အခန်း (၅၁၃)
Vol. 41 Ch. 513
ထိုစကားကို ကြားလျှင် ပိုင်ဝမ့်ကျင်းသည် မျက်မှောင်ကြုတ်လိုက်ပြီး ပြောသည်။
"ခန်းမအရှင်သခင်ကု ဒါက ဘာအဓိပ္ပာယ်ပါလဲ။ ကျွန်တော် ဒီဆေးကို ရှာလာရတဲ့အကြောင်းအရင်းက ခေါင်းဆောင်လျိုရဲ့သား လျိုစုန့်ကို ကယ်ဖို့ပါ။ ခန်းမအရှင်သခင်ကုက ဘာဖြစ်လို့ ကျွန်တော်တို့ကို ဒီလိုမျိုး တိုက်ခိုက်ရတာလဲ"
ထိုအခါ ကုချင်းဖုန်းမှ ရယ်မောသည်။
"သမားတော်ပိုင် ခင်ဗျားသာ အဲဒီ လျိုစုန့်ဆိုတဲ့ တိရစ္ဆာန်ကောင်လေးကို ကယ်ဖို့ မလုပ်ခဲ့ဘူးဆိုရင် ကျုပ် ခင်ဗျားကို လွှတ်ပေးခဲ့မှာပါ။ ဒါပေမဲ့ ခင်ဗျားက သူ့ကို ကယ်မယ်ဆိုတော့.. စိတ်မကောင်းပါဘူး၊ ဒီနေ့တော့ ခင်ဗျားရဲ့ အသက်ကို စတေးရပါလိမ့်မယ်"
ပိုင်ဝမ့်ကျင်းသည် မျက်မှောင်ကြုတ်လျက် ကုချင်းဖုန်းကို စိုက်ကြည့်နေခဲ့သည်။
"လူတစ်ယောက်ကို ကယ်တာက ဘာများ မှားနေလို့လဲ"
ကုချင်းဖုန်းမှ ပြန်ပြောသည်။
"တကယ်က ခင်ဗျား မမှားပါဘူး၊ လျိုလောင်ကွေ့ မှားခဲ့တာ"
ပြောပြီးသည်နှင့် ကုချင်းဖုန်းသည် အချိန်ကို တစ်ချက်စစ်ဆေးကြည့်လိုက်ပြီး ပြောသည်။
"ကဲ သမားတော်ပိုင်၊ အချိန်နှောင်းနေပြီ။ အခုပဲ ဆုံးဖြတ်ချက်ချလိုက်ပါ။ ခင်ဗျားတစ်ယောက်တည်းပဲ ဒီမှာ အသက်စွန့်မလား၊ ဒါမှမဟုတ် အားလုံး အတူတူသေကြမလား”
ထိုစကားတွင် သက်တော်စောင့်ဆယ့်နှစ်ဦးမှ ချက်ချင်း တုံ့ပြန်သည်။ ချန်ရှူသည် သမားတော်ပိုင်ကို အကာအကွယ်စက်ဝိုင်းအတွင်းသို့ အမြန်ဆွဲခေါ်လိုက်ပြီး အော်ဟစ်လိုက်သည်။
"အစီအရင်ပုံစံဖွဲ့စည်းပြီး သမားတော်ပိုင်ကို ကာကွယ်ကြ"
"ဟုတ်ကဲ့"
သက်တော်စောင့်ဆယ့်နှစ်ဦးသည် စစ်ရေးလေ့ကျင့်ထားသည့်အတိုင်း ချက်ချင်း နေရာယူလိုက်ကြသည်။ အတူလိုက်ပါလာခဲ့သည့် ကျားဖြူခန်းမ၏ သာမန်တပ်သားများသည်လည်း ဓားများကို အသင့်ဆွဲထုတ်၍ ခံစစ်ပြင်လိုက်ကြသည်။
ထိုအချိန်၌ သမားတော်ပိုင်သည် မျက်မှောင်ကြုတ်လျက် လက်သီးတင်းတင်းဆုပ်ထား၏။
ဘယ်လိုလုပ်ပြီး ဒီလိုတွေ ဖြစ်ကုန်ရတာလဲ
မဖြစ်ဘူး၊ ငါ ဒီမှာ သေလို့မရဘူး။ အကယ်၍ ငါ ဒီမှာ သေသွားခဲ့ပြီး အဆိပ်ဖြေဆေးမရှိတော့ရင် လျိုစုန့် ကျိန်းသေပေါက် သေရလိမ့်မယ်။ အဲဒီအခါကျရင် လျိုလောင်ကွေ့နဲ့ ကျိုစစ်တို့ရဲ့ မဟာမိတ်ဆက်ဆံရေးလည်း ပျက်ပြားသွားနိုင်တယ်။ အခုက နန်ပါးထျန်းက ကျိုစစ် ကျရှုံးမှာကို စောင့်စားနေတဲ့အချိန်ပဲ။
လျိုလောင်ကွေ့ရဲ့ ထောက်ပံ့မှုသာ မရှိတော့ရင် ကျိုစစ်က နန်ပါးထျန်းကို ဘယ်လိုလုပ် ယှဉ်နိုင်တော့မှာလဲ။ ငါ ဘယ်လိုလုပ်ရမလဲ
ပိုင်ဝမ့်ကျင်း၏ မျက်နှာမှာ ဖြူဖျော့ကာ ပင်ပန်းနွမ်းနယ်နေပြီး စိုးရိမ်ပူပန်မှုများက အထင်အရှား ပေါ်လွင်နေသည်။
ထိုစဉ် ပိုင်ဝမ့်ကျင်းကို ကာကွယ်ထားသော ချန်ရှူမှ ပြောသည်။
"သမားတော်ပိုင် ဘာမှမစိုးရိမ်ပါနဲ့။ ကျွန်တော်တို့ ရှိပါတယ်။ ဒီနေ့ ကျွန်တော်တို့ထဲက တစ်ယောက်ဖြစ်ဖြစ် အသက်ရှင်နေသေးသရွေ့ သမားတော်ပိုင်ကို နည်းနည်းလေးမှ မထိခိုက်စေရပါဘူး"
ပိုင်ဝမ့်ကျင်းမှ ပြောသည်။
"ရန်သူက အစောင့်အရှောက်ကြီးဆယ့်သုံးဦးထဲက တစ်ယောက်ပဲ၊ သူ့ကို ထိပ်တိုက် မရင်ဆိုင်ကြနဲ့။ မဟုတ်.. မဟုတ်ဘူး... ငါ..."
"သမားတော်ပိုင် အဲဒီလိုစကားတွေ မပြောပါနဲ့။ ကျွန်တော်တို့အားလုံးက ရွာမှာပဲ ကြီးပြင်းလာကြတာပါ။ သမားတော်ပိုင်က ကျွန်တော်တို့ ကြီးပြင်းလာတာကို စောင့်ကြည့်လာခဲ့တဲ့သူလို့ ပြောရင်လည်း မမှားပါဘူး။ ကျွန်တော်တို့အတွက်တော့ သမားတော်ပိုင်က ကျွန်တော်တို့ရဲ့ မိသားစုဝင် အကြီးအကဲတစ်ယောက်လိုပါပဲ။ ဒီလိုအချိန်မျိုးမှာ ကိုယ့်ရဲ့မိသားစုဝင် အကြီးအကဲတစ်ယောက်ကို ကျွန်တော်တို့ ဘယ်လိုလုပ် မကာကွယ်ဘဲ နေနိုင်မှာပါလဲ"
"ပြီးတော့လည်း သမားတော်ပိုင်က ကျွန်တော်တို့ခန်းမအရှင်သခင်ရဲ့ ဆရာလည်း ဖြစ်တယ်။ ခန်းမအရှင်သခင်က ကျွန်တော်တို့ ညီနောင်တွေအပေါ်မှာ ကျေးဇူးတရား အများကြီးရှိသူပါ။ ကျွန်တော်တို့ အခုရရှိထားတဲ့ အရာအားလုံးက ခန်းမအရှင်သခင် ပေးခဲ့တာတွေပါပဲ။ ဆိုရိုးတစ်ခု ရှိတယ်မဟုတ်လား.. 'ယောက်ျားကောင်းဆိုတာ ကိုယ့်ကို တန်ဖိုးထားသူအတွက် အသက်စွန့်ရဲရတယ်' တဲ့။ ခန်းမအရှင်သခင်က ကျွန်တော်တို့ကို ညီအစ်ကိုတွေလို ဆက်ဆံခဲ့တာ၊ ကျွန်တော်တို့ကရော ခန်းမအရှင်သခင်ရဲ့ ကျေးဇူးကို ဘယ်လိုလုပ် ပြန်မဆပ်ဘဲ နေနိုင်မှာပါလဲ။ အဲဒါကြောင့် ကျွန်တော်တို့အားလုံး ဒီနေ့ အသေအကြေတိုက်ပွဲဝင်သွားကြမှာပါ”
ထိုအခါ ဘေးရှိ တပ်သား ၁၁ ဦးကလည်း တညီတညွတ်တည်း ကြွေးကြော်ကြသည်။
“အသေအကြေ တိုက်ပွဲဝင်မယ်"
ထိုစကားအဆုံး၌ သူတို့၏ အကြည့်များသည် တစ်စတစ်စ ပိုမို ခိုင်မာပြတ်သားလာခဲ့သည်။
ကျားဖြူခန်းမ သက်တော်စောင့်တပ်ဖွဲ့ဟူသည် အဘယ်နည်း။ ကျားကဲ့သို့ ရဲရင့် သစ္စာရှိပြီး ကိုယ်ကျိုးစွန့်နိုင်သူများဖြစ်ကြသည်။ ဤတပ်သားများသည် ချန်ကျဲ့ကိုယ်တိုင် ရွေးချယ်ထားသော သေဖော်သေဖက် ညီနောင်များ ဖြစ်ကြသည်။
သူတို့သည် ချန်ကျဲ့အတွက် အချိန်မရွေး အသက်စွန့်ရန် အသင့်ရှိနေကြသူများဖြစ်ပါ၏။
သုံးပြည်ထောင်ခေတ်တွင် ချောင်ချောင်၌ သျန်ဝေနှင့် ရွှီချူတို့ကဲ့သို့သော အလွန်သစ္စာရှိသည့် ကျားကဲ့သို့ ကိုယ်ရံတော်များ ရှိခဲ့ဖူးသည်။ သူတို့နှစ်ဦးစလုံးသည် အလွန်အမင်း သစ္စာစောင့်သိသူများဖြစ်ကြပြီး သျန်ဝေသည် ချောင်ချောင်အတွက် အသက်ပေးသွားခဲ့သည်။
ဤသည်မှာ ကျားသက်တော်စောင့်များ၏ ကံကြမ္မာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မည်။
ယနေ့တွင် သူတို့သည် အစောင့်အရှောက်ကြီးဆယ့်သုံးဦးအနက် တစ်ဦးဖြစ်သည့် စွမ်းအင်ပြောင်းလဲခြင်းအဆင့် သိုင်းပညာရှင်တစ်ဦးဖြစ်သော တစ္ဆေလက်ကုချင်းဖုန်းနှင့် ရင်ဆိုင်နေရသည်။
သူတို့သည် နွဲ့ပျောင်းအရွတ်အဆင့်သာ ဖြစ်ကြသောကြောင့် စွမ်းအင်ပြောင်းလဲခြင်းအဆင့်နှင့် များစွာ ကွာခြားလှသော်ငြား သူတို့၏ စိတ်ထဲတွင် ကြောက်ရွံ့ခြင်း မရှိချေ။ အဆိုးဆုံးမှ သေရုံသာ ဖြစ်၏။ သို့သော် သေသည့်တိုင် ရန်သူကို အနည်းငယ်ဖြစ်ဖြစ် အနာတရဖြစ်အောင် လုပ်ပြီးမှ သေမည်ဟု ဆုံးဖြတ်ထားကြသည်။
ခန်းမအရှင်သခင်သည် သူတို့ကို ညီအစ်ကိုများကဲ့သို့သော လေးစားမှုဖြင့် ဆက်ဆံခဲ့သည်။
ခန်းမအရှင်သခင်သည် သူတို့ကို ကောင်းမွန်စွာ ကျွေးမွေးခဲ့သည်၊ သိုင်းပညာ သင်ကြားပေးခဲ့သည်၊ အိမ်နှင့် လယ်ယာမြေများ ဝယ်ယူပေးခဲ့သည့်အပြင် အိမ်ထောင်ပြု၍ မျိုးဆက်တည်မြဲအောင်လည်း ကူညီပေးခဲ့သည်။ ဤမျှ နက်ရှိုင်းလှသော ကျေးဇူးတရားကို သူတို့ အဘယ်သို့များ ပြန်လည်ပေးဆပ်နိုင်ပါမည်နည်း။
သူတို့၏ အသက်ဖြင့်သာ ပေးဆပ်နိုင်လိမ့်မည်ပင်
သူတို့သည် အသက်ပေး၍ ကျေးဇူးဆပ်နိုင်ပါ၏
ထိုအခိုက်အတန့်၌ တပ်သားများ၏ မျက်လုံးများမှာ တောက်ပနေကြပြီး ကြောက်ရွံ့မှု စိုးစဉ််းသော်မျှ မရှိတော့ချေ။ သူတို့သည် ကြောက်ရွံ့မှုကို ဘေးဖယ်ထားနိုင်ခဲ့ပြီဖြစ်သည်။ ယခုအချိန်၌ သူတို့သည် စစ်မြေပြင်တွင် တိုက်ပွဲဝင်ရန် အချက်ပေးသံကြားသည်နှင့် တွန့်ဆုတ်ခြင်းမရှိဘဲ ရှေ့သို့ ချီတက်ကြတော့မည့် စစ်သည်တော်များအလား ဖြစ်ကြသည်။
သူတို့သည် စစ်သည်တော်များ ဖြစ်ကြသည်။ ထို့ကြောင့် သေခြင်းတရားကို မကြောက်ရွံ့ပါချေ။
ဤမြင်ကွင်းတွင် ကုချင်းဖုန်းသည် မျက်လုံးကို အနည်းငယ် မှေးကျုံ့ကြည့်လိုက်သည်။ ကုချင်းဖုန်းမှာ ထိုတပ်သားများ၏ စင်ကြယ်လှသော သတ်ဖြတ်လိုစိတ်ကို အသိအမှတ်ပြုမိသွားရ၏။
တကယ့်ကို သေချာလေ့ကျင့်ထားတဲ့ သက်တော်စောင့်တပ်ဖွဲ့ပဲ။
ဤသို့သော သက်တော်စောင့်တပ်ဖွဲ့ကို အသက်ရှင်လျက် ထွက်သွားစေ၍မဖြစ်ချေ။ နောင်တွင် ပြဿနာများ မဖြစ်ပွားရစေရန် ယနေ့တွင် သူတို့အားလုံးကို အမြစ်ပြတ် သုတ်သင်ပစ်ရပေမည်။
ထိုသို့တွေးလိုက်ရင်း ကုချင်းဖုန်း၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုခြင်းအငွေ့အသက်များ ပြည့်နှက်လာခဲ့သည်။
စိတ်ပြောင်းသွားပြီ။ ဒီနေ့ တစ်ယောက်မှ အသက်ရှင်လျက် ထွက်မသွားရဘူး။ အားလုံး သေရမယ်
သို့ဖြင့် နှစ်ဖက်သည် မျက်နှာချင်းဆိုင်ထားကြရာ လေထုမှာ ပို၍ ထူးဆန်းလာပြီး တင်းမာနေတော့သည်။
ဟူး ဟူး…
ထိုစဉ် ရုတ်တရက် လေပြင်းတစ်ချက် ဝှေ့ယမ်းသွားပြီး ကောင်းကင်မှ မိုးခြိမ်းသံများ ထွက်ပေါ်လာသည်။
ထို့နောက်တွင် ကုချင်းဖုန်းသည် ရုတ်တရက် လှုပ်ရှားလိုက်၏။
ဝှစ် ဝှစ် ဝှစ်…
ထို့နောက် တဒင်္ဂ၌ လေထဲတွင် ကြက်ခြေခတ်ပုံစံ မြားတိုသုံးစင်း ဝဲပျံလာခဲ့သည်။
၎င်းမြားတိုများကို မြင်လိုက်ရသည်တွင် အားလုံး ထိတ်လန့်သွားကြသည်။ ကုချင်းဖုန်းသည် လက်နက်ပုန်းကျွမ်းကျင်သူတစ်ဦး ဖြစ်နေလိမ့်မည်ဟု သူတို့ မျှော်လင့်မထားခဲ့ကြပေ။ တကယ်တမ်းတွင် ကုချင်းဖုန်းသည် လက်နက်ပုန်းအတတ်တွင် ဆရာတစ်ဆူ ဖြစ်ပါ၏။
ကုချင်းဖုန်းနှင့် သူ၏ အစ်ကိုဖြစ်သူ ကုချင်းရှန်းတို့သည် တစ်ချိန်က ‘မိုးသက်မုန်တိုင်း သစ်တော်ပန်း'ဟု အမည်ရသည့် အလွန်အံ့ချီးဖွယ်ကောင်းမွန်သည့် လက်နက်ပုန်းသိုင်းပညာကို ပိုင်ဆိုင်သည့် သိုင်းလောက၏နာမည်ကျော် 'သူခိုးနတ်ဘုရား’၏ တပည့်များ ဖြစ်ခဲ့ကြသည်။
၎င်းသိုင်းပညာသည် လက်နက်ပုန်း ဆယ်ချီ၊ရာချီကို တစ်ပြိုင်နက်တည်း ထိန်းချုပ်နိုင်သည့်အပြင် ခန့်မှန်းရခက်သော စွမ်းအားရှိသည့် သိုင်းပညာတစ်ခု ဖြစ်သည်။ သူ၏ လက်များမှာ တစ္ဆေတစ်ကောင်ကဲ့သို့ လျင်မြန်လှသဖြင့် သိုင်းလောကသားများက သူ့ကို 'တစ္ဆေလက်'ဟု ခေါ်ဆိုခဲ့ကြသည်။
ဤ 'တစ္ဆေလက်' ဟူသော အမည်မှာ အမှန်စင်စစ်တွင် သူ၏ လက်နက်ပုန်းသိုင်းပညာကို ရည်ညွှန်းခြင်း ဖြစ်သည်။
လက်နက်ပုန်း သိုင်းပညာရှင်တစ်ဦးအနေဖြင့် မိမိ၏ ကိုယ်ပိုင် လက်နက်ပုန်းတစ်ခု အမြဲရှိတတ်ရာ ကုချင်းဖုန်း၏ လက်နက်ပုန်းမှာ ကြက်ခြေခတ်ပုံစံ မြားတိုဖြစ်သည်။
ဤမြားတိုသည် ဂျပန်နင်ဂျာများ အသုံးပြုလေ့ရှိသည့် မြားတိုများနှင့် အနည်းငယ် ဆင်တူသော်ငြား ထူးခြားချက်မှာ ကုချင်းဖုန်း၏ မြားတိုမှာ အသွားတစ်ဖက်ပါသည့် မြားတိုဖြစ်နေခြင်း ဖြစ်သည်။
သို့တိုင် ၎င်း၏ သတ်ဖြတ်နိုင်စွမ်းမှာ အံ့ချီးဖွယ်ဖြစ်သည်။
ကုချင်းဖုန်းသည် ယခုတစ်ကြိမ်တွင် ၎င်းမြားတိုသုံးစင်းကို လူအုပ်ထဲသို့ တည့်တည့် ပစ်လွှတ်လိုက်ရာ သက်တော်စောင့်ဆယ့်နှစ်ဦးမှာ အလွန်တုန်လှုပ်သွားကြပြီး အမြန် ကာကွယ်လိုက်ကြသည်။
သို့သော် မမျှော်လင့်စွာဖြင့် ၎င်းမြှားတိုသုံးစင်းသည် သူတို့ကို ရည်ရွယ်ခြင်း မဟုတ်ခဲ့ဘဲ သူတို့၏ နောက်ဘက်ရှိ ကျားဖြူခန်းမ အစောင့်တပ်သားသုံးဦးကို သတ်ဖြတ်လိုက်လေသည်။