← Chapters

အခန်း (၅၁၇)

Vol. 41 Ch. 517

အခန်း (၅၁၇)

Vol. 41 Ch. 517

ထိုအခါ အားကျူးမှ ပြောသည်။

"ဟုတ်ကဲ့"

သမားတော်ပိုင်သည်လည်း ဘာမှမပြောဘဲ တိတ်ဆိတ်စွာ နောက်ဆုတ်လိုက်ပြီး ဒဏ်ရာရသူများကို စတင်ကုသပေးသည်။ ကျိုစစ်သည် သေဆုံးသွားသူများအတွက် တရားမျှတမှုကို ကျိန်းသေပေါက် ရှာဖွေပေးလိမ့်မည်ဖြစ်ကြောင်း သမားတော်ပိုင် ကောင်းကောင်းသိပါသည်။

ချန်ကျဲ့သည် ကုချင်းဖုန်းကို စိုက်ကြည့်လျက် ပြော၏။

"ကုချင်းဖုန်း ခင်ဗျား သေကိုသေရမယ်"

ထိုအချိန်၌ ကုချင်းဖုန်းသည်လည်း သူ၏ တည်ငြိမ်မှုကို ပြန်လည်ရရှိသွားပြီဖြစ်သည်။ ကုချင်းဖုန်းသည် သူ၏ ညာဘက်လက်တွင် ဓားမြှောင်ကို တိတ်တဆိတ် ဆုပ်ကိုင်ထားရင်း ချန်ကျဲ့ကို ပြောသည်။

"ချန်ကျိုစစ် ဒီနေ့ကိစ္စက နားလည်မှုလွဲတာပါ။ ငါလည်း အထက်က အမိန့်အရ လုပ်ရတာပါ။ ငါတို့ရဲ့ ဆက်ဆံရေးကို မထိခိုက်ပါစေနဲ့၊ ငါ့ကို သွားခွင့်ပြုပါ"

"သွားခွင့်ပြုရမယ် ခင်ဗျားက ကိုယ့်ကိုယ်ကိုယ် ဒီကနေ ထွက်သွားနိုင်မယ်လို့ ထင်နေသေးတာလား”

ချန်ကျဲ့သည် ကုချင်းဖုန်းကို မျက်မှောင်ကြုတ်လျက် ကြည့်နေခဲ့သည်။

ကုချင်းဖုန်းမှ ပြောသည်။

"ဒါဆိုဘာလဲ ချန်ကျိုစစ်၊ မင်းက တကယ်ပဲ ငါနဲ့ အသေအကြေ တိုက်ချင်တာလား"

"အသေအကြေ တိုက်မယ် ဟားဟား... အသေအကြေတိုက်ပွဲလို့ ပြောရအောင် ခင်ဗျားမှာ အဲဒီလောက် အရည်အချင်း မရှိပါဘူး"

ချန်ကျဲ့မှ လက်ကို ဖြည်းဖြည်းချင်း မြှောက်လိုက်ရာ ခန္ဓာကိုယ်တစ်ခုလုံးမှ အရှိန်အဝါများ စုစည်းလာပြီး အတွင်းအားများသည် သူ၏ လက်ဝါးထံသို့ စီးဝင်လာကာ ချီစွမ်းအင်များ ထွက်ပေါ်လာခဲ့သည်။

ချန်ကျဲ့၏ ထိုသို့ပုံစံကိုမြင်သောအခါ ကုချင်းဖုန်းသည် ထိတ်လန့်တကြားဖြင့် ပြောလာ၏။

"ချန်ကျိုစစ် မင်း အကျိုးသင့်အကြောင်းသင့် စဉ်းစားစမ်းပါ။ ငါ့မှာ မင်းအပေါ် ရန်ငြိုးမရှိသလို မင်းကို ဒုက္ခပေးဖို့လည်း တစ်ခါမှ မစဉ်းစားခဲ့ဖူးဘူး။ ငါ ဒီကိုရောက်လာရတာက နန်ပါးထျန်းရဲ့ သွေးထိုးခိုင်းစေမှုကြောင့်ပါပဲ။ ပြီးတော့ ငါက မင်းရဲ့ဆရာကို သတ်ခဲ့တာလည်း မဟုတ်ဘူး၊ ဒီတိုင်း အရေးမပါတဲ့ အစောင့်အရှောက်တပ်သား နည်းနည်းကိုပဲ သတ်ခဲ့တာပါ။ အဲဒီလောက်လေးအတွက်နဲ့ မင်း တကယ်ကြီး ငါနဲ့ အသေအကြေတိုက်ခိုက်ဖို့ လိုအပ်လို့လား"

"ဟားဟားဟား အရေးမပါတဲ့ အစောင့်အရှောက်တပ်သားတွေ ဟုတ်လား”

ချန်ကျဲ့၏ မျက်လုံးများမှာ ဒေါသကြောင့် နီမြန်းလာပြီး ဟိန်းဟောက်ပြောဆိုလိုက်သည်။

"သူတို့က ကျုပ်ရဲ့သွေးသောက်ညီနောင်တွေပဲ"

"ကုချင်းဖုန်း ခင်ဗျား သေကိုသေရမယ်"

ပြောပြီးသည်နှင့် ချန်ကျဲ့သည် လက်ကို မြှောက်လိုက်ရာ နဂါးဟိန်းဟောက်သံကြီး ရုတ်ချည်း ထွက်ပေါ်လာသည်။ ‘သံမဏိလက်ဝါးသိုင်း ၈ကွက်မြောက်သိုင်းကွက်— နဂါးဖမ်းချုပ်လက်ဝါးသိုင်း'

ချန်ကျဲ့သည် ကုချင်းဖုန်းအား ပြင်းထန်လှစွာသော လက်ဝါးရိုက်ချက်ဖြင့် ဦးတည်တိုက်ခိုက်လိုက်သည်။

၎င်းကို မြင်လျှင် ကုချင်းဖုန်းသည် ဒေါသတကြီး မျက်မှောင်ကြုတ်လိုက်ပြီး အော်ဟစ်ပြောဆို၏။

"မင်း သောက်ရူးကောင်၊ တပ်သားလေး နည်းနည်းလောက် သေသွားတာကို ဘာဖြစ်နေတာလဲ ငါက မင်းကို တကယ်ကြောက်လိမ့်မယ် ထင်နေလား"

ထိုသို့ပြောလျက် ကုချင်းဖုန်းသည် လက်ကို ဝှေ့ယမ်းလိုက်ပြီး လက်ထဲမှ ဓားမြှောင်ဖြင့် ချန်ကျဲ့သို့ ဦးတည် ထိုးစိုက်လိုက်သည်။

နှစ်ဦးသား၏ လက်ဝါးရိုက်ချက်များ ထိခတ်သွားပြီး လျင်မြန်စွာသော အရှိန်နှုန်းဖြင့် ဖြတ်သန်းသွားကြသည်။

ကုချင်းဖုန်းသည် ရင်ဘတ်တွင် ပြင်းထန်သော ရိုက်ခတ်မှုကို ခံစားလိုက်ရပြီး အတွင်းဒဏ်ရာရသွားခြင်းကြောင့် စူးရှသော နာကျင်မှုနှင့်အတူ နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာခဲ့သည်။

အင်အားကြီးမားလိုက်တဲ့ လက်ဝါးသိုင်းပဲ

တစ်ဖက်တွင်လည်း ချန်ကျဲ့သည် မိမိ၏ ညာဘက်လက်မောင်းပေါ်ရှိ ပြတ်ရှဒဏ်ရာကို ငုံ့ကြည့်လိုက်သည်။ ကုချင်းဖုန်းသည် 'တစ္ဆေလက်'ဟူသည့် အမည်နှင့် ထိုက်တန်ကြောင်း ဝန်ခံရပေမည်။ ကုချင်းဖုန်း၏ တိုက်ကွက်များသည် အမှန်တကယ်ပင် လှည့်ကွက်များပြားပြီး ချန်ကျဲ့ပင် မရှောင်တိမ်းနိုင် ဖြစ်ခဲ့ရသည်။

ယခုတွင် ချန်ကျဲ့၏ ညာဘက်လက်မောင်းမှာ ဒဏ်ရာရသွားခဲ့ပြီး သွေးများက အဝတ်အစားများပေါ်တွင် စွန်းထင်းနေသော်လည်း ချန်ကျဲ့သည် ဂရုမစိုက်ပါချေ။

အဘယ်ကြောင့်ဆိုသော် ဤခန္ဓာကိုယ်နာကျင်မှုမှာ သူ၏ နှလုံးသားနာကျင်မှုကို မဖုံးလွှမ်းနိုင်သောကြောင့် ဖြစ်ပါသည်။

ထိုအချိန်၌ ကုချင်းဖုန်းသည် ရင်ဘတ်ကို ဖိထားပြီး ဒဏ်ရာကုသရန်အတွက် အရေးကြီးသော အကြောမှတ်နှစ်ခုကို အမြန်ဖိနှိပ်ကာ ဆေးလုံးတစ်လုံးကို တိတ်တဆိတ် မျိုချလိုက်သည်။

၎င်းမှာ ထိုက်ဆွေ့ဆေးလုံးဖြစ်သည်။

စွမ်းအင်ပြောင်းလဲခြင်းအဆင့်သိုင်းသမားကြီးများ၏ လက်ထဲတွင် အမြဲလိုလို ဝှက်ဖဲတစ်ခုခု ရှိတတ်သည်ဟု ဆိုရပေမည်။

ထိုက်ဆွေ့ဆေးလုံး၏ အာနိသင်ကြောင့် ကုချင်းဖုန်း၏ ဒဏ်ရာများ တည်ငြိမ်သွား၏။ ထို့နောက်တွင် ကုချင်းဖုန်းသည် အသက်ရှူနှုန်းကို ထိန်းညှိကာ ပါးစပ်ထောင့်မှ သွေးစများကို သုတ်လိုက်ပြီး ချန်ကျဲ့ကို လှည့်ကြည့်လိုက်သည်။

"ချန်ကျိုစစ်”

"စကားပြောကြရအောင်။ ငါတို့နှစ်ယောက် တိုက်ခိုက်ရင် နှစ်ဖက်စလုံး ပျက်စီးဖို့ပဲရှိတယ်။ ထိုင်ပြီး ညှိနှိုင်းကြရအောင်လေ"

"မင်းလိုချင်တဲ့ တောင်းဆိုချက်ကိုပြောလိုက်။ ငါ ဒီနေ့ အရှုံးကို ဝန်ခံတယ်"

"တောင်းဆိုချက် ခင်ဗျားက ကျုပ်ရဲ့တောင်းဆိုချက်ကို မေးနေတာပေါ့လေ"

"ဒါပေါ့၊ ဘယ်အရာမဆို ဆွေးနွေးလို့ရတာပဲ။ အဲဒါကြောင့် ပြောစမ်းပါ၊ ဒီနေ့ကိစ္စကို ဘယ်လို အဆုံးသတ်ပေးနိုင်မလဲ။ သေသွားတဲ့ တပ်သားတစ်ယောက်စီအတွက် ငါ မင်းကို ငွေစ တစ်ထောင်စီ ပေးမယ်ဆိုရင်ကော ဘယ်လိုလဲ အဲဒီလိုဆို ကျေအေးပေးနိုင်မလား"

"ဟားဟားဟား... တစ်ထောင်တဲ့လား"

"နှစ်ထောင်ဆိုရင်ရော သုံးထောင်လား မင်းပဲ ဈေးခေါ်လိုက်ပါ။ ဒီကိစ္စကို ကျေအေးဖို့ မင်း ဘယ်လောက် လိုချင်လဲ၊ ဒါမှမဟုတ် တခြား ဘာတောင်းဆိုချင်လဲ ပြောသာပြောလိုက်"

"ငါတို့နှစ်ယောက်လုံး ဒဏ်ရာရကုန်မှာကို ငါမလိုလားဘူး။ မင်းလိုချင်တာကိုသာ ပြောလိုက်စမ်းပါ"

ကုချင်းဖုန်းသည် အရာအားလုံးတွင် တန်ဖိုးတစ်ခုရှိပြီး ညှိနှိုင်း၍ ရနိုင်သည်ဟု ယုံကြည်ထားလျက် ချန်ကျဲ့ကို ကြည့်နေခဲ့သည်။

တပ်သား အနည်းငယ်မျှ သေဆုံးခြင်းကိုလည်း ကိစ္စကြီးတစ်ခုဟု သူ တစ်ခါမှ မယူဆခဲ့ပါချေ။

ချန်ကျိုစစ်က တကယ်ပဲ တပ်သားတချို့အတွက်ကြောင့်နဲ့ ငါလို စွမ်းအင်ပြောင်းလဲခြင်းအဆင့်သိုင်းပညာရှင်တစ်ယောက်နဲ့ အသက်ရင်းပြီး တိုက်ခိုက်မှာတဲ့လား

မှန်ပါ၏။ ကုချင်းဖုန်းသည် ချန်ကျိုစစ်ကို မသတ်နိုင်လျှင်သော်မှ ချန်ကျိုစစ်အနေဖြင့် ကုချင်းဖုန်းကို သတ်ချင်ပါက ကြီးမားသော တန်ဖိုးတစ်ခု ပေးဆပ်ရမည် ဖြစ်သည်။

အဲဒီတော့ အရေးမပါတဲ့ တပ်သားနည်းနည်းအတွက်နဲ့ ချန်ကျိုစစ်က တကယ်ပဲ ငါနဲ့ အသေအကြေတိုက်ခိုက်ဖို့ ဆန္ဒရှိမှာတဲ့လား။

ဒီတပ်သားတွေဆိုတာ သူတို့ရဲ့သခင်အတွက် အသက်ပေးဖို့ တည်ရှိနေကြတာပဲ မဟုတ်ဘူးလား။

ကုချင်းဖုန်းသည် သူသာ စိတ်ရင်းမှန်ကို လုံလုံလောက်လောက် ပြသနိုင်ပြီး စွန့်လွှတ်မှုတစ်စုံတစ်ရာပြုလုပ်လိုက်ပါက ချန်ကျိုစစ်နှင့် ငြိမ်းချမ်းရေးညှိနှိုင်းနိုင်မည့် အခွင့်အရေးရှိလိမ့်မည်ဟု တွေးနေခဲ့သည်။

ဒီတပ်သားတွေက ဘယ်လောက်တန်ဖိုးရှိမှာမို့လို့လဲ ငွေစ နှစ်သောင်းလား သုံးသောင်းလား ငါးသောင်းလား

ညှိနှိုင်းမှုအောင်မြင်ဖို့အတွက် ကုချင်းဖုန်းသည် ထိုက်ဆွေ့ဆေးလုံးများကိုပင် ချန်ကျဲ့ကို ပေးလိုက်ရန် စဉ်းစားထားပေသည်။

ကုချင်းဖုန်းအနေဖြင့် မည်မျှ သေချာစဉ်းစားကြည့်ပါစေ ချန်ကျဲ့ဘက်မှ ငြင်းပယ်ရမည့် အကြောင်းရင်းကို ရှာမတွေ့နိုင်ပေ။

ချန်ကျဲ့ ပြောနေသည့် 'ညီနောင်'ဟူသည့် စကားမှာ ကုချင်းဖုန်း၏ အမြင်တွင်မူ ဈေးနှုန်းမြှင့်တင်ရန်အတွက် အသုံးပြုသည့် အပေးအယူ အကွက်တစ်ခုသာ ဖြစ်သည်။

ပိုက်ဆံ ပိုပေးလိုက်လျှင် အားလုံး အဆင်ပြေသွားလိမ့်မည်။

ဒီလို လယ်သမားရွာသားတွေကို တကယ်ပဲ ကိုယ့်ရဲ့ ညီအစ်ကိုတွေလို့ သဘောထားတဲ့လူ ရှိပါ့မလား မဖြစ်နိုင်တာပဲ။

ဤသည်မှာ ကုချင်းဖုန်း တန်ဖိုးထားသည့်အရာများနှင့် လုံးဝ ဆန့်ကျင်ဘက်ဖြစ်နေခဲ့၏။ ကုချင်းဖုန်းသည် သူ၏ လက်အောက်ငယ်သားများကို "မင်းတို့အားလုံးက ငါ့ရဲ့ညီနောင်တွေပဲ" ဟု စိတ်ရင်းအမှန်ဖြင့် ဘယ်သောအခါမျှ ပြောလိမ့်မည် မဟုတ်ပေ။

စိတ်ရင်းအမှန်တဲ့လား

ကုချင်းဖုန်းသည် လက်အောက်ငယ်သားများကို ကိရိယာများအဖြစ်သာ သဘောထားလေရာ ထိုသို့စကားမျိုးမှာ လက်အောက်ငယ်သားများ ပို၍ အလုပ်ကြိုးစားလုပ်ကိုင်လာစေရန် ပြောဆိုသော လှည့်ဖြားပြောဆိုသည့်စကားများသာ ဖြစ်ပေသည်။

သို့ဖြစ်ရာ ကုချင်းဖုန်းသည် ဩဇာအာဏာရှိသူများ၏ စိတ်နေသဘောထားကို ကောင်းကောင်း နားလည်သည်။ "ငါတို့အားလုံးက ညီနောင်တွေပဲ"ဟူသည့် စကားသည် ဟန်ပြသက်သက်သာ ဖြစ်ပြီး မည်သူတစ်ဦးတစ်ယောက်ကိုမျှ ညီနောင်ရင်းချာများကဲ့သို့ အမှန်တကယ် မဆက်ဆံကြပါချေ။

ထို့ကြောင့် ချန်ကျိုစစ်သည်လည်း သူ၏ကမ်းလှမ်းချက်ကို လက်ခံလိမ့်မည်ဟု ကုချင်းဖုန်းသည် အပြည့်အဝ ယုံကြည်ပါ၏။

ချန်ကျိုစစ် မင်း ငါ့ရှေ့မှာ ညီနောင်ဆိုတဲ့အခေါ်အဝေါ်ကို တွင်တွင်ထုတ်သုံးနေတာက ဈေးနှုန်းမြှင့်ချင်လို့ပဲ မဟုတ်လား။

ထိုသို့တွေးလျက် ကုချင်းဖုန်းမှ ထပ်မံ ပြောဆိုသည်။

"ချန်ကျိုစစ် စုစုပေါင်း ငွေစ ငါးသောင်းအပြင် ထိုက်ဆွေ့ဆေးလုံး နှစ်လုံးပေးမယ်။ အဲဒီလောက်ဆို ဒီနေ့ကိစ္စကို အဆုံးသတ်ပေးနိုင်မလား”

ထိုစကားကို ကြားသောအခါ မလှမ်းမကမ်းတွင်ရှိနေသော ချန်ကျူးမှ စူးစူးဝါးဝါး လှမ်းကြည့်လာသည်။ ပိုင်ဝမ့်ကျင်းသည်လည်း လှမ်းကြည့်လာခဲ့ကာ ချန်ကုံသည်လည်း ချန်ကျဲ့၏ စကားကို ကြားနိုင်ရန် နားစွင့်နေခဲ့သည်။

ချန်ကျဲ့ ကုချင်းဖုန်းကို မျက်မှောင်ကြုတ်ကြည့်လိုက်သည်။

အမှန်အတိုင်းဆိုရပါက ဤကမ်းလှမ်းချက်မှာ အမှန်တကယ် တန်ဖိုးမြင့်ပါ၏။ အာဏာရှိသူများ ပြောလေ့ရှိသော 'ညီနောင်'ဟူသည့် စကားများမှာ အမြဲတမ်း တန်ဖိုးတစ်ခုနှင့် လာလေ့ရှိသည်ဟူသော ကုချင်းဖုန်း၏ အတွေးမှာ မှန်ကန်ပါသည်။

အဘယ်ကြောင့်ဆိုသော် အရည်အချင်းရှိသော အာဏာရှင်တစ်ဦးသည် စိတ်ခံစားချက်နောက်သို့ မလိုက်ဘဲ အကျိုးစီးပွားကိုသာ အလေးထားသင့်သောကြောင့် ဖြစ်သည်။

All Chapters