← Chapters

အခန်း (၅၁၂)

Vol. 41 Ch. 512

အခန်း (၅၁၂)

Vol. 41 Ch. 512

ဈေးကြီးသော အသုံးအဆောင်ပစ္စည်းများသည် တန်ဖိုးနှင့်လိုက်အောင် အသုံးဝင်လှသည်မှာ အမှန်ပင်။ ဤဟေးလုံမြင်းကြီးသည်လည်း အစာနှင့် ရေဝအောင် ကျွေးမွေးပြီးနောက်တွင် မြို့ပြင်သို့ လေပြင်းမုန်တိုင်းကဲ့သို့သော အရှိန်အဟုန်ဖြင့် ဒုန်းဆိုင်းပြေးလာခဲ့သည်။

ခန့်မှန်းထားသည်ထက် အလွန် စောစီးစွာ နာရီဝက်ခန့်အတွင်း၌ ယန်ကျားမြို့၊ သင်္ချိုင်းတောင်ကုန်းသို့ ရောက်ရှိလာခဲ့သည်။

သို့သော် ထိုနေရာသို့ရောက်သည်နှင့် ချန်ကျဲ့၏ မျက်နှာအမူအရာ ပျက်ယွင်းသွားတော့သည်။ အကြောင်းမှာ ပတ်ဝန်းကျင်၌ မည်သူတစ်ဦးတစ်ယောက်မျှ ရှိမနေသောကြောင့် ဖြစ်သည်။ သူ၏ဆရာနှင့် အခြားသူများ ရောက်မလာသေးသလို ကုချင်းဖုန်း၏ အရိပ်အယောင်လည်း မတွေ့ရချေ။

ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ

ကုချင်းဖုန်း ဘယ်မှာလဲ

ချန်ကျဲ့၏စိတ်ထဲတွင် မကောင်းသော အတိတ်နိမိတ်ကို ရုတ်တရက် ခံစားလိုက်ရသည်။

တကယ်လို့ ကုချင်းဖုန်းက ဒီနေရာမှာ ရှိမနေဘူးဆိုရင် သူ ရောက်မလာသေးလို့လား ဒါမှမဟုတ်…

မကောင်းတော့ဘူး

ချန်ကျဲ့သည် ဖြစ်နိုင်ခြေတစ်ခုကို ရုတ်တရက် တွေးမိသွားပြီး ချက်ချင်းပင် မြင်းပေါ်သို့ ပြန်တက်ကာ မြင်းဗိုက်ကို အားပြင်းပြင်းဖြင့် ကန်၍ အပြင်းနှင်တော့သည်။

ငါ အစိုးရိမ်ဆုံးအရာက တကယ်ဖြစ်နေခဲ့ပြီလား။ ကုချင်းဖုန်းက ချုံခိုတိုက်ခိုက်မယ့်နေရာကို ပြောင်းလိုက်ပြီထင်တယ်။

…

ဂျုန်း... ဂျုန်း…

ကောင်းကင်ယံ၌ မိုးခြိမ်းသံများ ဆက်တိုက် ထွက်ပေါ်နေသည်။ မိုးသားများက ပိုမို ထူထပ်လာပြီး မိုးခြိမ်းသံများမှာ သားရဲကြီးများ၏ ဟိန်းဟောက်သံ၊ ဘီလူးကြီးများ၏ ဟစ်ကြွေးသံများအလား ပို၍ နက်ရှိုင်း ကျယ်လောင်လာသည်။

ပိုင်ဝမ့်ကျင်းနှင့် သက်တော်စောင့်တပ်ဖွဲ့သည် မြင်းစီးနှင်၍ ရှေ့သို့ ဆက်လက် ခရီးနှင်နေကြသည်။

ပိုင်ဝမ့်ကျင်းမှ မေးသည်။

"ငါတို့ အခု ဘယ်ရောက်နေပြီလဲ"

ချန်ရှူသည် ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်ပြီးနောက် ပြန်ဖြေသည်။

"ကျွန်တော်တို့ အခု မိုင်နှစ်ဆယ်တည်းခိုဆောင် အနီးအနားကို ရောက်နေပြီ ထင်ပါတယ်"

"မိုင်နှစ်ဆယ်တည်းခိုဆောင်..."

ပိုင်ဝမ့်ကျင်းသည် တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။ ထို့နောက် တဒင်္ဂတွင် မြင်းစီးတပ်ဖွဲ့သည် ရုတ်တရက် ရပ်တန့်သွား၏။

ဟီး...

မြင်းစီးတပ်သားများသည် မြင်းဇက်ကြိုးကို အမြန်ဆွဲလိုက်ကြသည်။ အရှေ့ဘက် လမ်းမကြီးပေါ်တွင် သစ်ပင်ကြီးနှစ်ပင် လဲကျနေပြီး ထိုအပင်နှစ်ပင်ကြားရှိ ကျောက်တုံးကြီးတစ်ခုပေါ်တွင် လူတစ်ဦးသည် သူတို့ဘက်ကို ကျောပေးကာ ထိုင်နေသည်။

ထိုမြင်ကွင်းတွင် တပ်သားများသည် အချင်းချင်း ဝေခွဲမရစွာ ကြည့်လိုက်ကြပြီးနောက် ချန်ရှူဘက်သို့ လှည့်ကြည့်လိုက်ကြသည်။

"အစ်ကိုရှူ"

သက်တော်စောင့်ဆယ့်နှစ်ဦးတပ်သားအချို့သည် ချန်ရှူကို ကြည့်လာကြသည်။ ချန်ရှူသည် မျက်မှောင်ကြုတ်ထား၏။

"မလှုပ်ရှားကြနဲ့ဦး၊ ဒါက လမ်းပေါ်က ဓားပြတွေလည်း ဖြစ်နိုင်တယ်"

ထိုအခါ ဘေးရှိ ချန်နျိုမှ ပြောလာခဲ့သည်။

"ခေါင်းဆောင်... ဒီမျန့်ရွှေစီရင်စုထဲမှာ အောင်အောင်မြင်မြင်နဲ့ လမ်းပိတ်ဓားပြတိုက်နိုင်တဲ့ဓားပြ ရှိတယ်လို့ ကြားဖူးလို့လား"

"ဟုတ်တယ်၊ ဒီနေရာက ငါးဖမ်းကုန်သည်အဖွဲ့နဲ့ ချောင်ကုန်သည်အဖွဲ့ရဲ့ ပိုင်နက်နယ်မြေပဲ။ ဘယ်လိုဓားပြမျိုးက ဒီမှာ လာအခြေချရဲမှာလဲ ခေါင်းဆောင်... ဒီလူက ရည်ရွယ်ချက်ကောင်းနဲ့ လာတာ မဟုတ်ဘူး ထင်တယ်၊ ကျွန်တော်တို့ သတိထားရမယ်"

ချန်ရှယ်မှလည်း ထိုသို့ ပြောလာသည်။ ထိုအခါ ချန်ရှူမှ ပြောသည်။

“အမှန်ပဲ၊ အားလုံးပဲ သတိထားကြ။ ငါ သွားကြည့်လိုက်မယ်။ မင်းတို့အားလုံး သမားတော်ကြီးပိုင်ကို ကာကွယ်ထားကြ။ တစ်ခုခုဖြစ်လာခဲ့ရင် ဘာလုပ်ရမလဲဆိုတာ သိကြတယ်မလား"

ထိုအခါ သက်တော်‌စောင့်တပ်သားတစ်ဦးမှ ပြောသည်။

"ဟားဟား.. စိတ်မပူပါနဲ့ဗျာ။ အရာအားလုံးထက် သမားတော်ကြီးပိုင်ရဲ့ ဘေးကင်းလုံခြုံရေးက အဓိကပါပဲ။ လိုအပ်ရင် ကျွန်တော်တို့ရဲ့ အသက်ကိုတောင် စွန့်နိုင်ပါတယ်"

ချန်ရှူမှ သူ၏ ညီနောင်များကို ကြည့်၍ ပြောသည်။

"ညီနောင်တို့၊ ငါတို့က ခန်းမအရှင်သခင်ကို တိုက်ရိုက်သစ္စာခံတဲ့သူတွေပဲ။ ခန်းမအရှင်သခင်က ငါတို့ကို ရှန်းထောင်ရွာကနေ ခေါ်ထုတ်လာပေးခဲ့တာ။ မဟုတ်ရင် ငါတို့ တစ်သက်လုံး သူတစ်ပါးရဲ့ ဖိနှိပ်ခံရတဲ့ လယ်သမားတွေပဲ ဖြစ်နေမှာ"

"ဖိနှိပ်ခံရ၊ အရှက်ခွဲခံရ၊ ညှဉ်းပန်းခံရတဲ့ ဘဝကနေ ခန်းမအရှင်သခင်က ငါတို့ကို သာမန်လူတွေလို နေထိုင်ခွင့်၊ ကြီးကျယ်တဲ့ အိမ်ဂေဟာနဲ့ နွေးထွေးတဲ့ မိသားစုဘဝကို ပေးခဲ့တာ။ ငါတို့ထဲက တချို့ဆိုရင် အိမ်ထောင်ပြုပြီး သားသမီးတွေတောင် ရနေပြီ။ စကားပုံတစ်ခု ရှိတယ်မဟုတ်လား... 'ယောက်ျားကောင်းဆိုတာ ကိုယ့်ကို တန်ဖိုးထားသူအတွက် အသက်စွန့်ရဲရတယ်' တဲ့"

ချန်ရှူ၏ စကားကို အားလုံးသဘောတူထောက်ခံကြကာ တညီတညွတ်တည်း ကြွေးကြော်ကြလေသည်။

"ယောက်ျားကောင်းဆိုတာ ကိုယ့်ကို တန်ဖိုးထားသူအတွက် အသက်စွန့်ရဲရတယ်"

တပ်သားများသည် အချင်းချင်း အကြည့်ဖလှယ်လိုက်ကြပြီးနောက် ချန်ရှူသည် သူ၏ အိတ်ထဲမှ ငွေတုံး ငါးဆယ်စီပါသော ငွေနှစ်အိတ်ကို ထုတ်ယူလိုက်သည်။ ထို့နောက် ကျောက်တုံးကြီးအနီးသို့ ချဉ်းကပ်သွားပြီး ယဉ်ကျေးစွာ ပြောသည်။

"ဒီက လူကြီးမင်းခင်ဗျ၊ လူကြီးမင်းက ဘယ်လမ်းစဉ်ကလဲဆိုတာ ကျွန်တော် မသိပေမယ့် အခုလိုဆုံတွေ့ရတာလည်း ကံတရားပဲမို့.. ဒီအထဲမှာ ငွေတစ်ရာတုံး ရှိပါတယ်။ နည်းသည်၊များသည် သဘောမထားဘဲ ကျွန်တော်တို့ဘက်က အမှားလုပ်မိခဲ့ရင် တောင်းပန်တဲ့အနေနဲ့ လက်ခံပေးပါ"

ထိုသို့ပြောပြီးနောက် ချန်ရှူသည် နောက်သို့ တစ်လှမ်းပြန်ဆုတ်ကာ ချန်နျိုဘက်သို့ လှည့်၍ ပြောလိုက်သည်။

"ညီနောင်၂... သွားကြစို့"

လူအုပ်စုသည် မြင်းပေါ်မှ ဆင်းကာ မြင်းကိုဆွဲ၍ ထိုနေရာမှ ထွက်ခွာရန် ပြင်ဆင်လိုက်ကြသည်။

သို့သော် ထိုစဉ်မှာပင် အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

"ဟားဟား... ငါ မင်းတို့ကို ထွက်သွားခွင့်ပေးမယ်လို့ ပြောမိလို့လား"

ထိုစကားကြောင့် သက်တော်စောင့်တပ်သားဆယ့်နှစ်ဦးနှင့် နောက်မှ ကျားဖြူခန်းမတပ်သားများ အားလုံး သတိကပ်လိုက်ကြသည်။

သက်တော်စောင့်ဆယ့်နှစ်ဦးမှ ဓားများကို ဆုပ်ကိုင်လိုက်ကြချိန်တွင် ထိုလူက ဆက်ပြောလာသည်။

"အိုး အတော် သတ္တိကောင်းကြတာပဲ။ မင်းတို့အားလုံးက တကယ့်ကို မျိုးစေ့ကောင်းတွေပဲ။ ကံဆိုးတာက လူတစ်ယောက်က မင်းတို့ရဲ့ အသက်အတွက် ရွှေစတစ်သောင်း ပေးထားတယ်။ မင်းတို့ ပေးတဲ့ ငွေတစ်ရာထက်တော့ အများကြီး ပိုတန်ဖိုးရှိတာပေါ့..."

"အစီအရင်ပုံစံဖွဲ့စည်းပြီး သမားတော်ပိုင်ကို ကာကွယ်ကြ"

ထိုလူ၏ စကားအဆုံး၌ ချန်ရှူသည် သမားတော်ပိုင်ကို ကာကွယ်ရန် ကျယ်လောင်စွာ အော်ဟစ်သတိပေးလိုက်သည်။ ထို့နောက်တွင် တပ်သားများသည် သမားတော်ပိုင်ကို အလယ်တွင် ထား၍ ဝိုင်းရံလိုက်ကြပြီး ဓားရှည်များကို ထုတ်ကာ တိုက်ပွဲဝင်ရန် အသင့်ပြင်လိုက်ကြသည်။

၎င်းကို မြင်သောအခါ ကျောက်တုံးပေါ်တွင် ထိုင်နေသော လူသည် တဟားဟားနှင့် ရယ်မောလေသည်။

"ဘာလဲ၊ မင်းတို့လူလေး အယောက်နှစ်ဆယ်လောက်နဲ့ ငါ့လက်ထဲကနေ အသက်ရှင်လွတ်မြောက်နိုင်မယ်လို့ ထင်နေကြတာလား"

ထိုသို့ပြောလျက် ထိုလူသည် ဖြည်းညှင်းစွာ ထရပ်လိုက်ပြီး သူတို့ဘက်သို့ လှည့်ကြည့်လာသည်။

ထိုသူ၏ မျက်နှာကို မြင်လိုက်ရချိန်တွင် အားလုံး ထိတ်လန့်တကြား ဖြစ်သွားကြ၏။

"ကု... ကုချင်းဖုန်း"

အခြားသူကို မမှတ်မိလျှင်ပင် မျန့်ရွှေစီရင်စု၏ အစောင့်အရှောက်ကြီးဆယ့်သုံးဦးအနက် တစ်ဦးဖြစ်ပြီး ချောင်ကုန်သည်အဖွဲ့၏ တစ္ဆေလက်ခန်းမအရှင်သခင်ဖြစ်သည့် တစ္ဆေလက်ကုချင်းဖုန်းကို မည်သူက မမှတ်မိဘဲ ရှိပါမည်နည်း

တပ်သားများသည် ကုချင်းဖုန်းမှ သူတို့ကို ချုံခိုတိုက်ခိုက်ရန် ရောက်လာသည့်အချက်ကို မယုံကြည်နိုင်အောင် ဖြစ်နေကြသည်။

အားလုံးသည် အလွန်တရာ ရှုပ်ထွေးနေကြ၏။

ဒီလူက ချောင်ကုန်သည်အဖွဲ့က မဟုတ်လား၊ ဘာလို့ ငါတို့ကို လာတိုက်ခိုက်ရတာလဲ

သူတို့ကို အပြစ်တင်၍လည်း မရပါချေ။ အဘယ်ကြောင့်ဆိုသော် သူတို့ မျန့်ရွှေစီရင်စုမှ ထွက်ခွာသွားစဉ်က ကုချင်းဖုန်းမှာ သစ္စာဖောက်ဖြစ်ကြောင်း မသိရသေးပေ။ ထို့ကြောင့် သူတို့၏ စိတ်ထဲတွင် ကုချင်းဖုန်းသည် ချောင်ကုန်သည်အဖွဲ့၏ အမည်ကျော်ကြားသည့် ခန်းမအရှင်သခင်အဖြစ်သာ ရှိနေဆဲ ဖြစ်သည်။

သမားတော်ပိုင်သည် ထိုအမည်ကို ကြားသောအခါ ရှေ့သို့ထွက်လာပြီး နှုတ်ဆက်သည်။

"ခန်းမအရှင်သခင်ကု မတွေ့ရတာ ကြာပြီနော်။ ကျန်းမာပါရဲ့လား"

ပိုင်ဝမ့်ကျင်းသည် ကုချင်းဖုန်းကို သိကျွမ်းပြီး သူတို့အကြား ဆက်ဆံရေးမှာလည်း မဆိုးလှပေ။ ယခင်က ဖန်းရှစ်ကျုံး၊ ကျန်းလီယဲ့ နှင့် ကုချင်းဖုန်းတို့သည် ဟွမ်ကျိုးပြည်နယ်မှ အရာရှိနှစ်ဦးနှင့်အတူ နီဝမ်ကျွင့်ကို ဖမ်းဆီးရန် မျန့်ရွှေစီရင်စုသို့ လာခဲ့စဉ်က ပိုင်ဝမ့်ကျင်းထံသို့ လာရောက်နှုတ်ဆက်ခဲ့ကြဖူးသည်။

မည်သို့ပင်ဆိုစေကာမူ ပိုင်ဝမ့်ကျင်းသည် သူတို့ထက် ဝါရင့်သူတစ်ဦး မဟုတ်ပါလော။

ပိုင်ဝမ့်ကျင်းမှ စကားစလိုက်ရာ ကုချင်းဖုန်းသည် သမားတော်ပိုင်ကို ကြည့်ကာ ယဉ်ကျေးစွာ ပြန်ဖြေသည်။

"သမားတော်ပိုင် မတွေ့ရတာ ကြာပါပြီ။ သမားတော်ကြီး ကျန်းမာနေမယ်လို့ မျှော်လင့်ပါတယ်"

"ခန်းမအရှင်သခင်ကုရဲ့ မေတ္တာကြောင့် ကျန်းမာပါတယ်။ ဒါပေမဲ့ ဒီနေ့ ဒီလုပ်ရပ်ရဲ့ အဓိပ္ပာယ်က ဘာလဲဆိုတာ သိပါရစေ"

ထိုအခါ ကုချင်းဖုန်းမှ ပြောသည်။

"သမားတော်ပိုင် ဒီနေ့တော့ ကျုပ်က လူတစ်ယောက်ရဲ့ တောင်းဆိုမှုကို ဖြည့်ဆည်းပေးရုံသက်သက်ပါ။ အဲဒါကြောင့် ကျုပ် သမားတော်ပိုင်ကို အခက်အခဲ မဖြစ်စေချင်ဘူး။ သမားတော်ပိုင်ကို ကျုပ် တကယ် မသတ်ချင်ပါဘူး။ ဒီလို လုပ်ရအောင်... သမားတော်ပိုင်၊ ခင်ဗျား ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်လိုက်ပါ။ ပြီးရင် ရှန်းနုံကနေ ရလာတဲ့ အဆိပ်ဖြေဆေးကို ကျုပ်ဆီ အပ်လိုက်မယ်ဆိုရင် ဒီလူတွေ ဘာမှမဖြစ်စေရဘူးလို့ ကျုပ် ကတိပေးတယ်၊ ဘယ်လိုလဲ"

All Chapters