အခန်း (၅၁၅)
Vol. 41 Ch. 515
အဝေးမှ ပိုင်ဝမ့်ကျင်းနှင့် ကျန်သက်တော်စောင့်နှစ်ဦးမှာ မျက်ရည်များ ဝေ့သီနေကြပြီဖြစ်သည်။
ထို အခိုက်အတန့်၌ ချန်ကုံနှင့် ချန်ကျူးတို့သည် ရူးသွပ်မတတ် အော်ဟစ်လိုက်ကြသည်။
"အစ်ကို၄ အစ်ကိုလျို..."
သူတို့၏ ပါးပြင်တွင် မျက်ရည်များ စီးကျနေသော်လည်း ပိုင်ဝမ့်ကျင်းကိုသာ အသည်းအသန် ကာကွယ်ထားကြရသည်။
သမားတော်ကြီးပိုင်သည်လည်း ရှိုက်ကြီးတငင် ငိုကြွေးနေခဲ့သည်။
"သူတို့အားလုံးက လိမ္မာတဲ့ကလေးတွေပါ၊ သူတို့အားလုံးက လူကောင်းလေးတွေပါ။ ဘာလို့ ဒီလိုတွေ ဖြစ်ရတာလဲ၊ ဘာလို့လဲ!"
ချန်ကုံသည် ဆက်၍ သည်းမခံနိုင်တော့ဘဲ ဓားကို ဆွဲထုတ်လိုက်သည်။
"အားကျူး၊ မင်း သမားတော်ကြီးကို စောင့်ရှောက်ထား၊ ငါ အစ်ကိုကြီးတို့ဆီ သွားကူရမယ်"
"အစ်ကို ၁၁... အစ်ကို!"
ချန်ကုံမှ ပြောသည်။
"ဟေ့ကောင် တွန့်ဆုတ်မနေစမ်းနဲ့။ မှတ်ထား၊ ဘာတွေပဲဖြစ်လာပါစေ သမားတော်ပိုင်ကို အစွမ်းကုန် ကာကွယ်ရမယ်"
ချန်ကုံသည် အလွန် ဒေါသထွက်နေခဲ့လျက် ၁၂ ယောက်မြောက် ညီငယ်ဖြစ်သူ အားကျူး၏ ပခုံးကို တင်းတင်းဆုပ်ကိုင်လိုက်သည်။ ကျူးဟူသည် ဝက်ဟု အဓိပ္ပာယ်ရ၏။
ချန်ကုံမှ ပြောသည်။
"မှတ်ထား၊ မင်းရဲ့ အသက်ကိုပဲ ပေးရပေးရ သမားတော်ကြီးပိုင်ကို ခန်းမအရှင်သခင်ရဲ့ လက်ထဲကို အရောက်ပို့ပေးရမယ်။ မဟုတ်ရင် ငါ သေရင်တောင် အေးချမ်းနိုင်မှာ မဟုတ်ဘူး!"
အားကျူးသည် အော်ဟစ်ငိုယိုတော့သည်။
"အစ်ကို အစ်ကို ကျွန်တော့်ကို တစ်ယောက်တည်း မထားခဲ့ပါနဲ့..."
ထိုအခါ ချန်ကုံသည် ဘာမှထပ်မပြောဘဲ အားကျူး၏ ပခုံးကိုသာ ပုတ်ပေးခဲ့သည်။
အမှန်စင်စစ်တွင် ချန်ကုံမှာ လူကောင်းတစ်ယောက် မဟုတ်ခဲ့ပေ။ သူသည် လမ်းဘေးလူမိုက်တစ်ဦးဖြစ်ခဲ့ဖူးပြီး ချန်ကျဲ့ကို ဒုက္ခပေးခဲ့သော၊ ချန်ကျဲ့၏ လက်ချက်ဖြင့် မြစ်ထဲတွင် ရေနစ်သေဆုံးသွားခဲ့သော မာလျို့၏ နောက်လိုက်တစ်ဦး ဖြစ်ခဲ့ဖူးသည်။
သူသည် မာလျို့၏ လက်ပါးစေအဖြစ် ချန်ကျဲ့၏ မိသားစုသို့ ငွေသွားတောင်းခဲ့ဖူးသည်။
မာလျို့ သေဆုံးပြီးနောက်၌ ချန်ကုံသည် အဆင်မပြေဖြစ်နေခဲ့ပြီး ကံကြမ္မာအလှည့်အပြောင်းတစ်ခုတွင် ရှန်းထောင်ရွာရှိ ချန်ကျဲ့၏ သိုင်းသင်ကြားပေးရာဌာနသို့ ရောက်ရှိလာခဲ့ပြီး ဘိုးဘေးကြီးလက်သီးသိုင်းကို သင်ယူခွင့်ရခဲ့သည်။
သို့ဖြင့် သူ့ကိုယ်သူ သိုင်းပညာတွင် ပါရမီရှိကြောင်း မမျှော်လင့်ဘဲ သိရှိခဲ့ရသည်။ နောက်ပိုင်းတွင် ချန်ကျဲ့နှင့် ဆုံတွေ့ခွင့် ရခဲ့သည်။
အဲဒီတုန်းက သူ ဘယ်လိုခံစားခဲ့ရလဲ သိရဲ့လား? သူ အရမ်း စိတ်လှုပ်ရှားနေခဲ့တာ။ အဲဒီအချိန်က ရှန်းထောင်ရွာရဲ့ ချန်ကျဲ့ဆိုတာ နတ်ဘုရားတစ်ပါးလိုပဲ၊ မျန့်ရွှေစီရင်စုရဲ့ ထိပ်တန်းပုဂ္ဂိုလ်တစ်ဦးဖြစ်ခဲ့တာ။ သူ့နောက်ကို လိုက်နိုင်မယ်ဆိုတာ တောက်ပတဲ့ အနာဂတ်ကို ပိုင်ဆိုင်နိုင်မယ်လို့ ဆိုလိုတာပဲ မဟုတ်လား။
ရှောင်ဟူကိုပဲ ကြည့်လေ။ တစ်ချိန်က ခြင်းတောင်းရက်လုပ်ခဲ့တဲ့သူက အခုတော့ သခင်ကြီးဟူဖြစ်နေပြီ။
ချန်အာ့ပါးရဲ့မိသားစုကလည်း ရွာမှာ ပိုင်မိသားစုပြီးရင် ဩဇာအရှိဆုံး မိသားစုဖြစ်နေပြီ။ အဲဒါတွေအားလုံးက ရုတ်ချည်း တက်လှမ်းလာတဲ့ အောင်မြင်မှုတွေပဲ။ ဘယ်သူက မလိုချင်ဘဲ နေပါ့မလဲ။
သို့သော် ချန်ကုံသည် ချန်ကျဲ့နှင့် တွေ့ရမည်ကိုလည်း ကြောက်နေခဲ့သည်။ အကြောင်းမှာ အတိတ်က သူသည် မာလျို့နောက်လိုက်၍ ချန်ကျဲ့ကို ဒုက္ခပေးခဲ့ဖူးသည် မဟုတ်ပါလော။ အကယ်၍ ချန်ကျဲ့သာ ထိုအကြောင်းကို သိသွားခဲ့လျှင် မည်သို့ရလဒ်မျိုး ဖြစ်လာလိမ့်မည်နည်း။
ချန်ကုံသည် စိတ်နှလုံးလေးလံစွာဖြင့် အခြားသူ ၁၁ ဦးနှင့်အတူ ကျားဖြူခန်းမသို့ ဝင်ရောက်ခဲ့ပြီး ချန်ကျိုစစ်နှင့် ဆုံတွေ့ခဲ့သည်။
ထိုခဏ၌ ချန်ကုံသည် မိမိမျက်စိကိုပင် မယုံနိုင်အောင် ဖြစ်ခဲ့ရသည်။ သူမြင်တွေ့နေရသော ချန်ကျိုစစ်မှာ အတိတ်က ချန်ကျိုစစ်နှင့် လုံးဝ ကွာခြားနေခဲ့လေပြီ။ နတ်ဘုရားတစ်ပါးအလား တောက်ပသော အရှိန်အဝါများလည်း ရှိနေခဲ့သည်။
သူ အလွန် ကြောက်ရွံ့ခဲ့သည်။ သူသည် ကျားဖြူခန်းမတွင် သူ၏အရည်အချင်းကို ပြသချင်သည်။ ချန်ကျဲ့၏ ယုံကြည်ရသော ကိုယ်ရံတော် ဖြစ်ချင်သည်။ သို့သော် သူသည် မာလျို့နောက် လိုက်ခဲ့ဖူးသူ ဖြစ်လေရာ ထိုအချက်တစ်ချက်သည်ပင် သူ့အား အရည်အချင်း မပြည့်မီဘဲ ဖြစ်စေနိုင်သည်။
သို့သော် နောက်ပိုင်းတွင် ချန်ကုံသည် သက်တော်စောင့်အဖြစ် ရွေးချယ်ခံခဲ့ရသည်။
ထိုအချိန်က သူသည် တိတ်တဆိတ် သက်ပြင်းချနိုင်သွားခဲ့သည်။
‘ချန်ကျိုစစ်က ငါ့ကို မမှတ်မိတာ သေချာတယ်။ တကယ် ကောင်းတာပဲ’ဟု တွေးခဲ့သည်။
သို့သော် ထိုည၌ သူတို့၏ ခေါင်းဆောင် သခင်ကြီးဖြစ်သည့် ချန်ရှောင်ဟူ ရောက်လာခဲ့သည်။ ချန်ရှောင်ဟူသည် သူ၏ ပခုံးကို ပုတ်၍ ပြောခဲ့သည်။
"ညီနောင် မင်း ဘာမှစိုးရိမ်မနေပါနဲ့။ ခန်းမအရှင်သခင်က ငါ့ကို မင်းဆီ စကားပါးခိုင်းလိုက်တယ်။ အလုပ်ကြိုးစားပါ၊ အတိတ်ကို အတိတ်မှာပဲ ထားခဲ့လိုက်တော့၊ ဒီမှာ ငါတို့အားလုံးက သူ့ရဲ့ ညီနောင်တွေပဲတဲ့!"
ထိုအခိုက်အတန့်တွင် ချန်ကုံ နားလည်သွားခဲ့သည်။ ချန်ကျိုစစ်သည် သူ့ကို မမှတ်မိခြင်း မဟုတ်ဘဲ စိတ်သဘောထားကြီးမားခြင်း ဖြစ်သည်။ ရန်ငြိုးမထားဘဲ ခွင့်လွှတ်ပေးနိုင်သော ထိုကဲ့သို့သော ချန်ကျိုစစ်၏ စိတ်ထားမျိုးကို သူ ဘယ်တော့မှ မမီနိုင်ဟု ခံစားလိုက်ရသည်။
နောက်ပိုင်းတွင် ချန်ကျိုစစ်သည် အမှန်တကယ်ပင် လူတိုင်းကို တန်းတူညီမျှ ဆက်ဆံကြောင်း တွေ့ရှိခဲ့ရပြီး သူ့အား ဂုဏ်သိက္ခာပေးအပ်ခဲ့သော ဤနေရာလေးကို ချန်ကုံသည် ပို၍ ချစ်မြတ်နိုးလာခဲ့သည်။
ချန်ကျိုစစ်သည် သူ့အပေါ် ယုံကြည်မှု ပေးအပ်ခဲ့သည်။ ချန်ကျိုစစ်သည် သူ့အား ပုံသွင်းပြင်ဆင်ရနိုင်သည့် အရည်အချင်းရှိသူတစ်ယောက်ဟု သတ်မှတ်ခဲ့သည့်အတွက် 'ဝမ့်စန်း'ဟု အမည်ရသည့် သူသည် 'ချန်ကုံ'အဖြစ်ဖြင့် ဒီနေ့လည်း ချန်ကျိုစစ်ကို စိတ်ပျက်စေလိမ့်မည် မဟုတ်ပေ။
ချန်ကုံ ဓားအိမ်မှ ဓားကို ဆွဲထုတ်လိုက်သည်။
"သတ်!"
ချန်ကုံသည် ဟစ်ကြွေးလိုက်ပြီးနောက် သူ၏ မျက်လုံးများမှာ သွေးရောင်လွှမ်းလျက် ကုချင်းဖုန်းဆီသို့ တစ်ဟုန်ထိုး ချီတက်တိုးဝင်သွားခဲ့သည်။
ထိုစဉ် ကုချင်းဖုန်းက သူ၏ နောက်ဆုံး တိုက်ကွက်ကို ထုတ်သုံးလိုက်သည်။
ဝှစ်... ဝှစ်... ဝှစ်…
မရေမတွက်နိုင်သော မြားတိုများ သူတို့ထံ ပျံသန်းလာခဲ့သည်။
မြားတိုတစ်စင်းသည် ချန်ကု၏ ရင်ဘတ်တည့်တည့်သို့ စိုက်ဝင်သွား၏။ ချန်ကုံသည် မကျေချမ်းစွာဖြင့် လဲကျသွားရသည်။
တကယ့်ကို သူရဲကောင်း လုပ်ချင်တာက အလကားပဲ အဟွတ် အဟွတ်... ငါက ဒီတိုင်း နံရံမှာ ကပ်လို့မရတဲ့ ရွှံ့တုံးတစ်တုံးပဲလေ။
ချန်ကုံ မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။
ထိုအချိန်၌ နောက်ဆုံးတွင်တော့ ကျန်သက်တော်စောင့်များသည် ကုချင်းဖုန်းအနားသို့ ရောက်ရှိသွားကြသည်။
သို့သော် ယခုတွင် ကုချင်းဖုန်း၏ ဘေး၌ လူငါးဦးသာ ကျန်ရှိတော့သည်။
ဒေါသအကြီးဆုံးဖြစ်သော ချန်ဟူကမူ သူ၏ ဒေါသကို ဆက်မထိန်းနိုင်တော့ပေ။ ချန်ဟူသည် သူ၏ ခန္ဓာကိုယ်၊ ပခုံးနှင့် ခြေထောက်တို့တွင် စိုက်ဝင်နေသော မြားတိုများကို ဂရုမစိုက်တော့ဘဲ သူ၏ ဓားကြီးကို လွှဲရမ်း ခုတ်ပိုင်းလိုက်သည်။
"ကုချင်းဖုန်း... သေလိုက်တော့!"
"အားဟူ... သတိထား!"
ကုချင်းဖုန်းသည် သူ့ကို တိုက်ခိုက်လာသည့် ချန်ဟူကို ကြည့်ကာ အေးစက်စက် ပြုံးလိုက်သည်။
"ဟက် မင်းတို့က ငါ့ကို အနီးကပ် တိုက်ခိုက်နိုင်စွမ်းမရှိဘူးလို့ ထင်နေတာလား"
ဝှစ်!
ကုချင်းဖုန်းသည် သူ၏ အင်္ကျီလက်အတွင်းမှ ဓားမြှောင်တိုတစ်လက်ကို လျင်မြန်စွာ ထုတ်ယူပြီး လှုပ်ရှားလိုက်ရာ သွေးညှီနံ့နှင့်အတူ ရှောင်ဟူ၏ လည်ပင်းမှ သွေးစိမ်းရှင်ရှင်များ ပန်းထွက်လာတော့သည်။
အာ့ အာ့…
ရှောင်ဟု၏ မျက်လုံးများ ပြူးကျယ်သွားပြီးနောက် "ဘုန်း" ခနဲ အသံနှင့်အတူ မြေပြင်ပေါ်သို့ လဲကျသွား၏။
"အားဟူ!"
ချန်ရှူနှင့် အခြားသူများသည် ရူးသွပ်မတတ် အော်ဟစ်လိုက်ကြသည်။ ကုချင်းဖုန်း၏ လက်ထဲမှ ဓားမြှောင်တိုမှာမူ လိပ်ပြာတစ်ကောင်ကဲ့သို့ လျင်မြန်ဖျတ်လတ်စွာ ပျံဝဲနေခဲ့ရာ မြင်တွေ့ရသူကို အမြင်ထွေပြားစေသည်အထိပင်။
"ငါ့ရဲ့ တစ္ဆေလက်ဆိုတဲ့နာမည်က မြားတိုပစ်ရုံပဲ မဟုတ်ဘူးကွ"
ကုချင်းဖုန်းမှ လှောင်ပြုံးရင်းဖြင့် ပြောသည်။
"စွမ်းအင်ပြောင်းလဲခြင်းအဆင့် သိုင်းပညာရှင်တစ်ယောက်မှာ ဒီလောက်ကြီးမားတဲ့ အားနည်းချက်ကြီးနေရှိမယ်လို့ မင်းတို့ တကယ်ကြီး ထင်နေတာလား? ငါ့ကို အနီးကပ် မတိုက်ခိုက်နိုင်ဘူးလို့ မင်းတို့ တကယ်ကြီး ယုံကြည်နေတာတော့ မဟုတ်ပါဘူးနော်?”
ထိုအခိုက်အတန့်၌ ချန်ရှူသည် လုံးလုံးလျားလျား စိတ်ပျက်အားငယ်သွားခဲ့သည်။ အမှန်တကယ်ပင် အရေအတွက်သည် ကျင့်ကြံဆင့်ကွာခြားမှုကို မဖြည့်ဆည်းနိုင်ပါချေ။ စွမ်းအင်ပြောင်းလဲခြင်းအဆင့်ရှိသူကို နွဲ့ပျောင်းအရွတ်အဆင့်ရှိသူများသည် မည်သို့မျှ ယှဉ်နိုင်စွမ်းမရှိပါချေ။
တကယ်တော့ သူ မှားယွင်းစွာ တွေးမိခြင်း ဖြစ်သည်။ အရေအတွက်ဖြင့် ကျင့်ကြံဆင့်ကွာခြားမှုကို ဖြည့်ဆည်းနိုင်သော်လည်း ယခုထက် ပိုမိုများပြားသော လူအင်အားကို လိုအပ်သည်။ ဆယ့်နှစ်ယောက်မှာ ကျိန်းသေပေါက် မလုံလောက်ပါချေ။
ကုချင်းဖုန်းမှ လှောင်ပြောင်ကျီစယ်ဟန်သော အပြုံးဖြင့် ပြောသည်။
"ဒီလောက်ဆို လုံလောက်ပြီ။ မင်းတို့အားလုံး သေချိန်တန်ပြီ"
ဝှစ်!
ကုချင်းဖုန်းသည် လျင်မြန်စွာ လှုပ်ရှားလိုက်ပြီးနောက် ချန်နျို၏ နောက်ကျောသို့ ချက်ချင်း ရောက်သွားသည်။ ချန်နျိုက ဓားဖြင့် ပြန်ခုတ်ရန် ပြင်သော်လည်း သူ၏ ရင်ဘတ်မှာ ဓားဖြင့် ထိုးဖောက်ခြင်း ခံလိုက်ရသဖြင့် မျက်လုံးများ ပြူးထွက်သွားပြီး သူ၏ နှလုံးအိမ်မှာ နှစ်ချက်ဆင့် ထိုးနှက်ခံလိုက်ရသည်။
ဝှစ်!
ထို့နောက် ကုချင်းဖုန်းသည် ချန်လုံ အနားသို့ ရောက်သွားပြန်သည်။ ချန်လုံမှာ တုံ့ပြန်ချိန်ပင် မရလိုက်ဘဲ လည်ပင်းကို ဓားဖြင့် ထိုးဖောက်ခံလိုက်ရသည်။
ထို့နောက်တွင် ချန်မာနှင့် ချန်ယန်တို့ကိုလည်း ဟင်းသီးဟင်းရွက် လှီးဖြတ်သည့်အလား အလွယ်တကူ သုတ်သင်လိုက်လေသည်။
ဝှစ်!
နောက်ဆုံးတွင် ကုချင်းဖုန်းသည် ချန်ရှူအနားသို့ ချဉ်းကပ်လာသည်။ ကုချင်းဖုန်းသည် ဓားမြှောင်ကို ကျွမ်းကျင်စွာ လှည့်လိုက်ပြီး ချန်ရှူ၏ အရွတ်များကို ဖြတ်တောက်ပစ်လိုက်သည်။ ထို့နောက် ချန်ရှူ၏ ခေါင်းကို ဆွဲကိုင်ကာ သူ၏နောက်သို့ လှည့်သွားခဲ့ပြီး ဓားကို လည်ပင်းတွင် တေ့လျက် တိုးတိုးလေး ကပ်ပြောလိုက်သည်။
"မင်းတို့အားလုံးက အမှိုက်ကောင်တွေပဲ၊ ဘာမှ ပြောင်းလဲမှာ မဟုတ်ဘူး။ ဒီလောကကြီးကိုသာ နှုတ်ဆက်လိုက်ပါတော့!"
"အင့်... ကုချင်းဖုန်း၊ မင်း သိပ်ကျေနပ်မနေနဲ့ဦး၊ ခန်းမအရှင်သခင်ချန်က ငါတို့အတွက် လက်စားချေပေးလိမ့်မယ်!"
"ဟက် ဟုတ်လား? ဒါပေမဲ့ သူက ဘယ်မှာလဲ"
ကုချင်းဖုန်းသည် အထင်မြင်သေးစွာ ပြုံးလိုက်ပြီးနောက် ချန်ရှူ၏လည်ပင်းကို ဓားဖြင့် ဖြည်းဖြည်းချင်း လှီးဖြတ်သည်။
ချန်ရှူသည် သူ၏ အသက်ဝိညာဉ် တဖြည်းဖြည်း လွင့်ပါးသွားသည်ကို ခံစားမိနေခဲ့သည်။
ခန်းမအရှင်သခင်ချန် ကျွန်တော် တောင်းပန်ပါတယ်။ ခန်းမအရှင်သခင် ပေးအပ်လိုက်တဲ့ တာဝန်ကို ကျွန်တော် မပြီးမြောက်နိုင်ခဲ့ဘူး…
ကုချင်းဖုန်းသည် သူ၏ ဓားမြှောင်ပေါ်မှ သွေးစများကို ခါပစ်လိုက်ပြီး ပိုင်ဝမ့်ကျင်းထံသို့ ဖြည်းဖြည်းချင်း လမ်းလျှောက်လာသည်။
"သမားတော်ပိုင် အခု ခင်ဗျား အလှည့်ပဲ!"
ချွင်!
အသက် ၁၇ နှစ်အရွယ် အားကျူးသည် သူ၏ ဓားကို ဓားအိမ်မှ ဆွဲထုတ်လိုက်သည်။
"အဲဒီမှာ ရပ်နေ၊ ရှေ့ကို တိုးမလာနဲ့!"
ကုချင်းဖုန်းသည် အားကျူး၏ နုနယ်သော အသွင်အပြင်ကို ကြည့်လိုက်ပြီး ပြောသည်။
"မင်းက ငါ့ကို တားနိုင်မယ်ထင်လို့လား?"
"ကျွန်တော်... ကျွန်တော် တားနိုင်ပါတယ်!"
ပိုင်ဝမ့်ကျင်းမှ သက်ပြင်းချလိုက်ပြီး ပြောသည်။
"ကလေး... မင်း ထွက်သွားတော့"
ထို့နောက် ပိုင်ဝမ့်ကျင်းသည် ရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီး ပြောသည်။
"ကုချင်းဖုန်း၊ ငါ့ကို သတ်လိုက်ပါ၊ ဒီကလေးကိုတော့ လွှတ်ပေးလိုက်ပါ"
"အား မဟုတ်ဘူး၊ သမားတော်ကြီး... ကျွန်တော် သမားတော်ကြီးကို ကာကွယ်နိုင်ပါတယ်။ ကုချင်းဖုန်း ခင်ဗျား သမားတော်ကြီးကို သတ်ချင်ရင် ကျုပ်ရဲ့ အလောင်းကို အရင် ကျော်သွားမှ ရမယ်!"
"ဟားဟား... ကြည့်စမ်းပါဦး သမားတော်ပိုင်၊ ခင်ဗျားရဲ့တပည့်က ကျေးဇူးမသိတတ်လိုက်တာ။ ဒီလိုဆိုမှတော့ အတူတူ သေလိုက်ကြပေါ့!"
ကုချင်းဖုန်း တိုက်ခိုက်ရန် ပြင်လိုက်စဉ်တွင် တစ်စုံတစ်ယောက်က သူ၏ ခြေထောက်ကို ဖမ်းကိုင်လိုက်သည်ကို ရုတ်တရက် ခံစားလိုက်ရသည်။
ငုံ့ကြည့်လိုက်ရာ မြားတိုထိမှန်ထားသော ချန်ကုံသည် မသေသေးဘဲ ကုချင်းဖုန်း၏ ခြေထောက်ကို တင်းတင်းကျပ်ကျပ် ဖမ်းကိုင်ထားသည်ကို တွေ့လိုက်ရသည်။ ချန်ကုံသည် အားကျူးကို မော့ကြည့်လျက် ပြောသည်။
"ပြေး... အမြန်ပြေးတော့!"
ကုချင်းဖုန်းသည် အောက်သို့ စိုက်ကြည့်လိုက်ရင်း မျက်လုံးများ အေးစက်သွား၏။
"လွှတ်စမ်း!"
ချန်ကုံသည် ဘာမှပြန်မပြောဘဲ ကုချင်းဖုန်း၏ ခြေထောက်ကို ပို၍ တင်းကျပ်စွာ ဖမ်းကိုင်ထားလိုက်သည်။ ထိုအခါ ကုချင်းဖုန်းသည် မျက်မှောင်ကြုတ်လိုက်ပြီး ဓားမြှောင်ကို မြှောက်လိုက်သည်။ သို့သော် ထိုအခိုက်အတန့်၌ အဝေးမှ မြင်းခွာသံများ တစ်ရှိန်ထိုး နီးကပ်လာသံကို ကြားလိုက်ရသည်။
ဒေါက် ဒေါက် ဒေါက်…
အနက်ရောင်ဝဲဂယက်ကဲ့သို့သော မြင်းကြီးတစ်စီးသည် သူတို့ဆီသို့ ရူးသွပ်နေသည့်အလား ဒုန်းစိုင်းပြေးလာသည်ကို မြင်လိုက်ရ၏။
အားလုံး ခေါင်းမော့ကြည့်လိုက်ကြသည်။
အားကျူး၏ မျက်လုံးများ တောက်ပသွား၏။ "ခန်းမအရှင်သခင် ခန်းမအရှင်သခင် ရောက်လာပြီ!"
ပိုင်ဝမ့်ကျင်းလည်း ဝမ်းသာသွား၏။
"ကျိုစစ်… နောက်ဆုံးတော့ ကျိုစစ် ရောက်လာပြီပဲ"
သို့သော် ကုချင်းဖုန်းသည်တော့ မျက်နှာပျက်ယွင်းသွားပြီး သူ၏ မျက်လုံးထဲတွင် ကြောက်ရွံ့မှု အရိပ်အယောင်များ ဖြတ်သန်းသွားခဲ့သည်။ "သူ... သူက ဘယ်လိုလုပ်ပြီး ဒီကို ရောက်လာရတာလဲ!"