အခန်း (၅၀၉)
Vol. 41 Ch. 509
ချွင်... ချွင်... ချွင်…
ချန်ရှောင်ဟူသည် ပြိုင်ဘက်နှစ်ယောက်နှင့် အပြင်းအထန် လုံးထွေးတိုက်ခိုက်နေခဲ့သည်။
ထိုစဉ် ကျိုးချူမှ လက်ဝှေ့ယမ်းလိုက်ပြီး အမိန့်ပေးသည်။
"ညီနောင်တို့... ငါ့နောက်လိုက်ခဲ့"
ထို့နောက် ကျိုးချူသည် ဓားကို ကိုင်စွဲလျက် ကျားဖြူခန်းမ အစောင့်အရှောက်တပ်သားတစ်ရာကို ဦးဆောင်ကာ လင်းယုန်ခန်းမ အဖွဲ့သားငါးဆယ်ကို ဝိုင်းရံလိုက်သည်။ ကံဆိုးမိုးမှောင်ကျရှာသည့် လင်းယုန်ခန်းမ အဖွဲ့သားများသည် မိမိတို့ထက် များစွာထွားကြိုင်းသန်မာသော ကျားဖြူခန်းမ အစောင့်အရှောက်တပ်သားများကို မြင်လိုက်ရသည်နှင့် သတ္တိကြောင်သွားကြကာ ချက်ချင်းပင် လက်နက်ချ၍ မြေပြင်ပေါ်ဝပ်စင်းသွားကြသည်။
ဤသည်ကို မြင်လျှင် ကျိုးချူမှ ကြိမ်းမောင်း၏
"ဒူးထောက် အရှုံးပေးတဲ့သူကို အသက်ချမ်းသာခွင့်ပေးမယ်"
အခြားသော ကျားဖြူကိုယ်ရံတော်များသည်လည်း ဝိုင်းဝန်းအော်ဟစ်ကြသည်။
"ဒူးထောက် အရှုံးပေးရင် မသတ်ဘူး... အသက်မသေချင်ရင် ဒူးထောက်ကြစမ်း"
ထိုစကားကိုကြားသည်နှင့် လင်းယုန်ခန်းမ အဖွဲ့သားများသည် တွေဝေခြင်းမရှိဘဲ ဒူးထောက်လိုက်ကြသည်။ တစ်လလျှင် ငွေစ နှစ်စခန့်ရရုံမျှနှင့် သူတို့၏အသက်ကို အဆုံးရှုံးမခံနိုင်ကြပါချေ။
ဝှစ်... ဝှစ်... ဝှစ်…
မှောင်မိုက်သော ညဉ့်ယံထဲ၌ အနက်ရောင်ဝတ်ဆင်ထားသည့် ဆံပင်ဖရိုဖရဲနှင့် အမျိုးသမီးတစ်ဦးသည် လမ်းမများပေါ်တွင် သရဲတစ္ဆေတစ်ကောင်အလား လွင့်ပျံသွားလာနေသည်။
ဟုတ်ပါသည်။ သူမသည် နန်ပါးထျန်း ငှားရမ်းထားသည့် မျက်မမြင်ကံကြမ္မာဟောပြောသူဖြစ်ပါ၏။
အမှန်စင်စစ်၌ သူမသည် မျက်မမြင်ကံကြမ္မာဟောပြောသူ မဟုတ်ဘဲ မျက်မမြင်ကံကြမ္မာဟောပြောသူ၏ တပည့်သာ ဖြစ်ပါသည်။ သူမ၏ ဆရာဖြစ်သော မျက်မမြင်ကံကြမ္မာဟောပြောသူသည် လွန်ခဲ့သော ညတစ်ညတွင် အခြားသော မျက်မမြင်တစ်ဦး၏ လက်ချက်ဖြင့် အသက်ပျောက်ခဲ့ရသည်။
ထိုမျက်မမြင်၏ မျိုးရိုးအမည်မှာ "ယွမ်" ဖြစ်ပြီး သူတို့အချင်းချင်း ဆုံတွေ့ကြစဉ်တွင် သူမ၏ ဆရာဖြစ်သောမျက်မမြင်ကံကြမ္မာဟောပြောသူသည် ယွမ်မျိုးရိုးမျက်မမြင်၏ သတ်ဖြတ်ခြင်းခံခဲ့ရသည်။
သို့ဖြင့် ယခုတွင် ဤအမျိုးသမီးမျက်မမြင်သိုင်းပညာရှင်သာလျှင် ကျန်ရစ်တော့သည်။
သူမသည် ပါရမီထူးချွန်သူတစ်ဦးဖြစ်ရာ ဆရာဖြစ်သူ မရှိတော့သည့်တိုင် သူမ၏ ကိုယ်ပိုင်ကြိုးစားအားထုတ်မှုဖြင့် စွမ်းအင်ပြောင်းလဲခြင်းအဆင့်သို့ ရောက်ရှိနိုင်ခဲ့သည်။
သို့သော် ဆရာဖြစ်သူ သေဆုံးသွားခြင်းကြောင့် သူမသည် ဆရာဖြစ်သူကို သတ်ခဲ့သည့် ယွမ်မျိုးရိုးမျက်မမြင်နှင့် ဆုံတွေ့မည်ကို စိုးရိမ်သောကြောင့် မျန့်ရွှေစီရင်စုအတွင်း လှည့်လည်သွားလာခြင်းမပြုဘဲ ထန်ဇစ်လမ်းကြားတွင်သာ ပုန်းအောင်းနေခဲ့သည်။
သို့သော် ယနေ့တွင် သူမသည် ချန်ကျိုစစ်ဆိုသူကို တားဆီးရန် တာဝန်ပေးအပ်ခံခဲ့ရသည်။
ရှပ်... ရှပ်... ရှပ်…
မျက်မမြင်အမျိုးသမီး လမ်းမများပေါ်၌ ခပ်သွက်သွက် လှုပ်ရှားသွားနေစဉ် ရုတ်တရက် အရှေ့ဘက်လမ်းကြားဆီမှ ကျောက်ခဲတစ်လုံးဖြင့် ပစ်ပေါက်ခံလိုက်ရသည်။
ဝှစ်…
ကျောက်ခဲသည် သူမထံသို့ တည့်တည့်မတ်မတ် ပျံသန်းလာရာ မျက်မမြင်အမျိုးသမီးသည် ထိတ်လန့်သွားလျက် နောက်ပြန်ဂျွမ်းထိုး၍ ရှောင်တိမ်းလိုက်သည်။ ထို့နောက် နားကို အနည်းငယ် စောင်းငဲ့ကာ အသံကို အကဲခတ်နားထောင်သည်။
"ဘယ်သူလဲ"
ထိုအခါ လမ်းကြားထဲမှ အသံတစ်ခု ထွက်ပေါ်လာသည်။
"မျန့်ရွှေစီရင်စု၊ အကြီးအကဲ ဝူဟုန်က မိန်းကလေးကို အောက်ဆင်းလာပြီး စကားပြောဖို့ တောင်းဆိုချင်ပါတယ်"
"ဝူဟုန်"
မျက်မမြင်အမျိုးသမီးသည် ထိုအမည်ကို မှတ်မိနေသဖြင့် ခေတ္တမျှ တုံ့ဆိုင်းသွား၏။
အစောင့်အရှောက်ကြီးဆယ့်သုံးဦးထဲက လူသစ်ပဲ။
မျက်မမြင်အမျိုးသမီးမှ ပြောသည်။
"အကြီးအကဲဝူ... ကျွန်မ ဘာဥပဒေမှ ချိုးဖောက်မထားပါဘူး။ ဘာလို့ ကျွန်မကို တားရတာလဲ"
ဝူဟုန်သည် ခပ်ဖွဖွရယ်မောလျက် ပြန်ပြောသည်။
"သာ့ချန်ရဲ့ဥပဒေအရ စည်တော်သုံးချက်တီးပြီးရင် ညမထွက်ရအမိန့် သက်ရောက်ပါပြီ။ အဲဒီအချိန်မှာ သာမန်ပြည်သူတွေ လမ်းပေါ်ထွက်ခွင့်မရှိပါဘူး။ မိန်းကလေး... မင်းက ညမထွက်ရဥပဒေကို ချိုးဖောက်နေပြီ"
မျက်မမြင်အမျိုးသမီးသည် မျက်မှောင်ကြုတ်သွား၏။
"အကြီးအကဲဝူ၊ ဒီည လမ်းပေါ်ထွက်နေတာ ကျွန်မတစ်ယောက်တည်း မဟုတ်ပါဘူး။ ဘာလို့ ကျွန်မကိုမှ ရွေးပြီး တားရတာလဲ"
ဝူဟုန်မှ ပြန်ဖြေသည်။
"အဲဒါတော့ ကျုပ်လည်း မတတ်နိုင်ဘူးဗျ။ ကျုပ်က မင်းနဲ့ လာဆုံတာကိုး။ မလိုအပ်တဲ့ နားလည်မှုလွဲတာတွေ မဖြစ်ရအောင် မိန်းကလေး အောက်ကိုဆင်းလာခဲ့လိုက်ပါ"
"ကျွန်မ ဆင်းမလာဘူးဆိုရင်ရော"
ဝူဟုန်သည် ထပ်မံရယ်မောလိုက်သည်။
"ဒါဆိုရင်တော့ ကျုပ်ကပဲ တက်လာရမှာပေါ့"
ဝှစ်
ဝူဟုန်သည် တံတိုင်းပေါ်သို့ ခုန်တက်လိုက်ပြီး မျက်မမြင်အမျိုးသမီးနှင့် မျက်နှာချင်းဆိုင်ကာ ပြောလိုက်သည်။
"မိန်းကလေး ကျေးဇူးပြုပြီး ပူးပေါင်းဆောင်ရွက်ပေးပါ"
မျက်မမြင်အမျိုးသမီးမှ ပြောသည်။
"ဟက်... စိတ်မကောင်းပါဘူး၊ ပူးပေါင်းဆောင်ရွက်တယ်ဆိုတာရဲ့ အဓိပ္ပာယ်ကို ကျွန်မ မသိဘူး။ လမ်းဖယ်စမ်း"
ထိုသို့ပြောလျက် မျက်မမြင်အမျိုးသမီးသည် ဝူဟုန်အား လက်သည်းတိုက်ကွက်ဖြင့် တစ်ဟုန်ထိုး တိုက်ခိုက်သည်။
ဝူဟုန်သည် ခြေလှမ်းဝက်မျှ နောက်ဆုတ်၍ လက်သည်းတိုက်ကွက်ကို ရှောင်တိမ်းလိုက်သည်။
“ငရဲဘုံတစ္ဆေလက်သည်းလား"
မျက်မမြင်အမျိုးသမီးမှ ပြောသည်။
"သိနေတာတောင် မရှောင်သေးဘူးလား"
ဝူဟုန် ပြုံးလိုက်သည်။
"ခွင့်လွှတ်ပါ မိန်းကလေး၊ ဒီနေ့တော့ မင်းကို သွားခွင့်မပေးနိုင်ဘူး။ မနက်ဖြန်ကျရင်တော့ မင်းစိတ်ကြိုက် သွားလာနိုင်ပါတယ်"
"ကျွန်မက ဒီနေ့ပဲ သွားချင်တာ"
ထိုသို့ပြောလျက် မျက်မမြင်အမျိုးသမီးသည် ဝူဟုန်၏ ဦးခေါင်းကို လက်သည်းတိုက်ကွက်ဖြင့် ဦးတည်တိုက်ခိုက်သည်။ ဝူဟုန်မှ ချက်ချင်းငုံ့ရှောင်လိုက်ရာ လက်သည်းများသည် သူ၏ ဦးခေါင်းအထက်မှ လျှပ်ပြေးဖြတ်သန်းသွား၏။
ဝူဟုန်သည် တိုက်ခိုက်မှုကို ရှောင်တိမ်းပြီးနောက် ပြောသည်။
"မိန်းကလေး မင်းရဲ့ တိုက်ကွက်တွေက တော်တော် ရက်စက်ကြမ်းကြုတ်တာပဲ"
မျက်မမြင်အမျိုးသမီးမှ ပြန်ပြောသည်။
"ဒါတောင် ရှင့်ရဲ့ပါးစပ်ကို ပိတ်အောင် မလုပ်နိုင်သေးဘူးပဲ"
ဝူဟုန်သည် ပြုံးလိုက်၏။
"မိန်းကလေး မင်း အခုချက်ချင်း နောက်ဆုတ်လိုက်တာ အကောင်းဆုံးပဲ။ မဟုတ်ရင် ကျုပ် မင်းကို ပြန်တိုက်ခိုက်တော့မယ်"
မျက်မမြင်အမျိုးသမီးမှ ပြန်ပြောသည်။
"ကျွန်မ ရှင့်ကို ကြောက်မနေဘူး"
ထိုသို့ပြောလျက် သူမသည် ထပ်မံတိုက်ခိုက်ပြန်သည်။ ဝူဟုန်သည် မျက်လုံးများမှေးကျုံ့လိုက်ပြီး သူ၏လက်သည်းသိုင်းဖြင့် တန်ပြန်တိုက်ခိုက်သည်။
သူတို့နှစ်ဦးသည် လေထဲတွင် တိုက်ကွက်ပေါင်း ဒါဇင်ကျော်ခန့်ကို ဖလှယ်ခဲ့ကြသည်။ မျက်မမြင်အမျိုးသမီးသည် ရုတ်တရက် နောက်ဆုတ်သွားပြီး သူမ၏မျက်နှာမှာ အံ့အားသင့်မှုများ ပြည့်နှက်နေခဲ့သည်။
"အရိုးအဆစ်လွဲလက်သည်းသိုင်း”
ဝူဟုန်မှ ခပ်ဖွဖွရယ်လျက် ပြောသည်။
"မြှောက်ပင့်လွန်းနေပါပြီ”
ထိုအချိန်၌ မျက်မမြင်အမျိုးသမီးသည် သူမ၏လက်များ ထုံကျင်ပြီး အားအင်ကုန်ခမ်းသွားသလို ခံစားလိုက်ရသည်။
ဝူဟုန်မှ ပြောသည်။
"မိန်းကလေး တော်လောက်ပြီထင်ပါတယ်"
"ရှင်က ကျွန်မကို အထင်သေးနေတာပဲ"
မျက်မမြင်အမျိုးသမီးသည် ဒေါသတကြီး အော်ဟစ်ပြောဆိုရင်း ဝူဟုန်ထံသို့ တရကြမ်း ပြေးဝင်လာပြန်သည်။
ဝူဟုန်မှာ နားမလည်နိုင်အောင် ဖြစ်သွားရသည်။
ငါက အလျှော့ပေးနေတာကို သူက ဘာလို့ ဇွတ်တိုးနေရတာလဲ
မသန်စွမ်းသူတို့၏ မာန်မာနသည် ပို၍ကြီးမားတတ်ပြီး အလျှော့ပေးလေလေ၊ သူတို့၏ စွမ်းဆောင်ရည်ကို သက်သေပြလိုစိတ် ပိုပြင်းပြလေလေ ဖြစ်ကြောင်းကို ဝူဟုန် မသိခဲ့ပါချေ။
[ငရဲဘုံတစ္ဆေလက်သည်းသိုင်း]
ရှပ်... ရှပ်... ရှပ်…
ဝူဟုန်သည် မျက်မှောင်ကြုတ်လိုက်ပြီး အလျှော့မပေးတော့ရန် ဆုံးဖြတ်လိုက်သည်။ သို့ဖြင့် သူ၏အရိုးအဆစ်လွဲလက်သည်းသိုင်းကို အပြည့်အဝ ထုတ်သုံးလိုက်တော့သည်။
အရိုးအဆစ်လွဲလက်သည်းသိုင်းပညာသည် လက်သည်းသိုင်းများအနက် ထိပ်တန်းသိုင်းတစ်ခုဖြစ်ပြီး အတော်လေး အင်အားကြီးမား၏။ ဝူဟုန်သည် မျက်မမြင်အမျိုးသမီးနှင့် အကြိမ်အနည်းငယ်မျှ ထိတွေ့တိုက်ခိုက်ပြီးနောက်တွင် သူမ၏ အင်အားသည်လည်း မဆိုးလှဘဲ စွမ်းအင်ပြောင်းလဲခြင်းအဆင့်သိုင်းပညာရှင်များအကြား ပျမ်းမျှအဆင့်အထက်တွင်ရှိကြောင်း နားလည်လိုက်ရသည်။ သို့သော် ဝူဟုန်သည် လွန်ခဲ့သည့် ခြောက်လအတွင်း၌ သိသိသာသာ တိုးတက်လာခဲ့သည်။ သူ၏ဆရာဖြစ်သူ ကျန်းလီယဲ့ ထွက်ခွာမသွားမီက ဝူဟုန့်ကို အရိုးအဆစ်လွဲလက်သည်းသိုင်း၏ အစွမ်းထက်ဆုံး နောက်ဆုံးသိုင်းကွက်နှစ်ကွက်ဖြစ်သည့် အဆစ်ဖြုတ်ခြင်းနှင့် အရိုးချိုးခြင်းတိုက်ကွက်များကို သင်ကြားပေးခဲ့သည်။
ဝူဟုန်သည် ယခုတွင် ဆရာဖြစ်သူနှင့် ရင်ဘောင်တန်းနိုင်သည့်အဆင့်သို့ ရောက်ရှိနေပြီဟု သတ်မှတ်နိုင်ပါ၏။
ဒေါက်... ဒေါက်…
ဝူဟုန်က လက်သည်းဖြင့် ထိုးနှက်လိုက်ရာ မျက်မမြင်အမျိုးသမီးသည်လည်း သူမ၏ လက်သည်းသိုင်းဖြင့် ပြန်လည်ခုခံသည်။ ဂျွတ်ခနဲ အသံနှင့်အတူ သူတို့နှစ်ဦး၏ တိုက်ကွက်နှစ်ခု ထိပ်တိုက်ဆုံတွေ့သွားပြီးနောက် မျက်မမြင်အမျိုးသမီးသည် ဟန်ချက်ပျက်ကာ အိမ်ခေါင်မိုးပေါ်မှ ပြုတ်ကျသွားတော့သည်။
ဝူဟုန်လည်း သူမနောက်သို့ ချက်ချင်း လိုက်ဆင်းခဲ့သည်။
ဘုန်း…
နှစ်ဦးစလုံး မြေပြင်သို့ ဆင်းသက်မိသည်နှင့်တစ်ပြိုင်နက် မျက်မမြင်အမျိုးသမီးသည် ဝူဟုန်ကို လက်သည်းသိုင်းဖြင့် တိုက်ခိုက်ပြန်သည်။ ဝူဟုန်မှ ရှောင်တိမ်းလိုက်ရာ လမ်းကြား၏ နံရံထက်တွင် လက်သည်းရာကြီး ထင်ကျန်ရစ်ခဲ့သည်။
ဝူဟုန်သည် ထိုတိုက်ကွက်ကြောင့် အမှန်တကယ် ဒေါသထွက်သွားတော့၏။ သို့ဖြင့် ဝူဟုန်သည် မျက်မှောင်ကြုတ်လျက် အရိုးအဆစ်လွဲလက်သည်းသိုင်းကို ထပ်မံ ထုတ်သုံးလိုက်သည်။
ဂျောက်... ဂျောက်…
လက်သည်းတစ်ဖက်သည် မျက်မမြင်အမျိုးသမီး၏ ဘယ်ဘက်လက်ကို ဖမ်းချုပ်လိုက်ပြီး ကျန်တစ်ဖက်သည် ညာဘက်လက်ကို ချုပ်ကိုင်လိုက်သည်။
ထို့နောက် အဆုံးသတ်တိုက်ကွက်ဖြစ်သော အဆစ်ဖြုတ်သိုင်းကွက်ကို သုံးရန် ရှေ့သို့ တိုးကပ်လိုက်သည်။
သို့သော် ဝူဟုန်သည် ရှေ့သို့ တိုးကပ်လိုက်သည်တွင် သူ၏မျက်နှာမှာ မျက်မမြင်အမျိုးသမီး၏မျက်နှာနှင့် ထိကပ်လုနီးပါး ဖြစ်သွားခဲ့ပြီး သူမ၏ အသက်ရှူငွေ့နွေးနွေးလေးကို သူ၏နှာဖျား၌ ခံစားလိုက်ရလေသည်။