← Chapters

အခန်း (၅၁၁)

Vol. 41 Ch. 511

အခန်း (၅၁၁)

Vol. 41 Ch. 511

ညဉ့်အမှောင်ထု ပိုမိုနက်ရှိုင်းလာပြီး မျန့်ရွှေစီရင်စုသို့ ဦးတည်သည့် လမ်းမကြီးတွင် အရာအားလုံး တိတ်ဆိတ်ငြိမ်သက်နေသည်။ ထိုလမ်းမပေါ်တွင် လူတစ်စုသည် မြင်းများကို အရှိန်ပြင်းပြင်း စီးနှင်လျက် ရှေ့သို့ တစ်ဟုန်ထိုး ခရီးနှင်နေကြသည်။

ဖုန်မှုန့်များ ပေကျံနေပြီး သိသိသာသာ ပင်ပန်းနွမ်းနယ်နေပုံရသော ဤအုပ်စုသည် ခရီးဝေးမှ ပြန်လာသည့် ခရီးသည်များကဲ့သို့ အသွင်အပြင်ရှိပေသည်။

အဟွတ် အဟွတ် အဟွတ်…

ရုတ်တရက် ချောင်းဆိုးသံများ ထွက်ပေါ်လာသဖြင့် အားလုံးသည် သူတို့အုပ်စု၏ အလယ်ရှိ လူကြီးကို လှည့်ကြည့်လိုက်ကြသည်။

ထိုလူကြီးမှာ ယခုအခါ အတော်ပင် ဖြူဖျော့နေပြီး မျက်လုံးအောက်တွင် မျက်ကွင်းညိုများဖြင့် မျက်ဖြူသားမှာလည်း သွေးကြောများ ယှက်သန်းနေသည်။ ၎င်းမှာ အိပ်ရေးပျက်ခြင်း၏ သိသာထင်ရှားသော ရလဒ်ပင် ဖြစ်သည်။

သူတို့သည် အချိန်အတော်ကြာ မြင်းစီးလာခဲ့ရရာ ထိုလူကြီးမှာ မြင်းစီးကျွမ်းကျင်သူ မဟုတ်သဖြင့် သူ၏ ပေါင်နှစ်ဖက်လုံးမှာ မြင်းကုန်းနှီးနှင့် ပွတ်တိုက်မိကာ အသားလန်၍ သွေးစို့နေပြီဖြစ်သည်။ ယခုအခါ မြင်းမှ ခြေတစ်လှမ်း လှမ်းလိုက်တိုင်းတွင် သူ၏ခြေထောက်များမှာ နာကျင်မှုကို အလူးအလဲ ခံစားနေရပေသည်။

သို့သော်ငြား ထိုလူကြီးသည် မြင်းစီးအရှိန်ကို လျှော့ချရန် တစ်ကြိမ်တစ်ခါမျှ မတောင်းဆိုခဲ့ပါချေ။

အဟွတ် အဟွတ်…

ထိုလူကြီးမှ ထပ်မံချောင်းဆိုးပြန်ရာ သူ၏ဘေးရှိ သက်တော်စောင့်တပ်သားနှစ်ဦးမှ ပြောသည်။

“သမားတော်ပိုင် ကျွန်‌တော်တို့ ခဏလောက် အနားယူကြမလား”

သက်တော်စောင့်တပ်သားတစ်ဦးမှ ပိုင်ဝမ့်ကျင်းကို စိုးရိမ်တကြီး ကြည့်ကာ ပြောခြင်းဖြစ်သည်။

ထိုစကားကို ပိုင်ဝမ့်ကျင်းသည် လက်ဝှေ့ယမ်းလျက် ငြင်းလိုက်သည်။

"မျန့်ရွှေစီရင်စုကို ရောက်ခါနီးနေပြီ။ နောက်ထပ် နည်းနည်းလောက်ပဲ သည်းခံလိုက်ရင် ဒီနေ့ည မြို့ထဲကို ဝင်နိုင်လိမ့်မယ်”

ဂျုန်း... ဂျုန်း... ဂျုန်း…

ပိုင်ဝမ့်ကျင်း ကောင်းကင်ကို မော့ကြည့်လိုက်သည်။

"ပြီးတော့ ကောင်းကင်မှာ မိုးခြိမ်းနေတာကိုလည်း ကြည့်လိုက်ဦး။ မိုးသည်းသည်းထန်ထန် ရွာတော့မယ့်ပုံပဲ။ မိုးမရွာခင် မြို့ထဲရောက်အောင် အားလုံးပဲ အရှိန်မြှင့်ကြမယ်"

ထိုအခါ သက်တော်စောင့်တပ်သားများသည် တိတ်ဆိတ်သွားကြသည်။ ဤသက်တော်စောင့်တပ်သား ဆယ့်နှစ်ဦးစလုံးသည် ချန်ကျိုစစ်၏ ယုံကြည်စိတ်ချရသူများဖြစ်ပြီး ရှန်းထောင်ရွာသားများ ဖြစ်ကြသည်။

ပိုင်ဝမ့်ကျင်းသည် သူတို့တစ်ဦးချင်းစီကို သိရှိသလို အလေးထား ဂရုစိုက်၏။

ဤလူအိုကြီး၏ ခန်းမအရှင်သခင်အပေါ်ထားသော သစ္စာရှိမှုမှာမူ မေးခွန်းထုတ်ရန်ပင် မလိုအပ်ချေ။ သမားတော်ပိုင်သည် ဆေးဝါးရှာဖွေရန် ရှန်းနုံသို့ မိုင်ထောင်ချီ ခရီးနှင်ခဲ့ပြီး သူ၏ ဆရာဖြစ်သူ အန်းသယ့်ရှန်းနှင့် တွေ့ဆုံချိန်တွင် ဝမ်းသာအားရ ဖက်လဲတကင်း နှုတ်ဆက်ခဲ့ကြသော်လည်း ထိုမျှနက်ရှိုင်းသည့် စိတ်ခံစားချက်လွမ်းဆွတ်မှုများ တည်ရှိနေသည့်တိုင် သမားတော်ကြီးအန်းနှင့် အတူညစာစားရန် အချိန်မပေးခဲ့ပေ။

သမားတော်ပိုင်သည် ဤသို့ အခိုင်အမာ ပြောခဲ့၏။

"ကျိုစစ်ရဲ့ကိစ္စတွေကို ငါ နှောင့်နှေးလို့ မဖြစ်ဘူး"

ထိုကဲ့သို့သော အနစ်နာခံမှုမျိုးကို ခန်းမအရှင်သခင်အနေဖြင့် တစ်သက်လုံး အမှတ်ရ‌နေသင့်ပေသည်။

ဤသို့မြင်ကွင်းကို မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ရသည့် အ

သက်တော်စောင့်တပ်သားများသည်လည်း ဤဖြစ်ရပ်ကို သူတို့၏ နှလုံးသားထဲတွင် စွဲထင်နေစေကာ တခဏမျှပင် မေ့လျော့ဝံ့ကြမည် မဟုတ်ပေ။

သမားတော်ပိုင်၏ ပေါင်အတွင်းသားများမှာ ပွတ်တိုက်မိလွန်းသဖြင့် အသားလန်နေပြီး သူ၏ ဘောင်းဘီမှာ မြင်းစီးရာမှ ထွက်လာသော သွေးစိမ်းရှင်ရှင်များဖြင့် နီရဲနေပြီဖြစ်သည်။ ထို့အပြင် ရာသီဥတုဒဏ်ကို အချိန်အတော်ကြာ ခံစားခဲ့ရသဖြင့် အိုမင်းမစွမ်းသော သူ၏ ခန္ဓာကိုယ်မှာ အအေးမိ ဝေဒနာကို ခံစားနေရပြီ ဖြစ်သည်။ သမားတော်ပိုင်သည် ယခုတွင် ဖျားနာမှုကြောင့် အပြင်းအထန် တုန်ယင်နေပေသည်။

သို့သော်လည်း သမားတော်ပိုင်သည် အံကြိတ်သည်းခံကာ လေ့ကျင့်သားပြည့်ဝသော သက်တော်စောင့်တပ်သားများတန်းတူ ခရီးစဉ် အစအဆုံးအထိ ရုန်းကန်ခဲ့သည်။

သမားတော်ပိုင်သည် နေ့တစ်ဝက်ခန့်ပင် စောစီးစွာ ရောက်ရှိနိုင်ခဲ့၏။

သမားတော်ပိုင်သည် သူ၏ စိတ်ဓာတ်ခွန်အားသက်သက်ဖြင့်ပင် သည်းခံခဲ့ခြင်းဖြစ်ပြီး သူ၏ တပည့်ဖြစ်သူအတွက် အကြီးမားဆုံးသော အခွင့်အရေးကို ဖော်ဆောင်ပေးနေခဲ့သည်။

လျိုစုန့်ကို ကယ်တင်နိုင်ခြင်းမှာ လျိုလောင်ကွေ့သည် ချန်ကျိုစစ်ကို ကျေးဇူးကြွေး တင်ရှိသွားခြင်းဟု အဓိပ္ပာယ်ရသည်။ ထိုကျေးဇူးကို ဆပ်ရန်အတွက် လျိုလောင်ကွေ့သည် သူ၏တပည့်ဖြစ်သူ ကျိုစစ်ကို တစ်နည်းနည်းဖြင့် ကူညီပေးရပေမည်။

ယခုအခါတွင် သူသည် အိုမင်းနေပြီဖြစ်သဖြင့် တပည့်ဖြစ်သူအတွက် များစွာ မကူညီနိုင်တော့ပေ။ ထို့ကြောင့် သမားတော်ပိုင်သည် ဤတစ်ကြိမ်တွင် တပည့်ဖြစ်သူ လိုအပ်နေသည့်အရာအတွက် သူ၏ အသက်ကိုပင် ရင်းနှီး၍ စွန့်စားပေးနေခြင်း ဖြစ်သည်။

"အဟွတ် အဟွတ်... ချန်ရှူ ရှေ့မှာ ဘာရှိလဲ"

သမားတော်ပိုင်သည် သက်တော်စောင့်ဆယ့်နှစ်ဦးတပ်ဖွဲ့၏ ခေါင်းဆောင်ဖြစ်သူ ချန်ရှူကို မေးလိုက်သည်။

ရှောင်ဟူသည် အခြားအဖွဲ့တွင် ပါဝင်သဖြင့် အဖွဲ့ထဲတွင် မပါဝင်ပေ။

ချန်ကျဲ့သည် သက်တော်စောင့်ဆယ့်နှစ်ဦးကို တရုတ်ဆယ့်နှစ်ရာသီခွင်အလိုက် ကြွက်၊ နွား၊ ကျား၊ ယုန်... စသဖြင့် ကိုယ်တိုင် အမည်ပေးထားခြင်း ဖြစ်သည်။

သမားတော်ပိုင်၏ အမေးစကားကို ချန်ရှူမှ ပြန်ဖြေသည်။

"ရှေ့မှာ မိုင်သုံးဆယ်တည်းခိုဆောင်ရှိပါတယ်။ အဲဒီနောက်မှာတော့ မိုင်နှစ်ဆယ်တည်းခိုဆောင်ရှိပြီး ပြီးရင်တော့ ယန်ကျားမြို့ကို ရောက်ပါမယ်။ အဲဒါကျော်ရင်တော့ ကျွန်တော်တို့ရဲ့ ရှန်းထောင်ရွာကို ရောက်မှာပါ။ အဲဒီကမှတစ်ဆင့် မြို့ထဲကို ဝင်လို့ရပါပြီ"

သမားတော်ပိုင်မှ မေးသည်။

"ခန့်မှန်းခြေ ဘယ်လောက်လောက် ဝေးသေးလဲ?"

ချန်ရှူမှ ဖြေသည်။

"မိုင်ငါးဆယ်ထက် မပိုပါဘူး"

ထိုအခါ သမားတော်ပိုင်သည် ခေါင်းညိတ်လိုက်ပြီး ပြောသည်။

"ဒါဆိုရင် အားလုံးကို နည်းနည်းလောက် ထပ်အားစိုက်ပေးဖို့ ပြောလိုက်ပါ။ မိုးမရွာခင် မြို့ကို ရောက်အောင် ကြိုးစားကြတာပေါ့"

ချန်ရှူမှ ပြောသည်။

"သမားတော်ပိုင်... သမားတော်ပိုင်ရဲ့ ကျန်းမာရေးက..."

"အဟွတ် အဟွတ်... ဘာမှမဖြစ်ပါဘူး။ ခဏလောက် နားလိုက်ရင် အဆင်ပြေသွားမှာပါ။ ငါက သမားတော်တစ်ယောက်ပါ။ ငါ့ခန္ဓာကိုယ်အခြေအနေကို ငါသိပါတယ်"

ထိုအခါ ချန်ရှူမှ ပြောသည်။

"ဒါဆိုလည်း သမားတော်ပိုင်ကို ထပ်ပြီး ဒုက္ခပေးရပါဦးမယ်"

ပိုင်ဝမ့်ကျင်းမှ ပြောသည်။

"ဟားဟား... စိတ်မပူပါနဲ့... အဟွတ် အဟွတ် အဟွတ်... သွားကြတာပေါ့"

သို့ဖြင့် သူတို့သည် ရှေ့သို့ အရှိန်မြှင့် ထွက်ခွာခဲ့ကြသည်။

…

မျန့်ရွှေစီရင်စုမြို့အပြင်၌ မြင်းတစ်စီးသည် ယန်ကျားမြို့ဘက်သို့ အရှိန်အဟုန်ဖြင့် အပြေးနှင်နေသည်။ ထိုသူမှာ အခြားသူမဟုတ်ဘဲ ချန်ကျိုစစ်ဖြစ်သည်။

ချန်ကျိုစစ်သည် မြို့ထဲမှ နောက်ကျမှ ထွက်လာရခြင်းမှာ မိမိ၏စိတ်ဆန္ဒအရ မဟုတ်ဘဲ လိုအပ်သောကြောင့် ဖြစ်သည်။ အကြောင်းမှာ နန်ပါးထျန်းသည် သူ့ကို တစ်နေ့လုံး စောင့်ကြည့်နေသောကြောင့် ဖြစ်သည်။ သို့ဖြစ်ရာ မြို့ထဲမှ စောစီးစွာ ထွက်ခွာခြင်းသည် သူတို့ကို သတိပေးလိုက်သလို ဖြစ်သွားနိုင်ပြီး သူတို့ဘက်မှ အစီအစဉ်ပြောင်းလဲလုပ်ဆောင်ခြင်း သို့မဟုတ် အချိန်မတိုင်မီ လှုပ်ရှားခြင်းကဲ့သို့ အရာများကို ဖြစ်ပေါ်စေနိုင်သည်။ ထိုသို့ဖြစ်သွားပါက ချန်ကျိုစစ်အတွက် အခွင့်အရေး မရှိနိုင်တော့ပေ။

ထို့ကြောင့် ချန်ကျဲ့သည် သူတို့ဘက်မှ အစီအစဉ်ပြောင်းလဲရန် အချိန်မရှိနိုင်တော့သည့် ညအချိန်အထိ စောင့်ဆိုင်းနေခဲ့သည်။

ထိုအခါမှသာ ချန်ကျဲ့သည် သူ၏ ကိုယ်ပိုင်အစီအစဉ်ကို စတင်ပြီး သမားတော်ပိုင်ကို ကယ်ဆယ်ရန် မြို့မှ ထွက်လာခဲ့သည်။

ထို့အပြင် သူ၏ တွက်ချက်မှုအရ မျန့်ရွှေစီရင်စုမှ ထွက်ခွာပြီး ယန်ကျားမြို့သို့ ရောက်ရှိမည့်အချိန်မှာ ကွက်တိကျသဖြင့် မည်သည့်အမှားအယွင်းမျှ ဖြစ်လိမ့်မည် မဟုတ်ပေ။

ချန်ကျဲ့ လိုအပ်သည်မှာ သူ၏ ဆရာကို ဘေးကင်းလုံခြုံစွာ ပြန်လည် ခေါ်ဆောင်လာရန်သာ ဖြစ်သည်။

ထိုသို့ တွေးတောရင်း ချန်ကျဲ့သည် သူစီးလာခဲ့သော ဟေးလုံဟု အမည်ရသည့် မြင်းကောင်းကြီးကို အရှိန်မြှင့်၍ စီးနှင်လိုက်သည်။ ထိုမြင်းမှာ လျိုလောင်ကွေ့ဆီမှ ငှားရမ်းလာသော မြင်း ဖြစ်သည်။

၎င်းမှာ မူလက လျိုစုန့်အတွက် ပြင်ဆင်ထားခြင်းဖြစ်သော်လည်း ကိစ္စရပ်များ ဖြစ်ပွားပြီးနောက်တွင် မြင်းမှာ ချောင်ကုန်သည်အဖွဲ့တွင် ကျန်ရစ်နေခဲ့သည်။ သို့ဖြင့် မြင်းလိုအပ်နေသော ချန်ကျဲ့မှ ကံကောင်းထောက်မစွာဖြင့် ရရှိခဲ့လေသည်။

ဤဟေးလုံသည် အလွန်လျင်မြန်သည်။ လျှပ်စီးတမျှ မမြန်သော်ငြား ချန်ကျဲ့၏ အခြားမြင်းများထက် များစွာ ပို၍ မြန်ဆန်သည်။

တစ်ခုတည်းသော အားနည်းချက်မှာ ဤကဲ့သို့သော မြင်းကောင်းတစ်ကောင်ကို ထိန်းသိမ်းရသည့် စရိတ်မှာ သာမန်အိမ်ထောင်စုများအတွက် အလွန်ပင် ကြီးမားလွန်းခြင်း ဖြစ်သည်။

ဤမြင်းမျိုးသည် ပဲပုပ်များ အပါအဝင် အကောင်းဆုံး အစာများကိုသာ ကျွေးရသည်။

ဤခေတ်ကာလတွင် ပဲပုပ်မှာ အလွန်တရာ အဖိုးတန်လှပြီး သာမန်မိသားစုများမှာ မဝယ်ယူနိုင်ကြပါချေ။ နောင်နှစ်ပေါင်း ရာစုနှစ်များစွာ ကြာသည့်တိုင် တရုတ်နိုင်ငံတွင် ပဲပုပ်ကို ပြည်ပမှ တင်သွင်းနေရဆဲ ဖြစ်သည်။

ဤခေတ်၌ ပဲပုပ်ထွက်နှုန်းမှာ တစ်ဧကလျှင် ပိဿာ ငါးဆယ် ခြောက်ဆယ်ခန့်သာ ရှိသည်။

ဤပဲပုပ်များကို တို့ဖူး၊ ပဲငပိ နှင့် ပဲငံပြာရည် ပြုလုပ်ရာတွင် အသုံးပြုရသဖြင့် အသုံးဝင်ပုံ များပြားလှသောကြောင့် ဈေးနှုန်းမှာ အမြဲ မြင့်မား၏။

ဤကဲ့သို့သော မြင်းကောင်းတစ်ကောင်မှာ တစ်နေ့လျှင် ပဲပုပ် ငါးပိဿာခန့်အပြင် အခြားသော အရည်အသွေးမြင့် အစာများကိုပါ ကျွေးရသဖြင့် တကယ့်ကို အဖိုးတန် အဆောင်အယောင်တစ်မျိုး ဖြစ်ချေတော့သည်။

All Chapters