကားကို ဒါရိုက်တာချီပဲ မောင်းပေးပါ” သူဌေးကွမ်က ဖိတ်ကြားမှုကို လက်ခံလိုက်သည်။ ဤမျှအသေးအမွှားတောင်းဆိုမှုကို သူက သေချာပေါက် သဘောတူလိမ့်မည်။

သူတို့နှစ်ဦးက လမ်းတစ်လျှောက်လုံး လိုက်လျောညီထွေစွာ စကားပြောနေသည်။ နောက်ဆုံး အောင်မြင်မှုက လာမည့်စားပွဲအပေါ် မူတည်သည်။

ကားထဲမှ ပတ်ဝန်းကျင် အခြေအနေ တည်ငြိမ်သွားသောအခါ ဒါရိုက်တာချီက တစ်စုံတစ်ရာ လွဲမှားနေမှန်း သိသွားသည်။ ကျင်းလင်ဟင်းလျာများ ရောင်းချသည့် အထက်တန်းလွှာ စားသောက်ဆိုင်များ မရှိသော မြောက်ဘက်သို့ ဦးတည်သွားနေသည်။ ထိုမှသာ သူ နားလည်ရခက်သွားသည်။

ရှုရှောင်၏ကားက လမ်းကျဉ်းလေးထဲ မောင်းနှင်သွားပြီး ဤနေရာတွင် ကားရပ်ရန် အချက်ပြမှ ဒါရိုက်တာချီက ထိတ်လန့်ဖွယ် တစ်စုံတစ်ရာ ဖြစ်ပေါ်တော့မည်ဟု ခံစားမိသွားသည်။ ပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ ဟိုတယ်များကို မမြင်တွေ့ရဘဲ သေးငယ်သော စားသောက်ဆိုင်လေးများကိုသာ မြင်တွေ့ရသည်။

ရှုရှောင်ကို ယုံစားလို့ မရပေ။

အပိုင်း(၁၁၇)

ပြီးပါပြီ။

All Chapters