← Chapters

အခန်း (၅၁၆)

Vol. 41 Ch. 516

အခန်း (၅၁၆)

Vol. 41 Ch. 516

ချန်ကျိုစစ်

ကုချင်းဖုန်း၏ မျက်နှာအမူအရာမှာ ရုတ်ခြည်း ပျက်ယွင်းသွားတော့သည်။

သူက ဘယ်လိုလုပ် ဒီကို ရောက်နေတာလဲ ငါ ချုံခိုတိုက်ခိုက်မယ့်နေရာကို ပြောင်းလိုက်တာကို သူက ဘယ်လိုလုပ်ပြီး ဒီလောက် မြန်မြန် ရောက်လာရတာလဲ

ထိုသို့တွေးတောရင်း ကုချင်းဖုန်း မျက်မှောင်ကြုတ်လိုက်သည်။

ကုချင်းဖုန်းသည် သူ၏ ခြေထောက်ကို အသည်းအသန် ဖမ်းဆုပ်ထားသော ချန်ကုံကို ငုံ့ကြည့်လိုက်ပြီး အော်လိုက်သည်။

"လွှတ်စမ်း"

ထိုအခါ ချန်ကုံသည် သွေးများဖြင့် ရွှဲနစ်နေသော မျက်နှာဖြင့် မော့ကြည့်လာရင်း ရယ်မောလေသည်။

"ဟားဟားဟား ခန်းမအရှင်သခင် ရောက်လာပြီ၊ ခန်းမအရှင်သခင် ရောက်လာပြီ ဟားဟားဟား..."

"လွှတ်စမ်း"

ကုချင်းဖုန်းမှ ထပ်မံ အော်ဟစ်သော်လည်း ချန်ကုံသည် အလျှော့မပေးပေ။ သူ၏ ညီနောင်များ အသက်ပေးဆပ်ခဲ့ရခြင်းသည် အလဟဿ မဖြစ်တော့ဘဲ ခန်းမအရှင်သခင်ကို အခြေအနေအရပ်ရပ်အား ရှင်းပြနိုင်တော့မည်ဖြစ်သဖြင့် ကျေနပ်အားရစွာ ပြုံးရယ်နေခဲ့သည်။

ဒေါက် ဒေါက် ဒေါက်…

ချန်ကျဲ့၏ ပုံရိပ်သည် တစ်စတစ်စ ပိုမိုနီးကပ်လာပြီး မြေပြင်ထက်မှ မြင်းခွာသံများသည်လည်း ပိုမိုရှင်းလင်းပြတ်သားလာသည်။ ၎င်းမြင်းခွာသံများကို ကြားရသည်တွင် ကုချင်းဖုန်း၏ မျက်နှာအမူအရာသည် ပို၍ ဆိုးဆိုးရွားရွားပျက်ယွင်းသွား၏။ ထိုမြင်းခွာသံ တစ်ချက်ချင်းစီမှာ သူ့အတွက် သေမင်းတမန် ခေါင်းလောင်းသံများအလားပင်။

ဒုတ် ဒုတ် ဒုတ်…

ကုချင်းဖုန်းသည် မျက်လုံးများကို မှေးကျုံ့လိုက်ပြီးနောက် သူ၏ လက်ထဲရှိ ဓားမြှောင်ဖြင့် ချန်ကုံကို ထိုးစိုက်ပစ်လိုက်သည်။

"သေလိုက်တော့"

သို့သော် ထိုစဉ်၌ အရှိန်အဝါကြီးလှစွာသော ဟိန်းဟောက်သံကြီးတစ်သံကို ရုတ်တရက် ကြားလိုက်ရသည်။

"အတင့်ရဲလိုက်တာ"

ဝှစ်

ထို့နောက်တွင် အလွန်အရှိန်ပြင်းစွာသော လေခွင်းသံနှင့်အတူ အနီရောင်ပန်းပွားတပ် လှံတစ်စင်းသည် ကုချင်းဖုန်းဆီသို့ တည့်တည့် ဝဲပျံလာခဲ့သည်။

လှံဖျားမှ ထွက်ပေါ်လာသော ကြောက်ခမန်းလိလိ စွမ်းအင်ကို ခံစားမိလိုက်သဖြင့် ကုချင်းဖုန်း ခေါင်းမော့ကြည့်လိုက်သည်။ ထိုအခါ အနီရောင်ပန်းပွားလှံမှာ အဝေးပစ်လက်နက်တစ်ခုကဲ့သို့ သူ့ထံ အရှိန်ပြင်းစွာ ဦးတည်လာနေသည်ကို တွေ့လိုက်ရသည်။

လှံသည် လေထုကို အရှိန်ပြင်းစွာ ဖြိုခွင်းလာခဲ့သည်မှာ တစ်ဂျစ်ဂျစ်သော အက်ကွဲသံများပင် ထွက်ပေါ်နေခဲ့သည်။ ဂျစ် ဂျစ် ဂျစ်…

ကုချင်းဖုန်းမှာ ထိတ်လန့်တုန်လှုပ်သွားရသည်။ ထိုလှံသည် အလွန်တရာ မြန်ဆန်လွန်း၏။ သို့ဖြင့် ကုချင်းဖုန်းသည် ချက်ချင်း သတိကပ်လိုက်ပြီး သူ၏ အတွင်းအားကို အလုံးစုံ ထုတ်သုံးပြီး ချန်ကုံကို ကန်ထုတ်၍ ရှောင်တိမ်းလိုက်သည်။

သူသည် ကနဦးတွင် ပြုမူနေခဲ့သကဲ့သို့ ပေါ့ပေါ့ပါးပါးသော စိတ်အခြေအနေမျိုးဖြင့် မနေနိုင်တော့ပါချေ။

ခုနက ကုချင်းဖုန်းသည် အမှန်တကယ်ပင် ပေါ့ပေါ့တန်တန် သဘောထားခဲ့ခြင်း ဖြစ်သည်။ စွမ်းအင်ပြောင်းလဲခြင်းအဆင့်ရှိသူတစ်ဦးအနေဖြင့် နွဲ့ပျောင်းအရွတ်အဆင့်ရှိသော လူတစ်အုပ်ကို ရင်ဆိုင်ရာတွင် အလေးအနက်ထားရန် မလိုအပ်သည် မဟုတ်ပါလော။

၎င်းမှာ ကြောင်က ကြွက်ကို ကစားနေသကဲ့သို့ သူ အလိုရှိသလို ကစားနိုင်ပေသည်။

သို့သော် ယခုတွင်မူ အခြေအနေပြောင်းလဲသွားခဲ့လေပြီ။ ချန်ကျိုစစ်သည် ဤမျှမြန်မြန် ရောက်လာလိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။ သူတို့ အချင်းချင်း သိကျွမ်းလာခဲ့သည်မှာ ကြာမြင့်ပြီဖြစ်သောကြောင့် ကုချင်းဖုန်းသည် ချန်ကျိုစစ်မှာ သာမန်လူတစ်ယောက် မဟုတ်ကြောင်းနှင့် ချန်ကျိုစစ်၏ ကြောက်မက်ဖွယ်ကောင်းမှုတို့ကို ကောင်းကောင်း သိထားပေသည်။

လွန်ခဲ့သော တစ်နှစ်က ချန်ကျိုစစ်သည် ရှန်းထောင်ရွာမှ လူမသိသူမသိ လက်ပါးစေလေးတစ်ဦးသာ ဖြစ်ခဲ့သည်။ ထို့နောက် ရွာအကြီးအကဲရာထူးအတွက် ယှဉ်ပြိုင်ရာတွင် ယွီပင်းကို သတ်ဖြတ်ခဲ့သည်။

ထိုအချိန်က ကုချင်းဖုန်းသည် ချန်ကျိုစစ်ကို သိရှိခဲ့သော်ငြား သူ့အတွေးထဲ ထည့်သွင်းစဉ်းစားရန်ပင် မလိုသော လူငယ်လေးတစ်ဦးအဖြစ်သာ မှတ်ယူခဲ့သည်။

သို့သော် မျန့်ရွှေစီရင်စုသို့ ရောက်ရှိလာပြီးချိန်တွင် ထိုချန်ကျိုစစ်သည် သိုင်းလောက၏ လှည့်ကွက်များကို အသုံးပြုထားသည့်အလား မယုံကြည်နိုင်လောက်အောင်သော အရှိန်အဟုန်ဖြင့် အမြင့်သို့တက်လှမ်းလာလိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။ အမည်ခံ ကျားဖြူခန်းမ၏ ကြီးကြပ်ရေးမှူးဘဝမှသည် ဖန်းရှစ်ကျုံး၏ အလွန်အမင်း ယုံကြည်အားကိုးခြင်းခံရသော ခန်းမအရှင်သခင်ငယ် ဖြစ်လာခဲ့သည်။ အချိန်ခဏကြာမြင့်ပြီးနောက်တွင်မူ ဖန်းရှစ်ကျုံး၏ရာထူးကိုပင် အစားထိုးနိုင်ခဲ့ကာ ကျားဖြူခန်းမ၏ ခန်းမအရှင်သခင်ဖြစ်လာခဲ့ပြီး သူနှင့် တန်းတူအဆင့်အတန်းသို့ ရောက်ရှိလာခဲ့သည်။

ထို့ပြင် လွန်ခဲ့သော ခြောက်လအတွင်း၌ ကျားဖြူခန်းမအတွင်း သူ၏ ဩဇာအာဏာမှာ တစ်ဟုန်ထိုး မြင့်တက်လာခဲ့ပြီး ချန်ကျိုစစ်၏ အနေအထားမှာ သူ့ထက်ပင် သာလွန်သွားကာ နန်ပါးထျန်းနှင့် လျိုလောင်ကွေ့တို့ပြီးလျှင် တတိယမြောက် အာဏာအရှိဆုံးသူ ဖြစ်လာခဲ့သည်။

၎င်းမှာ မည်သို့မျှ မယုံကြည်နိုင်စရာကောင်းလေရာ ကုချင်းဖုန်းသည် မနာလို ဖြစ်မိခဲ့သည်။

သို့သော် ဤကဲ့သို့သောလူမျိုးတွင် ကြောက်မက်ဖွယ်ကောင်းသည့် တစ်စုံတစ်ရာရှိလိမ့်မည်ကိုလည်း သူ သိသည်။

ယခုတွင် သူသည် ချန်ကျိုစစ်၏ လူအများအပြားကို သတ်ဖြတ်ခဲ့သည်ဖြစ်ရာ ပြန်လည်စေ့စပ်ရန်မှာ မဖြစ်နိုင်တော့ပေ။ သူ၏ တစ်ခုတည်းသော ရွေးချယ်မှုမှာ ထွက်ပြေးရန်ပင်။ သို့သော် တိုက်ရိုက် ထွက်ပြေးရန်မှာလည်း မလွယ်ကူသဖြင့် ဓားစာခံတစ်ဦးကို ဖမ်းဆီး၍ ချန်ကျိုစစ်ကို ခြိမ်းခြောက်ရန် ဆုံးဖြတ်လိုက်သည်။

ထိုသို့အတွေးဖြင့် ကုချင်းဖုန်းသည် ချန်ကုံကို ကန်ထုတ်လိုက်ပြီး ချန်ကျဲ့ ပစ်လွှတ်လိုက်သော လှံကို ရှောင်တိမ်းလိုက်သည်။

ထို့နောက် ပိုင်ဝမ့်ကျင်းဆီသို့ တည့်တည့် ပြေးဝင်သွားလိုက်သည်။

လက်ရှိအခြေအနေအရ ပိုင်ဝမ့်ကျင်းကို ဓားစာခံအဖြစ် အသုံးပြု၍သာလျှင် ချန်ကျိုစစ်ကို ခြိမ်းခြောက်နိုင်မည် ဖြစ်သည်။ ထိုသို့တွေးကာ ကုချင်းဖုန်းသည် ပိုင်ဝမ့်ကျင်းကို ဖမ်းရန် လက်လှမ်းလိုက်သည်။

အားကျူးသည် ထိတ်လန့်သွားပြီး ဓားဖြင့် ခုတ်ရန် ပြင်သော်လည်း ကုချင်းဖုန်းက သူ့ကို ဂရုမစိုက်ဘဲ ရှောင်တိမ်းလိုက်ပြီး ပိုင်ဝမ့်ကျင်းကိုသာ တိုက်ရိုက် ဖမ်းဆီးရန် ပြင်လိုက်သည်။

ပိုင်ဝမ့်ကျင်းသည် သူ့ဆီသို့ တိုးဝင်လာသော လက်သည်းတိုက်ကွက်ကို မြင်သော်လည်း ရှောင်တိမ်းရန် အချိန်မမီတော့ပေ။

သို့သော် ထိုခဏ၌ ဒေါသတကြီး ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာသည်။

"ကုချင်းဖုန်း ကျုပ် ခင်ဗျားကို အသေသတ်မယ်"

မီတာ ဒါဇင်ပေါင်းများစွာ ဝေးကွာသည့်နေရာမှ ထွက်ပေါ်လာသည့် အသံသည့် နောက်တဒင်္ဂ၌ ကုချင်းဖုန်း၏ နောက်ကျောသို့ ရောက်ရှိလာသည်။ ထို့နောက် မိုးကြိုးလျှပ်စီးများ ဖြာထွက်လာခြင်းကဲ့သို့သော အသံကို သူ ကြားလိုက်ရသည်။ နောက်လှည့်ကြည့်လိုက်သောအခါ ချန်ကျဲ့၏ လက်ဝါးမှာ သူ့ထံ ကျရောက်နေပြီ ဖြစ်သည်။

၎င်းလက်ဝါးသည် သူ၏ နောက်ကျောနှင့် တစ်မီတာမျှသာ ကွာဝေးတော့သည်။

"ဒါက"

ကုချင်းဖုန်းသည် ထိတ်လန့်တကြားဖြင့် မျက်လုံးများ ပြူးထွက်သွား၏။

ဘယ်လိုလုပ်ပြီး ဒီလောက်မြန်ရတာလဲ ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ

မီတာ ဒါဇင်ပေါင်းများစွာ ဝေးကွာသည့် အကွာအဝေးကို ချန်ကျဲ့သည် မျက်စိတစ်မှိတ်အတွင်း အဘယ်သို့ရောက်လာခဲ့ကြောင်း ကုချင်းဖုန်း နားမလည်နိုင်တော့ပေ။

သို့သော် ယခုအချိန်၌ အမြန် မခုခံပါက ချန်ကျိုစစ်၏ လက်ဝါးချက်ဖြင့် ကျိန်းသေပေါက် အသက်ပါသွားလိမ့်မည်ကို ကုချင်းဖုန်း ကောင်းကောင်းသိသည်။

အခြားရွေးချယ်စရာ မရှိသဖြင့် ကုချင်းဖုန်းသည် ပိုင်ဝမ့်ကျင်းကို ဖမ်းရန် လက်လျှော့လိုက်ပြီး ချန်ကျိုစစ်၏ လက်ဝါးရိုက်ချက်ကို သူ၏လက်ဝါးရိုက်ချက်ဖြင့် ပြန်လည် တုံ့ပြန်လိုက်ရသည်။

ဘုန်း

သူ၏ ညာဘက်လက်မောင်းတွင် ကြီးမားသော အင်အားကြီးတစ်ခု ရိုက်ခတ်သွားသည်ကို ကုချင်းဖုန်း ခံစားလိုက်ရသည်။ ဂျွတ်ခနဲ အသံနှင့်အတူ ကုချင်းဖုန်းမှာ နောက်သို့ လွင့်ထွက်သွားခဲ့သည်။

ကုချင်းဖုန်းသည် မြေပြင်ပေါ်တွင် ခြေလှမ်း ငါးလှမ်း၊ခြောက်လှမ်းခန့် လျှောတိုက်သွားပြီးမှ ရပ်တန့်သွားခဲ့သည်။

ထို့နောက် သတ်ဖြတ်လိုခြင်းအငွေ့အသက်များ ဖုံးလွှမ်းနေသည့် ချန်ကျိုစစ်ကို မြင်လိုက်ရသည်။

ချန်ကျိုစစ်သည် ကုချင်းဖုန်းကို ဒေါသတကြီး စိုက်ကြည့်နေ၏။ ကျားသက်တော်စောင့်ဆယ့်နှစ်ဦးနှင့် ကျားဖြူခန်းမ အစောင့်အရှောက်တပ်သားများစွာကို ဆုံးရှုံးရခြင်းနှင့် ထိခိုက်ဒဏ်ရာရရှိမှုများမှာ ချန်ကျဲ့၏ အမျက်ဒေါသကို အထွတ်အထိပ်သို့ တွန်းပို့လိုက်ပြီဖြစ်သည်။

အထူးသဖြင့် ခုနက ချန်ကုံသည် ကုချင်းဖုန်းမှ ပိုင်ဝမ့်ကျင်းကို သတ်မည်စိုးသောကြောင့် မိမိအသက်ကိုပင် ပဓာနမထားဘဲ ကုချင်းဖုန်း၏ ခြေထောက်ကို ဖမ်းကိုင်ထားသည့်မြင်ကွင်းကို မြင်လိုက်ရချိန်တွင် ချန်ကျဲ့ အရာအားလုံးကို နားလည်သွားခဲ့သည်။

ဤညီနောင်များသည် သူ ရောက်လာမည့်အချိန်ကို သူတို့၏ အသက်များဖြင့် ရင်း၍ စောင့်ဆိုင်းနေခဲ့ကြခြင်း ဖြစ်သည်။

သူတို့သည် သူတို့၏သခင်ကို အသက်ပေး၍ ကာကွယ်ခဲ့ကြခြင်း ဖြစ်လေသည်။

ထိုသို့တွေးတောရင်း ချန်ကျဲ့ ကုချင်းဖုန်းကို စိုက်ကြည့်လိုက်သည်။

"ခင်ဗျား သေကိုသေရမယ်"

ကုချင်းဖုန်းသည် ရုတ်ချည်း ခြေလှမ်း ငါးလှမ်း၊ခြောက်လှမ်းခန့် နောက်ဆုတ်လိုက်ပြီးမှ ရပ်တန့်သွားခဲ့သည်။ ကုချင်းဖုန်းသည် မျက်နှာတွင် အမူအရာကင်းမဲ့နေသော်ငြား စိတ်ထဲတွင်မူ တုန်လှုပ်ချောက်ချားနေပေသည်။

ချန်ကျိုစစ်ရဲ့ အတွင်းအားက ငါ့ရဲ့ အတွင်းအားထက် သာလွန်နေတာပဲ။ ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ

ချန်ကျိုစစ်သည် အတွင်းအားကျင့်ကြံနေသည်မှာ နှစ်အနည်းငယ်သာ ကြာမြင့်သေးသော်ငြား ကုချင်းဖုန်းကိုယ်တိုင်မှာမူ လက်ရှိအဆင့်သို့ ရောက်ရှိရန်အတွက် နှစ်ပေါင်း ၃၀ တိုင်တိုင် ပင်ပင်ပန်းပန်း ကျင့်ကြံခဲ့ရခြင်း ဖြစ်သည်။

လက်ဝါးရိုက်ချက်ချင်း ယှဉ်လိုက်ရုံနဲ့ ငါက ဒီလောက်အထိ ဖိနှိပ်ခံလိုက်ရတယ်တဲ့လား.. ဒါဘယ်လိုဖြစ်နိုင်မှာလဲ

ထိုသို့တွေးမိသည်တွင် ကုချင်းဖုန်း၏ မျက်နှာထက်၌ ကြောက်ရွံ့မှုအရိပ်အယောင်များ ဖြတ်သန်းသွားတော့သည်။

ချန်ကျဲ့သည် ဓားကို ဆွဲထုတ်ကာ တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားသော အားကျူးကို ကြည့်၍ ပြောလိုက်သည်။

“အားကျူး ဆရာ့ကို ကာကွယ်ထားပြီး ချန်ကုံရဲ့ ဒဏ်ရာတွေကို သွားကြည့်လိုက်ပါ။ ကျန်တဲ့ ညီနောင်တွေထဲမှာ အသက်ရှင်နေတဲ့သူ ရှိသေးလားဆိုတာလည်း သေချာစစ်ဆေးပေးပါဦး"

All Chapters