အခန်း (၅၁၄)
Vol. 41 Ch. 514
ချွင်... ချွင်... ချွင်…
ကောင်းကင်တစ်ခုလုံး မီးပွားများဖြင့် ပြည့်နှက်ေနသည်။
လူတိုင်းသည် မြားတိုများကို အသည်းအသန် ခုခံကာကွယ်နေကြရသည်။ အကယ်၍ တစ်ချက်လေး မှားယွင်းသွားပါက ပေးဆပ်ရမည့် တန်ဖိုးမှာ မိမိ၏ အသက်ပင် ဖြစ်ပေသည်။
အား...
စူးရှသော အော်ဟစ်သံတစ်ခုနှင့်အတူ ကျားဖြူခန်းမတပ်သားတစ်ဦးမှာ မြားတိုထိမှန်ကာ မြေပြင်ပေါ်သို့ လဲကျသွားသည်။
ထိုအော်ဟစ်သံကြောင့် မည်သူတစ်ဦးတစ်ယောက်မျှ ရပ်တန့်မသွားဝံ့ချေ။ အဘယ်ကြောင့်ဆိုသော် ရပ်တန့်လိုက်ခြင်းသည် ကျရှုံးခြင်းနိမိတ် ဖြစ်သောကြောင့် ဖြစ်သည်။
ထို့နောက် ဒုတိယမြောက် အော်ဟစ်သံ ထွက်ပေါ်လာသည်။
တတိယမြောက်၊ စတုတ္ထမြောက်…
အား!
"အားထု!"
ထိုခဏ၌ ပူဆွေးသောကရောက်ဖွယ် အော်ဟစ်သံတစ်ခု ထွက်ပေါ်လာပြန်သည်။ သက်တော်စောင့်များအနက် သွားခေါခေါနှင့် အားထုတစ်ယောက် လဲကျသွားခြင်းပင်။
ကြက်ခြေခတ်ပုံစံ မြားတိုတစ်စင်းသည် သူ၏ လည်ပင်းတည့်တည့်သို့ စိုက်ဝင်သွားခဲ့သည်။
အားထုသည် သွေးအိုင်ထဲတွင် လဲလျောင်းနေပြီး ခန္ဓာကိုယ်မှာ တုန်ယင်နေသည်။ သူ၏ မျက်လုံးများက သူ၏ ညီနောင်များကို မကျေချမ်းခြင်းများ၊ စိုးရိမ်ပူပန်မှုများနှင့်အတူ စိုက်ကြည့်နေခဲ့သည်။
သို့သော်ငြား သူ၏ မျက်နှာတွင် ကြောက်ရွံ့တုန်လှုပ်မှု အရိပ်အယောင် စိုးစဉ်းမျှ မရှိပေ။
မှန်ပါသည်။ သူ သေရမှာကို မကြောက်ပါ။
ချန်ထု၊ မူလအမည် ကျောက်လျိုယိသည် ရှန်းထောင်ရွာ၊ အထက်မက်မွန်ရွာမှ လာသူဖြစ်ပြီး ရှေ့သွားနှစ်ချောင်းမှာ သိသိသာသာ ခေါနေသဖြင့် ရွာသားများက သူ့ကို 'သွားခေါကျောက်' ဟု နောက်ပြောင် ခေါ်ဆိုကြသည်။
အားလုံးသိကြသည့်အတိုင်း ကျေးလက်တောရွာများတွင် အနည်းငယ်မျှလေးဖြစ်စေ ထူးခြားနေသူမှန်သမျှ အနိုင်ကျင့်ခံရလေ့ရှိရာ သွားခေါကျောက်မှာလည်း ချွင်းချက်မဟုတ်ပေ။
သူ၏ လယ်ယာမြေများကို ရွာသားအချင်းချင်းက သိမ်းပိုက်ကြသည်။ သူ၏ ခြံဝင်းတံတိုင်းကို ဖိနှိပ်ဖြိုချကြသည်။ သူ၏ ဇနီးသည်ကို လမ်းဘေးလူမိုက်များက အနိုင်ကျင့်ကြသော်လည်း သူသည် ဝင်ရောက် မတားဆီးရဲခဲ့ပေ။ ဤကိစ္စကြောင့် သူ၏ ယောက္ခမဖြစ်သူမှာ ရင်ထုမနာဖြစ်ကာ သေဆုံးသွားခဲ့ရပြီး ဇနီးသည်ကလည်း သူ့ကို အရိုးမရှိတဲ့ကောင်ဟု ကဲ့ရဲ့ခဲ့သည်။ သူကိုယ်တိုင်လည်း မိမိကိုယ်ကိုယ် ထိုသို့ပင် ထင်မြင်ခဲ့သည်။
ထိုကာလများသည် ချန်ထုအတွက် ငရဲခန်းတစ်ခုကဲ့သို့ ဖြစ်ခဲ့ရာ ပြန်တွေးမိတိုင်း သေချင်လောက်အောင် နာကျင်ရသည်။
လူမိုက်များက သင့်ဇနီးသည်ရဲ့ တင်ပါးကို သင့်ရှေ့မှာတင် လာပုတ်နေသည့်တိုင် သင်ကတော့ ဘာမှမလုပ်နိုင်ဘဲ ပြုံးပြပြီး သူတို့အား ချော့မော့နေရခြင်းကို စိတ်ကူးကြည့်နိုင်ပါ၏လော။
ဟုတ်ပါသည်။ သူသည် တစ်ချိန်က ထိုမျှအထိ သူရဲဘောကြောင်ခဲ့သူ ဖြစ်သည်။
နောက်ပိုင်းတွင် သူသည် ရှန်းထောင်ရွာအနားမှ ဖြတ်သွားရင်း လူတစ်စု သိုင်းကျင့်နေသည်ကို တွေ့ရာမှ စပ်စုလိုစိတ်ဖြင့် ထိုင်ကြည့်မိခဲ့သည်။
ထိုစဉ် သိုင်းသင်ကြားပေးနေသော အစ်ကိုဝမ်က သူ့ကိုမြင်သွားခဲ့ပြီး သိုင်းပညာသင်ယူရန် နွေးထွေးစွာ ဖိတ်ခေါ်ခဲ့သည်။
ကနဦး၌ ချန်ထုသည် တွန့်ဆုတ်နေခဲ့သော်ငြား အစ်ကိုဝမ်၏ တိုက်တွန်းအားပေးမှုကြောင့် စတင်လေ့ကျင့်ခဲ့သည်။
မမျှော်လင့်ပါဘဲနှင့် ချန်ထုသည် သိုင်းပညာတွင် ပါရမီပါနေခဲ့သဖြင့် ဘိုးဘေးကြီးလက်သီးသိုင်းကို အရေပြားသန့်စင်ခြင်းအဆင့်အထိ တတ်မြောက်သွားခဲ့သည်။
ထို့နောက်တွင် ကျားဖြူခန်းမသို့ စေလွှတ်ခြင်းခံရပြီး ခန်းမအရှင်သခင်နှင့် ဆုံတွေ့ခဲ့ရသည်။ ခန်းမအရှင်သခင်မှာ တကယ့်ကို ကြင်နာတတ်သူ ဖြစ်၏။ ထိုအချိန်က ခန်းမအရှင်သခင်သည် သူတို့အားလုံးဟာ သူ့ရဲ့ညီအစ်ကိုတွေပဲဟု ပြောခဲ့သည်။
ထို့နောက် သူတို့အားလုံးကို အိမ်ကြီးအိမ်ကောင်းများ ပေးခဲ့သည်။ သူတို့၏ ဇနီးမယားနှင့် မိသားစုများကို ခေါ်ယူနေထိုင်ခွင့် ပေးခဲ့သည့်အပြင် ရွာတွင် ခံခဲ့ရသည့် မတရားမှုများကိုလည်း ဖြေရှင်းပေးခဲ့သည်။ ခန်းမအရှင်သခင်သည် သူ့ကို အထူးတလည် ကြည့်ရှုစောင့်ရှောက်ပေးခဲ့ပြီး သူ အိမ်ပြောင်းရန်အတွက် ညီနောင်ဆယ်ဦးကိုပင် ထည့်ပေးလိုက်ပါသေးသည်။
ထိုသို့အိမ်ပြောင်းခြင်းမှာ အမှန်စင်စစ်တွင် လက်စားချေရန် အခွင့်အရေးတစ်ခုဖြစ်ပါ၏။
ထိုနေ့တွင် ချန်ထု၏မြေကို သိမ်းပိုက်ခဲ့သော ဦးလေးဖြစ်သူမှာ ကြက်နှစ်ကောင်နှင့်အတူ လာရောက်တောင်းပန်ခဲ့ပြီး လွန်ခဲ့သော နှစ်များအတွက် လျော်ကြေးအဖြစ် ငွေတစ်တုံးကို ပေးအပ်ခဲ့သည်။
ချန်ထု၏ခြံတံတိုင်းကို ကျော်ဆောက်ခဲ့သော အိမ်နီးချင်းသည်လည်း သူ၏ရှေ့တွင်ပင် တံတိုင်းကို ပြန်ဖျက်ပေးခဲ့ရုံသာမက ချန်ထု၏ဇနီးဖြစ်သူ အဝတ်အစားအသစ်ချုပ်လုပ်ရန်အတွက် ဂွမ်းစ ၅ ပေကို လက်ဆောင်ပေးခဲ့သည်။
ချန်ထု၏ဇနီးကို အနိုင်ကျင့်ခဲ့သော လူမိုက်များမှာမူ သူနှင့် သူ၏ဇနီးရှေ့တွင် ဒူးထောက်တောင်းပန်ရသည်အထိ အရိုက်ခံခဲ့ရသည်။ ကျားဖြူခန်းမ ညီနောင်များက ထိုလူမိုက်များကို တစ်လလောက် အိပ်ရာထဲက မထနိုင်အောင် ဆုံးမလိုက်သဖြင့် နောင်တွင် မည်သူမှ မနှောင့်ယှက်ရဲတော့ပေ။
သူ၏ ဇနီးသည်က သူ့ကို ဖက်ပြီး "နောက်ဆုံးတော့ ကျွန်မ ယောက်ျားကောင်းတစ်ယောက်နဲ့ လက်ထပ်ခဲ့ရပြီ" ဟု ပြောခဲ့သည့်နေ့ကို သူ ဘယ်တော့မှ မေ့လိမ့်မည်မဟုတ်ပေ။ သူမသည် သူ့ကို "အရိုးမရှိတဲ့ကောင်" ဟု ဘယ်သောအခါမှ ထပ်မခေါ်တော့ချေ။
တစ်ချိန်က သူ့ကို အနိုင်ကျင့်ခဲ့သော ရွာသားများမှာလည်း ယခုတွင် သူ့ကို လေးလေးစားစား ဆက်ဆံလာကြပြီး ဆွေမျိုးတစ်စုသည်လည်း သူ၏ မိဘဘိုးဘွားများ၏ သင်္ချိုင်းကို ပြန်လည်ပြုပြင်ရန် ရန်ပုံငွေ ချပေးခဲ့သည်။ ထိုအရာများအားလုံးသည် သူ တစ်ကြိမ်တစ်ခါမှ အိပ်မက်ပင် မမက်ရဲခဲ့သည့် အရာများဖြစ်သည်။
ယခုလက်ရှိ ချန်ထု ပိုင်ဆိုင်နေသည့် အရာအားလုံးသည် ခန်းမအရှင်သခင်ကြောင့်သာ ဖြစ်ပါသည်။
လွန်ခဲ့သည့် ရက်ပိုင်းကပင် သူ၏ ဇနီးသည်မှာ ကိုယ်ဝန်ရှိနေပြီ ဖြစ်၏။
ဟား... ကျောက်မိသားစုမှာ မျိုးဆက်ရှိတော့မယ်။
မဟုတ်ဘူး။ အခုဆို ချန်မိသားစုက တိုးတက်စည်ပင်နေပြီလို့ ပြောရမှာပေါ့။
သူသည် သူ၏ အမည်အသစ်ဖြစ်သော 'ချန်ထု' ဟူသည့်အမည်ကို အလွန်နှစ်သက်သည်။
ဝမ်းနည်းစရာကောင်းသည်မှာ ယနေ့တွင် သူ သေရတော့မည်။ ခန်းမအရှင်သခင်ကို ဆက်လက် အလုပ်အကျွေး မပြုနိုင်တော့ချေ။
ခန်းမအရှင်သခင် ကျွန်တော် အရင်သွားနှင့်ပါပြီ။ ဒီနေ့တော့ ကျွန်တော် ခန်းမအရှင်သခင်ကို ဒီစကားတွေ သေချာပေါက် ပြောခဲ့ချင်တာပါ။ ခန်းမအရှင်သခင်ရဲ့ ကြင်နာမှုတွေအတွက် ကျေးဇူးတင်ပါတယ်။ ခန်းမအရှငိသခင်သာ မရှိခဲ့ရင် ကျွန်တော်က လူတွေရဲ့အနိုင်ကျင့်ခံနေရတဲ့ 'သွားခေါကျောက်' အဖြစ်ပဲ ရှိနေဦးမှာပါ~
"အု..."
ချန်ထု၏ ပါးစပ်ထဲတွင် သွေးများ ပြည့်လျှံနေခဲ့သည်။ သူ၏ အမြင်အာရုံများမှာ တဖြည်းဖြည်း မှေးမှိန်လာနေသည်။ သတိမလွတ်သွားခင် နောက်ဆုံးအချိန်လေးတွင် သူ၏ ညီနောင်တစ်ဦး လဲကျသွားသည်ကို မြင်လိုက်ရပြန်၏။
ထိုသူမှာ ချန်ရှယ် ဖြစ်သည်။
ချန်ရှယ်သည် မြေပြင်ပေါ်တွင် လဲကျနေပြီး ရင်ဘတ်ရှိ မြားတိုမှာ နှလုံးကို ဖောက်ထွက်သွားသဖြင့် သူသည် ချန်ထုထက် ပို၍ မြန်မြန်ဆန်ဆန် သေဆုံးသွားခဲ့သည်။
ချန်ထု၏ အမြင်အာရုံများ ဝေဝါးလာခဲ့သည်။
ခန်းမအရှင်သခင် ပေးအပ်တဲ့ တာဝန်ကို အဆုံးထိ မထမ်းဆောင်နိုင်ခဲ့လို့ တောင်းပန်ပါတယ်…
ချန်ထု သူ၏နောက်ဆုံးထွက်သက်ကို ရှူရှိုက်လိုက်သည်။
"အားရှယ်!"
နောက်ထပ် ညီနောင်တစ်ဦး လဲကျသွားပြန်သဖြင့် လူအုပ်ထဲမှ နာကျင်စွာ အော်ဟစ်သံများ ထွက်ပေါ်လာခဲ့သည်။ သူတို့သည် တစ်နှစ်ပတ်လုံး ညီနောင်များအဖြစ် မခွဲမခွာ နေထိုင်ခဲ့ကြသည်။ ခုနစ်ရက်လျှင် တစ်ရက်သာ အနားယူပြီး ကျန်သည့်အချိန်အားလုံးတွင် အတူတူစား၊ အတူတူအိပ်၊ အတူတူ လေ့ကျင့်ခဲ့ကြသူများ ဖြစ်သည်။
သူတို့၏ သံယောဇဉ်မှာ ညီအစ်ကိုအရင်းများအလား ဖြစ်၏။
တစ်ခါတစ်ရံ စကားများ ရန်ဖြစ်ကြသော်လည်း ၎င်းမှာ ညီအစ်ကိုအချင်းချင်း စနောက်ကြခြင်းသာဖြစ်ပြီး သူတို့၏ ဆက်ဆံရေးကို မထိခိုက်စေခဲ့ပေ။
ဤမျှ နက်ရှိုင်းလှသော သံယောဇဉ်ရှိသူများဖြစ်ရာ တိုက်ပွဲအတွင်း ညီနောင်တစ်ဦးပြီးတစ်ဦး သေဆုံးသွားသည်ကို မြင်တွေ့ရခြင်းသည် သူတို့၏ နှလုံးသားကို မီးမြှိုက်သတ်ဖြတ်နေသည့်အလားပင်။
သူတို့ အဘယ်သို့များ မပူဆွေးဘဲ နေနိုင်ပါမည်နည်း။ အဘယ်သို့များ ဝမ်းမနည်းဘဲ နေနိုင်ပါမည်နည်း။
ချန်ထု လဲကျသွားခဲ့ပြီ။၊ ချန်ရှယ်လည်း လဲကျသွားခဲ့ပြီ။ ချန်ဟို၊ ချန်ကျီး…
ရင်းနှီးကျွမ်းဝင်ရသော ညီနောင်များ တစ်ဦးပြီးတစ်ဦး လဲကျသွားသဖြင့် သက်တော်စောင့်အားလုံး၏ မျက်လုံးများတွင် မျက်ရည်များ ဝေ့သီနေခဲ့သည်။ အားလုံးသည် အတိုင်းအထက်အလွန်သော နာကျင်မှုကို ခံစားနေရသော်လည်း တစ်ဦးတစ်ယောက်မျှ ရှေ့သို့ တိုးနေခြင်းကို မရပ်တန့်ခဲ့ကြပေ။
အဘယ်ကြောင့်ဆိုသော် သူတို့သည် ကျားသက်တော်စောင့်များ ချန်ကျိုစစ်၏ ကျားသက်တော်စောင့်များ ဖြစ်သောကြောင့်ပင်!
ရှင်ရင် အတူတူ အသက်ရှင်ကြမယ်၊ သေရင်လည်း အတူတူ သေကြမယ်။
နောင်တမရှိဘဲ အတူတူ သေဆုံးဝံ့တယ်။
"သတ်ကြ!"
ချန်ရှူသည် ပါးပြင်ထက်တွင် မျက်ရည်များ စီးကျနေလျက် ဟစ်ကြွေးရင်း ရှေ့သို့ ဆက်လက် ချီတက်တိုးဝင်သည်။
သူ၏ ဘေးပတ်ဝန်းကျင်၌ ညီနောင်များ တစ်ဦးပြီးတစ်ဦး လဲကျသွားသည်ကို မြင်တွေ့နေရသဖြင့် စိတ်ထဲတွင် အလွန်တရာ ဝမ်းနည်းပူဆွေးနေကြသော်ငြား သူတို့သည် ဘယ်သောအခါမှ နောက်ဆုတ်လိမ့်မည် မဟုတ်ပါချေ။